အမေ့မေတ္တာကို ဖော်ကြူးပေးတဲ.ဇာတ်လမ်းလေးပါ

etoneJuly 30, 20102min721
အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း
လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်နေတဲ့ နံရံကပ်
နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ
မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့ ခုမှ
နှိုးတာလဲ..နောက်ကျကုန်ပြီ…စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး
အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ဒုန်းခနဲ မြည်အောင်ဆောင့်
ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။
အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင်
ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။
“သမီး~~တောင်းပန်ပါတယ်ကွယ်…အမေ သိပ်နေမကောင်းလို့ပါ။ “
ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့…
“ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ “
ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့်
“နောက်ကျမှ နှိုုးမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး……ဒီမှာ သမီးအတွက်
ထမင်းဘူး ယူသွားဦးနော်။ “
ကျွန်မက ကျောင်းကလည်းနောက်ကျ စိတ်ကလည်းတိုနေတော့ အမေ လှမ်းပေးတဲ့
ထမင်းဘူးကို ကြမ်းပြင်ပေါ်ကို ပစ်ချပြီး တော်ပြီ..မစားတော့ဘူး..ကျောင်းဘဲ
သွားတော့မယ် ..ဆိုပြီး ကျွန်မ အိမ်မှ ထွက်လာခဲ့ပါတယ်။ အမေ့ကို
ဂရုမစိုက်ဘဲ ကျွန်မ ကျောင်းသွားမယ့် လမ်းကို ပြေးထွက်လာရင်း နောက်ကို
တချက် ပြန်ကြည့်လိုက်တော့ အမေဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ကျွန်မ ပစ်ချခဲ့တဲ့
ထမင်းဘူးကို ပြန်လည် ကောက်ယူနေတာကို တွေ့ရပါတယ်။ အမေ့မျက်နှာက တကယ်ဘဲ
ဖြူစွတ်နေတာကိုလည်း တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေက အမြဲတမ်း
ဖျားနာနေကျမို့ ကျွန်မလည်း သိပ် စိတ်မပူဘဲ ကျောင်းသို့သာ ဦးတည်ပြီး
သွားခဲ့ပါတော့တယ်။
ကျောင်းစတတ်တဲ့ အချိန်မှာ သတင်းတစ်ခုကို သိရပါတယ်။ ဒီအပတ် စနေနေ့ကို
လေ့လာရေးခရီး ထွက်ရပါမယ်တဲ့။ ကျွန်မလည်း အရမ်းကို သွားချင်ခဲ့ပါတယ်။
သူငယ်ချင်းများနဲ့လည်း အတူတူ လျှောက်လည်ချင်သလို ဆင်းရဲခြင်းဆိုတာကိုလည်း
တခဏလောက် မေ့ထားချင်ပါတယ်။ နောက်တခုက အမြဲတမ်း အိပ်ယာထဲ လဲနေတဲ့ အမေ့ကို
လည်း ခဏလောက် မေ့ထားပြီး သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင်
ဆော့ကစားချင်ပါတယ်။ ညနေ ကျောင်းဆင်းလို့ အိမ်ကို ပြန်ရောက်တော့ အမေ့ကို
ထုံးစံအတိုင်း အိပ်ယာထဲမှာ လှဲနေတာကို မြင်ရပါတယ်။ အမေ့ကို မြင်တာနဲ့
စိတ်ထဲမှာ မကြေနပ်ချက်တွေ ပေါ်လာတော့တာပါဘဲ။ အမေကတော့ ကျောင်းကပြန်လာတဲ့
ကျွန်မကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး သမီးလေး….ပြန်လာပြီလား
လို့မေးပါတယ်။ အမေက မေးတာကို ပြန်မဖြေဘဲ
“အမေ…ဒီအပတ် စနေနေ့ ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးထွက်တာ
သမီးလည်း လိုက်ချင်တယ်…. ပို့ပေးနော်။ “
“ဟင်..လေ့လာရေးခရီး…ဟုတ်လား သမီး…ဘယ်လောက်ကုန်မှာတဲ့လဲကွယ်။ “
အမေက ကုန်ကျစရိတ်ကို အရင်မေးတယ်။ ကျွန်မလည်း ကျွန်မတို့ မိသားစု
အခြေအနေကြောင့် သွားရကောင်းမလား မသွားရကောင်းမလား ဝေခွဲမရ ဖြစ်နေပြီးမှ ၈
သောင်းပါ..အမေ လို့ ပြန်ဖြေခဲ့တယ်။ (မှတ်ချက်။ကိုရီးယားနိုင်ငံသည်
ငွေကြေးဖောင်းပွသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။) ကျွန်မအဖြေကို ကြားတော့
ကျွန်မအမေက ၈…၈သောင်းကြီးများတောင် ဟု ပြန်၍မေးသည်။ ကျွန်မက အမေ့ကို
အသံကျယ်ကြီးနှင့် ဘာလဲ…၈သောင်းတောင် မရှိဘူးလား ဟူ၍ ပြန်မေးလိုက်ပါတယ်။
ကျွန်မ ဒီလို ဆင်းရဲတာမျိုးကို အရမ်းမုန်းပါတယ်။ လူတန်းစေ့ မနေနိုင်တဲ့
ကျွန်မဘဝကို စဉ်းစားမိတိုင်း စိတ်ပျက်အားငယ်မိပါတယ်။ အမေ့ကိုလည်း
မုန်းတယ်။ ကျွန်မရဲ့ မိသားစုဝင်ဟာ အမေတစ်ယောက်တည်းသာ ရှိတယ်ဆိုတဲ့
အမှန်တရားကိုလည်း မုန်းမိပါတယ်။ အမေက ခဏတာ သက်ပြင်းချပြီး စောင်အောက်ကနေ
ဘဏ်စာအုပ်တစ်ခုကို ထုတ်ပေးပါတယ်။ ဒီမှာ အမေ တစ်ပြားနှစ်ပြား စုထားတဲ့
ငွေလေးတွေ….ဒီထဲကနေ ၈သောင်းထုတ်ပြီးသွားချေ။ ကျွန်မမွေးကတည်းကစပြီး
ပထမဆုံးအကြိမ် မြင်ဘူးတဲ့ ဘဏ်စာအုပ်ကို ကြည့်ပြီး ကျေနပ်စွာ
ပြုံးလိုက်ပါတယ်။ ပြီးတော့ အမေ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့
စကားတစ်ခွန်းတောင် မပြောဘဲ မြို့ထဲမှာ ရှိတဲ့ ဘဏ်ကို အပြေးလေး
သွားခဲ့ပါတယ်။
ဘဏ်စာအုပ်ကို ဖြန့်ကြည့်လိုက်တော့ ၁ဝသိန်းရှိနေတာကို တွေ့လိုက်ရပါတယ်။
ကျွန်မအတွက်ကတော့ အရမ်းကို ပမာဏများတဲ့ ငွေပါဘဲ။ ဒီအချိန်အထိ ဒီငွေတွေကို
ဘာလို့ မသုံးတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အမေ့ကို နည်းနည်း
အမြင်ကတ်မိလိုက်ပါသေးတယ်။ ပြီးတော့ လေ့လာရေးခရီးအတွက်
၈သောင်းထုတ်လိုက်ပါတယ်။ ဘဏ်ထဲမှာ ၉သိန်း၂သောင်းကျန်ပါသေးတယ်။
၉သိန်း၂သောင်းတောင် ရှိတာ ထပ်ထုတ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့
အတွေးဝင်လာခဲ့ပါတယ်။ ခုခေတ်က လူတိုင်း လက်ကိုင်ဖုန်းကိုင်နေတဲ့
ခေတ်ဖြစ်ပေမယ့် ကျွန်မမှာ လက်ကိုင်ဖုန်းမရှိတာကို သတိရမိတာနဲ့
လက်ကိုင်ဖုန်းကောင်းကောင်း တစ်ခု ဝယ်ဘို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့
ဘဏ်ထဲကနေ နောက်ထပ် ၄သိန်း ထုတ်လိုက်ပါတယ်။ အနီးအနားမှာ ရှိတဲ့
လက်ကိုင်ဖုန်းအရောင်းဆိုင်ကို သွားပြီး နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတစ်ခု
ဝယ်လိုက်တယ်။ ပျော်လိုက်တာလေ..ကျွန်မဘဝမှာ တခါမှ မရဘူးတဲ့
ပျော်ရွှင်မှုမျိုးကို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါနဲ့ ဖုန်းအသစ်ကလေးကို
ကိုင်ပြီး မြို့ထဲကို လျှောက်လည်နေခဲ့မိတယ်။ အဲဒီမှာ အရောင်အသွေးတွေကလည်း
စုံ၊ ဒီဇိုင်းတွေကလည်း မိုက်တဲ့ အဝတ်အစားလှလှလေးတွေကို မြင်တော့ ကျွန်မ
ဝယ်ချင်ပြန်ရော။ ဒါနဲ့ ဘဏ်ကို နောက်တစ်ခါ ထပ်သွားပြီး
၂သိန်းထပ်ထုတ်လိုက်တယ်။ အင်္ကျီတွေအများကြီး ဝယ်လိုက်တယ်။ တထည်ပြီး တထည်
စမ်းဝတ်လိုက် မှန်ကြည့်လိုက်နဲ့ အရမ်းကို ကျေနပ်နေခဲ့တယ်။
မှန်ကြည့်နေရင်းက သဘောမကျစရာတစ်ခု မျက်စိထဲကို ဝင်လာတယ်။ အဲဒါကတော့ အမေ
ညှပ်ပေးတဲ့ ဆံပင်ပုံစံကြီးပါဘဲ။ တောဆန်ပြီး ပုံတုန်းလိုက်တာ လွန်ရော။
ဒီဆံပင်ပုံစံကို ပြောင်းဘို့ ဆုံးဖြတ်လိုက်တယ်။ နောက်တခေါက် ဘဏ်ကို
သွားတယ်။ ၅သောင်းထပ်ပြီး ထုတ်လိုက်တယ်။ ဆံပင်ပုံစံ လှလှလေး ညှပ်တယ်။
ကဲ…အားလုံး အိုကေပြီ။ စနေနေ့ လေ့လာရေး ခရီးထွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ
ဝယ်ဘို့သာ လိုအပ်တော့တာမို့ ကျွန်မ ဘဏ်ထဲမှာ ကျန်တဲ့ ငွေတွေနဲ့
လိုအပ်တာတွေအားလုံးကို စွတ်ဝယ်ခဲ့ပါတယ်။ အားလုံးဝယ်ပြီးတော့ ၉သောင်းသာ
ကျန်ပါတော့တယ်။ ကျွန်မလည်း သူများနည်းတူ ဝတ်နိုင်စားနိုင်ပြီမို့
အတိုင်းထက်အလွန် ဝမ်းသာနေခဲ့မိပါတယ်။ ကျွန်မကြိုက်တာတွေအားလုံး
လုပ်ပြီးပြီဖြစ်၍ စိတ်ပျက်စရာကောင်းသော အိမ်သို့ ခြေလှမ်းခဲ့ပါတယ်။
အိမ်ရောက်တော့ အမေအိပ်နေတာကို တွေ့လိုက်ရတယ်။ အဟွန်း..အဟွန်း ကျွန်မ
တမင်တကာ အသံပြုလိုက်ပါတယ်။ ကျွန်မအသံကို ကြားတော့ အမေ နိုးလာတယ်။
ကျွန်မလည်း အမေ့ကို ဘဏ်စာအုပ်လေး ပြန်ပေးလိုက်တော့ အမေက ဘဏ်ထဲ
ငွေဘယ်လောက်ကျန်သည်ကိုပင် ကြည့်မနေဘဲ ဘဏ်စာအုပ်လေးကို စောင်အောက်ထဲ
ထိုးထည့်ထားလိုက်ပါတယ်။ ဒါနဲ့ဘဲ စောင့်မျှော်နေခဲ့တဲ့ စနေနေ့ကို
ရောက်လာခဲ့ပါတယ်။ လှလှပပ သားသားနားနား ဝတ်စားသွားတဲ့ကျွန်မကို
သူငယ်ချင်းတွေက အားကျနေတာကို မြင်ပြီး ကျွန်မ ကျေနပ်နေမိပါတယ်။
၂ညအိပ်၃ရက်ခရီးကို သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။
ဒီရက်ပိုင်းတွေမှာတော့ ဆင်းရဲခြင်းနဲ့ အမြဲတမ်းမမာနေသော အမေ့ကို ခဏတာ
မေ့ထားနိုင်ခဲ့ပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပေါ့။
ခုတော့ ၂ညအိပ် ၃ရက်ခရီးဟာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို ပျော်စရာကောင်းတဲ့
အချိန်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ထပ်မံပြီး
စိတ်ပျက်စိတ်ညစ်စရာကောင်းသော အိမ်ကို ပြန်ရအုံးမှာပါလားဆိုတဲ့ အတွေးနဲ့
ကျွန်မ ခြေလှမ်းတွေ လေးနေခဲ့ပါတယ်။ ခြေလှမ်းလေးလေးနဲ့ဘဲ အိမ်ကို
ပြန်လာခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကျွန်မက အမေ…သမီး ပြန်လာပြီ။
ဟု အော်ပြောလိုက်တယ်။ ဒါပေမယ့် အိမ်ကြီးဟာ
ထူးဆန်းအံ့ဩစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါနဲ့ ထပ်ပြီး
အမေ..သမီး ပြန်လာပါပြီဆိုနေမှ ဟူ၍ ထပ်မံ အော်လိုက်တယ်။ ဒါလည်း ဘာအသံမှ
မကြားတာနဲ့ ကျွန်မ တော်တော် စိတ်တိုသွားတယ်။ စိတ်တိုတိုနဲ့
အိပ်ခန်းတံခါးကို ဒုန်းခနဲ မြည်အောင် စောင့် ဖွင့်လိုက်တော့ အမေက
အိပ်ယာထဲမှာ လှဲနေတာကို တွေ့လိုက်ရပါတယ်။ အမြဲတမ်း ကျွန်မ ပြန်လာလျှင်
ပြုံးပြီး ကြိုတတ်တဲ့ အမေက ယခု ကျွန်မ ပြန်လာတာကို ဘာစကားမှ
ပြန်မပြောခဲ့ပေ။ ကျွန်မ ပိုက်ဆံတွေအများကြီး သုံးခဲ့လို့ အမေ
စိတ်ဆိုးနေတယ် အထင်နှင့် အမေ့ကို လှုပ်နှိုးလိုက်တဲ့ အခါမှာတော့ အမေ့
တစ်ကိုယ်လုံး အေးစက်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေထဲမှာ
ခန်းခြောက်ခဲ့ပြီ ဖြစ်တဲ့ မျက်ရည်တွေဟာ ထူဆန်းစွာဘဲ ကျဆင်းလာခဲ့သလို
ကျွန်မရဲ့ နှလုံးသားတွေဟာလည်း ရပ်တန့်သွားမတတ် လန့်သွားခဲ့ပါတယ်။ ကျွန်မ
ဒီလောက်မုန်းခဲ့တဲ့ အမေ အေးစက်နေတာကို တွေ့လိုက်တော့ ကျွန်မ အရမ်းကို
ဝမ်းနည်းခဲ့ရပါတယ်။ ယုံလည်း မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါနဲ့ အမေ့ကို
အတင်း လှုပ်၍သာ နှိုးနေခဲ့မိပါတယ်။ ဒါပေမယ့် အမေဟာ ကျွန်မ ဘယ်လောက်ဘဲ
နှိုးနှိုး နိုးထမလာခဲ့တော့ပါဘူး။ ဒါနဲ့ စောင်ထဲက ဘဏ်စာအုပ်ကို ယူပြီး အမေ့
မျက်စိနားကို ကပ်ကာ အမေ…သမီး နောက်ကို ဒီလို မလုပ်တော့ပါဘူး
….ဒီလိုဘယ်တော့မှ မလုပ်တော့ပါဘူး…မျက်စိလေး ဖွင့်ကြည့်ပါ
အမေရယ်….ဆိုပြီး ကျွန်မ အော်ဟစ်ငိုနေခဲ့မိပါတယ်။ ဒီအချိန်မှာဘဲ
ဘဏ်စာအုပ်ထဲက တစုံတခု ထွက်ကျလာတာကို မြင်လိုက်ပါတယ်။ အဲဒါကတော့ အမေ့ရဲ့
နောက်ဆုံးစာပါဘဲ။ ကျွန်မ မရဲတရဲနဲ့ ဖြန့်ကြည့်မိပါတယ်။
သို့
အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်
သမီးလေး…အမေ့ကို မုန်းတယ်မလားဟင်…
ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး….
အမေတောင်းပန်ပါတယ် သမီးလေးရယ်…အမေ တောင်းပန်ပါတယ်…
ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ…
ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး…
အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ
စိတ်မကောင်းပါဘူး သမီးလေးရယ်…
အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ…
တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့…ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က
နည်းတာမဟုတ်ဘူးလေ….
ဒါနဲ့ အမေ စဉ်းစားလိုက်တယ်… အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး
ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့
ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့်
ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။
ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို
ကျေးဇူးတင်ပါတယ်…
အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး….
အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု
ထွက်လာလိမ့်မယ်…အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။
သိန်း၂၀ဝလောက်ရှိမယ်…
ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့…
သမီးလေးကို အမြဲတမ်းချစ်နေမယ့် အမေ
ဒီစာကို ဖတ်ပြီးတဲ့ အခါမှာ ကျွန်မကိုယ် ကျွန်မ မုန်းတီး
စက်ဆုတ်လာမိပါတယ်။ အမေ့ကို မုန်းခဲ့တာထက် အဆ၁ထောင် ၁သောင်းမက
ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။ သမီး သုံးခဲ့တဲ့ ငွေတွေက
ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာလို စောစောက မပြောခဲ့တာလဲ။ သမီးလို
အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင် ချစ်ရလား။ နောက်ဆို
ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း မကြားနိုင်တော့ဘူး။ အမေ
ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစားနိုင်တော့ဘူး။ အိပ်ယာထဲမှာ လှဲနေတဲ့
အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ကျွန်မ ရူးမတတ်
ဝမ်းနည်းခံစားနေရပါတယ်။ အမေရယ် နောင်ဘဝဆိုတာရှိခဲ့ရင် သမီး အမေနဲ့
ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာတွေကိုလည်း
ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင်
ငိုပြီးမှ အမေ့ကို တစ်ခါမှ မပြောဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့
သတိရခဲ့ပါတယ်။ သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
“အမေ…..သမီးလည်း အမေ့ကို အရမ်းချစ်ပါတယ်။ “
အမေနဲ့ ကတောက်ကဆ ဖြစ်တဲ့ အခါမှာဘဲ ဖြစ်ဖြစ်၊ အမေ့ကို စိတ်ဆိုးမိတဲ့
အခါမှာ ဘဲ ဖြစ်ဖြစ်၊ အမေ့ကို နာကြည်းမိတဲ့ အခါမှာ ဒီစာလေးကို
ပြန်သတိရပြီး စိတ်ထားလေးတွေကို ပြောင်းနိုင်ကြပါစေ။ အမေတွေအားလုံးဟာ
ကိုယ့်သားသမီးကို အသက်နဲ့ရင်းပြီး ချစ်ခင်တယ်ဆိုတာကို
သတိရစေဘို့ဖော်ပြပေးလိုက်ပါတဲ့ ကိုရီးယား ဝထ္ထုတိုလေး တစ်ပုဒ်ဖြစ်ပါတယ်။

One comment

  • fatty

    July 30, 2010 at 3:02 pm

    ရည်ရွယ်ချက်ကလေးကောင်းပါတယ်ဗျာ။ ကိုယ်တိုင်ရေးတာလေးတွေလဲဖတ်ချင်ပါတယ်။ စောင့်မျှော်လျှက်ပါ။ အထူးသဖြင့်ဒီလိုအမေ့မေတ္တာဖေါ်ကျူးတဲ့စာစုလေးမျိုးပိုဖတ်ချင်ပါတယ်။

Leave a Reply