အဌမနေ့ အပိုင်း (၅)

မြို့တော်ခန်းမ၏ နာရီကြီး ခြောက်နာရီ ဒင်ခနဲထိုးသည်နှင့် ရော်ဂျာသည် ဒေါက်တာ့ဂီလီ့ရုံးခန်းထဲ ရောက်လာခဲ့သည်။ ကောင်ကလေး၏ ထိုးထွက်နေသော အရပ်ကြီးကြောင့် ဒေါက်တာ့ခမျာ တအံ့တဩ။ ကောင်ကလေး၏ အဝတ်အစား နွမ်းပါး လွန်း၍လည်း ဒေါက်တာအံ့ဩရသည်။ အက်ရှ်လေတို့သည် နည်းပါးသောလစာပေါ်တွင် ရောင့်ရဲတင်းတိမ်မှု ကြွယ်ဝစွာဖြင့် တစ်သက်လုံး နေထိုင်ခဲ့ကြသည်။ အိမ်ချုပ်များဖြစ်သော ကောင်ကလေး၏ အဝတ်အစားသည် သပ်သပ်ရပ်ရပ်နှင့် သန့်ပြန့်နေ သည်။ အကျႌလက်များက လက်ကောက်ဝတ်ထိ မရောက်။ ဘောင်းဘီက ခြေချင်းဝတ်ဆီ မမီ။ တောဂိုက်ဖြစ်၏။ သူတစ်ပါး၏ အထင်အမြင်ကို ဂရုမစိုက်တတ်ခြင်းသည် အက်ရှ်လေတို့၏ ကြွယ်ဝခြင်းအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ရော်ဂျာသည် အတန်း ထဲတွင် အတော်ဆုံးကျောင်းသား၊ ဘေ့စ်ဘောအသင်း ခေါင်းဆောင်။ သူ့အဖေလိုပင် မြို့သေးသေးလေးထဲမှ ဘုရင်ကလေး တစ်ဆူ။ ကြံ့ခိုင်သည်၊ တည်ငြိမ်သည်၊ နှုတ်နည်းသည်။
”ရော်ဂျာ၊ ရှီကာဂိုကို သွားတော့မယ်ဆို။ အလုပ်ရှာမယ်ပေါ့။ တကယ်လို့ ဟိုမှာ အခြေအနေ မဟန်ဘူးဆိုရင် ဒီစာ ကိုယူပြီး ဦးရဲ့မိတ်ဆွေကြီးဆီကိုသွား၊ သူက ဆေးရုံဆရာဝန်ပဲကွဲ့။ သူက သားကို ဆေးဝန်ထမ်း လုပ်ခိုင်းလိမ့်မယ်။ အဲဒီအ လုပ်က ပင်ပန်းတယ်။ ဆေးဝန်ထမ်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ သည်းညည်းခံ စိတ်ရှည်ပါမှ ဖြစ် လာနိုင်တာ။ လစာကလည်း နည်းတယ်။ လုပ်စရာအလုပ် မရှိတော့မှ ဒီအလုပ်ကိုရွေးကွဲ့”
ရော်ဂျာ၏ တစ်ခုတည်းသော မေးခွန်းမှာ ”ဆေးဝန်ထမ်းတွေကို ထမင်းကျွေးလား” ဟူ၍ ဖြစ်၏။
”ဒီစာကတော့ ဘာမှအထွေအထူး မဟုတ်ပါဘူး။ သားဟာ ရိုးသားတယ်၊ စိတ်ချရတယ်လို့ ရေးထားတာ။ စာထဲမှာ သားရဲ့နာမည်ကိုတောင် ထည့်မရေးဘူး။ သားနာမည်ပြောင်းချင်မယ် ထင်လို့။ သားအဖေကိစ္စကို ရှက်စရာလို့ သဘောမထား လည်း ဟိုမေးသည်မေး မေးခွန်းတွေကို ရှောင်နိုင်မယ်မဟုတ်လား။ သားကြိုက်တဲ့နာမည်များ ရှိမလား။ ဦးဇနီးနဲ့ စကားနည်း နည်း သွားပြောလိုက်ဦးမယ်။ ဒီစာအုပ်တွေ နောက်ကျောဖုံးကို ဖတ်နေဦး။ ကြိုက်တဲ့နာမည် ရွေးထုတ်ထား။ ကိုုုယ့်ဖာသာကိုယ် နာမည်နှစ်လုံး ပေါင်းကြည့်”
ရော်ဂျာသည် အနီရောင်ကို နှစ်သက်သည်။ အနီရောင်အဖုံးနှင့် စာအုပ်နာမည်မှာ ‘ဦးနှောက်နှင့် ကျောရိုးမှ အသား ပိုများ’။ ရေးသူကား ‘အေဗရစ် ထရင့်’။ နောက်တစ်အုပ်သည် ‘ဂေါ်ဒွင် ဖရေဇာ’ ၏ ‘ဥပဒေနှင့် လူမှုဝန်းကျင်’ စာအုပ်။ သူ လည်းပဲ ဆရာဝန် သို့မဟုတ် ရှေ့နေ ဖြစ်ချင်ဖြစ်လာနိုင်သည်။ ထိုအမည်နှစ်ခုစလုံးကို ယူမှဖြစ်မည်။
ဤသို့ဖြင့် ဒေါက်တာဂီလီက ရော်ဂျာအား ‘ထရင့် ဖရေဇာ’ ဟူ၍ စာထဲထည့်ရေးလိုက်တော့၏။

x            x            x            x

ဇူလိုင် ၂၆ရက်တွင် ရော်ဂျာသည် ရှီကာဂိုသို့ ထွက်လာခဲ့သည်။ ခရီးထွက်သည့်ကိစ္စကို အမေနှင့် တိုင်ပင်ဆွေးနွေးနေ စရာ မလိုဟု သူထင်ခဲ့သည်။ အမေနှင့်သမီးများ၏ ဆက်ဆံရေးသည် ပြေပြစ်သော တောတောင်ရေမြေ။ ရှင်းလင်းသည်၊ အေးဆေးသည်။ အမေနှင့်သား၏ ဆက်ဆံရေးကမူ မုန်တိုင်း။ သူက အမေ့ကို နှစ်နှစ်ကာကာချစ်သည်။ နောင်တတရားတို့ ဖြင့်ပြည့်ခဲ့ရ၏။ အမေကလည်း ကိုယ့်အမှားကိုယ်သိပြီး ကိုယ့်ဖာသာ မကျေမချမ်း နောင်တရခဲ့ရသူ။ အမေ၏မေတ္တာအလုံးစုံ သည် အဖေ့ပေါ် အလေးသာခဲ့သည်။ သားသမီးများအတွက် လက်ကျန်နည်း၏။ အမေနှင့်သားတို့ မျက်လုံးချင်း ဆိုင်ခဲကြသည်။ တစ်ဦး၏အတွေးကို တစ်ဦးက သိနေသည်။ ကြင်နာမှုအကျုံးဝင်သော ဆက်ဆံရေးမျိုးလည်း မဟုတ်။ အမေနှင့်သား တစ်ဦး ကို တစ်ဦး အဆုံးမရှိချစ်ကြသည်။ ခံစားကြသည်။ သားအမိကြားတွင် ရှိနေသူကား အဖေ  ဂျွန်အက်ရှ်လေ။ အဖေကတော့ ဘယ်တော့မှ မခံစားရ။
လက်ဆွဲအိတ်ပြင်နေသော ရော်ဂျာအား နှမဆိုဖီယာ ကြည့်နေသည်။ ပစ္စည်းဟောင်းများ ရောင်းစဉ်က မပါဘဲကျန်နေ ရစ်သော လက်ဆွဲအိတ်ကလေး။ အမေနှင့် အစ်မကြီးလီလီတို့ လျှော်ဖွပ်မီးပူတိုက်ပေးထားသော အဝတ်အစားများနှင့် ပေါင်မုန့် ချပ်များကို ဆိုဖီယာ ယူလာပေးသည်။ စကားမပြောဖြစ်ကြ။ ပေါင်မုန့်များ ထောပတ်သုတ်မထား။ ထောပတ်အစား အိမ်လုပ် ပန်းသီးယိုနှင့် သစ်ကြားယိုသုတ်ထားသည်။ မနက် ခုနစ်နာရီ ရှိပြီ။ နှစ်ယောက်သား အိမ်အကွယ် ကစားကွင်းသို့ တည်ကြည် လေးနက်သော ခြေလှမ်းများဖြင့် လျှောက်လာကြသည်။ ရော်ဂျာသည် နှမဆိုဖီယာနှင့် ရင်ဘောင်တန်းနိုင်အောင် ဒူးတစ်ဖက် ထောက်လိုက်သည်။
”ကဲ ဆိုဖီ၊ စိတ်ဓာတ်ကျတာမျိုး အစ်ကို မလိုချင်ဘူး။ ကြားကို မကြားချင်ဘူးနော်။ ဆိုဖီဟာ ဆိုဖီလိုပဲ ဆက်နေ သွားရမယ်။ အဲဒါ ဆိုဖီ့တာဝန်။ အစ်ကို့ တာဝန်” ထိုနေရာတွင် သူသည် နှမဖြစ်သူကို ငေးမောနေမိသည်။

နှုတ်ဆိတ်နေရ ခြင်းသည် ဖွင့်ဟမပြောနိုင်သော စကားအားလုံးကို သယ်ပိုးထားရ၍ ဖြစ်သည်။

”အစ်ကိုက မေမေ့ဆီ တစ်လတစ်ကြိမ် စာရေး မယ်။ ငွေပို့မယ်။ ဒါပေမယ့် အစ်ကို့ရဲ့ နာမည်အသစ်နဲ့ လိပ်စာကိုတော့ ပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲ သိလား။ အိမ်ကို လာတဲ့စာမှန်သမျှ ရဲတွေက ဖောက်မှာလေ။ အစ်ကိုု ဘယ်ရောက်နေတယ်ဆိုတာ ရဲတွေကို မသိစေချင်ဘူး။ ဒီတော့ မေမေက
လည်း အစ်ကို့ဆီ စာတစ်စောင်မှ မပြန်နိုင်ဘူးပေါ့။ ပထမနှစ်ဝက် ဒါမှမဟုတ် နှစ်ဝက်သာသာလောက်ထိကတော့ အစ်ကိုလည်း မေမေ့ဆီက စာကိုမဖတ်ချင်ဘူး။ ကိစ္စတစ်ခုတည်းကိုပဲ အာရုံစိုက်ထားချင်တယ်။ အဲဒါဘာလဲ သိလား”

”ငွေပေါ့”
”ဟုတ်တယ်။ ဒါပေမယ့် အစ်ကို ဆိုဖီ့ဆီကို တစ်လတစ်ကြိမ် စာရေးမှာပါ။ ပေါ်ကီက တဆင့် ရေးမှာ။ ဒါမှ ဘယ် သူမှ မသိမှာ။ ဒီတော့ နားထောင်၊ ဆိုဖီ။ လလယ်၁၅ရက်ကို နည်းနည်းစွန်းပြီဆိုတာနဲ့ ပေါ်ကီ ဖိနပ်တိုက်တဲ့နေရာကို သွား၊ မျက်လုံးကို ရှေ့တည့်တည့်ကြည့်ပြီးလျှောက်။ ဒါပေမယ့် ပေါ်ကီ့ဆိုင်ပြတင်းမှာ ပြက္ခဒိန် ချိတ်ထားသလားဆိုတာ မျက်လုံး ထောင့်ကနေ သတိထားပြီးကြည့်။ ပြက္ခဒိန်ကို သိတယ်နော်။ ခရစ္စမတ်တုန်းက အစ်ကို သူ့ကိုပေးထားတဲ့ ပြက္ခဒိန်လေ။ ကောင်မလေးပုံပါတဲ့ ပြက္ခဒိန်။ အဲဒီ ပြက္ခဒိန် ဆိုင်ပြတင်းမှာ ချိတ်ထားရင် အဲဒါ ဆိုဖီ့အတွက် စာရောက်နေပြီပဲ။ ဆိုင်ထဲကိုု မဝင်နဲ့။ အိမ်ပြန်။ ရှူးဖိနပ်အဟောင်းကြီး ယူပြီးမှ ပေါ်ကီ့ဆိုင်ကိုုသွား။ စာသွားစာပြန် ကြားခံလူဟာ ပေါ်ကီဆိုတာ ဘယ်သူမှ သိလို့ မဖြစ်ဘူးနော်။ အစ်ကိုတို့လုပ်လို့ သူဒုက္ခရောက်လိမ့်မယ်။ ဒါဟာ သူ့အကြံဉာဏ်။ အစ်ကိုတို့ရဲ့ အကောင်းဆုံးသူငယ် ချင်းကြီးဟာ ပေါ်ကီပဲ။ အစ်ကို ဆိုဖီ့ဆီကို စာထည့်တိုင်း စာအိတ်ထဲမှာ တံဆိပ်ခေါင်းကပ်ပြီးသား၊ လိပ်စာရေးပြီးသား စာအိတ်တစ်လုံး ထည့်ပေးမယ်။ ရေးဖို့စာရွက်လည်း ထည့်ပေးမယ်။ ဆိုဖီက ညမှောင်မှ အပြင်ထွက်။ ဂစ်ဘဆင်ထောင့်က စာတိုက်ဘုံးမှာ စာသွားထည့်။ လျှောက်ရတာ တော်တော်တော့ဝေးမယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ လုပ်ရမှာပဲ။ ကဲ ဆိုဖီ၊ အိမ်က ကိစ္စတွေအကုန်လုံး အစ်ကို့ကို ရေးပို့နော်။ မေမေ့အကြောင်းရော၊ ဆိုဖီတို့အကြောင်းရော အားလုံးရေးပါ။ ပြီးတော့ အမှန်အတိုင်းရေး။ အဓိက အမှန်အတိုင်းရေးဖို့ပဲ”
ဆိုဖီ သွက်သွက်ခေါင်းငြိမ့်သည်။
”ကဲ ဆိုဖီ၊ မှတ်ထားဦး။ ဖေဖေဘာဖြစ်နေတယ်ဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက အခုဘာစဖြစ်နေပြီလဲဆို တာ။ ဆိုဖီနဲ့ အစ်ကို ဟုတ်ပြီနော်။ ဆိုဖီ့ဘက်က မပြောင်းလဲနဲ့။ တခြားကောင်မလေးတွေလို ချာတူးမလန်စမ်းနဲ့။ ဉာဏ်ကူ ဖို့ လိုနေပြီ” ဟုဆိုကာ ရော်ဂျာသည် အသံကိုနှိမ့်၍ ”အစ်ကိုတို့ တိုက်ကြရတော့မယ်။ ငွေအတွက် တိုက်ကြရတော့မယ်။ မေ မေ့ဆီ ငွေပိုု့ဖို့ ခိုးရမယ်ဆိုရင်တောင် အစ်ကိုတော့ ခိုးမှာပဲ”
ဆိုဖီ သွက်သွက်ခေါင်းငြိမ့်ပြန်သည်။ ထိုအရေးကို ဆိုဖီနားလည်ထားပြီးသား။ ထိုအရေးက ဆိုဖီ့စိတ်ထဲရှိသည့် ကိစ္စ လောက် အရေးမကြီး။ ”အစ်ကိုလည်း ဆိုဖီ့ကို ကတိပေးရမယ်။ အစ်ကို့ဆီကို အမှန်အတိုင်းရေးဖို့ ကတိတောင်းတယ်နော်။ အစ်ကိုလည်း အဲဒီကတိပေးရမယ်။ ဖျားတာတို့ ဘာတို့ ဖြစ်ရင် အမှန်အတိုင်းရေးပါ”
ရော်ဂျာ မတ်တပ်ထရပ်သည်။
”ဒီလို ကတိမျိုး မတောင်းနဲ့ ဆိုဖီ။ ယောက်ျားလေး တစ်ယောက်အတွက်က တူတာမဟုတ်ဘူး။ ဒါပေမယ့်လည်းလေ အစ်ကို မှန်မှန်ကန်ကန် ရေးပါ့မယ်”
”မဟုတ်သေးဘူး အစ်ကို။ မဟုတ်သေးဘူး။ ဖျားနေရင် … အရမ်းဖျားနေရင် … အမှန်အတိုင်းရေး။ ဆာနေရင် … အထီးကျန်နေရင် … ဒါမှမဟုတ် ဖေဖေ့လိုဖြစ်နေရင် … အမှန်အတိုင်းရေး။ အစ်ကိုက ကတိမပေးဘဲ ဆိုဖီက ကတိမပေး နိုင်ဘူး။ လူတစ်ယောက်ကို သတ္တိရှိလာအောင် ဘာမှမပေးဘဲ သတ္တိရှိဖို့ ပြောလို့ မရဘူးလေ”
စိတ်ဆန္ဒစွမ်းအားများ အားပြိုင်နေကြသည်။

နောက်ဆုံးတွင် ရော်ဂျာက ”ကောင်းပြီ။ အစ်ကို ကတိပေးတယ်။ ဒါဟာ နှစ်ဦးနှစ်ဘက် အပေးအယူပေါ့” ဟုဆိုလိုက်သည်။
ရော်ဂျာ့ကို ဆိုဖီယာမော့ကြည့်လိုက်သည့် ထိုမျက်နှာမူယာကို ရော်ဂျာတစ်သက်လုံး မမေ့နိုင်ခဲ့ပေ။
”ဘာဖြစ်လို့လဲဆိုတော့ … အစ်ကို့ကို ဆိုဖီပြောမယ်။ ဒီကမ္ဘာပေါ်မှာ အစ်ကိုလိုချင်တာများရှိရင် ပိုက်ဆံတို့ဘာတို့ ပေါ့လေ။ အဲဒါ ဆိုဖီ ရအောင်ရှာပေးမယ်။ ဆိုဖီ ဘာမဆိုလုပ်နိုင်တယ်”
”အစ်ကို သိပါတယ်၊ သိပါတယ်” ဟုဆိုကာ ရော်ဂျာသည် အိတ်ထဲလက်နှိုက်ပြီး ငါးဒေါ်လာထုတ်သည်။ ”ဆိုဖီ၊ ဖေဖေ ရထားတွဲပေါ်တက်တဲ့ညက အစ်ကို့ဆီကို ရွှေလက်ပတ်နာရီ ပို့လိုက်တယ်။ မနေ့က အဲဒီနာရီကို ဒေါ်လာလေးဆယ်နဲ့ ရောင်းပြီး ဒေါ်လာသုံးဆယ် မေမေ့ကို ပေးလိုက်တယ်။ ငါးဒေါ်လာက အစ်ကို့အတွက်။ ကျန်တဲ့ငါးဒေါ်လာက ဆိုဖီ့အတွက်။  ငွေဘယ်ကရသလဲဆိုတာ မေမေ ရှင်းရှင်းလင်းလင်း သိပုံမရသေးဘူး။ ဆိုဖီက ဈေးဝယ်ရတဲ့လူဆိုတော့ ဒီငါးဒေါ်လာကို သိမ်း ထား။ လိုမှ ထုတ်သုံး”
ရော်ဂျာသည် နောက်ထပ်စကားအပို မပြောတော့ဘဲ သူမြတ်နိုးရသော ရတနာတစ်ခု ထုတ်ပေးသည်။ ကင်ဂါဟီလာ မြားတံခေါင်းသုံးခုပုံ သလင်းကျောက်။

”ကဲ၊ သွားမှ”
”အစ်ကို၊ ဖေဖေက ဆိုဖီတို့ဆီ စာရေးမှာလားဟင်”
”အစ်ကိုလည်း ဒါပဲတွေးနေတာ။ သူကိုယ်တိုင်လည်း ဒုက္ခမရောက်၊ အစ်ကိုတို့ကိုလည်း ဒုက္ခမရောက်စေဘဲ သူဘယ်လို ဆက်စခန်းသွားမလဲ။ ခုဆို ဖေဖေက တိုင်းပြည်သား မဟုတ်တော့ဘူး။ အချိန်ကြာမှ သူထွက်ပေါက်ရလိမ့်မယ်။ နှစ်ချီရင်လည်း ချီသွားနိုင်တယ်။ ဖေဖေ့အကြောင်း မတွေးတာ အကောင်းဆုံးပဲကွာ။ အစ်ကိုတို့ လုပ်ရမှာက နေထိုင်ရှင်သန်သွားဖို့ … အဲဒါပဲ”
ဆိုဖီယာ ခေါင်းညိတ်သည်။ ”အစ်ကိုကကော ဘာလုပ်မှာလဲ။ ဆိုဖီပြောတာက … ”
ရော်ဂျာ ကြီးလာလျှင် ဘာလုပ်မလဲဟူသည့် ဧရာမမေးခွန်းကြီးကို မေးမှန်း ရော်ဂျာနားလည်သည်။
”ခုချိန်ထိတော့ မသိသေးဘူး”
ရော်ဂျာ ပျော့ပျော့ပြုံးပြပြီး ခေါင်းညိတ်သည်။ နှမကို သူမွှေးမွှေးမပေး။ တံတောင်ဆစ်ကို ဖျစ်သည်။
”ကဲ၊ အိမ်ထဲဝင်တော့။ မေမေ မီးဖိုချောင်ထဲက ထွက်သွားအောင် တစ်ခုခုလုပ်။ အစ်ကိုက ကုတ်ယူပြီး ကြက်ခြံဘက်က ထွက်မယ်”
”မေမေ့ကို သွားနှုတ်ဆက်ပါ အစ်ကို။ ခုဆိုရင် ယောက်ျားးဆိုလို့ အစ်ကိုတစ်ယောက်ပဲ ရှိတော့တာ”
ရော်ဂျာ တံတွေးမျိုချရပြီ။ ”ကောင်းပြီ၊ ဆိုဖီ။ သွားနှုတ်ဆက်မယ်”
”မေမေက ဧည့်ခန်းထဲမှာ၊ အပ်ချုပ်နေတယ်။ ညနေရောက်ပြီ မှတ်သလားမသိဘူး”
ရော်ဂျာ အပေါ်ထပ်သို့ နောက်ဘက်လှေကားမှ တက်သည်။ တစ်ခုခုမေ့ကျန်ခဲ့သည့်ပုံမျိုး ဟန်ဆောင်ထား၏။ခန်းမ ထဲပြန်ဆင်းပြီး ဧည့်ခန်းထဲ ဝင်လာသည်။
”မေမေ၊ ကျွန်တော် သွားတော့မယ်”
အမေ ဇဝေဇဝါဖြင့် ထလာသည်။ သူအပါအဝင် အားလုံးသောအက်ရှ်လေတို့ အနမ်းရှုတ်မခံလိုမှန်း အမေသိသည်။ အားလုံးသောအက်ရှ်လေတို့သည် မွေးနေ့ပါတီနှင့် ခရစ္စမတ်ပွဲများကို မုန်းတီးကြသည်။ အမေ အသက်ရှူကျပ်နေပြန်ကာ ဘာ ပြောနေမှန်း မကြားရ။
”ဂွဒ်ဘိုင် မေမေ”
ရော်ဂျာ အိမ်မှထွက်ခွာသွားသည်။ ဘီတာသည် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သတိလစ်သွားခဲ့သည်။

 

 

5 comments

  • အရီးခင်

    August 11, 2013 at 2:23 pm

    အချိန်ရှားနေတဲ့ ကြားက ရွာထဲ ဝင်ပြီး အဖိုးတန်စာလေးတွေ အားဖြည့်ပေးနေတဲ့ မပြုံး ရဲ့ စေတနာ ကို အမြဲမြင်ရတယ်။
    ဇာတ်ကောင်တွေ ကို အသက်ဝင်ပြီး မြင်ရအောင် ရေးနိုင်တာကတော့ ထူးပြီး ပြောမနေတော့ပါဘူး။
    “သူသည် နှမဖြစ်သူကို ငေးမောနေမိသည်။”
    ကိုယ်ပါလိုက်ပြီး ငေးမိသွားတယ်။
    ဇာတ်ဆုံးချိန် အားလုံး စု ပြီး ပြန်ဖတ်ဦးမယ်။

  • အလင်းဆက်

    August 11, 2013 at 6:01 pm

    မျှော်နေတာ ကြာပြီ

    🙂

    အချိန် ယူပြီး အေးဆေး ဖတ်မယ်ဗျာ

  • ဝင့်ပြုံးမြင့်

    August 12, 2013 at 12:52 am

    ပူလစ်ဇာဆုရ စာရေးဆရာကြီး Thornton Wilder ရဲ့ National Book Award–winning ဝတ္ထု ဖြစ်တာမို့ မကောင်းမှာ မပူရပါဘူး အရီးရေ။ စိတ်ဓာတ်ပြုပြင်ရေး စာအုပ်မျိုးပါ။ ဟိုခေတ်ကလူတွေကို ဒီခေတ်ကလူတွေ လိုက်မမီဖြစ်နေတုန်းဆိုတာကို တွေ့ရမှာပါ။ တစ်အုပ်လုံးကို ကြားဆက်မပြတ်ဘဲ ဖတ်မယ်ဆိုရင် မျက်ရည်လည်ရွဲ ဖြစ်ရစေမယ်လို့ အာမခံပါတယ်။

    ကိုသူရရေ မန်းဂဇက်စာအုပ်လေး ပို့ပေးတာ ကျေးဇူးပါ။ စာအုပ်ခံစားချက်ရေးချင်တာ ခုထိမရေးနိုင်သေးဘူး။ ရခဲ့ဖူးသမျှ စာအုပ်တွေနဲ့ မတူဘဲ ဒီမန်းဂဇက်ချစ်သူများ စာအုပ်ကျမှ တကယ့်ကိုပျော်နေတာတော့။ ကြည့်ရတာ အစ်မတော့ ဒီရွာကို ခွာနိုင်ပါဦးပါ့မလားတောင်မသိဘူး။

    • အလင်းဆက်

      August 12, 2013 at 10:11 am

      ကျွန်တော်တော့
      ဒီရွာကို
      သံယောဇဉ် မပြတ်နိုင်တော့ဘူးအစ်မရေ

      စာအုပ်ရောက်ပြီ ကြားမှ ရင်ထဲက အလုံးကျ သွားတယ်

      စာတိုက်က ပို ့လိုက်ရတာ ဆိုတော့
      ရင်ပူူ ရတယ်လေ

      🙂

  • Crystalline

    August 12, 2013 at 10:38 am

    အစ်မရေ.. စာအုပ်ထွက်ပြီးသားလား.. ခန်းဆက်စောင့်ဖတ်ရတာ စိတ်သိပ်မရှည်လို့.. ထွက်ပြီးသားဆိုရင်တော့ဝယ်ဖတ်မလို့ 🙂

Leave a Reply