–

၂၁.၇.၂၀၁၃ (တနင်္ဂနွေနေ့)

မိုးလေးက မဆိုစလောက်လေး ဖွဲဖွဲကျနေသည်။ ရာသီဥတုက အေးမြ၏။ မိုးဖွဲကြားက ကန်တော်ကြီး၏ ပတ်ဝန်းကျင်ကလည်း စိတ်ကို လန်းဆန်းစေသည်။ ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ ကျင်းပမည့်နေ့ပင် ဖြစ်ပေသည်။

Shanti စားသောက်ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် လက်ဝဲဘက်တွင် ဧည့်ကြိုကောင်တာကို တွေ့ရသည်။ တက်ရောက်မှတ်တမ်းလက်မှတ်ရေးထိုးပြီးသည်နှင့် ရွာလူကြီး ကိုပေါက် (မန္တလေး) က လက်ဆောင်ပေးသော ဓာတ်ပုံများကို လက်ခံရရှိနိုင်သည်။ ဓာတ်ပုံထည့်ထားသောမန္တလေးဂဇက်လိုဂိုပါ စာအိတ်မှာ ရွာသား ကို P Chogyi ၏ စေတနာဖြစ်၏။ (မအားလပ်သည့်ကြားက ပွဲသို့ အစောကြီးရောက်လာပြီး လက်ဆောင်များကို လာပေးသွားခြင်းဖြစ်သည်။) ထို့နောက် Green Rose စီစဉ်ထားသော “မန်းဂဇက်ချစ်သူများ၏ အမှတ်တရစုစည်းမှု (၁)” စာအုပ်များကိုလည်း ကျပ် (၂၅၀၀) ဖြင့် ၀ယ်ယူရရှိနိုင်သည်။ (မ၀ယ်မနေရ အတင်းရောင်းသည်…။)

ဧည့်ကြိုစားပွဲဘေးတွင် ပထမအကြိမ်တွေ့ဆုံပွဲကို တက်ရောက်ကြသော ရွာသူားများ အမှတ်တရလက်မှတ်ရေးထိုးထားသော ဗီနိုင်းကို ချိတ်ဆွဲထားသည်။ ဧည့်ကြိုစားပွဲအနောက်ဘက်၊ ဆိုင်နေရာအလယ်တွင် စားပွဲများဘက်သို့ မျက်နှာမူထားသော စတိတ်စင်ရှိသည်။ စတိတ်စင်၏ လက်ယာဘက်တွင် ဆုပစ္စည်းများ တင်ထားသော စားပွဲရှိပြီး ထိုစားပွဲ၏ ဘေးတွင်မူ ယခုတွေ့ဆုံပွဲအတွက် အမှတ်တရရေးနိုင်သည့် ဗီနိုင်းကို ချိတ်ဆွဲထားသည်။နံနက် (၇) နာရီကတည်းက ရောက်ရှိပြီး အခမ်းအနားပြင်ဆင်နေသူများမှာ ဦးပါလေရာ၊ ဦးကြီးမိုက်၊ ဦးစွယ်တော်ရွက်၊ အမတ်မင်း၊ ဆယ်အိမ်မှူး နှင့် Cobra တို့ဖြစ်သည်။ ထို့နောက် သတင်းထောက် ကိုကောင်းကင် ကိုလည်း ကင်မရာတစ်လုံးနှင့် တွေ့ရပြီး ရွာသူချော ငြိမ်းငြိမ်း ကတော့ ဧည့်ကြိုနေရာတွင် ကြိုဆိုနေသည်။ (၈) နာရီခွဲအချိန်လောက်တွင် ရောက်ရှိလာသူများမှာ ဦးဆာမိ၊ အံစာတုံး၊ အလင်းဆက်၊ သိကြားမင်း ဦးမာဃ၊ လုံမလေးမွန်မွန် နှင့် လူကလေး တို့ ဖြစ်သည်။ ထို့နောက်
ရွာသူချောများဖြစ်သည့် ငြိမ်းငြိမ်း၊ လုံမလေးမွန်မွန် နှင့် လူကလေး တို့က ဖော်ရွေသောအပြုံးဖြင့် ကြိုဆိုဧည့်ခံရေးတာဝန်ကို ယူကြလေသည်။ (အဟိ) ဆယ်အိမ်မှူးကလည်း သူ၏ ဓာတ်ရှင်စက်ကို ၀င်ပေါက်တည့်တည့် သို့ ချိန်ထားလေသည်။

ပြာလောင်ခတ်အောင် အလုပ်ရှုပ်နေသူ နှစ်ယောက်ကား အလင်းဆက် နှင့် သဂျားမင်း တို့ ဖြစ်သည်။ မလာနိုင်သူများ မှာလိုက်သောကြောင့် စာအုပ်တွင် အမှတ်တရလက်မှတ်များ လိုက်ရေးခိုင်းရာမှ လက်ထဲတွင် စာအုပ် (၄) (၅) အုပ် ဖြစ်လာပြီး လာသမျှလူများကို စာအုပ်အတင်းထိုးပေးနေတော့သည်။ ထို့နောက် ရောက်လာသူများက စာအုပ်ဝယ်ပြီးသည်နှင့် အပြန်အလှန် လက်မှတ်ထိုးပေးကြရင်း ဧည့်ကြိုကောင်တာတစ်ခုလုံး နှုတ်ဆက်သံ၊ စာအုပ်ရောင်းသံ၊ လက်မှတ်ထိုးပေးသံ များဖြင့် ဆူညံနေတော့၏။

မကြာမီတွင် ရောက်ရှိလာသူကား မန်းမှာနေသော ကိုခင်ခ ဖြစ်၏။ တစ်နေ့တာအလုပ်များ များပြားသည့်ကြားကပင် ခဏတာလာရောက်ခြင်းဖြစ်သည်။ တက်ရောက်မှတ်တမ်းတွင် လက်မှတ်ထိုး၊ ကိုပေါက်၏ လက်ဆောင်ကိုယူ၊ စာအုပ်များဝယ်၊ ရောက်နေသူများအားလုံးကို နှုတ်ဆက်ပြီး ပြန်သွားသည်။ ထို့နောက် ခရမ်းရောင် ၀တ်စုံလေးနှင့် တစ်ယောက်တည်း ရောက်လာသူကား ရေငါး (Water Fish)။ နောက် ရေဆန်လမ်းက ပန်းတစ်ပွင့်ပိုင်ရှင် ဦးမျိုးသန့်နှင့် သားတော်မောင် ကောင်းကောင်း။ Easy Cook တင်ဆက်သူ အန်တီဝေ ကလည်း အပင်လေးတစ်ပင်ကို ပိုက်ပြီး ရောက်လာသည်။ အန်တီအိ အတွက်ပါတဲ့။

အစိမ်းရောင်ဝတ်စုံလေးနှင့်အိတ်ကလေးပိုက်ပြီး မိုးရွာထဲက အပြေးကလေး ရောက်လာသူကား ဥက္ကဌကြီး အန်တီဒုံ။ ရောက်လာသည်နှင့် “အန်တီ နဲ့ အန်တီမမ
အတွက် စာအုပ် (၁၂) အုပ်” ဆိုပြီး (၁၀) အုပ်ကို ဖယ်၊ (၂) အုပ်ကို လက်မှတ်ထိုးရန် ပေးပြီး ဟိုဘက်စားပွဲတွင် အလုပ်ရှုပ်နေလေတော့သည်။ နောက် ရွာလူကြီးတစ်ဦးဖြစ်သူ အဘဖော၊ စာအုပ်စီစဉ်သူ Green Rose၊ နောက် ကိုအာဂ နှင့် မနွယ်ပင် မောင်နှမ၊ မ Etone နှင့် မရွှေအိ တို့ ညီအစ်မကလည်း အသီးသီး ရောက်လာကြသည်။

ထပ်မံရောက်ရှိလာသူကတော့ မမြင်ဖူးသေးသော အစ်မတစ်ယောက်။ လက်မှတ်ထိုးစာရွက်ကို ကမ်းပေးရင်း “ဘယ်သူလဲ မသိဘူးနော်” ဟု ဆိုတော့ “ဘယ်သူလို့ ထင်လဲ” တဲ့။ ငြိမ်းငြိမ်းက သေချာကြည့်ရင်း “မမိုချို… မဟုတ်ရင်တော့ မမှီ” ဟု ဖြေလိုက်မှ “မှန်းတာ တော်လိုက်တာ..အစ်မက မမိုချိုပါ”.. တဲ့။ ထိုအချိန်တွင် အပြင်ဘက်ကို လှမ်းကြည့်ရင်း အန်တီဒုံက ပြောလိုက်သည်။

“ဟယ်..ဟိုမှာ မှီ တို့လာပြီ..”

ဟုတ်ပါသည်။ မမှီ သည် သားကလေးကို လက်ဆွဲ၊ အိမ်အပြန်ပို့စ်တုန်းက ဗိုက်ထဲတွင်သာ ရှိသေးသော သမီးလေးကို ချီပြီး ၀င်လာပါသည်။ ကားတံခါးပိတ်ရင်း အနောက်က လိုက်လာသူက မမှီ၏ ခင်ပွန်း။ မမှီတို့ကို နှုတ်ဆက်ပြီးချိန်တွင် (မုန့်ဟင်းခါးသည်) ကိုအောင်မိုးသူ ကလည်း သူငယ်ချင်း တစ်ယောက်နှင့် ရောက်လာသည်။ နောက် ကင်မရာကြီးကိုထမ်း၊ သားလေးကို လက်ဆွဲပြီး ရောက်လာသူက ကိုမှော်ဆရာ၊သူ့နောက်က မှော်ဆရာမ (နောက်တာနော်.. )။ ထို့နောက် ရွာထဲက တက်တူးဆရာ ကိုသုဝေ ကလည်း တစ်ကိုယ်တည်း ချီတက်လာသည်။ ပြုံးပြုံးလေးနှင့် ထပ်ဝင်လာသူက အန်တီအိ။ သူကြီးသမီး မချာတူး ကတော့ ဗော်ကတို ပီသစွာ မြန်မာဝတ်စုံ ၀မ်းဆက်လေးနှင့် လှနေလေသည်။

ဦးနွေဦး ကလည်း ခန့်ခန့်ကြီး ၀င်လာသည်။ ထို့နောက် ဆံပင်တိုလေးနှင့် လှနေသော မနိုဗီ။ မနိုဗီကိုမြင်တော့ အိတ်အကြီးကြီးများ ပါလေမလားဟု အသည်းအသန် လိုက်ကြည့်ပါသော်ငြား မအားလပ်သောကြောင့် မဲကိစ္စမလုပ်ခဲ့နိုင်ကြောင်း စိတ်မကောင်းစွာပြောသည်။ နောက် ရတနာပုံနေပြည်တော်သတင်းစာ၏ အယ်ဒီတာအဖွဲ့ဝင် အန်တီ နီလာစိန်၊ ပန်းဆီရောင်ဝတ်စုံလေးနှင့် အပျိုကြီး (သူပြောထားလို့) ရွာတော်ရှင်ဆူး တို့လည်း ရောက်လာသည်။

မိုးကလည်း အတော်လေး သည်းထန်စွာ ရွာနေသည်။ လူစုံလောက်ပြီဟု ထင်ရသည့်အတွက် အချိန်ကို ကြည့်လိုက်တော် နံနက် (၁၀) နာရီကျော်။ သို့နှင့် ပွဲစတော့မည်
ဖြစ်သည့်အတွက် နေရာယူပေးကြပါရန် အခမ်းအနားမှူး ရွှေတိုက်စိုးက ကြေညာသည့်အခါ အားလုံးက စကားစများဖြတ်ရင်း အဆင်ပြေသည့်နေရာတွင်
ဝင်ထိုင်ကြလေသည်။ ပွဲစတော့မည်အချိန်တွင် သတိထားမိပြီး တွေ့လိုက်ရသူများကား ကိုရဲစည် နှင့် နောက်တစ်ဦး။ နောက်မှ သိရသည်ကား သန်းကြွယ်သူဌေး ဘာသာပြန် မောင်ဘလှိုင် ဖြစ်ပါသည်တဲ့။ သို့နှင့် နံနက် (၁၀) နာရီကျော်အချိန်တွင် ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့်
မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ ကို စတင်ကျင်းပခဲ့ပါသည်။

………..

အခမ်းအနားမှူး ရွှေတိုက်စိုးက အခမ်းအနား စတင်ကြောင်း ကြေညာပြီးသည်နှင့် ဖတ်ရွေးအဖွဲ့၏ ဥက္ကဌ အန်တီပဒုမ္မာက တွေ့ဆုံပွဲအတွက် အမှတ်တရစကား ပြောကြားပါသည်။

– ဖတ်ရွေးများ ဖတ်မိသမျှထဲမှာ အကြိုက်ဆုံးပို့စ် (အကောင်းဆုံးပို့စ် မဟုတ်) ကို အမှတ်ပေးစနစ်နှင့် ရွေးချယ်ရာမှ ယခု ရွာသူားများ အားလုံး ပါဝင်ရွေးချယ်နိုင်ရန် ဗုတ်စနစ်နှင့် ပြောင်းလဲထားပါကြောင်း
– နောင်အခါမှာလည်း ဒီ ဖတ်ရွေးတာဝန်ကို လုပ်နိုင်ကိုင်နိုင်သော လူငယ်များဆီသို့ ပုခုံးပြောင်းလွှဲပေးချင်ပါကြောင်း (လူကြီးတွေက ငွေကိစ္စ တာဝန်ယူပါတယ်တဲ့.. ဟိ)
– လာမည့်လမှ စတင်၍ ဥက္ကဌတာဝန်ကို ဦးကြီးမိုက်က တာဝန်ယူမည် ဖြစ်ပါကြောင်း
– နောင် တွေ့ဆုံပွဲများတွင်လည်း ရွာသူားများကို ဒီထက်ပို၍ စုံစုံလင်လင် တွေ့ဆုံချင်ပါကြောင်း

ပြောကြားသွားသည်။

ထို့နောက် ဥက္ကဌအသစ် ဦးကြီးမိုက်က မိတ်ဆက်စကား ပြောကြားပါသည်။

ဆက်လက်ပြီး အစီအစဉ် (၃) အရ စာပေဆုရရှိသူများကို ဆုချီးမြှင့်သည့် အစီအစဉ် ဖြစ်သည်။

ကြုံတွေ့နေရ လုပ်ငန်းခွင်ဘ၀ (ခရီးသွားလုပ်ငန်း) ခေါင်းစဉ်ဖြင့် ဇန်န၀ါရီလအတွက် စာပေဆုကို ရရှိသွားသော (အ၀ါရောင်ဝတ်စုံလေးနှင့် လှနေသည့်..ဟီးဟီး) လုံမလေးမွန်မွန် ကို ဖတ်ရွေးဥက္ကဌ အန်တီပဒုမ္မာ က လည်းကောင်း၊
– ရေဆန်လမ်းမှ ပန်းတစ်ပွင့် (၁) ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီလအတွက် စာပေဆုကို ရရှိသွားသော (သားတော်မောင်ကို ပွဲထုတ်လာသည့်) ဦးမျိုးသန့် ကို ငှက်ကထကြီး ဦးပါလေရာ က လည်းကောင်း
Change ခေါင်းစဉ်ဖြင့် မတ်လအတွက် စာပေဆုရရှိသွားသော (ကြက်အူလှည့် အူးပဇင်း) အင်ဇာဂီ ကိုယ်စား ဆုယူပေးသော (အဖြူရောင်ဝမ်းဆက်လေးနှင့် မြန်မာဆန်ဆန်လှနေသည့်) မရွှေအိ ကို ဥက္ကဌအသစ် ဦးကြီးမိုက် က လည်းကောင်း၊
ဝန်ကြီးပဒေသရာဇာ၏ အကျဉ်းစံသချိုင်းဂူ ခေါင်းစဉ်ဖြင့် ဧပြီ + မေ လအတွက် စာပေဆုကို ရရှိသွားသော (ဂျလေဘီရောင်းသည့် တရုတ်ကြီး) ဦးဆာမိကို အယ်ဒီတာအဖွဲ့ဝင် အန်တီနီလာစိန် က လည်းကောင်း၊
သင်္ဘောအခန်းတွင်းမှ ၀ိဥာဉ်ခေါ်သံ (၁) ခေါင်းစဉ်ဖြင့် ဇွန်လအတွက် စာပေဆုကို ရရှိသွားသော (တမီးလေးများ ဖခင်) ကိုရင်စည်သူ ကိုယ်စား ဆုယူပေးသော ဓာတ်သေ/ဓာတ်ရှင်ဆရာ ကိုမှော်ဆရာ ကို အိမ်ပြန်လာသည့် မမှီ က လည်းကောင်း၊

အသီးသီး ဆုချီးမြှင့်ကြပါသည်။

ထို့နောက် ကဗျာဆုများကို ဆက်လက်ချီးမြှင့်ရာ-

မင်းကြောက်ရမယ့်အရာ တစ်ခုပဲရှိတယ် ခေါင်းစဉ်ဖြင့် ပြခန်း (၁) ကဗျာဆုရ (အောင်ရဲလင်းနှင့် တစ်စက်ကလေးမှ မတူသည့် ဒညင်းဝက်) အလင်းဆက် ကို ပြခန်းမှူး သဂျားမင်း (စာလုံးပေါင်းအမှန်ပါ) ဦးမာဃ က လည်းကောင်း၊
– အပြစ်ကင်းတဲ့ ချစ်ခြင်းကဗျာ ခေါင်းစဉ်ဖြင့် ပြခန်း (၂) ကဗျာဆုရ (သရဲခြောက်ခံရသော သင်္ဘောသီး) ကိုရင်စည်သူကိုယ်စား ဆုယူပေးသော ယနေ့ပို့စ်ပိုင်ရှင် (အစဖော်ပေးတာ) မဟာရာဇာအံစာတုံး ကို သြဖီနေ အဘဖော က လည်းကောင်း၊

ဆုချီးမြှင့်ကြပါသည်။

ဆက်လက်ပြီး ပြခန်း (၃) ကဗျာဆု နှောင်ဖွဲ့မှုလွတ်ကင်းခြင်းကဗျာ ကို ရေးဖွဲ့သူ ဈာန် ကို ဖိတ်ခေါ်ပါသည်။

ရွှေတိုက်စိုး ။  ။ အခု ဆုချီးမြှင့်မှာကတော့ ကဗျာဆရာ ဈာန် ပါ။ ပွဲလာတဲ့သူတွေထဲမှာ ဈာန် ပါ ပါသလား…
ကဗျာချစ်သူများ ။   ။ ပါပါတယ်…
ရွှေတိုက်စိုး ။  ။ ပါပါတယ် တဲ့ ခင်ဗျ.. ဒါဆိုရင်တော့ ကဗျာဆရာ ဈာန် ကို ဆုချီးမြှင့်ဖို့ ရွာတော်ရှင် မဆူး ကို ဖိတ်ခေါ်ပါတယ်… ဈာန် ဆုယူဖို့ ကြွပါ…

အခမ်းအနားမှူး၏ ဖိတ်ခေါ်ချက်မဆုံးခင် ပရိသတ်တွေကြားမှ စင်ပေါ်သို့ တက်လာသူကား.. … … … ဂျလေဘီသည်ကြီး ဖြစ်ပါသည်။

ဦးဆာမိ ။   ။ ဟုတ်ကဲ့ ကျွန်တော် ဈာန် ပါ… နာမည်နှစ်မျိုးနဲ့ မဟုတ်ပါဘူး… ကဗျာလည်း သိပ်မရေးဖြစ်၊ ရေးနေကျစာမျိုးလည်း မဟုတ်တော့ ဒီကဗျာကို ပြခန်းထဲထည့်မယ်ဆိုရင် နာမည်ပြောင်းပြီး ထည့်လိုက်ပါလို့ ပြောလိုက်တာပါ… ရမယ်လို့လည်း မထင်ပါဘူး… အားလုံးကို ကျေးဇူးတင်ပါတယ်…

ကဗျာဆုများ ပေးပြီးသည့်နောက် ရာသက်ပန် အခမ်းအနားမှူးကြီး က ဆုတစ်ဆုကို ကြေညာပါသည်။

“အခု ထူးထူးခြားခြား ဆုလေးတစ်ဆု ပေးဖို့ရှိပါတယ်..ဒီဆုကို ပေးမယ်လို့လည်း မကြေညာထားပါဘူး.. ဘယ်သူမှလည်း မသိပါဘူး… သူတင်တဲ့ ပို့စ်တွေဆို လူသိများကြတယ်… တစ်ခုခုဆိုရင်လည်း ပို့စ်တွေတင်တယ်… နာမည်လည်းကြီးတယ်.. Like တွေလည်း အများကြီးရတယ်… နောက် ဆဲလည်း ဆဲခံရတယ်… ခပ်နောက်နောက်ပြောရရင်တော့ ဆဲပို့စ်တွေပေါ့…. ဘယ်သူရမယ် ထင်ကြလဲ မသိဘူး…”

“အဘဖော” (ရွာသူားများ၏ အော်သံများ)

“တန်းသိတာပဲ… အဘဖောကို ပေးချင်ပါတယ်…”

အန်တီ ပဒုမ္မာက အဘဖောကို ဆုပေးနေစဉ် ဦးကြီးမိုက်က ကြေညာပါသည်။

“ဆဲပို့စ် ဆိုတာ တကယ်တော့ နောက်တာပါ… ပေါ်ပြူလာဖြစ်တာကို ပြောချင်တာပါ… The Most Popular Award ပေါ့…”

ထို့နောက် အန်တီ ပဒုမ္မာ က ဆက်လက်ကြေညာပြန်ပါသည်။

“နောက်… ဒီဆုလေးကတော့ အန်တီမမ က ပေးတာပါ… အမှတ်တရလေး ပေးချင်လို့ပါတဲ့… ရွာထဲမှာ အခန်းဆက် အများဆုံး ရေးတဲ့သူ…. ဘာသာပြန်ပို့စ်တွေရေးတာ… သူ့ပို့စ်တွေဆိုရင် အန်တီမမက အမြဲစောင့်ဖတ်တယ်… ဘယ်သူဖြစ်မလဲ…”

“မောင်ဘလှိုင်” (အော်သံများ)

“ဟုတ်ပါတယ်… အခြေအနေမဲ့ သန်းကြွယ်သူဌေး ပို့စ်ကို ရေးတဲ့ မောင်ဘလှိုင်ကို အမှတ်တရလက်ဆောင်ပေးဖို့ ဖိတ်ခေါ်ပါတယ်…”

ဆုချီးမြှင့်ခြင်း အစီအစဉ် ပြီးဆုံးသွားသည့်နောက် ဆုရရှိသူများမှ ပွဲတက်ရောက်သူများဖြစ်သော လုံမလေးမွန်မွန်၊ ဦးမျိုးသန့် နှင့် ဦးဆာမိ တို့က အမှတ်တရ ကျေးဇူးတင်စကားများ ပြောကြားကြပါသည်။ ထို့အပြင် ပထမအကြိမ် တွေ့ဆုံပွဲက ဆုရရှိသူဖြစ်သော မမိုချိုကလည်း အားလုံးကို တွေ့ဆုံရသည်မှာ အလွန်ဝမ်းသာကြောင်း အမှတ်တရ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး (ကဗျာချစ်သူများကြိတ်ကြံထားသော) အထူးအစီအစဉ်အရ ကဗျာဆုရရှိသူ အလင်းဆက် နှင့် ဦးဆာမိ (ဈာန်) တို့က ဆုရကဗျာများကို ကိုယ်တိုင် ရွတ်ပြကြပါသည်။ (ကဗျာရွတ်သွားကြတာ တကယ်ကောင်းပါတယ်.. ဗီဒီယိုဖိုင်ကို စောင့်မျှော်ပေးကြပါလို့…)

ထို့နောက် အားလုံးစောင့်မျှော်နေကြသော အကျွေးအမွေးအစီအစဉ် ရောက်ရှိလာပါသည်။ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော မဲဖောက်ခြင်းအစီအစဉ်က အနောက်မှာရှိနေသော်ငြား အချို့ရွာသူားများမှာ မအားလပ်တော့သော အခြေအနေအရ မပြန်ချင်ပြန်ချင်နှင့် ပြန်သွားကြပါသည်။ (အဲ့လိုပဲ ထားလိုက်ကြပါနော်.. ဟီး) .. သို့နှင့် လူနည်းသွားသောကြောင့် မဲပေါက်နိုင်ခြေများလာသော အခြေအနေတွင် ပေါက်မဲ (၃၁) မဲ၊ ဗလာမဲ (၅) မဲ ဖြင့် မဲဖောက်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပါသည်။

မဲပေါက်သူစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

ဦးပါလေရာ၊ မနိုဗီ၊ အံစာတုံး        : T-Shirt

ဦးကြီးမိုက်၊ လူကလေး               : Memory Card

ဦးနွေဦး                                  : White Board

အန်တီဆူး၊ သဂျားမင်း                : Towel

အန်တီဝေ၊ အန်တီအိ၊ မောင်ဘလှိုင်: ရွှေဇွန်းခက်ရင်းအသေး (အစစ်ဆို အတော်ကောင်းမယ်..)

အလင်းဆက်၊ ကိုသုဝေ               : Car air fresher

Cobra                                    : ဘော့ပင်

ဦးမျိုးသန့်၊ မနွယ်ပင်                   : လက်ခု

အန်တီပဒုမ္မာ                              : အသည်းလေး (အဲ့လိုပြောတာပဲ… သိချင်ရင် တီဒုံ့ကို မေးကြနော်)

ကိုအာဂ                                    : မျက်ကာ

ဦးစွယ်တော်ရွက်၊ အမတ်မင်း၊ ဦးဆာမိ၊    : Key Chain
မEtone၊ Water Fish၊ Green Rose၊
ကိုကောင်းကင်၊ မှော်ဆရာ၊ အဘဖော၊
မမိုချို

မမှီ၊ အန်တီ နီလာစိန်၊ မရွှေအိ၊        : ကံကောင်းကြသူများ (=ဗလာ)
လုံမလေး၊ ငြိမ်းငြိမ်း

ထို့နောက် ဦးနွေဦးကလည်း ဘုရားစေတီပုံတော်များကို တက်ရောက်လာသူများအား ကုသိုလ်ပြုလက်ဆောင်ပေးခဲ့ပါသည်။

…………………………….

သို့နှင့် ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ အခမ်းအနားကို နေ့လည် (၁၂) နာရီကျော်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။  ။

စကားချပ်။  ။ Extension program များ၊ အပြန်လမ်းပျောက်သူများ အကြောင်းကို သက်ဆိုင်ရာထံတွင် ဆက်လက်မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်
လုံမလေးမွန်မွန်

 ဒုတိယအကြိမ် ဂဇက်ကွန်ဖရင့်စ် နှင့် သက်ဆိုင်သော ပို့စ်များ

==============================
ဒုတိယအကြိမ် ဆုံစည်းပွဲနှင့် ဆုပေးပွဲလက်ဆောင်
– Ko chogyi
https://myanmargazette.net/180960
==============================
တွေ.ဆုံပွဲကြီး အောင်မြင်စွာပြီးစီးခြင်း
– ရွှေတိုက်စိုး
https://myanmargazette.net/181113
==============================
တွေ့ဆုံပွဲ တက်လာတဲ့ ဒါ့ပုံထဲက လူတွေ ဘယ်သူတွေလဲ ???
– မဟာရာဇာ အံစာတုံး
https://myanmargazette.net/181116
==============================
2nd time for you but 1st time for me (ဆုပေးပွဲ)
– Myo Thant
https://myanmargazette.net/181122
==============================
Kyeemite ဟီးတိုက်သောနေ့တစ်နေ့
– kyeemite
https://myanmargazette.net/181179
==============================
ဂေဇက်တွေ့ဆုံပွဲ ဂုဏ်ပြု ဓါတ်ပုံ
– မှော်ဆရာ
https://myanmargazette.net/181155
==============================
ရွာ့စာအုပ်လေး အားပေးစေချင် (MG Souvenir)
– padonmar
https://myanmargazette.net/181289
==============================
ဂဇက်တွေ့ဆုံပွဲ အကြို၊ အစ၊ အလယ်၊ အဆုံး ဓါတ်ပုံများ
– Swal Taw Ywet
https://myanmargazette.net/181344
==============================
အာတီဒုံ စိတ်ကောက်နေပါတယ်။
– padonmar
https://myanmargazette.net/181130
==============================

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 160 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010