ကြီးမိုက်ရင်းနှီးခဲ့တဲ့တောင်သမန်အင်း

ကြီးမိုက်ရင်းနှီးခဲ့တဲ့တောင်သမန်အင်း

တောင်သမန်အင်းကြီးရေဖွေးဖွေး

တောင်သမန်အင်းကြီးရေဖွေးဖွေး

 

တောင်သမန်….တောင်သမန်အင်း…

ကျုပ်ငယ်ငယ်ကရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ `တောင်သမန်´

တောင်သမန်နဲ့စတင်သိကျွမ်းရတော့ ကျုပ်အသက်က ၁၃နှစ်

တောင်သမန်ရဲ့တည်နေရာကတော့ အမရပူရနဲ့တံခွန်တိုင်အကြား

အဲဒီတောင်သမန်အင်းကြီးရဲ့ တောင်ဘက်ကမ်းပါး တစ်လျောက် အလယ်နားလောက်မှာမေးတင်နေတာကတော့

ကြီးမိုက်ရဲ့ အဖေ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ပေါ့ဗျာ..

ဒီတမာတန်း က၀င်လာရင်ကြီးမိုက်တို့နေခဲ့တဲ့တပ်ကိုရော..တောသမန်ကိုပါရောက်တာပေါ့

ဒီတမာတန်း က၀င်လာရင်ကြီးမိုက်တို့နေခဲ့တဲ့တပ်ကိုရော..တောင်သမန်ကိုပါရောက်တာပေါ့

ဒါကြောင့်ပဲ ကြီးမိုက်နဲ့တောင်သမန်ရင်းနှီးဖို့ဇတ်လမ်းဖန်ခဲ့ရတယ်ပေါ့..

တောင်သမန်ဟာ ရာဇ၀င်သမိုင်းတွေကိုပွေ့ပိုက်ပြီး အိနြေ္ဒတခွဲသားနဲ့

ခန့်ခန့်ညားညားရှိခဲ့တာပါ….

ကဗျာဆရာ၊ စာရေးဆရာ၊ ဂီတစာဆိုတွေ အတွက်

ရေးဖွဲ့ လို့မကုန်နိုင် မရိုးနိုင်လောက်အောင်အလှအပတွေဆောင်လို့ပေါ့

သူ့ပါတ်ပါတ်လယ်မှာလည်း ကြည်ညိုဘွယ်ရာ

စေတီပုထိုးတွေဝိုင်းရံလို့ …တည်ငြိမ်တဲ့အသွင်နဲ့

တစ်မျိုး ဂုဏ်တင့်လို့နေပြန်ပါရောလား…

သူ့ကိုပိုမိုခန့်ညားလှပစေတာကတော့

တောင်သမန်အင်းကြီးရဲ့အရှေ့နဲ့အနောက်ကို သွယ်ဆက်တည်ဆောက်ထားတဲ့

`ဦးပိန်တံတား´ကြီးပါပဲ…

 

ခန့်ငြားလှပတဲ့ ဦးပိန်တံတား(၂၀၁၂ဒီဇင်ဘာကရိုက်ခဲ့တာပါ)

ခန့်ငြားလှပတဲ့ ဦးပိန်တံတား(၂၀၁၂ဒီဇင်ဘာကရိုက်ခဲ့တာပါ)

 

 

မြန်မာနိုင်ငံအနှံ့ကသာမက ကမ္ဘာ့နိုင်ငံအသီးသီးက

ကမ္ဘာလှည့်ခရီးသွားများပါစိတ်ဝင်တစား လာရောက်လည်ပါတ်ကြတဲ့

မန္တလေးမြို့ရဲ့ ထင်ရှားတဲ့ နေရာတစ်ခုလည်းဖြစ်လို့

အမြဲလိုလို လာရောက်လည်ပါတ်သူတွေနဲ့စည်ကားနေတတ်တဲ့နေရာပါ

 

လာရောက်လည်ပါတ်သူတွေနဲ့စည်ကားနေတတ်တဲ့ ဦးပိန်တံတား

လာရောက်လည်ပါတ်သူတွေနဲ့စည်ကားနေတတ်တဲ့ ဦးပိန်တံတား

 

ကြီးမိုက်တို့အတွက်တော့ တောင်သမန်နဲ့ဦးပိန်တံတားကြီးဟာ

အလှအပခံစားဖို့နေရာသက်သက်မဟုတ်ခဲ့ပါဘူး

ပြောရရင်တော့ ကြီးမိုက်အပါအ၀င် ဆင်းရဲသားလူများစု မိသားစုတွေအဖို့တော့

တောင်သမန်ဟာ တကယ့် ရိက္ခာထောက်ပံ့ပေးခဲ့တဲ့အင်းကြီးပါဗျာ..

 

အခုလိုမိုးဖြိုင်ဖြိုင် ကျတဲ့ ၀ါဆို၊ ၀ါခေါင်ဆိုရင် တောင်သမန်ထဲဝင်ရောက်လာတဲ့

ချောင်းကတဆင့် မိခင်ဧရာဝတီထံကစီးဝင်လာတဲ့ ရေတွေကြောင့်

ကန်တစ်ခုလုံးရေတွေဖွေးဖွေးနဲ့ ပြည့်လျှံလို့ ပင်လယ်ပြင်ကြီးအလား

ထင်မှတ်မှားအောင် လှပလို့နေပါတော့တယ်…

ရေအကြီးဆုံးအချိန်ပေါ့

ရေအကြီးဆုံးအချိန်ပေါ့

 

အဲဒီအချိန်ဆို ကြီးမိုက်တို့ ငါးမျှားတံကိုယ်စီကိုင်လို့ အင်းထဲရောက်နေပါပြီ

ပေါင်လယ်၊ ခါးလယ် လောက်ထိရေထဲဆင်းစိမ်ပြီးမျှားကြရတာပါ…

ရတဲ့ငါးကတော့ ကြီးကြီးမားမားမဟုတ်..ငါးခုံးမ၊ ငါးရံ့၊ ကသပိုးနဲ့ ငါးဇင်စပ်

လောက်ပါပဲ…

ဒီလိုရေထဲဆင်းမျှားကြရတာပါ

ဒီလိုရေထဲဆင်းမျှားကြရတာပါ

 

တစ်ခါတလေကျောင်းပိတ်ရက်များဆိုရင်တော့..

မယ်ဘယက်ကုန်းလို့ခေါ်တဲ့ ဘုရားစေတီ စုစုလေးရှိရာဖက်ကိုသွားမျှားကြတယ်

အဲဒီနေရာက အရိပ်အာဝါသလဲရှိ ငါးလည်းပိုရတတ်တယ်ဗျ…

အများအားဖြင့်တော့ ငါးဇင်ရိုင်းကျွဲသိုး(ငါးဇင်ရိုင်းခပ်ကြီးကြီး)တို့

ငါးမွေထိုးတို့ ငါးမွေနဂါးတို့ရတတ်တယ်လေ…

ငါးမွေနဂါးဆိုတာကတော့ ငါးမွေထိုးထက်ပိုရှည်ပြီး ကိုယ်မှာအမဲစင်းကြား

နဲ့ငါးမျိုးပါ..ကံကောင်းရင် နှစ်ဆယ်သား၊ အစိပ်သားလောက်ကောင်တွေတောင်ရတတ်ပါ့…

ဒီလိုရေကြီးချိန်မှာတော့ ငါးက အိမ်စားဖို့လောက်သာရတတ်တာပါ…

 

အဲ..တစ်နေ့တော့  ကျုပ်အချစ်ဆုံးကျောင်းနေဖက်သူငယ်ချင်း `ခရစ္စနားဗဟာဒူး´က

ဦးပိန်တံတားပေါ် ငါးသွားမျှားမတဲ့…အဲဒီမှာဆို ငါးပတ် ကြီးကြီးတွေပါရတယ်ဆိုပဲ…

ဒါနဲ့ပဲ မနက်စောစော ထမင်းထုပ်ကိုယ်စီနဲ့ ဦးပိန်တံတားကိုငါး သွားမျှားကြပါတယ်..

အဟုတ်ဗျို့ ..ကျုပ်သူငယ်ချင်းပြောသလိုပဲ ..နှစ်ဆယ်သား..အစိတ်သားလောက်ရှိတဲ့ငါးပတ်ကြီးတွေရသဗျ…ကျုပ်လည်းတော်တော်

ပျော်သွားတာပေါ့..ဟုတ်တယ်လေ..အိမ်ဟင်းစားတင်မက ဈေးမှာပြန်ရောင်းလိုက်ရင်

ဆန်ဖိုးဆီဖိုးလေးပါ ထွက်လာမှာကိုး…

 

ဒါပေမဲ့ ငါးစာကတော့ ရိုးရိုးတီကောင်လောက်နဲ့မရဘူးဗျို့…သေချာလုပ်ရတာ..

ဖွဲနုသန့်သန့်ကို ထမင်းနဲ့ ညက်နေအောင်ရောထောင်း..ငါးမျှားချိတ်ပေါ် မှာချိတ်ဖုံးအောင်

လုံးပီးတတ်ရတာ…ဖွဲနုနံ့လေးသင်းနေတော့ ငါးကြီးတွေအကြိုက်ပေါ့….

နောက်ပီးတော့ ရေအပေါ်ပိုင်းတွေမှာနေတတ်တဲ့ ငါးအငယ်တွေတွတ်မပစ်အောင်

ငါးမျှားကြိုးမှာဖေါ့မတတ်တော့ပဲ..ခဲသီးခပ်လေးလေးတတ်ပြီး အဝေးရေနက်ထဲလှမ်းပစ်မျှားရတာ…ငါးမျှားကြိုးကိုလည်း ပုလင်းခွံတစ်လုံးမှာပတ်ထားရတာ

ငါးမျှားကြိုးကိုဝှေ့ရမ်း ပစ်လိုက်ပြီးမှ ပုလင်းကိုအလိုက်သင့်ထားပေးလိုက်ရင် အိုကေတာပါပဲ..

ကျုပ်တို့ကတော့ `လက်ထွန်ပစ်´တယ်ခေါ်တာပဲ

ငါးမျှားကြိုးကိုလက်နဲ့ဆကိုင်ထားပြီး

လက်မှာတိုးလာတဲ့ ငါးအဆွဲကို အာရုံခံပြီး ဆွဲသုတ်ရတာ…ငါးချိတ်မိနေပြီဆိုပြန်တော့

လွတ်မသွားအောင်  အသာလျှော့လိုက် တင်းလိုက်နဲ့ ဖြေးဖြေးချင်းဆွဲယူရတယ်…

တတ်နိုင်သူတွေကတော့ ကျုပ်တို့လိုဘယ်ဟုတ်လိမ့်မလဲ…

စက်သီးပါတဲ့ ငါးမျှားတံအကောင်းစားနဲ့မျှားကြတာပေါ့

 

ငါးမျှားတာဝါသနာမပါကြဘူးလားဗျ..

ငါးမျှားတာဝါသနာမပါကြဘူးလားဗျ..

ဒါပေမဲ့ဗျာ..တချက်မှာတော့ ငါးခပ်ကြီးကြီးတစ်ကောင်ဆွဲပါလေရော…အချိန်မီသုတ်လိုက်လို့

ငါးကလည်းချိတ်မှာမိနေပြီ…ဖြည်းဖြည်းချင်း ချော့ဆွဲနေရင်းက ငါးကအတင်းရုံးလိုက်တာ

`ထောင်´ကနဲ ကြိုးအရင်းကပြတ်ပါသွားပါလေရော…ဘာရမလဲဗျာ…

အိပ်ထဲမှာ ငါးမျှားချိတ်နဲ့ ခဲသီးအပိုတွေကအသင့်ဆောင်လာပီးသား…

နောက်တစ်ကြိုးဆင်..ဆက်မျှားပေါ့…

ဦးပိန်တံတားကို အပျော်လာလယ်ကြသူတွေတချို့လည်း စိတ်ဝင်တစားနဲ့

ဘေးကထိုင်အားပေးကြသေး သပေါ့…တခါတလေ သူတို့ကပဲ ရတဲ့ငါးတွေတောင်းဝယ်သွားတတ်သေး…ဈေးနှုန်းရယ်တော့မရှိဘူးပေါ့

အကောင်အရွယ်ကြည့်ပြီး ဈေးညှိ ရောင်းလိုက်တာပါပဲ…

 

အဲ..ဆောင်းအကုန်နွေအကူးရောက်ရင်တော့ ကျောင်းတွေကလည်းပိတ်

အင်းကြီးမှာလည်းရေကျသွားပြီ…စိုက်ပျိုးရေးလုပ်ကြတဲ့ လယ်သမား၊ ကိုင်းသမားတွေ

လည်းထွန်ယက်စိုက်ပျိုးကြပြီပေါ့….

 

ရေနဲသွားတဲ့ကာလမှာစိုက်ပျိုးခင်းတွေစိမ်းစိမ်းစိုစို

ရေနဲသွားတဲ့ကာလမှာစိုက်ပျိုးခင်းတွေစိမ်းစိမ်းစိုစို

ဒါကတော့ ကိုပေါက်(မန္တလေး)လက်ရာထင်ပါတယ်..သိမ်းထားမိတဲ့ အထဲကပုံလေးပါ

ဒါကတော့ ကိုပေါက်(မန္တလေး)လက်ရာထင်ပါတယ်..သိမ်းထားမိတဲ့ အထဲကပုံလေးပါ

ထွန်ရေးညက်ညက် အသီးပိုထွက်

ထွန်ရေးညက်ညက် အသီးပိုထွက်(ဒီဇင်ဘာလက မန်းလေးရောက်တုန်း ဘေဘီမိုက်လက်ဆော့ချက်)

 

 

 

အင်းလေလံရထားတဲ့ အင်းပိုင်ရဲ့ ရေလုပ်သားတွေလည်း ငါးဖမ်းလုပ်ငန်းစပြီပေါ့…

ကွန်ပစ်ဖမ်းသူဖမ်း၊ ရေနုံးထိုးသူထိုး၊ ငါးမွေထိုးချိတ်သူချိတ်ပေါ့….

 

ကွန်တွေ တ၀င့်ဝင့်နဲ့ အင်းလုပ်သားများ

ကွန်တွေ တ၀င့်ဝင့်နဲ့ အင်းလုပ်သားများ

 

ကြီးမိုက်တို့အဖို့လည်း…ပွပေါက်တိုးတဲ့ကာလလေးပါပဲ….

အင်းလုပ်သားတွေလို… ကွန်ပစ်ဖမ်း၊ ရေနုံးထိုး၊ ငါးမွေထိုးချိတ် လို့တော့မရဘူးပေါ့

ရေနုံးထိုးတဲ့ လူတွေနောက်က ရေထဲဒူးထောက်လိုက်ရင်း ငါးလိုက်စမ်းကြတာပေါ့

ရေနုံးထိုးသွားတဲ့နောက်မှာ ငါးဖယ်တို့ ငါးခူတို့..စတဲ့ ရွှံ့အောက်ကပ်ကျန်ခဲ့တဲ့ငါးမျိုးစုံကို

လက်နဲ့စမ်းရင်း ပါးစပ်မှာကိုက်ထားတဲ့ ငါးထည့်ဖို့ ပိတ်စဟောင်းနဲ့ချုပ်ထားတဲ့ အိပ်ထဲထည့်ပေါ့

ငါးပေါလိုက်ပုံများကတော့ လက်တောင်မလည်ဘူး..ကောက်ထည့်ပဲ…

သုံးလေးနာရီ လောက် ရေနုံးထိုးတဲ့နောက် လိုက်စမ်းလိုက်ရင် အနဲဆုံး ငါးမျိုးစုံ

တစ်ပိဿာကျော်ကျော်လောက်ရတတ်တယ်ဗျ….

Fishing3“ရေနုံး” လို့ကျုပ်တို့ခေါ်ကြတဲ့ ဟာက ပိုက်ကွန်နဲ့လုပ်ထားတဲ့ ယက်သဲ့အကြီးစားကြီးပေါ့..ထိုးတဲ့ဖက်ထိပ်မှာ ချောထိုးလို့ရအောင်

သစ်သားဘိနပ်ကြီးတွေတတ်ထားတယ်…ငါးမိလာရင် ရေနုံးကိုထောင်ပြီး နောက်အစွန်ကိုငါးတွေစုပြီး ကိုင်ထားကြတယ်….

ရေနုံးထိုးနေကြတာပါ..သူတို့နောက်ခပ်လှမ်းလှမ်းကမှ ရေထဲဆောင့်ကြောင့်ထိုင်ပီးလိုက်စမ်းကြရတယ်

ရေနုံးထိုးနေကြတာပါ..သူတို့နောက်ခပ်လှမ်းလှမ်းကမှ ရေထဲဆောင့်ကြောင့်ထိုင်ပီးလိုက်စမ်းကြရတယ်

 

ဒါပေမဲ့ ကြီးမိုက်တို့ကလောဘကြီးတယ်ပြောပြော..မကျေနပ်နိုင်ဘူး….

အဲလိုလိုက်စမ်းလို့ရတဲ့ငါးတွေက ငါးမျိုးစုံဆိုတော့  အိမ်စားဖို့ထက် ပိုလည်း ရောင်းရခက်တယ်

ဒီတော့ ကြံရပြန်တာပေါ့…..

အင်းသူကြီးတွေ ခွင့်မပြုတဲ့ `ငါးမွေထိုး´ကိုချိတ် နဲ့ချိတ်တာက အကောင်းဆုံးပဲ

ဒီနည်းက ငါးမွေထိုးတစ်မျိုးထဲပဲသီးသန့်ရတယ်..တခါတလေ အခြားငါးတစ်ကောင်တလေ

ကြံဖန်ချိတ်မိတာကလွဲလို့ပေါ့…ပီးတော့ သုံးနာရီလောက်ချိတ်လိုက်ရင်

တစ်ပိဿာခွဲလောက်တော့အသာလေးပဲ…

တစ်ခုပဲ…ခိုးချိတ်ရတာဆိုတော့..အင်းပါတ်ဖမ်းနေတဲ့ လှေတွေပဲကရုစိုက်ရတယ်..

ခွင့်မပြုဘူး.ဆိုတော့ ထုံးစံအတိုင်း တွေ့ရင် လိုက်ဖမ်းပီး ချိတ်ရော မိထားတဲ့ငါးရောသိမ်းတာပဲ..ဒါပေမဲ့ ကြီးမိုက်တို့ကလည်း ငါးပိုရချင်တယ်၊ အိမ်စားဖို့

ချန်ပီးကျန်တာ မြို့ဟောင်းဈေးမှာသွားသွင်းရင် ဆန်ဖိုးလေး ဆီဖိုးလေးရတော့ ညနေညနေ

ဆို ငါမွေထိုးသွားချိတ်တာပဲ၊ ငါးမွေထိုးချိတ်ရင်း မျက်လုံးကလည်း ကျီးကန်းတောင်းမှောက်

ကြည့်နေရတယ် အင်းထဲလှေနဲ့ပါတ်ပါတ်လာတတ်တဲ့ အင်းစောင့်တွေကိုပေါ့…

ခပ်လှမ်းလှမ်းမှာလှေတွေ့တာနဲ့ ငါးမွေထိုးချိတ်နဲ့ ငါးသီတံကို ကို နုံးထဲနှစ်ထား

ပီးမရောင်မလည်နဲ့ ရေထဲထိုင်ပီး ငါးစမ်းချင်ရောင်ဆောင်နေလိုက်ကြတာပဲ..

သူတို့လည်းသိပါတယ်လေ..အတင်းကြီးလိုက်မဖမ်းပါဘူး ..ဗျောင်ကျကျမလုပ်အောင်

ဟန့်တဲ့သဘောနဲ့ အင်းကိုပါတ်နေတာပါ…လှေဝေးသွားမှ ချိတ်နဲ့ ငါးသီတံပြန်စမ်းရှာရတယ်

ဒါတင်ပဲလားဆိုတော့…မဟုတ်သေးဘူးဗျ…

တောင်သမန်အင်းကြီးက ကြီးမိုက်တို့လိုလူတွေအဖို့ အသီးအနှံတွေလည်းအလျှံပယ်

ထောက်ပံ့ပေးသေးတယ်…

မြေပဲနှုတ်ချိန်ဆို လုပ်အားခလည်းရသေး … ကောက်သင်းကောက်ပြီးအိမ်စားဖို့မြေပဲလည်းပါသေး…

ခရမ်းချဉ်သီးတို့ ငြုပ်သီးတို့ဆိုတာ ကြီးမိုက်တို့ဝယ်မစားဖူးဘူး..တောင်သမန်ဇောင်းမှာ

အလျှံပယ်…ဒီနေရာမှာ ရီစရာလေး ပြောရအုံးမယ်….

အဲဒီတုန်းက ကိုင်းခရမ်းချဉ်သီးတွေက ပေါ်ခါစသာ ဈေးကောင်းရတာ..

နောက်ကျသွားတဲ့အသီးတွေဆို..တစ်ပိဿာမှ ပြားသုံးဆယ်လောက်ပဲရတော့တာဆိုတော့

အခင်းရှင်တွေက မခူးကြတော့ဘူး… ဒီအတိုင်းပစ်ထားလိုက်တော့တာ…..

အခင်းမှာတောင်စာထောင်ထားသေး…`အခင်းနားရောက်ရက်နဲ့ခရမ်းချဉ်သီးခူးမသွားတဲ့သူ

ငါ-ိုးမသား´တဲ့

တကယ့်အဖြစ်အပျက်ပါဗျာ…

ကျုပ်သိပ်လည်းကြိုက်တဲ့ တောင်သမန်ကိုင်းထွက်သီးနှံတစ်မျိုးကတော့

ကိုင်းတွေထဲအလေ့ကျပေါက်တဲ့ `မြူရွက်´ ပဲ…သုပ်စားရင်သိပ်ကောင်းဗျာ…

အပင်သေးတစ်မျိုးပါပဲ..အရွက်ပေါ်နှင်းမှုံလေးတွေလိုသီးလို့….

စပါးခင်းတွေရိပ်ချိန်ဆိုလည်း ..ရိပ်တဲ့လုပ်အားခလည်းရသေး…

စပါးခင်းတွေထဲက နွေအောင်းငါးတွင်းတွေလည်းလိုက်ဖေါ်နိုင်သေး…

အဲဒီနွေအောင်းငါးတွင်းတစ်တွင်းလောက်တွေ့လို့ကတော့ ထောပြီ….

တစ်တွင်းထဲကို ငါးနှစ်ပိဿာ၊ သုံးပိဿာလောက်ရတတ်တာ…

အများအားဖြင့်တော့ ငါးကျည်းတွင်း၊ ငါးရံ့တွင်း၊ ငါးခူတွင်းတွေပါပဲ…

အဲဒီငါးမျိုးတွေဟာ..ရေခန်းနေတဲ့ တစ်နွေလုံး မြေအောက် တွင်းတွေထဲ

စုနေကြပြီး နောက်နှစ်ရေတက်လာတဲ့အထိ အသက်ဆက်ကြတာ….

ရေသတ္တ၀ါတွေရဲ့ ထူးခြားမှုတစ်ခုပေါ့ဗျာ..

နောက်ဆုံး တောင်သမန်ထဲ ငါးဖမ်းသူတွေနိုင်သွားလို့ငါးရှားပါးလာတဲ့

အချိန်ဆိုတောင် ကြီးမိုက်တို့အတွက်တော့ စားရေရိက္ခာမရှားပါဘူး..

`ယောက်သွား´ လို့ခေါ်တဲ့ ဂုံးတွေစမ်းပြီး ချက်ပြုတ်စားနိုင်သေးသပေါ့..

 

 

ဒါတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ့်ငါးနှစ်လောက်က တောင်သမန်အင်းကြီးနဲ့

ကြီးမိုက်ရင်းနှီးချစ်ခင်ခဲ့တုန်းကအခြေအနေအတွေ့အကြုံလေးတွေပေါ့…..

 

အခုတော့…..

အဲဒီလိုသဘာဝတရားကြီးရဲ့အလိုတော်အတိုင်း တောင်သမန်အင်းကြီးဟာ

နွေ၊ မိုး၊ ဆောင်း သုံးရာသီ စလုံး

….အလှအပခံစားဖို့လာသူတွေ….စာပေ၊ ဂီတ ဖွဲ့နွဲ့ဖို့လာသူတွေကိုရော…

အနီးပါတ်ဝန်းကျင်က လယ်သမား၊ ကိုင်းသမားတွေအတွက်ရော

ကျုပ်တို့လို ငါးရှာ၊ ဖါးရှာ စားသူတွေအတွက်ရော…

သုံးပန်လှတောင်သမန်အဖြစ်

နှစ်ပေါင်း ရာနဲ့ချီ တာဝန်ကြေခဲ့ရှာတာပါ….

အင်မတန်လှတဲ့တောင်သမန်ပါဗျာ…

ဒါကို စစ်အစိုးရမင်းများက ဘယ်လိုတွေရွှေဥာဏ်တော်စူးရောက်တယ်မသိ

တောင်သမန်မှာရေအမြဲရှိရမတဲ့

တောင်သမန်အ၀င် ရေ၀င်ရေထွက်ကိုအသေပိတ်

တောင်သမန် ကိုအသက်ရှုပိတ်

တောင်သမန်နဲ့လုပ်စား သူတွေအသက်ရှုမှားအောင်ရက်စက်ခဲ့ကြ

လူတွေကိုသတ်လို့အားမရ…သဘာဝကိုပါသတ်ပစ်ကြ

ရာဇ၀င်နဲ့ တောင်သမန်အင်းကိုပါသတ်ပစ်ခဲ့ကြ….

ကျုပ်ဒီနှစ်တောင်သမန်ရောက်တော့

တောင်သမန်က ရေသေတွေ ညှီစို့စို့နေလေရဲ့

တောင်သမန်အင်းဘေး နှစ်ပေါင်းများစွာနေလာတဲ့တောင်သမန်သားတစ်ယောက်က

ဒီလိုမြင်သတဲ့…..

“တောင်သမန်ကို အရင်လို သုံးရာသီ ရေဝေရေလဲ စံနစ်လေး ပြန်လုပ်ပေးနိုင်ရင် ပိုလှသွားမှာ။ ခုက ရေအမြဲ ထည့်ထားတော့ သဘာဝအလှ မခံစားရဘူး။ ဟိုးအရင် တောင်သမန်ကို လာခဲ့ဖူးတဲ့ နိုင်ငံခြား ဧည့်သည်တွေ ခုပြန်လာတော့ တောင်သမန်က အရင်လို မလှတော့ဘူးလို့ ပြောကြတယ်”

တောင်သမန်အင်းစောင်းက ပုထိုးတော်ကြီးဘုရားလည်းဖူးကြပါအုံးနော

တောင်သမန်အင်းစောင်းက ပုထိုးတော်ကြီးဘုရားလည်းဖူးကြပါအုံးနော

ဒါကတော့ ရှေးဟောင်းပုထိုးတော်ကြီးဘုရားသမိုင်းပါ..ဗဟုသုတပေါ့...

ဒါကတော့ ရှေးဟောင်းပုထိုးတော်ကြီးဘုရားသမိုင်းပါ..ဗဟုသုတပေါ့…

 

ကျုပ်ဒီစာကို ကြီးမိုက် နှလုံးသားနဲ့ရေးခဲ့တယ်…

တောင်သမန် ပြန်ရှင်တာမြင်ချင်တယ်ဗျာ……

ရွာသူားအားလုံးကိုလေးစားခင်မင်လျှက်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

မှတ်ချက်။ ပုံတစ်ချို့ကိုတော့ အင်တာနက်ကရှာယူပါတယ်

 

 

 

 

 

 

 

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)