မေတ္တာပျက်သုဉ်းမုန်းပြီလား ကျွန့်သခင်

Yin Nyine NwayJuly 30, 20101min811


• ဝင်းတံခါးကိုဖွင့်၍ ခြံအတွင်းသို့ လှမ်းဝင်လိုက်သည် နင့်…
• “ဝုတ်-ဝုတ်-ဝုတ်-ဝုတ်”
• ဟောင်သံပေးကာ ရန်လိုသော အကြည်ဖြင့် ပြေးလာသော ခွေးကလေးတစ်ကောင်၊ အမွေးအရောင်က ဖြူဖြူဖွေးဖွေး၊ ရှည်ရှည်လျားလျားစုတ်စုတ်ဖွားဖွားနှင့် ဈေးကြီးပေး ဝယ်ထာစးရဟန် တူသည်။
• “ ရမ်…ဘို”
• အိမ်ရှင် ဒေါ်ခင်မကြီးထံမှ ရွှင်လန်းတက်ကြွစွာ လှမ်းခေါ်လိုက်သောအသံဆုံးသည်နှင့် ခွေးကလေးက သူကသခင်မကို တစ်ချက်မျှ လှည့်ကြည့်သည်။ ပြီးအားရဝမ်းသာ အမှုအရာနှင့် ခွေးကလေးက သူ့သခင်မကို တစ်ချက်မျှ လှည့်ကြည့်သည်။ ပြီးအားရဝမ်းသာ အမှုအရာနှင့် ခေါင်းတခါခါ လည်တခါခါ ခပ်သော့သော့မြူးထူးစွာ ပြေးသွားသည်မို့ လည်ပတ်မှ ခြူသံလွင်လွင်ကလေးများ ထွက်ပေါ်လာသည်။
• ဒေါခင်မကြီးက ခွေးကလေးကို လက်ကမ်းကြိုရင်း တယုတယ ကောက်ချီလိုက်သည်။ ထို့နောက် ရင်ခွင်ထဲမှာ ပွေ့ဖက်ရာမှ ကျွန်တော်အား ပြုံးလျက် “လာလေ-ကိုဘညို၊ သားသားက မင့်ကို မတွေ့ဖူးသလို မျက်နှာစိမ်းမို့ ဟောင်တာပါကွဲယ်၊ ကဲ- မျက်မှန်းတန်းမိ သွားအောင် မမ မိတ်ဆက် ပေးထားအုံးမယ် ပြောပြောဆိုဆို ဒေါ်ခင်းမကြီးက ခွေးကလေးကို ငုံ့ကြည့်လျက်-
• “သားသား-ရမ်ဘို၊ ဒီဦးဦးက ဦးဦးဘညိုတဲ့၊ မေမေတို့ ကားကိုမောင်းတဲ့သူပေါ့ကွယ်၊ နောက်ဆို သားသားကိုပါ ကားနဲ့ တင်ခေါ်မယ့် ဦးဦးကြီးပေါ့၊ ဒါပဲနော်…သားသား၊ ဦးဦးကြီးကို နောက် ဘယ်တော့မှ မဟောင်ရ၊ မကိုက်ရဘူး၊ ကြားလား-သား၊ ဦးဦးရဲ့ စကားကိုလဲ နားထောင်ရမယ် ကြားလား-သား”
• ခွေးနှင့် မိတ်ဆွေဖွဲ့ ဆွေမျိုးစပ် ခံလိုက်ရသည်မို့ ကျွန်တော်လည်း စိတ်ညစ်သွားမိသည်။ ခွေးကလေးကတော့ ဒေါ်ခင်မကြီးကို ကြည့်လိုက် ကျွန်တော့်ကို ကြည့်လိုက်နှင့် ပြောစကားကိုပဲ နားလည် နေတော့ သယောင်ယောင်။ ဤသည်ကိုပင် ဒေါခင်မကြီးက သဘောကျနေဟန် တူသည်။
• ပြီးတော့မှ ဒေါ်ခင်မကြီးက ခွေးကလေးကို အောက်သို့ ညင်သာစွာ ချပေးလိုက်၍ ခွေးကလေးက တော့တီးတော့တာ ပြေးလွှား ထွက်ခွာသွားတော့သည်။ “သားသားက ရမ်ဘိုလို့ ခေါ်တယ် ကိုဘညိုရဲ့၊ လွန်ခဲ့တဲ့ စနေနေ့ကမှ ရှင့်ဆရာကို ပူးဆာပြီး ဝယ်ခိုင်း ရတာ၊ တစ်ထောင်တောင် ပေးရတယ်”
• “ဗျာ၊ တစ်ထောင်၊ ဟုတ်လား”
• ကျွန်တာ် တအံ့တဩ ဖြစ်သွားသည်။ ဒေါ်ခင်မကြီးက ဘာမျှ မဟုတ်သလို လေသံဖြင့်-
• “အင်း-တစ်ထောင်တောင်၊ ဒါတောင်နော် သူများတွေဆို တစ်ထောင့်ငါးရာက နေ တစ်ပြားမှ လျှော့ပေးတာ မဟုတ်ဘူး၊ ကျွန်မတိို့ မနိုင်ရင်ကာ လူရင်းတွေမို့ လျှော့ပေးတာ၊ ဈေးကြီးတယ် ဆိုပေမယ့် လိမ်မ္မာရေးခြား ရှိတော့လည်း ဝယ်ရတာ တန်ပါတယ်ကွယ်”
• ကိုဘညိုက မဆီမဆိုင် ကြားကဝင်၍ ငွေတစ်ထောင်ကို နှမြောစိတ်ဖြင့် တွေးနေမိသည်။
• “ကဲ-ကိုဘညို ၊ ကျွန်မနဲ့သားသားကို အပြင်လိုက်ပို့ပါအုံးနော်၊ သားသား ရမ်ဘို ဝမ်းသာသွားတာ နည်းနည်း မာနေလို့၊ အဲ့ဒါ ဒေါက်တာဆီ သွားပြမလိုု့၊ သားသားကလဲ သားသားပဲ၊ အမဲသား ဆန်ပြုတ်ကို မကြိုက်ဘူးလေ၊ ထမင်းကိုမှ ကြိုက်သတဲ့၊ မနေ့က မတိုး ထမင်းချက်တာ နည်းနည်မာသွားလို့ ဖြစ်မှာပေါ့၊ အခု သားသား ဝမ်းမာပြီး ဝမ်းချုပ်ချင်နေပုံရတယ်”
• ကျွန်တော် တစ်ဘက်သို့ မျက်နှာလွဲရင်း မသိမသာ နှာခေါင်းရူံ့မိသည်။ သို့တစေ ပေါ်ပေါ်ထင်ထင်ကြီးတော့ဖြင့် မပြုသင့်၍ အလုပ်ရှင်မို့ ရေလိုက် ငါးလိုက် အလိုက်သင့် နေ သွားရမည့် ဝတ္တရားက ရှနေသေး သည်ကို။ ကျွန်တော် ကားရှေ့ခန်း တံခါးကို ဖွင့်ပေးသည်။
• ဒေါ်ခင်မကြီးက ရမ်ဘိုက်ု ရှေ့ခန်း ကူရှင်ခုံ အိအိ်ပေါ် အသာအယာတင်ပြီး တံခါးကို ပြန်ပိတ်သည်။
• “ဟင်-မမကလဲ”
• “ကျွန်မ နောက်ခန်းကပဲ စီးတော့မယ်၊ သားသားလွတ်လွတ် လပ်လပ် စီးရအောင်လို့၊ သားသားက ရှေ့ခန်းကနေ တစ်ယောက်တည်း စီးပြီး အပြင်ဘက်ကို ငေးကြည်ရင်း လိုက်လာရတာကိုတောင် ကောင်းကောင်း သဘောကျနေပြီရှင့်”
• ကျွန်တော်မသိမသာ ပြုံးရင်း ထုံးစံအတိုင်း ငြိမ်နေလိုက်သည်။
• သို့သော် ကျွန်တော်က ဒရိုင်ဘာ နေရာမှာနေပြီး သခင် နေရာမှာတော့ ခွေးတစ်ကောင် ကိုထားလျက် တူယှဉ်တွဲ၍ ကားစီးရသည် အဖြစ်ကို တွေးမိကာ နည်းနည်းတော့ အောင့်သက်သက် ဖြစ်မိသည်ပေါ့။
• ကြာတော့လည်း ရိုးသွားပြီဟု ဆိုရချေမည်။
• အိမ်ရှေ့ခန်း ဆိုဖာထက်မှ စတိုင်ကျကျ ခွေအိပ်နေတတ်သော ရမ်ဘို။ အိပ်ခန်းထဲ ခုတင်ပေါ်မှာ ဆရာနှင့် ဆရာကတော် ဒေါ်ခင်မကြီးတို့ လင်မယား အကြားတွင် သားသမီး တစ်ယောက်လို ခပ်တည်တည် ခန့်ထည်ထည် ဝင်အိပ်တတ်သော ရမ်ဘို။
• ဧည့်သည် လာလျှင် သခင်အလိို့ကျ ဟန်ရေး ဝါရေးပြလျက် သင်ထားသမျှ တတ်သရွေ့ မှတ်သရွေ့ ပညာများကို အကုန်ထုတ်ပြလျက် သခင်များအတါက် ဝင်ကြွားစရာ၊ ဂုဏ်ယူစရာ အဖိုးတန် သတ္တဝါလေး ရမ်ဘို။
• သူ့ဘဝကို ကြည့်လျက် လူဖြစ်ရသည်မှာ မှားများ မှားရော့သလား၊ ကိုယ့်ကိုကိုယ် လူဖြစ်ရူံးနေပြီလားဟု သံသယ ဝင်မိသည်အထိ ကျွန်တော့် အသိစိန်ကို လွှမ်းမိုးသွားသော ရမ်ဘို။
• နေ့ပေါင်း၊ ရက်ပေါင်း၊ လပေါင်းများစွာ ကျော်လွန်လာခဲ့သည်။
• တစ်နေ့-
• ခြံဝင်းထဲမှာ ကစားနေရာမှ ရမ်ဘို တစ်ကောင် နယ်ကျွံ၍ ခြံအပြင်ဘက် ရောက်သွားသည်ကို မည်သူမျှ သတိမထားမိကြ။ ခါတိုင်းလည်း ရံဖန်ရံခါ ဆိုသလို ဤသို့ ဖြစ်တတ်သည်မို့ အလေးအနက်လည်း မထားမိကြ။
• မော်တော်ဆိုင်ကယ် တစ်စီးမောင်းနှင်လာသံ။
• “ကိန်၊ ကိန်၊ ကိန်၊ ကိန်”
• “ကျွီ၊ အီ၊ အီ”
• ရမ်ဘို၏ စူးစူးဝါးဝါး အော်သံ။ ဆိုင်ကယ် ဘရိတ်အုပ်သံ စသည်တို့ဆက်တိုက် ထွက်ပေါ်လာသည်။
• “ကိန်၊ ကိန်၊ ကိန်၊ ကိန်”
• ရမ်ဘိုက အဆက်မပြတ် ငယ်သံပါအောင် အော်ဟစ်နေသည်။
• ဆရာတို့ လင်မယားနှင့်အတူ ကျွန်တော်ပါ ကားလမ်းပေါ်သို့ ပြေးထွက်ခဲ့သည်။
• “ဝူး-ဘုတ်-ဘုတ်-ဘုတ်”
• ဆိုင်ကယ်က ချက်ချင်း ဆိုသလို စက်နှိုး၍ မောင်းထွက်ပြေးသွားသည်။
• လမ်းအလယ် မှာတော့ ခြေထောက်နှစ်ဘက် သွင်သွင် ကျိုးကာ ဖင်တရွတ်တိုက် ဆွဲလျက် ချာလည်ချာလည် ဟစ်အောင်နေသူကား ဆရာတို့လင်မယား၏ အသည်းကျော် သားတော်မောင်လေး ရမ်ဘို၊-
• “အံမလေး သားသားရယ်၊ ဖြစ်မှဖြစ်ရလေတယ်ကွယ်၊ အမေရင်ကျိုးပါပြီ သားသားရယ်”
• ဒေါ်ခင်မကြီး ခများ ရင်ဘတ်စည်တီး ငိုကြီးချက်မနျင့် ပရိဒေဝမီးတောက်လောင် ခံစားရ ရှာသည်။ ခင်ပွန်းဖြစ်သူက ရမ်ဘိုကို ပွေ့လျက် တိုက်ထဲသို့ ခေါ်သွင်းလာသည်။
• “ကဲ-ကိုဘညို၊ တိရစာ္ဆန်ဆေးကု ဆရာဝန်ရဲ့ ဆေးခန်းကို အမြန်ဆုံးသွားဗျာ၊ ကားယူသွား အကျိုးအကြောင်း ပြောပြီး ချက်ချင်းအပါခေါ်ခဲ့၊ဓ မအားလို့ မလိုက်နိုင်ရင် သူ့မိတ်ဆွေ ဒေါက်တာ တစ်ယောက်ရဲ့ လိပ်စာကိုတောင်းပြီး ရအောင် ခေါ်ခဲ့ဗျာ”
• စေခိုင်းလာမှု အတိုင်း ကျွန်တော် ဆောင်ရွက်ပေးခဲ့ပါသည်။ တိမွေးကု ဆရာဝန်က ရမ်ဘို အခြေအနေကို ကြည့်ရူ ကုသပေစးပြီး-
• “ခြေထောက် တစ်ဘက်ကတော့ ကြေသွားလို့ ြဖြတ်ပစ်ရမယ်၊ ကျိုးသွားတဲ့ ခြေထောက်ကိုတော့ ကျပ်စည်းပေးခဲ့မယ်၊ ဒါပေမယ့် လူလို ငြိမ်ငြိမ်နေခိုင်းဖို့ဆိုတာ မလွယ်တော့ ပုံမှန်အတိုင်းပြန်ကောင်းဖို့ မရေရာလှပါဘူး။ တင်ပါးလဲ ဒဏ်ရာ ဖြစ်သွားတော့ အလခုလိုပဲ မထနိုင်ဖြစ် နေအုံးမှာပဲ၊ ကံတရားပေါ့ဗျာ၊ သေတော့ မသေနိုင်ပါဘူး၊ စိတ်ချပါ၊ အဲ-အရင်လိုပုံမှန်ဖြစ်ဖို့ ဆိုတာကတော့”
• အဓိပ္ပာယ် ပြည့်စုံသွားပြီမို့ စကားကို ဆုံးအောင် ပြောစရာ မလိုတော့။ တိမွေးကု ဆရာဝန်က မျက်နှာလွဲ၍ ဆေးအိတ်ကို ကောက်ကိုင်ကာ ကျောခိုင်းသွားတော့သည်။
• ဒေါ်ခင်မကြီးက ဝမ်းနည်းပက်လက် ငို၍ မဆုံးတော့။
• ရမ်ဘိုသည်ကား ဧည့်ခန်းထောင့်မှာ မွေ့ရာ အကောင်းစားနှင့်။ စားကောင်း သောက်ဖွယ် အပြည့်အစုံနှင့်။
• သို့သော်-
• အစာလည်း ကောင်းစွာ မစားနိုင်ဘဲ ဝေဒနာ ဒဏ်ရာ ပြင်းထန်စွာ ခံစားရင်း တအီအီ အော်မြည်လျက် ရှိသည်။ ကြာတော့လည်း ကြားရသည်ကို စိတ်မချမ်းမြေ့ ဖြစ်လွန်း၍ ကျွန်တော် အိမ်ပေါ်သို့ပင် မတက်ဖြစ်တော့။
• စနေ၊ တနင်္ဂနွေ အလုပ်နားရက် နှစ်ရက်။
• တနင်္လာနေ့မှာ ကျွန်တော် အလုပ် ပြန်ဆင်းသည်။ အိမ်ပေါ်မှ ရမ်ဘို၏ အသံ မကြားရတော့။ ဧကန္တ ဝေဒနာ သက်သာသွားပြီထင့်။
• “သက်သာ ပျောက်ကင်း ပါစေလေ” ခများမှာ သည်လိုတော့လည်း သနားစရာ။ ကျွန်တာ် ကားဂိုဒေါင် တံခါးကို အသာဆွဲဖွင့်လိုက်သည်တွင် တအီအီ ညည်းညူသံကို ကြားရသည်။
• “ဟင်”
• တံခါးရွက် နံဘေးရှိ မီးခလုတ်ကို ဖွင့်ကြည်သည်။ မီးရောင်နှင့်အတူ လူသံကြား၍ ခေါင်းထောင် ကြည်သော ရမ်ဘို။
• ပြီးတော့ တအီးအီးညည်းညူရင်း ပြန်လှဲအိပ်သည်။
• သူ့အောက်တွင် ခင်းထားသည်က ဂုန်နီအိတ် အစုတ်အပြတ်များ။
• အနားတွင်မတော့ ဒန်ခွက် အပိန်တစ်လုံး၊ အထဲမှာလည်း နယ်ဖတ်ထားသော ထမင်းကျန်၊ ဟင်းကျန်များ ပေကျံလျက်။ အခြေအနေကို အကဲခတ်ရာမှ ကျွန်တော် မီးဖိုချောင်ဘက်သို့ လှည့်ထွက်ခဲ့သည်။ အိမ်ဖော်ဖြစ်သူ မတိုးကို အကျိုးအကြောင်း မေးမြန်း ကြည်သည်။ မတိုးက-
• “ကိုဘညိုရယ်၊ ဒေါ်ခင်မကြီးကလေ အိမ်ပေါ် ဧည့်ခန်းမှာ ဒုက္ခိတ ခွေးတစ်ကောင်ကို လူမြင် သူမြင်ထားရတာ ကျက်သရေ ယုတ်တယ်တဲ့၊ ဧည့်သည် ရောက်လာလို့မှ အမြင် မတော် ဖြစ်နေရတော့ မကောင်းပါဘူးဆိုပြီး ကားဂိုဒေါင်ထဲ ရွေ့လိုက်တာပဲ၊ ဆရာကလဲ သူ့မိန်းမ စိတ်ချမ်းသာအောင် နောက်ထပ် ခွေးကလေးတစ်ကောင် ဝယ်ပေးထားတယ်၊ တစ်ထောင့်ငါးရာတောင် ပေးရသတဲ့၊ ခွေးကိုလဲ အီးတီလို့ နာမည်ပေးထားတယ်”
• “ဪ-ရမ်ဘိုအစား နှလုံးသား အသစ်နဲ့ ချစ်ကြတော့မယ်ပေါ့”
• “ဒါပေါ့ ကိုဘညိုရယ်၊ ခွေးကနှစ်ကောင်တောင် ဖြစ်လာတော့ ခွေးစာရိတ် တက်လာတာကိုလဲ ချွေတာတဲ့ အနေနဲ့ရမ်ဘိုကို ထမင်းကျန် ဟင်းကျန်ပဲ ကျွေးရတော့တယ်၊ အီးတီကိုတော့ ငယ်သေးလို့တဲ့၊ ထမင်းနဲ့ ဘူးနို့ဆီ၊ ပုစွန်ခြောက်ရောနယ်ပြီး ကျွေးတယ်လေ၊ ရမ်ဘိုခမျာ သနားစရာပါ ကိုဘညိုရယ်၊ ပထမဆုံး တစ်နပ်က ရမ်ဘို မစားဘူး၊ စားခွက်ကို နမ်းကြည်ပြီး တအီအီ အော်ရင်း စားနေကျ အစာကို တောင်းတယ် ထင်ပါရဲ့။ ကျွန်မဖြင့် စိတ် မကောင်းလွန်းလို့ မျက်ရည်တောင် ကျမိတယ်။ နောက်တော့လဲ ရမ်ဘု စာလွန်းလို့ ထင်ပါရဲ့ စားရရှာတာပဲ”
• ကျွန်တော် သက်ပြင်း ချမိသည်။
• “အင်းလေ၊ သူ့ခမျာ ကောင်းကောင်းနေ၊ ကောင်းကောင်းစား လာပြီးမှ နန်းကျဘုရင် ဘဝမျိုး ရောက်လာရတော့ ဘယ်ဘဝက ဝဋ်ကြွေးများ ပါလာသလဲမှ မသိတာ၊ ဂရုတော့ စိုက်ပါ မတိုးရယ်၊ သူ့ခမျာ ဒုက္ခရောကနေ ရရှာတာ”
• “ကိုဘညိုရယ်၊ ကျွန်မ ဂရုစိုက်ပါတယ်၊ အရင်လို သူမစားရ မနေရတော့တဲ့ တိုင်အောင် ကျွန်မလဲ တတ်နိုင်သမျှ အစာရေစာ မပြတ်အောင် ကျွေးနေပါတယ်”
• ကျွန်တော် ခေါင်းတဆတ်ဆတ် ညိတ်ရင်း ပြန်လာခဲ့သည်။
• နောက်တွင်မတော့ ကျွန်တော်၏ မရှိမဲ့ ရှိမဲ့ လစာငွေ ကလေး ထဲမှ ကြည်ကြည် ဆိတ်နို့ဘီစကွတ်၊ ကျိုက္ကဆံ ဘီစကွတ် မုန့်ထုပ်ကလေးများ ဝယ်လာပြီး ရမ်ဘိုအား ကျွေးသည်။ ပထမတော့ ရမ်ဘိုမစား။ နမ်းကြည့်ရုံသာနမ်းပြီး ငြိမ်နေသည်။
• “အောင်မာ၊ ကိုယ်တော် လေး၊ ရှင်ပြုတုန်းက ရွှေထီး ဆောင်ခဲ့ရတာကို မေ့ပစ်လိုက်ပါတော့ ခင်ဗျာ၊ ဆရာရယ် သဒ္ဓါလန်အောင် မလုပ်ပါနဲ့။ မင်းစားဘူးတဲ့ ကိတ်မုန့်တို့ ဂိုလ်ဒင်းပတ်ဖ်တို့က ငါ့သား သမီးတွေကိုတောင် ဝယ်ကျွေး နိုင်တာ မဟုတ်ပါဘူး။ ဒါလေး တွေကိုတောင် မင်းကိုမို့ ဦးစားပေး ဝယ်ကျွေးတာ၊ ငါ့ကလေးတွေတောင် မှန်မှန် စားရတာ မဟုတ်ဘူး”
• ကျွန်တော့် စကားကိုပဲ နားလည်၍လားမသိ သူ့ဘသကိုပဲ နားလည်၍လားမသိ။ အနံခံပြီး လှည့်မကြည့်ပဲထားသော ဘီစကွတ်မုန့်များကို အားရပါးရ ဝါးစားနေတော့သည်။ နောက်ဖက်မှ လူသံကြား၍ ကျွန်တော်လှည့်ကြည့်သည်။
• “ဪ-ဆရာ”
• “ကိုဘညို၊ ဘာတွေလုုပ်နေလဲ”
• ဆရာက ကျွန်တော့် လုက်ထဲမှ ဘီစကွတ် မုန့်ချပ်များကို ကြည့်ပြီး ခေါင်းတဆတ်ဆတ် ညိတ်ရာက-
• သိပ်တော့ အရော မဝင်နဲ့ ကိုဘညို၊ ဒီကောင့်စိတ် သိပ်မှု မမှန်ချင်တော့ဘူး၊ ဖောက်ပြန်ချင်နေပုံ ရတယ်။ သခင်ကိုတောင် သခင်မှန်း မသိတော့ဘူး။ ဟိုနေ့ကဆို ကျုပ်ကို ခပ်စိမ်းစိမ်း ကြည့်ပြီး လှည့်ထွက်သွားတယ်။ သူ့အနား ရောက်သွားမိတော့လည်း မာန်ဖီပြီး ဟိန်းတယ်၊ ကျုပ်မိန်းမကိုဆို ပြန်တောင် ဟောင်တာဗျ။
• “တစ်နေ့ကလည်း အီးတီကို ကိုက်လိုက်တာ အသေရုံပဲ။ ကျုပ်လဲ ဒီကောင့်ကို ခပ်နာနာ ဆော်ပစ်လိုက်တယ်၊ မကောင်းဘူးဗျ၊ ဒီကောင် ရူးချင်နေပြီ ထင်တယ် သတိတော့ ထားပါဗျာ”
• ကျွန်တော် တရိုတသေ ခေါင်းညိတ်လျက်-
• “ဟုတ်ကဲ့ ဆရာ၊ ခုလို သတိပေးတာ ကျေးဇူး တင်ပါတယ်”
• အမှန်အားဖြင့် ရမ်ဘိုနှင့် ပတ်သက်သော အခြေအနေ အရပ်ရပ်ကို ကျွန်တော် ရိပ်စားမိသည်။ သူကသခင်များက သူ့အား အရင်ကလို အရေးမစိုက်တော့သည့် အဖြစ်။ အီးတီဆိုသော ခွေးကလေးက သူ့နေရာကို ဝင်၍ သူ့အခွင့်အရေးကောင်း အားလုံးကို မောင်ပိုင်စီး ဝင်ယူသွားသည့် အဖြစ်။ ဘယ်လောက်များ ရင်နာဖို့ ကောင်းလိုက်သလဲ”
• လူနှင့် အနီးစပ်ဆုံး ခံစားတတ်သော တိရစာ္ဆန် တစ်ကောင် အနေဖြင့် မည်သီု့ ခံစားရမည်ကို ကျွန်တော် နားလည် နိုင်ပါသည်။ အကယ်၍ ဆရာ ယူဆ သလိုသာ ရမ်ဘို ရူးသွပ် စိတ်ဖောက်ပြန်ခဲ့ရိုးမှန်လျှင် ကျွန်တော်နှင့် မတိုးကိုပါ ရန်မှုမည်မှာ ဧကန်ပင်။
• မည်သို့ပင် ဖြစ်စေ ဆရာတို့ လင်မယားရှေ့တွင်မတော့ ရမ်ဘို အကြောင်း အဆိုးအကောင်း လုံးဝ မပြောဘဲ ဆင်ခြင်ရပေတော့မည်။
• ပိတ်ရက်များနျင့် ဆုံပြီး တနင်္လာနေ့တွင့် ကျွန်တော် အလုပ်ပြန်ဆင်းသည်။ ထုံးစံ အတိုင်းကားဂိုဒေါင်သို့ ခပ်သွက်သွက် တန်းလာခဲ့သည်။ ဂိုဒေါင်ကို ဖွင့်သည်။ ရမ်ဘိုကိုမတွေ့။
• “ရမ်ဘို—ရမ်—ဘို”
• ကျွန်တော် အသံပေး အော်ခေါ်သောလည်း ခါတိုင်းလို တုန့်ပြန်သံ မကြားရ။
• “ရမ်ဘို—ရမ်—ဘို”
• ကျွန်တော်က ဂိုဒေါင်အနီး တစ်ဝိုက် ဟိုဟို သည်သည် လှည်ရှာသည်။ မတွေ့ပါ။
• မတိုးက ကျွန်တော့်ထံသို့ ခပ်သုတ်သုတ် လျှောက်လာသည်။
• “မတိုး-ရမ်ဘို၊ ရမ်ဘိုကော ဟင်”
• မတိုးက မျက်နှာ မသာမယာ၊ မျက်ရည်စများဖြင့်-
• “မရှိတော့ဘူး ကိုဘညို၊ ရမ်ဘို သေသွားပြီ”
• “ဟင်- သောကြာနေ့ကပဲ အကောင်းကြီး ရှိနေသေးတာ”
• မတိုးက မျက်ရည်စများကို သုတ်လျက်-
• “ဟုတ်တယ်- ကိုဘညို၊ သူတို့ သတ်ပစ်လိုက်ကြတယ် ထင်တာပဲ”
• “ ဟာ မဖြစ်နိုင်တာ”
• ကျွန်တော် အံ့အားသင့် သွားသည်။ ကိုယ့်နားကိုပင် ကိုယ်မယုံချင်တော့။ ဘယ်နှယ် မဖြစ်နိုင်တာဟာ။ သားသမီးလို မွေးလာပြီးမှ မေတ္တာပျက်သုဉ်း မုန်းပြီပဲ ထားဦးတော့၊ သည်မျှတော့ ရက်စက်အံ့ မထင်။
• “ဟုတ်မှ ဟုတ်ရဲ့လား မတိုးရယ်၊ ငါ နားကြားများ မှားရော့သလား”
• စနေနေ့က ရမ်ဘို ခြံထဲမှာ ဖင်တရွတ်တိုက်ဆွဲပြီး လျှောက်သွားနေတယ်၊ အီးတီနဲ့တွေ့တော့ အီးတီကစပြီး ရန်မှုတယ်။ သူအကောင်ငယ်တုန်းက သူခံခဲ့ရတာကို လက်စားချေတဲ့ သဘောပေါ့ရှင်။ ရမ်ဘိုကလဲ ကျားနာလို့ ဖြစ်နေတော့ ကျားနာခဲ ခဲတော့တာပေါ့၊ နှစ်ကောင်စလုံး အသေအကျေ ဆော်တာ၊ ဖျင်မရ ဟန့်မရနဲ့၊ နောက်ဆုံးဆရာက ကြက်မွေး တံမြက်စည်းနဲ့ ရမ်ဘိုကို လှိမ့်ရိုက်တယ်။ ရမ်ဘိုလည်း ကြက်မွေး တံမြက်စည်းကို ဖမ်းကိုက်၊ လက်ထဲက လွတ်သွားတာနဲ့ ဆရာ့ကိုပါ ပြေးကိုက်တော့တာပဲ။
• “ခြေသလုံကို ကိုက်မိသွားတယ်၊ ဆရာက ကြက်မွေး တံမြက်စည်း ပြန်ကောက်ရင်း လှိမ့်ရိုက်ပြီး အားမရသေးဘဲ တိရစာ္ဆန် ဆေးကု ဆရာဝန်ကို ဖုန်းဆက်ခေါ်တယ်၊ ဆရာဝန်က လာကြည့်ပြီး ခွေးကိုတော့ ရူးတယ်လို့ မသတ်မှတ်ပါဘူး၊ ဆရာက သတ်ခိုင်းတာကို မသတ်နိုင်ကြောင်း ငြင်းပြီး ပြန်သွားတယ်။ နောက် နှစ်နာရီ၊ အကြာလောက်မှာ ဆရာ ဂိုဒေါင်ထဲကို ဝင်သွားလိုက်တယ်၊ ဆရာ ပြန်ထွက်လာပြီး ကျွန်မ မသင်္ကာလို့ တစ်အောင့်အကြာမှာ တိတ်တိတ်ကလေး ခိုးပြီး သွားကြည့်တော့ ရမ်ဘို-”
• “တော်ပါတော့ မတိုးရယ်၊ ငါသိပါပြီိ၊ ရမ်ဘိုကို ရူးတယ် ဆိုပြီး သတ်ပစ်လိုက်တာ နေမှာပါ”
• ကျွတ်တော်သည် နိုင်ငံခြား ရုပ်ရုင်ထဲမှ ဆီးလ်ဗား စတားလုမ်း သရုပ်ဆောင်သည့် (RAMBO) ဇာတ်ကားများကို ပြန်လည် အမှတ်ရ မိသည်။
• စစ်ပွဲမှာ ဒဏ်ရာရပြီး ဒုက္ခရောက်ခဲ့ရပုံများ၊ စစ်၏ ကြေကွဲ ဖွယ်ရာ အနိဌာရုံများ၊ နောင်တွင် အနှိမ်ခံဘဝဖြင့် နာကြည်း ခံစားရမှုများအပေါ် သည်းခံနိုင်စွမ်း မရှိတော့သည့် အဆုံး မကျေနပ်မှုများ အဖြစ် ပေါက်ကွဲသည့်အခါ အရူးတစ်ယောက် ပမာ လူရမ်းကားကြီး ဖြစ်ခဲ့ရသော ရမ်ဘို။
• “အင်း-ပညက်သွားရာ ဓာတ်သက်မာျး ပါရော့လေသလား ရမ်ဘိုရယ်”
• “ကိုဘညို၊ ကျုပ် ရုံးသွားတော့မယ်”
• ဆရာ၏ ခေါ်သံကြောင့် ကျွန်တော် ဂိုဒေါင်ထဲမှ ကားကို ထုတ်၍ အိမ်ရှေ့ ဆင်ဝင် အောက်မှာ အသာထိုးရပ်လိုက်သည်။
• တစ်နေရာတွင် ကြိမ်ကုလား ထိုင်ကြီးတစ်လုံးပေါ်မှာတော့ အမွေးဖွားဖွား နိုင်ငံခြားမျိုး ခွေးလှလှကလေး တစ်ကောင်ကို တယုတယ ပွေ့လျက် ဆေးထည့်ဆေးလိမ်း လုပ်ပေးနေသော ဒေါ်ခင်မကြီး။
• မျက်နုှာ လွှဲလိုက်သည့်တိုင် မကြားချင်ဘဲ ကြားနေရသည်။
• “သားလေး အီးတီ ငြိမ်ငြိမ်နေစမ်း၊ မေမေ ဆေး ထည့်ပေးမယ်နော ၊ သား”
• ကားထိုင်ခုံမှာ အလိုက်သင့် ဝင်ထိုင်ကာ စတီယာရင် ဘီးခွေကို အဓိပ္ပာယ်မဲ့ လှည့်ကစားရင်း ရေရွတ်မိသည်ကတော့-
• “ရမ်ဘိုရယ်၊ တကယ်တမ်း စိတ်ဖောက်ပြန် ရူးသွပ်သွားတာက မင်း မဟုတ်ပါဘူးကွာ၊ ဒါကို ငါအသိဆုံးပါ ရမ်ဘိုရယ်၊ တစ်ကယ်တမ်းစိတ်မမှန် စိတ်ဖောက်ပြန် အပြောင်းအလွဲမြန်ကြတာက လူတွေပါ၊ မင်းတစ်ကောင် ကောင်းရာ သုဂတိ လားပါစေ”

One comment

  • Htoo

    July 30, 2010 at 10:31 am

    ဖတ်ရင်းနဲ့ငိုတောင်ငိုချင်တယ်ဗျာ။
    ကျွန်တော်တွေ့ဖူးတဲ့သူတွေဆို ဘာဖြစ်ဖြစ်ချစ်ကြတာပါပဲ။
    သူတို့တွေကဘယ်လို့ဖြစ်တာလဲတော့မသိတော့ဘူးဗျ။

Leave a Reply