“မရည်ရွယ်သော်လည်း”

etoneJuly 30, 20101min732

“မရည်ရွယ်သော်လည်း”
တနေ့ ကျွန်မ ဈေးကအပြန် အိမ်ထဲကိုအဝင်မှာ ကျွန်မရဲ့ သမီးလေးကို အိတ်နဲ့
တိုက်မိသလိုဖြစ်သွားတော့ သူက ကျွန်မကို  “မေမေ့အိတ်ကြီးက သမီးကို
လာခိုက်မိတယ်” လို့ အော်တယ် ။

အဲ့ဒါနဲ့ ကျွန်မလဲ  “မတော်တဆဖြစ်သွားတာပဲ သမီးရယ်၊ ဘာလို့ အဲ့လောက်ဖြစ်ရတာလဲ”
လို့ ပြန်ပြောတော့ သူက ဒီလိုထပ်ပြောပြန်တယ် ။
“ မတော်တဆပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မေမေ့အိတ်နဲ့ သမီးကို ရိုက်မိတာက
ရိုက်မိတာပဲ ။ နာတယ်  ..မေမေသိရဲ့လား”  တဲ့ ။
ကျွန်မလဲ “မရည်ရွယ်ပဲဖြစ်သွားတာလို့ မေမေပြောပြီးပြီလေ ဟန်နီ ။
ဘာမှမဟုတ်တာလေးနဲ့ ဒီလောက်ဖြစ်မနေနဲ့”  လို့ ပြန်ပြောမိတယ် ။

ပြောပြီးမှ ကျွန်မမှားသွားပြီဆိုတာ ချက်ချင်းသိလိုက်တယ် ။ မဟုတ်ဘူး ။
မတော်တဆပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သမီးလေး နာသွားတယ် ။ အဲ့ဒါနဲ့ ကျွန်မလဲ
ကျွန်မဝယ်လာတဲ့ ပစ္စည်းတွေ အောက်ကိုချပြီး ကျွန်မအိတ်နဲ့ ခိုက်မိသွားလို့
နီနေတဲ့ သူ့နဖူးလေးကို ဖွဖွလေးနမ်းပြီး သူ့ကို ညင်ညင်သာသာလေး ဖက်ထားလိုက်တယ်

နှုတ်ကနေလဲ  “ပျောက်ပြီနော် သမီး ။ မေမေ ဥုံဖွ မန်းလိုက်ပြီ  ..” လို့
ပြောလိုက်တော့ သူ ဘာမှ ထပ်မပြောတော့ဘူး ။

တခါတခါ ကိုယ့်ကြောင့် တပါးသူမှာဖြစ်သွားတဲ့ ထိခိုက်နာကျင်မှုတွေ၊
စိတ်အနာတရဖြစ်မှုတွေကို   “မဟုတ်ဘူး၊ မရည်ရွယ်ဘူး၊ မတော်တဆဖြစ်သွားတာ” လို့
ငြင်းခုန်ပြောဆိုနေမဲ့အစား သူတို့ရဲ့ နာကျင်မှုကို အသိအမှတ်ပြုပြီး
နွေးထွေးကြင်နာစွာ တုံ့ပြန်ပါ ။ သင့်ရဲ့ အသိအမှတ်ပြုတဲ့ ကြင်နာမှုလေးတစ်ခုက
အချေအတင်စကားတစ်ခွန်းထက် ပိုပြီး ထိရောက်စေပါတယ် ။

2 comments

  • kopauk mandalay

    July 30, 2010 at 12:13 pm

    ကျနော်တို့ အမူ့မဲ့အမှတ်မဲ့သတိမထားမိတာလေးကိုထောက်ပြတဲ့အတွက် ကျေးဇူးပါ။

  • saddyangel.9

    July 30, 2010 at 2:40 pm

    သတိပေးလိုက်သလိုပါပဲ..ကျေးဇူးတင်ပါတယ်

Leave a Reply