ကျွန်တော်နှင့်ဂေါက်

        တနေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် ထင်းရှုးပင်အောက်၌ ပက်လက်ကုလားထိုင်တလုံး၊ စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်နှင့် ဇိမ်ကျနေစဉ် အိမ်ဘေးမှကလေးက အလိုက်မသိစွာ လာရောက် ၍ မေးခွန်းများစွာမေးမြန်း ရင်း နှောင့်ယှက်လေ၏။ ကျွန်ုပ်မှာလည်း ကျောင်းဆရာ ဥာဉ်ကိုမဖျောက်နိုင်ပဲ ကလေးအား အခါအခွင့်သင့်ခိုက် ဆရာကြီးလုပ် ဖြေကြားလေ၏။ “ဘဘ”  (သေဟငါ့နှယ် ) “ဟေ့ကောင် ငါ အဲလောက်မကြီးသေးဘူးကွ ။ မိန်းမတောင် မရသေးဘူးကွ၊”

“အဲတာနဲ့တော့ ဘာမှမဆိုင်ပါဘူးဂျာ ကိုယ့်ဟာကို ကုန်ဈေးနုန်း ကြောက်ပြီး မိန်းမ မယူ ရဲတာများ” “အသက်ကဖြင့် အနော်မသိတာ ကျနေတာပဲ”

“အေးပါကွာ မင်းခေါ်ချင်သလိုခေါ်ပါတော့”

“အင်းပါဦးဦးရာ၊” “ဟောလုပ်ပြီ၊”

“သားက ဦး အားနာလို့ပါ ပြီးတော့ မေးစရာလည်းရှိတော့ လျှော့ပေးရမယ် မှုတ်လား၊  ဒါမှ ဦးက ဖြေချင်မှာပေါ့ နောဂျာ”

“အေးပါကွာ ဘာမေးချင်လို့လဲ မေး၊ ဦးမသိတာက ခပ်ရှားရှားကွ ၊ သမ္မတကြီးတောင် အကြံပေး ခန့်မလို့ ငါငြင်းထားလို့ကွ”

“ဟာဂျာ၊ အငြင်ကပ်အောင်လုပ်နဲ့၊ လူကြီးတွေများ နည်းနည်း မျက်နှာသာပေးတာနဲ့ ဇာတိကပြလာပြီ၊ တော်ပြီ မေးတော့ဝူး၊ ကိုယ့်ဟာကိုယ် အင်တာနက်မှာ သွားရှာတော့မယ်၊ အခုက တားမေမေက တား အင်တာနက်ပဲ ကြည့်နေလို့ ပိုက်ဆံကုန်လွန်းလို့ တဲ့ ကဒ်ဝယ်မပေးလို့ဂျ၊ ဒီလ တားရဲ့လစ်မစ်က ပြည့်သွားလို့နော်၊”

“တားက အဲလေ သားကစိတ်ကြီးပဲ ဦးကစတာပါ မေး မေး”  “ဂေါက်သီးရိုက်တယ်ဆိုတာ ဘယ်လိုရဲ တားကိုပြောပြ ပါရား၊”

“ဒီလိုရှိတယ်ကွ တစ်ထောင်ရှစ်ရာ ရာ…”

“ ဟိုးဟိုး ….ဟိုလူကြီး ဘောပွဲကြေညာ သလို ဘုရင့်နောင်တို့ ဘာတို့ ပါလာအုံးမယ်၊ အိုင်တီခေတ်ဂျ ၊ လွှတ်တော်မှာ ဖြေတာလည်းမဟုတ်ဘူး (၈၈) မတိုင်မီ တို့ (၈၈) နောက်ပိုင်းတို့ မလုပ်နဲ့ လိုတိုရှင်းကြော၊ ဒါပြီးတားက တွားကစားရအုံးမှာ အားတာဟုတ်ဘူး”

အင်း..ငါနယ် အာချောင်ချင်တာတောင် မချောင်ရပါလားနော်၊

“ပြီးရော ပြီးရော၊ အတိုပြောရရင်ကွာ၊ တုတ်နဲ့ ဖြူဖြူအလုံးကို တွင်းလေးထဲ ဝင်အောင် ရိုက်ရတာကွာ၊ ဒါပဲ”

“အဲလို တုံးတိကြီးလဲ အလုပ်နဲ့ရေ၊  ဟိုရှေးရှေးတုန်းက ပါတီလို မဇ္မိုမ ပတိပတာ လုပ်ပါဂျ၊ ”

“မင်းကဒါလည်းသိတယ်ဟုတ်လား”

“လေ့လာထားရတာပေါ့ဂျာ”

“ကောင်းကွာ၊  ဒီလိုကွ ပထမဆုံးအချက် စရိုက်ရင်  ဂေါက်သီးကို တီလို့ခေါ်တဲ့ တင်စရာလေးပေါ်တင်ပြီး  ဒရိုင်ဘာလို့ခေါ်တဲ့တုတ်နဲ့ အားကုန်သာရိုက်ပလိုက်ဟေ့၊ အဲ နောက်ရိုက်တဲ့ အချက်တွေက အရေးကြီးလာပြီ၊ ကျင်းနဲ့ အနီးဝေး၊ မြေအနေအထား၊ လေတိုက်နုန်း၊ ကိုယ်နဲ့ရိုက်တဲ့သူ အခြေအနေ တွေအရ တုတ်အမျိုးမျိုးပြောင်းသုံး ပြီးရိုက်ရတာကွ၊ ကျင်းကသတ်မှတ်ထားတဲ့ အချက် အောက်နည်းတဲ့သူ နိုင်တာပေါ့ကွာ၊.. မင်းက ဒါလောက်မှတ်ထားရင်ရပါပြီ။” “အော်ဂလိုလား သိသလို တော့ရှိရာပြီ၊ ..ဒါနဲ့ ကိုယ်နဲ့ရိုက်တဲ့တူ အခြေအနေ ချိုတာ ဘာလဲဂျ၊”

“ ဒီလိုဟေ့ ဂေါက်သီးရိုက်ရင် ကိုယ်နိုင်တိုင်း စွတ်မရိုက်ရဘူးကွ၊ အထက်လူကြီးတို့ ကိုယ့်ကို အကျိုးပြုနိုင်တဲ့သူတို့ကို အချိန်အခါကြည့်ပြီး လျှော့ရိုက်တန်ရိုက်ရတာ ပြောတာကွ။”

“ ဦးတို့လူကြီးတွေက ရှုပ်ကိုရှုပ်ပါတယ်၊ ဒါနဲ့သူရို့က ဘာလို့ ဂေါက်ရိုက်တာကို မမတွေ ခေါ်ထားတာရဲဂျ။”

“ အဲတာကဒီလိုပါ ကျင်းတစ်ကျင်းနဲ့ တစ်ကျင်းက ဝေးတယ်မဟုတ်လား ဂေါက်အိတ်က လေးတော့ သယ်ဖို့ပေါ့၊”

“ ဟာ ဦးကရဲ တချို့က  သုံး၊လေးယောက် ရှိတာဂျ။”

“ လှည်းဆွဲဖို့က တစ်ယောက်၊ ထီးမိုးတာ တစ်ယောက်။ နောက်တယောက်က စကားပြောဖို့ ရေတိုက်ဖို့ နေမှာပေါ့ကွာ၊ ငါလည်းမသိ တော့ဘူးဟေ့၊”

“ ဂေါက်သီးဝင်အောင်ရိုက် ရတဲ့ ကျင်းက ဘယ်နှစ်ကျင်းရှိတာလဲ ဦးဦး၊”  “ကွင်းတစ်ကွင်းမှာ သတ်မှတ်တာက (၁၈) ကျင်းပေါ့၊ မြေနေရာလိုက် ပြီး (၉) ကျင်းလဲ လုပ်ကြတာပဲ။ တချို့ ကွင်းတွေဆို ကျင်း(၁၀၀) ကျော်တာတောင်ရှိတယ်တဲ့ ဟေ့။”

“ဒါနဲ့လူကြီးတွေကြောတဲ့(၁၉) ကျင်းသွားရိုက်မယ်ဆိုတာ အဲဒီကွင်း သွားတာလား၊ ဦးဦး.. သူတို့ (၁၉) ကျင်းရိုက်ရင် ညသန်းခေါင်ကျော်မှ ပြန်ရောက်တယ်တဲ့ ၊ဟိုရုံးက လူကြီးဆို သူ့မိန်းမနဲ့ အမြဲ ရန်ဖြစ်နေတာ သားတောင်သိတယ်၊”

“အာအဲဒါတော့ ဦးလဲသိဘူး သူတို့ ဘယ်ကျွင်းသွားစိမ် အဲ သွားရိုက်သလဲ ဦးသိပါဘူးကွာ၊”

“ဘာလို့ ဂေါက်ရိုက်ကြ တာလဲဟင်ဦး၊”

“ကျန်းမာရေး ပေါ့။ အမှန်တော့ လမ်းလျှောက်တာပါပဲကွာ။ အပြိုင်အဆိုင်နဲ့ ၊ဆွဲအားတွေနဲ့ ဆိုတော့ လမ်းလျှောက်ဖြစ် တာပေါ့၊”

“ ဦးရဲဘာလို့ ဂေါက်မရိုက်တာလဲ၊”  “မင်းမသိသေးပါဘူးကွာဂေါက်တံတစ်ချောင်း ဘယ်လောက်လို့ မင်းထင်လဲ၊ ဒရိုင်ဘာလို့ ခေါ်တဲ့ စစချင်းရိုက်တဲ့ တုတ်ဆို (၁၅) သိန်း လောက်ပေးမှ ရတာ၊ ကျန်တဲ့တုတ်တွေနဲ့ ပေါင်းရင် ဂေါက်အိတ်တအိတ်က အနည်းဆုံး လေးငါးဆယ်သိန်း တန်တာကွ၊ ဂေါက်သီးတလုံး သုံးလေးသောင်းကွ၊ ပျောက်ရင်လစ်ပြီ၊ နေ့တိုင်းကွင်းကြေး ၊ ကယ်ရီကြေး နဲ့တင် တရက် သောင်းဂဏန်း ဖြုန်းမှကစားလို့ ရတာကွ၊ ဦးရဲ့ လခက တရက် ငါးထောင်လောက်ရတာ ဘယ်လိုလုပ်ရိုက်နိုင်မလဲ၊ ရေပေါ်ဆီ အားကစားပါကွာ၊ ကိုယ့်ဟာကိုယ် ပင်ပေါင်ရိုက် နေတာ ကောင်းပါတယ်၊”

“ ဒါဆို ဟိုဖက်လမ်းက လူကြီးက  ဦးလောက်ရာထူး မကြီးဘူးဆို သူကြရိုက်နိုင်သားပဲ၊ ဒါကြောင့် မေမေက နောက်ဆုတ်လိုက်တာ နေမှာ”

“ဟမ်..ဟေ့ရောင်ဘာတွေ ပြောနေတာလဲ၊”

“ အမယ်ဦးက တားမတိဘူး ထင်လို့လား၊ ဟိုနေ့ကတောင် မေမေက ပြောနေသေးတယ်၊..အော် ဒါနဲ့ ဟိုတနေ့က တတင်းစာမှာ တွေ့လိုက်ပါတယ် လာဘ်ပေး လာဘ်ယူတာတွေ  တိုက်ဖျက်ဖို့ အဖွဲ့ဖွဲ့တယ်ဆို၊ သူရို့လုပ်ရမှာ လွယ်လွယ်လေးပဲ။ ဂေါက်လာရိုက်တဲ့ အရာရှိတွေ စာရင်းလုပ်ပြီး စစ်လိုက် အကုန်လုံး လွတ်မှာကိုမဟုတ်ဘူး နော ဦးဦးရာ၊”

“ ဒါကတော့ ဒီလိုလို…”

“တားသွားကချားတော့မယ်ဦးဦးရေ နောက်မှ သိချင်တာရာမေး အုံးမယ်..တာ့တာ့” ပြောပြော ပြေးပြေး၊ ပြေးထွက်သွားလေ၏၊ တောက်။။။ဟာဒီကောင်ကွာ သူ့အမေ ငါ့အကြောင်း ဘာပြောတာလဲ မမေးလိုက်ရဘူး၊ ဟင်း။ ကျွန်ုပ်လည်း ဖတ်လက်စ စာအုပ် ကောက်မကိုင်နိုင်တော့ပဲ  အတိတ်ဆီသို့နစ်မြော ရောက်ရှိ သွားလေတော့ သည်။၊ ခပ်လှမ်းလှမ်း ယူကလစ်ပင်မှ ယူကလစ်ရွက်များကား တဝဲဝဲနှင့် မြေပြင်သို့ အလုအယက် သက်ဆင်းလျှက်… အော်နွေတောင်ရောက်ပြန် ပါပကောလားးး

 

သြရချို

 

(ဘာမှဟုတ်ပါဘူးဗျာ၊ ဂေါက်ရိုက်တတ်တဲ့သူ စာရင်းတောင်းလို့ ကိုယ့်ဟာကိုယ် မရေးတတ် ရေးတတ် လျှောက်ရေးတာပါ၊ ရေးတတ်သူများ ရေးပြီးတင်ကြဗျို့ မရေးရင် အားလုံး ဒီလိုစာတွေ ချည်းပဲ ဖတ်ရမယ်မှတ်… ဟင်းဟင်း)

About awra-cho

has written 9 post in this Website..