တနေ့သ၌ ကျနုပ်သည် ကန်တော်ကြီး ပတ်လမ်းအနီးရှိ ကျနုပ် နေထိုင်ရာ တာမွေဗြဲလျှမ်းခြံကြီးအတွင်း ညနေချိန်ဝယ် နေ့တဒူဝ ကိစ္စများ ဆောင်ရွက်ပြီးသကာလ ခြံအနောက်ဘက် ကပ်လျှက် အလုပ်သမားဆေးရုံကြီး၏ ရေခဲတိုက် တာဝန်ခံ ကိုရင်အံ ပေးလာသော ၃ရက်နှပ် လက်ဘက်ရည်ကြမ်းနှင့်အတူ ယင်းဆေးရုံနှင့်မနီးမဝေး ဗလီရှေ့ ရှိ ညနေခင်းမှသာရနိုင်သော မနက်မရ ပလာတာအား မြိန်ရှက်စွာ စားသုံးပီးနောက် အေးအေးလူလူ စာရေးစာဖတ်ရန်အလို့ငှာ ကျနုပ်ဘ၀၌ ထူးဆန်းအံ့သြဖွယ်ရာ ကြုံတွေ့ခဲ့ရသော ဤဖြစ်ရပ်မှန် ဇာတ်လမ်းအား နောင်လာနောက်သားတို့ သိစိမ့်သောငှာ အကျဉ်းချုံး၍ ရေးသားတင်ပြလိုက်ရပေသည်။

ကြီးမားသော ဆုံးရှုံးမှု

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေ တစ်နေရာရှိ ကြီးမား ခန့်ညားလှသော စံအိမ်ကြီး တစ်လုံး၏ လေသာဆောင်တွင် အသက်အရွယ်အားဖြင့် ၅၀ခန့်ရှိ၍ ခန့်ညားချောမောပြီး အနောက်တိုင်းဝတ်စုံအား သပ်ရပ်စွာ ၀တ်ဆင်ထားသော လူကြီးတစ်ဦးသည် ပင်လယ်ပြင်ဘက်သို့ မျက်နှာမူကာ ဆေးပြင်းလိပ်တစ်လိပ် ဟန်ပါပါခဲရင်း မတ်တပ်ရပ်လျက် ရှိနေလေသည်။

ထိုလူကြီး၏ အနောက်ဘက်တွင် တပည့်ဖြစ်ဟန်တူသော အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် ငြိမ်သက်စွာဖြင့် တစုံတရာအား စောင့်မျှော်နေဟန် ရှိပေသည်။ ထိုစဉ်တွင် ခြေသံတစ်စုံသည် လျှောက်လှမ်းလာသော အနေအထားမှ ရပ်တန့်ပြီး အနက်ရောင်ဝတ် ၂ဦးအနက် တစ်ဦးထံမှ “ဆြာကြီး ဧည့်သည်ရောက်ပါပီ”  အနက်ရောင်ဝတ် တစ်ဦးထံမှ စကားသံကြားပြီးနောက် ထိုသူစကားအဆုံး၌ လူကြီးသည် အနောက်ဘက်သို့ ညင်သာစွာ လှည့်ရင်းဖြင့် "ထိုင်ပါ..မိတ်ဆွေ ခရီးရောက်မဆိုက် လိုရင်းနဲ့ တိုတိုပြောရရင် ကျုပ်တို့ ဘိုးဘွား စဉ်ဆက် ထိမ်းသိန်းလာခဲ့တဲ့ ရှေးဟောင်းကျမ်းကြီးတခု လွန်ခဲ့တဲ့ ၃ရက်ခန့်က ခိုးယူခံရတယ်။ ခိုးသွားတဲ့ အဖွဲ့က ကျုပ်သိရသလောက်ဖြင့် အနောက်နိုင်ငံက အင်အားကြီး ထိပ်သီးဂိုဏ်းကြီးဖြစ်တဲ့ Mသုံးလုံးဂိုဏ်းရဲ့ လက်ချက်ဘဲ၊ ဒီကျမ်းကို သူတို့လက်ထဲက မဖြစ်မနေ ရတဲ့နည်းနဲ့ ပြန်ယူရလိမ့်မယ်၊ ဒါ့ကြောင့် ခင်ဗျားကို အကူအညီတောင်းဖို့ ဆင့်ခေါ်ရတာဘဲ" အထက်ပါ စကားတို့အား ပြောပီးနောက် လူကြီးသည် လေးတွဲ့စွာဖြင့် သက်ပြင်း ချလိုက်လေတော့သည်။ ထိုလူကြီးကား ဖြတ်၊ဖောက်၊ချုပ် ကျမ်းကြီးအား မျိုးရိုးစဉ်ဆက်ထိမ်းသိန်း စောင့်ရှောက်နေသူ နော်လေးဝါးထူး တဖြစ်လဲ ယောက်ကသျှာကြီး မိုက်ကယ်ဂျော်နီအောင်ပု ဆိုသူ ဖြစ်ပေတော့သတည်း။

အနာဂတ်အန္တရာယ်

သွေးစုပ်ဖုတ်ကောင်များနှင့် လိုကန်များ၏ စစ်ပွဲများကဲ့သို့ပင် လုံးခြမ်းကွဲများနှင့် အခြော်တကောက်များ၏ ပြဿနာများမှာ မသေးလှပေ။ ဆယ်စုနှစ်ပေါင်းများစွာ မငြိမ်းချမ်းခဲ့ခြင်းကြောင့် ရှေးပညာရှင်များနှင့် ခေါင်းဆောင်များသည် ၄င်းတို့အား တိမ်မြုပ်ပျောက်ကွယ် သွားစေလိုသော သဘောဖြင့် သက်ဆိုင်ရာ ပညာရပ်တို့အား ပေါင်းစပ်စုစည်းကာ ကျမ်းတဆူသဖွယ် ပြုစု၍ အစဉ်အဆက် ထိန်းသိမ်းလာခဲ့ရာမှ Mand-gazette Intelligences Association (MIA) အေးဂျင့်ဟောင်း Stone ဒင်၏ ၎င်းကျမ်းကြီးနှင့် ပတ်သတ်သော လျှို့ဝှက်အချက်အလက်များအား ကြွက်ကီလိအဖွဲ့ ခေါင်းဆောင် ကြောင်လီယန်အက်ဆန်ထံ ပေးပို့ပီး ၄င်းအဖွဲ့၏ ဖွင့်ချမှုနောက်ပိုင်းတွင် ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့်အတူ ယောက်ကသျှာမျာဘက်မှ အစုလိုက်အပြုံလိုက် အခြောက်ဖြတ်မှုများနှင့် အခြော်တကောက်များမှလည်း တန်ပြန်အခြောက်စွမ်းအားကြီး လက်နက်များ ပေါ်ပေါက်လာစေပြီး အနာဂတ်အတွက် လွန်စွာကြီးမားသော အန္တရာယ် ဖြစ်ပေါ်လာတော့ပေမည်။

အထူးအေ့ဂျင့် ဒဘလယ်အို အလဲဗင်းနှင့် M သုံးလုံးဂိုဏ်း

Area53ဟု ခေါ်ဆိုနိုင်သော တောင်ပြုန်းအထူးလျှို့ဝှက်စခန်း အတွင်းရှိ ခန်းမကျယ်၌ ဘီကီနီနှင့် ထိုင်မသိမ်းအား အချိုးအစားကျနာစွာ ၀တ်ဆင်ထားသော မုတ်ဆိတ်နှင့် အမျိုးသမီးကြီး တစ်ဦးသည် လွန်စွာကျေနပ် အားရသောဟန်ဖြင့် ခေါက်တုံ့ခေါက်ပြန် လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ရှိပေသည်။ ထိုအမျိုးသမီးကြီးသည် တချက်တချက်တွင် တိုးညှင့်သွဲ့လျစွာ ရယ်မောနေပြီး ခေါင်းမှ တင်ပါးအထိ လှုပ်ခါနေကာ အားရကျေနပ် ဖြစ်နေပုံရပီး ထိုမှတဖန် ကိုဘေးနွားသားရေဖြင့် ချုပ်လုပ်ထားသော ကျမ်းကြီးကိုလဲ လက်မှမချ ပါးစပ်မှလည်း တစ်ကမ္ဘာလုံးကို သများအုပ်ချုပ်နိုင်ပီဟု ကျယ်လောင်စွာ ရေရွတ်နေလေသည်။ အနှီသူမကား လွန်စွာကြောက်မက်ဖွယ် Mသုံးလုံးဂိုဏ်းကြီး၏ ဥသျှောင် မာမီဂျီး မိုးပြာမာမူခိုင် ဖြစ်ပေသတည်း။

ဂျပန်နိုင်ငံ ဖူကူရှီမားခရိုင်ရှိ ရေမြောင်းတခုတွင်း ခေတ်မှီလှသော စပိဘုတ်တစ်စင်း ပေါ်တွင် လူလတ်ပိုင်းအရွယ်တစ်ဦးသည် ဆိုဖာပေါ်တွင် တပလ္လင်ချိတ်ထိုင်လျှက် ယိုးဒယားလုပ် ငပိအား ကျကျနန ထိုင်၍ ဖုတ်နေသော ကျနုတ်တို့ ဇာတ်လိုက်ကျော် သာကေတ အမ်အိုင်8 အထူးဧဂျင့် ဒဘလယ်အိုအလဲဗင်း ဂျိမ်းပဇင်း တယောက် ၄င်း၏ခရမ်းသီး5ဖုန်းမှ တီတီတီဟူသော အချက်ပေးသံနှင့် မက်ဆေ့တစောင်အား ဖတ်မိလေရာ …."ကိုယ်..ခေါနဲ့ကိုယ်တို့ ဇာတ်လမ်းကို မာမီသိသွားလို့ အကြီးအကျယ် ပေါက်ကွဲနေပီ ခု..ခေါ ကိုယ်နဲ့မခွဲနိုင်လို့ မာမီ့ဆီက ထွက်ပြေးလာတာ မြ၀တီဘက်ကမ်း ရောက်နေပီ လောလောဆယ် သောင်ရင်းမြစ်ရေကြီးနေလို့ ဟိုဘက်ကူးလို့ မရဘူး ရေထဲမှာလည်း ငဇင်ရိုင်းတွေ ပါတ်ချာလည်ဝိုင်းနေတယ် ခေါ ကြောက်တယ်ကိုယ်… မြန်မြန်လာခေါ်ပါ ချစ်တဲ့ ခင်ခက်ခက်ခေါ" ထိုနောက်တွင်ကား ဧဂျင့်ဂျိမ်းစ်ပဇင်း တယောက် ငပိဖုတ်အား ပစ်ချလျက် စပိဘုတ်အား စက်နှိုးကာ အလျင်အမြန်ထွက်ခွာ သွားလေတော့သည်။

အတိတ်၏အရိပ်

အတိတ်ဟူသည်ကား မေ့ဖျောက်လိုသော်ငြား ဖျက်ဖျောက်၍သော် မရလေဘီ။ တချိန်မှ အကြောင်းအား ပြန်တွေးရင်း မိုက်ကယ်အောင်ပု တယောက် သက်ပြင်းချလိုက်မိသည်။

ကိုင်ထားသော ခွက်အတွင်းမှ လက်ကျန် ဖားပြုတ်တံဆိပ် ၀ီစကီအား တကြိုက်တည်း မော့လိုက်ရင်း ဆွေးမြေ့စွာဖြင့် “ရှင်ဘယ်ရောက်နေလဲ မာမူရယ်”ဟု ရေရွတ်လိုက်ပြီး စိတ်ကို ဟိုးအတိတ်ဆီသို့ လွင့်မျောလိုက်တော့လေသည်။ အမှန်တော့ ခိုင်နဲ့ ပုတို့နှစ်ယောက်က ငယ်စဉ်အချိန် ကလေးဘ၀ထဲက ကစားလည်းတူ ကျောင်းသွားလဲတူတူပင် မိဘတွေကလဲ အချင်းချင်း ရင်းနှီးနေပီးသားမို့ ကလေးချင်းလဲ အင်မတန် သံယောဇဉ် ရှိကြပေသည်။ ကြာလာတော့လဲ တစ်ဦးနှင့်တစ်ဦး ခိုင်မာမှုတွေ ပိုပိုပြီးတိုးလာကြသည်။ ကံကြမ္မာဆိုးကြီး မကြုံခင်အထိတော့ သူတို့နှစ်ဦး ဘ၀က ရိုးရှင်းတည်ငြိမ်စွာဖြင့်၊ တစ်ရက်တော့ ပုမိဘတွေက ခရီးတခုထွက်မည် ပြောလာပီး ဆွေမျိုးတွေရှိရာ ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့ကြသည်။ အဲ့နောက်ပိုင်း ခိုင့်သတင်း ဘာမျှမကြားတော့ ပုအထက်တန်းအောင်သည့် အချိန် နီးစပ်ရာက သတင်းကြားမှ ခိုင်တယောက် သူတက်နေတဲ့ မိုးပြာကျောင်းကထွက် ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ကျောင်းတက်နေသည်တဲ့ နောက်ပိုင်းတော့ သူ့သတင်း ဘာမျှမကြားတော့။ ဘ၀ကို ဖြတ်သန်းရင်း တခါတလေတော့ ခိုင့်ကို သတိတော့ရမိသည်။ ကျောင်းပြီးတဲ့နောက် မိသားစု စီးပွားရေးလုပ်ငန်းတွေ တဘက်လုပ်ကိုင်နေရင်း ……

ကပြောင်းကပြန် လောကဓံ

ဖေဖေခေါ်လို့ စာကြည့်ခန်းထဲ ၀င်လိုက်ချိန်မှာတော့ ဖေဖေ့မျက်နှာကို ကြည့်ပီးနောက် နော်လေးပု တစ်ယောက် တခုခုထူးဆန်းနေသလို ထင်မိသည်။ "သေချာနားထောင်ပါ သမီး ဖေတို့က သာမာန်လူတွေ မဟုတ်ကြဘူး နောက်ပီး ကိုခိုင့်မိဘတွေနဲ့ ဖေဖေတို့က အပြင်ပန်းကြည့်ရင် အမတန်ချစ်ခင်ပုံ ရနေပေမယ့် တကယ်တော့ ဖေဖေတို့တတွေက ဆယ်စုနှစ်များစွာ ပြင်ထန်စွာ ပြိုင်ဆိုင်လာတဲ့ အဖွဲ့အစည်းနှစ်ခုရဲ့ မျိုးဆက်တွေဘဲသမီး ရှေးအစဉ်အဆက်က ထားရှိခဲ့တဲ့ စည်းမျဉ်းတွေအရ နှစ်ဘက်အသိုင်းအ၀ိုင်း တွေထဲက သားယောင်္ကျားလေး မွေးတဲ့သူသာ ဒီကျမ်းကြီးကို လက်ဆင့်ကမ်း ထိန်းသိမ်းရမယ်တဲ့ ဒါပေမဲ့ ဖေ့ဖေ့လက်ထက်မှာ သမီးလေးကို မွေးခဲ့ပီး ဟိုဘက်မှာတော့ သားယောင်္ကျား မွေးခဲ့တယ်။ ထုံးတမ်းစဉ်လာအရ ဒီကျမ်းကြီးကို နောင်မျိုးဆက်ဖြစ်တဲ့ ကိုခိုင်တို့လက် လွှဲပေးရတော့မဲ့အချိန် ကိုခိုင့်အဖေက စောင့်ရှောက်မဲ့ စိတ်ထက်လွန်ကဲပြီး ဒီကျမ်းကို အသုံးချ၊ ကမ္ဘာကြီးကို မငြိမ်းချမ်းစေချင်တဲ့ ဆန္ဒနဲ့ မကြံစည်အပ်တာတွေကို ပြုလုပ်ခဲ့လို့ အခုဖေဖေနဲ့တကွ လူကြီးတွေ ဆုံးဖြတ်ချက်ချခဲ့တယ် ဒါကတော့ ဒီကျမ်းကြီးကို သူတို့ လက်ထဲလုံးဝ လွှဲမပေးဖို့ဘဲ။ ဒီတော့ ဖေဖေတို့ မျိုးဆက်နဲ့ အနာဂတ် ထာဝရငြိမ်းချမ်းဖို့ သမီးအနစ်နာခံပီး စောင့်ရှောက်ရတော့မယ် အဲ့ဒီအတွက် သမီးလုပ်ရမှာကတော့" ထို့ကြောင့်ပင် အဖိုးတန်အမျိုးမှန်၍ ရုပ်ဆင်းရူပကာနှင့် ပညာတင့်တယ်လှသော သူမသည်ကား ထိန်းသိမ်းစောင့်ရှောက်အပ်သော အနာဂါတ်အကျိုးအတွက် သူမ ဘ၀အား တဆစ်ချိုး ပြောင်းလဲစေခဲ့တော့သည်။

အလှည့်အပြောင်း

အဘာာာာာာာာာာာရ် … တောက်စ် မိုးမီမီမားခိုင် တယောက် ဒေါသပြင်းထန်စွာဖြင့် အော်ဟစ်မိလိုက်သည်။ တော်တန်ယုံ သွေးအေးသော သူမ ဒါမျိုး တခါမှမဖြစ်ဖူးမို့ တပည့်ခြော်တကောက်တွေတောင် လန့်ဖြန့်နေကျသည်။ ချစ်လှစွာသော သား/မီး ခင်ခက်ခက်ခေါ မရှိတော့ပြီတဲ့ ကြားလို့မှမကောင်း အရပ်ကတို့ နတ်ကတို့ ကယ်ပါ အပ်ထားတဲ့ ကိုယ်တော်ကြီး၊ ကိုယ်တော်လေးလဲ ဘယ်လျှန်းနေလဲမသိ၊ ဟိုနှဲမမ ဒင်းလဲ အားကိုးလို့မရတော့ ခုတော့ ဇုနတ်နဲ့ သိကြားမင်း ပိုဆီဒွန်နဲ့ ဦးရှင်ကြီးတို့ တွေ့ကြလေဘီ။ ဂရိနတ်နဲ့ မြန်မာတွင်း/ပြင် ၃၇မင်း အတိုက်အခံကာလ ဘယ်သူ နောက်ပြန်ဆွဲလည်း အတိအကျ သိရမည့်ကိန်း သေချာတာကတော့ ဒင်းလက်ချက် ဖြစ်ဖို့များသည် တသက်လုံး ရင်အုပ်မကွာ စောင့်ရှောက်လာသမျှ ခုတော့ ကိုယ်ကျိုး နည်းတော့မည် ထင်သည်။ "ဖြစ်ပုံကို အသေချာ ရှော်တကင်းဇမ်း မိလို့ကတော့ တွေ့ရာင်္သချိုင်း ကြက်ဟင်းခါးသီးမဆိုင်းဘဲဟေ့ တောက်စ်" ခြေဖျားကိုထောက် တင်ကို မြှောက်၍ ခပ်ဆောင့်ဆောင့် အော်ငေါက်ပီးနောက် … “ဒင်း ဘယ်သူ့နောက် လိုက်သွားသတုန်း” သူမမေးသံအဆုံး “အထူးဧဂျင့် ဂျိမ်းစ်ပဇင်းနောက် ယိုးဒယားဘက် လိုက်သွားတယ်လို့ သတင်းရပါတယ် သများတို့ လူတချို့တော့ လိုက်ခိုင်းထားပါတယ် သတင်းအတိအကျရရင် ဆက်သွယ်တော့မှာပါ” မာမီခိုင်တယောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း အခြေအနေ အားလုံးကို သိလိုက်ပေသည်။ အခုတော့ အချစ်ဆုံးတွေ အမုန်းဆုံး အဆင့်သို့ ရောက်ပေတော့မည်။ ကျမ်း သား/မီး သူ့ဘ၀နှင့် သူမဘ၀တို့အကြား တစုံတရာ(သို့) တစုံတယောက်မှာကား လက်ရှိဘ၀၌ ကျန်နေခဲ့ရပေတော့မည် ……..။

စကားချပ်

ကျနုပ်သည်ကား စာရေးဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီးငွေဥဒေါင်းနှင့် ဆရာမင်းသိင်္ခတို့ကဲ့သို့ ဆန်းကြယ်သော လျှို့ဝှက်သည်းဖို ဇာတ်လမ်းများအား ရေးချင်နေသော်လည်း ကျနုတ်၏ အတွေ့အကြုံ၊ အရည်အချင်းအချင်းနှင့် စာရေးခြင်း အတတ်ပညာတို့မှာ အနှီဆရာကြီးတို့အား စိုးစဉ်းမျှ လက်လှမ်း မမှီသဖြင့် ကျုပ်သိရှိတွေ့ကြုံခဲ့ရသော အဖြစ်မှန်တခုပေါ်တွင် အခြေခံ၍ ဤစာစုအား တတ်အားသမျှ ရေးသားဖော်ထုတ် လိုက်ရပေသည်။

ကြိုးစားလျှက်

စာရေးဆြာ စိန်ကြက်ဆင်

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း