နူးညံ့ သိမ်မွေ့သော………

အရိပ္စစ္July 25, 20131min852

ဒီတစ်ခါတော့ ဇွန်ပန်းကုံးတွေ မဟုတ်တော့ ။ စံပယ်ကုံးတွေ ဖြစ်နေသည် ။

အနီးအနားမှာ ဘယ်သူမှလည်း မရှိ ။ အရင်အခါတွေ

တုန်းကတော့ဇွန်ပန်းကုံးလေးတွေကို ပန်ဖို့ ဝေးစွ

နမ်းပင် မနမ်းရှိူက်ကြည့်မိခဲ့ ။ အခု စံပယ် ပွင့်လေးတွေကိုတော့

နမ်းရှိုက်လိုက်မိသည် ။

အဲဒီအချိန်လေးမှာပင် ဘယ်ကနေ ဘယ်လို ရောက်လာသည် မသိသော စံပယ်ကုံးတွေရဲ့  ပိုင်ရှင်က

ရွှင်မြုးသွားသည့် အရိပ်ယောင်တွေနဲ့ ဘွားကနဲ ပေါ်ထွက်လာတော့သည် ။

ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိဖြစ်နေစဉ်မှာပင် အိပ်မက်က လန့်နိုးလာ၍

တော်တော့သည် ။

အပြင်မှာတော့ မဖြစ်စေရ ဟု  အားတင်းထားမိသည် ။

သစ္စာ တဲ့..။

သူမ ထားရှိသည့် သစ္စာကတော့  သက်ရှိ လူသားတစ်ယောက် အပေါ်မှာ မဟုတ် ။

ထိုလူသားနှင့် သက်ဆိုင်ပြီး တည်ရှိလာသော သိမ်မွေ့နူးညံ့သည့်

စိတ်လေးတစ်ခုကိုသာ

ဖြစ်လေသည် ။ ထို စိတ်လေး စွဲမြဲဖြစ်တည်စတုန်းက  အခုလို အရာခပ်များများကို  ရန်လိုစွာ

မကြည့်တတ်သေး ။ တကယ့်ကိုး ပါးပါးလှပ်လှပ်  ဖြူဖြူစင်စင်လေး

။ကြည်လင်နေသည့်

အချိန်ကလေးမှာ ထင်ဟပ်သွားသည့်  အချိန်မှာတော့ ဝေဝေဝါးဝါးဖြစ်နေသည့်

အရာအားလုံးကို  ကျော်ဖြတ်အနိုင်ယူသွားတော့သည် ။  မိဘ နှစ်ပါးပြီးလျှင်

အရေးပါဆုံးသော နေရာ အထိ အလေးပေးထားမိလာသည် ။

သူ့ကို စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာတို့ဖြင့် အနားသတ်ထားသော

မှန်သောစကားများဖြင့်သာ ပြောဆိုဆက်ဆံခဲ့သည် ။ တူညီသော တုံ့ပြန်မူတွေ

ရခဲ့သလားဟု ဆိုလာကြရင်တော့   အဲဒီအချိန်တွေတုန်းက ထပ်တူကျသည်

စိတ်ကလေး အနည်းအကျဉ်းလောက်တော့ ရှိခဲ့မှာပါ လို့  မျက်စိ စုံမှိတ်ပြီး

ပြောပစ်လိုက်မှာ ဖြစ်သည် ။ သူကလည်း  ငါ နင့်ကို ပေးထားသလောက် နင်

ငါ့ကို ဘယ်လောက်အထိ  နေရာပေးထားလဲ သိချင်လိုက်တာ ဟု မေးဖူးသည် ။

 

ဘယ်လို ပြန်ဖြေဖြစ်မိခဲ့သည်ကိုတော့ အမှတ်မရတော့ ။ တကယ်တော့

လူတစ်ယောက်ကို ကိုယ့်စိတ်ထဲ မည်သည့်  နေရာမှာ နေခွင့်ပေးထားသလဲ

ဆိုတာကို အချိန်ခဏလေးမှာ တပ်အပ်မပြောနိုင်သလို ကိုယ်ကိုတိုင်လည်း

မသိနိုင်ပါ ။သူ့အတွက်ကတော့ သာမာန် အီစီကလီလေးတွေထက်

ဆံချည်တစ်မျှင်စာမျှ ပိုသံယောဇဉ်ဖြစ်မိသောခပ်နုံနုံကောင်မလေး

တစ်ယောက်သာ  ဖြစ်ပေလိမ့်မည် ။ ဗြောင်ပြောပြီး ဟက်ထားသော သူမ၏

ဂျီတော့ပတ်စဝတ်ထဲက နာမည်တစ်ခုဟာ ဟိုးငယ်ငယ်ကလေးဘဝက

မည်သူမျှမပေါင်းချင်သောကျောင်းသူလေးကို လူတောထဲ တိုးရဲအောင်

ဆွဲခေါ်ခဲ့သည့် ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ဖြစ်ကြောင်းကိုလည်း

မရှင်းပြ မိခဲ့ ။ အမေးမရှိလို့ အဖြေ မရှိခဲ့ရတာလည်း ဟုတ်သည် ။

သူမတို့ ကြားမှာ  မေးခွန်းဆိုတာ တကယ်ကိုး ရှားပါးသော အရာဖြစ်သည် ။

သို့ပေမယ့်

ကိုယ့်ကိုကိုယ် သိပါသည် ။ သူကတော့ ပို၍ သိပါလိမ့်မည် ။

သိသိလာတာတွေ များလာတော့ အဆင့်မြင့်မြင့် ဘွဲ့လက်မှတ်တွေ

လိုချင် လာရသည် ။

 

တစ်နေ့မှာတော့

အရာအားလုံး နီးပါး အမှောင်ကျသွားပါသည် ။ ဟိုးအရင်ကာလတွေတုန်းက

ကြည်နူးချမ်းမြေ့ရသော ကြယ်ပွင့်လေးတွေကလည်း  အဆိပ်ခပ်ထားသည့်

မုန့်ပဲသရေစာတွေက်ို ကြည့်နေရသလို ခံစားမိလာသည် ။ အဆုံးသတ်မှာ

သိမ်မွေ့ နူးညံ့သည့် စိတ်လေးတစ်ခုသာ ကျန်ရှိခဲ့လေသည် ။ ထိုစိတ်လေးက

တန်ခိုး ထက်လှပါသည် ။ နူးနူးညံ့ညံ့နှင့် ခိုင်ခိုင်ခံ့ခံ့ တည်ရှိနေ၍ ဖြစ်သည် ။

 

အချိန်ဆိုသော သမားတော်ကြီးသည်  သူမ တစ်ဦးတည်းသာ

ဖြစ်တည်နေသော သစ္စာတရားကို

မည်မျှတိုက်စားနိုင်သည်ကို စောင့်၍ ကြည့်ချင်ပါသေးသည်။   ။

2 comments

  • မဟာရာဇာ အံစာတုံး

    July 25, 2013 at 5:13 pm

    ရွာထဲ မတွေ့တာတောင် ကျာဘီလား မတိဘူး ..
    မမျင်မိလို့ဘာ …

    စကားမစပ် စောင့်ကြည့်မနေနဲ့ …
    စောင့်ကြည့်နေရင်းနဲ့ ဖွေးဖွေး လှုပ်လာရင် …
    … သိဒေါ့ဘူးဂျာ …
    အားပေးတွားဒယ် .. ဒါဘာဗျဲစ် .. :mrgreen:

  • အလင်း ဆက်

    July 25, 2013 at 9:08 pm

    ဒါကတော့…အက်ဆေး သဘောလေးပေါ့နော် ။
    ရသ ပါ တဲ ့ စာဆို..အကုန်ကြိုက်တယ်ဗျာ .။

    ————
    ကဗျာလေးတွေ ရေးပါဦး

Leave a Reply