မန်းလေးဂေဇက် အလှူခရီးစဉ် ( ၉ )

kotun winlattJuly 6, 20131min23718

နားဖာရွာလေးသို့ရောက်ရန်…ကူးရပြန်ချေပြီ…နမီးးးချောင်းးးးး

ရေကူးရင်း တက်ကြွနေကြသူများးးးးးးးးးးးးးးးးး

အထုပ်တွေကို ဒီလိုထမ်းပြီး အင်အားပြနေကြတဲ့ ကျနော့်အဖွဲ့သားများးးးး

ဆရာမလေးသို့ အလှူပစ္စည်းလေးများပေးအပ်စဉ်…

ဆရာမလေးမှတဆင့် ကျောင်းသားလေးအား စာရေးကိရယာလေးများပြန်လည်ပေးအပ်စဉ်….

ဆရာမလေးမှတဆင့် ကျောင်းသားလေးအား စာရေးကိရယာလေးများပြန်လည်ပေးအပ်စဉ်….

 

အားလုံးးးးနှင့် စာသင်ဆောင်လေးရှေ့မှာ အမှတ်တရ……

သူတို့တွေ ရွာထဲသို့ ပြန်ကြလေပြီ…။

 

ကျနော့်တို့ အဖွဲ့ကို နှုတ်ဆက်နေကြတဲ့ နားဖာရွာလေးမှ အနာဂတ်သားကောင်းလေးများး

 

 

 

မူလခေါင်တုန့်စည်ရွာလေးကို နှုတ်ဆက်ထွက်ခွာလာပြီးနောက် အလာတုန်းက ကူးခဲ့ရတဲ့ ချောင်းလေးတွေကို ပြန်ကူးကြရပြန်တယ်…။ ပထမချောင်းကူးမှာကတည်းက

ဆိုင်ကယ်တစ်စီးစ နှစ်စီးစ ပလပ်ကိုရေဝင်ပြီး စက်တွေ ထိုးရပ်ပါတော့တယ်… ကျနော်က ချုတ်ဆွဲပြီး စက်နှိုးခိုင်းတော့

စက်ပြန်နှိုးလာပြန်ရော… နောက်တစ်ခါချောင်းကူးမှာတော့ ကျနော့်ဆိုင်ကယ်ရော စက်ရပ်သွားပါလေရော..ချုတ်ဆွဲလို့လည်းမရ ကစ်စတတ်

နင်းလို့လည်းမနှိုး..နောက်ဆုံးတော့ ပလပ်လေးဖြုတ်ပြီး ရေစင်အောင်သုတ်လိုက်မှ အဆင်ပြေသွား၏။ ဒီချောင်းကူးမှာ ဆိုင်ကယ် သုံးလေးစီးလောက်

စက်တွေရပ်ကုန်တယ်… ပလပ်တွေရေဝင်ပြီး စက်ကနှိုးမရဖြစ်တဲ့ဆိုင်ကယ်နဲ့ အဆိုးဆုံးတစ်စီးကတော့ ကွိုင်ကျွမ်းသွားတာပါ.. မီးလိုင်းမလိုက်တော့ဘူးလေ..။

ကျနော့်ဆီမှာက အပိုပစ္စည်း ဆိုင်ကယ်ပလပ်လောက်ပဲ ပါလာတာ.. ကွိုင်ကျွမ်းတာဆိုတော့ ဘာလုပ်ရမှန်းမသိ… ကံကောင်းချင်တော့ ကျနော်တို့ အဖွဲ့ဝင်ထဲက

တစ်ယောက်က စီတီအိုင်ဆိုတဲ့ ပစ္စည်းလေးပါလာလို့ တော်ပေသေး၏။ ဒီပစ္စည်းလေးက ကွိုင်ကျွမ်းသွားလည်း စက်နှိုးလို့ရ စီးလို့ရစေတဲ့ ပစ္စည်းလေးပါ…သို့သော်…

စက်ကမနှိုးသေးး… ပလပ်ကိုလည်းဖြုတ်ပြီး အသစ်လဲ..ဒါလည်း စက်ကမနှိုး..။ နောက်ဆုံးအဖြေကတော့ အိတ်ဇောထဲရေဝင်သွားခြင်းပါ…။ အိတ်ဇောထဲကရေကို

ဆိုင်ကယ်ကို နောက်လှန်ပြီး ထုတ်ကြတော့ ရေတွေက ဒလဟော ကျလာပါတယ်… အိတ်ဇောထဲကရေကို ထုတ်ပြီး စက်နှိုးလိုက်တော့ ဝူးးးးခနဲ နှိုးလာပါတော့

..ဆိုင်ကယ်ပြင်နေတဲ့ပုံလေးကို အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံလေးရိုက်တော့….. ဝိုင်းပြီးဆဲကြတော့တာပေါ့… ကျနော်လည်း..မျက်နှာချိုလေးသွေးပြီးးးဒါမှ

သဘာဝကျမှပေါ့ကွာလို့ပြန်ပြောရသေး၏။ ဆိုင်ကယ်ကောင်းသွားတော့ခရီးဆက်နှင်ခဲ့ကြပါတယ်….။  လမ်းတွေမကောင်း ရွံ့တွေဗွက်တွေရုန်းရတော့

ကျနော်တို့အဖွဲ့လေးနဲ့ ပူးပေါင်းလိုက်ပါလာကြတဲ့ အင်းတော်မြို့က လူတွေကို အားနာမိကြောင်းပြောတော့..သူတို့ပြန်ဖြေတဲ့ စကားလေးကြောင့်

ဝမ်းသာပီတိဖြစ်ရသေး၏။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ဆို အမှတ်ရစရာ သိပ်မကောင်းသလို ပျော်စရာလည်းကောင်းမှာ မဟုတ်ဘူးတဲ့..အခုတော့ ဘဝမှာ

အမှတ်ရစရာနေ့ရက်တွေထဲက တစ်ရက်ဖြစ်သွားပြီဆိုပဲ…။ အင်းတော်မြို့သားတွေပိုပြီး အမှတ်တရဖြစ်သွားစေတာကတော့ သူတို့ အဖွဲ့သားတစ်ယောက်

လမ်းမကောင်းတဲ့နေရာမှာ ဆိုင်ကယ်ပေါ်ကဆင်းပြီး လမ်းလျှောက်ရကနေ ချော်လဲသွားတာပါပဲ.. အသက်ကြီးတဲ့လူဆိုတော့ အရိုးတွေဘာတွေကျိုးသွားမှာ

စိုးရိမ်မိပေမယ့်… ဘာမှမဖြစ်လို့တော်သေး၏။ ဒီလိုနဲ့ ကျနော်တို့ အဖွဲ့ခရီးဆက်လာလိုက်တာ တော်တော်လေးသွားမိတော့ ဆိုင်ကယ်တစ်စီးက ဖောက်လာပြန်တယ်…။

ပလပ်ကြောင်တာပါ.. စက်နှိုးလို့ရပေမယ့် ဂီယာထိုးလိုက်ရင် စက်ကရပ်သွားရော… ပါလာတဲ့ ပလပ်အသစ်ကလည်း တခြားဆိုင်ကယ်ကို တပ်ပေးလိုက်ပြီ…။

တပ်ပေးလိုက်တဲ့ ဆိုင်ကယ်တွေက ရှေ့ကနေ မောင်းသွားကြပြီ..ကျနော်တို့ နောက်ကျန်နေတဲ့ အဖွဲ့မှာ ကြံရာမရ…. အကြံကုန်ဂဠုန်ဆားချက်ဆိုသလို

ပလပ်ကကြွေသီးကို ရိုက်ခွဲပြီး ပြန်တပ်..စမ်းမောင်းကြည့်တော့ အဆင်ပြေတာမို့ ခရီးဆက်ကြပြန်ရော..ဒါလည်း

ကြာကြာမခံပါဘူး…ခဏကြာတော့ ပြန်ရပ်သွားပြန်ရော.. ပလပ်က မဖြစ်မနေလဲဖို့ လိုနေပြီ.. ပလပ်ကမရှိဖြစ်နေတော့… ဘယ်လိုလုပ်ကြမလဲ

စဉ်းစားရတယ်.. ရှေ့ကသွားတဲ့ အဖွဲ့ကလည်း နောက်ကိုပြန်လှည့်မကြည့်ဘူးးး..ကျနော်တို့လည်း ဆိုင်ကယ် တူးးဘောက်ထဲမှာ ပလပ်အပိုလေးတွေ

ပါလိုပါငြားရှာကြည့်ပေမယ့် မတွေ့ရပါဘူးးး နောက်ဆုံး အစွမ်းအနေနဲ့.. ဆိုင်ကယ်ပလပ်ခြင်း လဲပြီးတပ်ကြည့်တော့ အဆင်ပြေသွားပြန်ရော..ဒါနဲ့ ခရီးဆက်နှင်…

နည်းနည်းသွားပြီးတော့ စက်ကထိုးရပ်ပြန်ရော.. ဒီတစ်ခါမှာတော့ အရှေ့ကထွက်သွားတဲ့ ကျနော်တို့အဖွဲ့ထဲက တစ်ယောက် ကျနော်တို့ကို စောင့်နေတာနဲ့

ဆုံမိချိန်ပေါ့..သူ့ဆိုင်ကယ်တူးဘောက်ထဲမှာ ပလပ်အဟောင်း နှစ်လုံးပါလာတာနဲ့ အားလုံးအိုကေသွားပါလေရော… ဒီလိုနဲ့ လမ်းမှာ ဆိုင်ကယ် သုံးလေးခါပျက်ပြီး

နားမကျိုင်းရွာလေးဆီကို ပြန်ရောက်လာကြပြန်ပါတယ်…. ခေါင်တုန့်စည်အသွားတုန်းက ချန်ခဲ့တဲ့ ပစ္စည်းတွေ ဆိုင်ကယ်တွေကို ပြန်ယူပေါ့..

ဆိုင်ကယ်ဆီလိုတဲ့သူတွေ ဖြည့်ကြ.. ရေသောက်ကြ.. အမောပြေကြပေါ့.. နားမကျိုင်းရောက်တော့ ညနေလေးနာရီရှိနေပြီမို့ နားဖာရွာ

မူလတန်းကျောင်းကို ကျောင်းချိန်မမှီတော့တာသေချာသွားပါတယ်.. မနှစ်ကလည်း ကျောင်းချိန်မမီလို့ ကျောင်းကော်မတီဝင်လူကြီးတစ်ဦးအိမ်မှာ

ဆရာမကိုစာရေးကိရိယာတွေ ပေးအပ်ခဲ့ရတာပါ…ဒီနှစ်လည်း မနှစ်ကလိုပဲ လုပ်ကြမယ်ဆိုပြီး နားမကျိုင်းရွာကနေ နားဖာရွာလေးဆီကို ကျနော်တို့ အဖွဲ့

ဆက်ချီတက်ပေါ့…။ နားဖာရွာဆိုတာက နမီးချောင်းရဲ့ အနောက်ဘက်ကမ်းလေးမှာ ရှိနေတာပါ.. ဆားမှော်၊ နားမကျိုင်း၊ မူလခေါင်တုန့်စည်ရွာတွေက

လမ်းကြောင်းတစ်ခုတည်းပေါ်မှာ ရှိနေတာလေ.. နားဖာရွာကတော့ နားမကျိုင်းကနေ နမီးချောင်းရိုးအတိုင်း အနောက်ကို ပြန်ဆင်းလာရတာပါ.. လမ်းအနေနဲ့က

နားမကျိုင်းကနေ သွားလို့ရသလို..ကျနော်တို့လာခဲ့တဲ့ ဆားမှော် နားမကျိုင်းလမ်းကြားမှာ နားဖာရွာကို သွားတဲ့လမ်းခွဲရှိပါတယ်… ကျနော်တို့အဖွဲ့ဟာ လမ်းခွဲကနေပဲ

နားဖာရွာကို ဝင်ကြဖို့ ဆုံးဖြတ်ကြပြီး ခရီးဆက်ခဲ့ရ၏။ နားမကျိုင်းကနေ သွားရမဲ့လမ်းက နားဖာရွာထိပ်ကနေ နမီးချောင်းကိုကူးရမှာပါ..ရေများနေရင်

ဆိုင်ကယ်ကူးလို့မရဖြစ်နေမှာစိုးတာရယ် ပြန်ထွက်ရင် နားမကျိုင်းကိုပြန်လာရမှာရယ်ကိုကြောင့် ခရီးကပိုဝေးသွားနိုင်တာမို့ လမ်းခွဲကနေဝင်ပြီး ဆိုင်ကယ်ကူးလို့ မရရင်

နမီးချောင်း အရှေ့ကမ်းမှာ ဆိုင်ကယ်တွေထားခဲ့ပြီး အနောက်ကမ်းက နားဖာရွာကို ပစ္စည်းတွေကို လူနဲ့သယ်ပြီးသွားကြမယ်.. လှူပြီးရင် ပြန်ကြမယ်ဆိုတဲ့

အစီအစဉ်ပါ…။ နားဖာရွာလေးနားရောက်တော့ ကျနော်တို့လူအုပ်ကြီးကိုမြင်ပြီး ချောင်းထဲမှာ ရေချိုးနေတဲ့ ကလေးလူကြီးတွေက စူးစမ်းလာကြတာမို့ ကျနော်တို့က

နားဖာမူလတန်းကျောင်းလေးကို စာရေးကိရိယာလာလှူတဲ့အကြောင်း ပြောပြတော့ ကလေးတွေ ပျော်နေကြပါတယ်… ပျော်နေတဲ့ ကလေးတွေကို ရေမြန်မြန်ချိုးပြီး

စာသင်ကျောင်းလေးဆီလာခဲ့ကြ..စာအုပ်တွေဝေမှာဆိုတော့…. ကလေးတစ်သိုက် ဝေးခနဲအော်ပြီး .. ရေအမြန်ချိုးနေကြပါတယ်… ကျနော်တို့အဖွဲ့

နမီးချောင်းလေးကိုကူးပြီး ရွာအစွန်မှာရှိတဲ့ စာသင်ကျောင်းလေးဆီကို လာခဲ့ကြတာပေါ့…။ နားဖာစာသင်ကျောင်းလေးကတော့ တော်တော်လေး

အားနည်းတယ်ပြောရမယ်ထင်ပါတယ်… စာသင်ဆောင်လေးက စာသင်ဆောင်နဲ့မတူပဲ လူနေအိမ်ပုံစံပေါက်နေတာပါပဲ….။ ကျောင်းရှေ့မှာလည်း ဆိုင်းဘုတ်မရှိ…။

ကျနော်တို့ စာသင်ဆောင်လေးပေါ်မှာ ပစ္စည်းတွေနေရာချနေကြတုန်း ရွာထဲက ရပ်မိရပ်ဖများ၊ ဆရာများ၊ ကျောင်းသား/သူလေးများ တဖွဲဖွဲ ရောက်လာကြပါတယ်…။

ကျနော်တို့လည်း ကျောင်းသားစာရင်းမေးတော့ လေးဆယ်လေးယောက်ဆိုတာသိရပြီး … အလှူပစ္စည်းလေးတွေကို ဆရာမကိုပေးအပ်.. ဆရာမလေးကနှစ်ယောက်ဗျ

.. ကျောင်းလေးက မူလတန်း(တွဲ)ကျောင်း.. ဆရာမတစ်ယောက်က ဒီနှစ်မှ နိုင်ငံတော်က ချပေးတဲ့ အစိုးရခန့်ဆရာမလေး ဇာတိက အင်းတော်မြို့ကဆိုတော့ ကျနော်တို့

အဖွဲ့မှာ ပါလာတဲ့ အင်းတော်မြို့သားတွေနဲ့ စကားလက်ဆုံကြနေကြတယ်… မနေ့ကမှ ဒီရွာလေးကို ရောက်လာတာလို့ သိရပါတယ်.. အရင်က ချင်းပြည်နယ်

ဖလမ်းဘက်က ရွာလေးမှာ တာဝန်ကျခဲ့ပြီး..ဒီနှစ်မှ နားဖာရွာလေးကို  တာဝန်ကျလာတာပါ… မနက်ဖြန်ကို အမေက အိမ်ပြန်တော့မှာမို့ သမီးဖြစ်သူဆရာမလေးက

အားငယ်ပြီး ငိုထားပုံရပါတယ်… မျက်နှာသိပ်မကောင်းလှ.. ကျနော်တို့ အဖွဲ့ဝင်တွေကလည်း အားပေးစကားတွေပြောကြ.. စကြနောက်ကြဆိုတော့

ဆရာမလေးမျက်နှာပြန်ပြီး ပြုံးလာကို မြင်ရတယ်ခင်ဗျ…။ ဆရာမလေးတွေကနေ ကျောင်းသား/သူလေးတွေကို စာရေးကိရိယာပြန်လည်ပေးအပ်နေတဲ့ ပုံလေးတွေ

မှတ်တမ်းတင်… အလှူမှတ်တမ်းမှာ လက်မှတ်ရေးထိုး.. ဆရာမလေးကို အလှူရှင်တွေအကြောင်း ရှင်းပြ… အာလုံး အမှတ်တရ..ကျောင်းလေးရှေ့မှာ ဝိုင်းပြီး

ဓာတ်ပုံရိုက်မယ်လုပ်တော့ ကျနော်အဖွဲ့ဝင်တစ်ယောက်က ငိုနေတဲ့ ကျောင်းသားလေးတစ်ယောက်ကို ဆွဲခေါ်လာပါတယ်… ကျနော်သေချာကြည့်လိုက်တော့ မနှစ်က

ကျနော်နဲ့ ကျောင်းကော်မတီလူကြီးအိမ်မှာ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ ကလေးတွေထဲက တစ်ယောက်ဖြစ်နေတာကို တွေ့ရတယ်.. ဘာလို့ငိုသလဲမေးတော့ လှူတဲ့အထဲမှာ

သူ့အတွက်မပါမှာစိုးလို့တဲ့လေ.. ဘာကြောင့် မပါဘူးထင်နေတာလဲဆိုတော့ .. သူက မနှစ်က ဒီကျောင်းမှာ စတုတ္ထတန်းဖြေပြီး အောင်မြင်သွားလို့ မိဘတွေက

နားဖာရွာနဲ့ လေးမိုင်ခန့်ဝေးတဲ့ နမီးရွာ အလယ်တန်းကျောင်းလေးမှာ သွားထားပေးတာ.. ကလေးက အရွယ်ကငယ်..အိမ်နဲ့ကလည်း မခွဲဘူးဆိုတော့

မနေနိုင်လို့ ပြန်လာ.. ကျောင်းကလည်းနေချင်ရှာသေးဆိုတော့.. မိဘတွေက ရွာက မူလတန်းကျောင်းမှာပဲ.. စတုတ္ထတန်းကို ပြန်တက်စေသတဲ့.. ကျနော်တို့ အဖွဲ့

ဒီကလေးကို ဘယ်လိုအားပေးရမှန်းမသိဖြစ်ရသလို.. စိတ်မကောင်းလည်း ဖြစ်သွားမိကြပါတယ်…ဟုတ်ပါတယ်… ငယ်ရွယ်လွန်းတဲ့ အသက်(၁၀)ခန့်

ကလေးတစ်ယောက်ဟာ မိဝေးဖဝေးနေရာမှာ ဘယ်လိုနေနိုင်မှာလဲ.. ဘယ်လိုနေတတ်မှာလဲ….. ကျနော် ဆယ်တန်းအောင်ပြီး မြစ်ကြီးနားမှာ G.T.I သွားတက်တုန်းက

အိမ်ကို ဘယ်လောက်လွမ်းတယ်…. ဘယ်လောက်ပြန်ချင်တယ် ဆိုတဲ့ အတွေးခံစားချက်ကရှိနေတာမို့ ဒီကလေးကို “သားက ပညာတတ်ကြီးဖြစ်ချင်တာမဟုတ်လား

ဒီတော့ ပညာကိုလိုရင် အစားရော အနေရော ဆင်းရဲမှာပဲ..ဒါပေမယ့် သားကကြိုးစားပြီး သည်းခံရမယ် ကျော်ဖြတ်ရမယ်” ဆိုတဲ့ စကားမျိုးမပြောရက်ပါ.. ကျနော့်လို

အသက်ဆယ်ရှစ်နှစ်အရွယ်တုန်းကတောင် အိမ်ကိုပြန်ချင်တဲ့ စိတ်ကို ပညာတတ်ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အတော်ထိန်းချုပ်ပြီးနေလာခဲ့ရတာမို့.. ဒီဆယ်နှစ်အရွယ်

ကလေးကို ဘာတွေညာတွေ သိပ်မပြောဖြစ်တာ..သူက ကလေးအရွယ်ပဲ.. မိဘတွေ ညီအစ်ကိုမောင်နှမတွေနဲ့ ခွဲနေဖို့ ငယ်သေးတဲ့ အရွယ်မဟုတ်လားးး အကယ်၍များ

သူတို့ရွာလေးမှာ အလယ်တန်းကျောင်းလေးရှိခဲ့မယ်ဆိုရင်…….

ရွာတွေရွာတွေမှာ မူလတန်းအဆင့် ကျောင်းလေးတွေသာ ရှိနေကြတဲ့အတွက်… ရွာခံကလေးတွေ အများစုကတော့ မူလတန်းအဆင့်မှာပဲ

အဆုံးသတ်သွားကြရတာများပါတယ်… ဪ…ပညာ…ပညာ…

ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့…ဆိုပဲ…..

 

စိတ်မကောင်းစွာနဲ့ပဲ.. ခဏက ကလေးကို ” သားလေးရေ.. သားလေးအတွက်လည်း ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်တွေ ပေးထားတယ်… မငိုနဲ့တော့နော်…”

ဆိုတာလောက်ပဲ ပြောပြီး… အားလုံးကို နှုတ်ဆက်..နားဖာရွာကနေ ပြန်ထွက်လာတော့ ညနေငါးနာရီခွဲ လုပြီ…။ အိမ်အမြန်ရောက်ချင်နေကြပြီဖြစ်တဲ့ အဖွဲ့သားတွေ

ဆိုင်ကယ်အမြန်နှိုးပြီး ထွက်သွားလိုက်ကြတာ နောက်ဆုံးမှာ ကျနော်နဲ့ အဖွဲ့ဝင်သုံးယောက်ပဲ ကျန်ခဲ့ပါတယ်။ နောက်ကျကျန်ခဲ့ပါတယ်ဆို.. အဖွဲ့ဝင်တစ်ဦးရဲ့

ဆိုင်ကယ်က နှိုးမရ… ပလပ်ကြောင်ပြန်ပြီထင်ပေမယ့် တကယ်တမ်းက ဆိုင်ကယ်ဆီပြတ်သွားတာပါ.. တစ်ယောက်ကို ရှေ့ကထွက်သွားတဲ့ အဖွဲ့မှာ

ဓာတ်ဆီပုံးပါသွားတာမို့ လိုက်ခိုင်းပေမယ့် မမီတော့..ဒီတော့ ကျနော်တို့ နားဖာရွာလေးထဲမှာ ဓာတ်ဆီရောင်းတာရှိမရှိမေးပြီး ရွာထဲပြန်သွားပြီး

ဆီသွားဝယ်ရပြန်ပါတယ်… ဆီရလာမှ ဆီဖြည့်ပြီး ထွက်လာကြရပါတယ်…. အချိန်က ညနေခြောက်နာရီ ကျော်သွားချေပြီ…ရှေ့အဖွဲ့တွေက ဆားမှော်ရွာ ရောက်ခါနီးမှာ

ကျနော်တို့ကို စောင့်နေကြပါတယ်… ဒီလိုနဲ့ ခရီးဆက်လိုက်တာ ဆားမှော်ရွာရောက်တော့ မိုးချုပ်ချေပြီ။ ဆားမှော်ရွာမှာ ခဏနားကြတော့ ရွာခံ ဆိုင်ပိုင်ရှင်တစ်ဦးက

ကျနော်တို့ အဖွဲ့ကို ကော်ဖီမစ်တွေ ဖျော်တိုက် မုန့်တွေချကျွေးပါတယ်… ဟန်မဆောင်နိုင်တော့ပဲ ကျွေးသမျှ အကုန်ကြိတ်လိုက်ကြတာ..ဝေသာလီပြည်

ဘီလူးကျသလိုဆိုတဲ့ စကားပုံထဲကလိုပါပဲ..။ ကျွေးသမျှစားပြီး ခရီးဆက်ခဲ့ကြပြန်ပါတယ်…ဟောင်းတုန်းရွာကိုရောက်တော့

ညရှစ်နာရီထိုးလုပြီ…။ဒီရွာကနေ မော်လူးကိုတော့ လမ်းကောင်းသွားပြီဖြစ်သလို..ရွာဆက်လည်း မပြတ်တော့ပါဘူးးးဖြေးဖြေးချင်း စီးလာကြပြီးးးး ၂၄.၆.၂၀၁၃ ရက်

တနလာင်္နေ့ ခရီးစဉ်ဟာ ကျနော်အိမ်ကိုပြန်ရောက်သည့် ညရှစ်နာရီလေးဆယ်ငါးမိနစ်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ…။

အားလုံးကိုလည်း ကျေးဇူးတင်စွာ…ပီတိများစွာ.. အမှတ်တရများစွာ အမှတ်တရများစွာဖြင့် မှတ်တမ်းတင်လိုက်ရပါပေတော့သည်။

ပျော်ရွှင် ချမ်းမြေ့ကြပါစေ…..။

K.T.W.L

18 comments

  • kotun winlatt

    July 6, 2013 at 9:22 pm

    ဟူးးးးးးးးးးးးးးးးးးးးးး ၂၄.၆.၂၀၁၃ ရက်နေ့ အလှူခရီးစဉ်လေးးးးရေးလို့ပြီးသွားပြီ… နောက်ထပ် နှစ်ပုဒ်ရေးးစရာ ကျန်နေပါသေးးးးအိ…
    မကြာမှီ…လာမည်…..မျှော်……

  • အရီးခင်လတ်

    July 6, 2013 at 9:42 pm

    ဆရာလေးရေ။
    အားလုံးအတွက် ဂုဏ်ယူပြီး အားကျမိပါတယ် လို့ ထပ်ပြောပါရစေ။

    ကလေးတို့ ရေ အားတင်းထား။
    အာဏာရှင် ကိုယ်ကျိုးရှာသမားတွေ မရှိတော့ချိန် တိုင်းပြည် က မင်းတို့ ကို အသေအချာ စနစ်တကျ စောင့်ရှောက်နိုင်ပါလိမ့်မယ်။
    တိုင်းပြည် ကိုပြန်အကျိုးပြုနိုင်ဖို့ ပေါ့။

  • padonmar

    July 6, 2013 at 9:53 pm

    ကိုထွန်းဝင်းလတ်ရေ
    ၄မိုင်ဝေးတဲ့ ရွာလေးမှာ အလယ်တန်းကို တစ်ယောက်တည်း သွားမတက်နိုင်လို့ စတုတ္ထတန်း ပြန်နေရတယ်ဆိုတာလေးဖတ်ပြီး ငိုချင်လိုက်တာ။
    မြို့ကြီးတွေမှာတော့ ၅နှစ်အောက် ကလေးငယ်ငယ်လေးတွေကိုတောင် အတန်းနောက်ကျမှာစိုးလို့ စာတွေ အတင်းသင်ကြတယ်။
    တောနဲ့မြို့ ကွာဟချက်တွေ ကျဉ်းလာပါစေ။
    ………
    တောကျောင်းက ဆရာမလေးတွေအတွက် စာကောင်းလေးတစ်ပုဒ် ရှဲပေးပါရစေ။

    https://www.facebook.com/notes/%E1%80%9B%E1%80%AC-%E1%80%9D%E1%80%8F/%E1%80%B1%E1%80%92%E1%81%9A%E1%80%A7%E1%81%BE%E1%80%80%E1%80%84%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%80%E1%80%B9%E1%80%82%E1%80%BA%E1%80%B4%E1%80%B1%E1%80%80%E1%80%B8%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8-by-%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8%E1%80%8A%E1%80%AD%E1%80%B3/290963341049977

  • padonmar

    July 6, 2013 at 9:54 pm

    (ဒေါ်ဧကြင်နှင့် အက်ဂျူကေးရှင်း) by ချစ်ဦးညို
    by ရာ ဝဏ (Notes) on Saturday, July 6, 2013 at 9:38am

    လွန်ခဲ့သော နှစ် ၅ဝ တစ်ဝိုက်က မန္တလေးမြို့၊ နန်းတော်ရှေ့အရပ်၌ မတ္တရာတိုက် ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း ဖွင့်လှစ်ထားသော အစိုးရမူလတန်းကျောင်းတစ်ကျောင်းရှိခဲ့ဖူးလေသည်။ ထိုမူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး အမည်မှာ ဒေါ်ဧကြင်ဖြစ်၏။ အသားညိုညို အရပ်ပျပ်ပျပ်၊ မျက်နှာပြားပြား အသွင်ရှိ၏။

    ထိုကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ယူခဲ့သူတစ်ယောက်အနေဖြင့် ဤစာကိုရေးပါသည်။ ဤတွင် ခေါင်းစဉ်တပ်ထားသည့် “ဒေါ်ဧကြင်နှင့် အက်ဂျူကေးရှင်း” ဆိုသော စကားမှာ ဒေါ်ဧကြင်၏ ပညာရည်တတ်မြောက်မှု အဆင့်အတန်းကို ပြောခြင်းမဟုတ်ပါ။ ဒေါ်ဧကြင်ဟူသော ဆရာမကြီးတစ်ယောက်နှင့် ပညာရေးဟူသော အဓိပ္ပါယ်ကိုသာ ယူစေလိုပါသည်။

    ဆရာမကြီးဒေါ်ဧကြင် အုပ်ချုပ်သော နန်းရှေ့မတ္တရာတိုက် မူလတန်းကျောင်းကလေး၏ တစ်နေ့တာ လှုပ်ရှားမှုမှာ ဤသို့ ဖြစ်ပါသည်။

    နံနက်ကျောင်းတက်ခေါင်းလောင်းထိုးအပြီး

    ဒေါ်ဧကြင်

    သူငယ်တန်းက စပြီး စတုတ္ထတန်းအထိ ကိုယ့်နေရာမှာ ကိုယ်နေ၊ မတ်တပ်ရပ်၊ လက်ပိုက်၊ စကားမပြောနဲ့၊ ငြိမ် ….

    (ကျောင်းသူကျောင်းသားများ ထိုအတိုင်း လိုက်နာကြပြီး ငြိမ်သက်သွားမှ)

    စ…ဆို။

    ကျောင်းသူ၊ ကျောင်းသားများ

    လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို….အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ….

    ဤသို့ အစချီကာ ၃၈ ဖြာ မင်္ဂလာ သံပေါက်လင်္ကာကို သူငယ်များ အသံကုန်ဟစ်၍ ရွတ်ကြသည်။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ အပိုဒ်မှာတော့ အကျယ်လောင်ဆုံး အညီညာဆုံး ဖြစ်လေသည်။ ဤနေရာတွေမှာ ခပ်ဝါးဝါး အထူးသဖြင့် သူငယ်တန်းတွေဘက်က မပီမသ အသံတိုးတိမ်၊ ဗလုံးဗထွေး။

    ဆရာမကြီး ဒေါ်ဧကြင်က လင်္ကာမရသေးသည့် သူငယ်တန်းတွေနား သွားရပ်ပြီး ကိုယ်တိုင်ဟစ်၍ ရွတ်သည်။ ရွတ်ရင်းလည်း နှာခေါင်းနှိုက်နေသူ၊ ဘေးကကောင်ကို တံတောင်ဖြင့် တွတ်သူ၊ မန်ကျည်းပင်ပေါ်မှ စာကလေးတွေကို ငေးကြည့်နေသူ၊ လက်ကောက်ဝတ်မှ သားရေကွင်း ဆော့နေသူတို့အား ပေတံဖြင့် ဆော်လိုက်သေး၏။

    တဖြည်းဖြည်းနှင့် ၃၈ ဖြာမင်္ဂလာ လင်္ကာကို သူငယ်တို့ ပိုင်ပိုင်နိုင်နိုင်ကြီး ရွတ်ဆိုလာနိုင်ကြသည်။ နှစ်လလောက် ကြာတော့ သူငယ်တို့ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး နိုင်ကြပြီ။ ထို့နောက်တွင်ကား ကျောင်းတက်ခေါင်းလောင်း ထိုးပြီး သည်နှင့် သူငယ်တို့သည် ဆရာမကြီး၏ “ကိုယ့်နေရာကိုယ်နေ၊ မတ်တပ်ရပ် အမိန့်ကိုပင် စောင့်မနေကြတော့ဘဲ အလိုလို အသင့်အနေအထား ယူပြီး ဖြစ်နေကြ၏။

    တူရိယာမပါ၊ စည်းဝါးမပါ၊ အားလုံးကီးကိုက်၊ နရီကိုက်။

    အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ သည် ဟိန်းလျက်၊ စည်လျက်၊ ညီညီညာညာ ကြီးထွက်ပေါ်လာလေသတည်း။

    နေ့လယ် ထမင်းစားဆင်း၊ ကျောင်းပြန်တက်၊ ခေါင်းလောင်းထိုးအပြီး

    အတန်းအလိုက်၊ ဆိုင်ရာလက်ထောက်ဆရာ၊ ဆရာမများက သင်စရာ ရှိတာတွေ သင်ပြီးနောက် မွန်းလွဲ သုံးနာရီခန့်အချိန်။

    ဒေါ်ဧကြင်က စားပွဲပေါ်မှ လက်ကိုင်ခေါင်းလောင်းကို လှုပ်ခါ၏။ ဂလောင်ဂလင်သံအစဲ၊ ဒေါ်ဧကြင်က ခေါင်းလောင်းကို စားပွဲပေါ်ပြန်မှောက်ချလိုက်ပြီး အားလုံးကြားအောင် အော်လိုက်၏။

    “အားလုံး ….. အိပ်ချိန်”

    တစ်မနက်လုံး စာသင်၊ စာအံ၊ စာရွတ်။ နေ့လယ်ထမင်းစားကျောင်းဆင်း၊ ထမင်းစား၊ မျောက်ရှုံးအောင်ဆော့၊ ကျောင်းပြန်တက်၊ နှစ်နာရီလောက် စာဆက်သင်ခဲ့ရသော သူငယ်များ အားလုံးလိုလို မျက်ခွံတွေ လေးနေကြပြီ ဖြစ်၏။ ဒါကို “အပုပ်ချိန်” ဟု ခေါ်သည်။ “ဒေါင်း” နေကြသော သူငယ်တို့အားလုံး အကြီးအကျယ် အိပ်ငိုက်ချင်ကြပြီ။ ထိုသို့သော အချိန် တွင် “အိပ်ချိန်” ဟူသော ဆရာမကြီး၏ ခွင့်ပြုမိန့်ကား သုဃိသာယာ ရှိလှပါဘိခြင်း။ သူငယ်များ ကိုယ်ရှေ့စားပွဲစောင်းပေါ် လက်တင်၍ မျက်နှာအပ်အိပ်ကြသည်။ သူငယ်တန်းတွေကတော့ ကြမ်းပြင်ဖျာပေါ် လှဲချလိုက်ရုံပင်။ ခြေပြန်၊ ခေါင်းပြန်၊ ဟိုကောင့်ရင်ဘတ်ပေါ် ဟိုကောင့် ခြေထောက်ရောက်၊ အဲဒီကောင်ခေါင်းစွန်းကို ဟိုအကောင့် ဖနောင့်နဲ့ထိကပ်။ စုပေါင်း အိပ်ပွဲကြီးကို နှစ်နှစ်ခြိုက်ခြိုက် ဆင်နွှဲကြသော ဟူ၏။

    မိနစ်လေးဆယ်၊ လေးဆယ့်ငါးမိနစ်ခန့်အကြာတွင် ဂလောင်ဂလင် မြည်လာ၏။ အိပ်မက်တွေ ဘာတွေ မက်ကောင်း မက်နေမည်။ အစားပုပ်၊ အဆော့သန်ကောင်လေးအချို့ကိုတော့ နှိုးယူကြရသည်။ လွန်စွာ့ လွန်စွာ အအိပ်မက် အိပ်ပုပ်ကြီး သော သာဌေးဆိုသည့် ကောင်လေးကိုကား အမြဲလိုလိုပင် မျက်နှာကို ရေဆွတ်လက်ဝါးဖြင့် တဖတ်ဖတ် ရိုက်နှိုးရလေသည်။ တစ်ရေး၊ တစ်မှေးအိပ်လိုက်ရသဖြင့် အားပြည့်စွာနိုးထလာရင်း ဗိုက်ဟာနေကြပြီဖြစ်သော ကလေးတို့အတွက် အသင့်စောင့် နေသည်ကား နို့မှုန့်ရည်ပူပူနွေးနွေးဖြစ်၏။ ကလေးတို့အိပ်နေချိန်မှာ ဆရာမကြီးနှင့် လက်ထောက်ဆရာ၊ ဆရာမများက ပညာမင်းကြီးရုံးမှ လက်ဆောင် ခွဲတမ်းချပေးထားသော နို့မှုန့်ထုပ်များကိုဖောက်ကာ နို့ဖျော်ထားနှင့်ပြီးပေပြီ။

    “သူငယ်တန်းကလေးတွေ ထိပ်ဆုံးက စ စီ၊ ငယ်စဉ်ကြီးလိုက် တစ်တန်းချင်းတန်းစီ။ ဟိုဘက်မှာ ခွက်ယူပြီးရင် ဒီဘက်ကိုလား၊ နို့မှုန့်ယူ”

    ပုံစံသံဖြူခွက်မပြည့်တစ်ပြည့် နို့မှုန့်ရည်ကို သူငယ်တို့ မြိန်ယှက်စွာ၊ ပျော်ရွှင်စွာမှီဝဲကြသည်။ ပြီးတော့ တစ်ယောက် ကို တစ်ယောက်ကြည့်ကာ ရယ်ပွဲဖွဲ့ကြသည်။ ဒါ . . ရယ်ချိန်ပေါ့။ ဘာဖြစ်လို့ပါလဲ။ ဆာဆာနှင့် စွတ်တွယ်ကြ လေတော့ နို့မှုန့်ရည်အစအနတွေက မေးစေ့ပေါ်စွန်းလိုစွန်း၊ နှုတ်ခမ်းထောင့်မှာ အစွယ်ဖြူဖြူ ပေါက်သလိုလိုပေလိုပေ၊ အချို့ အပေါ် နှုတ်ခမ်းထက်မှာ(ကုန်ခါနီးခွက်ကိုစောင်းရင်း လျှာနဲ့လျက်လေတော့) ဖြူဖြူအတန်းကြီးက နှုတ်ခမ်းမွှေးဖြစ်လိုဖြစ်။

    လေးနာရီ မထိုးမီ

    ဆရာမကြီး၏ဟစ်သံ ပေါ်လာပြန်၏။ “အားလုံးဘောလုံးကွင်းထဲဆင်းကြ။ သူငယ်တန်းကစထွက်။ တန်းစီ လက်ပိုက်ထွက်။ ဘောလုံးကွင်းထဲရောက်မှ လက်ပိုက်ဖြုတ်။ စကားမများနဲ့။ ဘောလုံးကွင်းထဲရောက်ရင် သူငယ်တန်းက စနေထောင့်မန်ကျဉ်းပင်အောက် နေရာယူ၊ ပထမတန်းက တနင်္ဂနွေထောင့်၊ ဒုတိယတန်းက . .” ဤအချိန်ကား ကလေးများအမျှော်လင့် အတောင့်တဆုံးအချိန်ဖြစ်၏။

    ဆရာမကြီးပြောသော ဘောလုံးကွင်းဆိုတာက တကယ့် ဘောလုံးကွင်းအစစ်မဟုတ်။ မတ္တရာကျောင်းပရိဝုဏ်ထဲ ဝင်ပြီး ကိုက်၂၀ဝလောက်အရောက်မှာ လက်ျာဘက်တွင်ရှိနေသော မန်ကျဉ်းပင်၊ သီးပင်ကြီးတွေ ဝိုင်းအုံပတ်လည် ပေါက်နေသည့် ကွင်းပြင်တလင်းတစ်ခုသာဖြစ်သည်။ စည်းရိုး၊ မျဉ်းကြောင်း၊ ဂိုးတိုင် ဘာတစ်ခုမှမရှိ။ သို့သော် အနှီနေရာကား မတ္တရာကျောင်းတိုက်၏ “ဘက်စုံအားကစားကွင်း”ဖြစ်လေသည်။ ဘာကြောင့်နည်း။

    ကလေးများ အတန်းလိုက်နေရာယူပြီးနောက် ဆရာမကြီးက“ခရာတွတ်”လိုက်သည်နှင့် စနေထောင့်မှာ သူငယ်တန်း၏ လိုက်တမ်းပြေးတမ်း၊ တနင်္ဂနွေထောင့်မှာ ကောင်လေးများ၏ ကျောကုန်းပိုး ဘောလုံးပစ်၊ အင်္ဂါထောင့်မှာ မိန်းကလေးများ၏ဖန်ခုန်၊ ရှပ်ဒိုးပစ်၊ ကွင်းလယ်မှာဇယ်တောက်၊ ဇယ်ခတ်၊ ကြက်ဖခွပ်၊ ထုပ်စီးတိုးအစရှိကုန်သော ကစားနည်း ပေါင်းစုံတို့ဖြင့် ကျွတ်ကျွတ်ညံသွားသောကြောင့်ဖြစ်လေသည်။

    အငြင်း အခုန်၊ အတိုင်အတော၊ လဲကွဲ၊ ဒူးပြဲ၊ ငိုယို တိုင်တန်းတာတွေလည်း ပေါ်ပေါက်၏။ ဆရာမကြီးနှင့် ဆရာ၊ ဆရာမ များက အမှုကြီးငယ် ကြားနာစစ်ဆေးကာ ဖြေရှင်းပေးကြရသည်။ လက်ဝါးဖြန့် ပေတံဖြင့် မစပ်တစပ်ဆော်၊ ဒူးပြဲ ဆေးထည့်၊ ငိုသူကို ချော့၊ တစ်ခါတစ်ရံ စရိုက်ကြမ်း ကြမ်း တစ်ကောင်တလေက “ငါ” ကိုင်တုပ်ဆဲသည့် အမှုမျိုး ရောက်လာ လျှင်တော့ တရားခံအား..“သွား… မင်းကိုယ်တိုင် အဝေရာပင်ချိုးခဲ့” ဟု စီရင်ချက်ချရ၏။ နီတွတ်အမည်ရှိသော ဇာတ်လိုက်ကျော်ကား သူ့ကိုရိုက်မည့် အဝေရာပင်ကို ချိုးယူရာမှာ အဝေရာတောထဲက သေးပေ့ မျှင်ပေ့ ဆိုသော လက်တောက်လောက် အပင်လေးကို ချိုးလာသည်။ ဆရာမကြီး ဒေါ်ဧကြင်မှာ ရယ်ချင်နေသော မျက်နှာကို အပိုးသတ်ပြီး –

    “အဝေရာနဲ့ဆို နာနေပါဦးမယ်။ ဒီနားလာ” ဟု ခေါ်ကာ ဗိုက်ကြော၊ ပေါင်တွင်းကြောကို ဆွဲလိမ်ရတော့သည်။

    “ နောက် … ဆဲဦးမလားဟဲ့”

    “မဆဲတော့ပါဘူး ခင်ဗျ… နာတယ်ဗျ”

    “နောက်ဆဲရင် ဘာလုပ်ရမလဲ”

    “အဝေရာ ကြိမ်ကြီးကြီးနဲ့ ရိုက်ပါ ဆရာမကြီးရဲ့”

    “ ငါမရိုက်ဘူး။ တာရိုးအရှေ့ဘက်က ညောင်ပင်မှာ ကြိုးနဲ့တုပ်ထားမယ်”

    “အောင်မလေး…. ကြောက်ပါပြီဗျ နောက် မဆဲတော့ပါဘူး ခင်ဗျ”

    တာရိုးအရှေ့ဘက်က ညောင်ပင်ကြီးမှာ လူနီသရဲ ရှိသည်ဟု သတင်းကြီးနေသောကြောင့် ဖြစ်လေသည်။

    တချို့ရက်တွေမှာတော့ ဘောလုံးကွင်းထဲမှာ ခဲလုံးကောက်၊ ဆီးစေ့ကောက် သန့်ရှင်းရေးလုပ်ခိုင်း၏။ အတန်းလိုက်၊ ယောက်ျားလေး တစ်ဖက်၊ မိန်းကလေးတစ်ဖက်၊ ကောက်ကြ။ ပြီးတော့ ကောက်ယူရရှိထားသော ဆီးစေ့၊ ခဲလုံးများကို စုပုံထား။ သူငယ်တန်းကြီး ကလေးများကို ရေတွက်ခိုင်း၏။ များသောအားဖြင့် မိန်းကလေးတွေက နိုင်တတ်သည်။ ဆီးစေ့ ခဲလုံး ပိုများများရသည်။ ကောင်လေးတွေကတော့ ရှုံးလည်း စပ်ဖြီးဖြီးပါပဲ။ အမြတ်တကယ်ရလိုက်သူကတော့ သူငယ်တန်း ကလေးတွေ ဖြစ်သည်။

    ဆီးစေ့ ခဲလုံးတွေကို ရေတွက်သည့် အလုပ်၊ သူတို့ လုပ်ကြရ၏။

    တစ်ဆယ်၊ နှစ်ဆယ်၊ တစ်ရာ၊ တစ်ရာ့ငါးဆယ်၊ နှစ်ရာလေးဆယ့်ရှစ်၊ နှစ်ရာလေးဆယ့်ကိုး၊ သုံးရာတစ်ဆယ့်တစ်၊ သုံးရာခြောက်ဆယ့်သုံး။ ခု၊ ဆယ်၊ ရာ ဂဏန်း သချင်္ာ ရေတွက်မှုကို သူတို့က ကစားရင်း ကျွမ်းကျင်သွားကြလေသည်။

    ညနေ လေးနာရီ

    ကျောင်းဆင်းခေါင်းလောင်း မခေါက်သေးပါ။

    ဒေါ်ဧကြင်က ခေါ်လိုက်၏။

    “ဆရာ ဦးထွန်းခင် ကြွပါ။”

    တစ်ကျောင်းလုံးရှိ သူငယ်များရှေ့မှောက်၌ ဆရာဦးထွန်းခင် နေရာယူသည်။ မျက်ခုံးမွေးထူထူ၊ လည်ဇလုတ်နှင့် နားရွက်ပေါက်ထဲမှပင် အမွေးတွေ ထွက်နေသော ဆရာကား သည်အတိုင်းကြည့်လျှင် ကြောက်စရာကြီး ဖြစ်၏။ သို့သော် သူစကားပြောတိုင်း သူ့ဇလုတ်ပေါ်က အမွေးတွေ တလှုပ်လှုပ်ဖြစ်နေတာ ကြည့်ရင်း သူပြောတာ နားထောင်ရင်းဖြင့် ဆရာသည် ချစ်စရာကြီး ဖြစ်လာလေသည်။

    “မောင်တို့ … မယ်တို့ … ငါတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ ..” ဟု အာလုတ်သံကြီးဖြင့် အစချီပြီး အနော်ရထာအကြောင်း၊ ကျန်စစ်သားအကြောင်း၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး အကြောင်း၊ စောလူး ငရမန်အကြောင်း၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ၊ ငခင်ညို၊ ရာဇ သင်္ကြန်၊ အနန္တသူရိယ၊ အဲမွန်ဒယာ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း။

    အာဇာနည်မယ်လေး ဂျုံး၊ အက်စကီမိုးတို့၏ ရေခဲအိမ်၊ လေးသည်တော်ကြီး ဝီလျှံတဲ၊ စစ်သူကြီး ဟန်နီဘော၊ သောမတ်အက်ဒီဆင်၊ မျက်မမြင် ဟယ်လင်ကဲလား …. တောတွင်းသားလေး မောဂ္ဂလိ။

    “အဲဒီလို ကျားကြီး ရှိရာခန်က ပြောတော့ မောဂ္ဂလိလေးက ဝင်ချမယ် အလုပ်၊ ဝက်ဝံကြီး ဘာလူးက မောဂ္ဂလိ .. နေဦးကွ ..ခဏနေဦး ဆိုပြီး…”

    “ကျော်ထင်နော်ရထာက အမောင်တို့…. ဖောင်ပန်းများကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြပြီ မဟုတ်လား။ ငါတို့မှာ ဖောင်ပန်းမရှိတော့ဘူး။ စစ်ကို အနိုင်တိုက်ဖို့က လွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး။ စစ်ဆိုသည်မှာ အင်အားကြီးခြင်း၊ နည်းခြင်းသည် ပဓာန မဟုတ်၊ သတ္တိ ဗျတ္တိနှင့် လုပ်ရည် ကိုင်ရည်သာ ပဓာန ဖြစ်သည် ဆိုပြီးတော့ ”

    “ ငချစ်ညိုကလည်း မြင်းကို ဆွဲလှည့် ဓားကိုဝင့်ပြီး ဟဲ့ …နင်လည်း မုဆိုးဗိုလ်က အောင်ဇေယျ၊ ငါလည်း ခင်ဦးက ငချစ်ညို.. လာစမ်းဟဲ့ပေါ့”

    “ ဟဲ့ …ဝီလျှံတဲ၊ နောက်ထပ်မြားတစင်းက ဘာလုပ်ဖို့တုန်းလို့ ဘုရင်က မေးလိုက်သတဲ့။ ဝီလျှံတဲက ငါ့သားခေါင်းပေါ်က ပန်းသီးကို မထိဘဲ လွဲချော်သွားခဲ့လို့ မြားက ငါ့သားမှန်ခဲ့ရင် ဟောဒီမြား တစ်စင်းနဲ့ နင့်ကို ပစ်ဖို့ပေါ့လို့ ” သူငယ်တို့မှာ ရင်တမမ၊ သည်းတဖိုဖို။ မတ္တရာတိုက်တည်းဟူသော ကျောင်းဝင်းထဲမှ နေ၍ ပုဂံနန်းတော်ကြီးထဲ ရောက်သွား၊ အင်းဝ စစ်မြေပြင်ရောက်သွား၊ ရွှေမော်ဓော ဘုရားရင်ပြင် သူရဲကောင်းရွေးပွဲထဲ ရောက်သွား၊ တောဟေဝန်ကြီးထဲ ရောက်သွား။ သက်ပြင်းတွေ ရှိုက်လိုက်၊ မွေးညှင်းတွေတဖျဉ်းဖျဉ်း ထလိုက်၊ တဝါးဝါး ရယ်လိုက်၊ မျက်ရည်လေးတွေ စမ်းစမ်း စမ်းစမ်း ဖြစ်လိုက် ..။

    ထို “ပုံနားထောင်ချိန်” အပြီး အထူးထူးသော အရသာတို့ကို မြိန်ယှက်စွာ စားသုံးရခြင်း၏ အကျိုးဆက်ကား ကျောင်းဘီရိုကြီး သုံးလုံးထဲတွင် ထည့်ထားသော ရာဇဝင်စာအုပ်များ၊ ရှာဖွေ စွန့်စား ဇာနည်ဘွား၊ ကလေးဂျာနယ်၊ စာပေဗိမာန်မဂ္ဂဇင်း၊ လောကီထုပ္ပတ် လူတို့ဇာတ် … အစရှိသော စာအုပ်များကို ကလေးတို့ အလုအယက် ငှားကြ။ ဉာဏ်ရည်မြင့်သော ကလေးများက သူတို့ဖတ်ထားသည်များကို ပြောပြကြသေးသည်။

    “ဆရာဦးထွန်းခင် ပြောပြတာတွေ အားလုံး ဟောဒီ ဘီရိုကြီးတွေထဲမှာ ရှိသကွဲ့” ဟု ဆရာမကြီး ဒေါ်ဧကြင်က နိဂုံးချုပ်စကားဖြင့် ပိတ်လိုက်ခဲ့သည်ကိုး။

    တစ်ခါသားမှာတော့ “ဆရာဦးထွန်းခင်က ဒီနေ့မောလို့ နားချင်တယ်တဲ့။ မင်းတို့ထဲက ပြောချင်တဲ့သူ ရှိရင်” ဆွပေးလိုက်ရာ …

    “ ကျွန်မပြောမယ်ရှင့် ” ဟု လက်ညှိုးတထောင်ထောင်ဖြင့် ကောင်မလေးတစ်ယောက် ပေါ်လာ၏။ ပေါက်ပေါက်။ စွာတိစွာတာ ကောင်မလေး၊ အားကြီး ဆရာလုပ်ချင်တဲ့ ကောင်မလေး။

    “ကိုင်း .. လုပ်စမ်းဟေ့ ပေါက်ပေါက် ဘာပြောမလဲ”

    “သာလွန်မင်းတရားကြီး ထမင်းရည်ငှဲ့တဲ့ အကြောင်း”

    “ဘယ်လိုကွဲ့”

    “အဟင်း … မှားလို့၊ ထမင်းရည်ငှဲ့တဲ့ မိန်းမနဲ့ သာလွန်မင်း အကြောင်း”

    “ကိုင်း … လုပ်စမ်း”

    “ ဟိုတုန်းက …တဲ့ … ပေါက္ကံရာမ မင်းနေပြည် … ဟုတ်ပေါင် … အင်းဝ နေပြည်တော်ကြီးဆိုလား … အဲဒီမှာတဲ့ သာလွန်မင်းကြီးက ဘုရင်လုပ်တော့ တဲ့၊ တစ်နေ့ကျတော့တဲ့ ဆင်ကြီး စီးပြီးတော့ တဲ့ တိုင်းခန်းလှည့်လည်တော့တဲ့။ တစ်နေရာ အရောက်မှာတဲ့။ မိန်းမကြီး တစ်ယောက်က ထမင်းရည်ငှဲ့နေတယ်တဲ့၊ သူ့သားလေးက ဗိုက်ဆာလို့ …ဟီး ….အ ဟီး နဲ့ … ငိုနေတာတဲ့။ ဘုရင်ကြီးက ဟဲ့ …နင့်ကလေး ဗိုက်ဆာလို့ အသံပြဲကြီးနဲ့ငိုနေတာ …. နင်က ထမင်းရည်တွေ အလကားငှဲ့ ပစ်ရသလား … ထမင်းရည်တွေ ခံပြီးတိုက်ပါလား ….တဲ့။ အဲဒီလို ပြောပြီး မိုက်လှတဲ့ မိဖုရား အဲ… ဟုတ်ဘူး …မိန်းမ …လာလေ့ကွာ ဆိုပြီးတဲ့ … အဝေရာကြိမ်နဲ့ သုံးချက်ရိုက်တယ်တဲ့။ ပြီးတော့မှ ဟဲ့ … ရော့ ..နင့်ကလေးကို မုန့်ပျစ်သလက် ဝယ်ကျွေး ဆိုပြီး ဆုတော်ငွေ တစ်ကျပ်ပေးလိုက်သတဲ့။ သာလွန်မင်းကြီးဟာ အဲဒီလို မင်းကောင်း မင်းမြတ်ကြီး ဖြစ်ပါတယ် တဲ့ … ပြီးပါပြီရှင် တဲ့”

    ဘာရယ် ညာရယ်မသိ၊ လက်ခုပ်တွေ ဖြောင်းဖြောင်း တီးကြလေသည်။ ဒီလို ထွက်ပြောရဲတာကိုက ပေါက်ပေါက် တော်လှပြီလေ။

    ညနေ ကျောင်းဆင်း ခေါင်းလောင်း တီးကာနီးမှာတော့ ဦးထွန်းခင်၏ “ပုံ” တွေဖြင့် နိုးနိုးကြားကြား၊ တန်ခိုးတွေ ဖွားဖွား ထွက်လျှံ နေသော ကလေးတို့သည် “ကမာ္ဘမကြေ” ကို အားပါးတရကြီး သံကုန်တင်ဟစ်ကြလေသတည်း။

    ကြားဖြတ်အထူးအစီအစဉ် ဒေါ်ဧကြင်

    “နက်ဖြန် အဖိတ်နေ့၊ ဒါပေမဲ့ ကျောင်းမပိတ်ဘူး”။ (ဟင် … ဟာ အသံတွေ ထွက်လာသည်)

    “ထမင်းချိုင့်ယူလာခဲ့ကြ၊ ကုသိုလ်တော် ဘုရား သွားမယ်၊ မြက်နုတ်မယ်”။ (ဟေး ကနဲ အူမြူးသံများ)

    မတ္တရာတိုက်နှင့် ဘာမှ မဝေးသော မန္တလေး တောင်ခြေ၊ ကုသိုလ်တော်ဘုရားကြီး ပရိဝုဏ်အတွင်း ခရေပင်ကြီးများ အောက်မှာ နေရာယူ၊ အတန်းလိုက် မြက်နုတ် သန့်ရှင်းရေးဖြင့် ဘုရားကို ပူဇော်ကြသည်။

    အပိုင်းလိုက်၊ အကွက်လိုက် နေရာချပေးထားပြီး မြက်အပြောင်ဆုံးနုတ်နိုင်သော အဖွဲ့၊ အမှိုက်ို စနစ်တကျ ဆုံး ပုံနိုင်သော အဖွဲ့ … စသည်ဖြင့် အမှတ်များ ချပေးကာ နန်းရှေ့ဈေးမှ လက်ကားဝယ် ထားသော ထန်းလျက်ချောင်းများ၊ မင်္ဂလာဥယျဉ် အရပ်ထဲမှ ဒေါ်သွယ်ထံ အော်ဒါမှာထားသော ကြံရည်ညောင်စီးများ၊ မုန့်ဦးနှောက်များ၊ ဒေါ်ဧကြင်ကိုယ်တိုင် စီမံသော သီးသီးသုပ်များ၊ ဆရာ ဦးထွန်းခင် ဒါနပြုသည့် မုန့်ခေါင်းအုံးများ ကို ဆုကြေးအဖြစ် ချီးမြှင့်၏။

    ထမင်းစား နားကြပြီးနောက် ဆရာမကြီး ဒေါ်ဧကြင်က ကလေးများ အားလုံးကိုခေါ်ကာ ဘုရားတန်ဆောင်း၊ နံရံ၊ မျက်နှာကြက်များ ဆီသို့ လှည့်သည်။ ထိုနေရာတွေမှာ ဗုဒ္ဓဝင် မဟာဝင် ထူပဝင် စသော ပန်းချီကား များ ရှိ၏။ ပန်းချီကားများ အောက်မှာ စာတွေ ရေးထားသည်။ တတိယတန်း၊ စတုတ္ထတန်း ကလေးများက စာဖတ်ကြရသည်။ ပါဠိ၊ ပါဌ်အဆင့်တွေ ပါလာ၍ မဖတ်တတ်လျှင် ဆရာမကြီးက ပြင်ပေး၏။

    “ဇူဇကာ ပုဏ္ဏားကြီး စားပိုးနင့်၍ သေဆုံးခန်း”

    “မင်းလေးပါးတို့ တွေ့ဆုံခန်း”

    “ဘူးတောင်းနစ်၍ ဇောင်းမြင်းပေါ်သော အိပ်မက်ကို ကောသလမင်းကြီး မြင်မက်ခန်း”

    “သိဉ္ဇိုင်း ငရဲ၌ လူမိုက်တို့ ငရဲခံရခန်း”

    “ဝိဓုရ အမတ်အား ပုဏ္ဏက နတ်ဘီလူး မြင်းဖြင့် ဆောင်ယူခန်း”

    “ဒုဋ္ဌဂါမဏိ မင်းကြီး ကျေးကုလားမိစာ္ဆများ ကို သုတ်သင်ခန်း”

    ဆရာမကြီး ဒေါ်ဧကြင်က ရုပ်ပုံပန်းချီကား တစ်ကွက်ချင်း တစ်ကွက်ချင်းကို ရှင်းပြသည်။ ရှင်းပြရင်း အကွက်ဆိုက်လာသော အခါမျိုး၌ –

    “ကိုင်း … လေးတန်းတွေ ရှေ့ထွက်၊ ဆိုကြစမ်း ဟေ့ ” ဟု အမိန့်ပေးကာ

    “သုံးလူရှင်ပင်၊ ကျွန်းထိပ်တင် သောင်းခွင် စကြဝဠာ”

    “အသက်ရှည်စွာ၊ အနာမဲ့ကြောင်း။ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား”

    “ဘုရား တရား၊ မြတ်ဖျားသံဃာ၊ အရိယာကို မကွာနေ့ည၊ ဟတ္တအဉ္ဇလီ၊ မြှောက်ပင့်ချီသည်၊ ကိုယ်စီနေ့ည၊ ကိုးကွယ်ကြ”

    “သူ၏ ဥစ္စာ၊ သူ့ဘဏ္ဍာကို၊ မေတ္တာမရှေး၊ သူမပေးက၊ ဆေးတစ်အိုးမျှ မယူကြနှင့်၊ ရှောင်ကြပါလေ”

    စသော … စသော … သံပေါက်လင်္ကာများ၊ ဆုံးမစာများကို ရှေ့ကတိုင်ပေး၊ နောက်ကလိုက်ထောက်ပေးရင်း ကလေးတို့အား ရွတ်စေသည်။ ဘုရားဖူးဧည့်သည်များပင် ဝင်ရောက် “နာ”ကာ သာဓု ခေါ်၍ ကလေးများအား မုန့်ဝယ်ကျွေး သွားတတ်ကြ သည်။

    နောက်တော့ ကလေးများကပင် တောင်းဆိုကြတော့သည်။

    “ဆရာမကြီး လာမယ့်အဖိတ်နေ့ကျရင် ကျောက်တော်ကြီးဘုရား လိုက်ပို့ပါ။ စန္ဒမုနိဘုရားပို့ပေးပါ။ မန္တလေးတောင်လိုက်ပို့ပါ။

    ထို “အိတ်စ်ကျူကတ်ရှင်း” အောင်မြင်လိုက်ပုံများ ကလေးမိဘ သားချင်းတွေပါ ကလေးတွေနှင့် ရောပြီး လိုက်ပါလာကြသည် အထိ။

    မတ္တရာတိုက် ဆရာတော် ဦးနန္ဒိယ ကပင် –

    “ဒေါ်ဧကြင် နောက်အဖိတ်ကျရင် မတ္တရာတိုက် ပစ်ကနစ် ဘယ်သွားဖို့ရှိလဲ” ဟုမေးတော်မူကာ ငှက်ပျောသီးတွေ စွန့်လိုက်လေသည်။

    ခြုံငုံသုံးသပ်ချက်

    မန္တလေးမြို့၊ နန်းတော်ရှေ့၊ မတ္တရာတိုက်မှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဧကြင်၏ “အက်ဂျူကေးရှင်းနယ်စစ္စတမ်” တစ်စိတ်တစ်ပိုင်းကို ထိုကျောင်း၌ လေးတန်းအထိ နေခဲ့ဖူးသူက မှတ်မိသမျှ ပြန်လည်ဖောက်သည်ချခြင်း ဖြစ်ပါသည်။

    တစိမ့်စိမ့် ပြန်ပြောင်း အောက်မေ့ရင်းဖြင့် ဒေါ်ဧကြင် ကျင့်သုံးခဲ့သော “ပညာသင်ကြားရေး စနစ်” ၏ လေးနက်ကြီးကျယ်မှုကို “အလန့်တကြား” သဘောပေါက်ရပါ၏။

    ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ပြည်သူ့နီတိ၊ မြန်မာစာရာဇဝင်၊ သချင်္ာ၊ ကဗျာချစ်ခင်မှု၊ ဝန်းကျင်လေ့လာမှု၊ အားကစား၊ ချိုင်းဆိုက်ကိုလိုဂျီ … အကန့်လို်က် အကန့်လိုက် ပါဝင်နေကြပါလား။

    ဆရာမကြီး ဒေါ်ဧကြင်သည် ဘီအေ ဘီအီးဒီ မဟုတ်ပါ။ “ဟိုင်းယားဂရိတ်” သာ အောင်ခဲ့သော ရှေးကျကျ မူလတန်းကျောင်းအုပ်ဆရာမကြီး တစ်ယောက်သာ ဖြစ်၏။ ပညာရေးဆိုင်ရာ၊ ဘယ်ကွန်ဖရင့်၊ ဘယ်ဆယ်မီနာ၊ ဘယ်ဝပ်ရှော့ကမှလည်း တက်ရောက်ဖူးခြင်း မရှိ။ ဘာစာတမ်းမှလည်း မပြုစုဖူးခဲ့။ ဆဋ္ဌသံဃာယနာတင်ပွဲ၊ ရန်ကုန်သို့ ရောက်ဖူးသည်မှ အပ “ ဖောရိန်း” ဆိုတာ ဝေးရော ပြည်တွင်းမှာပင် နယ်စုံမရောက်ခဲ့။

    ဂလိုဘယ်အိုင်ဒီယာ၊ ဟိုင်းတက်ကနော်လော်ဂျီ အဝေးကြီး။

    အင်တာနက်၊ ဝက်ဆိုက်၊ အီးမေးလ်၊ ဖက်စ် ဝေးစွ၊ ဓာတ်ခဲသုံး ထရန်စစ္စတာ ရေဒီယိုပင် အိမ်တိုင်းစေ့ မသုံးနိုင်သေးသည့် ကာလ။ အီလက်စရောနစ်ထားလို့ အောက်လင်းဓာတ်မီးတောင်မှ ရေနံဆီပြတ်သည့်အခါ အသုံးမတည့်၊ နံပြားတစ်ချပ်ဆယ်ပြား၊ လက်ဖက်ရည်တစ်ခွက်တစ်မတ်။ ဆရာမကြီးလစာမှ တစ်ရာကျော်လေး။ ကုသိုလ်တော်၊ ကျောက်တော်ကြီးဘုရားသို့ သွားသော ဖုထစ်ချိုင့်ဝှမ်း၊ ကျောက်ခဲမြှုပ် မြေလမ်းကြမ်းကြမ်းမှာ နွားလှည်းတွေ မောင်းနေသော ကာလ။ “ရာလေး” စက်ဘီး စီးနိုင်လျှင်ပင် ကြေးရေတတ်စာရင်းဝင်။

    သို့သော် ….

    ဒေါ်ဧကြင်၏ အက်ဂျူကေးရှင်းနယ် စစ္စတမ် သည် ယနေ့ “အင်တာနေရှင်နယ် စကူး” များတွင် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေသော စနစ် ဖြစ်နေပါရောလား။

    ဪ …. မတ္တရာတိုက်ကို လွမ်းလိုက်ပါဘိခြင်း။

    ချစ်ဦးညိုx x x x x

    ဤစာငယ်ဖြင့် မတ္တရာတိုက်မူလတန်းကျောင်းမှ၊ လေးတန်း စကောလားရှစ် ရခဲ့သူ၊ မန္တလေး နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ မင်္ဂလာတရားတော် နှုတ်ဖြေစာမေးပွဲတွင် ဒုတိယ ရခဲ့သူ၊ ဤစာရေးသူ မြေးဖြစ်သူသည် အငြိမ်းစား ယူပြီးနောက် မိုးကုတ်ယောဂီဘဝဖြင့် ကွယ်လွန်ခဲ့သော အဘွားဒေါ်ဧကြင်နှင့်တကွ၊ ကြား မြင် သင် ငယ်ဆရာများ၏ ကျေးဇူးဂုဏ်ကို ရှိခိုးပူဇော်ပါသည်။

    copy from Ka Yin Lay

  • kotun winlatt

    July 6, 2013 at 10:04 pm

    ဟုတ်ပါ့ဗျာ…..မှတ်သားထိုက်တဲ့ သင်ကြားးးနည်းးးးတွေပါပဲ…..
    အခုတော့ ပညာရေးစနစ်ကြီးဆိုးးးနေလိုက်ပုံများးးးး
    ကျနော့်ဆရာ တစ်ယောက်ကြုံဘူးတာလေး ဖောက်သည်ချဦးမယ်ဗျ…
    မူလတန်းးကျောင်းလေးမှာ သူငယ်တန်းလေးတွေက အက္ခရာတွေကို အော်ဆိုနေကြတာ..ကကြီး၊ ခခွေးးးအစရှိသဖြင့်ပေါ့ ဃကြီးးးနေရာကျတော့.. ဂယကြီးလို့ အော်ဆိုပါ သတဲ့…ကဲ…ဘာကို အပြစ်ပြောကြမလဲ….။

  • ကထူးဆန်း

    July 6, 2013 at 11:31 pm

    4 wheel ကား နဲ့ဆိုရင်ကော သွားလို့ ရလားဗျ ..
    ရရင် နိုင်ငံခြားနေ သူတွေဆီကနေ အလှုခံရအောင်လို့ :mrgreen:

    • kotun winlatt

      July 7, 2013 at 5:16 pm

      ဟယ်…ကြည့်ဇမ်းးးးးးးးးး ကိုထူးးဆန်းးးးက
      4wheel ကားးးးလှူမယ်……
      လုပ်ကြပါနဲ့ဗျာ… ကျနော်က တောသားဆိုတော့ နွားလှည်းလောက်ပဲ မောင်းးးတတ်လို့ပါ…။

  • ကြည်ဆောင်း

    July 6, 2013 at 11:31 pm

    ကိုထွန်းဝင်းလတ်နဲ့ အဖွဲ့သားတွေရဲ့အလှုဒါနခရီးစဉ်တွေကိုအားကျ ့
    ကျောင်းကလေး ပုံကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရ ့
    နမီးချောင်းသာယာပုံလေးကိုလဲ သဘောတွေကျ ့
    အမပဒုမ္မာရဲ့ ဒေါ်အေးကြင်ရဲ့ အက်ဂျူကေးရှင်းလေးကတော့ စိတ်ထဲမယ်တသသ နဲ့
    ပိုစ့်တပုဒ်အနေနဲ့တောင် ဂဇက်မှာတင်သင့်ပါရဲ့ ့

    • kotun winlatt

      July 7, 2013 at 5:21 pm

      ဟုတ်ပါ့..ဟုတ်ပါ့….မပဒုမ္မာ ရွာထဲမှာ ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပါလားဗျာ…
      မကြည်ဆောင်းရေ ကျေးးးဇူးးးးးပါ ခင်ဗျာ….။

      • padonmar

        July 8, 2013 at 11:02 pm

        ကောင်းမှာပေါ့
        ဆရာချစ်ဦးညိုလက်ရာလေ။
        တင်ထားတဲ့ ပိုင်ရှင်က ရာဝဏ တဲ့။
        သူများဝေါပေါ်ကစာဆိုတော့ ပို့စ် အနေနဲ့ တင်တာ မကောင်းဘူးလားလို့။

  • အောက်ဆုံးက ကောင်လေးတွေကို မြင်ရတာ
    တော်တော် သဘောကျမိသဗျာ ….
    အလှူအတွက် သာဓုဘာ ဘဂျီးထွန်းရေ ….

    • kotun winlatt

      July 7, 2013 at 5:22 pm

      လာရောက် ဖတ်ရှု့ပြီးးးကွန်မန့်ပေးးသွားးးပါသော…မာဟားးတယားးးအဲ့လေ….အံချာဒုံးးးးရေ…
      ကျေးးဇူးးးးဘာဗျို့…..။

  • surmi

    July 7, 2013 at 9:53 am

    အစ်​ကို​ရေ
    လိုင်​း​ပေါ်သိပ်​မ​ရောက်​လို့ဗျာ
    သာဓု​ခေါ်ပါတယ်​​နော
    ဒီလို​ဝေးလံသီ​ခေါင်​တဲ့​နေရာ​တွေမှာ အ​ရောက်​သွားနိုင်​တဲ့
    အစ်​ကိုတို့အဖွဲ့ရဲ့ ဇွဲသတ္တိက်​ိုလည်​း အားကျ​လေးစားပါတယ်​ဗျာ

  • kotun winlatt

    July 7, 2013 at 5:24 pm

    တူတူပါပဲ..ကိုဆာမိရေ…
    ကွန်နက်ရှင်းကောင်းချိန်လေးးး အပြေးအလွှားးတက်…
    ပုံလေးတွေတင်..စာလေးးတွေရေးးးးး
    ပြီးးတော့ ပြန်ပြေးးးးးးးးးဟီးးးးး။

  • KZ

    July 8, 2013 at 10:11 am

    ငယ်တုန်းက နယ်ကျောင်းလေးတွေကို လွမ်းတာဗျာ။
    တိုင်းပြည် အနာဂတ်ပါ ဆိုတဲ့ ကလေးတွေ
    အဆင့်မှီ အတတ်ပညာတွေ တတ်ဖို့
    အဆင့်မှီ အသိပညာတွေ သိဖို့
    တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်လောက် ကြိုးစားရဦးမယ်မသိ။ 🙄

    နောက်ခါ ဒီ လို အလှူမျိုး ရှိ ရင်လည်း လက်တို့ပါဦးဗျို့။ 🙂

  • manawphyulay

    July 9, 2013 at 9:50 am

    ရွာထဲမရောက်တာ အတော်ကြာလို့ လာရောက်လည်ပတ်ရင်း အလှူအတွက် သာဓု အနုမောဒနာ ခေါ်ဆိုသွားပါသည်ရှင်။ အားလုံးအတွက်လည်း ဝမ်းသာမိပါသည်ရှင်။

  • Ma Ma

    July 9, 2013 at 10:18 am

    ကိုယ်တိုင်ခရီးသွားလို့ လမ်းမှာ ကားဘီးပေါက်ရင် စိတ်စနိုးစနောင့်ဖြစ်ပြီး ဖြစ်တဲ့နေရာမှာပဲ ကားကို ထားခဲ့ချင်စိတ်ပေါက်တယ်။
    ကိုဝင်းထွန်းလတ်တို့အဖွဲ့ရဲ့ အလှူဖြစ်မြောက်ရေးအတွက် အခက်အခဲအမျိုးမျိုးကို စုပေါင်းကျော်လွှားသွားကြတာသိရတော့ ချီးကျူးမိတယ်။
    ပုံတွေကြည့် စာတွေဖတ်ပြီး ကိုယ်တိုင်ကို်ယ်ကျ ရောက်သွားရသလိုပါပဲ။ 🙂

Leave a Reply