အသည်းဆောင် ရဲ့ လူနာစောင့်

ဦးသုAugust 14, 20131min2068

ဤလောကအတွင်း ရှိရှိသမျှသတ္တဝါအပေါင်းတို့သည်ကား

ဘဝအဆက်ဆက်၌ မိဘတို့အား မခွဲချင်ပဲ ခွဲခဲ့ရဖူးပြီ၊

သားသမီးတို့အားမခွဲချင်ပဲခွဲခဲ့ရဖူးပြီ၊

မည်သည့်အရာကိုမဆို မစွန့်လွှတ်ချင်ပဲစွန့်လွှတ်ခဲ့ရဖူးပြီ။

အသည်းဆောင်သို့ အဖေပြောင်းရမည့် ကိစ္စတွင် ရိုးရိုးသာမာန်သာထင်ခဲ့သည်။အသည်းဆောင်သည် ရန်ကုန်ဆေးရုံကြီး နှင့် ဟိုဘက်မျက်နှာချင်းဆိုင် ဦးနှောက်အာရုံကြောဘေးမှအဆောင်ဖြစ်သည်။ အသည်းရောဂါသည် အမျိုးသားများအတွက်အခန်းတွင် ကုတင် ၁၅ လုံးခန့်လောက်တော့ရှိသည်။ ကျွန်ုပ်အဖေမှာ အသည်းခြောက်၍ ဗိုက်ပူရေဖျဉ်းစွဲ သည်ကလွဲလျှင် ကျန်တာ လူကောင်းအတိုင်းသွားနိုင်လာနိုင်စားနိုင်သောက်နိုင် ဒါပေမယ့် ကိုယ်ဝန်အရင့်အမာ သည်လိုခါးကြီးထောက်ဗိုက်ကြီးကော့ပြီး လမ်းလျှောက်နေရသည်ကလွဲလို့။ အဖေသည် အသည်းရောင်အသားဝါ C ပိုးကြောင့် အသည်းခြောက်ခြင်းဖြစ်သည်။ အဖေအရက်သောက်သည်မူးလာသည်ကို ကျွန်တော်မမြင်ဘူး မတွေ့ဘူး။ သို့သော် ဘီယာတော့သောက်သည် သူဌေးအနှင့်အတူ ဆိုင်သို့ပါသွားသည့်အခါမျိုး သို့သော် ကျွန်တော်အဖေရေချိန်ကျွန်တော်သိ၏ သုံးခွက်ထက်မပို နှစ်ခွက်ဆိုတော်တော်ကောင်းပြီး သုံးခွက်ဆို တော်တော်မူး တော်တော်လဲအာရွှင်၏။ (ကျွန်တော်လစ်မစ်နှင့်ဆို  အဖေနှင့်သား ၅ဆတစ်ဆ ကွာ၏- ဤကား စကားချပ်) အသဲဆောင်ရောက်တော့ ထူးခြားသည်ကား နေရာကျယ်ကျယ်ဝန်းဝန်းနှင့် သင့်တင့်သလောက်တော့ သန့်ရှင်းသပ်ရပ်၏။ အထွေထွေဆောင် ၁၁/၁၂ နှင့် ယှဉ်လျှင်မဆိုးလှ ။ ရောက်ခါစ ညများတွင် မအိပ်ရ အသဲရောင်အသားဝါဘီပိုးသည်ကူးလွယ်သဖြင့်စိတ်လဲမသန့် နောက်ပြီး အဖေ့ထက်ရောဂါရင့်သော သူများကလည်း နေ့ရောညပါကယောင်ကတမ်းအော်သံတွေနှင့် ဘဝကူးရန်အသင့်အနေအထားဆိုတော့ စိတ်မသန့်တာကတစ်မျိုးကယောင်ကတန်းအော်နေသည့်အသံတွေကတစ်မျိုးနှင့်ဘယ်လိုမှမှေးလို့ပင်မရ။ အဖေကတော့ ဆေးရှိန်နှင့်မို့ တရေးတမောလောက်တော့ရသည်ထင်သည်။

အသည်းဆောင်မှာအဖေအတွက် သိပ်ပြီးအားရစရာမကောင်းလှ ဘုန်းကြီးပင့်ပြီး သင်္ကန်းကပ်သရဏဂုံတင်နေသည့်လူနာတွေကလည်း ကိုယ့်မျက်စိရှေ့တင် နောက်ပြီး အမေရေအမေကယ်ပါ ဆိုပြီး လဲလို့မရထိုင်လို့မရ သူကလည်းတစ်မျိုး ဤအခန်း၏ အခြေအနေကိုပြနေသည့် ကြော်ငြာဆိုင်းဘုတ်တွေအလား အားရစရာအခြေအနေမျိုး။ နောက်ပြီး အဖေဆေးရုံမတက်ခင်က ရပ်ကွက်ထဲမှဆေးကော်မရှင်စားတစ်ဦးက အညွှန်းဖတ်ရုံနဲ့တင် ဝမ်းသုံးခါလောက်သွားစေသောဝမ်းနုတ်ဆေးရောင်းနည်းမျိုးဖြင့် အမေ့အားမြူဆွယ်ပြီး ကမာ္ဘအေးဘုရားလမ်းတွင်ရှိသော လင်ဇီးဆေးကုမ္ပဏီမှ ဆေးများကို ငါးသိန်းဖိုးခန့်လာရောင်းသွားဖူးသည်။ကျွန်တော်လဲ ထိုအကြောင်းများကိုမသိလိုက်ပေ။ သို့သော်အသည်းဆောင်သို့ရောက်သောအခါ ၎င်းဆေးများမှာ ဒုက္ခပေးလာ၏ ။ အသည်းတွင်ထို လင်ဇီးဖတ်များကပ်နေ၍ ရေဖျင်းဖောက်ထုတ်သောအခါ ၎င်း လင်ဇီးဖတ်များပါစေရန်အတွက် ဗိုလ်မြတ်ထွန်းလမ်း (ခရစ်လမ်း) တွင်ရှိသော ဘန်ကောက်ဆေးရုံကြီးမှ ဆေးတစ်မျိုးပြေးဝယ်ရသေးသည်။

အဖေအသည်းဆောင်ရောက်ပြီး တစ်ပတ်လောက်အကြာတွင် ကျွန်တော်တို့လူနာစောင့်များကိုပါ ဘီပိုးစီပိုးစစ်ပေး၏။ ကျွန်တော်တို့ မိသားစုတွင် မရှိချေ ဘေးခုတင်မှ လူနာစောင့်နှစ်ယောက်တွင် နှစ်ယောက်စလုံး ဘီပိုးတွေ့နေရသည်။ ထိုသူနှစ်ဦးမှာလည်း ဤအခန်း၏ ကြော်ငြာများကိုမြင်နေရသူဖြစ်၍ မျက်နှာသိပ်မကောင်းလှ။

မှတ်မှတ်ရရ ၂၀၁၁ မေလဆန်းပိုင်းရက်များတွင် နွေရာသီဖြစ်သော်လည်း အအေးလှိုင်းများဖြတ်သဖြင့် ဆောင်တွင်းပိုင်းထက်ပင် အေးစက်ပြီး မိုးဖွဲလေးများကျသောရက်များဖြစ်သည်။ တစ်ခါတစ်ရံမြူများပင်စိုင်းတတ်သေးသည်။ ထိုရက်ပိုင်းများတွင် ကျွန်တော့်အဖေလူမမာ ထူးထူးခြာခြားတောင့်တသောအစားအစာများကို ကျွန်တော်နှင့်ကျွန်တော့်မိန်းမအား တတွတ်တွတ် အဝယ်ခိုင်းလေသည်။ ရှားရှားပါးပါး အအေးလှိုုင်းဖြတ်၍ အလွန်အေးသောရက်များတွင် သင်္ဘောသီးကိုရှာဝယ်ခိုင်းသည် ဗိုလ်ချုပ်ဈေးဟောင်းဘက်တွင် ကွမ်းယာသည်ပင်မထွက် တကယ်ကိုမိုးရွာရုံတင်မက အေးစိမ့်နေ၍ ဈေးသည်လဲရှင်းလမ်းလဲ ရှင်းနေ၏။ ရှာမရ ဗိုလ်ချုပ်ဈေးဟောင်းကျော်တော့ စူပါဝမ်းထဲဝင်ရှာကြည့်သည်မတွေ့ နောက်ဆုံးလူနာစောင့်ပါဖျားမည်စိုးသဖြင့် ပြန်လာရသည်။ နောက်တစ်နေ့ ဆန်းဆန်းပြားပြား ပူစာပြန်သည် မြောင်းမြဒေါ်ချိုမုန့်ဟင်းခါး မတည့်သည်များကိုသာ စပါယ်ရှယ်ပူစာတတ်သောကျွန်တော့အဖေ။ သားလုပ်သူကလဲ ဘယ်ရမလဲ ဆူးလေဘုရားမရောက်ခင် လမ်းသုံးဆယ်ထိပ်နားက ဗိုလ်ကလေးဒေါ်ညိုမုန့်ဟင်းခါးဝယ်ပေးလိုက်သည်။ ဗိုလ်ကလေးဒေါ်ညိုသည် မုန့်ဟင်းခါးထဲတွင် ငှက်ပျောအူထည့်မချက် ဟင်းရည်ကိုငါးရံ့ဖြင့်ချက်သည်။ အဖေကမေးသောအခါ ကျွန်တော့်တွင်ဖြေစရာ အဖြေအဆင်သင့်ရှိသည်။ ရာသီဥတုမကောင်း၍ ငှက်ပျောအူဝယ်မရလို့ သူတို့လဲ ထည့်မချက်တာတောင်းကြည့်ပါသေးတယ်လို့ပြောလိုက်သည်။

အမေသည်အဖေ့ကို အလွန်နိုင်သည်ဟုပြောရမည် အမေချက်သည့်ဟင်းကိုသူစိတ်တိုင်းမကျလျှင် တစ်လုတ်စားကြည့်ပြီးလက်ဆေးထွက်သွားကာ ဆိုင်တွင်သွားစားတတ်သူဖြစ်သည်။ ယခုသူရောဂါဖြစ်နေချိန်တွင် အမေ့အား ကြက်ဥပြုတ်နှင့်ဆားယူလာပေးရန်မှာသည်။ဆားနှင့် အသည်းသမားသည် လုံးဝမတည့် သို့သော်အမေဝင်တားလို့မရ ။ အမေလဲ အဖေကြက်ဥပြုတ်ကို ဆားတွေအများကြီးတို့စားနေတာကိုကြည့်ပြီး ရှင်ကိုယ်နဲ့ မတည့်တာတွေကိုစွတ်မစားနဲ့လေ ဟုတစ်ခွန်းပြောရုံရှိသေး နင်.. ငါဒီဆေးတွေသောက်လို့ ဒီလောက်ပါးစပ်ပျက်နေတာနားမလည်ဘူးလား ဆိုပြီးကြက်ဥပြုတ်နှင့်ကောက်ပေါက်၏။ ထိုအချိန်တွင်ကျွန်တော်မရှိ မနက်ကနေ နေ့လည်ကျော်ကျော်လောက်အထိရုံးတက်ကာ ၃ နာရီလောက်မှ ရုံးကခွင့်တောင်းပြီး ဆေးရုံကိုကျွန်တော်ရောက်တတ်သည်။ ကျွန်တော်ရောက်တော့ အမေက မျက်ရည်အဝဲသားနှင့် အပြင်ဘက် ကော်ရစ်ဒါတွင်ထိုင်နေ၏။ အကြောင်းစုံကိုကျွန်တော်သိတော့ အဖေကစားနေတုံး ကျွန်တော်ချက်ချင်းဝင်သွားပြီး အဖေကလဲ ကိုယ်နဲ့ မတည့်ဟာဆိုသိပ်ကြိုကသလားမမေးနဲ့ ဒီလောက်စားလို့ရသမျှအကုန်ဝယ်ပေးနေတာတောင် မတည့်တာတွေစွတ်စားနေတာလဲ လို့ ကျွန်တော်ပြောလိုက်သည်နှင့် ဆားကိုသိပ်မထိတော့ ကြက်ဥကိုသာနည်းနည်းချင်းဖဲ့စားသည်။ ကျွန်တော်ငယ်ငယ်က အဖေ့ကိုအရမ်းကြောက်ရပေမယ့် ကျွန်တော်ပိုက်ဆံရှာနိုင်လာတာနဲ့ အမျှ အားကိုးလို့ရမှန်းသိလာ၍လားမသိ အဖေ ရောဂါဖြစ်ချိန်တွင် ကျွန်တော်ပြောလျှင်ရ၏။ တကယ်လဲ ကျွန်တော် အားကိုးရအောင်နေပြခဲ့ပါသည် ။ ကျွန်တော့်မွေးချင်း အကြီးမ ဆိုလျှင် အဖေဆေးရုံတက်သမျှကာလတစ်လျှောက်တွင် ရန်ကုန်မြို့တွင်နေပါလျှက်နဲ့ပင် ဘီစကွတ်မုန့်လေးတစ်ထုပ် ၊ အိုဗာတင်းလေးတစ်ပုလင်းဖြင့်ပင်တစ်ခေါက်သာလာကြည့်ရှာသည်။ သို့သော်သူတို့လာကြည့်ပြီးဆေးရုံဝမှအထွက်တွင် နောက်ဘယ်တော့မှမလာရန်နှင့် ကျွန်တော့်ဘာသာကုနိုင်သည်ဖြစ်ကြောင်းပြော၍ မောင်းထုတ်လိုက်သည်။

အသည်းဆောင်မှမဟုတ် ဆေးရုံကြီး၏ဝင်ပေါက်တိုင်းတွင် လူနာစောင့်ကဒ်ဝယ်မထားသူတိုင်းဝင်ဆို့ထွက်ဆို့ ခေါ်ရသည်။ ဤသည်ကိုဆေးရုံကြီးရောက်ဖူးသူတိုင်း ဧည့်တွေ့ချိန်မဟုတ်လျှင် သိပါသည်။ အဓိပ္ပါယ်မှာ လူနာစောင့်ကဒ်မပါလျှင် တစ်ရာလောက်ပေးဝင် ဒါမှမဟုတ် ဧည့်တွေ့လေးငါးယောက်လောက်ဆိုလျှင်နှစ်ရာလောက်ပေးဝင်ရသည်။ ဘယ်သူကထွင်ခဲ့လဲတော့မသိ လက်ကြီးကိုတံခါးပေါက်မှာ တားပြီးတော့ကို ကဒ်ပြားပြ မပါရင်လက်ဖက်ရည်ဖိုးတော့လုပ်သွားဆိုပြီးလုပ်သေး၏။

ဆေးရုံကြီးအထွေထွေ ဆောင် မိန်းအဝင်အဝတွင်လူဝင်လူထွက်များသည် ဂိတ်စောင့်လဲချိန်းသည်။ ဤအကွက်ကိုကျွန်တော်ကောင်းကောင်းလုပ်စားတတ်သည်။ တစ်ရာနှစ်ရာကျွန်တော်မနှမြောသော်လည်း ဆေးဖိုးတောင်အနိုင်နိုင်နှင့် ဆေးရုံတက်နေရသူတွေထံမှဆက်ကြေးကောက်နေသော ဤ နေရာအပိုင်စားသူတောင်းစားများကို ကြည့်မရ။ အထွေထွေဆောင်မှမပြောင်းရသေးခင်ရက်များ ရုံးအပြန်ဆေးရုံသွားချိန်တွင် ကျွန်တော့်မှာ စတိုင်ဘောင်းဘီနှင့်သပ်သပ်ရပ်ရပ် ကျွန်တော့်နားကွင်းကိုတော့ လမ်းမှာတင်ဖြုတ်ထားရ၏။ ဝင်ပေါက်ဝသို့ရောက်သော်ခပ်တည်တည်နှင့်ဝင်သွားရုံ တစ်ခါတစ်ရံလှေခါးမတက်ချင်လျှင် ဆရာဝန်နှင့် အရေးပေါ်လူနာသာသုံးသော ဓာတ်လှေခါးဖြင့်ခပ်တည်တည်ဝင်သွားရုံပင်။ တစ်ခါတစ်လေ ကျွန်တော့်သူငယ်ချင်းတွေ အဖေ့ဆီသတင်းမေးလာကြလျှင်ပင် ဂိတ်ဝကပေးမဝင်ခဲ့သည်ရှိသော် ကျွန်တော်က လှေခါးတစ်ကွေ့ချိုးအထိ်ဆင်းလာပြီး ဂိတ်ဝမှမြင်သာအောင် ကျွန်တော့်ဆီလာတာ ဖွင့်ပေးလိုက်ပါ ဆေးရုံကြီးလှေကားမီးရောင် ခပ်မှိန်မှိန်အောက်မျက်နှာမသဲကွဲသောနေရာမှ စတိုင်အပြည့်ဖြင့်လှမ်းအော်လို်က်သည်ကိုပင် ဟုတ်ကဲ့ပါဒေါက်တာ ဟေ့ကောင်လူနာဧည့်သည်မဟုတ်ဘူး ဆရာဝန်ဧည့်သည်ကွ ဖွင့်ပေးလိုက် ဟူသောအခေါက်မျိုးနှင့်ပင်ကြုံရသေးသည်။ ဤသည်မှာ အမှန်တွေချည်းဖြစ်သည် သူငယ်ချင်းတွေကပင်လျှင် – ီး ပဲရယ်ချင်တာ မနည်းအောင့်ထားရတယ် ဆိုပြီး ထောမနာပြုသည်။

အသည်းဆောင်တွင် အမှတ်အရဆုံးကိစ္စမှာ ဆရာဝန် Round ခါနီးအချိန် အဖေ အပြင်ခိုးထွက်ပြီး သူစားချင်သောပေါက်ကရအစာမှန်သမျှထွက်စားချင်းဖြစ်သည်။ ကျွန်တော်လဲ မတတ်နိုင်၍ ကျွန်တော်ကို်ယ်တိုင် ဆရာကြီးလာလျှင်ထွက်ခေါ်မည်ဖြစ်ကြောင်းပြောပြီး မြို့ထဲလွှတ်လိုက်ရခြင်းဖြစ်သည်။ သို့သော်ဘာပြဿနာမှမရှိဆရာဝန်ထုံးစံအတိုင်း ၉နာရီ လာမည့်ဆရာဝန်သည် ၁ဝ နာရီထိုးခါနီးမှပေါ်လာတတ်သည်မှာ ထုံးစံလိုဖြစ်နေသဖြင့် ဘာပြဿနာမှမတက်လိုက်ပါ။ အဖေဆေးရုံတက်နေစဉ် ဂျီကျတတ်သောထူးထူးဆန်းဆန်း နှစ်ခုမှာ ထူးရေခဲမုန့်နှင့် မြေပဲဆားလှော် ဖြစ်သည်။ ထူးရေခဲမုန့်က ပြဿနာမရှိဆိုသော်လဲ အနည်းအကျဉ်းတော့ရှိ၏။ သူစားချင်တာက တစ်ဗူးမှာလေးလုံးပါတဲ့ရေခဲမုန့် စူပါမားကတ်တွေမှာရှိတာက တစ်လုံးထဲဗူးရယ် ၊ သုံးလုံးပါဗူးရယ် ၊ ၆လုံးပါဗူးရယ်   ပုစွန်တောင်ပန်းခြံနားက ထူးရေခဲမုန့် မှာသွားဝယ်ရင်တော့ရကောင်းရနိုင်ပါသည်။ ကျွန်တော်လဲ အလုပ်ကအပြန်ပုစွန်တောင်ပန်းခြံသွားပြီးဆေးရုံသွားရမှာက ခေါက်တုံ့ခေါက်ပြန်ဖြစ်နေသည်။  စူပါမားကတ်တစ်ခုကပဲ ၆လုံးတွဲတစ်ဗူးဝယ် အဖေကြိုက်တဲ့လေးလုံးသာစားပေတော့ဟုပြောရသည်။ တကယ်လဲ ရေခဲမုန့်လေးလုံးကုန်အောင်စားသောအခါ ကျွန်တော့်မှာ ဘေးကနေ တတွတ်တွတ်ပိတ်ပင်နေသဖြင့် အကုသိုလ်များရပြန်သည် ။ အသည်းသမားသည် ရေကိုပင်တစ်နေ့ဘယ်နှစ်ဘူးကုန်အောင်သောက်လဲတိုင်းထားပြီး ဘယ်နှစ်ဘူးပြန်၍ဆီးသွားသလဲအမြဲတိုင်းထားရသည်။ အခုရေခဲမုန့်တွေမတရားစား ပြီးလျှင် ရင်ပူပြီးရေငတ်အုံးမည် ရေခဲမုန့်ရေခဲချောင်းများသည် စားပြီးသိပ်မကြာရေငတ်တတ်သောသဘောရှိလေသည်။

အဖေပူဆာသမျှထဲတွင် အဓိကပူဆာတာလဲဖြစ်ရှာလို့မရသည့်အရာလဲ ဖြစ်သည်မှာမြေပဲဆားလှော်ဖြစ်သည်။ လွယ်လွယ်ကူကူမြေပဲဆားလှော်ကိုစားချင်သည်မဟုတ် ရထားပေါ်နှင့် ကားဂိတ်များတွင် ရောင်းသော မြေပဲတစ်ဝက် ကြက်သွန်ဖြူတစ်ဝက်လောက်ပါသည့် မြေပဲဆားလှော်ဖြစ်သည်။ အဖေ့ ညီ ကလည်း စံပြဈေးကားဂိတ်အထိသွားရှာကြည့်သည်မရ မရတော့ ထုံးစံအတိုင်း ဝယ်လာရင်တော့စားမှာပါဆိုပြီး စူပါမားကတ်က မြေပဲဆားလှော် ငါးရာတန်တစ်ထောင်တန်အထုပ်ကြီးတွေဝယ်လာသည်။ တော်ရုံလူသည် အားနာပါးနာနှင့် လိုချင်တာမရပေမယ့် အနီးစပ်ဆုံးရလျှင်တော့ လက်ခံတတ်ကြသည်။ အဖေကား ထိုသို့မဟုတ် လက်ဖျားနှင့်တောင်မထ်ိ တစ်ယောက်မှာလို့ မရရင် နောက်တစ်ယောက်မှာသောအခါ ဒီအတိုင်းကြုံရာဆွဲလာလျှင် ထိုသူပြန်သောအခါ၌ လွင့်ပစ်တတ်သည်။ မှတ်မှတ်ရရ အဖေဆုံးပြီး သုံးရက်မြောက်နေ့မှ သာ အဖေ့ညီက ဘယ်ကရလာလဲမသိ အဖေ့ဓာတ်ပုံရှေ့တွင် အစ်ကိုရေစားပေတော့ဆိုပြီး ချပေးသည်။

အသည်းဆောင်တွင် အဖေရှိသောရက်များတွင် တစ်ခါတစ်လေ တစ်ပါတ်အတွင်း ခုတင်လေးငါးလုံးလောက်လွတ်ချင်လဲလွတ်သွား၏ (ဆေးရုံဆင်းသွားခြင်းမဟုတ်ပါ)။ သင်္ကြန်နားနီးလာလေ အသည်းဆောင်တွင် ဆရာဝန်နည်းနည်းလာလေဖြစ်သည်။ အဖေသည်တစ်ခါတစ်လေကျတော့ ဟာသဉာဏ်လဲ ရွှင်သေး၏ ပေါက်တတ်ကရလဲအလွန်ပြောသည်။ ဟိုမှာ ဒိန်းဒေါင်လာနေပြီကြည့်ကြည့် ဟုဆို၍လိုက်ကြည့်ရာ ဘာမှလဲမတွေ့ ဟာဘယ်မှာလဲ ဘယ်သူ့ကိုပြောနေတာလဲ ကျွန်တော်ပြန်ပြောတော့ မင်းဟိုမှာလာနေတဲ့ နပ်စ် မ ကိုသေချာကြည့်လေ မျက်နှာက လေးထောင့်စပ်စပ် အသားကမဲမဲ အသံကအစဒိန်းဒေါင်အသံနဲ့ ငါ့ခုတင်နားရောက်လာရင်သေချာကြည့်  အဲသူပြောတော့လဲ ဟုတ်သလိုလို နပ်စ် မကလဲ ယောက်ျားခန္ဓာကိုယ်ကြီးနဲ့ မျက်နှာကလဲ ဒိန်းဒေါင်လိုရုပ် ဆိုပြီး အဖေပြောမှ ကျွန်တော်လဲ လိုက်တွေးမိနေသည်။ တစ်ခါတစ်လေသူ့ရောဂါကိုသူမေ့ထားပြီး ပတ်ဝန်းကျင်မှလူများကိုကြည့်ပြီး တစ်မျိုးတစ်ဖုံမှတ်ချက်ပေးနေတတ်သည်။ အသည်းဆောင်မှာ တစ်ဖြေးဖြေးသင်္ကြန်နားနီး၍ ဆရာဝန်နည်းလာသည်နှင့်အမျှ အဖေလဲ ဆေးရုံကဆင်း၍ အိမ်မှာပဲနေပြီးသင်္ကြန်ပြီးမှ ပြန်တက်ရန် သာလုပ်တော့သည်။ အဖေ့အတွေးလဲမှန်ပါသည် သင်္ကြန်တွင်း အိမ်ကလူလဲ သွားရလာရမလွယ် ဆေးရုံတွင်ဆရာဝန်များလည်း နယ်ပြန်နေကြသောကြောင့် သင်္ကြန်တွင်း အိမ်ခဏပြန်နေ သင်္ကြန်ပြီးမှပြန်တက်မည်ဖြစ်သည်။ အဖေ့အခြေအနေမှာလည်း မဆိုးလှ သွားနိုင်လာနိုင်ဖြစ်၏။

သို့သော်သင်္ကြန်အကျနေ့ အထိ သွားနိုင်လာနိုင်သောအဖေသည် သင်္ကြန်အကြတ်နေ့တွင်ရောဂါသည်းပြီး ညသန်းခေါင်အကျော်တွင်ကွယ်လွန်လေသည်။ မဆုံးခင်အမှတ်ရနေသောစကားတစ်ခွန်းမှာ သားအဖေ့ကို အောက်ဆီဂျင်ပိုက်လေးလာတပ်ပေးပါအုံး ဆိုပြီး သင်္ကြန်အကြတ်နေ့ နေ့လယ်လောက်ကပြောသောစကားပင်ဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော်ကျွန်တော့်ဘဝတစ်လျှောက် ကျွန်တော်စကားနားမလည်စဉ်အရွယ်က ခေါ်ခဲ့သည်ကလွဲ၍ ကျွန်တော်နားလည်သိတတ်စကာလတစ်လျှောက် ဟေ့ကောင် ၊ မင်း ဘာညာ စသည့် အသုံးအနှုံးများသာခေါ်ဝေါ်သုံးစွဲသွားသောကြောင့်သာဖြစ်တော့သည်။

 

ဝန်ခံချက်- ယမန်နေ့ညက  ဦးသုမောင် ၏ မျိုးရိုးထဲမှဆိုးပေကြီးများ  ဝတ္ထုကိုဖတ်၍ အလွန်အမင်းရေးချင်စိတ်ပေါက်သွားခြင်းဖြစ်သည်။ ပရု တစ်ခေါက်ပြန်မဖတ်ထားသဖြင့် စားလုံးပေါင်းမှားပါက သီးခံပြီး ဖတ်ကြပါ ဂုံ။

8 comments

  • အလင်းဆက်

    August 14, 2013 at 7:24 pm

    တချို ့ အဖေတွေက…
    သားသမီးကို..
    သား ရေ သမီးရေ..လို ့.. စကားနားဒမလည်စဉ်မှာ..ခေါ်ခဲ့ပေမယ့်…
    သားသမီးတွေ ကြီးလာတဲ့အခါ…
    သားရေ..သမီးရေ..လို ့.. မခေါ်တော့တာတွေ ရှိတယ်နော် ။

    ကျနော့်ဖေဖေလည်း..
    ကျနော်တို ့ကို သားလို ့..ခေါ် ခဲတယ် ။
    မေမေကတော့..သားလေး.ဆိုတာ ပါးစပ်ဖျားက မချ…

    မိခင်နဲ ့ ဖခင်..
    သားသမီးအပေါ်ထားတဲ ့. စိတ်အခြေအနေ..
    နည်းနည်းတော့ ကွာမယ် ထင်တယ်…။

    (((((အင်းးးး …ကိုသုရဲ ့ စာလေး ဖတ်ပြီး..ဆက်တွေးမိသွားတဲ့အတွေးပါ ။ ))))

  • ကိုသု

    August 14, 2013 at 8:11 pm

    ကျွန်တော် နှစ်ပိုင်းခွဲရေးရင်ဒုတိယပိုင်းကိုဖတ်မယ့်သူ မရှိမှာကြောင့် ပေါင်းရေးလိုက်တာစာရှည်သွားတယ် ။ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတဲ့ ကို အလင်းစက်ကိုကျေးဇူးတင်ပါတယ်။

  • kyaw hteik

    August 15, 2013 at 9:05 am

    ကိုသုရဲ့ဖခင်​အ​ပေါ် ထားတဲ့​မေတ္တာ​စေတနာက်ို ​လေးစားအားကျမိပါတယ်​။

  • ရွှေမိုးတိမ်

    August 15, 2013 at 11:06 am

    ဖတ်ရတာ စိတ်ထဲ ဝမ်းနည်းမိတယ် ။ 🙁
    ဒါပေမယ့် ကိုသု ဖေဖေ ကံကောင်းပါတယ်။ သူ့အပေါ်ချစ်ခင်ယုယပြီး အနွံအတာခံ ၊ အလိုလိုက်ပေးတဲ့ ဇနီး၊ သား ၊ အစ်ကိုတွေရဲ့ ပြုစုမှုတွေ အားပေးမှုတွေရသွားရှာတယ်။

  • kyeemite

    August 15, 2013 at 1:08 pm

    ကောင်းလိုက်တာကိုသုရေ..ဖီလင်တက်သွားပြီးစာရေးရင်ဒီလိုပဲဗျ…
    စဉ်းစားပြီးတမင်လုပ်ရေးတာနဲ့ကွာတယ်
    ရသပေါ်လွင်ပြီးမျက်စေ့ထဲမြင်လာအောင်ဖွဲ့နိုင်တဲ့ မိဘနဲ့သားသမီးကြားကမေတ္တာဇတ်ထုတ်ပေါ့
    🙁

  • Ma Ei

    August 15, 2013 at 1:44 pm

    အသည်းဆောင်လူနာစောင့်က
    ဆရာဝန်ပုံမှားရိုက် လို့ ဂိတ်စောင့်ကို
    ပညာပေးခဲ့တာပေါ့နော်…
    မိဘကို ကျေးဇူးသိတတ် ပြုစုစောင့်ရှောက်ခဲ့တဲ့
    အတွက် ကောင်းကျိုးများစွာ ခံစားရမှာပါ…

  • Crystalline

    August 15, 2013 at 3:41 pm

    လင်ဇီးဆေးတွေကို လုံးဝကိုအယုံအကြည်မရှိခဲ့တာ… သုံးဖို့လည်းအားမပေးဘူး.. အသိအန်တီတစ်ယောက်လည်း အူကင်ဆာ.. အဲလိုပဲ ခွဲစိတ်ရတော့ လင်ဇီးဆေးဖတ်တွေ အူနံရံမှာတစ်လွှာဖြစ်နေတယ်.. နောက်တစ်ဦးကတော့ ဦးလေး… လင်ဇီးတွေစပေါ်စပေါ့.. ခေါင်းမကြာခဏကိုက်.. အမြဲပဲ ခေါင်းမကြည်ဖြစ်နေတော့ သူတို့ညွှန်းတဲ့သက်ဆိုင်တဲ့ဆေးသောက်တယ်.. သူ့ဝေဒနာတွေသက်သာတယ်ဆိုပြီးအရမ်းသဘောကျနေခဲ့တာ.. ၃နှစ်လောက်ကြာတော့ တော်တော်မမာဖြစ်တယ်.. ဖြစ်တာနဲ့ချက်ချင်းဆေးရုံတင်တယ်.. ဆေးစစ်တယ်.. ရောဂါကျွမ်းနေပြီး…ကုဖို့ မမှီတော့ဘူး.. ကျမတွေးမိတာကတော့…အဲဒီဆေးတွေက ကုပေးတာမဟုတ်ပဲ.. ခဏတာဖုံးပေးထားပြီး သူ့ကိုသက်သာစေခဲ့တာလားလို့..
    သားယောက်ျားတစ်ယောက်အနေနဲ့ဒီလောက်တာဝန်ကျေနိုင်ခဲ့တာ ဂုဏ်ယူစရာပါ..

  • ချစ်လင်းအိမ်

    August 15, 2013 at 4:56 pm

    ရင်ထဲကနင့်နေအောင်ကိုယ်ခြင်းစာမိပါတယ်..။

Leave a Reply