ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက် နေ့စဉ် ရုံးတက်ရုံးဆင်းနဲ့ ကိစ္စအကြောင်း ကြီးငယ် ပေါ်လာတဲ့အခါ လိုင်းကားကိုပဲ မဖြစ်မနေ အားထားပြီး စီးကြရပါတယ်။ အခုပြောချင် တာက လိုင်းကားစီးရတဲ့အခါမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာလေးပါ။
တခြားတော့မဟုတ်ပါဘူး။ လိုင်းကားမောင်းတဲ့သူတွေနဲ့ စပယ်ယာတွေ အကြောင်းပါ။ လိုင်းကားတွေဟာ ဂိတ်ကနေစထွက်တာနဲ့ ပုံမှန်အနေအထားနဲ့ မောင်းပါတယ် နောက် သူတို့ကို ရှေ့ကကားတွေ ထွက်သွားတာ အချိန်ဘယ်လောက်ကြာသွားပြီ ဆိုတာကို ပြောပြတဲ့သူတွေရှိတဲ့ မှတ်တိုင်ရောက်တာနဲ့ ရှေ့ကားထွက်သွားတာ သိပ်မကြာသေးဘူးဆိုရင်တော့ စပြီးမောင်းပါပြီ။ နောက်ကနေ ကျားလိုက်နေသလား အောက်မေ့ရတယ် အဲဒီအချိန်မှာ ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကတော့ ဘုရား တရားသာ မှတ်ပေတော့။ အဲ ရှေ့ကားကလည်း ထွက်သွားတာ အချိန်နည်းနည်းကြာသွားပြီဆိုရင်တော့ ခရီးသည် အဆင်းအတက်များတဲ့ မှတ်တိုင်မှာ အချိန် ကြာကြာရပ်ပြီး လူစောင့်ပါတယ်။ ဒီလိုစောင့်တာကြတော့လည်း ရုံးပြန်ချိန်ဆို ပြဿနာမရှိပေမယ့် မနက်ပိုင်း အလုပ်သွားချိန်ဆို အတော်ကို ဒုက္ခရောက်ပါတယ်။ အချိန်လုပြီး ပြေးလွှားနေရတဲ့အထဲ ကားကနောက်ကျတော့ ပိုဆိုးပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ နောက်ကားက သူတို့ကိုမှီလာခါနီး လှမ်းတွေ့ရပြီဆိုရင်တော့ ကားမောင်းသမားနဲ့ စပယ်ယာတွေရဲ့ ဆူညံစွာ ဆွဲဆရာရေ… နောက်ကားပါတယ် မောင်းဆိုပြီး မာရသွန် Formula one ကားပြိုင်ပွဲဝင်မောင်းနေလား အောက်မေ့ရတယ်။
တစ်စီးနဲ့တစ်စီး သူက ကျော်လိုက် ကိုယ်က ကျော်လိုက်နဲ့ လောဘတွေ ဒေါသတွေ မောဟတွေနဲ့ မောင်းနေကြတာ ပထမ လိုင်းတူကားတွေ မတွေ့ခင် မမောင်းချင်မောင်းချင် ပုံစံနဲ့များ တော်တော်လေးကို ကွာလှပါတယ်။ လိုင်းတူကားတွေ မြင်ရပြီဆိုရင်တော့ ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကတော့ ဘုရားတရားသာ တပြီး အာရုံသာပြုထားပေတော့ ဘရိတ်ကို ဆောင့်နင်းလိုက် ဝူးကနဲ ပြန်ထွက်လိုက်နဲ့မတ်တပ်ရပ်ပြီး လိုက်ပါလာတဲ့ ခရီးသည်တွေကတော့ မစားသာပါဘူး။ နောက်တစ်ချက်က ကားပေါ် ခရီးသွားများ ပြွတ်သိပ်တင်ပြီး ထပ်ထည့်ချင်တော့ ကားနည်းနည်းမောင်းလိုက် ဘရိတ်ဆောင့်နင်းလိုက်လုပ်တာ ခရီးသည်တွေမှာ ငပိသိပ် ငချဉ်သိပ် ဇကောထဲ ဇီးဖြူသီးထည့်လိမ့်သလို မြင်ယောင်သာ ကြည့်ပေတော့။ နောက်က ယာဉ်အကူ တွေကလည်း မောင်းတဲ့သူကို စိတ်ကြွလာအောင် တွန်းအားပေးတာနဲ့ ဆဲဆိုနေတာနဲ့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ နောက်ဆင်းမယ့် မှတ်တိုင်ရောက်တာနဲ့ ကားပေါ်ကနေ ကန်မချရုံတမယ် အတင်းတွန်းချပါတော့တယ်။ ကားပေါ်တက်ရင်လည်း အတူတူပါပဲ အတင်းဆွဲတင် အက်ရှင်(action) ရုပ်ရှင်ကားရိုက်နေတာနဲ့ တူနေပါတော့တယ်။ ကျွန်မတို့လို လူငယ်တွေတောင် အဆင်းအတက်ကို သတိထားနေရတာ အသက်အရွယ်ကြီးတဲ့ သူတွေ ဆိုရင်တော့ အဲဒီလိုအချိန်ဆိုရင် ဒုက္ခပါပဲလို့ စိတ်ထဲကတော့ တွေးမိပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်မရဲ့အသိတစ်ယောက် ကားပေါ်အတက်မှာ ခြေချော် လက်ချော်ဖြစ်ပြီး အသက်ဆုံးပါးခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်လမ်းက ပန်းဆိုးတန်း မှတ်တိုင်မှာပါ။ အဲဒီအချိန်မှာ မိုးကလဲရွာနေခဲ့ပါတယ်။ သူကလည်း ရုံးအဆင်းဆိုတော့ လက်တစ်ဘက်က အိတ်ကို ကိုင်ထားပြီး တစ်ဘက်က ထီးကိုကိုင်ကာ ကားပေါ်ကိုတက်ရပါတယ်။ အဲဒီအချိန်မှာ ကားပြိုင်နေတော့ ကားက အထွက်နဲ့ သူကအတက်မှာ ခြေချော်ပြီး ကားအောက်ထဲဝင်ကာ အသက်ဆုံးရှုံးခဲ့ပါတယ်။ အမှန်တကယ်က အဲဒီကားသာ ပုံမှန်အတိုင်း မှတ်တိုင်ကနေ ထွက်မယ်ဆိုရင် သူလည်း ပွန်းပဲ့ရုံလောက်ပဲ ဖြစ်မှာပါ။ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတာပါ။ သူတစ်ယောက် အသက်ဆုံးရှုံးတာထက် သားသမီးတွေမှာတော့ ကူရာမယ့် ကယ်ရာမယ့် လူမမယ်စာမမြောက်တဲ့ဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ မိခင်ဆုံးသွားတာ ကြာပြီဖြစ်တော့ ဒီအဖေပဲ အားကိုးနေရတဲ့ သားသမီး ၃ ယောက်ခမြာ ကျောင်းနေစဉ်ဘဝလေးမှာ ခိုရာမယ့် ရွှေတောင်ကြီး ပြိုကျသလို ခံစားသွားရတဲ့အဖြစ်အပျက်ကတော့ ယခုချိန်တိုင် မျက်စိထဲက မထွက်နိုင်လောက်အောင် ရင်ထဲ ဆို့နစ် ကြေကွဲခဲ့ရပါတယ်။ ကျွန်မလို ဘေးကလူတောင် ဒီလိုမျိုးခံစားခဲ့ရင် ဒီကလေးတွေရဲ့ ရင်ထဲမှာတော့ ဘယ်လိုခံစားနေရမယ်ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။ ဒီလိုမျိုးအဖြစ်အပျက်နဲ့ သေဆုံးသွားတဲ့သူတွေ ဘယ်လောက်များ ရှိနေမလဲ။ ဒါတောင် ကိုယ်သိတာ တစ်ယောက်တလေပဲ ဖြစ်နေလို့ပါ။ အပြိုင်အဆိုင် ဒေါမနဿ ကျော်တက်ကြတဲ့ကားတွေကြောင့် ခရီးသည်တွေရဲ့ အသက်ဟာ မသေသင့်ပဲ သေဆုံးပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာပေါ့။ ကိုယ့်ရဲ့ မဆင်မခြင် မောင်းနှင်မှုကြောင့် လူအများရဲ့ အသက် ကိုယ့်လက်ထဲမှာ ရှိနေပါလားဆိုတာ မေ့သွားကြပါတယ်။
နောက်တစ်ခုကတော့ ကျွန်မကိုယ်တွေ့တစ်ခုပါ ကျွန်မစီးလာတဲ့ကားက ပြိုင်မောင်း နေတဲ့ အချိန်မှာ မှတ်တိုင်ကနေ သားအမိနှစ်ယောက်တက်လာပါတယ်။ ကလေးကတော့ ၅နှစ်လောက်ပဲ ရှိဦးမှာပါ။ အဲဒီသားအမိ ကားပေါ်အတက်မှာ ကားကအတင်းထွက်တော့ ကလေးအမေမှာ ကလေးကိုချီထားပြီး တက်ရတာဆိုတော့ ကားပေါ်အရောက်မှာ ဟန်ချက်ပျက်သွားပါတယ်။ ကလေးကလဲ ကြောက်လန့်ပြီး ထငိုပါတော့တယ်။ အဲဒီမှာ ကလေးအမေက ယာဉ်အကူကို ရန်တွေ့ပါတော့တယ်။ နင်တို့ ၅ မိနစ် ၁ဝ မိနစ်လောက် နောက်ကျတော့ ဘာဖြစ်မှာမို့လို့လဲ။ အသက်ဆိုတာ အလျော်ပြန်မရဘူးတဲ့။ ငါ့ကလေး တစ်ခုခုဖြစ်သွားရင် နင်တို့က ဘယ်လို ရှင်းပေးမှာလဲတဲ့။ အဲဒီမှာ ယာဉ်အကူကလည်း ပြန်ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြောပါတယ်။ အဲဒီလိုနှစ်ဖက် ကားပေါ်မှာ အပြိုင်ပြောနေတုန်းမှာ အရပ်ဝတ်နဲ့ လူတစ်ယောက်က ယာဉ်အကူ နားကပ်ပြီး မင်းကဘာကောင်လဲ မင်းဆီမှာ စပယ်ယာလိုင်စင်ကော ရှိရဲ့လား ငါ့ကို ဘာထင်လဲတဲ့ မင်းကိုဖမ်းလို့ရတယ် ဆိုပြီး ပြောတော့ ယာဉ်အကူငြိမ်သွားပါတယ်။ အဲဒီကလေး အမေ ပြောတာ မှန်ပါတယ် သူတို့ ၅ မိနစ် ၁ဝမိနစ် နောက်ကျသွားတော့ ဘာဖြစ်မှာမို့လဲ။ သူတို့တစ်ချက် မှားသွားရင် အသက်ပါပေးရမှာက ခရီးသွားပြည်သူတွေပါ။
မထသ ယာဉ်တိုင်းမှာတော့ ရေးထားပါတယ် ယာဉ်ကို မဆင်မခြင်မောင်းရင်၊ ခရီးသွားပြည်သူကို ရိုင်းစိုင်းရင် ယာဉ်စီးခပိုတောင်းရင် တိုင်ရမယ့်ဖုန်းနံပတ်တွေ ရေးထားပါတယ်။ ဒါပေမယ့် လူတိုင်းတော့လည်း အဲဒီလိုအဖြစ်အပျက်တွေကို တိုင်ဖို့အတွက် အချိန်မရပါဘူး။ အလုပ်အတွက် နောက်ကျမှာကြောက်လို့ အချိန်မှီပြေးရ၊ အလုပ်မှာ ပင်ပန်းခဲ့လို့ နွမ်းနယ်နေကြ၊ တချို့ကျတော့လည်း ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခရောက်မှာကြောက်ကြနဲ့ ကားပေါ်ကဆင်းတာနဲ့ ကားပေါ်မှာကြုံတွေ့ခဲ့တဲ့ စိတ်အနှောင့်အယှက်တွေကို အထက်မှာဖော်ပြခဲ့တဲ့ ကိုယ်ချင်းစာတရား တွေနဲ့မေ့ပစ်ခဲ့ကြပါတယ်။
နောက်တစ်ချက်က လူကူးမျဉ်းကျားမရှိတဲ့နေရာတွေမှာ လမ်းကူးတဲ့သူတွေ သတိထား ရမယ့် အချက်ပါ။ ကျွန်မတို့ဟာ လမ်းကူးတော့မယ်ဆို စကူးတဲ့ဘက်ကရှင်းတာနဲ့ တစ်ခြမ်းအရင် ကူးပြီး လမ်းလယ်မှာရပ်ပြီးတော့ တစ်ဘက်ယဉ်ကြောရှင်းတာကို စောင့်ရပါတယ်။ အဲဒီလို စောင့်နေတဲ့အချိန်မှာ ကူးပြီးခဲ့တဲ့ ယာဉ်ကြောကိုလည်း မကြာခဏပြန်လှည့်ကြည့်ဖို့ မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်မောင်းလာတဲ့ ကားတွေ ကျော်တက်လာတဲ့ကားတွေဟာ ရုတ်တရက် လမ်းလယ်ခေါင်မှာ လူရပ်နေတာကိုတွေ့လိုက်ရင် ဘယ်လိုမှ ရှောင်လို့မရတော့ပါဘူး။ အဲတော့ လမ်းကူးရင် ကူးပြီးခဲ့တဲ့ လမ်းတစ်ဘက်ကိုလည်း မကြာခဏပြန်ကြည့်ပါ။ ငါကူးပြီးသွားပြီဆိုပြီး စိတ်ချလက်ချနဲ့ ရှေ့ကိုပဲ မကြည့်ပါနဲ့။
သူများနိုင်ငံတွေမှာဆို (စကာင်္ပူ၊ မလေးရှား) လိုင်းကားမောင်းတဲ့သူတွေဟာ ပုံမှန်အတိုင်းပဲ မောင်းကြာတာ သင်လည်း သိပြီး ဖြစ်မှာပါ။ မြန်လည်း မမြန်ဘူး နှေးလည်း မနှေးပါဘူး။ မှတ်တိုင်ရောက်ရင် ပုံမှန်ရပ်ပေးတယ်။ ခရီးသည်တွေအားလုံး ဆင်းလို့ တက်လို့ပြီးမှ ကားကို ပြန်ထွက်ပါတယ်။ ယာဉ်နောက်လိုက်လည်း မထားပါဘူး။ ကားမောင်းတဲ့သူတစ်ယောက်ပဲ ကားပေါ်မှာ ပါပါတယ်။ တက်မယ့် သူက ရှေ့တံခါးပေါက်ကနေ တက်ပြီး ယာဉ်မောင်းဘေးမှာရှိတဲ့ ပိုက်ဆံထည့်တဲ့ ပုံးထဲကို ကျသင့်ငွေထည့်ရပါတယ်။ ပုံးထဲကို ပိုက်ဆံထည့်ပြီးတဲ့အခါကျမှသာ ယာဉ်မောင်းက ဘေးမှာရှိတဲ့ လက်မှတ်ရိုက်စက်နဲ့ ရိုက်ပြီး လက်မှတ်ထုတ်ပေးပါတယ်။ လက်မှတ်စစ် တက်လာရင်တော့ အဲဒီလက်မှတ်ကို ပြရပါတယ်။ မှတ်တိုင်မဟုတ်ပဲတားရင် ယာဉ်မောင်းက လုံးဝမရပ်ပေးပါဘူး။ မှတ်တိုင်ရောက်မှသာ ရပ်ပေးပါတယ်။ တကယ်ကို လူတိုင်း စည်းကမ်းရှိကြတာပါ။ သူများနိုင်ငံကို အထင်ကြီးလို့ ပြောနေတာ မဟုတ်ပါဘူး။ အတုယူ သင့်တာကို ယူရမှာ ဖြစ်ပါတယ်။ အဲဒီလို စည်းကမ်းရှိအောင်လို့လဲ ဘယ်သူကမှ ရှောင်တခင် စစ်တာတို့၊ မှတ်တိုင်တွေမှာ တားစစ်တာတို့ မလုပ်ကြပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းရဲ့ ကိုယ်ထဲမှာ၊ ခေါင်းထဲမှာ စည်းကမ်းရှိရမယ် ဆိုတာကို သံမှိုစွဲသလို ထည့်ထားကြလို့ပါပဲ။
နောက်တစ်ချက်က သူတို့ဆီမှာ ကားပျက်လို့ လမ်းဘေးပဲရပ်ရပ်၊ အကြောင်းရှိလို့ လမ်းဘေးပဲ ရပ်ရပ် နေ့ဖြစ်စေ၊ ညဘက်ဖြစ်စေ အချက်ပြမီး သို့မဟုတ် နောက်ဘက်မီးကို ဖွင့်ထားကြပါတယ်။ မှန်ပါတယ်။ ဒါမှလည်း လမ်းပေါ်မှာ သွားနေတဲ့ကားတွေက အလွယ်တကူ မြင်နိုင်မှာပေါ့။ ကျွန်မတို့ မြန်မာနိုင်ငံမှာကတော့ အဓိကအားဖြင့် ဘုရင့်နောင်လမ်းမကြီးမှာ လမ်းဘေးရပ်ထားတဲ့ ကုန်ကားတွေ၊ ကွန်တိန်နာကားကြီးတွေကို အမြဲတမ်းမြင်တွေ့ ရပါတယ်။ ဒါပေမယ့် တစ်စီးမှ အချက်ပြမီး (သို့) နောက်မီး (သို့) ညအိပ်မီးတွေ တစ်စီးမှ မဖွင့်ထားပါဘူး။ ညဘက်တောင်မှ မဖွင့်တာ နေ့ဘက်ဆိုရင်တော့ ဝေးရောပဲ။ ဒါဟာလည်း သွားလာနေတဲ့ လမ်းပေါ်က ယာဉ်တွေအတွက် အန္တာရာယ် ရှိစေနိုင်ပါတယ်။ အိပ်ငိုက်နေတဲ့ ယာဉ်မောင်းဟာ အမှုမဲ့ အမှတ်မဲ့နဲ့ တော်ရုံ မတွေ့မြင်နိုင်ပါဘူး။ မူးပြီး မောင်းနေတဲ့သူတွေကိုတော့ မပြောပါနဲ့တော့။
အချုပ်အားဖြင့် ပြောရရင်တော့ ကျွန်မတို့နိုင်ငံမှာ လူတစ်ဦးချင်းတစ်ယောက်ချင်းရဲ့ စည်းကမ်းပိုင်းနဲ့ ပက်သက်လို့ ပြုပြင်စရာတွေ အများအပြားရှိနေပါသေးတယ်။ ယာဉ်မောင်း သူကလည်း စည်းကမ်းရှိ လမ်းကူးတဲ့သူကလဲ စည်းကမ်းရှိ ယာဉ်စီးတဲ့သူကလည်း စည်းကမ်း ကိုယ်စီ တစ်ဦးချင်းစီရဲ့ အသိစိတ် ကိုယ်စီရှိမယ်ဆိုရင် စည်းကမ်းရှိပြီး ခေတ်မှီတဲ့ နိုင်ငံတော်ကြီးဆီကို အလျှင်အမြန်ရောက်ရှိလာမယ်လို့ ကျွန်မယုံကြည်နေမိပါတော့တယ်။

မနောဖြူလေး

About manawphyulay

manawphyu lay has written 944 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။