ဟန်.. ကိုယ့်ဖို ့နဲ ့ မာန်တင်းခဲ့ရသူ

candle .July 15, 20131min35028

” ဆူးလေရောက်ပြီ ”   စပယ်ယာလေးရဲ ့အသံ

ကျမ အဓိပတိ အထူးလိုင်းကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ဘဲ လူလေးငါးယောက်ခန် ့ ဘေးနားကို ဝိုင်းကပ်လာပါတော့တယ် ။

” အစိမ်း ( အမေရိကန်ဒေါ်လာ ) ရောင်းတယ် ဝယ်တယ် အမ ”

” ပစ္စည်းမှန်တယ် ဈေးမှန်တယ် အမ ”

အင်း .. စပ်စုချင်တဲ့ ကျမရဲ ့အကျင့်ကြောင့်

” ဘယ်ဈေးပေါက်လဲ ”

” ….. ”

အယ်.. မဆိုးဘူးဘဲ ။

တစ်ကယ်တော့ ကျမက သန်ဘက်ခါဆို အပြင်ထွက်မှာမို ့ SUN FAR မှာ လေယာဉ်လက်မှတ် လာဝယ်တာပါ ။

SUN FAR မှာ မြန်မာ ကျပ်ငွေနဲ ့ဘဲ ဒေါ်လာဈေးပေးပြီး တိုက်ရိုက် ဝယ်ယူနို်င်ပေမဲ့ ပြောခဲ့သလိုဘဲ စပ်စုတတ်တဲ့ အကျင့်နဲ ့နှစ်ဆယ်လောက် ကွာနေတာကိုတွေးမိသွားတဲ့ လောဘ ရယ်ကြောင့် ဒီမှာဘဲ ဒေါ်လာဝယ်ပြီးတော့မှ လေယာဉ်လက်မှတ် သွားဝယ်ဖို ့ ့စိတ်ကူးပြောင်းသွားခဲ့ပါတယ် ။

” ကျမ နည်းနည်း ဝယ်ချင်တယ် ”

” ဟုတ်ကဲ့ အမ လိုချင်သလောက်ရတယ် လိုက်ခဲ့ပါ ”

အဲ့ဒီလူက ရှေ ့ကနေဦးဆောင်ပြီး ဆူးလေပန်းခြံထောင့်က ကြံရည်ဆိုင်လေးကိုခေါ်သွားပါတယ် ။

ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း လူတွေတဖွဲဖွဲနဲ ့စည်ကားသိုက်မြိုက်နေတာပါဘဲ ။

” ဒီမှာ အေးအေးဆေးဆေး အလုပ် လုပ်လို ့ရတယ် အမ ခဏထိုင်ပါဦး ”

ှုကျမ ထိုင်လိုက်တယ်ဆိုရင်ဘဲ ကျမရဲ ့ ဘေးကို လူတွေတစ်ယောက်ပြီးတစ်ယောက် ဝိုင်းထိုင်လိုက်ကြပါတယ် ။ စုစုပေါင်း ခြောက်ယောက် ။ ကျမ စိတ်ထဲထင့်သွားပြီ ။

ကျမ ကိုဦးဆောင်ပြီးခေါ်လာတဲ့လူကတော့ ခဏစောင့်ဆိုပြီး ငါးမီးနစ်ခန် ့ကြာတော့ ပြန်ရောက်လာပြီး ကျမနဲ ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ပါတယ် ။

” အမ ဘယ်လောက် ဝယ်မှာလဲ ”

” သုံးရာ ”

သူလှမ်းပေးတဲ့ အမေရိကန်ဒေါ်လာ တစ်ရာတန်သုံးရွက်ကို တစ်ရွက်ချင်းစစ်ကြည့်လိုက်တော့

” အမ် ” ( အသံတိတ်ထွက်သွားတဲ့ Candle ရဲ ့အာမေဋိတ် )

အမေရိကန် သမ္မတ Benjamin Franklin  ရဲ ့မျက်နှာက တစ်ခြမ်းက ထူပိ်န်းပိန်းဖြစ်နေပြီး တစ်ခြမ်းက ခပ်ပါးပါးဖြစ်နေတယ် ။

ကျမကိုဒေါ်လာ အတု သုံးရွက်ပေးတာဘဲ ။ အတုတောင် အဆင့်မမှီတဲ့ အတု ။

အိုကေ ။ ရှိစေတော့ ။

ကျမကို လူတွေဝိုင်းထားလိုက်ကတည်းက တစ်ခုခုဘဲဆိုတာကို ကြိုတွက်ထားပြီးသား ။

ကျမ တစ်ချက်ပြုံးလိုက်ရင်း သူ ့ဒေါ်လာတွေ ပြန်ကမ်းပေးလိုက်ပါတယ် ။

” ကျမက ပစ္စည်းအမှန်ဘဲ လိုချင်တာ ဒီကနေ SUN FAR ကိုတိုက်ရိုက်သွားပြီး လေယာဉ်လက်မှတ် ဝယ်မှာမို ့လို ့”

သူ ဘာမှ ဆက်မပြောပါဘူး ။ ခဏစောင့်ဆိုပြီးပြန်ထွက်သွားပါတယ် ။ ကျန်ခဲ့တဲ့ လူခြောက်ယောက်ထဲက ကောင်လေးတစ်ယောက်က

” ကျွန်တော်တို ့က တစ်ဆင့်ယူပြီး ပြန်လုပ်တာ အမ.. ဒါ့ကြောင့် တစ်ခါတစ်လေ ပစ္စည်းက အဲ့ဒီလိုဘဲ အထေ့အငေါ့လေးတွေရှိတတ်ပါတယ် ”

ကျမ သူ ့ကိုခပ်တည်တည်နဲ ့တစ်ချက်စိုက်ကြည့်လိုက်ရင်း

” အင်းပေါ့ ခုခောတ်မှာ စီးပွားရေးကို လည်သလိုလုပ်စားနေကြရတာဘဲ မဟုတ်လား ”

ကောင်လေး ဘာမှဆက်မပြော ။ ကျန်လူများကတော့ စကားတွေဖောင်ဖွဲ ့နေကြလေရဲ ့။

သူတို ့တစ်ဖွဲ ့တည်းဆိုတဲ ့ပုံတွေ မပြပေမဲ့ ကျမကတော့ ရိပ်မိပြီးသားပါ ။

ငါးမီးနစ်ခန် ့ကြာပြီးနောက် ဟိုလူပြန်ရောက်လာပြီး ကျမကို တစ်ရာတန်သုံးရွက်ကမ်းပေးပါတယ်။  စစ်ကြည့်လိုက်တော့ အနည်းငယ်နွမ်းနေပေမဲ့ ဒီတစ်ခါတော့ လုံးဝ အမှန် ။

ဒါနဲ ့ ကျမ လက်ကိုင်အိတ်ထဲက တစ်ထောင်တန် သုံးအုပ် (ဘဏ်အုပ် ) ထုတ်ပေးလိုက်ပါတယ် ။

အဲ့ဒီလူက လှမ်းယူပြီး ဘေးနားက လူတွေကို တစ်အုပ်စီ ပစ်ပေးလိုက်ပါတယ် ။ ငွေစစ်ဖို ့ပါ ။

” အမ ကျွန်တော့ ဒေါ်လာကို နံပါတ်လေးမှတ်ချင်လို ့ဝိုင်းမှတ်ပေးပါဦး ”

သူကတစ်ရွက် ကျမက နှစ်ရွက်နံပါတ်မှတ်ပြီး သုံးရွက်လုံး ကျမလက်ထဲမှာ ပြန်ယူထားပါတယ် ။

” ကျွန်တော်တို ့စစ်ပြီးပြီ အမ ဒီတစ်အုပ်က နှစ်သောင်းလျော့တယ် ”

” ဒီတစ်အုပ်က နှစ်သောင်းခြောက်ထောင်လျော့တယ် ”

” ဒီတစ်အုပ်က တစ်သောင်းနှစ်ထောင်လျော့တယ် ”

ဆိုပြီး တစ်ထောင်တန် သုံးအုပ် ပြန်ထိုးပေးပါတယ် ။

” ဟိုက် ” ( Candle ရဲ ့ အသံတိတ် အာမေဋိတ် )

အဲ့ဒီမှာ စတွေ ့တာဘဲ ။  စပ်စုချင်အုံး မိ Candle ရေ ။

တစ်ခုလိမ်လို ့မရတော့ နောက်တစ်ခု ရိုက်ပြီဘဲ ။

ကျမ အေးဆေးတည်ငြိမ်စွာဘဲ သူတို ့ကိုတစ်ချက်ပြုံးပြလိုက်တယ် ။ ( တစ်ကယ်တော့ ရင်ဘတ်ထဲမှာ ဗြောင်းဆန်နေပြီ ။ ဒေါသစိတ်ရော ။ ကြောက်စိတ်ရော ။

 ” ကျမ ရိုးမဘဏ်ကထုတ်လာတာ တစ်နာရီဘဲကြာသေးတယ်..အဲ့ဒီမှာလဲ အသေအချာ စစ်လာပြီးသား လျော့နေတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ”

 ” အမရှေ ့တင်ဘဲ အခုစစ်လိုက်တာလေ ”

 ” ငါးသောင်းရှစ်ထောင် ထပ်ဖြည့်ပေးပါ အမ ”

မြတ်စွာဘုရား  ။ တစ်ယောက်တစ်ပေါက်ဝိုင်းပြောကြပြီ ။

သူတို ့ ကျမ ပိုက်ဆံ ငါးသောင်းကျော် နှုတ်ယူထားလိုက်ပြီး အသေအချာဘဲ ဝိုင်းပြီးရိုက်စားလုပ်နေကြပါပေါ့လား ။

ကျမ ဘာလုပ်ရမလဲ ။ ဒီနေရာမှာ အကြောက်အကန် ငြင်းနေလို ့ အကျိုးမရှိနိုင်တော့ ။

အားလုံးက ဝိုင်းထားကြတယ်လေ ။ ရယ်စရာတော့ အကောင်းသား ။

မိန်းကလေး တစ်ယောက်တည်းကို ယောက်ျားရင့်မကြီး ခုနှစ်ယောက်က ဝိုင်းလိမ်နေကြတာ ။

ထွက်ပေါက်မရှိအောင်လည်း ဝိုင်းပိတ်ပြီး ထိုင်ထားကြသေးတယ် ။

မတတ်နိုင် ။

” ဒီမှာ ငါက နင်တို ့ကို လာလိမ်နေတာ မဟုတ်ဘူး ”

” တစ်ကယ်တော့ ငါမှန်တယ်ဆိုတာ နင်တို ့ရော ငါရော သိပြီးသား..ငါ့မှာ အပိုပိုက်ဆံလဲ ပါမလာဘူး ”

” နင်တို ့ပြောတဲ့ငွေကို ထပ်လိုချင်တယ်ဆိုရင် ခဏစောင့်..ငါ့ အစ်ကိုဆီ ဖုန်းခေါ်ပြီး လာပေးခိုင်းလိုက်မယ် ”

ကျမ အနီးမှ အများသုံးဖုန်းဆိုင်လေးဆီသို ့ထထွက်လာခဲ့ပါတယ် ။

သူတို ့ကယောင်လည်လည်နဲ ့ကျမရဲ ့မလှမ်းမကမ်းမှာ ။

အမှန် ကျမလက်ကိုင်အိတ်ထဲတွင် ဖုန်းပါသော်လည်း သူတို ့ရှေ ့တွင်ဖုန်းပြော၍မဖြစ် ။  အိမ်ကို ဖုန်းခေါ်ပြီး ကျမရဲ ့အမျိုးသား ( ရင့်ကျက်အေးချမ်းလှတဲ့ ) အိမ်ဦးနတ် ကို တိုတိုတုတ်တုတ် ရှင်းပြလိုက်တယ်ဆိုရင်ဘဲ သူက

” အန္တရာယ်များတယ် ထားခဲ့လိုက်တော့တဲ့..ညနေမှ လက်မှတ်ဝယ်..ကျန်နေတဲ့ ကိုယ့်ပိုက်ဆံ ကိုယ်ယူပြီး ကားငှါးပြန်လာခဲ့တော့တဲ့..”

ကျမ ဖုန်းချလိုက်တယ် ။ စက္ကန် ့ပိုင်းအတွင်း အပြေးအလွှား စဉ်းစားရပြီ ။

မတရားသဖြင့် ဝိုင်းအနိုင်ကျင့်တာခံရမှာလား ။ မဖြစ်နိုင် ။ ကျမရဲ ့စိတ်ဓာတ်ကို အလဲထိုးမခံနိုင် ။ ကျမ ဆုံးဖြတ်ချက်တစ်ခု ချပြီး ခုန နေရာကို ခပ်တည်တည်နဲ ့ပြန်လျှောက်လာခဲ့တယ် ။

” ငါ့အစ်ကိုက အခု စခန်းမှာ တာဝန်ချိန်ဖြစ်နေလို ့မလာနိုင်ဘူး .. ငါ့ လက်မှတ်ကလဲ အခုဝယ်မှ ဖြစ်တော့မယ်..”

” ငါ့ ပိုက်ဆံကို အတိအကျပြန်ပေးမလား..ဒေါ်လာသုံးရာဘဲ ငါယူသွားရမလား ..ကြိုက်တာရွေး..သေချာတာကတော့ နင်တို ့ကိုငါတစ်ပြားမှထပ်မပေးနိုင်တော့ဘူး ”

အဲဒီတော့ ငနဲသားက

” အမ လက်မှတ်ကို ဒေါ်လာယူပြီး အရင်သွားဝယ်လိုက်ပါ..ပြန်လာမှ ဒီကိစ္စကို ဒီမှာဆက်ဆွေးနွေးကြတာပေါ့ ”

မဆိုးဘူးဘဲ ။

” ဒါပေမဲ့ ကျွန်တော့်တို ့ပစ္စည်းမှန်ကြောင်းကိုတော့ သေချာအောင် လူတစ်ယောက်ထည့်ပေးလိုက်မယ် ” ( သူတို ့ကိုပြန်လိမ်မှာတော့ ကြောက်သားနော် )

” ရတယ်လေ..ပြီးရင် ငါ ဒီနေရာကို ပြန်လာခဲ့မယ် ”

ကျမ ဆူးလေ ပန်းခြံကနေ SUN FAR ကို ငါးမီးနစ် လမ်းလျှောက်ရင် ရနို်င်ပေမဲ့ တစ်ထောင်ကျပ် ပေးပြီး တက္ကဆီ ငှါးလို်က်ရပါတယ် ။

ဘေးနားမှာ သူတို ့ထည့်ပေးလိုက်တဲ့ အဖော်တစ်ယောက်နဲ ့ပါ ။

လျောလျောရှူရှူ လက်မှတ်ဝယ်အပြီး ခုနနေရာကို လမ်းလျောက်ပြန်ခဲ့ကြပါတယ် ။

အဲ့ဒီ အဖော်ကို လမ်းမှာ အစ်အောက်မေးကြည့်လိုက်တော့ သူ ့နာမည်က ကိုခင်မောင်လတ်  (ph.0943063874 ) ။  ကျမကို ဦးဆောင်ပြီးလိမ်တဲ့သူနာမည်က ညီညီနိုင် ( နာမည်ပြောင်းထားခြင်းလည်း ဖြစ်နိုင်ပါသည် ) ။

အိုကေ ။  ကျမဘက်က ရှစ်ဆယ်ရာခိုင်နှုံန်းတော့ နိုင်နေပြီ ။

ဟန်ကိုယ့်ဖို ့နဲ ့မာန်ဆက်တင်း ရတော့မှာပေါ့ ။

” ကဲ ..ညီညီနိုင် ဘာဆက်ဆွေးနွေးမလဲပြော ”  ( သူ ့နာမည် တပ်ခေါ်လိုက်တော့ ဘေးက အဖော်ကို ဆက်ကနဲ တစ်ချက်ကြည့်လိုက်တယ် )

” အမ ပိုက်ဆံ ငါးသောင်းကျော်လုံး မဖြည့်ပေးနိုင်ရင်တောင် ကျွန်တော်တို ့ကို နှစ်သောင်းလောက်တော့ ထပ်ပေးပါ ”

” ပြောပြီးပြီ ..တစ်ပြားမှထပ်မပေးနိုင်ဘူးလို ့..နင်တို ့ ငါ့ကို ဒီနေရာကနေ သွားခွင့်မပေးရင်တော့..ငါ့ အစ်ကိုကိုမဖြစ်မနေ ထပ်ပြီး ဖုန်းခေါ်ရလိမ့်မယ် ”

ကျမ အခုမှ လက်ကိုင်အိတ်ထဲက ဖုန်းကို ထုတ်ယူလို်က်ပါတယ် ။

” အမ ရယ် .. အမ အစ်ကို ဆိုတာနဲ ့တော့ ခဏခဏ မခြိမ်းခြောက်ပါနဲ ့..ကျွန်တော်တို ့က ရမလားလို ့ထပ်ပြီးညှိကြည့်တာပါ ..မရရင်လည်း ကိစ္စမရှိပါဘူး အမ သွားလို ့ရပါတယ် ”

” ကျေးဇူးတင်ပါတယ် ”  ဟုပြောပြီး ထိုနေရာမှ ကျမ လှည့်ထွက်ခဲ့ပါတော့တယ် ။

အဓိပတိ အထူးလိုင်းကား ထိုးဆိုက်လာတာနဲ ့ချက်ချင်း ကားပေါ်တက်ထိုင်လိုက်တယ် ဆိုရင်ဘဲ ဒူးတွေရော လက်တွေပါ တဆတ်ဆတ် တုန်နေပါတော့တယ် ။

 

 မှတ်ချက် ။   ။  လွန်ခဲ့သော တစ်နှစ်ခွဲမှ ကိုယ်တွေ ့ဖြစ်ရပ်မှန် ။

ယခုတော့ ဒေါ်လာ အရောင်း အဝယ်စင်တာများနှင့် ပို၍ အဆင်ပြေနေပြီဟုသိရပါသည် ။

Candle ပြောခဲ့သော တာဝန်ချိန်နှင့် အစ်ကို ဆိုသည်မှာ Candle ၏ ဖိန် ့လုံး သက်သက်သာဖြစ်ပါသည်။ ။

28 comments

  • ဦး ကြိမ်

    July 15, 2013 at 7:42 pm

    တော်လိုက်တာဗျာ….အတုယူကြရမယ်ဗျို ့….။

    • candle .

      July 16, 2013 at 6:04 pm

      လိမ်တဲ့သူတွေကိုပြောတာလား ဖိန် ့ခဲ့တဲ့ သူကိုပြောတာလား 😛
      ပထမဆုံး ဝင်ရောက် အားပေးသွားတဲ့
      ဦးကြိမ် ကိုကျေးဇူးအများကြီးတင်ပါတယ် ။

  • အလင်း ဆက်

    July 15, 2013 at 8:38 pm

    အဲဒီနေရာ မှာ.. ငွေ လဲ ဖူးတယ် ။
    လိမ်ဆင်တွေ အမျိုးမျိုး ကြုံ ရ လွန်းလို ့…
    နောက်ဆို..
    အဲဒီနေရာကို မသွား ရဲတော့ဘူး ။

    • candle .

      July 16, 2013 at 6:08 pm

      သူတို ့က ဈေးပိုပေးတော့
      လောဘဝင်မိသွားတာ အလက်ဆင်းရေ
      candle အထင်တော့ တစ်ယောက်လာရင် တစ်မျိုးနဲ ့မရိုးအောင် လိမ်နေကြပုံရပါတယ် ။

  • kyaw hteik

    July 15, 2013 at 10:44 pm

    မဟုတ်​မခံစိတ်​ဓာတ်နဲ့ သတ္တိ​ကို ​လေးစားချီးကျူးပါတယ်​။ဒါ​ပေမယ်​့ကိုယ်​့အန္တရာယ်​ကို​တော့ အမြဲသတိ
    ထားပြီး တုံ့ပြန်​ပါ ခင်​ဗျာ။

    • candle .

      July 16, 2013 at 6:13 pm

      သတိပေးလို ့ကျေးဇူးပါ ကိုကျော်ထိုက်ရေ
      နောက်တစ်ခါတော့ ဆင်ခြင်ပါ့မယ် ။

  • Ma Ma

    July 16, 2013 at 9:06 am

    များသောအားဖြင့် လိမ်တဲ့လူတွေက လူကဲခပ်ပညာလည်းတော်ကြတယ်။
    တစ်ခုစဉ်းစားမိတာ….. ဟိတ်ဟန်နဲ့ပြောနေတုန်း အသံတုန်မသွားတာ ကံကောင်းတယ်။
    ကိုယ်တိုင်သာဆို အဲလိုလိမ်ညာတတ်တာ သိနေလို့ ဘယ်လိုနည်းနဲ့ စည်းရုံးစည်းရုံး စမ်းကို မစမ်းကြည့်ရဲတာ။

    • candle .

      July 16, 2013 at 6:20 pm

      ဟုတ်တယ် မမ ရေ ။
      ကြုံလာမှတော့ ရှင်းရတော့မှာဘဲဆိုပြီး အားတင်းခဲ့ရတာ
      အခုပြန်တွေးမိရင်တောင်ရင်တုန်နေတုန်းရယ် ။

  • Ko Kaung

    July 16, 2013 at 9:18 am

    “မရဲသော်လည်း ပြေးခဲစေ”
    .. ဆိုတဲ့ စကားကို လက်တွေ့ ဖတ်လိုက်ရတာပဲဗျ။
    တကယ်ကို တော်ပါပေတယ် မကန်ဒယ်။
    အထင်ကို ဆက်ပြောရရင် အိမ်ပြန်ရောက်တဲ့အခါ ခပ်ပြုံးပြုံး မျက်နှာပေးနဲ့ အိမ်ဦးနတ်ကို ကြွားလုံး ထုတ်ဦးမယ် ထင်တယ်။
    နောက်တာပါ …။
    ရန်ကုန်မှာ လူလိမ်တွေက အတော်ပေါသဗျ။
    ဖိန့်လုံး၊ ဟန့်လုံး၊ ခြောက်လုံးတွေနဲ့ လုပ်စားနေကြတာများတယ်။
    ဒီလူတွေထက် ပိုဖိန့်နိုင်၊ ဟန့်နိုင်၊ ခြောက်နိုင်ရင်တော့ နိုင်ပါတယ်။

    • candle .

      July 16, 2013 at 6:31 pm

      Ko Kaung ရဲ ့အထင် မှန်ပါ့ရှင် ။
      အိမ်ဦးနတ်ကိုခပ်မိန် ့မိန် ့ဘဲကြွားပစ်လိုက်တာပေါ့ ဘာရမလဲ ဟဲဟဲ ။

      • မဟာရာဇာ အံစာတုံး

        July 16, 2013 at 6:44 pm

        တား .. တား .. တားအထင်ရော ..
        မှန်ဒလားဟင်င် …
        (ဟကောင် … မင်းက ဘာထင်လို့ မှန်ဒလား မေးနေရဒါဒုံးဟ)
        :mrgreen: :mrgreen:

        • candle .

          July 16, 2013 at 7:00 pm

          အယ်..သကြားပုလင်း အံစာ
          ကလး က.. ကလေးလိုဘဲနေမှပေါ့ကွယ် ..
          (ကြုံတုန်းလေး နှက်လိုက်ထှာ ) 😛

  • kyeemite

    July 16, 2013 at 10:55 am

    ကောင်းပါလေ့ဗျာ…အဲလိုသတ္တိရှိတာမျိုး..

    • candle .

      July 16, 2013 at 6:17 pm

      တစ်ကယ်တော့ သတ္တိရှိခဲ့တာ မဟုတ်ပါဘူး ကို kyeemite ရေ
      ချောင်ပိတ်အရိုက်ခံရလို ့ပြန်ကိုက်ခဲ့ရတဲ့ သဘောပါ ။

  • Garfield

    July 16, 2013 at 11:21 am

    ကံသီလို့ပါလားးးးး
    ဖြတ်ထိုးဉာဏ် အတော်ကောင်းပေလို့ပဲ။ 🙂

    • candle .

      July 16, 2013 at 6:25 pm

      ရုတ်တရက်ပေါ်လာတဲ့အကြံအတိုင်း လှုပ်ရှားခဲ့ရပေမဲ့
      မုသာဝါဒ ကံတစ်ပါး ကိုအသေအချာချိုးဖောက်ခဲ့ရလို ့
      စိတ်ထဲတော့ ကသိကအောက်နိုင်လွန်းလှပါတယ် ကို Garfield ရယ် ။

  • ခင် ခ

    July 16, 2013 at 1:43 pm

    အဲဒီနားက လူတွေက အတော်မလွဲတာတော့ အမှန်ဘဲဗျာ။
    ကျွန်တော် အသိမိတ်ဆွေတစ်ယောက်လည်း ဒေါ်လာ ရောင်းမယ်ဆိုပြီး ဈေးမေးတော့ သူတို့ပြောတဲ့ဈေး ကြိုက်တာနဲ့ မိတ်ဆွေကရောင်းမယ်ဆိုပြီး ဒေါ်လာ ၁ဝ ရွက်ထုတ်ပေးတယ်၊ အဲဒီ ၁ဝ ရွက် လှမ်းယူပြီး ပိုက်ဆံမပြည့်လို့ ခဏလေးသွားယူနေတယ် ဆိုပြီးစောင့်ခိုင်းထားရာက နောက်တစ်ယောက်လာတော့ အခုလေးတင်ဈေးပြောင်းသွားလို့ ဘယ်လောက်ဘဲပေးတော့မယ်ဖြစ်ရော။ အဲဒါနဲ့ မိတ်ဆွေကလည်း မရောင်းတော့ဘူးဆိုပြီး ခုန ဒေါ်လာ ၁ဝ ရွက်ဘဲပြန်ပေးဆိုတော့ ခုနပေးတဲ့ထဲက ၂ ရွက်က အနွမ်းပြန် ပါလာလို့ ပေးထားတဲ့အတိုင်းမဟုတ်ဘူး မိတ်ဆွေကပြောတာကို ဟုတ်ပါတယ် အတင်းငြင်းတယ်လေ၊ ဒါနဲ့ဘဲ မိတ်ဆွေက အိတ်ထဲကစာအုပ်လေးထုတ်ပြီး ဒီမှာနံပါတ်မှတ်ထားတယ် မဟုတ်ဘူးလို့ပြောတော့ ဟိုလူဆီမှာလို ဒီလိုဆီမှာလိုလုပ်နေလို့ မင်တို့ဒီနေရာမှာ အေးဆေးဆက်လုပ်စားချင်ရင် ပြန်လဲပေး လိုက်ပါ ဝင်ပြောတော့ ခင်ဗျကဘဲကလဲတဲ့ ဘယ်ကလဲမနေနဲ့ သိချင်ရင်လိုက်ခဲ့ ငါအခု အဲဒီ တရားရုံးချုပ်သွားမှာလို့ပြောတော့မှ ခဏလေး ပြန်ကြည့်လိုက်အုံးမယ်ဆိုပြီး အိတ်ထဲက ပြန်ထုတ်ပေး တယ်၊ အဲလိုဘဲဗျ – ၃-၄ နှစ်လောက်ကပါ။( အမှန်တော့ တရားရုံးချုပ်မှာ အသိရှိလို့ ဝင်လည်မလို့ပါ )။

    • candle .

      July 16, 2013 at 6:42 pm

      အဲ့ဒီနားမှာ ဝင်မလာနဲ ့ရတဲ့နည်းနဲ ့ရိုက်မယ်ဆိုတဲ့သူတွေချည်းဘဲထင်ပါတယ် ကိုခင်ခ ရယ် ။
      နောက်ကြုံ မှ ကျောက်နဲ ့ပတ်သတ်ပြီး candle ရဲ ့အိမ်ဦးနတ်လည်း ခံရမလိုဖြစ်ခဲ့တာလေးကို တင်ပါဦးမယ် ။

  • kotun winlatt

    July 16, 2013 at 7:56 pm

    လာဖတ်သွားပါ၏…အင်းးးကင်ဒယ်ဆိုတော့…ကျနော်ရဲ့ အဖွဲ့ဝင်များ ဖြစ်နေလားးလို့…ဟဲဟဲ..
    ကျနော်တို့ အဖွဲ့လေးနာမည်က One Candle လေ…. အတင်းကြော်ငြာဝင်ပြီ…..။

    • candle .

      July 17, 2013 at 6:05 pm

      ဘာ့ကြောင့်ဘဲ လာဖတ်ဖတ်
      အားပေးသွားတဲ့ ကိုထွန်းဝင်းလတ်ကို ကျေးဇူးတင်ပါတယ် ။
      one candle အဖွဲ ့ရဲ ့ပရဟိတ အလုပ်တွေ အလှူတွေအကြောင်းကိုတော့
      ကြေငြာမဝင်ခင်ကတည်းက ကြားဖူးနေလို ့လေးစား အားကျနေခဲ့ရတာပါ ။

    • candle .

      July 17, 2013 at 6:08 pm

      ရင်ထဲမှာတော့ အရမ်းကြောက်နေခဲ့ရတာပါ အံတီ ပဒုမ္မာရယ် ။

  • ဦးကြောင်ကြီး

    July 17, 2013 at 9:13 am

    ကံဒယ်
    ရန်စွယ်
    မြန်တယ်
    ဆံငယ်
    နာမ်သယ်
    ညဏ်ရှယ်
    ဘဏ်ဝယ်
    လျှံအယ်…

    • candle .

      July 17, 2013 at 6:17 pm

      ကံဒယ်
      ဘဏ်ဝယ်
      လျှံအယ် နေလျှင်တော့
      အမှန်ကိုဝယ်ပစ်လိုက်မယ်.. ( ဒို ့ရွာသူားတွေအတွက် အိုင်ဖိုက် တစ်ယောက်တစ်လုံး ) 😛
      အားပေးသွားတဲ့ ဦးကြောင်ကြီး ကိုလည်းကျေးဇူး အများကြီးတင်ပါတယ်နော် ။

  • Nyein Nyein

    July 17, 2013 at 6:31 pm

    မမ candle ရေ.. ကြုံလာတဲ့ ပြဿနာကို ဖြတ်ထိုးဉာဏ်နဲ့ ဖြေရှင်းသွားတာ တကယ်ကို ပညာရပါတယ်။ ဖိန့်လုံးနဲ့ ဖြေရှင်းခဲ့တယ်ပြောလည်း တကယ်ကြုံလာရင် အဲလိုဖြေရှင်းနိုင်ဖို့ မလွယ်ဘူးလို့ ထင်တာပဲ။

    • candle .

      July 19, 2013 at 10:13 am

      ဝင်ရောက် အားပေးသွားတဲ့ Nyine Nyine ကိုကျေးဇူးအများကြီးတင်ပါတယ်နော် ။

  • DEPARKO DEPARKO

    July 17, 2013 at 7:40 pm

    လောဘသားကောင်များကိုနည်းအမျိုးမျိုးနဲ့လိမ်နေကြတာပါ ဝယ်ဈေးကိုလည်း သားကောင်အကြိုက် ဈေးပေး
    ပြီးမှ မပြည့်တဲ့ထောင်အုပ်နဲ့အလုပ်လုပ် ရောင်းဈေးကိုလည်းလျှော့ပြော ပြီးတော့အတုနဲ့ရော
    ဒေါ်လာကိုမှန်မှန်ကန်ကန်အရောင်းအဝယ်လုပ်လိုလျှင်
    ၁။ ဟယ်ဗင်လမ်း ထိုင်းနိုင်ငံသံရုံးအနောက်
    ခြံအမှတ်၇၄ မနော်ဟရီလမ်း ဒဂုံမြို့နယ် ph 098624593 0973060919 095169197 01218148
    မှာဒေါ်လာဈေးနှုန်းကိုလည်း အချိန်နဲ့တပြေးညီစုံစမ်းလို့ရတဲ့ ဝ၈၀၀-၀၇၃၀pm
    Northern Breeze Art Gallery EXCHANGE SERVICES ပါ
    ၂။ ဗိုလ်ချုပ်ဈေး အောက်ထပ် ကောက်ရိုးပန်းချီတန်း မှာ မေးရင် ဒေါ်လာအရောင်းအဝယ်လုပ်နေတဲ့ကောင်လေးကိုညွှန်ပြပါလိမ့်မယ် သူကနှစ်ရှည်လများနိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေတဲ့ စိတ်ချရတဲ့ကောင်လေးပါ ပေါက်ဈေးအမှန်ရပါလိမ့်မယ် ဗိုလ်ချုပ်ဈေးလိုနေရာမှာက မဟုတ်တဲ့သူနေရာမရဘူး
    ဆူးလေတဝိုက်ကတော့ လောဘသားတွေကိုကျုံးသွင်းပြီး နေအေးဓါးပြတွေကြီးစိုးနေတဲ့နေရာဆိုတော့ လူကောင်းတော်တော်များများရှောင်ကြပါတယ်။

    • candle .

      July 19, 2013 at 10:18 am

      ကျေးဇူးပါ Deparko နောက်ဆို ဆူးလေနားမှာ
      မဖြစ်မနေ အလုပ်ကိစ္စရှိရင်တောင် အတော်လေးသတိထားရတော့မှာဘဲလေ ။
      ကိုယ်တွေ ့သင်ခန်းစာလေးပေါ့ ။

Leave a Reply