“တစ်ခါတုန်းက သူတောင်းစား´´

ခင္ခAugust 12, 20131min32830

“တစ်ခါတုန်းက သူတောင်းစား´´

 

တရားရုံးတစ်ခုမှာဖြစ်ပါသည်။

တရားသူကြီး ။ “မောင်ဘထူး မင်းဒီပစ္စည်းကို ဘာလို့ခိုးတာလဲ´´

တရားခံ ။ “တရားသူကြီးမင်းခင်ဗျ အဲဒီအဝတ်ထုပ်ထဲမှာ ဘာပစ္စည်းပါလဲဆိုတာ ကျွန်တော်သိလည်းမသိဘူး ကိုင်လည်းမကိုင်ဘူးပါဘူး၊ မြင်လည်းမမြင်ဘူးပါဘူး ကျွန်တော်ခိုးလည်း မခိုးပါဘူး´´

ထိုင်နေတဲ့ တရားလို၏ရှေ့နေမှ မတ်တပ်ရပ်လိုက်ပြီး

တရားလိုရှေ့နေ ။ “တရားသူကြီးမင်းခင်ဗျ ခိုးတဲ့သူကတော့ ခိုးပါတယ်လို့ ဘယ်ပြောပါ့မလဲ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာမှာ ရုံးတော်ကိုတင်ပြထားတဲ့ ပစ္စည်းထုပ်ရဲ့အနီးနားမှာ တရာခံဟာလဲနေပြီး အခြားမည် သူတစ်ဦးတစ်ယောက်မှ မရှိခြင်း၊ သူခိုးဟာလည်း အဲဒီလမ်းတစ်ခုကဘဲပြေးသွားတာဖြစ်ခြင်း ပတ်ဝန်ကျင် တွင်လည်း အခြားခိုအောင်းလောက်ဖွယ် အကာအရံတစ်စုံတစ်မရှိခြင်း စသည့်အထောက်အထားအရ ဒီပစ္စည်း ကို တရားခံဖြစ်သူ မောင်ဘထူးသည် ခိုးယူပြီး ပြေးသွားရင်း ချောလဲသဖြင့် ဖမ်းမိခြင်းဖြစ်ပါကြောင်း တင်ပြ ပါတယ်´´

တရားသူကြီး ။ “မောင်ဘထူး မင်းဘက်က ဘာများချေပငြင်းဆိုချင်ပါသေးသလဲ မောင်မင်း စောလျှင်စွာ အပြစ်ကိုဝန်ခံရင် မောင်မင်းပြစ်ဒါဏ်သက်သာရာရမယ် အဲလိုမှမဟုတ်ဘဲ အခြားလူသက်သေ မျက်မြင် သက်သေတွေ ဆင့်ခေါ်စီစစ်ပြီးမှ အပြစ်ရှိကြောင်းပေါ်လာရင် ပိုပြီးအပြစ်ကြီးသွားမယ်နော်´´

တရားခံ ။ “တရားသူကြီးမင်းခင်ဗျ ဒါဆို ကျွန်တော်သိလိုတာကော မေးလို့ရပါသလား´´

တရားသူကြီး ။ “မေးနိုင်ပါတယ် မေးပါ´´

တရားခံ ။ “ထောင်ထဲမှာ အပြစ်သားတွေကို ထမင်းကျွေးပါသလား´´

တရားသူကြီး ။ “ဟေ ထောင်ထဲမှာ အပြစ်သားဆိုပေမယ့် ထမင်းကျွေးတာပေါ့´´

တရားခံ ။ “အဲဒီထမင်းကျွေးစရိတ်ကိုရော အပြစ်သားဖြစ်တဲ့ ထောင်သားတွေက ပေးရတာလား´´

တရားသူကြီး ။ “ဟ ထောင်ထဲထမင်းကျွေးတာ ထောင်ကျတဲ့သူတွေကပေးရမလား နိုင်ငံတော်ကကျွေး တာပေါ့၊ မောင်မင်းအမှု့ကိုမရှည်ရှည်အောင် အကွက်ဆင်ပြီး ဟိုမေးဒီမေးမလုပ်ပါနဲ့ မောင်မင်းဒီပစ္စည်းကို ခိုးယူပါသလားဖြေပါ´´

တရားခံ ။ “တရားသူကြီးမင်းခင်ဗျ ကျွန်တော်ဝန်ခံပါမယ့် ဒီပစ္စည်းကိုကျွန်တော်ခိုးခဲ့မိပါတယ် ကျွန်တော်ကို အပြစ်ပေးထောင်ချပါ´´

တရားသူကြီး ။ “တရားခံ မောင်ဘထူးက အပြစ်ရှိကြောင်းဝန်ခံသဖြင့် လာမည့် အင်္ဂ ါနေ့တွင် ဤအမှု့ကို စီရင်ချက်ချရန် ရုံးတော်အားချိန်းဆိုလိုက်သည်´´

အမှုချိန်းရက် အင်္ဂ ါနေ့တွင် တရားရုံနဲ့ တရားသူကြီး တရားလိုရှေ့နေ တရားလိုနဲ့ တရားခံတို့ဆုံညီရောက် သောအခါ တရားသူကြီးမှ စီရင်ချက်အမိန့်ကိုဖတ်ကြားလေသည်

တရားသူကြီး ။ “တရားခံ မောင်ဘထူးအတွက် စီရင်ချက်ချမယ် အမိန့် တရားခံ မောင်ဘထူး (အဘ) ဦးထူး သည် ရုံးတော်ကိုသက်သေအဖြစ်တင်ပြလာသော ငွေခွံအိတ်တစ်အိတ်နှင့် အတွင်းရှိအဝတ်အထည်တို့အား အထည်ဆိုင်မှ ဆိုင်ရှင်ဆိုင်သိမ်းနေ၍ အလုပ်ရှုပ်နေစဉ်အလစ်တွင် ခိုးယူမကာထွက်ပြေးခဲ့ပြီး ဆိုင်ရှင်နှင့် အနီးနားရှိသူတို့မှ ဖမ်းဆီးရန်ပြေးလိုက်စဉ် ခြေချောလဲသဖြင့် သက်သေခံခိုးယူသည့် ပစ္စည်းထုပ်နှင့်တကွ ဖမ်းဆီရမိခြင်းဖြစ်ပြီး တရားခံကိုယ်တိုင်ကလည်း ခိုးယူမိကြောင်းဝန်ခံသဖြစ် ရာဇာသတ်ပုဒ်မ(……..) အရ ခိုးမှု့မြောက်ကြောင်းစီစစ်တွေ့ရှိရသောကြောင်း တရားခံ မောင်ဘထူး (အဘ) ဦးထူး အား အလုပ်ကြမ်းနှင့် ထောင်ဒါဏ်(၃) နှစ်ပြစ်ဒါဏ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ ချုပ်ရက်ကို ပြစ်ဒါဏ်မှ ထုတ်နုတ်ခံစား ခွင့်ပြုသည်။ သက်သေခံပစ္စည်းများအား ရုံးတော်မှ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်စေ။

ဒီလို မောင်ဘထူး တစ်ယောက် ပြစ်ဒါဏ်အဖြစ် ထောင်ဒါဏ်(၃) နှစ်ကျခံရန် အင်းစိန်ထောင်သို့ ရောက်ရှိခဲ့ ရပြီး၊ အင်းစိန်ထောင်ထဲမှာ (၆)လခန့်ကြာသောအခါ အလုပ်ကြမ်းပြစ်ဒါဏ်ပါသဖြင့် မန္တလေးတိုင်း ပြင်ဦးလွင် ခရိုင်ရှိ အကျဉ်းဦးစီးကျောက်ထု ရဲဘက်စခန်းသို့ပြောင်းရွှေ့ခံခဲ့ရပြီး ထို အကျဉ်းဦးစီးကျောက်ထုစခန်းတွင် ကျောက်ထုအကျဉ်းသားအဖြစ် ပြစ်ဒါဏ်ကျခံခဲ့ရာ ရက်ကိုလစား လကိုနှစ်စားကာ အချိန်တွေလည်းကုန်လွန် လာလို့ တစ်နေ့မှာတော့

ထောင်အဆောင်တာဝန်ခံ ။ “မောင်ဘထူး မနက်ဖြန် မင်း ထောင်ကလွတ်ရက်ဘဲ မနက်တန်းစီပြီးရင် အလုပ်ခွင်ထဲလိုက်စရာမလိုဘူး အဆောင်မှာဘဲ ထောင်မှုးအခေါ်စောင့် ကြားလား။

မောင်ဘထူး ။ “ဟုတ်´´

နောက်တစ်နေ့မနက်ပိုင်းမှာတော့

“မောင်ဘထူး´´

“ရှိ´´

“ထောင်မှုးကြီးခေါ်နေတယ်´´

ဆိုတာနဲ့ မောင်ဘထူး တစ်ယောက်သူကို အကျဉ်းထောင်ကနေ ပြစ်ဒါဏ်ပြည့်ပြီမို့ လွှတ်ပေးတော့မယ်ဆိုတဲ့ အသိစိတ်ထဲသိနေပြီး ထောင်မှုးကြီးရုံးခန်းကို လေးသွွဲ့စွာဖြေးဖြေးမှန်မှန်လျှောက်နေလို့ ဘေးကလိုက်လာတဲ့ ရဲသားက “ဟေ့ ကောင်မြန်မြန်လျှောက်လေကွာ´´ လို့တောင်သတိပေးရသေးတယ် ဒီလိုနဲ့ ထောင်မှုးကြီး ရုံခန်းရောက်တော့

“လာ မောင်ဘထူး၊ မင်း ဒီနေ့ အလုပ်ကြမ်းနှင့်ထောင်ဒါဏ် (၃)နှစ်မှာ အချုပ်ကျခဲ့ရက်ရယ် ထောင်တွင်း သတ်မှတ်စည်းကမ်းအတိုင်းနေထိုင်လို့ သတ်မှတ်လျှော့ရက်ခံစားခွင့်တွေကို ထုတ်နုတ်လိုက်တော့ ဒီနေ့ဟာ ပြစ်ဒါဏ်ကျခံရမယ့်ရက်စေ့ပြီမို့ ငါတို့အကျဉ်းထောင်ကနေ့ ဒီနေ့မင်းကို လွတ်လိုက်ပြီ။ မောင်ဘထူးက ရန်ကုန် အင်းစိန်ထောင်က ဒီကိုအလုပ်ကြမ်းပြစ်ဒါဏ်ပါလို့ လွဲအပ်ရောက်ခဲ့တာဆိုတော့ ငါတို့ထောင်က ခရီးသွား ထောက်ခံလက်မှတ်ထုတ်ပေးလိုက်မယ် ရန်ကုန်ပြန်ချင်ရင် ရန်ကုန်ရထားကို အဲဒီထောက်ခံလက်မှတ်ပြပြီး စီးသွားလို့ရတယ်´´

“ထောင်မှုးကြီးရယ် ပျော်စရာရက်တွေထဲမှာ ထောင်ကလွတ်တဲ့နေ့ဟာလည်း အပျော်ဆုံးလို့ဆိုကြပေမယ့် ကျွန်တော်က အခုလိုလွတ်မယ့်နေ့ကို ရောက်လာမှာတွေးပြီးစိုးရိမ်ခဲ့နေခဲ့တာ အခုတော့ကျွန်တော်စိုးရိမ်တဲ့ နေ့ကို အမှန်ရောက်လာပြီဗျာ´´

“ဟ မောင်ဘထူး စကားက အဆန်းပါလား ဆိုစမ်းပါအုံး´´

“ကျွန်တော်အခု ဒီထောင်ကလွတ်ရင် ဘယ်သွားရမှန်းမသိပါဘူး အရင်ကလည်းနေရာအတည်တကျ ရှိခဲ့တဲ့ သူမဟုတ်ပါဘူး အခု ဒီအမှု့မှာလည်း ကျွန်တော်ကခိုးတာမဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော် နေစရာ တစ်ခုနဲ့ ထမင်းနပ်မှန်စားရဖို့အရေးအတွက် ထောင်ကျခံခဲ့တာပါ´´

“ဘယ်လို ဘယ်လို နေစရာနဲ့ ထမင်းနပ်မှန်ဖို့ ထောင်ကျခံတာ ဟုတ်လား´´

“ဟုတ်ပါတယ် ဒီလိုပါ ကျွန်တော်က ထောင်မကျစဉ်အချိန်ထိ သူတောင်းစားတစ်ယောက်ပါ လမ်းတကာ ဈေးတကာ နေရာတကာကို လှည့်လည်သွားပြီး အကိုကြီးတို့အမကြီးတို့ ဆိုကာတောင်းစားခဲ့ကာ ဘုရားပုထိုး ကြား ဘုန်းကြီးကျောင်းကြား ဝင်တိုးအိပ်ခဲ့ရသူပါ၊ အခုအမှုဖြစ်တဲ့နေ့က ရန်ကုန်မှာ မိုးတွေတစ်နေ့လုံးရွာလိုက် တိတ်လိုက် မို့အဲဒီနေ့မနက်က ဈေးမှာတောင်းတာ လက်ဖက်ရည်တစ်ခွက်ဖိုးတောင်မရဘူး လူတွေက မိုးရွာ နေတော့ ထီးကတစ်ဖက် ဈေးဝယ်လာတဲ့ပစ္စည်းတွေကတစ်ဖက်နဲ့ မိုးရွာထဲမို့ ဘေးဘယ်ဂရုမပြုနိုင်ဘူး ဒါနဲ့ဘဲ ဟိုနားမိုးခိုလိုက် မိုးလေးတိတ်တော့ ထွက်တောင်းလိုက် မရတော့ ဟိုလျှောက်ဒီလျှောက်သွား တစ်ခါထပ် တောင်းလိုက်နဲ့ အဲဒီနေ့မနက်ထမင်းငတ်ခဲ့ပေါ့။ ဒါနဲ့ဘဲ ကြည်မြင်တိုင်ညနေဈေးနား ညနေဖက်တောင်းရင်း မိုးတွေနဲ့မို့ မိုးမှောင်ကလည်းကျတော့ ပတ်ဝန်းကျင်ကပိုမှောင်လာတယ်ပေါ့ ညနေစာဝယ်စားဖို့တောင် တောင်းတဲ့ပိုက်ဆံက မရသေးတာနဲ့ မိုးချုပ်တဲ့ထိထိုင်တောင်းနေတုန်း ဈေးဘက်ကနေ သူခိုး သူခိုး ဆိုပြီး အော်သံတွေကြားလာရတာမို့ ကို်ယ်တောင်းတဲ့ခွက်ကလေးဝင်တိုက်သွားပြီး ရထားတဲ့ပိုက်ဆံလေးတွေပါ လွင့်ပါသွားမှာစိုးလို့ ကိုယ့်ခွက်ကလေးကိုလှမ်းကာသိမ်းပြီး နေရာရွှေ့ဖို့အထမှာ လူတစ်ယောက်က ကျွန်တော် ကိုတိုက်လိုက်တာမို့ ပြန်ပြီးလဲသွားခဲ့တယ်၊ အဲလိုလဲရာက ထမယ်လုပ်တော့ လူအုပ်ကြီးက ကျွန်တော်ကို ဝိုင်းထားပြီး “သူတောင်းစား တောင်းစားတာအားမရတော့ အခုခိုးစားတာပေါ့´´ ဆိုပြီး ဝိုင်းထိုးကြတယ် လူကလည်းဆက်တိုက်ထိုတော့ မခိုးပါဘူးဆိုတာကိုရှင်းခွင့်မရဘူး တစ်ကိုယ်လုံးလဲနာနေပြီလေ ဒါနဲ့ဘဲ နောက်တော့ ဈေးလူကြီးတွေရောက်လာပြီး ဖမ်းချုပ်လို့ ရဲစခန်းအချုပ်ထဲရောက်တာပါဘဲ´´

“အဲဒါများ မောင်ဘထူးက ဖြစ်ကြောင်းကုန်စင်ပြောမပြဘူးလား´´

“ရဲစခန်းမှာ ပြောပြတာပေါ့ ကျွန်တော် သူခိုးမဟုတ်ပါဘူး မခိုးပါဘူး အတန်တန်ပြောပေမယ့် ပြောတိုင်းလဲ အရိုက်ဘဲခံရတာပါဘဲ သူတောင်းစားတစ်ယောက်ရဲ့ပြောတဲ့စကားကိုလည်း ဘယ်သူကလက်ခံမှာလဲဆရာ ရယ်၊ ဒါနဲ့ဘဲ တရားရုံးရောက်တာပါ တရားရုံးမှာ အပြစ်မရှိကြောင်းငြင်းဆန်ရင်း အဖြစ်အပျက်ကိုရှင်းပြဖို့ စိတ်ကူးခဲ့ပါသေးတယ် ဒါပေမယ့်လည်း တစ်ဖက်ကပြန်စဉ်းစားတော့ အပြစ်မရှိဘူးဆိုတာ တရားသူကြီးက လက်ခံလိုက်ရင် ငါအရင်လိုပြန်တောင်းစားရမှာ ထမင်းကနပ်မှန် မမှန်မသေချာ နေစရာကမရေရာနဲ့ လူတွေ ကလည်း အရင်လိုသနားပါအုံးမလား မရှိခိုးနိုးထင်တော့မှာဆိုပြီးတွေးမိကာ တရားသူကြီးကို ထောင်ထဲမှာ ထမင်းကျွေးလားလို့သိချင်တာ မေးတော့ ကျွေးတယ်ဆိုတာနဲ့ ပြစ်ဒါဏ်ချဖို့ ဝန်ခံလိုက်ကာ ထောင်ချခံခဲ့တာ ဆရာရယ် တကယ်တော့ ကျွန်တော်အတွက် တရားသူကြီးက (၃)နှစ်ဘဲ ထောင်ချတာ နည်းလိုက်တာ လို့ ဆရာတို့ကျောက်ထုစခန်းမှာနေရတော့ အခါခါစိတ်ဖြစ်မိပါတယ်´´

“ဟေ ထောင်ထဲပြန်ဝင်ရအောင် မင်း ပေါက်ကရတော့မလုပ်နဲ့နော် မောင်ဘထူး မင်းသူခိုးမှုနဲ့ထောင်ကျခဲ့ ပေမယ့် ခိုးတတ်တဲ့အကျင့် လက္ခဏာတော့ ဒီစခန်းမှာနေစဉ်မတွေ့ရဘူး ပြီးတော့ မင်းဖင်လည်းပေါ့တယ် အလုပ်လည်းမခိုမကပ်လုပ်တာတော့ တွေ့ရပါတယ်၊ ဒါဆိုမင်း ဘယ်သွားရမှန်း ဘာလုပ်ရမှန်း အခု မရှိ ဘူးပေါ့´´

“ဟုတ် တကယ်မရှိဘူး ဆရာ´´

“မရှိပေမယ့်လည်း ထောင်ကတော့ လွတ်ပြီးသားအကျဉ်းသားကို ဆက်ထားလို့မရဘူးဆိုတော့ ဒီ ပြင်ဦးလွင် နားက အုန်းတောမှာတော့ ငါ့ အသိမိတ်ဆွေ ကျောက်ထုတ်လုပ်ရေးလုပ်နေကြတာတွေရှိတယ် အဲဒီမှာ မင်း  အလုပ်လုပ်မယ်ဆိုရင်တော့ ငါ စာရေးပေးလိုက်မယ် အလုပ်ကတော့ မင်းလုပ်ခဲ့ဘူးတဲ့ ကျောက်ဖြို ကျောက်ထု ဘဲပေါ့ကွာ နေစရာကတော့ သူတို့ဆီကအလုပ်သမားတွေအတွက်ထားတဲ့နေရာမှာ နေရမှာပေါ့ကွာ´´

“အဲလို ကူညီပေးမယ်ဆို အရမ်းဝမ်းသာတယ်ဗျ ဆရာကျေးဇူးကိုလည်း ကျွန်တော်မမေ့ပါဘူး´´ ဆိုကာ မောင်ဘထူး တစ်ယောက်ရပ်နေရာကနေ ဒူးထောက်ထိုင်ပြီး ထောင်မှုးကြီးကိုကန့်တော့လိုက်မိတယ်။ ဒါနဲ့ဘဲ ထောင်မှုးကြီးက စာရေးပြီး လမ်းညွှန်ပေးလိုက်တဲ့အတိုင်း အုန်းတောမှာရှိ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခု မှာ မောင်ဘထူး တစ်ယောက်ဝင်ရောက်လုပ်နေဖြစ်တယ်လေ။ မောင်သာထူးတစ်ယောက် အကျဉ်းထောင်ထဲ ကို နေစရာ နဲ့ ထမင်းနပ်မှန်ရင် ပြီးရောလွယ်လွယ်စိတ်ကူးနဲ့ ထောင်ကျခံလိုက်ပေမယ့်မှာ ထောင်ထဲမှာ ထမင်းတစ်နပ်ကို လွယ်လွယ် စားခွင့်မရှိဘူး တောင်းပြီးတော့လည်း စားလို့မရဘူး အလုပ်တွေလုပ်ရတယ် ဆိုတဲ့ အလေ့အကျင့် စိတ်ဓာတ်က မောင်ဘထူးရဲ့ လွယ်လွယ်တောင်း ဖြစ်သလိုနေတဲ့ဘဝကို ပြောင်းလဲပြစ် လိုက်တယ်လေ။

“မောင်ဘထူး ကျောက်တင်မယ့်ကားလာပြီး ထမင်းစားပြီး ဆေးပေါ့လိပ်သောက်ရင်း ဘာတွေဒီလောက် တောင် အတွေးချဲ့နေတာလဲ လာ ကျောက်သွားတင်ရအောင်´´ လို အတူလုပ်တဲ့အလုပ်သမားက လာခေါ် တော့မှ မောင်ဘထူးတစ်ယောက်တွေးနေတဲ့ အတွေးတွေထဲမျောနေရာက ရပ်ပြီး ဂေါ်ပြားကိုင်ကာ အလုပ်လုပ် ဖို့ ထွက်သွားလေတော့သတည်း။

 

 

 

ခင်ခ။

(ကိုယ့်အတွေးနဲ့ကိုယ် ရေးပုံက……….)

30 comments

  • ဦးကျောက်ခဲ

    August 12, 2013 at 1:37 pm

    ကျောင်းသားဘဝက သာစည်ကနေ ရှမ်းပြည်ဘက် အတက်…
    အကျဉ်းဦးစီးဋ္ဌာနရဲ့ ငါးဆူတောင် ကျောက်ထုတ်စခန်းကို ရောက်ဖူးတယ်ခင်ဗျ…
    တကယ့် လောကငရဲပါ၊ နေပူပူမှာ ကျောက်ခွဲဖို့လုပ်ရင်း မိုင်းကွဲလို့သေကြတာမနဲ…
    ဘာပဲဖြစ်ဖြစ် တောင်းမစားတော့ပဲ သမာအာဇီဝနဲ့ အသက်မွေးလို့…
    မောင်ဘထူး အတွက် ဂုဏ်ယူတယ်ဗျို့…
    😀

    • ခင် ခ

      August 12, 2013 at 1:50 pm

      ကျောက်မိုင်းခွဲတာ ကျောက်သားထုဘယ်လောက်ဆို ပြင်းအားဘယ်လောက်မိုင်း ဘယ်လောက်အကွာက ခွဲဆိုတဲ့ သတ်မှတ်ချက်ရှိပေမယ့် ဒီမှာကတော့ ပြိုပြီးရော ကျောက်မိုင်းခွဲနေကြတာ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ဖြစ်ပြီဆိုရင်လည်း မလွယ်ဘူး အဲလိုတွေလေ ကိုကျောက်ရေ။
      ဦးဆုံးကွန်မန့်အတွက်လည်းကျေးဇူးနော်။

  • မဟာရာဇာ အံစာတုံး

    August 12, 2013 at 2:09 pm

    ကိုယ့်အတွေးနဲ့ ကိုယ်ရေးပုံ .. ဆိုဒေါ့ ..
    တွေးနေဒဲ့ လူဂျီးက ခီညားလားဂျ …
    :mrgreen:

    နောက်ဒါဘာဂျာ ….
    ဒီလိုမျိုးတွေကလည်း ရှိတာပါပဲလားရယ်လို့ …
    တွေးမိသွားပါတော့တယ်ဗျာ …
    သန်းကျူး ရှဲရှဲဘာ …

    • ခင် ခ

      August 12, 2013 at 3:13 pm

      မောင်အံစာတုံးရေ ဘယ်အညှိးနဲ့ ကျုပ်ကို အကျဉ်းစခန်းထဲ ပို့တာလဲဗျ။
      နောက် မန်း လာဖြစ်ရင် လက်ဖက်ရည်တိုက်တော့ဘူး။

      • မဟာရာဇာ အံစာတုံး

        August 12, 2013 at 3:23 pm

        လဂါး စဒါဘာဂျာ …
        ခီညားဂလည်း ဆိတ်ချည်းဘဲ .. ဟီးးဟီးး
        (လက်ဖက်ရည် မတိုက်တော့မှာ စိုးညို့ … ပျံပီး သွားဂျီးဖြီးပြတီ ..)
        :mrgreen:

  • အရီးခင်

    August 12, 2013 at 2:29 pm

    မရှိခိုးနိုး နဲ့ ဒီလို စွပ်စွဲခံ ပြီး ထောင်ထဲ ဝင်နေရသူတွေ အများကြီးပါ။
    တစ်ချို့လဲ အချောင်ခို စိတ်၊ ပျင်းစိတ်ရှိလို့ အလုပ်မလုပ်ဘဲ လွယ်ရာ ခို ပြီး လုပ်နေတာ။
    တစ်ချို့ ကျတော့ လဲ အလုပ်လုပ်ချင်တာတောင် မှ လုပ်စရာ အလုပ် ရှာမရတဲ့ ဘဝ တွေ လဲ အများကြီးပါ။
    ကျွန်မတို့ နိုင်ငံမှာ ပေါလျှံတဲ့လူ တွေမှာ တစ်အားလျှံ နေပြီး မရှိတဲ့ သူတွေမှာ စားဖို့တောင် မရှိတာ ပိုပိုပြီး ဆိုးလာတဲ့ အခြေအနေပါဘဲ။

    • ခင် ခ

      August 12, 2013 at 2:57 pm

      အရီးရေ ဟိုးတလောကတော့ ဆင်းရဲမှု့ပပျောက်ရေးကို စီမံချက်နဲ့လုပ်မယ် ဘာမယ်ဆိုပြီး အစည်းဝေးခေါ် အဖွဲ့ဖွဲ့ပြီး အစိုးရကလုပ်တယ်လို့တော့ သတင်းတွေထဲမှာဖတ်ရတယ်။ တကယ်လက်တွေ့မှာ ဘယ်လောက်ထိအကောင်အထည်ဖော်ဖြစ်သွားပြီးလဲ ဆက်လုပ်နေလားဆိုတာတွေကတော့ မပြောတတ်ဘူး။ ဒီမှာက အစိုးရကလည်း ပေါ်ပင်သဘောမျိုး ပြောကြ လုပ်ကြသလို ပြည်သူလူထုက လည်း ပေါ်ပင်ဘဲ လုပ်ကိုင်စားနေရတာ အတော်ကြာနေပြီမို့ ရိုးနေသလောက်တောင်ဖြစ်နေပြီ။
      ဥပမာ – ကားအဟောင်းအပ် ကာပါမစ်နဲ့ကားသွင်းဆိုတုန်းက အဲဒီနောက်လိုက်ကာ စီးပွားရှာကြပြန်၊ တရုတ်ဆိုင်ကယ်တွေ လိုင်စင်ပေးတော့ ဆိုင်ကယ်ဝစ်သောက်တွေသွင်းပြီး လိုင်စင်လုပ်ရောင်း လုပ်ကြပြန်ရော၊ ဟော ၁၅၀ဝ ဖုန်း အစိုးရက လုပ်ပြန်တော့ အဲဒီနောက်ဈေးကွက်ဖြစ်နေလုပ်နေပြန်ရော အဲလိုတွေပေါ့ဗျာ။
      အဲဒီတော့ ငွေများတဲ့သူ/အုပ်စုက ထပ် ထပ်ရင်းနိုင်ပြီး ပို၍ ပို၍ ချမ်းသာ အဲ အဆင်မပြေတဲ့သူကလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ပို ပို ပြီးတော့ အဆင်မပြေမှုတွေက ဆိုးလာနဲ့ ဟုတ်တော့ ဟုတ်နေပြီဗျ။

  • TNA

    August 12, 2013 at 2:55 pm

    အင်းထမင်းတနပ်အတွက်ထောင်တောင်အကျခံရတဲ့ဘဝ အပြင်မှာတကယ်သာရှိတာဆိုရင် အစိုးရဆိုတဲ့ သူတွေလဲသေဖို့ကောင်းတယ်။ ပြည်သူလူထုထမင်းနပ်မှန်အောင်တောင်မစားရတာ သူတို့ကတော့ ဒေါ်လာသန်းချီဖြုန်း။ ရှက်တတ်ရင်လဲသေဖို့ကောင်းတယ်။ တကယ်ပါကိုခင်ခရေ ပြောရင် နိုင်ငံရေးတွေပါလာတော့မယ်။

    • ခင် ခ

      August 12, 2013 at 3:03 pm

      ထမင်းတစ်နပ် အနပ်မမှန်လို့ သေမထူး နေမထူးဘဝမှာ ထောင်ကျလည်းဘာအရေးလဲ ထမင်းတောင် နပ်မှန်အောင် စားရသေးဆိုတဲ့ ဘဝတွေနဲ့သူတွေ ဒီနိုင်ငံမှာ တကယ်ရှိနေပါတယ် မသဲရေ၊ ရှိနေလို့လည်း အတွေးလေးချဲ့ကာ ရေးဖြစ်တာပါ။
      ဒါပေမယ့် မသဲပြောသလို “အင်းထမင်းတနပ်အတွက်ထောင်တောင်အကျခံရတဲ့ဘဝ အပြင်မှာ တကယ်သာရှိတာဆိုရင် အစိုးရဆိုတဲ့ သူတွေလဲသေဖို့ကောင်းတယ်။´´ ဆိုသလို အစိုးရကတော့ အရှက်ရှိကာသေလိမ့်မယ်မထင်။ သူတို့ကတော့ စာရင်းဇယားအရ မရှိပါဘူးလို့ ဖင်ပိတ်ငြင်းအုံးမယ်ထင်။

      • TNA

        August 12, 2013 at 3:24 pm

        ဟိုအရင် ကျွန်မအမျိုးသား သင်္ဘောလိုက်တုန်းက စတိုးဝေး တွေသင်္ဘောပေါ်ပါလာဖူးတယ်။ တကယ့်ကိုဆင်းရဲတဲ့နိုင်ငံကပေါ့။ အာဖရိက ကပေါ့။ သူတို့က ဆိပ်ကမ်းအာဏာပိုင်တွေကို အမေရိကားတို့ ဥရောပတို့သွားမယ့်သင်္ဘောဆိုရင် ပိုက်ဆံပေးမေးပြီးခိုးလိုက်တာပေါ့။ သင်္ဘောပေါ်မှာ သွားရင်းမိရင် သင်္ဘောကထမင်းကျွေး ကပ်မဲ့ဆိပ်ကမ်းရောက်တော့ အဲဒီနိုင်ငံကရဲကလာဖမ်း ထောင်ထဲထည့် ထမင်းကျွေး သူ့နိုင်ငံကို ပြန်ပို့။ အဲဒါသူတို့လုပ်စားနေကျတဲ့။ တကယ်ထွက်ပြေးချင်လို့မဟုတ်ဘူး။ မိသွားရင်ဇိမ်နဲ့စားရ ဇိမ်နဲ့နေရ ကောင်းကောင်းဝတ်ရလို့ အဲလိုပဲ ခဏခဏလုပ်တယ်တဲ့။ သင်္ဘောပေါ်ရောက်ရင်လဲမမိမိအောင်နေတာပေါ့။ အခုလဲအဲလိုဖြစ်နေပြီကိုခင်ခရေ။ အဲလိုကြားတုန်းက အော်အဲတိုင်းပြည်ကလူတွေတော်တော်သနားစရာပါလားပေါ့။ အခုတော့ကိုယ့်တိုင်းပြည်လဲသနားစရာထဲပါနေပြီပေါ့လေ။

        • ဦးကျောက်ခဲ

          August 12, 2013 at 3:32 pm

          အဲဒါတော့ ငယ်ငယ်လေးတည်းက အဖေပြောပြလို့ကြားဖူးတယ်။ သူတို့က Russia သင်္ဘောတွေဆိုရင်တော့ ဝေါင်ဝေါင်ရှေးသတဲ့။ Stowaways ဆိုလို့ Deadly Voyage ကြည့်ဖူးလား… ဟိ
          🙂

        • ခင် ခ

          August 12, 2013 at 3:35 pm

          တိုင်းပြည်က တကယ်သနားစရာရောက်နေတာကြာပေါ့။ ကိုယ့်တိုင်းပြည်က လူတွေကိုလည်း သနားတယ်။ ဒီတိုင်းပြည်မှာ လူလာဖြစ်တဲ့ ကိုယ့်ကိုကိုယ်လဲ သနားနေမိတယ်ဗျ။

  • ရွှေမိုးတိမ်

    August 12, 2013 at 3:31 pm

    ဘာရယ်မဟုတ် သက်ပြင်းချမိသွားတယ်။ တနားပါတယ် ။့

    • ခင် ခ

      August 12, 2013 at 3:40 pm

      ရွှေမိုးတိမ်ရေ သက်ပြင်းက ရှည်ရှည်ချမိတာလား တိုတိုချမိတာလား။
      ကျွန်တော်တော့ ရေးပြီးပြန်ဖတ်စဉ် သက်ပြင်းရှည်တစ်ခုချမိသွားတယ်။

  • အ ရိုင်း

    August 12, 2013 at 7:42 pm

    .
    ထမင်းတစ်လုပ်အတွက်…ထင်းခုတ်စရာတောင်မရှိတော့တဲ့ ကျွန်တော်တို့
    သူများနိူင်ငံမှာ အနိမ့်ဆုံးလခကို ယူပြီးကျွန်ခံရှာနေရတယ်ဗျာ။

    • ခင် ခ

      August 13, 2013 at 11:05 am

      ရေကြည်ရာ မျက်နုရာ လှည့်လည်သွားလာ ရှာဖွေစားကြရတယ်ဆိုသလိုပေါ့ဗျာ အရိုင်းရေ။ ကိုယ်ရှိက ရေကြည်နဲ့ မျက်နုကြတော့လည်း အခွင့်ထူးခံတွေရဲ့ ကြိုးဝိုင်းသတ်မှတ်တဲ့ထဲ ပါနေတာကိုး။

  • မောင် ပေ

    August 12, 2013 at 7:59 pm

    အဟဲ
    အဲဒီ အုန်းတော လား အုန်းချောလားရယ် (နာမည်မှန် ကျုပ်မသိ)
    ထုံးဘိုဘက်ရယ် ဘက်ပေါ့
    ညနေစောင်း ၆နာရီလောက်ဆိုရင် ၊ မန်းတလေး-မူဆယ် လမ်းဘေးတွေ သွားကြည့်
    ကျောက်ထုတဲ့ အမျိုးသမီးလေးတွေ
    ရှိုးအပြည့်နဲ ့
    ဘာကို စောင့်နေကြသည် မသိ။

    • ခင် ခ

      August 13, 2013 at 11:08 am

      မန်းနယ်သားတွေ လိုက်မေးကြည့်လိုက်တော့ အုန်းချော က အမှန်ပါတဲ့ဗျ။

  • cobra

    August 12, 2013 at 10:32 pm

    သူ့လောက်မဆိုးသေးတဲ့ဘဝကိုကျေးဇူးတင်ပါတယ်

    • ခင် ခ

      August 13, 2013 at 11:20 am

      cobra ပြောတာလည်း ဟုတ်တာဘဲနော် သူလောက်မဆိုးသေးတော့ တော်ပါသေးရဲ့ပေါ့။

  • kyeemite

    August 13, 2013 at 10:07 am

    ကိုခရေ..အဲလိုလူတွေလည်းတွေ့ဖူးပါရဲ့ဗျာ…
    ကိုခပြောတဲ့ ဇတ်လမ်းနဲ့ခတ်ဆင်ဆင်
    ဘာသာပြန်ဝတ္ထုတိုတစ်ပုဒ်ဖတ်ဘူးတယ်ဗျ…
    မောင်ထွန်းသူဘာသာပြန်တာ…
    အိမ်ခြေရာခြေမဲ့တစ်ဦး ဆောင်းတွင်းအချမ်းဒဏ်မခံနိုင်တော့လို့
    ထောင်ကျအောင် တမင်ကြံစည်ပုံအကြောင်းလေးပါ…
    🙂

    • ခင် ခ

      August 13, 2013 at 10:59 am

      ကိုကြီးမိုက်ပြောတဲ့စာအုပ် ဖတ်ဖူးသေးဘူးဗျ။
      များသောအားဖြင့် ကျွန်တော် ဘာသာပြန်ဝတ္တုဖတ်ခဲတာလည်း ပါမယ်ထင်ပါတယ်။
      ကိုကြီးမိုက်ညွှန်းလို့ ဌားပြီးဖတ်ကြည့်အုံးမယ်လေ။

  • garfield

    August 13, 2013 at 10:11 am

    ဟွန့်.
    ကိုကြီးခ
    ဟို ထိုင်ခုံကြီးတွေနဲ့ တောင်းတဲ့ သူတောင်းစားတွေ အကြောင်းရော ရေးပါဦးးးး

    😀

    • ခင် ခ

      August 13, 2013 at 10:21 am

      အဲဒီလူကြီးတွေအကြောင်းတော့ ရေးရဲပါဘူးတော်။ တော်နေ ရဲဘက်ကို ခင်ခ အလည်ရောက်နေမှဖြင့်ကွယ်။ သူတို့လည်လို့စားတာ ဘာမှပြောရဲပေါင် garfield ရေ။

  • Wow

    August 13, 2013 at 10:14 am

    အင်းးးးးးး
    ဟိုဘက်က ရွေးချယ်စရာမရှိတဲ့ဘွဒွေက မန့်ထားတာလေးပဲ ကူးပြီးဒီမှာ ကော်ပီတင်လိုက်ချင်တော့တယ် :harr:

    • ခင် ခ

      August 13, 2013 at 11:27 am

      အဲ ဂ လို လား Wow

  • ခင် ခ

    August 13, 2013 at 11:56 am

    ဝင်ဖတ်ကာ မျောသွားသူ အလင်းဆက်ရေ ကျေးဇူးပါ။
    ကွန်မန့်မပေးသော်လည်း ဖတ်သွားသူ စာဖတ်ပရိတ်သတ်ကြီးကိုရော ခင်ခ က ကျေးဇူးနော်။

  • လူကလေး

    August 13, 2013 at 12:43 pm

    ဘထူးကို ရူးတယ်လို့မထင်နဲ့ နော် ..

    ဘထူးအပိုင်းနဲ့ ဘထူးရှိတယ်.. ဟွင်းဟွင်းဟွင်း..

    • ခင် ခ

      August 13, 2013 at 1:02 pm

      လူတိုင်းလူတိုင်း နေရေး စားရေး အတွက်တော့ သူအပိုင်းနဲ့သူ ရုန်းကန်နေကြတာပါဘဲ လူကလေး ရေ။

Leave a Reply