တစ်ရက် အိမ်မှာအလုပ်အားရက် စာဖတ်မလို့လုပ်နေတုန်း အိမ်ရှေ့တံခါးဝက ” ငပေါက်”ရေလို့အော်သံကြားလိုက်ရပါတယ်။
ကျနော်ကလဲ “လကမ္ဘာ ရေ ဝင်ခဲ့”လိုထိုင်ရာက မထဘဲလှမ်းအော်လိုက်ပါတယ်။အခုချိန်မှာကျနော့်ကို ငပေါက်လိုခေါ်နိုင်တာ ငယ်သူငယ်ချင်းတွေဘဲရှိပါတယ်။
“လကမ္ဘာ”ဆိုတာက ကျနော်နဲ့အထက်တန်းကျောင်းကနေ တက္ကသိုလ်ရောက်တဲ့ထိ တွဲခဲ့တဲ့ သူငယ်ချင်းမပါ။
သူ့မျက်နှာက ခပ်ဝိုင်းဝိုင်း အသားက ဝါညက်ညက် ဒါပေမဲ့ ကျောက်ပေါက်မာ မဆိုစလောက်ကလေးရှိပါတယ်။
အဲဒါကျောင်းတုန်းက သူ့ကိုကြိုက်နေတဲ့ကောင်တစ်ကောင်က ပေးတဲ့ရီးစားစာထဲမှာ ” လဝန်းလေးနဲ့တူတဲ့ ချစ်သူ”လို့တင်စားလို့ရေးလိုက်ပါတယ်။
ဒီစာကိုဖတ်ရတဲ့ အမာညိုက ကျနော်တို့ကိုပြန်ဖောက်သည်ချပါတယ်။ဒီတော့နာမယ်ပြောင်ပေးဘို့ အမြဲကြိုးစားနေတဲ့ ကျနော်တို့က
လရဲ့မျက်နှာပြင်က ချိုင့်လေးတွေရှိတယ်လို့ စာထဲမှာသင်ရတော့ သူ့ ကို “လကမ္ဘာ”လို့တင်စားပြီး ခေါ်လိုက်ကြတာပါ။
သူကကျနော့်ရှေ့ကခုံမှာထိုင်ပြီးတာနဲ့ “ငပေါက်ရေ နင့်တူအတွက် ရင်ပူလွန်းလို့ပြေးလာတာဟေ့ “လို့ပြောလိုက်ပါတယ်။
ဒါနဲ့ကျနော်ကလည်း ရေအိုးထဲက ရေတစ်ခွက်ခပ်တိုက်ပြီး ” ကဲစိတ်အေးအေးထားပြီးအစအဆုံးပြောတော့”ဆိုမှဇာတ်စုံခင်းပါတော့တယ်။
“ငပေါက်ရေ ပြောရမှာခက်လဲခက် ရှက်လဲရှက် နင်မို့လို့သာပြောရဲတာ။
မနေ့တုံးက ညနေပိုင်းမင်္ဂလာဆောင် ရှိလို့ ငါတို့လင်မယားနှစ်ယောက်စလုံးသွားကြတာပေါ့။
ဖြစ်ချင်တော့ လမ်းထောင့်ရောက်မှ ငါ့ဟန်းဖုန်းမေ့လို့ ပြန်ယူတယ်။
နင်တို့”ကိုအောင်” ကတော့ ခြံဝမှာ စောင့်နေရစ်တယ် ငါက အိမ်ထဲလဲ တံခါးဖွင့်ဝင်လိုက်ရော သေချင်စိတ်ကိုပေါက်သွားတယ်ပဲ။
နင့်တူ ငဇော်ရယ် ပစူးမ ရယ် ပေါ့ က ငဇော်က ဆက်တီအရှည်ပေါ်မှာ ပစူးမ က ငဇော်ပေါင်ပေါ်မှာ အိပ်လို့ ငဇော်က ပစူးမ ပါးကို ကုန်းနမ်းနေတာမြင်ရတာ၊
ဆက်တီက ဘေးတိုက်ဆိုတော့ သူတို့က ငါဝင်လာတာ မသိလိုက်ဘူး။
ငါလဲ မမြင်ချင်ယောင်ဆောင်ပြီး အခန်းထဲ ဝင်ဖုန်းယူပြီးထွက်လာမှ ငဇော်က (မေမေဘာကျန်လို့လဲ )လို့လှမ်းမေးပါတယ် ၊
ပစူးမ ကတော့ ဟိုဘက်လှည့်နေတယ်။ရှက်တာလဲ ပါမယ် ကြောက်တာလဲပါမယ်ပေါ့၊
(မေမေဖုန်းကျန်နေလို့လာယူတာ)လို့ဘဲပြောပြီးပြန်ထွက်သာလာခဲ့ ရတယ် စိတ်ထဲမှာ ကတုန်ကယင်နဲ့ပေါ့ဟယ်။
ငါက သတိမထားမိတာ ဟိုတလောက မိနန်းကပြောတယ်( ညည်းသားကောင်မလေးတစ်ယောက်နဲ့တွဲပြီးဆိုင်ကယ်စီးပြီး အောင်ပင်လယ်ဘက်တွေ့လိုက်တယ်)ပြောတာ။
ငါကတောင် (သူငယ်ချင်းတွေဖြစ်မှာပါအေ)လို့ပြောတော့ မိနန်း(ကသူငယ်ချင်းဆိုရင်တော့ ညည်းသားကိုနောက်ကနေပြီးလွတ်မထွက်အောင်ဖက်မလိုက်ပါဘူးအေ သူငယ်ချင်းနဲ့ရည်းစား အသိသာကြီးရယ်)လို့တောင်ပြောသွားတာ။ဟုတ်တော့လဲဟုတ်တာဘဲ ခုခေတ်ကောင်မလေးတွေက ဆိုင်ကယ်နောက်ကလိုက်ရင်ကယ်ရီယာကိုခွထိုင်တယ် ရှေ့ကမောင်းတဲ့ကောင်လေးနဲ့
ကပ်နေအောင်ထိုင်ပြီး အတင်းကိုမလွတ်အောင်ဇွတ်ကိုဖက်ထားပြီးထိုင်ကြတာလေဟာ။
ုခုပြန်တွေးကြည့်မှ အဲဒီနေ့က ပစူးမ နဲ့ငဇော်ဆိုင်ကယ်နဲ့အတူထွက်သွားကြတာကို ပြန်သတိရလိုက်တယ်။
သူတို့ချင်းကို လွတ်လွတ်လပ်လပ်လွှတ်ထားမိတာမှားပြီထင်တယ်။
ငါကလဲ သူတို့ တူအရီးချင်းဆိုလွှတ်ထားမိတာ အရွယ်သိပ်မကွာတာကို သတိမထားမိလိုက်ဘူး။
လွန်လွန်ကျွံကျွံတော့မဖြစ်သေးဘူးလို့ထင်ရတာဘဲ၊ငါတော့ သေသာသေလိုက်ချင်တာဘဲ။
လူများတွေသိရင်ကဲ့ရဲ့စရာတော့ဖြစ်ကုန်တော့မှာဘဲလို့) ငိုမလိုမျက်နှာနဲ့ပြောပါတယ်။
ကျနော်က သူ့ကို (ဒီတော့ နင်ကဘယ်လိုဖြစ်စေချင်တာလဲ)လို့မေးလိုက်တဲ့အခါ
(ငပေါက်ရယ် ငါ့သားနဲ့ငါ့ညီမဝမ်းကွဲ သူတို့က တူနဲ့ အဒေါ်ဘယ်ပေးစားလို့ ယူကြလို့သင့်တော်ပါမလဲဟာ)လို့ တကယ်ကိုစိတ်ရှုပ်ထွေးတဲ့လေသံနဲ့ပြောတော့ သူ့ကိုသနားတောင်သွားပါတယ်။
အမြဲတန်း တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်တဲ့ လကမ္ဘာ စိတ်ညစ်တာမြင်ရတာ ဒါပထမဆုံးလို့တောင်ပြောနိုင်ပါတယ်။
(ကဲ ညည်းစိတ်အေးအေးသာပြန် ငါဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာစဥ်းစားလို့ရရင်နင့်ဆီဖုန်းဆက်လိုက်မယ် အေးအခုနင်အိမ်ပြန်ရောက် ရင် ကလေးတွေ သဘောမတူတဲ့ ပုံစံမျိုးနဲ့ သွားမကွိုင်နဲ့
ဘာမှ မဖြစ်သလိုနေ သဘောတူတဲ့ပုံစံလဲ သွားမပြနဲ့ အကုန်သိတယ်ဆိုတဲ့ ပုံစံမျိုးလဲ သွားမလုပ်နဲ့ ခါတိုင်းလို ပုံမပျက်နေ ညသေချာပေါက်ဖုန်းဆက်လိုက်မယ် နင့်ကိုအောင်ရောသိလား?)
လို့မေးလို်က်တော့ (ဘယ်ပြောပြလို့ရမလဲ ဟာ ပစူးမက ငါ့ညီမဖြစ်နေတာကိုး နင်ပစ်မထားနဲ့နော်)လို့ ပြန်ဖြေပါတယ်။
နောက်သူလဲ နောက်ဖေးမှာ ထမင်းချက်နေတဲ့ မဒမ်ပေါက်ကို နုတ်ဆက်လို့ပြန်သွားပါတယ်။
သူပြန်မှ သူ့တို့မိသားစုလေး အကြောင်းကို ပြန်တွေးမိပါတယ်၊
သူနဲ့ကိုအောင်က ဇော်ဇော်အောင်ဆိုတဲ့ သားလေးတစ်ယောက်ထဲဘဲရှိပါတယ်။
ခုနက ပစူးမဆိုတဲ့ ကလေးမက လကမ္ဘာရဲ့ အမေရဲ့ ညီမကမွေးထားတာဆိုတော့ သူ့ရဲ့ ညီမဝမ်းကွဲပေါ့။
ပစူးမဆိုတာ အိမ်က ချစ်စနိုးခေါ်တဲ့နာမယ်ပါ ကလေးမက အသက် 25လောက် သူ့သားဇော်ဇော်က 21လောက်ဆိုတော့ အဒေါ်နဲ့တူပေမယ့်ရွယ်တူလိုဖြစ်နေပါတယ်။
သူတို့ ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိတဲ့ မြို့ လေးကပေါ့ ကောင်မလေး တက္ကသို်လ်တက်နေတုန်းကလဲ ဒီအိမ်မှာဘဲနေသွားတာပါ။
အဲဒီတုန်းကတော့ ဇော်ဇော်က ငယ်သေးတယ် သူ့က ဘဲ ညဆိုရင် စာသင်ပေး ဘာပေးနဲ့ မောင်နှမ တွေလို နေသွားကြတာပါ။
နောက်ကျောင်းပြီးတော့ သူ့မြို့ ပြန်ပြီး ဆေးကုမ္မဏီ တစ်ခုမှာအလုပ်ဝင်လုပ်ပါတယ်။
ဖြစ်ချင်တော့ မနှစ် နှစ်ကုန်လောက် မှာ သူရာထူးတက်ပြီ မန္တလေးကိုပြောင်းလာတော့ သူ့အမအိမ်မှာဘဲအရင်လိုနေဖြစ်ပါတယ်။
ဟိုအရင်ကတည်းက နေလာတယ် ဆိုတော့ သားနဲ့ ညီမဝမ်းကွဲ အရွယ်ရောက်လာတာရယ် ကို သူတို့က သတိမထားမိဘဲ အရင်အတိုင်းလွှတ်ထားလိုက်မိတော့ အခုလိုဖြစ်သွားတယ်လို့ဘဲမှတ်ရပါတယ်။
နောက်တစ်ခုက သူ့တို့က မန္တလေး ကန်တော်ကြီး (တက်သေးအင်း) ကန်ပါတ်လမ်းမှာရှိတဲ့ လုံးခြင်းအိမ်ယာမှနေတယ်ဆိုတော့ သိပ်ကို သီးသန့်ဖြစ်နေပါတယ်။
ဇော်ဇော်လေး (6)တန်းလောက်မှာ သည်အိမ်ကိုသူတို့ပြောင်းသွားကြတာပါ။အဲဒီအိမ်တွေက ကိုယ့်ဝင်းကိုယ့်ခြံနဲ့ သီးသန့်နေကြတာပါ။
နောက်တစ်ခေါက် ပစူးမ သည်အိမ်ကိုပြန်ရောက်တော့ ဇော်ဇော်က အရွယ်ရောက်နေ ခံစားတတ်နေတာပြီ။
ဒါပေမဲ့လဲ အရင်ကလဲ အတူတူနေခဲ့တယ်ဆိုတော့ အခုလဲသူတို့နှစ်ယောက်ဘယ်သွားသွား ဘယ်လိုနေနေ အိမ်က မတားမြစ်ခဲ့ကြဘူး။
ဒီလိုဖြစ်သွားမယ်လို့လဲ ထင်မထားမိတာလဲပါပါတယ်။
အဲတော့လဲမြန်မာစကားပုံလို အိုးချင်းထားတော့ အိုးချင်းထိ ကြိုးချင်းထားတော့ ကြိုးချင်းညိ ဇာတ်လမ်းခင်းသွားတာပါဘဲ။
သူတို့ကဇော်ဇော်ကို အပြင်သိပ်မထွက်ခိုင်းတာရယ် အပေါင်းအသင်းသိပ်မရှိတာရယ်
ဆိုတော့ လက်ပွန်းတတီးနေရတဲ့သူအပေါ်မှာဘဲ သံယောဇဉ်တွယ်ညှိသွား သာယာသွားတာဘဲ ဖြစ်မှပါ။
ဒီလိုအဖြစ်မျုးိတွေက ပါတ်ဝန်းကျင်နဲ့ သိပ်မပါတ်သက်ဘဲ နေကြတဲ့ မိသားစုတွေမှာဖြစ်နိုင်သလို အမျိုးအချင်းချင်းသိပ်လက်ပွန်းတတီးနေတတ်ကြတဲ့ သူတွေမှာလည်းဖြစ်တတ်ပါတယ်။
ကျနော်ကြားဘူးခဲ့တဲ့ ဇာတ်လမ်းတွေမှာ မောင်နှမ တစ်ဝမ်းကွဲခြင်း၊ ဦးလေးနဲ့ တူမ၊ အခုလိုအဒေါ်နဲ့ တူ တို့တင်မကဘဲ
ဟိုဘက်ဒီဘက်က ပါလာတဲ့ အမျုးိဆိုလဲဟုတ် တစ်စိမ်းဆိုလဲ ဟုတ်တယ်ဆိုတဲ့ စုံတွဲတွေလည်း ညိတွယ်သွားတာတွေကို မကြာခဏကြားရဘူးပါတယ်။
ဆွေမျုးိတွေ ဘဲ ဆိုတဲ့ အချက်တစ်ခုထဲနဲ့ ဘယ်လိုဖြစ်သွားနိုင်တာကို မေ့ထားလိုက်တာကိုး။
တစ်ခုတော့ ရှိပါတယ် ဒီလိုအဖြစ်မျုးိက လူတိုင်းကြုံတယ်လို့တော့ မပြောနိုင်ပါဘူး။
အဓိက အချက်ကတော့ သည်လိုဖြစ်သွားကြတာတွေကို ပြန်ဆန်းစစ်ကြည့်လိုက်တော့ ညစ်ညမ်းတဲ့စိတ်ကြောင့် ကျူးလွန်တယ်ဆိုတာထက် သံယောဇဉ်ညိတွယ်တာရယ်
နောက် ဘယ်သူက မှ ဒီလိုဖြစ်လာမယ်မထင်တဲ့ အတွက် သူတို့ကိုစောင့်မကြည့်ဘဲ မတားမြစ်ဘဲ လွတ်လပ်ခွင့်ပေးသလိုဖြစ်နေတဲ့အချိန်မှာ
ဆိတ်ကွယ်ရာ မမြင်ကွယ်ရာ မှ အတူနေတာကြာလာတော့ သွေးသားဆန္ဒရဲ့ အလိုကို လိုက်မိတာတွေလဲ ဖြစ်ကုန်ပါတယ်။
ဟိုအရင်မြန်မာ ရှေးပဒေသရာဇ်ခေတ်တွေတုံးကစလို့ သက်ဦးဆံပို်င်အရှင်သခင်ဖြစ်တဲ့ ဘုရင်တွေက သူတို့ကိုယ်သူတို့ ရာဇာသွေးလို့သတ်မှတ်ပြီး သာမန်လူတွေနဲ့ အကြောင်းဆက်ပေါင်းဖက်ရင်မျိုးရိုးဂုဏ် နိမ့်ကျသွားမယ်ဆိုတဲ့ အလွန်မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အဖေတူ အမေကွဲ မောင်နှမ အချင်းချင်းသာလက်ဆက်ပေးစားခဲ့ကြပါတယ်။
ဒီလိုမောင်နှမ အချင်းချင်းတွေဘဲလှည့်ပေးစားလိုက်တာ မျိုးဆက် ပေါင်းမြောက်များစွာ ကိုကျင့်သုံးလာခဲ့ကြပါတယ်။
အဲဒီလိုပေးစား ခဲ့တဲ့ အကျိုးဆက်ကတော့ လူတစ်ဦးချင်းစီရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ကိုယ်စွမ်းကိုယ်စတွေ ကျဆင်းသွားတာကတော့မှန် မမှန်ကတော့
မြန်မာ့ သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် အသိသာကြီးပါဘဲ။
အခုခေတ် ဆေးပညာတွေထွန်းကားလာတဲ့ အခါမှာတော့ ဒီလိုမောင်နှမချင်း သွေးနှောတယ်ဆိုရင် ဗီဇသွေးတွေပျက်စီးလို့ ကိုယ်စွမ်းကိုယ်စတွေ ကျဆင်းလာတာကို
အတိအကျပြောနေကြပါပြီ။
သာမန်လူတွေကတော့ ဒီလိုကိစ္စမျုးိကို တတ်နိုင်သလောက်ရှောင်ပါတယ်။မတတ်သာလို့ဖြစ်သွားခဲ့ရင်တောင် ရှက်လို့မဆုံးပါဘူး။
ကျနော်တို့အိမ်နီးချင်းနို်င်ငံက လူမျိုးတွေကတော့ အဖေဘက်ကနဲ့ နာမည်ထိပ်စီးချင်းတူနေရင် ယူလို့ မရပါဘူး။
(ဥပမာပေးရရင် လွီနဲ့စတဲ့နာမယ်ချင်းတူနေရင် ဝမ်နဲ့စတဲ့ နာမယ်ချင်းတူနေရင် ယင်းနဲ့စတယ်နာမယ်ချင်းတူနေခဲ့ရင်ပေါ့)၊
အဲအမေဘက်ကနဲ့တူနေရင်တော့ ယူစေပေါ့ ပြဿနာမရှိပြန်ဘူး။
တကယ်တမ်းတော့ ကျနော်အမြင်ပြောရရင် မဖြစ်သင့်ဘူးလို့ယူဆပါတယ်၊
ဒီတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာ ကတော့ ဖြစ်နိုင်မယ်ဆိုရင်
(1) မောင်နှမ အရင်းကလွဲလို့ အရွယ်ရောက်လာတယ်ဆိုရင် လွန်လွန်ကဲကဲနီးစပ်အောင်မထားသင့်ပါဘူး။
(2) သမီးမိန်းကလေး သားယောက်ျားလေး တွေနေတဲ့ အိပ်ခန်းတွေကိုအမျိုးဘဲဆိုပြီး ဆန့်ကျင်ဘက် လိင်တွေ စည်းမဲ့ကမ်းမဲ့ အဝင်မခံသင့်ပါဘူး
(3) အရွယ်ရောက်လာတယ်ဆိုရင် အမျိုးနီးစပ်တဲ့ ယောက်ျားမိန်းမစုံတွဲတွေကို ဆိတ်ကွယ်ရာတွေမှာ ရှိမနေအောင် သတိထားရပါမယ်။
(4) အရွယ်ရောက်လာတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ အမျိုးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပစ်မှားသင့်တဲ့အရာ မဟုတ်ဘူးဆိုတာ သွယ်ဝို်က်သောနည်းနဲ့ နားရည်ဝနေအောင်ပြောပေးသင့်ပါတယ်။
(5) ကိုယ့်သားသမီး အရွယ်ရောက်လာလို့ ဆန့်ကျင်ဘက် ကိုစိတ်ဝင်စားတတ်တဲ့ အချိန်မှာ ကလေးကို သတိထားလို့ လမ်းမှန်ရောက်အောင်ထိန်းကျောင်းပေးသင့်ပါတယ်။

တိုက်ဆိုင်လာလို့ ကြုံဘူးတာလေးကို ပြောပြချင်ပါတယ်။ဥပမာအပေးရမ်းတယ်လို့တော့မထင်စေချင်ပါ။
သူများကိုထိခိုက်စေလိုတော့ စိတ်လဲမရှိပါ။တကယ်ဖြစ်ခဲ့တာမို့လို့ တိုက်လဲတိုက်ဆိုင်နေလို့ပါ။
တစ်ခါက ကျနော့်မိတ်ဆွေတစ်ယောက်က တယ်ရီယာခွေးအမလေး တစ်ကောင်လက်ဆောင်ရလိုက်ပါတယ်။
အဲဒီတုန်းက မြို့မှာနေတော့ နောက်ထပ် တယ်ရီယာအထီးလေးဝယ်လို့ပေးစားလိုက်ပါတယ်။
နောက်အဲဒီခွေးလေးတွေက ခြောက်ကောင်ပေါက်လာပါတယ်။
နှစ်ကောင်ကသူများကိုလက်ဆောင်ပေးလိုက်လို့ အထီးတစ်ကောင် အမသုံးကောင်ကျန်နေခဲ့ပါတယ်။
ဖြစ်ချင်တော့ သူတို့က ဝန်ထမ်းဆိုတော့ မြန်မာပြည်ရဲ့အတွင်းပိုင်းခပ်ခေါင်ခေါင်နေရာကိုပြောင်းသွားရပါတယ်။
မြို့ မှာသာဆိုရင် သူ့ခွေးမလေးတွေကိုအိမ်ထောင်ချပေးလို့ရမှာပါ။
အိမ်အနီးအနားမှာလဲသူတို့လိုမျိုးတူကမရှိ။
နောက်တော့အတူထားရင်းခွေးမလေးတွေမှာဇီးကပ်လာပါတယ်။
သူ့ခွေးလေးတွေက မောင်နှမအချင်းချင်းပြန်ယူရတဲ့အနေအထားကိုရောက်သွားပါတယ်။
လူလိုမစစဉ်းစားတတ်တဲ့ တိရိစ္ဆာန်တွေကိုး ။
နောက်သုံးနှစ်လောက်ကြာတဲ့အခါအဲဒီတယ်ရီယာလေးတွေက မွေးလာတဲ့ ခွေးမျုးိဆက်သစ်လေးတွေက မျက်စေ့မမြင်တဲ့ခွေးလေးတွေပါလာပါတော့တယ်။

အဲဒီမှာဘဲ ကျနော်လကမ္ဘာဆီကို ဖုန်းဆက်ပြီးပြောပေးလိုက်ပါတယ်။
(သူငယ်ချင်းရေ အခုလိုဖြစ်သွားပြီးတော့ ကလေးတွေကို ဇွတ်အတင်းလဲ မဆူနဲ့။
ဘာကြောင့်မဖြစ်သင့်သလဲဆိုတာကို ကလေးနှစ်ယောက်လုံးကို သေသေချာချာနားဝင်အောင်ခေါ်ပြောလိုက်။
မျက်နှာတော့ နည်းနည်းအပူခံလိုက်ပေါ့ဟာ။
နောက်ပြီး ပစူးမကို အဆောင်ကိုသွားနေခိုင်းတာတို့ အရင်လိုရင်းရင်းနှီးနှီးမနေခိုင်းတာကိုလဲဇွတ်သွားမလုပ်လိုက်နဲ့နော်။
သူတို့ကို နားလည်အောင်သာအေးအေးဆေးဆေးပြောပြပါ။
နောက်နင်တို့အိမ်ကို သူတို့နှစ်ယောက်ထဲ ဖြစ်မနေအောင် အိမ်ဖော်ဖြစ်ဖြစ်ခေါ်ထား၊ဒါမှမဟုတ်ဆွေမျုးိနီးစပ်ထဲက နောက်တစ်ယောက်လောက်
အိမ်ကို ခေါ်ပြီး သူတို့နဲ့ အတူတူရောထားလိုက်ဟာ)လို့ပြောတော့
(ဖြစ်ပါ့မလားဟယ်)လို့ထမင်း7ရက်မစားရတဲ့လေသံလေးပြန်မေးတော့
(ပြောမရလို့နောက်ထပ်တစ်ယောက်နဲ့ပါညိသွားတော့နင်ချွေးမနှစ်ယောက်ရတာပေါ့)လို့ စလိုက်တော့
(ငပေါက်စုတ် ငါက အဟုတ်မှတ်လို့နားထောင်နေတာ xxxxxxxxxxxxxx)လို့ စိတ်ပေါ့သွားတဲ့လေသံနဲ့ကျနော့်ကို လှမ်းဆဲလိုက်ပါတယ်။
ဒါလွန်ခဲ့သော 3နှစ်က တကယ်ဖြစ်ခဲ့တာပါ။

အခုလား ဇော်ဇော်ကလည်းသူတို့လိုပွဲရုံလုပ်ငန်းလုပ်တဲ့ ကောင်မလေးနဲ့ ကုန်စည်ဒိုင်အတူဆင်းရင်းနီးစပ်လို့လက်ထပ် သမီးတောင်အမြွာပူးမွေးထားပြီးပြီ။
ပစူးမကတော့လား သူလဲ တက္ကသိုုလ်တက်တုန်းက သူ့ကို် ကမ်းလှမ်းခဲ့တဲ့ သူငယ်ချင်းနဲ့လက်ထပ်ပြီး သူ့တို့အလုပ်ကလွှတ်လိုက်လို့ အော်ဇီမှာ အခြေကျနေပါတယ်။

ကဲမိတ်ဆွေတို့ရေ ထားကောင်းသလား ယူကောင်းသလားဆိုတာလေးကတော့ ကိုယ့်အတွေးနဲ့ကို်ယ်ပေါ့နော်………………………………..

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။