1000201_196645013830802_95603291_n

.. ကျွန်တော့်တို့ လူတိုင်းလူတိုင်းမှာ ဦးနှောက်တစ်ခုစီတော့ ရှိကြတယ်ဗျ.. သေးတာ ကြီးတာ နောက်ထား ကိုယ်ပိုင် တစ်ယောက်တစ်လုံးစီတော့ ရှိကြတာပဲ၊ Hand Phone တွေလိုပေါ့.. Hand Phone တွေကျတော့ ကိုယ်ကိုင်ထားတဲ့ဟာက မန်မိုရီက ဘယ်လောက် သိမ်းဆည်းနိုင်မှုက ဘယ်လောက် ဆိုတာမျိုး သိကြတယ်.. အဲ့ဒါတွေပေါ်မူတည်ပြီး ဘယ်လောက်အလုပ်လုပ်နိုင်တယ်၊ ဘာတွေ ဘယ်လောက်သိမ်းဆည်းထားနိုင်တယ် သိရတယ်.. အဲ..ကိုယ့် ဦးနှောက်ကကျတော့ အဲ့ဒါမျိုးတွေမသိရတော့ အထီးမှန်း အမမှန်းမသိ စီးရတဲ့ မြင်းလိုပဲ.. ဒါပေမယ့် ဆေးသိပ္ပံဆရာသမားတွေ ရဲ့ ကောင်းမှုကြောင့် ဦးနှောက် အလုပ်လုပ်ပုံတွေကို အကြမ်းဖြင်းတော့ ပြောလို့ရပါပြီ.. သူတို့ပြောထားတာတွေ အခြေခံပြီး ကိုယ့်ဦးနှောက်ကို ဘယ်သန်နေလား ညာသန်နေလား ခွဲကြည့် လို့ရပါပြီ.. ကိုယ်ရဲ့ ဦးနှောက် ဘယ်သန်လား ညာသန်လား သိခြင်းအားဖြင့် သင်ကြားရေး၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အထောက်အကူဖြစ်ပါသတဲ့..

 

.. အများသိကြတဲ့ အတိုင်း ကျွန်တော်တို့ ဦးနှောက်က နှစ်ခြမ်းကွဲကြီးပါ.. တစ်ခြမ်း တစ်ခြမ်း ကို Hemisphere လို့ခေါ်တော့ right hemisphere & left hemisphere ပေါ့..  သူတို့ နှစ်ခုကို အလယ်က ဆက်ထားပြီး data တွေ့ပို့ဆောင်ပေးနေတဲ့ nerve fiber ကြီးလည်းရှိတော့ သပ်သပ်စီကြီးတော့ မဟုတ်ပါဘူး.. ကျွန်တော်တို့ နေစဉ် လုပ်နေတဲ့ အလုပ်တွေ၊ သင်ကြားမှုတွေမှာ နှစ်ခြမ်းလုံးက တက်ညီးလက်ညီပါကြပါတယ်.. ဒါပေမယ့် သူတို့ နှစ်ခု ရဲ့ကျွမ်းကျင်ရာကိစ္စတွေ မတူတဲ့ အတွက် ပါဝင်မှုအချိုးတော့ မတူကြပါဘူး.. အကြမ်းအားဖြင့်ပြောရရင်

 

brain

 

 

Left Hemisphere                                                            Right Hemisphere

– ဘာသာစကား၊ ဂဏန်းသင်္ချာ                                              – အမြင်ပုံရိပ်

– အစဉ်အတိုင်း စဉ်းစား (serial)                                           – အပြိုင် စဉ်းစား (parallel)

– အတိတ် က အတွေ့အကြုံကို အခြေခံစဉ်းစား၊                        – လက်ရှိ ပစ္စုပ္ပန် ကို ပိုအာရုံစိုက်၊ ခံစား

အနာဂါတ် ဖြစ်နိုင်ခြေတွေ စဉ်းစား

– အသေးစိတ်အချက်ကို စဉ်းစား                                           – ယျေဘူယသဘောကို ခြုံငုံ စဉ်းစား

– ယုတ္တိဗေဒကို အခြေခံစဉ်းစား                                             – စိတ်ခံစားမှုကို အခြေခံစဉ်းစား

– ငါ၊ သူတပါး၊ ဒီပစ္စည်း၊ ဟိုပစ္စည်း ခွဲတတ်                               – မခွဲတတ်

 

အဲ့လိုမျိုးပါ..

ကျွန်တော့်တို့ ဆီမှာ ကိုယ်အားသန်တဲ့ အခြမ်းကိုယ်စီ ကိုယ်စီ ရှိကြပါသတဲ့.. ဒါပေမယ့် အားသန်တယ် ဆိုတဲ့နေရာမှာ အပြည်အဝသဘော (Absolute) မဟုတ်ပဲ ပိုစိတ်ညွှတ်တဲ့သဘော (Preference) သာဖြစ်ပါတယ်တဲ့.. ဆိုလိုတာက ဘာလုပ်လုပ် နှစ်ခြမ်းလုံးကပါမှာဖြစ်ပြီး ကိုယ်သန်ရာ သန်ရာပေါ်မူတည်ပြီးတော့ ကိုယ့်ရဲ့ စဉ်းစားပုံ၊ အလေ့အထ၊ အားသာချက် အားနည်းချက် အနည်းငယ် ကွဲသွားမှာဖြစ်ပါတယ်..အထူးသဖြင့် အသစ် စ မှတ်ရတဲ့ အချိန်၊ အကျပ်အတည်းတွေ့တဲ့ အချိန်မျိုးမှာပါ.. ဥပမာ အားဖြင့် လူတစ်ယောက် ကို ပထမဆုံးစ မှတ်မိအောင် ကြိုးစားတဲ့ အချိန်မှာ ဘယ်သမားက နာမည် အရင်မှတ်မိတတ်ပြီး ညာသမားက မျက်နှာ အရင်မှတ်မိတတ်ပါတယ်.. နောက် အဲ့ဒီလူကို ရင်းနှီးသွားရင်တော့ နှစ်ခုလုံးမှတ်မိသွားပါပြီ.. နောက်ပြီး တစ်နေရာမှာ ဘယ်ခြမ်းအားကိုးပေမယ့် နောက်တစ်နေရာမှာ ညာခြမ်းအားကိုး တာမျိုးလည်းရှိနိုင်ပါတယ် (လူတစ်ယောက်ရဲ့ အခြားဗီဇတွေကလည်းရှိသေးတာကိုး).. အဲ့တော့ ပုံသေကြီးတော့ မှတ်လို့ မရဘူးပေါ့.. ဒါပေမယ့် အကြမ်းအားဖြင့် ခွဲ ကြည်ချင်ရင်တော့ အောက်မှာ ဆက်ကြည်ပါ..

 

 JESS3_Mindjet_BetweenMinds_RBvLB-final

၁။ Linear vs Holistic Processing (တိုက်ရိုက် ဆက်စပ် စဉ်းစားခြင်း နှင့် ဘက်စုံ ခြုံငုံစဉ်းစားခြင်း)

ဘယ်ခြမ်းက ရရှိထားတဲ့အချက်အလက်တွေကို အစဉ်အတိုင်း ဆက်စပ်စဉ်းစားပါတယ်.. အသေးစိတ်အချက်တွေကို အာရုံထား စုစည်းပြီး နောက်ဆုံး ကောက်ချက်စွဲဖို့ (conclusion) ထိသွားပါတယ်..

ညာခြမ်းက တစ်ခုလုံးအရင်ခြုံကြည့်ပါတယ်.. အသေးစိတ်ထက် ယေဘူယျသဘော၊ big picture ကိုကြည်ဖို့ ပိုအာရုံရပါတယ်.. တခါတရံ ကိုယ်ဖြစ်နိုင်တယ်လို့ ထင်တဲ့ အဖြေကနေ ပြန်စဉ်းစားပါတယ်..

လက်တွေ ဥပမာအားဖြင့် စာသင်ခန်းထဲမှာ ဆရာက လက်ချာတစ်ပုဒ်ကို overview အရင်မပြောပဲနဲ့ အသေးစိတ်အချက်အလက်ကို တန်းသင်တယ်ဆိုရင် ညာခြမ်းသမားအတွက် အခက်အခဲ ရှိပါတယ်.. ဘယ်ခြမ်းသမားက စာပိုလိုက်နိုင်ပါတယ်.. အဲ့ဒီအတွက် ကိုယ်က ညာခြမ်းသမား ဖြစ်နေရင် ကိုယ်သင်ရမယ့်အကြောင်းအရာကို overview သဘော အရင်လေ့လာခဲ့သင့်ပါတယ်..

 

၂။ Sequential vs. Random Processing (အစီစဉ်တကျ အလုပ်လုပ်ပုံ နှင့် အဆင်ပြေသလို အလုပ်လုပ်ပုံ)

 .. ဘယ်ခြမ်း ဦးနှောက်ဟာ အပေါ်မှာ ပြောထားသလို တိုက်ရိုက် ဆက်စပ်စဉ်းစားတတ်ရုံမက အစီအစဉ်တကျလည်းလုပ်တတ်ပါတယ်.. ဒါလုပ်ပြီ်းရင် ဒါလုပ်မယ် ပြီးရင် ဘာဆက်လုပ်မယ် ဆိုတာကို စဉ်းစားထားတာ ဒါမှမဟုတ် ရေးမှတ်ထားပြီး တစ်ခုပြီးတစ်ခု ပြီးအောင်လုပ်နိုင်တာ ဘယ်ခြမ်းကြောင့်ပါ.. ရှေနောက်အစီအစဉ်ကျအောင် အာရုံစိုက်နိုင်တဲ့ အတွက် English Spelling လိုမျိုးတွေ မှတ်သားတာမျိုးမှာ ဘယ်ခြမ်းသမားတွေ အားကောင်းပါတယ်..

.. ညာခြမ်းသမားကတော့ အစီအစဉ်တကျထက် ကိုယ်စိတ်ကူးကျရာ အရင်လုပ်သလို ဖြစ်နေပါတယ်.. ကိုယ်ပျော်ရာကို အရင်လုပ်တဲ့ အတွက် အမြန်ပြီးတဲ့ ဟာကပြီးသွားပေမယ့် ကျန်တဲ့ဟာကျန်နေတတ်ပါတယ်.. ဒါကြောင့် ကိုယ့်မှာ ဒီလို ညာခြမ်းဦးနှောက် အလေးသာတာမျိုးရှိခဲ့ရင် deadline နဲ့ လုပ်ရတဲ့ကိစ္စတွေမှာ စနစ်တကျ ပြီးဖို့ အာရုံစိုက်သင့်တယ်၊ Spelling အမှားတွေကို လည်းသေချာပြန်စစ်တတ်ဖို့လိုတယ်လို့ အကြံပေးထားပါတယ်..

 

၃။ Symbolic vs Concrete Processing (သင်္ကေတ၊ အက္ခရာ ဖြင့်သင်ယူခြင်း နှင့် လက်တွေ့သင်ယူခြင်း)

ဘယ်ဘက်ဦးနှောက်အတွက် အက္ခရာတွေ၊ စကားလုံးတွေ၊ သင်္ချာသင်္ကေတ ပုံသေနည်း တွေ မှတ်ရတာ အခက်အခဲ မရှိလှပါဘူး.. ဒါကြောင့် ဘယ်ဖက် ဦးနှောက်အားကောင်းရင် ဘာသာစကား၊ သင်္ချာတွေမှာ ထူးချွန်ပါတယ်.. ညာခြမ်းဦးနှောက်ကကျတော့  အဲ့ဒါတွေထက် လက်တွေ့ မြင်ရ ထိကိုင် လို့ရမှ ပိုမှတ်သားနိုင်ပါတယ်.. ဒါကြောင့် ညာခြမ်းသမားတွေဆို ကိုယ်သင်ကြားထားတဲ့ ဟာတွေကို လက်တွေနယ်မှာ သုံးကြည်တာ၊ ကိုယ်နားလည်သလို ကိုယ်အာရုံထဲမှာ ပုံဖော်ကြည်တာမျိုးတွေ လုပ်ရင် အကျိုးရှိပါတယ်..

 

၎။ Logical vs Intuitive Processing (ကျိုးကြောင်းသင့်တွေးခေါ် ဆုံးဖြတ်ခြင်း နှင့် ပင်ကိုသိစိတ်ဖြင့် ဆုံးဖြတ်ခြင်း)

ကိစ္စတစ်ခုကို ကျိုးသင့် ကြောင်းသင့် ယုတ္တိရှိရှိ စနစ်တကျ စဉ်းစားတာ ဘယ်ဘက် ဦးနှောက် အလုပ်ပါ.. ဒါကြောင့် သင်္ချာပုဒ်စာတစ်ပုဒ်ပဲ တွက်တွက်၊ ပြဿနာတစ်ခုကိုပဲ ဖြေရှင်းဖြေရှင်း ဘယ်ဘက် ဦးနှောက်ကို သုံးရင် ကိုယ်ရထားတဲ့ အချက်အလက်တစ်ခုခြင်းကို စနစ်တကျသုံးပြီး ပြဿနာကို ချဉ်းကပ် အဖြေရှာ နိုင်ပါတယ်.. အဲ့တော့ နောက်ဆုံး ကောက်ချက်က အကျိုးအကြောင်းပေါ်အခြေခံထားတ၊ဲ့ သက်သေ သာဓက ပေါ်အခြေခံထားတဲ့ ဆုံးဖြတ်ချက်မျိုးရပါတယ်..

ညာဘက်ခြမ်းကတော့ အဲ့ဒါမျိုးတွေ စဉ်းစားတာမရှိပါဘူး.. အလိုလိုသိစိတ်၊ စိတ်ခံစားချက် နဲ့ ဆုံးဖြတ်ချင်ပါတယ်.. ဒီကိစ္စမှာ ဒီလိုလုပ်လိုက်ရင် အဆင်ပြေမယ် လို့ စိတ်ထဲသိနေ ထင်နေတယ်.. ဘာကြောင့်လဲ လို့တော့လာမမေးနဲ့ မပြောတတ်ဘူး ဆိုတာမျိုး.. ဒီမေးခွန်းမှာ ဒါအဖြေမှန် လို့ အလိုလိုသိနေတယ်.. ဘာလို့လဲ ဆိုတာတော့မသိဘူး.. စတာမျိုးတွေပါ..

စာတစ်ပုဒ်ရေးရင်ကို ဘယ်ဘက်ခြမ်းက စာလုံးပေါင်းသတ်ပုံ၊ ရှေနောက် ညီညွတ်မှုကို အာရုံစိုက်ပြီး၊ ညာဘက်ဦးနှောက်ခြမ်းက ဖတ်ရတာ အဆင်ပြေမပြေ၊ ဆိုလိုရင်း မိမမိ ဆိုတာကို အာရုံစိုက်ပါတယ်..

 

၅။ Verbal vs Non-verbal Processing (စကားလုံးများဖြင့် ပုံဖော်ခြင်း နှင့် ပုံရိပ် အမှတ်သားများဖြင့် ပုံဖော်ခြင်း)

လမ်းမသိတဲ့ လူတစ်ယောက်ကို လမ်းညွန်ပြတယ်ဆိုပါဆို့.. ဦးနှောက်ဘယ်ခြမ်းသမား ဆိုရင် ဒီလိုညွန်ပါလိမ်မယ်. “ဒီ လမ်း အတိုင်းတည့်တည့်တက်သွား  ၃ ပြလောက်မောင်းပြီ သစ္စာလမ်းကို ရောက်မယ် အဲ့ကျ ညာဘက်ကို ချိုး၊ ၂ လမ်းမြောက်ကျ ဘယ်ဘက်ကိုချိုး သဇင်လမ်းကိုရောက်မယ်၊ အဲ့ဒီကနေ ပထမဆုံးတွေ့တဲ့ လမ်းမှာ ညာဘက်ထပ်ချိုး၊ လမ်းတောင်ဘက် ၃ အိမ်မြောက်က အိမ်ပဲ” ဆိုတာမျိုး၊ နာမည်တွေမှတ်မိတယ်၊ နံပါတ်တွေမှတ်မိတယ်၊ စကားလုံးနဲ့ ပုံဖော်နိုင်တယ်..

ညာခြမ်းသမားကျတော့ ကိုယ်သွားနေကျနေရာဆိုရင်တောင် သူများကို ညွန်တဲ့အခါ “တည့်တည့်သွားလိုက်၊ တော်တော်မောင်းပြီးတဲ့ အခါ ဘီယာဆိုင်အကြီးကြီးတွေလိမ်မယ်၊ ညာဘက်ကို ချိုးလိုက်၊ နည်းနည်းမောင်းပြီးရင် ကွမ်းယာဆိုင်လေးတွေ့မယ်၊ အဲ့ကျ ဘယ်ကို ချိုး၊ ပြီးတော့ ပထမဆုံးလမ်းသွယ်ဖြစ်မယ်ထင်တယ် လမ်းထောင့်မှာတော့ အမှိုက်ပုံကြီးရှိတယ် ညာဘက်သာချိုးသွားလိုက်၊ လမ်းညာဘက်က တိုက်အစိမ်းလေး” ဆိုတာမျိုးကို လက်ဟန်ခြေဟန် နဲ့ ညွန်ရပါလိမ်မယ်၊ သူမျက်စိထဲ မှတ်ထားတဲ့ ပုံရိပ်တွေသုံးပြီး ပုံဖော်တာပါ..

 

၆။ Reality-based vs Fantasy- orientated Processing (လက်တွေ့ အခြေခံ နှင့် စိတ်ကူးအခြေခံ စဉ်းစားခြင်း)

ဘယ်ဘက်ခြမ်းက ဖြစ်နိုင်ခြေရှိတဲ့ လက်တွေ့အခြေအနေကို လက်ခံပါတယ်.. ပါတ်ဝန်းကျင်ရဲ့ အခြေအနေ အပြောင်းအလဲအလိုက် ကိုယ်ကိုကိုယ် ထိမ်းညှိပြီး ရှင်သန် အဆင်ပြေအောင်နေနိုင်ပါတယ်.. စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာပြီး၊ ဖောက်ဖျက်ရင်ရလာမယ့် အကျိုးအပြစ် ကို စဉ်းစားတတ်ပါတယ်..

ညာခြမ်းကတော့ လက်တွေ့အခြေအနေထက် ကိုယ်စိတ်ကူးစိတ်သမ်းတွေကို ပို အလေးပေးပါတယ်.. ပါတ်ဝန်းကျင်က ကိုယ်ကို ပြောင်းလဲတာထက် ကိုယ်က ပါတ်ဝန်းကျင်ကို ပြောင်းပစ်ဖို့ ကြိုးစားချင်ပါတယ်.. စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ မေ့လျော့တတ်ပါတယ်.. အားသာချက်အနေနဲ့ ညာခြမ်းသမားတွေဟာ စိတ်ကူးဥာဏ်၊ တီထွင်ဥာဏ်ကောင်းကြပေမယ့် အားနည်းချက်အနေနဲ့ စည်းကမ်းလိုက်နာမှုအားနည်းတာ၊ ပါတ်ဝန်းကျင် နဲ့ အဆင်မပြေတာ ကျောင်းသားဘဝ မှာ Survive မဖြစ်တာမျိုးတွေ ရှိနိုင်ပါတယ်..

 

 

 .

.

ခြုံပြောရရင် ဦးနှောက်ညာသန်စစ်စစ်၊ ဘယ်သန်စစ်စစ် ကြီးရယ်ဆိုတာ ရှားပါတယ်.. ကိစ္စတစ်ခုချင်းပေါ်မူတည်ပြီး တဖက်ဖက်က ပါးပါးလေးအားသာနေတာမျိုးပါ.. အခု အပေါ်မှာ ရေးထားတဲ့ ၆ ချက်ထဲမှာလဲ တစ်နေရာမှာ ညာသန်ပေမယ့် နောက်တစ်နေရာမှာ ဘယ်သန်တာမျိုး၊ နှစ်ဖက်လုံးမျှနေတာမျိုးတွေလည်းရှိပါတယ်.. ဆိုတော့ ဖတ်ကြည်ပြီး ကိုယ်ဘယ်နေရာမှာ ဘယ်ဖက်အားသန်လဲ ဆိုတာ သိနိုင်ရုံတင်ပါ.. အဲ့လိုသိပြီးရင် ကိုယ်အားနည်းတဲ့ ဘက်ကို အားကောင်းအောင်လုပ်သင့်ပါတယ်.. ဘာလို့လဲဆိုတော့ နှစ်ဖက်လုံးကောင်းကောင်း အလုပ်လုပ်နိုင်မှ အဆင်ပြေမှာ မို့လို့ပါတဲ့.. ဘယ်ခြမ်းအားသန်တာကောင်းတယ်၊ ညာခြမ်းအားသန်တာကောင်းတယ်ဆိုတာမျိုးမဟုတ်ပါဘူး..

 

ကိုယ့် ကိုယ်ပိုင်အမြင်ကို ဝင်ဖြည့်ရရင်တော့ ကျွန်တော်တို့ နေ့စဉ် တွေ့နေရတဲ့ သင်ကြားရေးစနစ်တွေ၊ အလုပ်တာဝန်တွေ၊ လူမူဆက်ဆံရေးတွေမှာ ဘယ်ခြမ်းက ပိုအရေးပါ ပါတယ်.. ဘယ်ခြမ်းအားကောင်းမှပဲ အောင်မြင်ပါတယ်.. လက်ရှိ ကမ္ဘာကြီးကို အဆင်ပြေပြေ maintain လုပ်ထားတာ ဘယ်ခြမ်းဖြစ်မယ်ပေါ့.. ဒါပေမယ့် လူတိုင်းသာ ဒီလို ဘယ်သန်သမားတွေချည်းဆို ဘာတိုးတက်မှုမှ ရှိမယ်မထင်ဘူး.. အစဉ်အဆက်သင်ထားတာကိုပဲ လက်ဆင့်ကမ်းကြမယ်၊ ဒီစဉ်းစားမှု ဘောင်ထဲကပဲ ဆက်စဉ်းစားကြမယ်၊ လက်ရှိအခြေအနေဆိုးနေရင် လည်းသည်းခံလက်စနဲ့ ဆက်သည်းခံနေနိုင်ကြမှာပဲ.. အဲ့လို အခြေအနေတွေကနေ ပြောင်းလဲပစ်နိုင်တဲ့ ညာသန်သမားတွေ ပေါ်လာလို့ပဲ ကမ္ဘာကို နေကပတ်နေတဲ့ အယူအစကနေ ကမ္ဘာကနေကို ပတ်နေတယ်ဆိုတာဖြစ်လာတယ်၊ စိတ်ကူးယဉ်ဆန်တဲ့ လေယာဉ်ပျံဆိုတာမျိုး တီထွင်နိုင်လာတယ်၊ ပဒေသနစ်စနစ် ဘုရင်ကို ကိုးကွယ်ရာကနေ လူ လူချင်း အတူတူပဲ ဆိုတာမျိုးတွန်းလှန်လာနိုင်တယ်.. လူ့ကမ္ဘာကြီး point တစ်ခုတည်းမှာတင်ရပ်မနေအောင် ရွေ့ရွှေ့ပေးသွားတာ (အကောင်းဘက် ဒါမှမဟုတ် အဆိုးဘက်) ညာဘက်ဦးနှောက်ဖြစ်မယ်ထင်တယ်..

 

ဒါပေမယ့် အဲ့လိုပြောလို့ ညာသမားက ဘယ်သမားထက်သာတယ်လို့ ပြောတာမျိုးမဟုတ်ပါဘူး၊ သူ့နေရာနဲ့သူပေါ့.. လက်တွေ့နယ်မှာ ဘယ်သမားများက ပိုပြီး အသုံးကျ အဆင်ပြေနေတတ်ပါတယ်.. ဦးနှောက်ညာခြမ်းကို အသုံးပြုပြီး ထူးထူးချွန်ချွန်ရှိလှတဲ့ လူတွေကို လူအများအားကျ ကြပေမယ့် (ဥပမာ။ Steve Jobs, Bill Gate စသည်ဖြင့်ပေါ့) ကျောင်းပညာရေး၊ အလုပ်၊ လူမှုဆက်ဆံရေးတွေမှာ မအောင်မြင်တဲ့ ညာခြမ်းသမားတွေ မရေမတွက်နိုင်အောင်ရှိမယ်ထင်ပါတယ်.. သူတို့တွေ အောင်မြင်မှုအတွက် ကောင်းမွန်တဲ့ ရေခံမြေခံ ရှိမှပဲ အဆင်ပြေပါလိမ်မယ်.. ဥပမာ အိုင်းစတိုင်းကြီး ငယ်တုန်းက ဘာသာစကားသင်မရ သင်္ချာက ညံ နဲ့ ဆိုတော့ အနောက်နိုင်ငံမှာမို့သာ နောက်ဆုံး ပညာရှင်ကြီးဘဝရောက်သွားတာ၊ မြန်မာ နိုင်ငံမှာ မွေးလာမိလို့ကတော့ ဆယ်တန်းမအောင်တာကြောင့် ခေါင်းစုပ်ဖွားကြီးနဲ့ ဆိုက်ကားနင်းနေရမယ့် ထင်ပါတယ်..

 

အဲ့တော့ ကိုယ်ရဲ့ ပင်ကို အားသာချက်အလိုက်၊ ကိုယ်နေရာဒေသရဲ့ ရေခံမြေခံ အလိုက်၊ ကိုယ့်ဝါသနာ အလိုက်  ကိုယ့် ဦးနှောက်ကို အသုံးချတာ အသင့်ဆုံးဖြစ်ပါလိမ်မယ်..

ဘယ်သမားတွေအတွက်ဆို (ကိုယ့်ဝါသနာ အလိုက်)

– ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေနေ စတဲ့ Profession တွေ

– သုတေသနပညာရှင်

– သမိုင်း သုတေသီ၊ ဆေးသုတေသီ စတာတွေ

– နိုင်ငံရေးခေါင်းဆောင်တွေ

– ဘာသာစကား၊ သင်္ချာ ပညာရှင်တွေ၊ ပညာရပ်အသီးသီက ပါမောက္ခ တွေ

လုပ်ကြပေါ့..

 

ညာခြမ်းသားတွေ အတွက်ဆို

– စာရေးဆရာ၊ ကဗျာဆရာ စတာတွေ

– ပန်းချီးဆရာတွေ

– တွေးခေါ်ပညာရှင်၊ ဖီလော်ဆော်ဖာ တွေ

– တီထွင်ဖန်တီးသူ သိပ္ပံပညာရှင်တွေ

– ဘာသာရပ်အသီးသီးက စွန်ဦးတီထွင်သူတွေ (စီးပွားရေး၊ နည်းပညာ မှ Entrepreneur များ)

စတာတွေ ဖြစ်ကြပေါ့..

 

နှစ်ဖက်လုံးမျှတဲ့ အခါကြတော့လည်း

– ဆရာဝန် စာရေးဆရာ တို့

– နိုင်ငံရေးသမား ပန်းချီဆရာတို့

– အင်ဂျင်နီယာ ကဗျာသမား တို့လို ဖားတစ်ပိုင်း ငါးတစ်ပိုင်း တွေ :-D

ဖြစ်ကြပေါ့လေ.. ကိုယ့်ဘဝ မှာ အဆင်ပြေပြေအောင်မြင်ကြဖို့သာ အရေးကြီးတာပဲ..

.

.

.

 

မှတ်ချက်။        ။ စိတ်ဝင်စားရင် အချက် (၆) ချက်လုံးမှာ ဘယ်၊ ညာ၊ မျှ ဆိုတာလေးရွေးသွားပေးကြပါ။ ကိုယ်ကိုတိုင် စရွေးရရင်

၁။ ညာ

၂။ ညာ

၃။ မျှ

၎။ ဘယ်

၅။ ညာ

၆။ ဘယ်

 

Zaw Thant

 

Reference: www.mtsu.edu/~studskl/hd/hemis.html

                  : Taare Zameen Par (ဒါကတော့ အိန္ဒိယ movie ပါ)

About Zaw Thant

Zaw Thant has written 9 post in this Website..