ကျွန်မ ပူလောင်နေတယ်..အရမ်း ပင်ပန်းနေတယ်..စိတ်တွေ ရှုပ်ထွေးနေတယ်… ဖြစ်နိုင်ရင် အားလုံးနဲ့ အဝေးကို ထွက်ပြေးချင်တယ်… ဘယ်သူမှ မရှိတဲ့နေရာ… ပတ်ဝန်းကျင်နဲ့ ဝေးကွာရာ…အို… နောက်ဆုံး မာနတရား နဲ့ ကင်းလွတ်ရာ… မြတ်စွာဘုရား..တပည့်တော်မရဲ့ ပူလောင်ခြင်းတွေအတွက် ငြိမ်းချမ်းရာ မြတ်ဓမ္မတရားကို လျင်မြန်စွာ သိမြင်ရပါလို၏ အရှင်ဘုရား….

 

နားထဲမှာ..နားထဲမှာ..အသံတွေကြားနေတယ်… ကျေးဇူးပြုပြီး အားလုံးထွက်သွားပေးပါ… ငါ… ငါလည်း လူတစ်ယောက်ပါ… ငါ့ခံစားချက်တွေနဲ့ ငါ ရပ်တည်ပါရစေ… ငဲ့ကွက်ထောက်ထားမှုတွေကို ခဏလောက်… မေ့ခွင့်ပေးပါ…. ငါ အရမ်းပင်ပန်းနေချိန်မှာ..ခဏလောက် နားပါရစေ… ပေါ့ပါးချင်တဲ့ ငါ့စိတ်ကို … ခဏလောက် လွတ်လပ်ခွင့်ပေးပါ….

 

“သမီး..အားတင်းပြီး ကြိုးစားလိုက်ပါ… ငါ့သမီးက သူများရဲ့ ထိပ်မှာပဲ ရှိနေတာလေ… မကျစေနဲ့နော်..”

ဟော..ဒါက ငါ့အဒေါ်ရဲ့အသံ…

 

“ကိုယ့်အကြောင်းကိုယ်သိနော်..သမီး… နင် သူများတွေကို ဘယ်လိုစိန်ခေါ်ခဲ့လဲ…”

အမေက ၀င်ပြောပြန်ပြီ…

 

“နင့်ကို သူတို့တွေ စောင့်ကြည့်နေတယ်နော်… တစ်ခုခုဆိုလို့ကတော့ တံတွေးခွက်မှာ ပက်လက်မျောပြီပဲ..”

ဆရာမအသံကလည်း နားထဲမှာ စူးခနဲ…

 

“နင်လုပ်ချင်တာ လုပ်လိုက်ပါဟာ… နင့်ကို ငါ နားလည်ပါတယ်…”

သူငယ်ချင်းက ဖြေပြောတယ်..ဟင့်အင်း.. ငါသိတယ်.. ငါ မှားရင် ၀ိုင်းပြောမယ့်ထဲမှာ နင်လည်း ပါတယ်…

 

“အားမလျော့စမ်းနဲ့… နင့်မိသားစုရဲ့ မှီခိုရာက နင့်အောင်မြင်မှုပဲ…”

အချစ်ဆုံးတစ်ယောက်ရဲ့ အားပေးသံ….

 

ငါသိတယ်..ငါသိတယ်..အားလုံးကို ငါသိတယ်… ဒါပေမယ့်..တစ်ခါတစ်ခါ.. အဲဒီအောင်မြင်မှုတွေ..လူတွေရဲ့ ဂရုစိုက်မှုတွေကို ငါမုန်းတယ်.. ငါ့ကို မာနတွေသွင်းပေးခဲ့တဲ့ ပတ်ဝန်းကျင်ကို မုန်းတယ်… အဆင့်ဆိုတာတွေကို မရခဲ့ရင် သိပ်ကောင်းမယ်… ငါ သူများတွေလို သာမန်ကျောင်းသူပဲ ဖြစ်ချင်တယ်… ငါ… ငါ မပြိုင်ချင်တော့ဘူး… ငါ မနိုင်ချင်တော့ဘူး… စာတွေကြားမှာ အချိန်ပြည့်နေတဲ့ ငါ့ဘ၀ကို မွန်းကျပ်လာပြီ… ငါ့ကို ခဏလောက် လွပ်လပ်ခွင့် ပေး..ကြ..ပါ… ။   ။

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 160 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010