စစ်ကိုင်း ဟံသာဂီရိသို့ ဝါဆိုသင်္ကန်းကပ်လှူရန် တစ်အိမ်လုံးကျွတ် ချီတက်ခဲ့ကြပါပြီ။

ဟဲ့ လှူဖွယ်ပစ္စည်းတွေ ဘာကျန်သေးလဲ စစ်ပါဦး။ မေ့နေရင်ခက်ရော့မယ်။ အမေ့သတိပေးသံကြားမှ အပြေးအလွှားစစ်လိုက်မိပါတယ်။ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ဆရာတော်ကြီးအတွက် နဝကမ္မအလှူငွေ၊ စားဖွယ်ရာများနှင့်အတူ အခြားအခြားသော လှူဖွယ်ပစ္စည်းများကို တစ်မျိုးစီလိုက်စစ်ပြီးနောက် မိသားစုအားလုံး စုံညီစွာဖြင့် ကုသိုလ်ခရီးစဉ် စတင်ခဲ့ပြီပေါ့။

အရင်ဆုံး စစ်ကိုင်းမြို့ရဲ့ အမြင့်ဆုံးတောင်ထိပ်ရှိ ဆွမ်းဦးပုညရှင်ဘုရားသို့ ဦးခိုက်ဝင်ရောက် ခဲ့ကြပါ တယ်။ ဘုရားမီးဆိုင်းလေးများ ဆက်ကပ်ပူဇော်ပြီးနောက် ဟံသာဂီရိသို့ ဆက်လက်ထွက်ခွာခဲ့ပြီပေါ့။ အော်… စေတီပုထိုးတို့ဖြင့် တင့်တယ်သပ္ပာယ်လှတဲ့ စစ်ကိုင်းမြို့ရဲ့ သာသနာ့အရိပ်က အေးမြလှပေစွ။

တစ်တောင်ဆင်းလို့ တစ်တောင်တက်ကာ ဟံသာဂီရိချောင်ဆီသို့ ကျနော်တို့ကားလေး အပြေးအလွှား ရောက်ရှိခဲ့ပါပြီ။ နာရီကိုကြည့်လိုက်တော့ ၁ဝနာရီထိုးဖို့ (၁၅) မိနစ်အလို။ ကျောင်းဝင်းအတွင်း ဦးခိုက် ဝင်ရောက်လိုက်သည်နှင့် ဆရာတော်ကြီး၏ ရေစက်ချတရားသံကို အတိုင်းသား ကြားနေရပါပြီ။ အော ရှေ့မှာ လည်း အလှူရှင်အဖွဲ့ တစ်ဖွဲ့ ရှိနေသေးပါလားဆိုတာ သိလိုက်ရတာမို့ ကျောင်းတော်ပေါ်သို့ မတက်ကြသေးပဲ အောက်မှာပဲ အသာလေး ထိုင်စောင့်သူကစောင့်၊ စာရေးကိရိယာလှူဖို့ ပြင်ဆင်သူကပြင်ဆင်၊ ဝါဆိုသင်္ကန်းကပ် ဖို့ စီစဉ်သူကစီစဉ်ဖြင့် ကုသိုလ်စိတ်ကိုယ်စီဖြင့် လှုပ်ရှားနေကြတာ ဝမ်းမြောက်ဖွယ်မြင်ကွင်းတစ်ခုဆိုလည်း မှားမည် မထင်။

ရှေ့မှ အလှူရှင်အဖွဲ့ ထွက်လာပြီဖြစ်လို့ လှူဖွယ်ပစ္စည်းများဖြင့် ဆရာတော်ကြီးထံသို့ ဦးခိုက်ဝင်ရောက် ကြရပါပြီ။ ဝါဆိုသင်္ကန်း အစုံတစ်ရာနှင့်တကွ အခြားလှူဖွယ်ပစ္စည်းများအား ဆက်ကပ်ပြီးနောက် လက်ထောက် ဆရာတော်မှ အနုမောဒနာတရား ဟောကြားတော်မူပါတယ်။ ဟောကြားတဲ့တရားက တိုပင်တိုပါသော်လည်း တကယ်ထိရောက်လှပါပေ့။ အင်း တရားနာရင်းနဲ့ကိုပဲ ဒီတရားလေးတော့ ပြီးရင် စာပြန်ချရေးပြီး ပြန်မျှဦးမယ် ဆိုတဲ့ စေတနာသဒ္ဓါတို့ ယိုဖိတ်ရလောက်အောင် ကောင်းလွန်းတဲ့တရားတစ်ပုဒ်ပဲဖြစ်ပါတယ်။

ဆရာတော်ဟောလိုက်တဲ့တရားကတော့ လောကကို စောင့်ရှောက်ချင်တယ်ဆိုရင် လောကပါလတရား နှစ်ပါးနဲ့ညီအောင် ကျင့်သုံးနေထိုင်ကြဖို့ပဲဖြစ်ပါတယ်။ လောကပါလတရားနှစ်ပါးကတော့ ဟီရိနဲ့ ဩတ္တပ္ပတရား တို့ပဲဖြစ်ပါတယ်။ ဟီရိဆိုတာ ဒုစရိုက်ပြုရမည်ကို ရှက်ခြင်းကို ဆိုလိုပါတယ်။ ဟီရိသည် အမျိုးကောင်းသမီးပျို နှင့်တူသော စေတသိက်ပဲပေါ့။ ဘယ်အခါမှာပဲဖြစ်ဖြစ် ဒုစရိုက်ပြုရမည်ကို ရှက်ခြင်းသည်ပင် မင်္ဂလာတစ်ပါးပင် မဟုတ်ပါလော။ အဲလိုရှက်ရမည့်တရားကို ရှက်ရကောင်းမှန်းသိပြီးရှက်တတ်ပါမှ မိမိကိုယ်ကို စောင့်ရှောက်ရာ ရောက်ပေမည်။ မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည်ပင် မိမိပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်းမည်၏။ မိမိပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်သူသည် လောကကြီးကို စောင့်ရှောက်နိုင်သူ ဖြစ်ပေမည်။

ထို့အတူပဲ ဩတ္တပ္ပတရားဆိုတာသည်လည်း ဒုစရိုက်ပြုရမည်ကို ကြောက်သောတရားပဲ ဖြစ်ပါတယ်။ အင်း ဒုစရိုက်ပြုရမှာကြောက်တော့ မပြုဖြစ်တော့ဘူး။ မပြောဖြစ်တော့ဘူး။ ဒါသည်ပင် ကာယကံ။ ဝစီကံနဲ့ မနောကံဆိုတဲ့ ကံသုံးပါးလုံးကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖြစ်နေပါပြီနော်။ အင်း မိမိရဲ့ ကံသုံးပါး ထိန်းသိမ်းနိုင် သူသည် မိမိပတ်ဝန်းကျင်ကို ကောင်းအောင် စောင့်ရှောက်ရာလည်း ရောက်ပေမည်။ မိမိပတ်ဝန်းကျင်ကို ကောင်းအောင် စောင့်ရှောက်နိုင်သူသည် လောကကြီးကို စောင့်ရှောက်နိုင်သူဖြစ်ပေမည် ဆိုတာလေး ဆရာတော်မှ ဟောပြနေပါပြီ။

ဒါပဲလားဆိုတော့ မကသေးပါ။ ဒီတရားနှစ်ပါး စောင့်ရှောက်ထိန်းသိမ်းနိုင်သူကို နတ်များချစ်ခင် ကြသလို နတ်ပြည်ရောက်ကြောင်းတရားလို့လဲ ဆိုထားပါတယ်။ ဒါကြောင့် ဒီတရားနှစ်ပါးကို ဒေဝဓမ္မလို့တောင် ခေါ်ကြတယ်လို့လည်း ရှင်းပြပါတယ်။ အော် တကယ့်ကို လောကမှာရှိတဲ့ လူသားတိုင်း လိုက်နာသင့်လှတဲ့ တရားပင် မဟုတ်ပါလော။

မကောင်းမှု ဒုစရိုက်ပြုရမည်ကို ရှက်ခြင်း ဟီရိနှင့် မကောင်းမှုဒုစရိုက်ပြုရမည်ကို ကြောက်လန့်ခြင်း ဩတ္တပ္ပတရားနှစ်ပါးကိုသာ လူသားတိုင်း လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင်ဖြင့် ကမာ္ဘလောကကြီးမှာလည်း မကောင်းမှုတွေ ပါးရှားပြီး ကောင်းမှုတွေတိုးကာ အေးငြိမ်းချမ်းသာမှုတွေ ရလာမှာတော့ အသေအချာပဲပေါ့။ ဒါကြောင့် ဒီတရားနှစ်ပါးကိုပင် လောကပါလတရားနှစ်ပါးလို့ အမည်ပေးထားတာဖြစ်ပေမည်။ အင်း အားလုံးလည်း မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးကို ဟီရိ၊ ဩတ္တပ္ပ တရားလက်ကိုင်ထားလို့ စောင့်ရှောက်ထိန်းသိမ်းကာ လောကကြီးကို စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ဒီနေ့ နာခဲ့ရတဲ့ တရားလေးကို ပြန်လည် ဝေမျှလိုက်ရပါတော့သည်။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”