Siren အရေးပေါ်အချက်ပေးသံကြားရင် ဦးစားပေးစေချင်

padonmarAugust 5, 20131min50848

Siren ဆိုတဲ့ အရေးပေါ်ဥဩသံကို လူနာတင်ယာဉ်(Ambulance)၊မီးသတ်ကား၊ရဲကားတွေ

အရေးတကြီးသွားရတဲ့အခါမှာ ကားခေါင်မိုးပေါ် မီးနီမီးဝါတွေ ဖွင့်ပြီး ဥဩဆွဲလို့

သွားတာ တွေ့ဖူးကြားဖူးကြမှာပါ။

Siren အသံက လူနာတင်ယာဉ်မှာ သုံးတဲ့ အသံက တစ်မျိုး၊မီးသတ်ကားသံက တစ်မျိုးဖြစ်ပြီး

ရဲကားသံကတော့ လူနာတင်ယာဉ်အသံနဲ့ တူတယ်လို့ထင်ပါတယ်။

တခါတလေ VIP လမ်းကြောင်း ရှိတဲ့အခါ၊(နိုင်ငံတော်အကြီးအကဲသွားလာရာ)သို့မဟုတ် နိုင်ငံတော်ရဲ့

အထူးဧည့်သည်တော်တွေ လမ်းကြောင်းမျိုးမှာလည်း ရှေ့ပြေးမော်တော်ဆိုင်ကယ်တွေမှာ

အရေးပေါ်ဥဩသံဆွဲပြီး သွားကြတာတွေ့ရပါတယ်။

ဘယ်လိုအခါမျိုးမှာပဲဖြစ်ဖြစ် ှSiren အသံကြားရင် အရေးတကြီးသွားလာရမယ့် ဦးစားပေးအကြောင်းအရာ

ဦးစားပေးသင့်တဲ့သူ ဒီကားထဲမှာပါလာပါလားလို့ လူတိုင်းသိကြပါတယ်။

သို့သော် အခုတွေ့တွေ့နေရတာက

VIP လမ်းကြောင်းဆိုရင်တော့ မဖယ်ပေးရင် ကို်ယ့်ကို အန္တရာယ်ပေးနိုင်တာ သိတဲ့အတွက်

အလျင်အမြန် လမ်းဘေးချပေးတတ်ကြပေမယ့်

အခြားအရေးပေါ်ကားတွေကိုတော့ လမ်းဖယ်ပေး တိမ်းပေးဖို့ သိတဲ့သူ အလွန်နည်းနေပါသေးတယ်။

(လူတိုင်းလို့တော့ မဆိုလိုချင်ပေမယ့် ရာခိုင်နှုန်း ၈ဝ လောက် မသိတတ်ကြသေးဘူးလို့ ပြောရင်

လွန်အံ့မထင်ပါ)

လွန်ခဲ့တဲ့ တစ်နှစ်လောက်က တောင်ဥက္ကလာ(အထင်)မှာ မီးလောင်တဲ့အခါ မီးသတ်ကားကို

ဦးစားမပေးကြလို့ အဲဒီအကြောင်း ကိုဇော်သက်ထွေး ရေးတဲ့ ဆောင်းပါးဖတ်ရဘူးပါတယ်။

မကြာသေးမီက ညနေစောင်းကားကျပ်ချိန် လှိုင်သာယာ ဟောင်ကောင်ကြာဆံစက်ရုံ

မီးလောင်တဲ့အခါမှာလည်း

မီးသတ်ကားတွေဟာ နာမည်ကျော် ဘုရင့်နောင်လမ်းဆုံကို ခက်ခက်ခဲခဲဖြတ်သွားခဲ့ရတယ်လို့

ကြားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အပတ် 26.7.2013တုံးက မနက် ၉ နာရီလောက် အင်းလျားလေးနားက ပါရမီမီးပွိုင့် RC2

ဖက်ကွေ့လိုင်းမှာ စောင့်နေတုန်း ရဲကားတစ်စီး (ဆလွန်းကားပါ)Siren ဖွင့်လို့ ကျော်တက်ပြီး

ကားရှင်းနေတဲ့ ကပ်လျက် ဆန့်ကျင်ဖက်ယာဉ်ကြောထိပ်ဆုံးမှာ သွားစောင့်နေပါတယ်။

အဲဒီ ရဲကား ယာဉ်တန်းထိပ်ဆုံးရောက်ချိန် ယာဉ်ထိန်းတဲက မီးစိမ်းပေးလိုက်တဲ့အခါ

ကိုးမိုင်ဖက်ကနေ

ရန်ကုန်ဖက်သွားမယ့် ကားတွေဟာ မျက်နှာချင်းဆိုင် ယာဉ်ကြောကနေ

အလုအယက်ထွက်လာကြပါတယ်။

ရဲကားလည်း Siren ကြီးဖွင့်ပြီး ငုတ်တုတ်မေ့နေပါလေရော၊

ကားအစီး ၂ဝလောက် ဖြတ်သွားပြီးမှ အဲဒီနားက မော်တော်ပီကယ် မနေနိုင်တော့ပဲ ထွက်လာပြီး

လုသွားနေတဲ့ ကားတွေကို တားထားရတယ်။

အဲဒီတော့မှ ရဲကားလည်း မီးပွိုင့်ဖြတ်ပြီး RC2 ဖက်ကို ကွေ့သွားရပါတော့တယ်။

(အော် ဒို့ဗမာတွေ ရဲစွမ်းပြမည် အာဇာနည်ပီပီ ပါပဲ)

ရဲကားကိုတောင် ဂရုမစိုက်မှတော့ လူနာတင်ယာဉ်ဆိုတာကိုလည်း နိုးဂရုပါပဲ။

လှိုင်သာယာဖက်ကို နေ့စဉ်သွားပြီး အပြန် ဘုရင့်နောင်တံတားတက်ဖို့

တန်းစီနေကျဆိုတော့ မြစ်ဝကျွန်းပေါ်တစ်ကြောက ကိုယ်ထူမှကိုယ်ထရတဲ့

ရပ်ရွာတွေရဲ့ စုပေါင်းဒါန လူနာတင်ယာဉ်တွေကို အနည်းဆုံး တစ်နေ့ တစ်စီးတော့ တွေ့နေရပါတယ်။

နယ်ကကားတွေဆိုတော့ ယာဉ်ကြောပြောင်းပြန်လည်းမမောင်းရဲ၊ကားတွေကြားထဲလည်း မတိုးရဲ

ကားတစ်ချို့ကလည်း လမ်းမပေးကြတဲ့အတွက် တတီတီ Siren သံကိုအကြာကြီး ကြားနေရတာ

အထဲက လူနာတွက် စိတ်မချမ်းသာလှပါဘူး။

ကိုယ့်အနားက ဖြတ်ရင်တော့ လမ်းပြောင်းပြန်မောင်းသွားပါလို့ အော်ပြီး လက်ဟန်တွေပါပြလို့

အကြံပေးလိုက်ရပါတယ်။

(ကျမသိသလောက်တော့ အခြားတိုင်းပြည်များမှာ Siren ဖွင့်ထားတဲ့ကားဟာ

လမ်းပြောင်းပြန်လည်း မောင်းခွင့်ရှိတယ်၊

မီးနီကိုလည်း ဖြတ်ခွင့်ရှိပါတယ်၊

ကုန်ကုန်ပြောရရင် အရေးပေါ်သွားရာလမ်းမှာ မလွတ်မကင်းဖြစ်နေတဲ့

အရာတွေကိုလည်း တိုက်သွားခွင့်ရှိပါတယ်။

တကယ် မရှောင်သာလို့ တိုက်မိကြောင်းဟုတ်မဟုတ်ကိုလည်း ကားမောင်းတတ်သူတိုင်းက

အဖြစ်အပျက်ကို သုံးသပ်ကြည့်ရင် သိနိုင်မှာပါ၊

ကြားဖူးတာကတော့ US ကမီးပွိုင့်တွေမှာ Siren ရဲ့ အသံလှိုင်းကို

ခရီးအကွာအဝေးတစ်ခုရောက်တဲ့အခါ သိနိုင်တဲ့ sensor တွေတပ်ဆင်ထားပြီး

အဲဒီအကွာအဝေးအတွင်းရောက်တာနဲ့ ရှိသမျှ မီးပွိုင့်တွေ နီကုန်ပါတယ်တဲ့၊

အဲဒီအခါမှာ အရေးပေါ်ကားဟာ ပထမ လမ်းပြောင်းပြန်ကဖောက်ထွက်ပြီး

မီးပွိုင့်နေရာရောက်တဲ့အခါ ရှင်းနေတဲ့ ယာဉ်ကြောမှန်ကနေ လိုရာခရီးကို

အမြန်ဆက်သွားနိုင်ပါတယ်တဲ့။ဒီနေရာမှာ မှန်မမှန် သူကြီးသက်သေခေါ်ရမှာပဲ)

အရေးပေါ်ယာဉ်တွေကို ဦးစားပေးဖို့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေကို ပြည်သူတွေ

နားယဉ်စေရန် အသံလွင့်မီဒီယာတွေမှာ တာဝန်ရှိပါတယ်။

(တစ်ချိန်က မြန်မာ့အသံရဲ့ ဆောင်ပုဒ်က

ပြန်ကြားပေးရန် မြန်မာ့အသံ၊

ပညာပေးရန်မြန်မာ့အသံ၊

၊ဖျော်ဖြေ ပေးရန်မြန်မာ့အသံတဲ့။

ခုတော့ခုတော့…. )

ဒီလို အရေးပေါ်ယာဉ်တွေကို ဦးစားပေး ဂရုစိုက်သင့်သူတွေထဲမှာ ကားတွေတင်မကပါဘူး၊

လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ လူတွေ၊တိရစာ္ဆန်ထိန်းကျောင်းသူတွေလည်း ပါပါတယ်။

ဒီရက်ထဲ သတင်းတစ်ခု ဖတ်လိုက်ရပါတယ်။

ညောင်တုန်း ဆားမလောက်မှာ ဖွင့်ထားတဲ့ တောင်သူလယ်သမားဆေးရုံက လူနာကို

ရန်ကုန် ဆေးရုံကြီးသို့ အရေးပေါ်လာပို့တဲ့ လူနာတင်ယာဉ်ဟာ ထန်းတပင်မြို့နယ်မှာ

လူတစ်ယောက်ကို တိုက်မိခဲ့ပါတယ်။

လူနာတင်ယာဉ်မောင်းဟာ အတိုက်ခံလိုက်ရတဲ့သူကို ကားပေါ်တင်လာပြီး

မူလလူနာကို ဆေးရုံအရောက်ပို့ပါတယ်တဲ့။ပြီးမှ ကားတိုက်ခံရတဲ့လူနာကို

အင်းစိန်ဆေးရုံလိုက်ပို့ပါတယ်တဲ့။

ကားတိုက်ခံရတဲ့လူ သေဆုံးသွားတယ်လို့ သိရပြီး လူနာတင်ယာဉ်မောင်းသူကို

အရေးယူထားတယ်လို့သိရပါတယ်။

(သတင်းထဲပါသလောက်သာဖတ်ရတာဖြစ်လို့ ဘယ်လိုဖြစ်ပြီးတိုက်ခံရတယ်။

ဘယ်နေရာ ဒဏ်ရာရလို့ သေဆုံးရတယ်။

ဘာကြောင့် မြို့ထဲဆေးရုံကို လူနာပို့ပြီးမှ အင်းစိန်ဆေးရုံပြန်ပို့ရတယ်ဆိုတာတွေတော့ မသိပါဘူး။

ဒါပေမယ့် ဒီလူနာတင်ယာဉ်မောင်းဟာ တိုက်ခံရသူကို ဆေးရုံသို့ ကုသပေးရန်ခေါ်လာသေးတယ်

ဆိုတာ သူ့ရဲ့ စိတ်ဓာတ် မစုတ်ချာဘူးလို့မြင်ပါတယ်)

ကျမကိုသာ ဒီကိစ္စမှာ နိုင်ငံခြားမှာလို ဂျူရီအဖြစ်ခေါ်ရင် ကျမကတော့ အမှုကလွတ်စေဖက်ကနေ

မဲပေးမိမှာပါပဲ။

အသက်အန္တရာယ်ရင်ဆိုင်နေရတဲ့ လူနာကို အသက်ကယ်နိုင်မယ့်နေရာသို့ အချိန်မီ

အရောက်ပို့ရမယ့် လူနာတင်ယာဉ်မောင်းသူတစ်ဦးကို

အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကို မီးဘေးမှ အချိန်မီငြိမ်းသတ်ကာကွယ်ပေးမယ့်

မီးသတ်ကားမောင်းသူတစ်ဦးကို

ရာဇဝတ်မှုကျူးလွန်နေတာကို အချိန်မီအရေးယူနှိမ်နှင်းပေးမယ့် ရဲကားမောင်းသူတစ်ဦးကို

လုပ်ပိုင်ခွင့်တွေ ပြတ်ပြတ်သားသား မပေးထားရင် နောင်ကို ဘယ်သူက

သက်စွန့်ကြိုးပမ်း မောင်းနှင်ပါတော့မလဲ။

Siren ဖွင့်ထားတဲ့ကားကို လွတ်အောင် ရှောင်မပေးလို့ တိုက်ခံရရင်

အလျော်မရနိုင်ဘူးဆိုတာ မသိထားရင်၊

လွတ်အောင်ရှောင်ပေးသင့်တယ်ဆိုတာ မသိထားရင်(ခုလည်းမသိကြသေးပါဘူး)

ဘယ်ကားသမား၊ဘယ်လမ်းသွားလမ်းလာ၊ဘယ်တိရစာ္ဆန်ထိန်းကျောင်းသူတွေက အရေးလုပ်ပြီး

လမ်းဖယ်ပေးအုံးမှာလဲ။

ဒီလိုဆို ဒီကရှေ့ကို

လူနာတင်ယာဉ် အချိန်မီ ဆေးရုံမရောက်လို့ သေရတဲ့လူနာ၊

မီးသတ်ကားအချိန်မီ မရောက်လို့ ဆုံရှုံးရတဲ့ အိုးအိမ်စည်းစိမ်၊

ရဲကားအချိန်မီ မရောက်လို့ လက်လွန်သွားတဲ့ တရားခံလွတ်သွားတဲ့ ရာဇဝတ်မှု တွေထဲမှာ

ကိုယ်နဲ့ ပတ်သက်မှုတွေ မရှိပါစေနဲ့ လို့သာ နေ့စဉ်ဆုတောင်းနေရတော့မှာပါပဲ။

(ဒီကိစ္စကို ကျမရဲ့ ရွာအဝင် ဒုတိယမြောက်ပို့စ် ဖြစ်တဲ့ Ambulance နဲ့ အသိစိတ်လေးရှိစေချင်

မှာလည်း ရေးဖူးပါတယ်။ခဏခဏလည်း ဗားရှင်း အမျိုးမျိုးနဲ့ ကြုံတိုင်းရေးဖြစ်နေအုံးမှာပါပဲ။

အမှန်တော့ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး ရေးစရာ မလိုတော့တဲ့ ကိုယ်ချင်းစာစိတ်ရှိသော

တာဝန်သိစိတ်ရှိသော လူများများ ရှိတဲ့ လူမှုပတ်ဝန်းကျင်ဖြစ်စေချင်လှပါပြီ၊

ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေးပြီထင်ပါရဲ့။)

48 comments

  • pooch

    August 6, 2013 at 12:13 am

    so so far from it ပါ
    လက်မောင်းတောင့်အောင် အားမွေးထားပါအုန်း ဒေါ်ဒေါ်
    မနေ့က မိုးမိလို့ အနားရနေတာ ပျင်းလာလို့ လာလည်တာ
    မနက်ဖြန် ပုံမှန်အလုပ်ပြန်ဝင်ရပြီ။

    ကျမကို ပုံမှန်မေးလ်ပို့ပြီး community တခုမှာ ဝင်ဆွေးနွေးတာ အနုစားနိုင်ငံရေးလုပ်နေတာပါလို့ အမြဲသတိပေးတတ်တဲ့ သတိရတတ်တဲ့ သူတယောက်ကို ကျမက အမြဲကျေးဇူးတင် သတိရနေတာပါလို့
    လမ်းကြုံရင် ဒီကွန်းမန့်လေး ဝင်ဖတ်သွားပါစေ။ :mrgreen:

    • Min Zarni

      August 6, 2013 at 6:58 am

      ကြွားဝါခြင်းသီးခံပါ

    • အရီးခင်

      August 6, 2013 at 2:40 pm

      အသံလေး ပြန်မြင် ရတာ ကို ဝမ်းသာလှပါ့ ပုလေး ရေ။
      အရီး ကတော့ အနုစားတွေ လုပ်ဖို့ ရွာထဲ ဝင် နေရတာနဲ့ တစ်ခြား နေရာ က သူတွေ နဲ့ အပြင်းစား အိုးစားကွဲ နေပြီ။
      ခင်တဲ့ သူတွေ နဲ့ စာအဆက်အသွယ် မလုပ်နိုင်တာ ကြာပါပေါ့။
      မအားလဲ အားချိန်လေး နဲနဲ လောက် နဲ့ ပြန်လာပါနော်။

      • Min Zarni

        August 6, 2013 at 2:41 pm

        သူ့ယောက်ျား က မမာဝူးတဲ့ ခည…
        ပြုစုနေရတာနဲ့ အချိန်တော်တော် ပေးရတယ်ဆိုပဲ..
        သိပ်လာနိုင်မယ် မထင်ပါဘူးလေ..
        ဝန်ထမ်းဆိုတော့ နယ်ပြောင်းရတာလည်းရှိသေးတာကိုး

  • padonmar

    August 6, 2013 at 12:24 am

    မယ်ပုရေ
    မကြာမကြာလာလည်နိုင်ပါစေ၊
    အမြဲသတိရတဲ့ထဲမှာ ဒေါ်ဒေါ်တို့လည်းပါပါတယ်လို့ လမ်းကြုံဖတ်တဲ့သူ သိပါစေ။

  • ဦးကျောက်ခဲ

    August 6, 2013 at 8:13 am

    ဟောင်ကောင်မှာ သက်ကြီးရွယ်အိုကလည်းပေါ ကျန်းမာရေးစောင့်ရှောက်မှုကလည်းကောင်း ဆိုတော့
    နှာစေး ချောင်းဆိုး ခေါင်းကိုက်တာတောင်မှ လူနာတင်ယာဉ် ခေါ်တတ်ကြပါတယ်…
    မောင်ကျောက် နေတာ လမ်းမကြီးဘေးဆိုတော့၊ ရောက်စက အိပ်နေရင်း လန့်နိုးပါတယ်…
    အခုများတော့ အကျင့်ဖြစ်သွားတာ အရေးပေါ်ခေါင်းလောင်းတီးရင်တောင်မှ နိုးမယ်မထင်…
    ဒီမှာ အရေးပေါ် Siren ကို မမှူတာကတော့ ပွတ်ကိုကို ပွတ်မမ များပါပဲ…
    လမ်းသွားရင်း၊ လူကူးမျဉ်းကြားက လမ်းကူးရင်း ဘေးဘီကို ဂရုမစိုက်…
    အိုင်ဖုန်း အိုင်ပက်ကို အားစိုက်ပြီးပွတ်နေတာ အရေးပေါ်ယာဉ်က ရပ်ပေးရတဲ့အထိပါ…
    ဟီ ဟိ မောင်ကျောက်သာဆိုရင်တော့ အမြင်ကပ်လို့ တိုက်ချပလိုက်မယ်…
    😀

    • padonmar

      August 6, 2013 at 9:13 pm

      ဦးကျောက်ရေ
      ဒို့ဘားမန်းတွေလည်း ပွတ်ဖုန်းကိုယ်စီနဲ့ ခေတ်မီနေပါပြီနော်။
      ဘယ်တော့ ကားတိုက်မိမလဲသာမသိ။

  • KZ

    August 6, 2013 at 8:17 am

    ခေါင် မလုံဘူး အာတီဒုံ။
    ဖောင်ဒေးရှင်း လည်း မခိုင်ဘူးးး
    ယိုယွင်းတဲ့ နေရာတွေက အများကြီးပဲ။
    ပြောမကုန်ဘူးးးး 🙁

    • padonmar

      August 6, 2013 at 9:17 pm

      ကေဇီလေးရေ
      နှစ်မွာအသဲ ရုပ်ရှင်ထဲက ဒေါ်မြလေးလို
      ပြောကိုမပြောချင်တော့ဘူးမိစန္ဒာလို့သာ
      ပြောလိုက်ချင်တော့တယ်။
      ဒါပေမယ့် သူကြီးအဆို ကြယ်ငါးလေးတွေ ရေထဲချ၊
      ကိုနို့အလို ကျောက်ခဲလေးတွေ ပစ်ပေးချင်တော့
      တစ်ကောင်ပဲရှင်ရှင် တစ်ချက်ပဲထိထိပေါ့နော။

  • MAUNG

    August 6, 2013 at 8:23 am

    ပြီးခဲ့တဲ့ ဒီဇင်ဘာ လောက်တုံး က ရန်ကုန် ရွှေဂုံတိုင် မီးပွိုင့် မှာ၊ ကျွန်တော် ငှါးစီး လာတဲ့ တက်စီကို လူနာတင်ကား က အတင်းကျော် ဖို့ (ဥဩ မဆွဲပါ) ကြိုးစားတော့ ကိုရွှေကားသမားက လမ်းမပေးချင်ပါ။ အစ်ကို ရယ် ကျွန်တော်တို့က အရေးမှမကြီးတာ၊ လမ်းပေးလိုက် ပါဆိုတော့ ငါ့ညီမသိလို့၊ ဒီကောင် တွေ အရေးမကြီး လဲ ဒီလိုဘဲ။ ကြည့်နေ မီးပွိုင့် မှာ၊ ဥဩ ဆွဲပြီးမီးစိမ်း တောင်းလိမ့် မယ်တဲ့..ဗျာ။ သူ ပြောတဲ့ အတိုင်းဘဲ လူနာတင်ကားသမား လဲ ဥဩ ဆွဲပြီး မီးပွိုင့် ကိုဖြတ် သွားပါတယ် ။ ကျွန်တော် လဲလျှာရှည် ပြီး သူဆေးရုံ ကိုမြန်မြန် ပြန်ရောက်မှ တစ်ခြား လူနာရှိ ရင် တင် ပို့နိုင်မှာ ပေါ့၊ မြန်မာနိုင်ငံထက် အဆ ပေါင်း မြောက်များစွာ (အဆ ပေါင်း မြောက်များစွာ) တိုးတက် နေတဲ့နိုင်ငံတွေ မှာတောင် ခဏ ခဏ ဆေးရုံ ကားမလောက်တဲ့ ကိစ္စ ကြုံ နေတာ လို့ပြော တော့ သိပ်တော့ မကြည် ဘူး ။ ကား ပေါ် ကဆင်းတဲ့ အထိ မှုန် တေတေ နဲ့၊ ဘာမှတော့ ထပ် မပြော တော့ ဘူး ။

    ခက်တော့ ခက်သား 🙁

    • padonmar

      August 6, 2013 at 9:20 pm

      Maung (မြန်မာလိုမခေါ်ရဲဘူး)
      အဲသလို ဟန်ဆောင်တာလည်းရှိနိုင်ပေမယ့်လို့
      စက္ကန့်ပိုင်းလေးပဲ ဦးစားပေးရတဲ့ကိစ္စမှာ
      တကယ်များ အရေးပေါ်နေရင်ဆိုတာလေးစဉ်းစားပြီး
      ဦးစားပေးလိုက်စေချင်တာပါပဲ။

  • surmi

    August 6, 2013 at 8:50 am

    အဟမ်​းး
    ပုံမကျတဲ့ ဥပ​ဒေကို အပြစ်​​ပြောချင်​တယ်​ ။
    ကားနဲ့ပတ်​သက်​ပြီးလူ​ဩေပြီဆိုတာနဲ့ ရမ်​းသမ်​းြပြီး ဒရိုင်​ဘာကို အမှုလပ်​တာပဲ ။

    အဲ … အ​ရေး​ပေါ်ကားကို အထူးသဖြင်​့ ​ဆေးရုံကားတို့ မီးသတ်​ကားတို့ကို အဖက်​မလုပ်​​တော့တာ ကျ​နော့အထင်​ ၈၈ ​နောက်​ပိုင်​း ကတည်​းကထင်​တယ်​ ။
    ဘာ​ကြောင်​့လဲဆို​တော့ …. ဟိုကား​တွေကို အလန်​့တကြားဖယ်​​ပေးရင်​း အမြင်​ကပ်​သွားကြတာများလားးးးးး
    ​နောင်​မှ လမ်​း​ဘေးမရပ်​​ပေးမိလို့ ပါးပူသွားခဲ့ ရတဲ့ စပယ်​ယာတစ်​​ယောက်​အ​ကြောင်​း ​ပြောပါဦးမယ်​ …

    • padonmar

      August 6, 2013 at 9:21 pm

      အန်ကယ်ဆာ
      တစ်ခါကနဲ့ ပါးပူသွားသော စပယ်ယာ ဖတ်ချင်ပါတယ်။

  • ခင် ခ

    August 6, 2013 at 9:36 am

    အရေးပေါ်ကားလည်း အရေးကြီးလို့သွားချင်နေသလို အခြားလမ်းပေါ်က ကားတွေလည်း အရေးကြီးလို့ သွားချင်နေကြတာနေမယ်ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ မီးပွိုင့်တွေ လမ်းဆုံတွေမှာ ယာဉ်ကြော တစ်ခါပိတ်ရင် သေလောက်အောင်စောင့်ရတဲ့ ရန်ကုန်မြို့ဆိုတော့ ရပ်ပြီးမစောင့်ချင်ကြတော့တဲ့ စိတ်အခံတွေက အရေးပေါ်ကားဥဩသံကြားလည်း လမ်းဖယ်ပေးရမယ်ဆိုတဲ့ စိတ်ကိုလွှမ်းမိုးအနိုင်ယူ သွားခဲ့တာဖြစ်မယ်ဗျ။ မန်းမှာတော့ ဥဩဆွဲသံနဲ့ မောင်းလာရင် အတော်များများ လမ်းဖယ်ပေးကြပါတယ်၊ ရန်ကုန်လောက် လမ်းပိတ်မှုနည်းနေသေးလို့ဖြစ်မလားဘဲလေ။

    • padonmar

      August 6, 2013 at 9:22 pm

      သကြားကလည်း ဒီလိုပဲ ပြောတော့ မန်းသားတွေက ရန်ကုန်သားတွေထက် တော်ကြပါတယ်။

  • Foreign Resident

    August 6, 2013 at 9:46 am

    ” ဒီနေရာမှာ မှန်မမှန် သူကြီးသက်သေခေါ်ရမှာပဲ ”

    မ ပဒုမ္မာ ။
    ကျနော် သိတာလေးတော့ ဗဟုသုတ ပြောပြမယ်နော် ။
    ဒီဖက်နိုင်ငံမှာ Siren ပီးပေါ် အသံတွေကို Category ထပ်ခွဲထားသေးတယ်တဲ့ ။
    အရမ်း အရေးပေါ်ရင် အသံ တစ်မျိုး ထပ်ပြောင်းတယ်တဲ့ ။
    ရဲ တွေ ကျန်းမာရေး ဝန်ထမ်းတွေက သိထား ကျက်ထား ရတယ် ပြောတယ် ။

    • padonmar

      August 6, 2013 at 9:26 pm

      အဘရေ
      ကျမနားထဲတော့ အဲဒီ ပီးပေါ်တွေက အတူတူပဲ ထင်မိတယ်။
      အဲသလို အရမ်းအရေးပေါ်အသံ မခွဲလည်း
      အရေးမကြီးသွားရတဲ့အခါ Siren မဖွင့်ရင် ဦးစားပေးစရာ မလိုဘူးပေါ့။
      Siren ဖွင့်ရင် ဦးစားပေးကို ပေးသင့်ပါတယ်။
      ကားမောင်းသူတွေကလည်း တကယ်မလိုအပ်ပဲ siren မဖွင့်ဖို့
      တားမြစ်ထားသင့်ပါတယ်။
      (မလိုပဲဖွင့်ရင် အရေးယူနိုင်တဲ့ စည်းကမ်း ဥပဒေလည်းရှိသင့်တာပေါ့)

  • ဟုတ်တယ် အာတီဒုံရဲ့… ပြည်သူတွေက ဖယ်မပေးသလားဆို .. အဲ့ဒါတင် မကသေးဝူး… ဟိုတစ်ခါကဆို လှည်းတန်းကနေ မြေနီကုန်းကို taxi စီးတာ.. လမ်းတစ်လျှောက် လူနာတင်ယာဉ်နဲ့တိုးတယ်… လှည်းတန်းမီးပွိုင့်မှာလည်း လွှတ်မပေးဘူး… နာနတ်တောမှာလည်း လွှတ်မပေးဘူး..အဝိုင်းမှာလည်း တစ်ခါစောင့်ရတယ်..မြေနီကုန်းပွိုင့်မှာလည်း လွှတ်မပေးဘူး… မီးပွိုင့်က ရဲတွေကို အရမ်းစိတ်တိုတာပဲ… ကန်တော့ကန်တော့..သေစရာရှိတဲ့သူဆို မီးပွိုင့်တင် သေနေတာကြာပြီ…. ဟိုပို့စ်လေးကိုတောင် သတိရတယ်..မီးပွိုင့်မှာ ကျွန်တော်ရှိတယ်ဆိုလား… စနစ်လား..လူလားဟင်င်.. 🙂 (ဒီစာကို သဂျီးမမြင်ပါစေနဲ့တော်..)

    • padonmar

      August 6, 2013 at 9:29 pm

      မွန်မလေးရေ
      အဲဒီပို့်စ်က ရာဇဝင်လူဆိုးရေးတာလို့ ထင်တယ်၊
      တကယ်ကောင်းတဲ့ပို့စ်လေးမို့ မှတ်မိနေသေးတယ်။
      လူရော စနစ်ရောလို့ ထင်ပါတယ်။
      လူနဲ့ စနစ်မှာ ပြောင်းဖို့လွယ်တဲ့ လူကစပြောင်းသင့်တယ်လို့ မြင်ပါတယ်။
      ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။

  • ကထူးဆန်း

    August 6, 2013 at 10:15 am

    တစ်ခါတစ်လေ မက ။မကြာခဏ ပါဘဲ ။ လမ်းပေးချင်ရင်တောင် လမ်းဘေး ချမရတဲ့ ဘဝလည်း ကြုံဘူးပါတယ် ။
    လူနာတင် ကားတွေ ကိုတော့ သိဝူး ။ ပြီးခဲ့တဲ့ ည ကြက်အူချောင်းစက်ရုံမီးလောင်တော့ မောင်ယာဉ်ထိန်းတွေ လှည်းတန်းမီးပွိုင့်မှာ ထွက်လို့ မီးသတ်ကားတွေ အတွက် လမ်းရှင်ပေးနေလို့ ကျေးဇူးတင်မိကြောင်းပါ ။
    တစ်ခါတစ်လေတော့လည်း စဉ်းစား ကြည့်မိတယ် .. မောင်ယာဉ်ထိန်းတို့ ဘဲ ဥဩသံမကြားလို့ မထွက်တာလားဆိုတာ … ကြားရင်တော့ အတတ်နိုင်ဆုံး ရှင်းပေးကြတယ် ထင်ပါတယ် .. ကျွန်တော် သတိထားမိသလောက်ပေါ့နော် ..
    အန်တီဒုံ ပြောသလို တစ်ခါတစ်ခါ နယ်က ကားများ မတိုးရဲ မဝင်ရဲဖြစ်နေတာတွေလည်း သတိထားမိပါတယ် …. အများအားဖြင့် လမ်းမပေးကြတာ Taxi နဲ့ လိုင်းကားတွေ ထင်မိကြောင်းပါ ။

    ရဲကားတော့ အနော်လည်း တွေ့ရင် မသိချင်ယောင် ဆောင်ပစ်ကြောင်းပါ ။
    စစ်ကားဆိုရင်တော့ အဝေးကြီးကထဲ က ဘေးဖယ် ထားပြီး ပြီးမှ နောက်က ရသလောက် ကပ်လိုက်မောင်းကြောင်းပါ … :mrgreen:

    • padonmar

      August 6, 2013 at 9:44 pm

      စီဂျေကြီးရေ
      လှည်းတန်း၊မြေနီကုန်းဆို အမြဲသူတို့ရှိတာပဲလေ။
      သို့သော်…

  • ရဲစည်

    August 6, 2013 at 10:32 am

    ဟုတ်မဟုတ်တော့သိဘူး
    တကယ်အရေးပေါ် အခြေအနေမှာ မီးနီ ၂လုံးက အဆက်မပြတ်လင်းနေပီး အပြာကတော့ ငြိမ်နေတယ်တဲ့ ပီးရင်အသံရှည် ၂ချက်ဆင့် အသံတို တချက် ၂-၁ ၂-၁ မြည်တယ်တဲ့ ပီးရင် လိုအပ်ရင် ရေဒီယို ဆက်သွယ်ရေး စနစ်နဲ့ ကြိုတင် တောင်းခံနိူင်ပါတယ်တဲ့ ဒါပေသိ အာဏာပိုင်တွေရဲ့ ခွင့်ပြုမှု အပေါ်မှာလည်း မူတည်တယ်ပေါ့ ပြောရရင် အများကြီး ပေါ့ခင်ည။

    • padonmar

      August 6, 2013 at 9:46 pm

      သဗုံဂျီးရေ
      အဲသဟာတွေ တကယ်မသိဘူးအေ့။
      ညည်းတို့ စိနတိုင်းအတွေ့အကြုံလေးလည်း ကြားချင်သပ။

  • မဟာရာဇာ အံစာတုံး

    August 6, 2013 at 10:55 am

    ၁။ လူနာတင်ကား
    ၂။ ရဲကား
    ၃။ မီးသတ်ကား
    ၄။ လူကြီးကား

    ဤကား လေးမျိုးတွင် ချက်ခြင်း အလုပ်ပြုတ်နိုင်သော ….
    အရေးယူ ခံရနိုင်သော
    ဖင်ပွာရသော
    လူကြီးကား သည်သာ လွန်စွာ ဖြောင့်ဖြူးသော ခရီးလမ်းဖြင့် စိတ်ချမ်းသာစွာ သွားလာနိုင်လေတော့သတည်း ….။
    သာဒု .. သာဒု .. သာဒု ….

    • padonmar

      August 6, 2013 at 9:47 pm

      အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့။

  • kyeemite

    August 6, 2013 at 1:36 pm

    အာတီဒုံ လည်းပြောရတာအာတွေချောက်ရောပေါ့
    ရေနဲနဲသောက်လိုက်ပါအုံး..(ဟို.တွေ့ဆုံပွဲက ရေပုလင်းတွေကျန်သေးတယ်..ဟုတ်) :mrgreen:
    ဘုရင့်နောင်ဘက်မှာနောက်တစ်ခုဆိုးနေတာက မီးပွိုင့်စီရင် ဘေးကလမ်းပေါက်မချန်တာပဲ
    သူလည်းသွားလို့မရ..ကိုယ်လည်းသွားလို့မရ..တော်တော်စိတ်တိုတယ်ဗျာ..
    ကိုယ်ကချန်ပေးပြန်တော့ နောက်ကားက ကျော်ပီး ရှေ့လာထိုးတယ်…
    တောက်စ်…ကျပ်ကလေးရဲ့ ကိုယ်ပျောက်စက်လေးရှိချင်လိုက်တာ..
    ပါးဆင်းရိုက်ချင်လို့.. 😀

    • padonmar

      August 6, 2013 at 9:49 pm

      ဦးမိုက်
      လိမ္မော်ရည်ပုလင်းတွေလည်း ကျန်သေးတယ်။
      ပါးဆင်းရိုက်ပြီးရင် အမောပြေ သောက်လို့ရသေးတယ်။
      အဲဒီ ဘုရင့်နောင်က လောဘဒေါသအကြီးဆုံးလူတွေ ဖြတ်သန်းသွားလာနေတဲ့နေရာပဲ။ဒါ့ကြောင့် ပိုဆိုးနေတာပေါ့။

  • TNA

    August 6, 2013 at 1:51 pm

    တခါသားပေါ့လေ စာဖတ်နေတဲ့ ဦးဦးမိသားစု ပြည်လမ်းပေါ်မယ် ချီတက်လာကြတယ်။ ပွိုင့်ကားတွေရှေ့နောက်အပြင် ဝဲယာပါညှပ်လို့ မိသားစုလိုက် ကားတစ်စီးစီနဲ့ တပြုံတမချီတက်လာတာကို ဒီလောက်ပြည်လမ်းအကျယ်ကြီးကို ( လာတာက မရမ်းကုန်းကနေမြို့ထဲ ) သူတို့လာတဲ့လမ်းကြောရော မလာတဲ့လမ်းကြောရော လမ်းဘေး ချရပ်ပေးရုံမျှမက မော်တော်ပီကယ်များမျက်နှာလုပ်ချက်ကတော့ ပလက်ဖောင်းပေါ်တောင်တက်ရှောင်ပေးရတော့မလိုလမ်းကြားထဲထိချရပ်ပေးခဲ့ဖူးပါတယ်။ အဲတော့လဲ အဲဒီ ဝီယော်ဝီယော်ကို ရန်ကုန်လူထုမုန်းနေတာ မဆန်းဘူးထင်တယ်အာတီဒုံရေ။ အရင်းစစ်တော့ ဒင်းဒို့ကြောင့်။

    • padonmar

      August 6, 2013 at 9:51 pm

      မသဲရေ
      ဖွဘုတ်က
      ငရဲမင်းကြီးက ငရဲပြည်ကနေ ဖုန်းခေါ်ခွင့်ပေးလို့ ၃နာရီကြာအောင်ပြောတဲ့အကြောင်း ဖတ်ပြီးပြီမလား။
      မဖတ်ရသေးရင် ရှာဖတ်ဖို့ လက်တို့မယ်။

      • TNA

        August 6, 2013 at 10:43 pm

        ဖတ်ရသေးဘူးအာတီဒုံရေ။ လက်တို့ပါအုံး။ ဖတ်ချင်လို့

  • Ma Ma

    August 6, 2013 at 2:34 pm

    စနစ်ကြောင့် မဟုတ်ဘူး။
    စနစ်ကြောင့် မဟုတ်ဘူး။
    ဒို့သဂျီးမလာခင် ပြောထားမှ :loll:

    အဲဒါကြောင့် လူတိုင်းတစ်ခုစီပဲ လုပ်ဖို့လိုတယ်လို့ သဂျီးကပြောတာ။ 🙁

  • အရီးခင်

    August 6, 2013 at 2:55 pm

    တကယ်တော့ အရင်က ဗြဟ္မစိုတရား မရှိ ဘူး လို့ သိခဲ့ဘူး တဲ့ အနောက်တိုင်း နိုင်ငံ တွေ က လူတွေ မှာ ဒီနေ့ခေတ်မှာလဲ ဗြဟ္မစိုတရား မရှိ လောက်ပါဘူး။
    ဘာလို့လဲ ဆိုတော့
    “ချမှတ်ထားတဲ့ နိုင်ငံသား ကျင့်ဝတ် စည်းကမ်း” တွေ ကို အသေအချာ ဦးစားပေးလိုက်နာနေကြ တာမို့ “စက်ရုပ်” တွေ များ ဖြစ်နေသလားလို့။
    စက်ရုပ် ဆိုတော့ ဗြဟ္မစိုတရား ဆိုတာ ဘယ်သိမလဲ နော့။
    မြန်မာပြည်မှာကတော့ သည်းခံမှု၊ ခွင့်လွှတ်မှု၊ သနားကရူဏာထားမှု၊ မုဒိတာပွားမှု၊ ဥပေက္ခာထားမှုဆိုတဲ့ ဗြဟ္မစိုတရား တွေကို လက်ကိုင် ထားပြီး ကိုယ့် အတွက် ကို ကြိုးစား လုပ်နေကြတာ ကိုး။
    စက်ရုပ် တွေ ဟုတ်ပါဘူး။
    သူများ က ချထားတဲ့ ” နိုင်ငံသား ကျင့်ဝတ် စည်းကမ်း” ဆိုတိုင်း ဘယ်လုပ်လိမ့်မလဲ။
    ဒါထက်
    မြန်မာပြည်မှာ အဲဒီ ” နိုင်ငံသား ကျင့်ဝတ် စည်းကမ်း” ကို ဘယ်သူက ချပြနေလဲ မသိ။
    😉

    • padonmar

      August 6, 2013 at 9:53 pm

      မလတ်ရေ
      ပါးစပ်ကပြောတော့ ဘုရားဘုရား၊
      လက်ကတော့ ကားယား လို့တောင် စကားပုံရှိနေသေးတာပဲ။
      ဗြဟ္မစိုရ်တရားလို့ တွင်တွင်ရွတ်တာလည်း ဒို့ဘားမန်းတွေပဲ။
      အရပ်ဆယ်မျက်နှာ မေတ္တာပွားတာလည်း ဒို့ဘားမန်းတွေပဲ၊
      လက်ကသာ..

  • kai

    August 6, 2013 at 5:02 pm

    ကြားဖူးတာကတော့ US ကမီးပွိုင့်တွေမှာ Siren ရဲ့ အသံလှိုင်းကိုခရီးအကွာအဝေးတစ်ခုရောက်တဲ့အခါ သိနိုင်တဲ့ sensor တွေတပ်ဆင်ထားပြီး အဲဒီအကွာအဝေးအတွင်းရောက်တာနဲ့ ရှိသမျှ မီးပွိုင့်တွေ နီကုန်ပါတယ်တဲ့၊
    အဲဒီအခါမှာ အရေးပေါ်ကားဟာ ပထမ လမ်းပြောင်းပြန်ကဖောက်ထွက်ပြီး မီးပွိုင့်နေရာရောက်တဲ့အခါ ရှင်းနေတဲ့ ယာဉ်ကြောမှန်ကနေ လိုရာခရီးကိုအမြန်ဆက်သွားနိုင်ပါတယ်တဲ့။ဒီနေရာမှာ မှန်မမှန် သူကြီးသက်သေခေါ်ရမှာပဲ)

    လွန်ခဲ့တဲ့.. ၁ဝနှစ်လောက်ကတော့.. အဲလိုမျိုးရှိမလားပဲ..။
    အဲဒီတုံးကရှိတာတခုက… လာနေတဲ့အရေးပေါ်ကားရဲ့အပေါ်ကမီးရောင်ကိုဖမ်းပြီး.. မီးပွိုင့်စိမ်း/နီပေးတဲ့ဆင်ဆာမျိုးပါ…။
    အခုနောက်ပိုင်းကတော့…အယ်လ်အေမြို့ ကားလမ်းမပေါ်မှာ ဆင်ဆာတွေအကုန်တတ်ထားတာမို့.. တမြို့လုံးကားတွေအဝင်အထွက်အသွားအလာ … စူပါကွန်ပြုတာတခုခုနဲ့ထိမ်းချုပ်နေပုံရပါတယ်..။
    ညကြီးမိုးချုပ်.. ကားမောင်းသွားရင်များ.. တခြားဖြတ်လမ်းကားမရှိရင်.. ကိုယ့်အတွက်မီးတွေအကုန်စိမ်းပေးတာပေါ့…

    အရေးပေါ်ကားကတော့.. ဘယ်အချိန်ဘယ်နေရာမှာဖြစ်ဖြစ်.. လမ်းပြောင်းပြန်ဇောက်ထိုး… မီးနီမီးပြာအကုန်ဖြတ်ပါတယ်…။ အရှိန်ပြင်းပြင်းကိုမောင်းတာပါ..။
    တိုက်မိရင်.. သေနိုင်လောက်တယ်.. :mrgreen:
    အရေးပေါ်ကား( ဆေးရုံကား၊ ရဲကား၊ မီးသတ်ကား) တွေမီးပွိုင်မီးနီဝင်ကာနီးရင်..တခါတလေ.. ဥဩသံပြောင်းအော်ပါတယ်..။ တချို့ရဲကားတွေကျ.. လောစပီကာနဲ့အော်ပြောပါတယ်…။
    အသံကြားရင်.. အရေးပေါ်မီးမြင်ရင်.. မြင်တဲ့နေရာမှာတင်..ကားကိုချက်ချင်း ဘေးဆွဲချရပ်ရပါတယ်..။ အရေးပေါ်ကားလာတဲ့ယဉ်ကြောရော.. ဟိုမှာဖက်က လမ်းပြောင်းပြန်ဖက်ရော.. လမ်းဖြတ်မယ့်ကားရော.. အကုန်ထိုးရပ်ရတာပါ..။
    ဥပဒေအရကို.. ပြုထားတာပါ…။
    မရပ်တဲ့ကား.. တစ်ကက်ပေါ့…။
    ==
    http://www.lapdonline.org/crime_prevention_tips/content_basic_view/7747

    CODE 3 VEHICLE LAWS

    The following California Vehicle Code (CVC) sections pertain to emergency vehicles responding Code 3:

    21806(a)(1) CVC When approached by an emergency vehicle, which is sounding a siren and displaying a forward facing red-light (Code 3), all vehicular traffic shall yield the right-of-way and drive to the right side of the roadway and stop until the emergency vehicle has passed.
    21806(a)(2) CVC When approached by an emergency vehicle that is responding Code 3 in a carpool lane, all vehicles shall exit the lane immediately.
    21806(c) CVC When approached by an emergency vehicle that is responding Code 3, all pedestrians upon the roadway shall yield the right-of-way and proceed to the nearest curb or place of safety and remain there until the emergency vehicle has passed.

    • padonmar

      August 6, 2013 at 9:54 pm

      အဲဒီ တစ်ကက်က ဘယ်လောက်တန်သလဲဆိုတာကြုံရင် ရှင်းပြပါအုံး။

      • kai

        August 7, 2013 at 12:04 am

        ၁၀ဝကတော့ သေချာတယ်ထင်မိတယ်..။
        ဘယ်တစ်ကက်မဆိုပေါက်ဈေးက ရဲကလိုသလိုတိုးတောင်းတာမို့ (ကားမောင်းသူရဲ့ ကံကံအကျိုးပေါ်ညှိတွက်တာမို့) အတိအကျပြောလို့ခက်ပါတယ်ခင်ဗျ.. :mrgreen:

        811.145¹
        Failure to yield to emergency vehicle or ambulance

        • penalty

        (1) A person commits the offense of failure to yield to an emergency vehicle or ambulance if an ambulance or emergency vehicle that is using a visual or audible signal in a manner described under ORS 820.300 (Exemptions from traffic laws) and 820.320 (Illegal operation of emergency vehicle or ambulance) approaches the vehicle the person is operating and the person does not do all of the following:

        (a) Yield the right of way to the ambulance or emergency vehicle.

        (b) Immediately drive to a position as near as possible and parallel to the right-hand edge or curb of the roadway clear of any intersection.

        (c) Stop and remain in such position until the emergency vehicle or ambulance has passed.

        (2) A person is not in violation of this section if the person is acting as otherwise directed by a police officer.

        (3) This section does not relieve the driver of an emergency vehicle or ambulance from the duty to drive with due regard for the safety of all persons using the highway, nor does this section protect the driver of any such vehicle from the consequence of an arbitrary exercise of the right of way granted under this section.

        (4) The offense described in this section, failure to yield to an emergency vehicle or ambulance, is a Class B traffic violation. [1983 c.338 §582; 1985 c.16 §289; 1995 c.383 §46]

      • Foreign Resident

        August 7, 2013 at 6:47 am

        မပဒုမ္မာ ရေ ။
        သူဂျီး ပြောတဲ့ Ticket စံနစ် အကြောင်းက ၊
        ကျနော် တစ်ခါကရေးဖူးတဲ့ ဩဇီက Ticket စံနစ် နှင့် ၊
        ခတ်ဆင်ဆင်ပဲ ဖြစ်မယ် ထင်ပါတယ် ။
        http://myanmargazette.net/176891

  • အလင်းဆက်

    August 6, 2013 at 7:02 pm

    အဓိက ကျတာ နဲ ့ အဓိက မကျတာ ကို…
    ဝေခွဲ နေဖို ့…အထိ မရောက်ပဲ…
    လုပ်ချင်တာတွေ ပဲ. လုပ်နေကြလို ့…..။

    ——————–
    အဲဒီလို..
    အရေးပေါ် လူနာတင် ယာဉ်..က အလူးအလဲ ဖြစ်…
    မီးပွိုင့်က မစိမ်းသေး..
    ကားတန်းကြီး ကအရှည်ကြီင်္းးးး

    အဲဒီ ကားတွေ ကြား..ဟိုးအနောက်ဆုံးမှာ…မှ….
    လူနာတင်ကား..
    လမ်းကြောင်းလည်း..ပြောင်းမရ….
    ရှေ့တိုးမရ..
    နောက်ဆုတ်မရ…

    လူနာတင် ကားမောင်းသူက.. ခေါင်းတခါခါ…
    လူနာ ရှင်တွေ ရဲ ့မျက်နာထားလေးတွေ က….
    ပြိုတော့မယ့်မိုးလို …. ရင်နင့်စရာ….

    အဲဒါမျိုး….
    ခဏခဏ ကြုံနေရတယ် ။

    ကြုံရတိုင်းလည်း..
    စိတ်မသက်မသာနဲ ့…

    မဖြစ်သင့်တာတွေ ဖြစ်နေတဲ ့..
    လုပ်ချင်ရာတွေ..လုပ်နေကြတဲ ့….
    အခြေအနေကိုပဲ.. အပြစ်တင်..
    သက်ပြင်းတွေ..ချပြီး…
    ……

    ဟင်းးးးးးးးးးးးးးးးးးးး

    • padonmar

      August 6, 2013 at 9:55 pm

      ဆက်ဆက်ရေ
      ရှေ့တိုးမရတဲ့ လူနာတင်ကားပေါ်က လူနာရှင်ဘဝကို ငါဘယ်တော့မှ မရောက်ရပါစေနဲ့လို့ ဆုတောင်းမိပါတယ်ကွယ်။

  • Mr. MarGa

    August 6, 2013 at 7:03 pm

    ဆိုစကား တစ်ခု ကြားဖူးပါတယ်
    မွေးသန္ဓေ သေမှပျောက်မတဲ့
    ဦးမာဃတို့မတော့
    လမ်းပေါ်ကို တက်ခွင့်ရတဲ့အချိန်ကတည်းက
    အဲဒီလို အရေးပေါ်ကား မျိုးစုံကိုတွေ့ရင် ဘယ်နေရာ ရောက်နေပါစေ သူတို့ကို လမ်းကြောင်းပေးဖို့ ဆိုတဲ့အသိက ဘယ်သူမှမသင်ဘဲ အမြင်နဲ့ စွဲသွားခဲ့တာ အခုထိပါ။
    ရန်ကုန်တော့မသိ မန်းမှာလဲ အဲဒီကားတွေအတွက် လမ်းရှင်းပေးတာ အမြဲတမ်းနီးပါးမို့
    ဦးမာဃတို့ဆီမှာတော့ အဲဒီ ဦးစားပေးတဲ့အကျင့် မပျောက်သေးပါကြောင်း….

    • padonmar

      August 6, 2013 at 9:56 pm

      သကြားတို့ မန်းသားတွေက ပိုလိမ္မာပါတယ်ဆို။

  • ဦးဦးပါလေရာ

    August 7, 2013 at 11:51 am

    ကွန်မင့်တွေစုံမှ ရောက်တာဆိုတော့ သူများထက် ပြင်းပြင်းလေးပေါ့….
    🙂

    တိုက်ဆိုင်တာက ဒီနေ့မနက်ပဲ ဘုရင့်နောင်တံတားကို တစ်နာရီခွဲစောင့်ပြီးဖြတ်လာတာ….

    ရန်ကုန်မှာတော့ လူများစုတွေ တစတစ လူစိတ်ပျောက်သွားကြကုန်ပါပြီ…

    လူစိတ်ပျောက်တော့ ဘာစိတ်ရှိလာသလဲဆိုတော့

    သတ္တဝါ တို့ရဲ့ မူလဗီဇစိတ်ဖြစ်တဲ့ တိရစ္ဆာန်စိတ် ဖြစ်လာကြတာပေါ့…။

    အဲဒီစိတ်ကို ဖုံးလွှမ်းဖယ်ရှားဖို့ လူ့စည်းကမ်းတွေ ရှိလာ တိုးတက်ကောင်းမွန်လာတာမဟုတ်လား…။

    လူ့စည်းကမ်းတွေ ပျက်စီးနေတာကို ဒီအတိုင်းလက်ပိုက်ကြည့်နေရင်

    လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးပါမယ်….။

    ဒီအချိန်ဟာ လူတစ်ယောက် လူတစ်စု လူတစ်ဖွဲ့ လူတန်းစားတရပ်ရဲ့ သီးသန့်အကျိုးနဲ့ လိုအင်ဆန္ဒကို ထည့်တွက်နေရမယ့်အချိန်မဟုတ်ပါ။

    မြန်မာပြည်သူတစ်ရပ်လုံးရဲ့ အကျိုးကိုပဲ တည့်တည့်ကြည့်ပြီး လုပ်စရာရှိတာ ပြတ်ပြတ်သားသားလုပ်ရမယ့်အချိန်ဖြစ်တယ်..။

    မြန်မာပြည်သူတွေ ပတ်ဝန်းကျင်က ကုလား၊ တရုတ်၊ ထိုင်း၊ ခမာ တွေထက် ဆိုးဆိုးရွားရွား နိမ့်ကျစုတ်ပြတ်သွားမယ့်အရေးကို အလျှင်အမြန်ကာကွယ်ရမယ့်အချိန်ဖြစ်တယ်။

    ဘယ်နေရာက စလုပ်ရမလဲ ဆိုတော့..

    အစ က စ လုပ်ရမှာပေါ့…။

    ဥပဒေလိုက်နာချင်အောင်၊
    ဥပဒေမလိုက်နာပဲ မနေရဲအောင်၊
    ဥပဒေမလိုက်နာသူတွေကို လူ့အသိုင်းအဝိုင်းထဲ မရှိအောင် – ဆိုတဲ့
    ရည်မှန်းချက်သုံးရပ်ထားပြီး လူတွေ လူနဲ့တူဖို့အတွက် အတားအဆီးအားလုံးကို ဖယ်ရှားရမယ်။

    လမ်းနယ်ကျူးကျော်သူ (အိမ်ရှင်၊ ဆိုင်ရှင်၊ လုပ်ငန်းရှင်၊ ကားပိုင်ရှင်၊ )တွေကို အရင်ရှင်း
    စည်းကမ်းမလိုက်နာရင် ထောင်ချ
    လမ်းဘေးဈေးသည်တွေကို စည်းကမ်းအတိအကျနဲ့ထား
    စည်းကမ်းမလိုက်နာရင်ထောင်ချ
    လမ်းတွေမှာ ကားမောင်းလို့ရပြီဆိုရင် စည်းကမ်းမရှိတဲ့ကားတွေကိုဖမ်းပြီး
    ကားပိုင်ရှင်မောင်းရင်ကားကိုအရည်ကျို
    ဒရိုင်ဘာမောင်းရင် ဒရိုင်ဘာကိုလိုင်စင်ရာသက်ပန်သိမ်း ၊ ထောင်ချ

    လုပ်ရဲသလား… တိုင်းပြည်ကို အဖတ်ဆယ်လို့ ရကောင်းရမယ်…
    မလုပ်ရဲဘူးလား …. စိတ်ချ.. ဒီတိုင်းပြည်မကြာခင်ပျက်မယ်….
    ဥပဒေမရှိ စည်းကမ်းမရှိတဲ့တိုင်းပြည် ဘယ်လောက်ခံမယ်ထင်လို့လဲ…..

    အင်း…
    အဲဒါတွေလုပ်ဖို့ အရင်ဆုံး ရဲတပ်ဖွဲ့အင်အား အခု(တစ်သိန်းကျော်လောက်)ထက်
    အနည်းဆုံးငါးဆ လိုအပ်ပါကြောင်း…။

    • Ma Ma

      August 7, 2013 at 1:15 pm

      (အရင်ဆုံး ရဲတပ်ဖွဲ့အင်အား အခု(တစ်သိန်းကျော်လောက်)ထက်
      အနည်းဆုံးငါးဆ လိုအပ်ပါကြောင်း…။)
      ဆိုတော့….
      ခွင်ကောင်းကောင်းတွေ အများကြီး ရှိလာနိုင်လို့ ဝန်ထမ်းသစ်ခေါ်ရင် လုပ်ချင်ပါကြောင်း။ 🙁

  • padonmar

    August 7, 2013 at 8:34 pm

    (မြန်မာပြည်သူတစ်ရပ်လုံးရဲ့ အကျိုးကိုပဲ တည့်တည့်ကြည့်ပြီး လုပ်စရာရှိတာ ပြတ်ပြတ်သားသားလုပ်ရမယ့်အချိန်ဖြစ်တယ်..။)
    ှုှုငှက်ကထကြီးရေ
    အဲသလို ပြတ်ပြတ်သားသားလုပ်မယ့်သူကို အလိုရှိပါတယ်။
    နောက်ကြောကို ပြန်ပြန်မကြည့်ရဖို့လည်း လိုတယ်နော။

  • uncle gyi

    August 7, 2013 at 11:08 pm

    ှုဦးဦးရေတပတ်လောက်လျော့ပါအုန်းကွယ်
    ကျူးကျော်လည်းနေသေး
    နှင်တော့လည်းရဲနဲ့နှင်တာတောင်ရဲကိုပြန်ရိုက်သေး
    နှင်တဲ့အဖွဲ့အစည်းတောင် သမတ တိုင်မယ်
    လွှတ်တော်စာတင်မယ်ဆိုတာမျုးိတွေနဲ့ဆိုတော့
    ဦးဦးကိုဆေးရုံလိုက်တွေ့နေရပါအုန်းမယ်ကွယ်

  • padonmar

    August 8, 2013 at 7:38 pm

    မူရင်းသတင်းကို သစ်ထူးလွင်မှာ ခုမှ ပြန်တွေ့လို့ မှတ်တမ်းအဖြစ်စုထားပေးပါတယ်။

    Sunday, August 4, 2013
    လူနာတင်ယာဉ် အတိုက်ခံရ၍ တစ်ဦးသေဆုံး

    ရန်ကုန်၊ ဩဂုတ် ၃

    ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် မငေးစုကျေးရွာအနီးရှိ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၁၃/၆ နှင့် ၁၃/ရ ကြားတွင် ဩဂုတ်လ ၁ ရက် ည ၁ဝ နာရီ ၄၅ မိနစ်ခန့်က လမ်းဖြတ်ကူးသူ အသက် ၄ဝ အရွယ် အမျိုးသားတစ်ဦးကို လူနာတင်ယာဉ်တစ်စီးက ဝင်တိုက်မိသဖြင့် အတိုက်ခံရသူ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

    ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ တောင်သူလယ်သမားဆေးရုံမှ ဟိုင်းလတ်အဖြူရောင် လူနာတင်ယာဉ်သည် နှလုံးဝေဒနာရှင် လူနာတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ တင်ပို့ရန် မောင်းနှင်လာစဉ် လမ်းဖြတ်ကူးသူ ဦးလှိုင်ထွန်းကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်တိုက်မှုကို စစ်ဆေးနေသည့် အရာရှိတစ်ဦးက ပြောကြားသည်။

    ယာဉ်တိုက်ခံရသူသည် နောက်စေ့၊ ဘယ်ဘက်ရင်အုံမောက်၊ ဘယ်ခြေမတို့ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တက်သစ်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

    “အတိုက်ခံရသူကို လူနာတင်ယာဉ်နဲ့တင်ပြီး အင်းစိန်မြို့နယ် ဆေးရုံကို တင်ပို့ခဲ့တယ်လို့ မနက်ကျမှ ရဲစခန်းက ဖုန်းဆက်ပြောလို့ သိရတယ်” ဟု မငေးစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းလွင်က ပြောကြားသည်။

    သေဆုံးသူသည် မော်လမြိုင်ကျွန်းမြို့နယ် ကြက်ရှာကျေးရွာအုပ်စု မုံတစ်ချောင်း ကျေးရွာမှ လာရောက်၍ ထန်းတပင် မငေးစုကျေးရွာရှိ လယ်ကွင်းတွင် ယောက်ဖတော်စပ်သူနှင့်အတူ နေထိုင်ကာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း လူပျောက်မှုဖြင့် လာရောက်ရှာဖွေသည့် သေဆုံးသူ၏ အဒေါ် ပြောကြားချက်ကို ကိုးကား၍ ရဲအရာရှိက ရှင်းပြသည်။

    လူနာတင်ယာဉ်မောင်းသည် ယာဉ်ပေါ်ပါ နှလုံးရောဂါ ဝေဒနာရှင်ကို ရန်ကုန်ဆေးရုံကြီးသို့ ဦးစွာပို့ဆောင်ပြီး ယာဉ်တိုက်ခံရသူကို ထပ်မံသွားရောက် ခေါ်ဆောင်ကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါစခန်းထံမှ ထပ်မံသိရှိရသည်။

    ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဦးစန်းလွင်ကို (ပ)၂၆/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၀၄ဖြင့် အမှုဖွင့်ထားကြောင်း ထန်းတပင်မြို့နယ် တပ်သစ်နယ်မြေရဲစခန်းထံမှ သိရှိရသည်။

    The Voice Weekly

  • Crystalline

    August 8, 2013 at 9:57 pm

    အဲဒီလမ်းစည်းကမ်းတွေ..လူ့ကျင့်ဝတ်တွေပြောရမယ်ဆိုရင်..ဘယ်ကအစရှာရမလဲမသိတော့ပါဘူး အန်တီရယ်…လူနာတင်ကားတိုက်ခံရတယ်ဆိုလို့..အသိတစ်ယောက်ကတော့ ဦးနှောက်အကြိတ်ကြောင့် ရောဂါတော်တော်ခံစားနေရချိန်မှာ ရန်ကုန်မြို့ရဲ့ဆိုးရွားတဲ့လမ်း သက်တောင့်သက်သာမရှိတဲ့လူနာတင်ကားနဲ့လူနာကိုမသေစေချင်ရင် ဆေးရုံကိုမြန်မြန်ရောက်မှဖြစ်မယ် ဆိုပြီး လမ်းကြမ်းတွေမှာတော့ ဒုန်းစိုင်းမောင်းတဲ့ကားဆရာရဲ့စေတနာတွေကြောင့် လူနာပိုလို့ဝေဒနာခံစားရရုံမက.. လူနာရှင်လည်း နှလုံးရောဂါရမတတ်ဖြစ်ခဲ့ရတယ်..
    ဆေးရုံကားဆိုတာတွေက တကယ့်အရေးပေါ်လူနာတွေအတွက် သင့်တော်တဲ့ သက်တောင့်သက်သာရှိပြီး ကားမျိုးပဲဖြစ်သင့်တယ်..

  • padonmar

    August 8, 2013 at 10:51 pm

    အသက်ကယ်ကိရိယာ အစုံအလင်နဲ့
    ကြံ့ခိုင်ရေးကောင်းတဲ့ Ambulance အစစ်ကိုတော့ စီးရစေချင်တာပေါ့သမီးရယ်။
    ဒါပေမယ့် ဒို့တိုင်းပြည်မှာ ဆေးရုံကို အချိန်မီ ရောက်ဖို့အရေးတောင် ခက်နေဆဲ ဆိုတော့…..

Leave a Reply