ပလက်ဖောင်းပေါ်က အတွေးစများ

 

မြန်မာပြည်ပြန်ရောက်ပြီး သုံးရက်လောက်မှာ မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေများက လိုက်ပါပို့ဆောင်ပေးတဲ့ နေရာတွေကို သွားရင်း ပလက်ဖောင်းကိစ္စကို စပြီး သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ပလက်ဖောင်းပေါ်ကို ခြေမချရသေးတာကြောင့် အမြင်နဲ့ မရေးသင့်ဘူးထင်လို့ စာမရေးဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့ အနားယူမယ်ဆိုပြီး ချိန်းဆိုထားမှုတွေ မလုပ်ထားတာကြောင့် အေးအေဆေးဆေး ပတ်ဝန်းကျင်ကို လေ့လာခွင့်ရသွားခဲ့ပါတယ်။

 

ပထမဆုံးအနေနဲ့ နေထိုင်ရာဝန်းကျင်ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ပလက်ဖောင်းပေါ်ကို စတင်ခြေချဖြစ်ပါတယ်။ အဲဒီမှာတင် အင်မတန်ထူးဆန်းတဲ့ ကိစ္စတွေကို တွေ့ရတော့တာပါပဲ။ လူသွားစင်္ကြန်ဆိုတဲ့ ပလက်ဖောင်းပေါ်မှာ ကားတွေက အစီအရီ တက်ရပ်ထားကြပါတယ်။ တချို့နေရာများ ဆိုရင် ကားသုံးစီးကပ်ပြီးရပ်ထားတာကြောင့် လူက လမ်းမကြီးပေါ် လမ်ဒဆင်းလျှောက်ရပါတယ်။

 

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မီးစက်ကြီးများကလဲ ပလက်ဖောင်းနေရာကို အပြည့်အ၀ နေရာယူထားပါတယ်။ ဒီကြားထဲ ဆောက်လက်စ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကလဲ ပလက်ဖောင်းပေါ်က ဖြတ်သန်းသွားလာသူများရဲ့ လုံခြုံရေးအတွက် အကာအရံများ ထားရှိဖို့ နေနေသာသာ၊ သဲတွေ၊ ကျောက်တွေကိုတောင် ပလက်ဖောင်းပေါ် ပုံထားလိုက်ကြသေး။

 

လမ်းတဘက်ကနေ နောက်လမ်းတဘက်ကို မောင်းနေတဲ့ ကားတွေရှေ့ကနေ ကားနဲ့လူအပြိုင် လမ်းကူးနေကြတာတွေ တွေ့မြင်ရတာက ပိုပြီးတော့တောင် သည်းထိတ်ရင်ဖိုဖြစ်စရာ ကောင်းပါသေးတယ်။ လူကူးမျဉ်းကျားမှကူးပါ ဆိုတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတော့ ရှိပါရဲ့။ ဘယ်မှာလဲ။ လူကူးမျဉ်းကျားက။ ဟိုဘက်လမ်းထိပ်၊ ဒီဘက်လမ်းထိပ်က မီးပွိုင့်တွေမှာတော့ ကူးလို့ရပါတယ်။ ဒါပေမယ့် မိနစ်နှစ်ဆယ်ခန့် လျှောက်သွားမှ ရောက်နိုင်တာဆိုတော့ မည်သူက မီးပွိုင့်ထိ တခါလျှောက်၊ လမ်းကူး၊ တခါပြန်လျှောက်လာတဲ့ အလုပ်ကို လုပ်ပါမည်တဲ့လဲ။ လူကူးမျဉ်းကျားဆိုတာ တခုနဲ့တခု ကိုက်မည်မျှ အကွာအဝေးမှာ ထားရှိသင့်တယ်ဆိုတဲ့ Infrastructure စည်းမျဉ်းအတိုင်း ၀န်ဆောင်မှုပေးပြီးမှသာ စည်းကမ်းဆိုတာ မထုတ်သင့်ပေဘူးလား။

 

ဒီတော့ တွေးစရာတွေက ဖြစ်လာပါပြီ။ အုပ်ချုပ်မှုရေးရာ ၀န်ဆောင်မှုက မပြည့်စုံတာလား၊ လူတွေက စည်းကမ်းမလိုက်နာတာလား။ အန္တရာယ်ဖြစ်နိုင်ချေတွေ များနေပါရက်နဲ့ ဒါတွေကို မလျှော့ချပဲ အန္တရာယ်ကို ပညာပေးရုံနဲ့ အန္တရာယ် ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါမည်တဲ့လား။

 

ဒီလိုနဲ့ အတွေးစတွေနဲ့ လမ်းလျှောက်လာလိုက်တာ တီတီဆိုတဲ့ အနီးကပ်ကားဟွန်းတီးသံကြောင့် လန့်ပြီး ထခုန်လိုက်မိပါတယ်။ ကိုယ့်ခြေထောက်များ ကားလမ်းမပေါ်ရောက်နေလို့ ဟွန်းတီးခံရတာလားလို့ ပြန်ကြည့်မိတော့လဲ ခြေထောက်က ပလက်ဖောင်းပေါ်မှာပါ။ ကားချိုးကွေ့ဝင်ရတဲ့ လမ်းသွယ်၊ လမ်းဆုံလဲ မဟုတ်။ ဒါနဲ့ လှမ်းကြည့်မိတော့ ကားတစီး။ မြတ်စွာဘုရား။ ပလက်ဖောင်းဆိုတဲ့ လူသွားလမ်းပေါ်မှာ လမ်းလျှောက်နေတဲ့လူကို ကားက ဟွန်တီးပြီး လမ်းဖယ်ခိုင်းနေတာပါလား။ ဒါနဲ့ပဲ ကားက လူသွားလမ်းပေါ်တက်ရပ်ဖို့ လူက ကားလမ်းမပေါ် ဆင်းပေးလိုက်ရပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုပေမယ့် ဒီလိုဇာတ်မျိုးကို အပြည်ပြည်ဆိုင်ရာ ကြားလို့တောင် သင့်လျော်မှာ မဟုတ်။

 

ဒီဖြစ်ရပ်ကို အသိတယောက်ကို ရင်ဖွင့်တော့ အနောက်တိုင်းမျက်စိနဲ့ မကြည့်ပါနဲ့တဲ့။ ကျွန်မက အနောက်တိုင်းမျက်စိနဲ့ ကြည့်ပြီး ပြောနေခြင်း မဟုတ်ပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ဂျာမဏီ၊ ဆွီဒင်၊ ဆွစ်ဇာလန်နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲမြန်မာကို နှိုင်းယှဉ်ကြည့်ရလောက်အောင် ကျွန်မမှာ အသိဥာဏ်မခေါင်းပါးပါ။ ကျွန်မပြောနေရခြင်းက ပလက်ဖောင်းပေါ်က အများပြည်သူအတွက် ပြောခြင်းဖြစ်ပါတယ်။ ကားဆိုတာကလဲ အနောက်တိုင်းက စပြီး တီထွင်လိုက်တာ ဖြစ်ပါတယ်။ ပလက်ဖောင်းဆိုတာကလဲ အနောက်တိုင်းက စပြီးတီထွင်လိုက်တာဖြစ်ပါတယ်။ အနောက်တိုင်းက တီထွင်ခဲ့တဲ့ ကားကို စီနေကြပြီး၊ ပလက်ဖောင်းကျတော့မှ အနောက်တိုင်းနဲ့ မတူနိုင်ပါ ဆိုတာကတော့ ပလက်ဖောင်းပေါ် လမ်းလျှောက်သူတွေကို လျစ်လျူရှုရာ ရောက်ပါတယ်။

 

လူနဲ့ကား မည်သည်က တန်ဖိုးပိုကြီးပါသလဲ။ ဂုဏ်ပကာသန အဆိပ်တက်ပြီး၊ လူစိတ်ပျောက်နေသော လူမည်ကာမတ္တများမှ လွဲရင်၊ လူသားစစ်စစ်ဖြစ်သော မည်သူမဆို အခြားလူသားတယောက်ရဲ့ ဘ၀၊ လူ့ ဂုဏ်သိက္ခာကို တန်ဖိုးထားလေ့ရှိပါတယ်။ မြန်မာတပြည်လုံးက သန်းငါးဆယ်ကျော်သော လူတွေထဲမှာ ကိုယ်ပိုင်ကားစီးသူ လူဦးရေး၊ တက္ကစီစီးသော လူဦးရေက မည်မျှသော ရာခိုင်နှုန်း ရှိပါသတဲ့လဲ။ လမ်းလျှောက်သူတွေရဲ့ အရေးကို ဂရုမပြုပဲ၊ ကားစီးရေ များလာရုံ၊ လူဦးရေ ငါးရာခိုင်နှုန်းခန့် ကားစီးရုံနဲ့ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ပါမည်တဲ့လား။ လူအများရဲ့ လူနေမှုဘ၀ကို အေးချမ်းသာယာအောင် အုပ်ချုပ်ရေးဝန်ဆောင်မှု ပေးနိုင်မှသာ ကောင်းမွန်သောအုပ်ချပ်ရေး (Good Governance) ရှိပြီး တိုင်းပြည်တိုးတက်လာမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် လူဦးရေရဲ့ ရာခိုင်နှုန်းအများစုကို ကိုယ်စားပြုနေသူများ နေ့စဉ်လျှောက်လှမ်းနေကြရတဲ့ ပလက်ဖောင်းများ တိုးတက်ကောင်းမွန်လာဖို့ လိုအပ်ပါတယ်။ ကားလမ်းမပေါ်ကနေ ပလက်ဖောင်းကို မောင်ပိုင်တက်စီးထားကြသော ကားများ ရပ်နားဖို့အတွက် ရပ်တန့်ရန်နေရာများ ဖန်တီးပေးဖို့ လိုအပ်သလို၊ စည်းကမ်းမလိုက်နာပါက အရေးယူမှုများ ပြုလုပ်ဖို့လဲ လိုအပ်ပါတယ်။ ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းနိုင်မယ့် လူကူးမျဉ်းကျားများကို မြို့လယ်ခေါင်လမ်းများပေါ်မှာတင်မဟုတ်ပဲ၊ လူအများသွားလာလေ့ရှိတဲ့ လမ်းတိုင်းမှာ စနစ်တကျ ထားရှိပေးဖို့ လိုအပ်ပါတယ်။

 

အများပြည်သူဖြတ်သန်းသွားလာတဲ့ လမ်းမပေါ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အကာအရံ၊ တံတိုင်းများထားရှိစေပြီး အုတ်ပုံ၊ ကျောက်ပုံ၊ သဲပုံများကို လမ်းပေါ်ထားရှိခြင်းအား ထိန်းချုပ်ခြင်းဖြင့် လုပ်ငန်းခွင်အန္တရာယ်များ ပြည်သူလူထုအပေါ် မသက်ရောက်စေဖို့ ကာကွယ်ပေးရန် လိုအပ်ပါတယ်။

 

ဒီအကြံပြုချက်တွေဟာ အနောက်တိုင်း၊ အရှေ့တိုင်း မည်သည့်အတွေးအခေါ်ကိုမှ အခြေပြုထားတာမဟုတ်ပါ။ အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ ဘယ်နိုင်ငံက အစိုးရမဆို ပြည်သူလူထုအပေါ် ပေးအပ်ရမယ့် အုပ်ချုပ်ရေး ၀န်ဆောင်မှုများသာ ဖြစ်ပါတယ်။

 

ဒီလိုတွေ ပြောတဲ့အခါ အချို့က ဆိုလေ့ရှိပါတယ်။ အစိုးရက ၀န်ဆောင်မှုပေးတော့ကော ပြည်သူက တန်ဖိုးထားပြီး၊ လိုက်နာကျင့်သုံး၊ ထိန်းသိမ်းစောင့်ရှောက်ပါမည်တဲ့လား ဆိုတဲ့ အချက်ကိုပါ။ တိုင်းပြည်တိုင်းမှာ တရားဥပဒေစိုးမိုးမှု ဆိုတာကို ဆောင်ရွက်ရတဲ့ ယန္တရားတွေ ရှိပါတယ်။ ၀န်ဆောင်မှုပေးပြီးမှ မလိုက်နာ၊ မကျင့်သုံးလျှင်တော့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ လိုအပ်သလို ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ထမင်းပန်းကန်ကွဲမှာစိုးလို့ ထမင်းမကျွေးဘူးဆိုပြီး လုပ်လို့မှ မရသည်ပဲ။

 

မည်သို့ဆိုစေ၊ အများပြည်သူရဲ့ လူနေမှုဘ၀လုံခြုံရေး၊ တိုးတက်ရေးအတွက် ပလက်ဖောင်းများ စနစ်တကျ ပြုပြင်ထိန်းသိမ်းတည်ဆောက်ရေး၊ လူကူးမျဉ်းကျားများ ထားရှိရေး၊ လုပ်ငန်းခွင်အန္တရာယ် တိုက်ရိုက်ကျရောက်နိုင်မှုများကို ကာကွယ်ပေးတဲ့ လုပ်ငန်းစဉ်များကို မလွဲမသွေ လုပ်ဆောင်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

 

ခင်မမမျိုး (၄၊ ၇၊ ၂၀၁၃)

kai

About kai

Kai has written 922 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.