ရင်ထဲမှာ အပြင်းပြဆုံးဆန္ဒ၊ မျှော်လင့်ချက်နဲ့ စောင့်စားနေခဲ့ရပြီး၊ ၆ လ ကြာအောင်စောင့်နေရတဲ့၊ တစ်နှစ်မှာ နှစ်ကြိမ်သာဆုံခွင့်ရတဲ့ ဂဇက်ရွာ စာပေချစ်သူများ ဆုံစည်းပွဲနှင့် ဆုပေးပွဲကို တက်ရောက်ဆင်နွှဲမယ်လို့ အားခဲထားခဲ့တာပါ။ ဒီရောဂါစတင်ခဲ့တာကလည်း ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက် ပထမအကြိမ် မန္တလေးဂဇက် အဖွဲ့ဝင်များ ဆုံစည်းပွဲမှာ နောက်တစ်ကြိမ်ကို နောက် ၆ လအကြာ မှာပြုလုပ်ပြီး ထပ်မံတွေ့ဆုံကြမယ်လို့ ပြောကြား ခဲ့ပြီး ကတည်းကပါ။

အစ်မပဒုမ္မာက Facebook မှာရော ရွာထဲမှာပါ ဖိတ်စာဝေနေပြီဆိုပြီး တင်လာချိန်မှာ ရွာသူားတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဆုံတွေ့ကြရတော့မယ် ဆိုပြီး ၀မ်းမြောက်ခဲ့မိပါတယ်။ သားငယ်လေးက သူလည်းလိုက်ချင်တယ်ဆိုလို့ ကိုချိုကြီး+၁ ဆိုပြီး စာရင်းတင်ခဲ့တာပေါ့။

ကိုကြီးပေါက်က သူ့ရဲ့ဓာတ်ပုံတွေပို့လိုက်မယ်၊ ဝေပေးပါဆိုတော့လည်းဝမ်းမြောက်ဝမ်းသာနဲ့ပေါ.။ ဆယ်အိမ်ခေါင်းမိတိုက်ကို ညီလေး ဘာလိုသေးလဲ၊ ဘာကူညီရမလဲဆိုတော့ ရပါတယ်။ wireless mic အဆင်ပြေရင်တော့ယူခဲ့ပေးပါတဲ့။ ရတာပေါ့ကိုယ်ယူခဲ့မယ်လို့။

စနေနေ့ည ၉ နာရီလောက်မှာ  မလေးရှားမှာ အလုပ်သွားလုပ်နေတဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ ကိုစိုင်းက ဖုန်းဆက်လာတယ်။ “ ငါမနက်ဖြန် ၈ နာရီလောက် ရန်ကုန်လေဆိပ်ရောက်မယ် လာကြို ပေးပါလား” “ ကျွန်တော်မနက်ဖြန် မအားဘူး၊ ကိုခိုင်ကို လာကြိုခိုင်းလိုက်မယ်” ဆိုပြီး ပြန်ဖြေ လိုက်တာပေါ့။ မနက်ဖြန် တနင်္ဂနွေနေ့ တွေ့ဆုံပွဲသွားမှာလေ။ အဲ့ဒါနဲ့ အစ်ကိုခိုင်ဆီ ဖုန်းဆက်ပြီး ကြိုဖို့ပြောလိုက်တော့။ “ ငါမင်းဆီကို ဖုန်းဆက် ခိုင်းထားတယ်လေ ဖုန်းမရဘူးလား၊ ကိုစိုင်းအမေ(ကျွန်တော်အဒေါ်) ကျန်းမာရေးအခြေအနေက သိပ်မကောင်းဘူးကွ၊ ဒါကြောင့် အလှူကို မနက်ဖြန် တနင်္ဂနွေနေ့ ပြောင်းထားတယ်လေ ကြိုဖို့တော့စီစဉ်လိုက်မယ်”တဲ့။

သွားပါပြီ အားလုံးရေစုန်မျောကုန်ပြီ ၀ါဆိုသင်္ကန်းကပ်နဲ့ တွေဆုံပွဲရက်ထပ်သွားပြီ၊ အချိန်ကလည်းတိုက်နေတယ်။ မိသားစုအားလုံးစုပြီးလုပ်တဲ့ ပွဲဖြစ်လို့ မတက်လို့ကလည်းမဖြစ်။ မဒမ်ချိုကြီးကတော့ပြောပါတယ်  သူတို့ကိုအရင် အလှူလုပ်မယ့် အစ်မအိမ်(အဲဒီအိမ်မှာ ကျွန်တော့်အမေရော၊ အဒေါ်ပါ နေကြတာပါ) ပို့ခဲ့ပြီး တွေ့ဆုံပွဲသွားလိုက်ပါလားတဲ့။ အဲဒီလိုဆိုပြန်တော့လည်း ညီအစ်ကိုမောင်နှမ ဆွေမျိုးတွေက ပြောစရာဖြစ်နေပြန်ရော။ ဒါနဲ့ မနက်စောစော ကန်တော်ကြီးသွားမယ်၊ ပေးစရာရှိတာတွေပေးပြီး အလှူသွားမယ် တရားနာရေစက်ချပြီးတာနဲ့ ထမင်းမစားတော့ပဲ တွေ့ဆုံပွဲကို   ပြန်ပြေးလာမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

မနက်အိမ်ကနေ ၇ နာရီထွက်ပါတယ်။ ကန်တော်ကြီးကို ၇ နာရီ ၃၀ လောက်ရောက်တော့ ဆယ်အိမ်ဂေါင်းရယ်၊ ကိုကြီးမိုက်ရယ် နောက်ထပ် ၂ ယောက် ၃ ယောက်လောက်တွေ့တယ်။ လောလောနဲ့ မိတ်မဆက်နိုင်ခဲ့ဘူး။ (ပြန်လာဖို့အစီအစဉ်လည်းရှိလို့ပါ) မိတိုက်ကို ကိုပေါက်ရဲ့ဓာတ်ပုံတွေ ရယ် Wireless Mic ပေးပြီး၊ ပြန်ထွက်လာခဲ့တယ်။ ယုဇနဥယျဉ်အိမ်ယာ(စစ်တောင်းရိပ်မွန်)ကို ၈ နာရီခွဲလောက်ရောက်ပြီး အလှူအတွက် ၀ိုင်းကူ လိုက် အမေနဲ့စကားပြောလိုက်လုပ်နေခဲ့တယ်။ အဒေါ်အခန်းကိုဝင်မကြည့်လိုက်မိဘူး။ ၉ နာရီ ၄၀ လောက်မှာ လေဆိပ်ကနေ ကိုစိုင်းရောက်လာတော့  သူနဲ့အတူ ၀င်လိုက်သွားမှ အဒေါ်က အသက်ကိုခဲခဲယဉ်းယဉ်းရှုနေမှန်းတွေ့ရတယ်။ ၁၀ နာရီမှာ ဘုန်းတော်ကြီးတွေကြွလာလို့ တရားနာနေတုန်း ၁၀ နာရီ ၃၀ မှာ မရီးကတိုးတိုးလေးလာပြောတယ်။ အဒေါ်ဆုံးသွားပြီတဲ့။ အသက်ကြီးပြီး ကျန်းမာရေးလည်းသိပ်မကောင်းတဲ့ အမေ ရုတ်တရက်သိမှာစိုး တာနဲ့ တရားနာဆွမ်းကျွေးကို ဟန်မပျက်ဆက်လုပ်ရင်း၊ အစ်ကိုတွေကလည်း တစ်ဖက်က ဈာပနအတွက်ကြိတ်ပြီးစီစဉ်လိုက်ပါတယ်။    မိသားစု ဆရာဝန်၊ ဆေးရုံနဲ့ သက်ဆိုင်ရာ ရုံးဌာတွေနဲ့ ဆက်သွယ်ပြီး ဈာပနကိစ္စကို လိုက်လံဆောင်ရွက်ခဲ့တာ ညနေ ၄ နာရီမှာ မီးသဂြိုလ်ပြီးခဲ့ ပါတယ်။

မီးသဂြိုလ်ဖို့ ကိစ္စတွေ စီစဉ်နေတုန်းမှာပဲ မန်းကလာတဲ့ သကြားက ဖုန်းဆက်လာပါတယ်။ ဟိတ်လူကြီး ကတိမတည်ဘူး၊ ဘာလို့ပွဲမလာတာလဲ ဆိုပြီးပြသနာရှာပါတော့တယ်။ ဘေးကနေ ခြောက်မျက်နှာက ပြောခိုင်းနေတဲ့အသံလည်း ကြားရပါတယ်။ သူတို့ကို ဖြစ်ကြောင်းကုန်စင်ရှင်းပြခဲ့ပါ တယ်။ ညီလေး ဘယ်တော့ပြန်မှာလဲဆိုတော့ ဒီညနေတဲ့။ မဆုံနိုင်တော့တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ တွေ့ဆုံပွဲကိုလည်း ဘယ်လိုမှ မရောက်နိုင်တော့ဘူးလေ။ ရွာသူားအားလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်ဆုံချင်ပေမဲ့ ဆန္ဒနဲ့ဘ၀က ထပ်တူမကျခဲ့ဘူးလေ

“   ကြုံတုန်းရွာသူားတွေကို ပြောချင်တာလေးတစ်ခုပါ၊ အဒေါ်က ငယ်စဉ်ကနေစပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့်အထိ ကွမ်းစားခဲ့လို့ ကင်ဆာရောဂါဖြစ်ခဲ့ တာပါ။ ကွမ်းစားသူများ သတိပြုဆင်ခြင်နိုင်အောင် သတိပေးတာပါ။ အဲဒီအကြောင်းကိုလည်း ကျွန်တော်ရေးပြီး တင်ပေးပါမယ်”

*  ဒီနေ့ပွဲကို မတက်လိုက်ရတဲ့အတွက် ဒီပွဲမှာ ဆုံတွေ့ကြပြီး ပျော်ရွှင်ခဲ့ကြတဲ့ သူတွေကို မနာလိုဖြစ်မိတယ်ဗျာ။

About Ko chogyi

Ko chogyi has written 32 post in this Website..