============================

============================

ဒီနေ့ အင်တာနက်ပေါ်မှာ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်းနဲ့ ဒီကဗျာလေး လာတွေ့လို့ …။

အဲ့ဒါ … မဖတ်ဖူးသူတွေအတွက် ပြန်ရှဲပါတယ်ပေါ့ ….။

စကားစပ်တုန်း ကျုပ်အကြောင်း ထည့်ပြောရရင် …

ကျုပ်က ရေနံချောင်းသား စစ်စစ်တော့ မဟုတ်ဘူး ….။

ရေနံချောင်းမြို့နယ် အနီးအနားက ပုစိညှောင့်တောက် ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ ….။

နေသာတဲ့ မနက်ခင်းတွေဆို …

ရွာမြောက်ဘက်ကနေ လှမ်းငေးကြည့်လိုက်ရင် ပုပ္ပါးတောင်ကြီးကို လှမ်းမြင်ရပါ့ဗျား ..။

ဆိုလိုချင်တာက … ကျုပ်က ရေနံချောင်းမြို့သား မဟုတ်ပေမယ့် …။

ရေနံချောင်း တောသား တစ်ယောက် ဖြစ်လေတော့ …။

ရေနံချောင်းနဲ့ ပတ်သက်တဲ့ ဒီကဗျာကို ရှဲတယ်ပေါ့ဗျာ …။

ဤကား … စကားပို ….။

============================

 

ရေနံချောင်း

ခေတ်အဆက်ဆက် ..
သူ့ရဲ့ကန္တာရရင်အုံထဲက နှလုံးသွေးကိုဖေါက်ထုတ်
စုပ်မြိုသောက်သုံးခြင်းခံထားရတဲ့ ငနဲ။

သူ့နှလုံးသွေးရဲ့ တန်ရာတန်ကြေးကိုထား
ခုတော့ … လူပေးသူပေး
ခေတ်ပေါ်ဝတ်စုံလေးတစ်ထည်ကိုတောင် ဝတ်ဆင်မထားနိုင်တဲ့ ငနဲ။
ဒီငနဲမှာ ကြယ်ငါးပွင့်ဆိုတာဝေလာဝေး၊
ရေကူးကန်ကောင်းကောင်းတစ်ခုကိုလည်း မပိုင်ဆိုင်သေးဘူး
ပန်းခြံစားသောက်ဆိုင်နဲ့ ခေတ်မီကစားကွင်းလည်းမရှိ
မှိုလိုပေါက်နေတဲ့ တောအရက်ဆိုင်တွေတော့ရှိတယ်။

ဒီငနဲပေါ့ …
ခြောက်ကပ်ကပ် အက်ကွဲကွဲသူ့ခန္ခာကိုယ်ကြီးထဲ
ဘိန်းပုန်းဆိုင်နဲ့ပချုပ်ဆိုင်တွေကိုလည်းသိသိကြီးနဲ့ဖွက်(ဝှက်)ထားရဲတာ။
ဒီငနဲ ဝမ်းဗိုက်သားထဲက၊ ဖေါက်ထွက်သွားတဲ့
(အဖာဖာအထေးထေးနဲ့) လက်ဟာ
ရန်ကုန်နဲ့ မန္တလေးကို ပွေ့ပိုက်၊ ထွေးပွေ့ခွင့် ရရုံသာ။
ဒါကိုပဲ ဂုဏ်ယူစွာနဲ့၊ ဟိုး ..တစ်ခါကရွှေထီးဆောင်းခဲ့တာကို
ကြွားဝါတတ်သေး။

တကယ့်တကယ်က
တစ်ချိန်က စည်ကားလှတဲ့ သဘောင်္ဆိပ်
သူ့ဆီက တိတ်တိတ်လေး၊ ထွက်ပြေးတာလည်းကြာပြီ
ဒါနဲ့တောင်မှ ရုပ်ရှင်ကားသစ်မျှော်သလို
ကုန်စည်စီးဆင်းမှု ၊ ချောမွေ့ဖို့တွေကို မျှော်လင့်နေတတ်သေး၊
လက်တွေ့မှာတော့ ..
သူ့ဆီ တစ်ခါတစ်ခါ လာလည်ဖေါ်ရသေးတဲ့
(ရှစ်ရာတန်) ပုဇွန်ထုတ်ကိုတောင် လန့်လန့်ပြီး
သွေးတက်သွားတတ်တတ်တဲ့ ငနဲပါ။

အထည်ကြီးပျက်၊ အဲဒီငနဲမှာ
လူရိုသေ၊ ရှင်ရိုသေ၊ ရာဇဝင်ဆိုတာတွေလည်း ရှိခဲ့ဖူးပေမယ့်
အဲဒီရာဇဝင်ထဲမှာပဲ
အိပ်ဆေးထိုးပေးထားခြင်း ခံလိုက်ရတဲ့ငနဲ။

ရာဇဝင်သစ်ထဲမှာ အခြားသူတွေ အားသစ်တွေနဲ့ နိုးထ
ပြီး .. တက်ကြွ၊ အံ့ချီးဖွယ်အဖြာဖြာ
သူတို့ကိုယ်မှာ အလုအယက်တပ်ဆင်ပြီးခါမှ
အိပ်မှုံစုံမွှားနဲ့ထ၊ ပတ်ဝန်းကျင်ကို ကယောင်ကတမ်းလှမ်းကြည့်ရရှာတဲ့ ငနဲပါ။

ခုတော့ ..
အတုမြင်အတတ်သင်ဆိုသလို
မြို့ကြီးပြကြီးသား ဟန်ဆောင်ချင်ပြန်တဲ့ငနဲလေ
ပလက်ဖေါင်း အကျိုးအပဲ့တွေကို ကျောပေါ်မှာထမ်း
အဝါရောင်မသမ်းတစ်သမ်း ဘတ်သီးကို လည်မှာဆင်လို့
နှစ်ဆယ့်တစ်ရာစုကို အမီလိုက်ချင်ပြန်ဆိုပဲ။

ဒါပေမယ့် အရာရာချွတ်ခြုံကျ
နောက်အကျကြီး ကျနေရှာတဲ့ ငနဲခမျာ
မရှိမဲ့ ရှိမဲ့ နှလုံးသွေးကို ဖေါက်ထုတ်ခံရင်း …
နှစ်ပေါင်းသုံးဆယ်ကျော်ကို လွမ်းမောတသရင်း ..
တံတောင်ဆစ်ကွေး ယဉ်ကျေးမှုညထဲက၊
ပန်းကုံးစွပ်ပွဲတွေကို မျှော်ငေးရင်း ..
နေ့ဖို့ညစာကို အလျင်မီအောင် ရှာဖွေလို့သာ
လောကဓံတရားရှစ်ပါးနဲ့ လိမ်းကြံထားတဲ့ ဥတုသုံးလီထဲ
အပူဒီဂရီ တစ်ရာ့လေးတဲ့
အဖျားသွေးဝင်နေခဲ့တာကြာပြီ။

================
By – တွတ်တွတ်မောင်
Source : Yenangyaung.Wordpress.Com/
================

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။