တတိယနှစ်ကျောင်းပိတ်လို့သူပြန်ရောက်တဲ့ အချိန်တွေမှာတော့

အေးစက်မာကြောတဲ့ သူ့ရဲ့ ပြောဆိုဆက်ဆံမှုတွေက ကျွန်တော့နှလုံသားကိုဆွံ့အစေခဲ့သလို  နှစ်ပေါင်းများစွာခိုင်ခိုင် ခံ့ခံ့နှောင်ဖွဲ့ခဲ့တဲ့

သံယောဇဉ်အရံအတားတွေကိုလည်း ပြိုလုမတတ်ယိမ်းယိုင်သွားစေခဲ့ပါတယ်….။

ငယ်စဉ်တောင်ကျေး ခလေးဘ၀ထဲကသန့်ရှင်းစင်ကြယ်မှုများနဲ့ချစ်ခဲ့ရသူ ငယ်ချစ်ဦးကို

လွယ်ကူစွာ မေ့ပြစ်နိုင်ဖို့ ကျွန်တော့ရဲ့ ဦးနှောက်က ကျွန်တော့်ရဲ့  စိတ်ကို အမိန့်ပေးစေခိုင်းနိုင်ခြင်းမရှိခဲ့ပါဘူး …။

နောက်ဆုံးနှစ် ရဲ့ နှစ်ဦးပိုင်းမှာသူ့ဆီကို သူ့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်စွာပဲကျွန်တော်ရန်ကုန်ကိုအရဲစွန့်စွာ လိုက်သွားခဲ့ပါတယ် ။

 

.ကြီးကျယ်ခန်းနားတဲ့ တက္ကသိုလ်ကျောင်းဝန်းကြီးတစ်ခုလုံးရဲ့ အရိပ်အမိုးအောက်မှာ

ငယ်ချစ်ဆိုသောအရောင်ဖျော့ဖျော့ဂုဏ်ပုဒ်တစ်ခုကိုပဲ အဖေါ်ပြုပြီး

အတန်းဆင်းမဲ့ သူ့စာသင်ခန်းရှေ့ မှာ အမိန့်ချခံရသူတရားခံတစ်ဦးလို    သက်ပြင်းပေါင်းများစွာချရင်းစောင့်စားနားထောင်ခဲ့ရပါတယ်….။

“နင့်ကြောင့်ငါ့ကိုအိမ်ကကျောင်းထုတ်ပြစ်လိမ့်မယ်”….ငါရှိတဲ့နေရာဘယ်တော့မှမလာပါနဲ့ … ငါ့ကိုလည်း  အနှောက်အရှက်မပေးပါတော့နဲ့ ဆိုတဲ့  စကားတွေနဲ့အတူ

ကျွန်တော့်ဓါတ်ပုံနဲ့  စာတွေကို ပြစ်ချပေးရင်း ကျောခိုင်းထွက်ခွာသွားပါတော့တယ်…။

တုန်ရီနေတဲ့လက်တွေနဲ့သူထားရစ်ခဲ့တဲ့ ပစ္စည်းတွေကိုကောက်ယူရင်း    ဒီဝန်းကျင်နဲ့ဝေးရာအရပ်ကိုပဲ ကျွန်တော်ရောက်ချင်နေမိတယ် ။

မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားတဲ့ သူ့ စိတ်ကိုကျွန်တော်ဘယ်လိုနားလည်ရမလဲ ။

ဘာကြောင့်ဒီလိုအဖြစ်အပျက်တွေဖြစ်ခဲ့ရတာလဲ ။

ဒီလိုနဲ့ပဲ့ ဒို့ဇတ်လမ်းတွေအဆုံးသတ်သွား ရတော့မှာလား….ဆိုတဲ့မေးခွန်းတွေကို ကိုယ့်ဖာသာဖြေကြည့်နေမိတယ်..။

သူတို့နဲ့တန်းတူပညာအရည်အချင်းပြည့်မှီသူမဟုတ်လို့လား၊

သူတို့လိုငွေကြေးဥစ္စာကြွယ်ဝချမ်းသာသူမဟုတ်လိုလား၊

ဟုတ်တယ်““`သူ့အတွက်လုံခြုံစိတ်ချရတဲ့ဘဝမျိုးငါ့ဆီမှာရနိုင်ဖို့ ဆိုတာကျိမ်းသေတာမဟုတ်…

သူ့ဆုံးဖြတ်ချက်တွေက.သူ့ကိုစိတ်ချမ်းသာစွာရှိနေဖို့ကအဓိကပါပဲလေ…

မနက်ဖန်ပြန်တော့မှာမို့မာလာဆောင်ကို သူနဲ့နောက်ဆုံးတွေ့ဖို့ထွက်လာခဲ့တယ်…..

ကျွန်တော့လက်ထဲမှာ တော့ ပန်းဆိုးတန်းကုန်တိုက်ကနို့ပေါင်မုန့်(၂)လုံး၊ရှားမီးချိုချဉ်(၂)ထုတ်၊စိုးသူရဲ့ ရည်ူးစားလေးရဲ့ ချစ်မှတ်တမ်းပိုစတာ(၁)ခု

အဆောင်မှုးကသူမရှိတဲ့အကြောင်းပြောလို့ အဆောင်အပြင်အုတ်ခုံမှာထိုင်စောင့်နေခဲ့တယ်……

ညနေစောင်းထဲကစောင့်နေတဲ့ကျွန်တော်မိုးချုပ်ခါနီးထိစောင့်ပေမဲ့သူတမင်တကာဆင်းမတွေ့ဘူး ဆိုတာကျွန်တော်နားလည်လိုက်ပါတယ်

ဒါနဲ့ပဲ အဆောင်မှုးဆီမှာပဲပစ္စည်းတွေအပ်ပြီးသူကိုပေးဖို့မှာထားခဲ့တယ်၊

ဆို့နင့်ကြေကွဲတဲ့စိတ်က မျက်ဝန်းမှာမျက်ရည်ပန်းတွေအဆုတ်လိုက်ပွင့်စေခဲ့တယ်လေ

သူ့ကိုချည်နှောင်မဲ့သံယောဇဉ်ကြိုးတွေမှန်သမျှကိုလည်း  ဒီမာလာဆောင်ချေရင်းမှာပဲထားရစ်ခဲ့တယ်ဆိုတာ

သူဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူး ။   တိုက်ဆိုင်စွာပဲမာလာဆောင်ကလှည့်အထွက်…..

ဓါတ်ပုံဆရာတစ်ဦးနဲ့တွေ့လို့ မီးလုံးလေးတွေထွန်းထားတဲ့မာလာဆောင်ကိုနောက်ခံထားပြီးဓါတ်ပုံတစ်ပုံရိုက်ခဲ့ပါသေးတယ် ၊

တက္ကသိုလ်ကျောင်းသူငယ်ချစ်ဦးရဲ့  နှလုံးသာ့းပလ္လင်ထက်မှာပူဇော်ခံခဲ့ရသူတစ်ဦးအဖြစ်မှတ်တမ်းတင်ရစ်ခဲ့တဲ့ပုံပေါ့..။(ဓါတ်ပုံဆရာအမည်ကကိုရင်မောင်ပါ)

ငယ်ချစ်ဦးရယ်…ကျုရှင်ကအပြန် မြစ်ရေကြီးတာကိုသွားကြည့်ရင်း     အဝတ်ဗလာနဲ့ ငါရေဆင်းချိုးတုန်း က

တာပေါ်မှာနင်ထိုင်စောင့်နေတဲ့ပုံတွေ

နင့်အမေ မသိအောင်နွေခေါင်ခေါင်ညဖက်ကြီး…..ထီးဆောင်းပြီးဈေးဝယ်ရင်းနင့်ကိုခိုးကြည့်ခဲ့ရတာတွေ..ကျောင်းမှာ.စာမရလို့ထမင်းပြန်မစားရတဲ့ ငါ့ကို

တဝက်ခွဲပြီးလာကျွေးတဲ့ နင့်ပုံရိပ်တွေ

စတဲ့စတဲ့ငါ နဲ့ နင်နဲ့အကြောင်းတွေက တစ်ထောင့်တစ်ညပုံပြင်တွေ ထက်   ရက်ပေါင်းများစွာပြောတာတောင်ဆုံးနိုင်မယ်မထင်ဘူး…။

ငါ့နှလုံးသားကျောက်သင်ပုံးမှာ  ရေထားတဲ့ငယ်ချစ်ဦးဆိုတဲ့အက္ခရာကလည်း   လွယ်လွယ်ကူကူဖျက်ပြစ်လို့ရနိုင်တာမှမဟုတ်ပဲလေ….။

အဆုံးမသတ်နိုင်တဲ့ငါကတော့…………….

ပွဲဈေးတန်း ဆေးမှင်ရည်ထိုးသူတစ်ဦးဆီမှာ …

နင့် နာမည်နဲ့ ဒီစာကြောင်းလေးကိုညာဖက်လက်မောင်းမှာ….    ကဗျည်းထိုးရင်းသံသရာကိုငါယူဆောင်သွားခဲ့ပါပြီ ။

ဇတ်ရုံထဲမှာသဲ့သဲ့ ကြားရတဲ့ သီချင်းသံကိုတိုးတိုးလေးညည်းဆိုရင်းနဲ့………ပေါ့ ။

နုနု ငယ်ငယ်စိတ်ကူးယဉ်တတ်တဲ့အရွယ်ကထဲက…….။

 

 

To.         Thinn Thinn  wishing to see you as a beautiful flower.

from.ko ko  14.JAN.1986

 

 

 

 

 

 

 

 

 

About စူးရဲ

စူး ရဲ has written 4 post in this Website..

ခြောက်ပြစ်မကင်းတာ၊သဲလဲမစင်တာလေးကြောင့်ပဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်ပေါင်းလို့သင်းလို့ရနေတာပါ။