ခိုးကူးခွေပြဿနာပြေလည်ခါနီးသော်လည်း ဝက်ဘ်ဆိုက်ကြောင့် ထုတ်လုပ်သူများ အခက်တွေ့

BaKoJuly 31, 20101min851

ပြည်တွင်းနှင့် ပြည်ပမှ လွှင့်တင်ထားသည့် အများသုံးအင်တာနက်ဝက်ဘ်ဆိုက်များတွင် ပြည်တွင်းမှ နောက်ဆုံး ထွက်ရှိသည့် တေးစီးရီးခွေများအား သုံးစွဲလျက်ရှိပြီး  အခမဲ့ကူးယူခွင့်ပေးထားသည့် ဝက်ဘ်ဆိုက်များကြောင့် ထုတ်လုပ် ရေးများဘက်မှ နစ်နာမှုများရှိနေကြောင်း သိရသည်။ “ အခုက ပြောရမယ်ဆိုရင် ထုတ်လုပ်ရေးဘက်က ဘာလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို မသိတာ။ တချို့ဝက်ဘ်ဆိုက်တွေဆို တခြားဘာကဏ္ဍမှမပါဘဲ သီချင်းတွေချည်း ခွေလိုက်၊ ခွေလိုက်တင်ကြတာ။ ဒါနဲ့ပတ်သက်ပြီး လိုက်အရေးယူရအောင်လည်း ဒီမှာက ကော်ပီရိုက်တ်က ထိထိ ရောက်ရောက်မရှိတော့ တော်တော်လေးခက်ခဲနေတယ် ” ဟု တေးထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြော သည်။ ယင်းသို့ သီချင်းအသုံးပြုသည့် ဝက်ဘ်ဆိုက်များသည် ပြည်တွင်းပြည်ပမှ လွှင့်တင်ထားသည့် ဝက်ဘ် ဆိုက်များနှင့် ဘလော့အရေအတွက်မှာ စုစုပေါင်း ၃ဝနီးပါးခန့်ရှိပြီး အချို့ဆိုက်များမှာ သီချင်း အသုံးပြုမှု ကြောင့် ကြော်ငြာဝင်ငွေဖြင့် ရပ်တည်နေမှုများလည်း ရှိနေပြီဖြစ်သည်။ “ ဒီကိစ္စကို ဘာမှလိုက်မလုပ်နိုင်သေးဘူး။ သုံးနေကြ တာသိတော့ သိတယ်။ အဲဒီဆိုက်တွေကလည်း ခံစားခွင့်ပေးကြဖို့ မဆက်သွယ်ကြတော့ ဒီဘက်ကလည်း တစ်ခုချင်း လိုက်ဆက်သွယ်ဖို့ မဖြစ်နိုင်သေးပါဘူး ” ဟု ယင်းကိစ္စနှင့်ပတ်သက်၍ ဂီတအစည်းအရုံးမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသစ်မင်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ ခိုးကူးခွေနှိမ်နှင်းရေး အထူးစီမံချက်ကြောင့် ခိုးကူးခွေဝယ်မရဖြစ်နေသော်လည်း ယင်းသို့အွန်လိုင်းမှ ရရှိမှုမှတစ်ဆင့် ပြန့်ပွားမှုများ ရှိနေဆဲဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • kopauk mandalay

    July 31, 2010 at 4:25 pm

    တစ်ချို့ဝက်ဆိုက်လေးတွေက သီချင်းကိုအပျော်တင်ကြတာပါ။
    ထွက်သမျှကိုသာ ပိုက်ဆံလိုက်တောင်းနေမယ်ဆိုရင် ပြန့်နှံ့ဘို့နည်းသွားမှာပါ။
    တကယ်ပိုက်ဆံပေးဝယ်ရမယ်ဆိုရင်ကောင်းတာမှ ဝယ်မှာပေါ့နော်.

Leave a Reply