အောင်ဆန်းပေးတဲ့ မြန်မာပြည်

maylayAugust 4, 20101min933

forward mail ကနေရထားတဲ့ ကဗျာလေးပါ။ ဘယ်သူရေးထားလဲဆိုတာ မသိပါဘူး။  ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အားလုံးလည်းနှစ်သက်မယ်လို့ထင်ပါတယ်။

အောင်ဆန်းပေးတဲ့မြန်မာပြည်

(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘဝစတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင ်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ဝန်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ဝန်ကြီးချုပ်
“ကြည်…ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်”
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘဝ၊ လူ့ဘဝရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘဝတွေက အဖုံဖုံ
အသက်က ၃ဝ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမဝင် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ…။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
“”ငါတို့ အားကိုးပါရစေ”” ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
“”ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ”” ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
“”ငါတို့ စွန့်ပါရစေ”” ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တဝုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ဝိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ဝိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃ဝ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇဝင်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်…။

“”မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။””

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

3 comments

  • kyi pyar

    August 4, 2010 at 12:37 pm

    အခု လို မျှဝေပေးတဲ့အတွက် မေလေးကို ကျေးဇူးတင်ပါတယ်…….

  • angwei

    August 10, 2010 at 6:57 pm

    ဒီလိုကဗျာကို ဒီမှာ လူသိပ်မဖတ်တာ အရမ်း ဝမ်းနည်းမိတယ်။

  • မန်း ရိပ်

    August 13, 2010 at 4:48 am

    ကဗျာ ဖတ်ပြီး လွမ်းမိတယ်ဗျာ…………..
    ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို အခု လူငယ်တွေ မမေ့ဖို့ လုပ်ပေးရမှာ ကျွန်တော်တို့အာလုံးတောင်ဝန်ပါ

Leave a Reply