အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၈)

 

ရှန်ကာ တစ်ယောက် ကျွန်တော့်အခန်းထဲ ပြေးဝင်လာပြီး ကွိကွိကွကွ နဲ့ လဂျ်ဝန်တီအခန်းဘက်

လက်ညှိုးထိုးပြီး ပြောတယ်။

            လဂျ်ဝန်တီက သူ့အိပ်ယာပေါ်လှဲပြီး ငိုနေတယ်။ မျက်ရည်စတွေက ပါးပြင်ကတစ်ဆင့်

အင်မတန်သန့်ရှင်းဖြူစင်တဲ့ အိပ်ယာခင်းပေါ်ကျတော့ အမဲစက်ကလေးတွေလို ဖြစ်နေတာ။

ဒါလေးတစ်ခုနဲ့တင် အိပ်ယာခင်းက သပ်ရပ်လွန်းတဲ့ သူ့အခန်းနဲ့ လားလားမှ မဆိုင်တော့သလိုပဲ။

           

“ဘာဖြစ်လို့လဲ အစ်မ လဂျ်ဝန်တီ..ဘာလို့ငိုနေတာလဲ..”

“ဘာဖြစ်ရမလဲအေ..ဟို..ခွေးမကြီး ဆွာပနား ဒေဝီပေါ့…ငါလိုတဲ့ ပိုက်ဆံမချေးလိုက်ဘူး..

ခုတော့..ငါ့ညီမလေး..မင်္ဂလာဆောင် ဘယ်လိုလုပ်ရပါ့မတုန်း..အီး…ဟီး..ဟီး..”

ပြောပြောငိုငိုပဲ။ ကျွန်တော်လည်း ဘာပြောရမှန်းမသိဘူး။ ခေါင်းထဲပေါ်တဲ့ အကြံလျှောက်ပေးမိတယ်။

            “ဒီလိုလုပ်ပါလား အစ်မ..ဒီမှာ ငှားနေတဲ့လူတွေမှာလည်း အဲဒီလောက်ပိုက်ဆံမရှိဘူး..ဆိုတော့

            ဘဏ်ကနေ ချေးလို့မရဘူးလား..ဟင်..”

            “ဟေ..အောင်မလေး…ငါ့လို အိမ်ဖော် သူဆင်းရဲမ ကို ဘယ်ဘဏ်က ပိုက်ဆံချေးမတုန်း..အေး..

            နောက်ဆုံး တစ်နည်းပဲကျန်တယ်..”

            “ဘာလဲ အစ်မ…ဟို..အစ်မ ညီမ မင်္ဂလာဆောင်ကို ဖျက်သိမ်းဖို့လား..”

သူ့မျက်လုံးထဲမှာ ဒေါသရောင် ဖျတ်ခနဲ လက်သွားတယ်။

            “မဖျက်ဘူး..ဘယ်တော့မှ မဖျက်ဘူး…ငါ လုပ်ဖို့ရာက တို့ ကဗျာဆရာ နဂျ်မီ နည်းပဲ ရှိတယ်..

            ပိုက်ဆံခိုးဖို့..”

ကျွန်တော်လည်း ထိုင်ခုံပေါ်က ခုန်ထပြီး –

            “ဟာ..အစ်မ…စိတ်မှ မှန်သေးရဲ့လား..တွေးတောင်မတွေးသင့်တာဗျာ.. နဂျ်မီကို ရဲက ဘယ်လိုဖမ်းခေါ်

            သွားတယ်ဆိုတာ အစ်မလည်း မြင်တာပဲ..”

            “အဲဒီကောင် နဂျ်မီက ငတုံးလေ…ငါ့မှာ လုံးဝသေချာတဲ့ အကြံရှိတယ်.. နင်က ငါ့မောင်လေးလိုဖြစ်နေတော့

            ငါ အကြံကို ပြောပြဦးမယ်..ဘယ်သူ့မှ ပြောရဘူးနော်..ရှန်ကာကလေးကိုတောင် မပြောနဲ့..သိလား..ဟိုဟာမ

            ကြီး သူ့အတွင်းပစ္စည်းတွေ ဘယ်မှာ ဖွက်ထားတယ်ဆိုတာ ငါသိတယ်ဟဲ့…သူ့အိပ်ခန်းထဲမှာ ဘောင်ကြီးကြီးနဲ့

            ပန်းချီကားတစ်ချပ် ရှိတယ်..ဘယ်ဘက်နံရံမှာ..အဲဒီ ပန်းချီကားနောက်မှာ အပေါက်တစ်ပေါက်ရှိသဟ..အဲဒီ

            အပေါက်ထဲမှာ သံမဏိ မီးခံသေတ္တာကို မြှုပ်ထည့်ထားတာ.. မီးခံသေတ္တာသော့ကတော့ သူ့မွေ့ယာအောက်

            မှာထားတယ်..ခေါင်းရင်း ဘယ်ဘက်ဒေါင့်            နားပေါ့…အဲဒီ မီးခံသေတ္တာထဲမှာ ရွှေငွေရတနာတွေ အပြည့်ပဲ..

            တစ်ခါတုန်းက ငါချောင်းကြည့်ဖူးလို့ သိတာလေ..ငါကတော့ ပိုက်ဆံမယူဘူး..ချက်ချင်းသိသွားမှာစိုးလို့…

လည်ဆွဲတစ်ကုံးလောက် ယူမလားလို့စဉ်းစားတာပဲ..သူ့မှာ လည်ဆွဲတွေ နဲမှ မနဲတာ…အဲဒီတော့ သူ့ သတိ

ပြုမိမှာ မဟုတ်လောက်ဘူး..ကိုင်း..ငါ့အကြံဘယ့်နှယ်နေသလဲ..မတော်ဘူးလား..”

 

“အစ်မ..လဂျ်ဝန်တီ..ဟာ..မတော်ပါဘူး အစ်မရာ..ကျွန်တော် ပြောတာနားထောင်နော်…ကျွန်တော့်ကို

မောင်လေးတစ်ယောက်လို သဘောထားရင် ကျွန်တော့်အကြံကို လက်ခံပါ..အစ်မ အစီအစဉ်ကို လုံးဝ

မလုပ်ပါနဲ့..ကျွန်တော့်ကို ယုံစမ်းပါ..ကျွန်တော်လည်း တရားဥပဒေနဲ့ ငြိစွန်းဘူးတာ အကြိမ်မနည်းဘူး..

နောက်ဆုံး ရာဇဝတ်ဘေး ပြေးမလွတ်ဘူးတဲ့..အစ်မ ညီမမင်္ဂလာဆောင် မတက်ရဘဲ ထောင်ထဲမှာ

အလုပ်ကြမ်းလုပ်နေရဦးမယ်…”

 

“အောင်မလေး..နင်တို့ယောက်ျားများ..သိပ်ပြီးသွေးကြောင်တာပဲ…ဒီမယ်..နင်ဘာပြောပြော ငါဂရုမ

စိုက်ဘူး…ငါကတော့ ငါလုပ်စရာရှိတာလုပ်ရမှာပဲ..”

 

သူက မဲ့ကာရွဲ့ကာနဲ့ပြောတော့ ကျွန်တော်လည်း သူ့ကို ဘယ်လိုဖျောင်းဖျရမှန်းမသိတော့ဘူး။

ကြံရာမရတာနဲ့ ကျွန်တော့်အကြွေစေ့ကလေး ထုတ်ပြီး –

            “အစ်မ..ဒီမှာ..ကျွန်တော့်ကို မယုံဘူးမို့လား..ရတယ်..ဒါပေမဲ့ ဒီ မှော်ဒင်္ဂါးလေးကိုတော့ ယုံလိုက်…

             ကျွန်တော်ဆို..အရေးအကြောင်း..ဒီဟာလေးနဲ့ပဲ ဆုံးဖြတ်တာ..ဘယ်တော့မှ မမှားဘူး..ဒီတော့

             ဒါလေးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကြည့်ကြမယ်…ခေါင်းပန်း လှန်မယ်ဗျာ..ခေါင်းဆိုရင်

             အစ်မအကြံ လက်လျှော့လိုက်တော့…ပန်းဆိုရင်တော့ အစ်မကြိုက်တာသာ

             လုပ်..ဟုတ်ပြီလား..”

           

            “အေးဟာ”

 

ကျွန်တော် အကြွေစေ့ကလေးကို မြှောက်လိုက်တယ်။ ခေါင်းကျ သဗျ။ လဂျ်ဝန်တီက သက်ပြင်းချပြီး..

           

            “ကြည့်ရတာ ကံတရားက ငါ့ကို မျက်နှာသာ မပေးဘူးထင်ပါ့..အေးပါလေ..ရွာပြန်ပြီး ရွာသူကြီးဆီကပဲ

            ပိုက်ဆံချေးကြည့်ဦးမယ်..သူကတော့ ငါ့အကြောင်းကောင်းကောင်းသိသပေါ့လေ..တို့ပြောခဲ့တာတွေ မေ့

            လိုက်တော့..”

 

သုံးရက်လောက်ကြာတော့ လဂျ်ဝန်တီက ခွင့်တစ်ပတ်ယူပြီး သူ့ရွာပြန်သွားတယ်။

 

                                                                            ********************

 

            “မင်းကို ဒီအလုပ် မလုပ်စေချင်တော့ဘူး..နီတာရယ်..”

            “အင်း…ငါလည်း ရာဒါလိုအသက်နှစ်ဆယ် မပြည့်ခင် မသေချင်ဘူး..ငါ့ကို ဒီကခေါ်ထုတ်သွားပါ

            ရာဂျူးရယ်..နော်…”

            “အေးပါဟာ..ဟိုကောင် ရှရမ်နဲ့တော့ စကားပြောရဦးမယ် ထင်တယ်..”

            “အင်း..သူ့သဘောပါမှ ရလိမ့်မယ်…”

 

အဲဒီညနေ ရှရမ်နဲ့ ကျွန်တော် စကားသွားပြောတယ်။

            “ရှရမ်ရေ..ငါတော့ နီတာနဲ့ ငါ မေတ္တာမျှနေကြပြီ..ပြီးတော့ သူ့ကို ငါ လက်ထပ်ချင်တယ်…ဒီ ဇိမ်ခန်းမှာ သူ

            အလုပ် လုပ်မှာမဟုတ်တော့ဘူး..”

ရှရမ်က ကျွန်တော့်ကို အင်းဆက်ပိုးမွှားတစ်ကောင်လို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး –

            “အေး..ငါသိပြီ..ဒီကောင်မကို မဟုတ်တရုတ်အကြံအစည်တွေ မင်းပေးနေတာကိုး..ဒီမှာ..ငနာကောင်လေး

              သေချာနားထောင်..သူ ဒါလုပ်ဖို့ မလုပ်ဖို့ ဘယ်သူမှ ပြောခွင့်မရှိဘူး..ငါပဲ ပြောနိုင်တယ်..ငါကတော့ သူ့ကို

            ဒီအလုပ်က ဘယ်နားစေချင်မှာတုန်း..ရွှေဥ ဥပေးနေတဲ့ ငန်းမလေးကွ…ရွှေဥတွေ အများကြီး..နောက်

            ထပ်ဥပေးဦးမှာ..”

 

            “ဒါဖြင့်..ကျွန်တော် သူ့ကို လက်ထပ်ဖို့ ခွင့်မပြုဘူးဆိုတဲ့ သဘောပေါ့..”

 

            “ငါ ခွင့်ပြုနိုင်ပါတယ်..ဟဲဟဲ..တစ်ခုပဲ..သူ့ကို လက်ထပ်ချင်တဲ့ကောင်ကတော့ ငါဆုံးရှုံးသွားတဲ့ အကျိုးအမြတ်

              အတွက်ငါ့ကို လျော်ကြေးပေးရမှာပေါ့ကွာ..အဲဒါလေး..”

             “ဘယ်လောက်တုန်းဗျာ…မှန်းခြေ..”

            “အင်း…လေးသိန်းလောက်ပေါ့ကွာ..ဘယ့်နှယ်လဲ..ပေးနိုင်လား..ဟားဟားဟား..”

ငနာက ရီမောပြီး လစ်တော့ဆိုတဲ့ ပုံစံနဲ့ ကျွန်တော့်ကို လက်ခါပြတယ်..။

 

            ညကျတော့ ကျွန်တော့်ရှိတာလေး ထုတ်ရေကြည့်တယ်..။ စုစုပေါင်းမှ ရူးပီး ၄၈၀။ သိပ်မလိုပါဘူး..ရူးပီး

၃၉၉၅၂ဝ တည်းရယ်ပါ။အဲဒီ ဖာခေါင်းကို လည်စေ့ညှစ်သတ်ချင်စိတ် ပေါက်လာတယ်။ နောက်နေ့ နီတာ

နဲ့တွေ့တော့ အကြောင်းစုံပြောပြတယ်။

            “ဒီ ရှရမ်ဆိုတဲ့အကောင်ဟာ တို့ လက်ထပ်ဖို့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူးဟ..ဒီတော့

             ထွက်ပြေးကြဖို့ပဲ ရှိတယ်..”

            “ဟင့်အင်း..” နီတာက ကြောက်လန့်တကြား နဲ့ငြင်းတယ်။

            “ဒီဇိမ်ခန်းက လူတွေ ငါတို့ကို ရှာတွေ့သွားရင် မလွယ်ဘူး..ချန်ပါ ရယ်လေ..လူတစ်ယောက်နဲ့

             ထွက်ပြေးဖူးတယ်..မနှစ်ကပေါ့..အဲဒါ သူတို့လည်း ရှာလို့ တွေ့ရော ချန်ပါ့ လူကို ခြေထောက်

             ရိုက်ချိုးပြီး ချန်ပါ့ကိုတော့ ဆယ်ရက်လောက် အစာအငတ်ထားလိုက်ကြတယ်လေ..”

            “ဒါဖြင့်ရင်…ဒီအကောင် ရှရမ်ကို သတ်ပစ်ဖို့သာ ရှိတာပေါ့..”

ကျွန်တော့်မျက်လုံးမှာ ရန်လိုမုန်းတီးမှုက လက်လက်ထ နေလိမ့်မယ်။ ဒီတစ်ခါ နီတာ့ရဲ့ ဟင့်အင်း က

အကြောက်အကန်ပဲ။

            “အဲဒီလို..ဘယ်တော့မှ မလုပ်ပါဘူးလို့ ကတိပေးပါနော်..”

ကျွန်တော်လည်း အံ့အားသင့်သွားတယ်။

            “ဘာလို့တုန်း..”

            “ဘာလို့လဲဆိုတော့ ရှရမ်က ငါ့ အစ်ကိုပါ..”

           

                                                                 ****************************

 

            မီးနီလေး တဖျတ်ဖျတ်နဲ့ ရဲ ဂျစ်ကားတစ်စီး ကျွန်တော်တို့ အိမ်တန်းလျား ရှေ့မှာ လာ

ဆိုက်ပြန်ပြီ။ ရဲသားတွေ ဆင်းလာကြတယ်။ ရဲအုပ်ကတော့ အရင်တစ်ခါလူ မဟုတ်ဘူး။ အသစ်

တစ်ယောက်ဗျ။ ကျွန်တော်တို့ကို အပြင်ထွက်ခိုင်းပြန်တာပေါ့။ ဒီရဲအုပ်က နည်းနည်း ပိုကြမ်းပုံပဲ။

 

            ဟေ့..နားထောင်ကြစမ်း..ဆန်ကုန်မြေလေးတွေ..ဒီမှာ တကယ့် အရေးပေါ်နေပြီ..

ဆွာပနား ဒေဝီရဲ့ အိမ်က မြလည်ဆွဲကိုတစ်ယောက်ယောက်တော့ ခိုးသွားသဟေ့..ငါကတော့

ခိုးတဲ့သူဟာ မင်းတို့ထဲက အကောင်တစ်ကောင်ဖြစ်မှာပဲလို့ ကောင်းကောင်းကြီး သံသယဖြစ်

တာပဲ..ဒီတော့ စောစောစီးစီး ဝန်ခံလိုက်ရင် အေးဆေးဖြစ်သွားမယ်လို့ ကတိပေးတယ်..

ဟုတ်လား..အခွင့်အရေး ပေးနေတာနော်…ငါရှာလို့ တွေ့လို့ကတော့ အဲဒီသူခိုး မလွယ်ဘူး

သာမှတ်..အဆော်အနှက် ကောင်းကောင်းခံရလိမ့်မယ်…ကြားကြလား..

 

            ကျွန်တော်လည်း လဂျ်ဝန်တီ အတွက် စိတ်ပူသွားတယ်။ သူ့အခန်းတံခါး သော့

ခတ်ထားတာမြင်မှ သူရွာပြန်သွားတယ်ဆိုတာ သတိရမိတော့တယ်။ ကျွန်တော် သက်မ

ချပြီး လည်ဆွဲခိုးမည့်အကြံ သူလက်လျှော့လိုက်တာ ကောင်းတယ်လို့တွေးမိတယ်။ ဆွာပနား

ဒေဝီက သူ့လည်ဆွဲတစ်ကုံးလောက် ပျောက်တာ မသိနိုင်လောက်ဘူးလို့ သူထင်ခဲ့တာလေ။

ခု ရဲတွေတောင် ရောက်နေပြီ။

 

            တစ်ယောက်ချင်း အစစ်အဆေး အမေးအမြန်းခံရတာပေါ့။ ရှန်ကာ အလှည့်ရောက်တော့

ထုံးစံအတိုင်းပဲ။

            “နာမည်..” ရဲအုပ်ကမေးတယ်။

            “အော့ဒ်ဇစ်ဖန်..”

            “ဘာကွ..”

ရှန်ကာ ကလည်း ကွိကွိကွကွ နဲ့ ထပ်ရှင်းပြတယ်။ ရဲအုပ်ကတော့ ဘယ်နားလည်မှာလဲ။ အံကြိတ်ပြီး

သွားကြားကထွက်တဲ့လေသံနဲ့ –

             “ဟာ..ဘာကောင်လေးလဲ..အရူးကွက်နင်းပြီး ငါ့ကို အချဉ်ဖောက်မလို့ပေါ့လေ..”

ကျွန်တော်လည်း ထုံးစံအတိုင်း ပြေးပြီး ရဲအုပ်ကိုရှင်းပြတော့မှ ရဲအုပ်က ရှန်ကာ့ကို သွားကွာဆိုပြီး

လက်ခါပြတယ်။ ဒီတစ်ခါတော့ ရဲတွေ ဘာမှတွေ့မသွားဘဲ လက်ဗလာနဲ့ ပြန်သွားရသဗျ။ ဘာလည်

ဆွဲမှ မတွေ့ဘူး။ ဘာ မသင်္ကာစရာမှလည်း မတွေ့ဘူးလေ။

 

            အဲဒီညနေမှာ ပေစုတ်စုတ် ခွေးဝဲစားလေးတစ်ကောင် တဂျ်မဟာအနားမှာ သေသွားတယ်။

အနက်ပြောက်ကလေးတွေနဲ့ ခွေးစုတ်ကလေးလေ။ ဒါကို ဘယ်သူမှ သတိမပြုမိသလို အရေးလည်း

မလုပ်ပါဘူး။

 

                                                                  

                                                             **************************

 

            လဂျ်ဝန်တီ တစ်ယောက် သူ့ရွာက ပြန်လာပြီး နောက်တစ်နေ့ပဲ အဖမ်းခံရတယ်။ ချွေးတရွှဲရွှဲနဲ့

ရဲသားတစ်ယောက်က သူ့အခန်းထဲကနေရဲကားပေါ်ရောက်အောင် ဆွဲခေါ်သွားတယ်။ လဂျ်ဝန်တီ

ခမျာတော့  တငိုငိုတရီရီ နဲ့ ပါသွားရှာတာပေါ့။

            မကြည့်ချင် မြင်လျက်သား။ ဘာမှ မကူညီနိုင်ဘဲ ကျွန်တော့်မှာ သူ့ကို လက်ပိုက်ကြည့်နေ

ရတော့တယ်။ ဆွာပနား နန်းတော်ရဲ့ဥယျာဉ်မှူး အဗ္ဗဒူ နဲ့ နှစ်ယောက်သား လဂျ်ဝန်တီကို

ဖမ်းခေါ်သွားတာ ကြည့်နေမိတယ်။

 

            “ဦးလေး..အဗ္ဗဒူ..လဂျ်ဝန်တီကို ဘာလို့ရဲတွေဖမ်းသွားတာလဲဗျ..? သခင်မ ရာနီ က

             ဘာလို့ တစ်ခုခု မလုပ်တာလဲ..?ဘာပဲဖြစ်ဖြစ် လဂျ်ဝန်တီက သူ့ရဲ့အတော်ဆုံး

             အိမ်စေ အမျိုးသမီးပဲ မဟုတ်လားဗျာ..”

 

အဗ္ဗဒူက သွားဖြဲပြီး 

            “လဂျ်ဝန်တီကို ဖမ်းဖို့  သခင်မပဲ ရဲတွေခေါ်လိုက်တာလေ..”

            “ဗျာ..ဘာလို့လဲ..?”

            “ဘာဖြစ်ရမလဲကွ..လဂျ်ဝန်တီက သခင်မ မီးခံသေတ္တာထဲက လည်ဆွဲကို ခိုးတာကိုး..ရဲတွေက သူ့ရွာက အိမ်မှာ

            သွားရှာတာ..ဒီနေ့ တွေ့သွားပြီလေ..”

            “အန်..ဒါဖြင့် ဆွာပနား ဒေဝီက သူ့လည်ဆွဲ လဂျ်ဝန်တီ ခိုးမှန်း ဘယ်လိုလုပ်သိသလဲ..အဲဒါဖြစ်တုန်းက လဂျ်ဝန်တီ

            က ရွာပြန်နေတာလေ..”

            “အေး..သူ့ကိုအတပ်စွဲဖို့ သဲလွန်စတွေ ချန်ထားခဲ့တာကိုးကွ..ဒီမှာ..သူက ရွာကို တန်းပြန်တာ မဟုတ်ဘူး..အက်ဂရာ

            မှာပဲ နေပြီး ဒီအိမ်ထဲ ဘယ်သူမှ မသိအောင် ဖောက်ဝင်ဖို့ အချိန်ကောင်းကို စောင့်နေတာကွ..နောက်ဆုံး..သခင်မ

            အိပ်ခန်းထဲ ဖောက်ဝင်ပြီး လည်ဆွဲကို ခိုးလို့ရရော ဆိုပါတော့ကွာ..အဲဒီအချိန် တို့ဘွားတော်က ပါတီပွဲတစ်ခုမှာတဲ့..

            ပါတီပွဲ မသွားခင် ဘွားတော်က ဖီးလိမ်းပြင်ဆင်ရတာနဲ့ ဘီးတို့ ကလစ်တို့ ဘာညာတွေက အိပ်ယာပေါ် ပြန့်ကျဲ

            နေမှာပေါ့..အဲ..တို့ဘွားတော်လည်း ညဉ့်နက်မှ ပါတီပွဲက ပြန်လာပြီး သူ့အိပ်ခန်းထဲလည်းရောက်ရော..သူ့ ဘီးတို့

            ကလစ်တို့ ပစ္စည်းပစ္စယတွေက မှန်တင်ခုံပေါ်မှာ သူ့နေရာနဲ့သူ အစီအရီ ဖြစ်နေသတဲ့။ သူလည်း ချက်ချင်း သတိ

            ပြုမိပြီး..ပစ္စည်းတွေ စစ်ဆေးတာပေါ့ကွာ..မီးခံသေတ္တာဖွင့်ကြည့်ပြီး စစ်တော့ လည်ဆွဲတစ်ကုံးပျောက်နေတာ သိ

            ရသတဲ့..အဲဒီမှာပဲ ဒီလည်ဆွဲကို ခိုးတာ တခြားသူတော့မဖြစ်နိုင်ဘူး..လဂျ်ဝန်တီပဲဖြစ်ရမယ်လို့ ဘွားတော်က အ

             တပ်သိလိုက်တာပဲတဲ့..”

 

ကျွန်တော်လည်း ကိုယ့်နဖူးကိုယ် ပြန်ရိုက်မိတယ်။ သောက်ကျိုးနည်း တော်တဲ့ အိမ်ဖော် အမျိုးသမီးပါလား။

လဂျ်ဝန်တီ..လဂျ်ဝန်တီ သူများပစ္စည်းခိုးနေတုန်းတောင် တာဝန်ကျေချင်တုန်း။

 

            ကျွန်တော်လည်း လဂျ်ဝန်တီ ကိစ္စနဲ့ ဘွားတော်ကို ပြေရာပြေကြောင်းလေး သွားပြောမိတယ်။ သူကတော့

ကျွန်တော့်ကို အဖက်မတန်သလို သောက်ရေးတောင် မစိုက်ပါဘူး။

            “ဟဲ့..ငါက အခန်းငှားစားတာ..ပရဟိတ လုပ်နေတာမဟုတ်ဘူး…သူ့ညီမ မင်္ဂလာဆောင် ခမ်းခမ်းနားနား

             ဖြစ်အောင်သူ့မှာ မဖြစ်မနေ စီစဉ်ဖို့လိုသလားဟေ..? နင်တို့ ဆင်းရဲသားများ ဆန်မရှိ အစားကြီး မလုပ်

            ချင်ကြနဲ့..ကိုယ့်အိုးကိုယ့်ဆန် တန်ရုံပေါ့..ကိုယ့်နေရာ ကိုယ်နေ..ကိုယ့်အလုပ်ကိုယ်လုပ်..ဘာပြဿနာ

            မှ တက်စရာမရှိဘူး..”

 

ကျွန်တော်လည်း အဲဒီနေ့က ဘွားတော်ကို တော်တော်တင်းသွားတယ်။ ဒါပေမဲ့..သူပြောတာလည်း ဟုတ်တုတ်

တုတ်ပါပဲ။ လဂျ်ဝန်တီက အခြေခံအကျဆုံးကိစ္စကို မလိုက်နာပဲ အမှားလုပ်မိတာကိုး။ ကျွန်တော်ပြောခဲ့ဖူးပါရော..။

သူက ဆင်းရဲ နဲ့ ချမ်းသာ ပိုင်းခြားထားတဲ့ မျဉ်း ကို သွားကျော်ဖို့ လုပ်တာကိုး။ မတန်မရာ သွား အိပ်မက် မက်

မိတော့ ဒုက္ခလှလှတွေ့တော့တာပေါ့။ အိပ်မက်ကြီးကြီး မက်လေ ၊ စိတ်ပျက်ရလေပဲ။ ဒါကြောင့် ကျွန်တော်

ကတော့ ကိုယ်နိုင်သလောက် အိပ်မက်သေးသေးလေးတွေပဲ မက်တယ်။ အင်း..ဖာခေါင်းတစ်ယောက်ကို

လျော်ကြေး လေးသိန်းလောက်ပေးပြီး ဇိမ်မယ် တစ်ယောက်ကို လက်ထပ်ယူဖို့ ဆိုတာမျိုးပေါ့..အဟေးဟေး။

 

                                                               ***************************

4 comments

  • အလင်း ဆက်

    July 30, 2013 at 8:58 pm

    အပိုင်း(၇၈) တောင်ရောက်ခဲ့ပြီနော်..
    ကိုဘလှိူင်ရေ…
    စာအုပ်အဖြစ်..သေသေချာချာ သိမ်းထားသင့်တဲ ့…
    အပြန်ပြန်အလှန်လှန်..ဖတ်သင့်တဲ ့ စာမို ့…
    စာအုပ် ထုတ်ဝေဖြစ်ရင် သတင်းလေးပေးပါဦးနော့်

  • Ma Ma

    July 31, 2013 at 8:28 am

    ရှေ့အပိုင်းမှာကတည်းက ငွေချေးလို့ ရပါ့မလားလို့ ထင်ခဲ့မိသေးတယ်။
    ထင်တဲ့အတိုင်းပဲ။
    ဒါဆို စုံထောက်လုပ်စားလို့ ရလောက်ပြီထင်တယ်။ 😀

  • Mr. MarGa

    July 31, 2013 at 10:16 pm

    ဆက်ပြီး ဖတ်သွားပါတယ်ဗျို့…..

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 10:18 am

    ခပ်ချောချောနဲ့ ကိုကိုဘလှိုင်ရေ … :mrgreen:
    ဟိုးးး အစကနေ ပြန်ဖတ်ရမယ်ဗျာ ….
    ဒီလို ဖတ်ပြီးမှပဲ ပြောတော့မယ်ဗျာ …
    နောက်ထပ် ဘယ်နှစ်ပိုင်းလောက် ကျန်ဦးမလဲဆိုတာလည်း
    အသိပေးပါဦးလို့ …..။
    သာဒု …

Leave a Reply