၂၁.၇.၂၀၁၃ (တနင်္ဂနွေနေ့)

မိုးလေးက မဆိုစလောက်လေး ဖွဲဖွဲကျနေသည်။ ရာသီဥတုက အေးမြ၏။ မိုးဖွဲကြားက ကန်တော်ကြီး၏ ပတ်ဝန်းကျင်ကလည်း စိတ်ကို လန်းဆန်းစေသည်။ ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ ကျင်းပမည့်နေ့ပင် ဖြစ်ပေသည်။

Shanti စားသောက်ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် လက်ဝဲဘက်တွင် ဧည့်ကြိုကောင်တာကို တွေ့ရသည်။ တက်ရောက်မှတ်တမ်းလက်မှတ်ရေးထိုးပြီးသည်နှင့် ရွာလူကြီး ကိုပေါက် (မန္တလေး) က လက်ဆောင်ပေးသော ဓာတ်ပုံများကို လက်ခံရရှိနိုင်သည်။ ဓာတ်ပုံထည့်ထားသောမန္တလေးဂဇက်လိုဂိုပါ စာအိတ်မှာ ရွာသား ကို P Chogyi ၏ စေတနာဖြစ်၏။ (မအားလပ်သည့်ကြားက ပွဲသို့ အစောကြီးရောက်လာပြီး လက်ဆောင်များကို လာပေးသွားခြင်းဖြစ်သည်။) ထို့နောက် Green Rose စီစဉ်ထားသော “မန်းဂဇက်ချစ်သူများ၏ အမှတ်တရစုစည်းမှု (၁)” စာအုပ်များကိုလည်း ကျပ် (၂၅၀၀) ဖြင့် ၀ယ်ယူရရှိနိုင်သည်။ (မ၀ယ်မနေရ အတင်းရောင်းသည်…။)

ဧည့်ကြိုစားပွဲဘေးတွင် ပထမအကြိမ်တွေ့ဆုံပွဲကို တက်ရောက်ကြသော ရွာသူားများ အမှတ်တရလက်မှတ်ရေးထိုးထားသော ဗီနိုင်းကို ချိတ်ဆွဲထားသည်။ ဧည့်ကြိုစားပွဲအနောက်ဘက်၊ ဆိုင်နေရာအလယ်တွင် စားပွဲများဘက်သို့ မျက်နှာမူထားသော စတိတ်စင်ရှိသည်။ စတိတ်စင်၏ လက်ယာဘက်တွင် ဆုပစ္စည်းများ တင်ထားသော စားပွဲရှိပြီး ထိုစားပွဲ၏ ဘေးတွင်မူ ယခုတွေ့ဆုံပွဲအတွက် အမှတ်တရရေးနိုင်သည့် ဗီနိုင်းကို ချိတ်ဆွဲထားသည်။

နံနက် (၇) နာရီကတည်းက ရောက်ရှိပြီး အခမ်းအနားပြင်ဆင်နေသူများမှာ ဦးပါလေရာ၊ ဦးကြီးမိုက်၊ ဦးစွယ်တော်ရွက်၊ အမတ်မင်း၊ ဆယ်အိမ်မှူး နှင့် Cobra တို့ဖြစ်သည်။ ထို့နောက် သတင်းထောက် ကိုကောင်းကင် ကိုလည်း ကင်မရာတစ်လုံးနှင့် တွေ့ရပြီး ရွာသူချော ငြိမ်းငြိမ်း ကတော့ ဧည့်ကြိုနေရာတွင် ကြိုဆိုနေသည်။ (၈) နာရီခွဲအချိန်လောက်တွင် ရောက်ရှိလာသူများမှာ ဦးဆာမိ၊ အံစာတုံး၊ အလင်းဆက်၊ သိကြားမင်း ဦးမာဃ၊ လုံမလေးမွန်မွန် နှင့် လူကလေး တို့ ဖြစ်သည်။ ထို့နောက်
ရွာသူချောများဖြစ်သည့် ငြိမ်းငြိမ်း၊ လုံမလေးမွန်မွန် နှင့် လူကလေး တို့က ဖော်ရွေသောအပြုံးဖြင့် ကြိုဆိုဧည့်ခံရေးတာဝန်ကို ယူကြလေသည်။ (အဟိ) ဆယ်အိမ်မှူးကလည်း သူ၏ ဓာတ်ရှင်စက်ကို ၀င်ပေါက်တည့်တည့် သို့ ချိန်ထားလေသည်။

ပြာလောင်ခတ်အောင် အလုပ်ရှုပ်နေသူ နှစ်ယောက်ကား အလင်းဆက် နှင့် သဂျားမင်း တို့ ဖြစ်သည်။ မလာနိုင်သူများ မှာလိုက်သောကြောင့် စာအုပ်တွင် အမှတ်တရလက်မှတ်များ လိုက်ရေးခိုင်းရာမှ လက်ထဲတွင် စာအုပ် (၄) (၅) အုပ် ဖြစ်လာပြီး လာသမျှလူများကို စာအုပ်အတင်းထိုးပေးနေတော့သည်။ ထို့နောက် ရောက်လာသူများက စာအုပ်ဝယ်ပြီးသည်နှင့် အပြန်အလှန် လက်မှတ်ထိုးပေးကြရင်း ဧည့်ကြိုကောင်တာတစ်ခုလုံး နှုတ်ဆက်သံ၊ စာအုပ်ရောင်းသံ၊ လက်မှတ်ထိုးပေးသံ များဖြင့် ဆူညံနေတော့၏။

မကြာမီတွင် ရောက်ရှိလာသူကား မန်းမှာနေသော ကိုခင်ခ ဖြစ်၏။ တစ်နေ့တာအလုပ်များ များပြားသည့်ကြားကပင် ခဏတာလာရောက်ခြင်းဖြစ်သည်။ တက်ရောက်မှတ်တမ်းတွင် လက်မှတ်ထိုး၊ ကိုပေါက်၏ လက်ဆောင်ကိုယူ၊ စာအုပ်များဝယ်၊ ရောက်နေသူများအားလုံးကို နှုတ်ဆက်ပြီး ပြန်သွားသည်။ ထို့နောက် ခရမ်းရောင် ၀တ်စုံလေးနှင့် တစ်ယောက်တည်း ရောက်လာသူကား ရေငါး (Water Fish)။ နောက် ရေဆန်လမ်းက ပန်းတစ်ပွင့်ပိုင်ရှင် ဦးမျိုးသန့်နှင့် သားတော်မောင် ကောင်းကောင်း။ Easy Cook တင်ဆက်သူ အန်တီဝေ ကလည်း အပင်လေးတစ်ပင်ကို ပိုက်ပြီး ရောက်လာသည်။ အန်တီအိ အတွက်ပါတဲ့။

အစိမ်းရောင်ဝတ်စုံလေးနှင့်အိတ်ကလေးပိုက်ပြီး မိုးရွာထဲက အပြေးကလေး ရောက်လာသူကား ဥက္ကဌကြီး အန်တီဒုံ။ ရောက်လာသည်နှင့် “အန်တီ နဲ့ အန်တီမမ
အတွက် စာအုပ် (၁၂) အုပ်” ဆိုပြီး (၁၀) အုပ်ကို ဖယ်၊ (၂) အုပ်ကို လက်မှတ်ထိုးရန် ပေးပြီး ဟိုဘက်စားပွဲတွင် အလုပ်ရှုပ်နေလေတော့သည်။ နောက် ရွာလူကြီးတစ်ဦးဖြစ်သူ အဘဖော၊ စာအုပ်စီစဉ်သူ Green Rose၊ နောက် ကိုအာဂ နှင့် မနွယ်ပင် မောင်နှမ၊ မ Etone နှင့် မရွှေအိ တို့ ညီအစ်မကလည်း အသီးသီး ရောက်လာကြသည်။

ထပ်မံရောက်ရှိလာသူကတော့ မမြင်ဖူးသေးသော အစ်မတစ်ယောက်။ လက်မှတ်ထိုးစာရွက်ကို ကမ်းပေးရင်း “ဘယ်သူလဲ မသိဘူးနော်” ဟု ဆိုတော့ “ဘယ်သူလို့ ထင်လဲ” တဲ့။ ငြိမ်းငြိမ်းက သေချာကြည့်ရင်း “မမိုချို… မဟုတ်ရင်တော့ မမှီ” ဟု ဖြေလိုက်မှ “မှန်းတာ တော်လိုက်တာ..အစ်မက မမိုချိုပါ”.. တဲ့။ ထိုအချိန်တွင် အပြင်ဘက်ကို လှမ်းကြည့်ရင်း အန်တီဒုံက ပြောလိုက်သည်။

“ဟယ်..ဟိုမှာ မှီ တို့လာပြီ..”

ဟုတ်ပါသည်။ မမှီ သည် သားကလေးကို လက်ဆွဲ၊ အိမ်အပြန်ပို့စ်တုန်းက ဗိုက်ထဲတွင်သာ ရှိသေးသော သမီးလေးကို ချီပြီး ၀င်လာပါသည်။ ကားတံခါးပိတ်ရင်း အနောက်က လိုက်လာသူက မမှီ၏ ခင်ပွန်း။ မမှီတို့ကို နှုတ်ဆက်ပြီးချိန်တွင် (မုန့်ဟင်းခါးသည်) ကိုအောင်မိုးသူ ကလည်း သူငယ်ချင်း တစ်ယောက်နှင့် ရောက်လာသည်။ နောက် ကင်မရာကြီးကိုထမ်း၊ သားလေးကို လက်ဆွဲပြီး ရောက်လာသူက ကိုမှော်ဆရာ၊သူ့နောက်က မှော်ဆရာမ (နောက်တာနော်.. )။ ထို့နောက် ရွာထဲက တက်တူးဆရာ ကိုသုဝေ ကလည်း တစ်ကိုယ်တည်း ချီတက်လာသည်။ ပြုံးပြုံးလေးနှင့် ထပ်ဝင်လာသူက အန်တီအိ။ သူကြီးသမီး မချာတူး ကတော့ ဗော်ကတို ပီသစွာ မြန်မာဝတ်စုံ ၀မ်းဆက်လေးနှင့် လှနေလေသည်။

ဦးနွေဦး ကလည်း ခန့်ခန့်ကြီး ၀င်လာသည်။ ထို့နောက် ဆံပင်တိုလေးနှင့် လှနေသော မနိုဗီ။ မနိုဗီကိုမြင်တော့ အိတ်အကြီးကြီးများ ပါလေမလားဟု အသည်းအသန် လိုက်ကြည့်ပါသော်ငြား မအားလပ်သောကြောင့် မဲကိစ္စမလုပ်ခဲ့နိုင်ကြောင်း စိတ်မကောင်းစွာပြောသည်။ နောက် ရတနာပုံနေပြည်တော်သတင်းစာ၏ အယ်ဒီတာအဖွဲ့ဝင် အန်တီ နီလာစိန်၊ ပန်းဆီရောင်ဝတ်စုံလေးနှင့် အပျိုကြီး (သူပြောထားလို့) ရွာတော်ရှင်ဆူး တို့လည်း ရောက်လာသည်။

မိုးကလည်း အတော်လေး သည်းထန်စွာ ရွာနေသည်။ လူစုံလောက်ပြီဟု ထင်ရသည့်အတွက် အချိန်ကို ကြည့်လိုက်တော် နံနက် (၁၀) နာရီကျော်။ သို့နှင့် ပွဲစတော့မည်
ဖြစ်သည့်အတွက် နေရာယူပေးကြပါရန် အခမ်းအနားမှူး ရွှေတိုက်စိုးက ကြေညာသည့်အခါ အားလုံးက စကားစများဖြတ်ရင်း အဆင်ပြေသည့်နေရာတွင်
ဝင်ထိုင်ကြလေသည်။ ပွဲစတော့မည်အချိန်တွင် သတိထားမိပြီး တွေ့လိုက်ရသူများကား ကိုရဲစည် နှင့် နောက်တစ်ဦး။ နောက်မှ သိရသည်ကား သန်းကြွယ်သူဌေး ဘာသာပြန် မောင်ဘလှိုင် ဖြစ်ပါသည်တဲ့။ သို့နှင့် နံနက် (၁၀) နာရီကျော်အချိန်တွင် ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့်
မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ ကို စတင်ကျင်းပခဲ့ပါသည်။

(အပိုင်း (၂) ကို မျှော်ကြပါဦးနော်.. :) )
လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 160 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010