အလို King အလင်းကို

fat cats

မြတ်စွာဘုရား မှာခဲ့တယ်၊ အရာခပ်သိမ်း ဒုက္ခတဲ့… အဲဒါ အတော်ဟုတ်သဗျ..။ ဒုက္ခ လက္ခဏာ၊ ဒုက္ခ သစ္စာ ရယ်လို့ တရားတော် အထင်အရှား ဆိုထားပေမဲ့ တကယ်လိုက်နာနိုင် အတော်ရှားတယ်။ ဘာလို့လဲ ဒုက္ခကို ဒုက္ခမှန်း မသိလို့ ဟိုဟာ၊ဒီဟာ ငါ၊သူ စွဲငင်နေကြတာပေါ့ဗျာ။ ဓမ္မအနှစ်ကို အောက်နှစ်မဂ်မှာ တကယ်မသိသေး၊ အထက်မဂ်ရောက်မှ ခံစားသိနိုင်တယ်လို့ သဲအင်းဂူ ဆရာတော်ကြီး ပြောခဲ့တယ်။ အတ္တကနေ အသေအချာ ကျပ်ပြည့် မလွတ်သေးတော့ ဆင်းရဲခြင်းဒဏ် ငါခံနေရတဲ့ သဘောပါ။

အာရုံငါးပါး အဟုတ်ထင်တော့ လောကီ နှစ်ခြိုက် ပျော်မွေ့တယ်၊ လောကုတ္တရာ လုပ်ပြန်လည်း ဒုက္ခအာရုံကိုပဲ ဖက်တွယ် ရှုမှတ်တယ်။ ဘုရားက ဒုက္ခလို့ ပြောခဲ့တာ ရုပ်နာမ်ဖြစ်တိုင်း ငြီးငွေ့ပြီး စွန့်လွှတ်ရကောင်းမှန်းသိဖို့၊ ဒါပေမဲ့ဗျာ ဒီဟာ၊ဟိုဟာ သတ်မှတ်ရင်း ပညတ်ဒုက္ခတွေ ပွားလိုက်ကြတယ်။ ပရမတ် သက်သက်လေးကနေ ပညတ်သုညတ၊ အဲဒီကနေ ရုပ်နာမ်….ကနေ စိတ်စေတသိက်…ကုသိုလ် အကုသိုလ်… ဘာမှ မရှိရာကနေ ကိုင်းခက်ရွက် ရှုပ်ထွေးပွေလီတဲ့ အပင်ကြီး ဘဝရောက်၊ တောအုပ်ကြီး ဖြစ်လာတယ်။ မူလ စွန့်လွှတ်ဖို့ကနေ ဖြည့်တင်းလာလိုက်တာ အလို မဆုံးတော့ဘူး။ မလိုမှ ပြည့်တဲ့ ဓမ္မဂုဏ်သတ္တိ ပျက်ယွင်းရတယ်။ တခုခုအဖြစ် သိနေတာ လိုချင်၊ မလိုချင်ခြင်းကို လိုချင်နေလို့ဗျို့…။

ဘာသာခြား ဓမ္မဆရာတယောက်က ဗုဒ္ဓဘာသာ ကောင်းတော့ကောင်းပါရဲ့ ဒါပေမဲ့ အပျက်ပြောလွန်းတယ် ဝေဖန်တယ်။ ဂါထာပေးတေးဖြစ်.. ပရမတ်ကို ပညတ်ပြုတော့ အမှန်က မမှန်၊ အမှားဖြစ်တယ်။ စိတ်သာရှင်စော ဘုရားဟော ရှိထားတာမို့ လောကီလောကုတ် နှစ်မျိုးစလုံး သုံးလို့ရတယ်။ အရာရာအားလုံးသည် စိတ်ကြောင့် ဖြစ်နေတာ မဟုတ်လား..။ ကိုယ်စိတ်နှစ်ပါး ဟန်ချက်ညီညီ ထိန်းကျောင်းခြင်းကို ကမ္မဌာန်း ရှုမှတ်မှုက ဆောင်ကြဉ်းပေးတယ်။ သံသရာ ဘဝဇာတ် ချုပ်ငြိမ်းဖို့ကတော့ ရုပ်နာမ်နှစ်ပါးစလုံး ငြီးငွေ့တဲ့ ညဏ်ဖြစ်ရမယ်။

သဘာဝဓမ္မ ဆရာတော် ဦးဥတ္တမသာရ တရားတွေမှာ အဲဒါကိုပဲ ဇောင်းပေးညွှန်ပြတယ်။ နားလည်သလို ရှိပေမဲ့ အသိနောက် အကျင့် မလိုက်နိုင်ဘူး။ (ဝိဇ္ဇာစရဏ သမ္ပန္နော ဘုရားဂုဏ်တော်ကို ကြည်ညိုကြပါ) ကိလေသာ နှိပ်စက်တိုင်း မဟုတ်မှန်း သိလျက် စိတ်အလို လိုက်ရတာ ဘယ်လောက် ခံပြင်းဖို့ ကောင်းလိုက်သလဲ။ သိလေ အားမရလေ.. ခံရလေပါ… အရာရာတိုင်း ဒုက္ခလေဗျာ..။ ကောင်းတာ သာယာမိပြန်တော့ ဒုက္ခ၊ သိပေမဲ့ ရုန်း မထွက်နိုင်တော့ ဒုက္ခ၊ ဆင်းရဲ ခံရတော့ ဒုက္ခ၊ အားစိုက်ရုန်းနေတော့ ဒုက္ခ ဘာတခုမှ မလွတ်ဗျို့။ သာသနာပမှာ ဈာန်ကုသိုလ်နဲ့ လွတ်လမ်းရှာတယ်။ ဒုက္ခမှလွတ်ရာ အာရုံစူးစိုက် သမာဓိယူ ငြိမ်းအေးတယ်။ အကုသိုလ်ကို ဈာန်ချမ်းသာနဲ့ လောင်မြိုက်ပစ်တယ်။ သမထကုသိုလ် မြဲပြီထင်တယ်။ ဘုရားပွင့်တော့မှ ကုသိုလ်၊အကုသိုလ် မမြဲဟေ့၊ ဆင်းရဲဟေ့၊ တကယ်မဟုတ်ဟေ့လို့ သိခွင့်ရတာ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာပြည်က ဆရာတော်တပါး ကြွလာတော့ တရား တရက် သွားထိုင်ဖြစ်တယ်။ အများသိတဲ့ ရှုမှတ်ခြင်းမျိုး ဆင်ခြင်မနေဘဲ မညှိတွယ်နဲ့၊ မလိုချင်နဲ့၊ ဖက်တွယ်မထားနဲ့လို့ အာရုံပေါ်သမျှ ဘာလာလာ ပယ်တယ်။ စိတ္တာသတိပဌာန် ပြောရမယ်တူတယ် (စိတ္တာနုပဿနာက မဖြစ်ပေါ်တော့တဲ့ စိတ်ကို ဖြစ်အုံးမလား စောင့်ကြည့်နေတာ။ သဲအင်းဂူ ဆရာတော်ကြီး။ စကားချပ်) မှတ်ရတာ သက်သာလိုက်တာဗျာ..၊ နာရီရှည်ထိုင်တာ ပြသနာမရှိ။ မြန်မာပြည်မှာရှိစဉ် သုံးနာရီဆက်တိုက် တခါပဲ ထိုင်နိုင်ဖူးတယ်။ အဲတုံးကလည်း ဓမ္မသဘော မသိပါဘူး၊ အာနာပါန သမာဓိ ကပ်သွားပြီး ပင်ပန်းမှုမရှိ၊ အသာလေး ထိုင်နေခဲ့တာ။ သဘာဝနည်း ရှုမှတ်တော့ အဲဒီထက် ပိုလေးနက်ပေါ့ပါး ကြာရှည်တယ်။ သို့ပေမဲ့ မစွဲရမှာ သိတာလွဲလို့ ပိုမဆင်ခြင် ခဲ့မိဘူး။ ကိုယ့်ကိုယ်ကို အားရကြေနပ်တယ်၊ မစွဲရကောင်းမှန်း ပိုယုံကြည် လာတယ်။

ဒီလိုနဲ့ တနေ့မှာ (လူက ပုံမှန်သတိကပ်တာ ပျင်းလာလို့နဲ့တူတယ်) “အလိုကင်း အလင်းကို” ကာရန်လေးကို အာရုံပေါ်မိတော့ ဖက်တွယ်မှု အတော်လျော့သွားတာ ခံစားမိတယ်..။ လွတ်ချင်နေတော့ စွန့်မရ ဖြစ်နေတာ။  သီအိုရီသိထား အရင် ခံစားဖူးပေမဲ့ ဒီတခေါက်မှာ ဒုက္ခသစ္စာနဲ့ ဆက်မိတယ်။ ဟုတ်တယ်.. အရာရာတိုင်းသည် ဒုက္ခ ဆင်းရဲခြင်း။ ခံစားနေသ၍ ဒုက္ခချည်းပဲ၊ “ဒုက္ခကို ဒုက္ခမှန်း တကယ်သိရင် ဘယ်သူမှ ဖက်တွယ်မထား” သိလိုက်ရတယ်။ အဲဒီ ဒုက္ခဆင်းရဲမှု ဆိုလိုရင်းကိုလည်း လွတ်ဖူးမှ သိနိုင်တယ်။ ခဏသိရင် ခဏလွတ်တယ်။ ခဏပေါင်းများစွာ ဆက်လာရင် အမြဲလွတ်သွားမယ်။ မြက်စားနေရတဲ့ နွားဘဝ ပျော်မနေကောင်းမှန်း သိပေမဲ့ နဖားကြိုး မချွတ်နိုင်တော့ ခံပေအုံးပေါ့…။

ရလေလိုလေ အိုတစ္ဆေ ကြောင်ကြီး စိတ်ညစ်နေ…
ရလေလိုလေ အိုတစ္ဆေ ကြောင်ကြီး စိတ်ညစ်နေ…

သိလာတော့ တော်ရုံ ကိုယ်စိတ်နှစ်ပါး အာရုံမှာ မျောပါမသွားအောင် ထိန်းတတ်တယ်…..။ ဒေါသထွက်တယ်ဗျာ မဆင်းရဲလား၊ သိသိနဲ့ ဘာပြုလို့ ဆင်းရဲခံနေလဲ.. ဒေါသကို အရှိမှတ်တာကိုး။ မနှစ်မြို့လို့ ဖြစ်လာတဲ့ ခံစားမှု အဟုတ်ထင်တော့ စိတ်ဆိုးပေးရတယ်၊ ကောင်းတာတွေ့တော့ သဘောကျပေးရတယ်.. မသိစိတ် သိစိတ်နှစ်ခု စလုံးကနေ အတည်ယူထားတာ။ ဘုရားဂုဏ်တော် အာရုံပြုတော့ ကိုယ်နိုင်တဲ့အခါ ရပါရဲ့၊ ပိုအားကြီးတဲ့ဟာနဲ့ ဆုံတော့ ဘုရားလည်း မကယ်နိုင်…။ ဖြစ်တိုင်းဒုက္ခ သိရင် အဲဒီဆင်းရဲခြင်း သိမ်းပိုက်မထားဘူး။  တဖက်သား မကောင်းပြောတာကြားရတဲ့ ဒုက္ခအပေါ် နောက်ဒုက္ခ ထပ်မတင်ဘူး..။ မိုးကုတ်ဆရာတော်ကြီး ထင်တယ် ဟောဖူးတာ “တဏှာနဲ့ဝေဒနာ အကြား နိဗ္ဗာန်ရှိတယ်တဲ့”

ဒေါသထွက်တာ မလိုချင်လို့၊ အေကိုက်သေတာ ကာမစည်းစိမ် လိုချင်လို့..။ ဒုက္ခကနေ လွန်မြောက်ရာရှိတယ်၊ လွတ်ခွင့်လည်းရှိတယ်။ အလိုကင်း ချမ်းသာမယ်၊ လိုချင်တာ မလိုချင်တာ အလိုခြင်း အတူတူပဲ။ ရလည်းဆင်းရဲ မရလည်းဆင်းရဲမို့ သူတို့နောက် လိုက်စရာမလို။ ဖြစ်ရင်ယူလိုက် မဖြစ်တော့လည်း ငိုမနေနဲ့…။ စွန့်နေမှတော့ လုပ်ကိုင်ကြီးပွားချင်စိတ် မရှိဖြစ်သွားမယ် အထင်မှားကြတယ်။ အဲဒီညဏ်က အထက်မဂ် ရမှ ဖြစ်ကောင်းတာ၊ စိတ်မဖြစ်လို့ မလုပ်တော့တာ၊ အနာဂါမ် အရိယာကြီး အရာဖြစ်တယ်။ ကိုယ့်ကိုယ်ကို ပြန်စစ်ပေါ့ဗျာ…. ဒေါသ မထွက်အောင် ထိန်းနိုင်တာလား၊ ဒေါသ မဖြစ်တော့တာလား၊ သီလ လုံခြုံနေတာလား၊ သီလ ကျိုးပေါက်စရာ စိတ် မဖြစ်တော့တာလား။ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာ ဘိဝံသ စာထဲမှာ “ရိုးသားဖို့သည် ပထမ” ဆိုထားတယ်။

ချမ်းသာအစစ်တွေ့မှ ဆင်းရဲခြင်း သိကောင်းတယ်။ မစင်ပုံထဲက ချီးပိုးတုံးကတော့ သူ့ဘဝသူ ဆိုးတယ်မထင်။ တချက်လေး လွတ်အောင် လုပ်ကြည့်ပါ၊ ချမ်းသာအစစ် တွေ့ရင် ဒုက္ခကို နားလည်မယ်။ အလိုကင်းဖူးမှ လိုက်မဖြည့်ရမှန်း သိပါမယ်။

ရွာဦးကြောင် စရာတော်

13 comments

  • ဦးကြောင်ကြီး

    July 13, 2013 at 9:23 am

    ဒါလေး ဖတ်ကြည့်ပါအုံး။

    သီတင်းကျွတ်တရားစခန်းတွင် ဒကာတစ်ဦးက “အရှင်ဘုရား၊ အရှင်ဘုရားရဲ့ ယောဂီ အဖိုးအိုအဖွားအိုတွေ အနည်းဆုံး ခန္ဓာငါးပါးလောက်မှ မသိကြဘဲနဲ့ တရားအားထုတ်နေကြတာ ဘယ်လိုလုပ် တရားရမှာလဲဘုရား” ဟု မေးလျှောက်လာ သဖြင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။
    စာရေးသူက ဘုရားလက်ထက်က စာမတတ်ကြသော်လည်း တရားထူးရကြသည့် အရေအတွက်မှာ စာတတ်သူတွေ ထက်ပင် များကြောင်းကို ပြောပြလိုက်ပါသည်။ ကျေနပ် သဘောတူဟန် မရှိတာကို သူ့ မျက်နှာရိပ်ကို ကြည့်၍ သိလိုက်ရ၏။
    မှန်ပါသည်၊ စာမတတ်သော်လည်း တရားအားထုတ်နည်းသာ မှန်ပါက တရားထူ းဧကန်ရနိုင်ပါသည်။ ဘုရားရှင်လက် ထက်တော်က အရွယ်ကြီးရင့်ပါမှ သာသနာ့ဘောင် ဝင်ရောက်လာကြသော အမျိုးသား၊ အမျိုးသမီးတို့သည် စာသင်ခြင်း(ဂန္ထ ဓူရ)ကို မဆောင် ရွက်ကြတော့ဘဲ တရားထုတ်ခြင်း(ဝိပဿနာဓူရ)ကိုသာ ဆောင်ရွက်ကြပါသည်။
    ၎င်းတို့သည် ဝါဆိုဦးဘုရားထံမှာ ကမ္မဋ္ဌာန်းတရားတောင်းခံပြီး မိမိနှစ်သက်ရာ အရပ်ဒေသ၌ တစ်ဝါတွင်လုံး တရားထုတ်ကြကုန်၏။ ဝါကျွတ်ခါနီးတွင် ဘုရားရှင်ရှိရာသို့ ရောက်လာကြပြီး မိမိတို့ သိရှိသော တရားထူးများကို ဘုရားရှင်အား လျှောက်ထားခြင်း၊ ဉာဏ်အဆင့် တက်ရန် အထက်ထက်သော ကမ္မဋ္ဌာန်းတရားများကို တောင်းခံခြင်းတို့ကို ပြုကြ မြဲဖြစ်၏။
    ရဟန်းအမျိုးသား/ရဟန်းအမျိုးသမီးအများစုသည် တရားထူး (မဂ်ဉာဏ် ဖိုလ်ဉာဏ်)တို့ကို သိမြင်ကြသော်လည်း စာမတတ်ကြသူက များလှ၏။
    ဘုရားရှင်ပေးသော အလုပ်ပေးတရား ဖြစ်၍ လွဲစရာအကြောင်းမရှိခြင်း၊ ဖြောင့်မတ် မှန်ကန် ရိုသားစွာဖြင့် ကြိုးစားအား ထုတ်ကြခြင်းတို့ကြောင့် ဘုရားလက်ထက်တော်အခါက တရားထူးတရားမြတ်ကို သိမြင်ကြသူ လူရှင်ရဟန်းနတ်ဗြဟ္မာတို့မှာ ကိန်းဂဏန်းချ ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှ၏။
    မြန်မာနိုင်ငံတော်တွင် ရဟန္တာဟုထင်ရှားတော်မူသော စွန်းလွန်းဂူဆရာတော်ကြီးသည် ပိဋကတ်စာပေသင်ယူတတ် မြောက်ခြင်း မရှိသည်ကို ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအရ သိရ၏။ ဇနီးမယားနှင့်လယ်သမားဖြစ်၏။ လယ်ထွန်နေရင်း သံဝေဂရပြီး ထွန်ဖြုတ်ကာ နွားများကို ဘေးမဲ့လွတ်၍ တော်ထွက်တော်မူပြီး တရားအားထုတ်တော်မူ၏။ တရားထူး တရားမှန်ကို သိတော်မူ၏။ သဲအင်းဂူဆရာတော်ကြီးလည်း ပိဋကတ်စာပေကို သင်ယူခဲ့ဘူးခြင်း မရှိတာကို ကြားဖူး၏။
    ဘုရားရှင်လက်ထက်တော်အခါက စူဠပန္ထကမထေရ်ဆိုတာ ရှိခဲ့ဖူး၏။ အဘယ်မျှ ဉာဏ်ထိုင်ပါသလဲဆိုရင် အက္ခရာ လုံးရေ(၃၂)လုံးပါ ဂါထာလေးတစ်ပုဒ်ကို တစ်ဝါတွင်းလုံး ကျက်လိုက်တာ ရှေ့ကကျက် နောက်က မေ့ဖြင့် ဝါသာ ကျွတ်သွား၏။ စူဠပန္ထကမထေရ် ထိုဂါထာတစ်ပုဒ်ကို အလွတ်မရခဲ့ဘူး။
    စာရေးသူငယ်စဉ်က ရွှေမဉ္ဇူကျောင်းတွင် စာသင်ဖက် ရေဦးဆိုသူနှင့် နီတာကြီးဆိုသူ ကျောင်းသားနှစ်ယောက်ကို ယခုတိုင် မှက်မိနေပါသည်။
    ထိုခေတ် ဘုန်းတော်ကျောင်း ပညာရေး သင်ကြားခြင်းသည် သင်ပုဉ်းကြီးဆိုတဲ့အတိုင်း ဆေးအမည်းသုတ်ထားသော ပျဉ်ချုပ်ကျောက်သင်ပုဉ်းကြီးတွင် ကကြီး ခခွေးစသဖြင့် ဗျည်း(၃၃)လုံးကို ပုံသေ ရေးထားပါသည်။ ကျောင်းသားသစ်မှန်သမျှ ဘုန်းကြီးထံ အမေအဖေက အပ်ပြီးပြီဆိုတာနဲ့ အမေအဖေက ဘုန်းကြီးနဲ့စကားပြောလျှက် ဘုန်းကြီးက“ သွား ဟိုမှာသင်ချေ တော့” ဆိုကာ ကျောက်သင်းပုဉ်းရှေ့ လွတ်လိုက်တော့၏။ ရှေးက ကျောင်းသားကြီး ကကြီး ခခွေး စသဖြင့် နှုတ်တိုက် တိုင်ပေးတာကို နောက်မှ လိုက်ဆိုကြရ၏။ ဤနည်းဖြင့် ဉာဏ်ကောင်းသူများ မကြာခင် ဗျည်း(၃၃)လုံးအလွတ်ရတော့၏။
    အလွတ်ရသူများ ကျောက်သင်ပုဉ်း ကျောက်တံဖြင့် နှုတ်က ကကြီးခခွေးဆို၍ ကျောင်းသားကြီးက လက်ကိုအုပ်ကိုင်ပြီး အရေးစသင်ပေး၏။
    ရေဦးနှင် ့နီတာကြီးတို့သည် ကကြီးခခွေးဟူ၍ ရှေးကတိုင်ပေးသည်ကို အခြား ကျောင်းသားများနည်းတူ လိုက်ဆိုကြ ၏။ သို့ပေမယ့် ဂငယ်ဃကြီး ဆိုပြီးတာနှင့် ကကြီးခခွေးကို ပြန်မေ့သွားတော့၏။ အခြားကျောင်းသားတွေ သင်ပုဉ်းကြီးကုန်၊ပရိတ် ကြီး၊ သင်္ဂြိုဟ် ရောက်သော်လည်း သူတို့နှစ်ယောက်မှာ ကကြီးခခွေး အော်တုန်းပင် ဖြစ်၏။ အရွယ်ကြီးလို့သင်္ကန်းဝတ် လူသာ ထွက်ရော ကကြီးခခွေးက မတက်နိုင်ခဲ့ကြ။
    နီတာကြီးက ညောင်စာရေးရွာ၊ ရေဦးက ပြည်မြို့မှာ ယခုတိုင်ရှိကြသေး၏။ ရေးဦးက သူ့လုပ်အားခမှ ခုနှစ် ကဆုန်လ ရွှေမဉ္ဇူတရား စခန်း၌ ငွေပဒေသာ ကျပ်တစ်သောင်း လူကြုံဖြင့် လှူဒါန်း၍ ထိုအကြောင်းကို တရားဟောရင်း ထည့်ပြောဖြစ်၏။
    အရှင်စူဠပန္တကမထေရ်သည် အတိတ်တစ်ဘဝမှာ ဉာဏ်ထက်မြက်သူ စာတတ်ပေတတ် ရဟန်းဖြစ်ခဲ့၏။ ဉာဏ်ထုံ ထိုင်းသော ရဟန်းတစ်ပါးကို “ ဒီလောက်ထုံရ၊ ထိုင်းရသလား” ဟု ပျက်ရယ်ပြုပြောင်လှောင်ခဲ့ဖူး၏။ ထိုအကုသိုလ်ကြောင့် ဤဘဝမှာ ဉာဏ်အလွန် ထုံထိုင်းခြင်း ဖြစ်၏။ လူတစ်ဦး၏ အားနည်းချက်ကို ပြောင်လှောင်ခြင်းသည် အလားတူ ဝဋ်လိုက်တတ်၏။
    အစ်ကိုဘုန်းကြီး မဟာပန္ထကမထေရ်က “ မင်း ဒီလောက် ဉာဏ်ထိုင်နေရင် သာသနာမှာ ဘာမှ သုံးစားရမှာ မဟုတ် ဘူး၊လူထွက်ပြီး ဘိုးဘွားတွေနဲ့ အတူနေ စီးပွားသာရှာတော့” ဟု နှင်ထုတ်လိုက်ရုံမျှမက ထိုအခိုက် ဆွမ်းစားလာပင့်သူက ကျောင်းတိုက် သံဃာကုန် ပင့်သော်လည်း ဉာဏ်ထိုင်သော ရဟန်းတစ်ပါးကလွဲလို့ ကျန်းသံဃာများကို ထည့်ပေးမည် ဖြစ်ကြောင်းကို မိန့်တော်မူသဖြင့် စူလပန္ထကမထေရ် အတော်စိတ်မကောင်းဖြစ်ကာ လူထွက်တော့မည်ဟု ယတိပြတ် ဆုံးဖြတ်လိုက်တော့၏။
    သာသနာ၌ ပျော်မွေ့သော်လည်း အစ်ကုန်ဘုန်းကြီးက နှင်ထုတ်လို့ မထွက်ချင်ဘဲ လူထွက်ရမည်ကို စိတ်မကောင်း ဖြစ်နေရှာ၏။ ဉာဏ်ထိုင်လို့ လူထွက်ရတာကို အခြားရဟန်းတော်များ သိမှာကိုလည်း ရှက်လှသဖြင့် မနက်စောစော ကျောင်း တော်မှ ထွက်ဖို့ ကြံစည် စိတ်ကူးထား၏။
    နံနက်စောစော ကျောင်းတော်မှ တိတ်တဆိတ် ထွက်ခဲ့ရာ ကျောင်းပေါက်ဝ၌ မြတ်စွာဘုရားနှင့် ပက်ပင်းတိုး၍ မြတ်စွာဘုရား
    ကို နောက်ဆုံးနှုတ်ဆက် ရှိခိုးသွားဦးမယ်ဟု စိတ်ကူးပြီး ဘုရားရှင်၏ အနီးသို့သွားက ရှိခိုးဦးချ၏။
    မြတ်စွာဘုရားက “ ဟဲ့ စောစောစီးစီး ဘယ်သူပါတုန်း” ဟု မေးတော်မူရာ-
    “ တပည့်တော် စူဠပန္ထကရဟန်းပါဘုရား”
    “ ဟဲ့ စူဠပန္ထက မနက်စောစောကြီး ဘယ်သွားမလို့တုန်း” ဟု မေးတော်မူပြန်ရာ-
    “ အစ်ကိုဘုန်းကြီးက ဉာဏ်ထိုင်းလွန်းအားကြီးလို့ လူထွက်ရမယ်ဆိုလို့ပါ ဘုရား”
    “ ဒီသာသနာ သင့်အစ်ကို မဟာပန္ထကမထေရ်ပိုင်တာလား၊ ငါဘုရားရှင် ပိုင်တာလား”
    “ မှန်လှပါဘုရား ၊မြတ်စွာဘုရားရှင် ပိုင်တာပါဘုရား”
    “ အေးကွယ် ဒီလိုဆို ငါမှ လူမထွက်ခိုင်းတာဘဲ ဘာလို့ လူထွက်ရမှာလဲ” ဟု မိန့်တော်မူပြီး ကဲ “ ရော့ ဒီမှာ ပုဝါဖြူ ကလေးကို ဟောဟို ရေကန်နားသွားထိုင်ပြီး လက်ပွတ်ကာ စိုက်ရှု့နေ၊ ပါးစပ်ကလဲ “ ရဇောဟရဏံ-ရဇောဟရဏံ” လို ဆိုနေ” ဟု မိန့်တော်မူကာ တရားအားထုတ်စေပါသည်။
    နေထန်းတစ်ဖျားလောက် ရောက်ချိန်မှာတော့ ပွတ်နေတဲ့ ပုဝါဖြူဖြူလေးဟာ လက်ဖြင့်ပွတ်ဖန်များ၍ ညစ်နွမ်းလာ၏။ ရေကန်မှ နံနက်စောစော လန်လန်း ဆန်းလန်းရှိခဲ့သော ကြာပန်းတချို့လည်း နေပူရှိန်ကြောင့် နွမ်းရိလာနေ၏။
    “ အော် ဖြူဆွတ်တဲ့ အဝတ်တောင် ပွတ်ဖန်များတော့ ညစ်သွားပါလား” ဟု သိစိတ်ကလေး လက်ခနဲ ဖြစ်ပေါ်လာ၏။
    ဘုရားရှင်ကလည်း ဆွမ်းစားကြွရောက်နေသည့် နေအိမ်မှ တန်းခိုးတော်ဖြင့် “ စူလပန္ထက အဲဒီအတိုင်းပါဘဲ၊ သင့်ရဲစိတ် ဟာလည်း ရာဂ ဒေါသ မောဟ မြူမှုန်တွေကြောင့် ညစ်ထေးနေတယ်၊ ခန္ဓာကို ဉာဏ်ချပြီး သင့်စိတ်ရဲ့ ဖြစ်ပျက်ကို မြင်အောင် ရှု့ပါ” ဟု ရှု့ကွက် ကမ္မဋ္ဌာန်းကို ပြပေးတော်မူပါသည်။
    ထိုသို့ ဘုရားရှင် နည်းလမ်းပေးသည့်အတိုင်း ရှုပွားလိုက်တာ နေ့ဆွမ်း မဘုဉ်းပေးမှီကလေးမှာ ဈာန်အဘိညာဉ်များနှင့် အတူ အရှင်စူဠပန္ထက ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါသည်။
    ထိုရဇောဟရဏံ(မြူဆောင်အဝတ်) ကမ္မဋ္ဌာန်းဖြင့် ရဟန္တာဖြစ်ရခြင်းသည် ဘဝတစ်ဘဝ၌ ရှင်ဘုရင်ကြီးအဖြစ်ဖြင့် တိုင်းခန်းလှည့်လည်စဉ် နဖူးကချွေးကို ပဝါဖြူဖြင့်သုတ်လိုက်ရာ ပုဝါလေး ချွေးကြောင့် ညစ်ထေးသွားခြင်းကို သံဝေဂဉာဏ်ဖြင့် ထင်မြင်နိုင်ခဲ့သော ကုသိုလ်အထုံကြောင့် ဖြစ်၏။
    အတိတ်ဘဝက ကိလေသာ ဝေးကွာအောင် တရားအားထုတ်ခဲ့ဖူးခြင်း၊ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေတို့ ရင့်ကျက်ခြင်း၊ (တိဟိတ်ပဋိသန္ဓေနေခဲ့ခြင်း) ယခုဘဝ၌ အားထုတ်နည်းမှန်ကန်ခြင်းတို့ပြည့်စုံက တရားထူး ဧကန်ရနိုင်ပါသည်။ တရားထူး ရခြင်းနှင့်ပါတ်သက်၍ အနှစ်ချုပ်က ထိုသုံးမျိုးကို ပိဋကတ်တော်၌ တွေ့ရ၏။
    တစ်ချို့က ဘာသာရေး စာပေတွေကို ဖတ်လေ့ဖတ်ထရှိကြ၏။ တစ်ချို့က တရားနာခြင်း၌ အားသန်ကြ၏။ တစ်ချို့က တရားစခန်း မပြတ်အောင် ဝင်ကြ၏။ ထိုသူများသည် ခန္ဓငါးပါး၊ ရုပ်နာမ်နှစ်ပါး ၊သစ္စာလေးပါး၊ ပဋိစ္စသမ္ပါဒ်လာ အဝိဇ္ဇာ တဏှာသက္ကာယဒိဋ္ဌိစသော အမည်များနှင့် ရင်းနှီးကျွမ်းဝင်နေကြ။ သိနေကြ။ နားရည် ဝနေကြ၏။ စာသိ နာသိ ဖြစ်၍ သညာသိမျှသာ ဖြစ်၏။ အစစ်အမှန် သိ၊ ထိုးထွင်း သိ၊ ပညာသိ မဟုတ်ပါ။
    ဒိဋ္ဌိဝိသုဒ္ဓိ-အယူ၏စင်ကြယ်ခြင်းနှင့် ကင်္ခါဝိတဏဝိသုဒ္ဓိ-ယုံမှာသံသယမှ လွန်မြောက်စင်ကြယ်ခြင်း နှစ်မျိုးပင်လေးနက် ကျယ်ဝန်းလှ၏။ ဟုတ်မဟုတ်ကို ပိဋကတ်တော်ကို နှံ့စပ်ကျွမ်းကျင်တော်မူလှသော ဆရာတော်ကြီးများကို မေးလျှောက်ကြည့်က သိနိုင်၏။ ထိုဝိသုဒ္ဓိနှစ်ပါးသည် တရားအားထုတ်မည့် ယောဂီများ သိနှင့်ထားရန် အခြေခံ စင်ကြယ်ခြင်းမျှဖြစ်၏။ ထိုအခြခံနှစ်ပါးသည်ပင် ဤမျှကျယ်ဝန်း လေးနက်၍ ပြည့်စုံစွာ သိနိုင်ဖို့ခဲယဉ်းလျှင် အခြား ရုပ်နာမ်ခန္ဓာ စသောတရားတို့ကို ကျကျနန သိနိုင်ဖို့ အလွန် ခဲရင်းလှ၏။
    ဆိုလိုသည်မှာ လေးနက် ကျယ်ဝန်းလှသော ဗုဒ္ဓဒေသနာကို ပြည့်ပြည့်စုံစုံ ကျကျနနသိမှ တရားရမယ်ဆိုတာ လုံးဝမဖြစ်နိုင်၊ စာမတတ်သူများ တရားထူးမရနိုင်၍ ဓမ္မရသကို ခံစားဖို့ အခွင့်အရေး ဆုံးရှုံးနေခြင်း၊ ဘုရားပွင့်ခြင်းသည် စာတတ် သူများအတွက် သက်သက်ဖြစ်နေခြင်း၊ စာမသိသူတို့အဖို့ ဘုရားပွင့်ခြင်း မဟုတ်သလိုမျိုး ဖြစ်နေခြင်းသည် “လောကသား အားလုံး အကျိုးစီးပွား ဖြစ်စေရန် ဘုရားပွင့်တော်မူခြင်း ဖြစ်၏” ဟူသော ဒေသနာတော်စကားနှင့် ဆန့်ကျင်နေ၏။ ထို့ကြောင့် စာတတ်များအတွက်သာ ကွက်၍ ဘုရားပွင့်ခြင်း မဟုတ်ပါ။
    စာသိစရာမလို-ဟု ပြောလိုရင်း မဟုတ်ပါ၊ ယနေ့ စာဟု ပြောနေသော အရာတို့သည် ဘုရားရှင်လက်ထက်တော်က စာအသွင် မဟုတ်ကြသေးဘဲ ဗုဒ္ဓဒေသနာ ဟောစဉ်များသာဖြစ်၍ ကမ္မဋ္ဌာန်းဆရာ၏ စစ်မှန်သော အလုပ်ပေးတရားသည်သာ တရားအားထုတ်ရာတွင် ပဓာနကျ၏။
    “ စာတတ်ချင်ရင် စာကြည့်၊ တရားသိချင်ရင် ခန္ဓာကြည့်” ဆိုသည့်အတိုင်း ထိုနှစ်မျိုး မတူသည်ကို ခွဲခြားသိသင့်၏။
    တရားထူးရခြင်းသည် ခန္ဓာကို စနစ်ကျစွာ နည်းလမ်းမှန်မှန်ဖြင့် ကမ္မဋ္ဌာန်းဆရာ နည်းပေးလမ်းပြသည့်အတိုင်း ရိုးသားကြိုစား အားထုတ်ခြင်း ဖြစ်၏။ ပါရာမီသာပါမယ်ဆိုရင် စာမသိပေမယ့် ဧကန်တရားထူးရနိုင်ပါကြောင်း-။
    အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
    မေတ္တာများဖြင့်
    မှတ်ချက်=မေတ္တာဥယျာဉ်မှကူးယူတင်ပြသည်

    • San Hla Gyi

      July 13, 2013 at 4:01 pm

      ကိုကြောင်ကြီးရေ
      ထူးထူးဆန်းဆန်း မရေးစဖူး တရားစာတွေ ရေးလို့ပါလား။ အမှန်တော့ အပေါ်က စာတွေက စာနဲ့ရေးပြရင် ခက်တယ်။ နားလည်းဖို့ မလွယ်ဘူး။ ဗုဒ္ဓဘာသာတွေ သိပ်မသိတော့တဲ့ ရှင်စူဠပန်မထေရ် အကြောင်း တင်ပေးလို့ ကျေးဇူူးပါ။ အဲဒါ ဟုတ်တယ် ကိုကြောင်ကြီးရေ။ တကယ်တော့ ရှင်စူဠပန် မထေရ်ဟာ ကဿပ မြတ်စွာဘုရားရှင် သာသနာတော်မှာ ဥဏ်ထိုင်းတဲ့ ရဟန်းတပါးကို အဲဒီလို ရှုတ်ချပြီး လူထွက်စေခဲ့လို့ အဲဒီဝဋ်လိုက်တာပါပဲ။ အဲဒါ ကဿပ မြတ်စွာဘုရား သာသနာနဲ့ ဂေါတမဘုရားရှင် သာသနာအကြား ဖြစ်လေရာ ဘဝတိုင်း ဥဏ်ထိုင်းခဲ့ရတယ်။ အဲဒီနေ့က ရှင်စူဠပန် ရဟန္တာဖြစ်တော့ ညပိုင်းမှာ ရဟန်းတော်တွေက “ငါ့ရှင်တို့ အံ့ဩဖွယ် ပါတကား။ ဝါတွင်းသုံးလလုံး ဂါထာတိုလေး တပုဒ်မှ သင်လို့ မရတဲ့ စူဠပန်ကို သုံးလူ့သနင်း တရားမင်းဟာ တမနက်ခင်းနဲ့ပဲ လောကုတ္တရာချမ်းသာကို ရအောင် သင်ပြနိုင်ပါလားလို့” ပြောတာကို မြတ်စွာဘုရား ကြားတော့ “ငါ၏ချစ်သား ရဟန်းများတို့ စူဠပန်ဟာ အခုမှ ဥဏ်ထိုင်းတာ မဟုတ်ဘူး။ ဟိုတုန်းကလည်း ဥဏ်ထိုင်းဖူးပြီ။ ငါဘုရားဟာ အခုမှ စူဠပန်ကို လောကုတ္တရာ ချမ်းသာရအောင် ဆောင်ကျဉ်းပေးတာ မဟုတ်ဖူး။ ဟိုတုန်းကလည်း အတုမရှိတဲ့ လောကီစည်းစိမ်ကို ရအောင် မစခဲ့ဖူးပြီ။ စူဠပန်ဟာလည်း အခုှ ဆရာ့စကား နားထောင်လို့ လောကုတ္တရာ စည်းစိမ်ရသလို ဟိုတုန်းကလည်း ဥဏ်အလွန်ထိုင်းပါလျက် ဆရာ့စကား နားထောင်လို့ လောကီချမ်းသာတွေကို ရခဲ့ဖူးပြီ။” ဆိုပြီး ပြောလို့ ရဟန်ုတော်တွေ တောင်းပန်တဲ့အခါ ရှင်စူဠပန်ရဲ့ အတိတ်ဇတ်လမ်းတွေကို ဟောတော်မူသတဲ့။ ကျနော်တို့ မြန်မာစကားပုံက ကြွက်သေတခု အရင်းပြုဆိုတဲ့ စကားပုံဟာ ရှင်စူဠပန်မထေရ်ကြောင့် ဖြစ်လာတာပဲ။

  • Myo Thant

    July 13, 2013 at 9:44 am

    ဖတ် မှတ်သွားပါတယ်နော့ ၊

    ကျေးဇူးပါဗျို့

    ကိုယ် မသိခဲ့ မမြင်ခဲ့တာတွေ သိလာရလို့ပါ ၊

  • စောစောစီးစီး ဖတ်လိုက်ရတာ
    သာဒုဘာ ဒက်ဒီကြောင် …
    ဒုက္ခကို ဒုက္ခမှန်း အမှန်တကယ် သိဖို့ အလုပ်ဟာ တဂယ် မလွယ်လှပါဘူး …
    တရားပေါက်ဖို့အတွက် စာတတ်ဖို့ မလိုဘူးဆိုဒါကို ထပ်ဆင့် ထောက်ခံပါတယ် ..
    ဒါကို .. ထပ်ဆင့် ဥပမာ ပေးရရင် …
    ဘုရား သာသနာပ ပစ္စေကဗုဒ္ဓ တွေကို ကြည့်နိုင်ပါတယ် …
    အချို့ဆို မုဆိုး ကနေ ဖြစ်သွားတာ ….။

  • အလင်း ဆက်

    July 13, 2013 at 11:45 am

    ဘာသာရေး တော့ ဘာမှ မသိသေးလို ့
    မဆွေးရဲ သေးပါ

    ဒါပေမယ့်
    ဖောင် နဲ ့တစ်ဖက်ကမ်းကို ကူးသလို
    နိတ်ဗန် တစ်ဖက်ကမ်းကို ကူးပါ
    ပြီးရင် နိတ်ဗန်ကို ပို ့တဲ့ ဖောင် ဆိုပြီး
    ဖောင်ကြီးကို ထမ်းယူမသွားနဲ ့
    ကမ်းမှာပဲ ထားခဲ့ပါ ဆိုတဲ့
    တရား စကားလေးတော့
    တော်တော် သဘောကျ ခဲ့တယ်
    တရားကိုတောင် မစွဲ နဲ ့ ဆိုတဲ ့အယူ အဆ ဟာ
    လွတ်လပ် ရှင်းလင်း လွန်းတာမို ့

  • အခြေခံအဆင့်လေးတောင် မလုပ်နိုင်ဘူး ဖြစ်နေတယ်…

    အကုသိုလ်စိတ် (၁၂) ပါး၊ သူနဲ့ယှဉ်ပြီးဖြစ်တဲ့ အကုသိုလ် စေတသိက်က (၁၄) ပါး…
    နေ့တိုင်း အဲ့စိတ်တွေဖြစ်နေတယ်… မသိလိုက်တာတွေ ရှိသလို၊ သိလျက်နဲ့ ထိန်းလို့မရတာတွေလည်း ရှိတယ်။

    အူးကြောင်ကို အဲ့ဒါပြောမလို့… ခုမှ ပြောဖြစ်တော့တယ်..ဘိုလုပ်ရမလဲ…

    • အရီးခင်လတ်

      July 13, 2013 at 3:11 pm

      ဘိုလို လုပ်မလဲ ဆိုတော့ ဘိုလို မှုတ် မယ် လုံမလေး။
      “Practice makes perfect”.
      ဖြစ်တာကို သိလိုက်တာ လေး ကိုက အစပျိုး အတော်လေးဟုတ်နေတာမဟုတ်လား။
      ဥပမာ – ၁ဝခါ ဒေါသထွက်တာမှာ ၅ခါသိ ရာကနေ တိုးတိုးပြီး ၆ခါ၊ ရခါ နောက်ဆုံး ဖြစ်တိုင်းသိလာမှာပါ။
      အဲဒီကနေ သိတာနောက် က ထိန်းနိုင်တဲ့ စိတ်ကို လိုက်ရင်း နောက်ဆုံး တော်ရုံဆို စိတ်မှာ အနှောက်အယှက်ဖြစ် မထိရှ လွယ်တော့ဘူးပေါ့။
      အထင်။
      ဝုတ်လား ကကြောင်ကြီး။ 😛

      “အလိုကင်း အလင်းကို” ဆိုတာကတော့ တကယ်ဘဲ လက်တွေ့စိတ်အေးချမ်းတာအမှန်ပါဘဲ။
      အလိုကင်းတာနဲ့ ပျင်းတာ/ မတိုးတက်ချင်တာ မဆိုင်ကြောင်း သူကြီးမလာခင် ကြိုပြောပါသည်။
      ဒီလို စာကို ဖတ်ရတဲ့ မနက်ခင်းက အင်မတန် က ကြောင်သရေ နဲ့ ပြည့်သွားတာ မို့သာဓု၊သာဓု၊သာဓု ပါ။

  • Wow

    July 13, 2013 at 2:12 pm

    သင်္ကြန်တွင်း လေးနှစ်လောက်တော့ တရားထိုင်ဖူးတယ်…
    ဒီနှစ်ကြိုးစားပြီး ရိပ်သာ(အင်းယားရိပ်သာမဟုတ် :mrgreen:) ဝင်ပါအူးမယ် ဆြာကြောင် :mrgreen:

  • ကိုရင်စည်သူ

    July 13, 2013 at 2:43 pm

    တမီးလေးတွေသာ ဒီလောကမှာ မရှိရင်
    အူးကြောင်နဲ့ အတူ အူးစည်လဲ ကျွတ်တန်းဝင်ခဲ့တာ
    ကြာပါပီလေ… ဒီနံရိုးလေးတွေဂျောင့်…
    စားမလောက်ဖြစ်နေတာ.. :mrgreen:

  • အရီးခင်လတ်

    July 13, 2013 at 3:50 pm

    Facebook ပေါ်က စာ ဆိုတော့ တကယ်ဘဲလား ဘာလား တော့ မသိဘူး။
    အဲလာဆို မီးမီး အေးသီးရစ် ပြောတာ အမှားဝူးနော်။ 😉

    Atheist ဆိုတာ
    ဖန်ဆင်းရှင် ဘုရားကို မယုံကြည်သောသူပါ၊
    မိစ္ဆာဒိဋ္ဌိ ကို ပြောတာ မဟုတ်ဘူး။
    ဗုဒ္ဓဘာသာတွေက ဖန်ဆင်းရှင် ဘုရားကို
    မယုံကြည်သူတွေပါ၊
    တနည်းအားဖြင့် Atheist တွေပါပဲ။
    ( ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ )

    လောဂျစ် ပြန်ထုတ်မယ် ဆိုရင်တော့ –
    Atheist ဆိုတာ ဖန်ဆင်းရှင် ဘုရားကို မယုံကြည်သောသူပါ၊
    ဗုဒ္ဓဘာသာဝင် ဆိုတာ ဖန်ဆင်းရှင် ဘုရားကို မယုံကြည်သောသူပါ၊
    သို့ပေသည့်
    Atheist တိုင်း ဗုဒ္ဓဘာသာဝင် မဟုတ်ပါ နော။
    (ချော်တွေး ကြည့်တာ) 😆

  • koyinmaung

    July 13, 2013 at 6:14 pm

    စိတ်ဝင်စားစွာ ဖတ်ရှု့သွားပါတယ်
    ကိုကြောင်ကြီးရေ ….
    ဖြည့်စွက်ပေးသွားတဲ့ ဆရာစံလှကြီးကိုလဲကျေးဇူးတင်ပါတယ်…
    သာဓုပါဗျာ သာဓု သာဓု…………

Leave a Reply