“ငါ့မိန်းမပါဟ”

ဒီလိုဆိုတော့လည်း မဟုတ်သေးဘူး။ လူပြောသူပြောများတဲ့ လူယဉ်ကျေးလို ပြောလိုက်ဦးမယ်။

“ငါ့ ချစ်ဇနီးလေးပါဟ”

အဲလိုဆို ကောင်းမလိုတော့ ရှိသွားသည်။ စိတ်ထဲမှာ အားရသည့်အတိုင်းသာ ဆက်ပြောပါမည်။

ငါ့မိန်းမပါဟ

**********************************************************************

စိတ်ထဲ နည်းနည်းဖုသွားသည်။ ဖုသွားသည်ဆိုခြင်းထက် တော်တော်လေး ဖုသွားသည်ဟု ဆိုရမည်ပင်။ လွန်ခဲ့သော နှစ်ပေါင်း တော်တော်များများက ဖြစ်ပါ၏။

“မမ ကလှလိုက်တာ”
“ဒီလိုလေး အမြဲနေပါနော်.. သိပ်ချစ်ဖို့ကောင်းတာပဲ”
“အမြဲတမ်း လက်လေးနှစ်ချောင်းထောင်ထားတယ်နော်”
“အပျိုကြီး တစ်ကယ်လုပ်တော့မှာလားဟင်”

အစရှိသည့် ဖွဘုတ်ပေါ်မှ ကြူနည်း၊ ကြောင်နည်း၊ ကျပ်နည်း အစရှိသည့် ကကြီး ကျမ်းကျေနေသူများကို ကိုရင်ရှူံး ပိုးပန်းနေသည့် ကောင်မလေးပုံများတွင် တွေ့လိုက်သည့် တစ်ခဏ စိတ်ထဲမတော့ မကျေမချမ်း ကျုံးဝါးမိသည်။

“ဒါ..

ငါ့..

ကောင်မလေး…

ကွ”

ဟု……. များ

ပြောလိုက်ချင်တာဟု ဆိုပြီး စိတ်ကူးယဉ်ဖူးလေသည်။

**********************************************************************

စိတ်ထဲမှာ အတော်လေး ခံပြင်းလာသည်။ ခံပြင်းလာသည်ဆိုခြင်းထက် ၀မ်းသွားချင်ရက်နဲ့ ၀မ်းချုပ်နေသလိုမျိုးဖြစ်သည်။ ကိုယ်တွင်းကလီစာများ ဗြောင်းဆန်အောင် ဖြစ်နေသော်လည်း ကိစ္စက ထိပ်ဝမှ မထွက်နိုင်သလိုပင်။ ကိုယ့်ဗိုက်ကိုယ်သာ နှိပ်ပြီး ကယ်ပါယူပါ အော်နေရသလားမှတ်ရသည်။ သူမ ချစ်သူအဖြစ် တရားဝင် သတ်မှတ်ကြေငြာခြင်းမခံရပဲ တိတ်တိတ်ပုန်း ရည်းစားဘ၀က ဖြစ်ပါ၏။

” ပို ပိုလှလာတယ်နော်.. သတိရတယ်သိလား”
” သိပ်လှတာပဲ… ခင်မင်ခွင့်ရရင် ခင်ချင်ပါတယ်နော်”
” အဲဒီပုံလေးကို ဘယ်သူရိုက်ပေးထားတာလဲ ပြောလိုက်စမ်းပါ”

အစရှိသည့် သူလိုလို၊ ကိုယ်လိုလို၊ ပိုင်စိုးပိုင်နင်းလို ပြောနေကြသည်များကြည့်ပြီး၊ အူယားလာပြီး၊ နေ့စေ့လစေ့ကြီး မွေးကာနီး ဆေးရုံပါတ်ရှာနေရလိုပင် ပြောစရာနေရာမရှိပဲ

“ဒါ..

ငါ့..

ရည်းစား…

ကွ”

ဟု တစ်ယောက်တည်း မြန်မာစကားနားမလည်သည့် ကုလားများ ကြားထဲတွင် ကြုံးအော်ဖူးလေ၏။

**********************************************************************

တစ်ကိုယ်လုံးအဖျားတက်သလို တစ်ဆတ်ဆတ်တုန်လာသည်။ ဒေါနများ ငယ်ထိပ်ရောက်နေသောကြောင့် သွေးကြောများအတွင်း သွေးများ ဇွတ်အတင်းထိုးသွင်းနေသလိုကြောင့်ထင်၊ တဆတ်ဆတ်တုန်နေလေ၏။ တိတ်တိတ်ပုန်းရည်းစားဘ၀မှ လူမသိသူမသိ အဖြတ်ခံထားရသောကြောင့် ပေါက်ကွဲစရာ ကြံဖန်ရှာဖွေနေပါသည်ဆိုမှ စနက်တံကို မီးလာရှို့သလိုလိုပင်။ ပေါက်ကွဲလုလုဖြစ်၏။

“ဒို့က ဘယ်သူပါ၊ ဒီသီချင်းလေးက ဒို့ကိုရည်ရွယ်တာလားလို့ ခံစားမိတယ်ကွာ”
“&%$##@!)*&^@&$%


အစရှိသည့် စကားပေါင်းစုံဖြင့် (မလေးစကားတောင် ပါသေးသည်)က ၀င်ပြီး သူတို့ချင်းသာသိနိုင်မည်ထင်သော မလေးစကားဖြင့် လိမ္မော်ရောင် ကောင်မလေးက ငါ့ကောင်မလေးကွဟု ဆိုပြီး အချင်းချင်း ကြွားနေကြသည်ကို သောက်ညင်ကပ်သောအားဖြင့် ကိုရင်ရှူံးလည်း ၀င်ရောက် တိုက်ခိုက်ရာမှ သနားသဖြင့်ထင်၊ ဘာတွေပြောနေကြတာလဲဟင်ဟု မေးလာသဖြင့် တစ်ဖက်လူများကို ညှာညှာတာတာ၊ ထောက်ထောက်ထားထား၊ ဖေးဖေးမမ၊ စာစာနာနာဖြင့် ပိုပိုသာသာလေး ချောက်တွန်းလိုက်ရာမှ စိတ်ကောက်လဲ ပြန်ပြေ၊ သူမကျင်လည်ကျက်စားရာ ဖွဘုတ်ကြီးလဲ အပိုင်ရ၊ ကိုရင်ရှူံး သောက်ညင်ကပ်ရာ သကောင့်သားများကိုလဲ ဘလော့ရနှင့် ဦးချိန်တီတစ်ဗူးစားပြီး နေရာရှာနေရသူလိုပင် တစ်ဝကြီးအောင့်ထားသမျှကို ဖွင့်ချလိုက်ရသလိုပင် တစ်ပျော်တစ်ပါးကြီး ကို ကြူကြူများအား ဘလော့လိုက်ရလေတော့၏။

“ဒါ..

ငါ့..

ချစ်သူ…

ကွ”

ဟု……. များ အော်ချင်ရာ အော်မရသဖြင့် လာချက်သမျှ ကောင်လေးတိုင်းအား ချစ်သူရှိတယ်၊ ဘယ်တော့ယူတော့မှာဟု ချက်ဘောက်စ်ထဲမှ ချက်မိသဖြင့် နေ့မကူးခင်မှာပင် အခွင့်အာဏာ ရုပ်သိမ်းခြင်း ခံရလေ၏။ ကောင်းလေစွတစ်ကားဟုသာ ကိုယ့်ကိုယ်ကို မှတ်ယူမိတော့သည်။

**********************************************************************

ဒီိနေ့ မိုးမရွာပါ။ မရွာပါဆိုတော့ အရင်နေ့ကများ ရွာလေမလားရယ်လို့ တွေးမိကြပေလိမ့်မပေါ့။ မနေ့ကလဲ မရွာပါ။ ဒီလိုဆို မနေ့ မနေ့တွေကရော? ဟုဆိုလာကြပေမည်။ ဘယ်နေ့ ဘယ်နေ့ကများမှ မရွာပါ။ ကြိုက်သည့်အချိန်ထွက်ကြည့်၊ ကောင်းကင်ကြီးကို ကြည်ကြည်လင်လင် မြင်တွေ့နေရပေလိမ့်မည်။ တွေ့ရဆို တစ်နှစ်လုံးမှ မိုးတစ်ဖျောက်နှစ်ဖျောက် နှစ်ရက်ခန့်ရွာသည့် ကန္တာရကြီးပေမလား။ ကိုရင်ရှူံးတစ်ယောက် ပူလောင်ခြင်းများကြားမှ ကိုယ့်ဖာသာ တွေးပူနေခြင်းကြောင့်ထင်၊ အဲကွန်းလွှတ်ထားသော အခန်းထက်တွင် ချွေးအရွှဲသားဖြင့် ငုတ်တုတ်ထိုင်လျက်သား။ နေ့တိုင်း မြင်တွေ့၊ ပြောနေရသော ချစ်ဇနီးလေး ရှိနေသော်လည်း ကိုရင်ရှူံးမရှိတော့သော အချိန်ကာလများတွင် အရင်လို သကောင့်သားတွေများ ရှိနေလေမလား၊ မိန်းမအား အပျိုထင်ပြီး လိုက်ပိုးပန်းနေကြမလား၊ မိန်းမအား ဘုမသိ ဘမသိ အူကြောင်ကြားတွေများ ၀င်လုံးဖို့ ကြိုးစားနေမလား၊ စားနေကျ ကြောင်ဖားကြီးတွေများ အကွက်တွေ ဆင်နေလေမလား ဟူသည့် အူကြောင်ကြောင်အတွေးများဖြင့် တစ်ယောက်တည်း အတွေးကြောင်နေရင်း

“ဒါ..

ငါ့..

မိန်းမ…

ကွ”

ဟု ယခုမှပင် စိတ်ရှိလက်ရှိ ကြုံးအော်နိုင်တော့သည်။ အော်သည်တောင်မှ ဗလီမှ အော်သံနှင့်အပြိုင် အော်လိုက်ရသဖြင့်လည်းကောင်း၊ ကိုယ့်ဘာသာစကားဖြင့် စိတ်ရှိလက်ရှိ အော်လိုက်သဖြင့်လည်းကောင်း ဘယ်သူမှ မသိလိုက်ပေ။

ကိုရင်ရှူံးတစ်ယောက်တော့ ခုမှ အတော်လေးပေါ့သွားပေ၏။

လွမ်းသည်က လွမ်းသည်ပေပဲပေါ့… ဘယ်လိုများ တတ်နိုင်ပါလိမ့်မည်နည်း။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တ လူ့ပြည်)

(နှစ်လပြည့် ချစ်ဇနီးလေးအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါကြောင်း။)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..