ဒုံးပျံကြီးငွေ – (ဦး)မင်းလူအမှတ်တရ

မြစပဲရိုးAugust 15, 20131min1609

သက်ဆိုင်သူများသို့
ဦးမင်းလူ အမှတ်တရ ဒီတစ်ပုဒ် တော့ တင်ခွင့် ပြုပါ။

ဆရာ့ ဇာတ်ကောင် တွေကို ချစ်လွန်းလို့။

လူတွေကို ချစ်ဖို့ကောင်းအောင်၊ လူတွေ ကိုချစ်တတ်အောင် အတွက် သူ့စာတွေမှာ ဖတ်ကြည့် လို့ မြင်နိုင်တယ်။

ကျွန်မ တို့ ရွာလေး ကလဲ ဆရာ့ ဇာတ်ကောင် တွေ လို သူ့နည်းသူ့ဟန် ချစ်စရာ ကောင်းကြတဲ့သူ တွေ နဲ့ စု ထားလို့ပါ။

လောကကြီးမှာ ရွာထဲမှာလဲ
မောင်ဝ လို၊ ရွှေကြည် လိုတွေ ရှိနေမယ်။
ဦးကုလား လို ၊ ဒေါ်ခင်တီ လို၊ ဓာတ်ခဲ လို မိသားစု ရှိနိုင်တယ်။
ကိုကြီးငွေ လို၊ စာကလေး လို  ရှိနိုင်မယ်။ကျော်ကွန့် နဲ့ လှထုံ ၊  ဉာဏ်စိန် နဲ့ မလုံး ရှိမယ်။
ဒေါ်ပို၊ ပွကြီး၊ ဒေါ်မှိန်၊ ဦးဖိုးဗျော့ တို့ ရှိဦးမယ်။
ဖိုးနီ ရှိမယ်၊ ပတေးရှိမယ်၊ ဘာနူးရှိမယ်။ မပွေး ရှိမယ်။
အားလုံးက ချစ်ဖို့ ကောင်းနေတာ မြင်ရတယ်။
ဒီလို ဇာတ်ကောင် တွေ နဲ့ သူတို့ စရိုက်တွေကို အမြဲလွမ်း နေရတော့ မှာပါ။
လူ့လောကထဲက လူအကြောင်းလေး တွေ ကို ရိုးရိုး ရှင်းရှင်းလေး ဖွဲ့ပြတတ်တဲ့ လက်ရာ ကို ဘယ်လို အစားထိုး နိုင်ပါ့မလဲ။

သူ့စာလေး ကိုဖတ် ….  ရီမောပြီးတော့ ….

ချစ်စရာ စာတွေ နဲ့ လူ့လောက၊ စာပေလောက ကြီး ကို အကျိုးပြု သွားတဲ့  (ဦး)မင်းလူ ကို လွမ်းကြပါစို့။

============================================

ဒုံးပျံကြီးငွေ

မိုးကလေးတဖွဲဖွဲရွာလိုက်၊ နေကလေးသာလိုက်၊ ကောင်းကင်မှာ တိမ်ဆိုင်တိမ်တိုက်တွေ တက်လာလိုက်၊ ညနေဘက်မှာ တိမ်တွေ တောက်လိုက်ဖြစ်လာလျှင် မိုးကုန်တော့မည်မှန်း သိသာ၏။
“သတိ ဗြောက်အိုးဖောက်လျှင် ထောင်ဒဏ်သုံးနှစ်”
ဟူ၍ အစချီသောသတိပေးကြေညာချက်ကို ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ကြားရပြီဆိုလျှင် သီတင်းကျွတ်တော့မည် ဖြစ်ကြောင်း ကလေး လူကြီးအားလုံး သိကြလေသည်။

“ဟဲ့၊ သေနာကောင်လေးတွေ ကြားလား။ ဗြောက်အိုးဖောက်ရင် ထောင်သုံးနှစ်တဲ့”
ဟု လူကြီးမိဘတွေက သတိပေးကြသည်။
ကလေးတွေကလည်း
“ရှူးဒိုင်းဖောက်တာမပါဘူး”
ဟု ပြန်ပြောကြလေ၏။

ဘာပဲဖြစ်ဖြစ် ကလေးတွေကတော့ ပျော်ကြသည်။ သီတင်းကျွတ်လျှင် ကျောင်းဆယ်ရက်လောက်ပိတ်မည်။ စိတ်ရှိလက်ရှိ အားရအောင်ဆော့ရမည်။ မီးပန်းတွေ၊ ရှူးဒိုင်းတွေ ပစ်ဖောက်ကြမည်။
အရွယ်လည်းရောက်ပြီး ရည်းစားလည်းရှိပြီးသူတွေကတော့ ခံစားမှုနှစ်မျိုးရှိကြ၏။
ပထမအမျိုးအစားက အလုပ်အကိုင်အဆင်ပြေ၊ ဝင်ငွေကောင်း၊ စုပြီးဆောင်းပြီးရှိကြသူများဖြစ်၏။ သူတို့သည် သီတင်းကျွတ်ဖို့ကို မျှော်လင့်စောင့်စားနေခဲ့ကြရ၏။ မိန်းမယူချင်လှပြီ။

ဝါတွင်းကြီးမို့ မတတ်သာလို့ အောင့်အည်းနေခဲ့ကြရတာ။ ခုတော့ လွတ်ပြီ ကျွတ်ပြီ။ မင်္ဂလာဆောင်ကို အမြန်ဆုံးလုပ်ဖို့ စိုင်းပြင်းရမည်။

ထမင်းကျွေးဖြစ်လျှင် ဝက်သား၊ ကြက်သား၊ ငါးသလောက်ပေါင်းတို့နှင့် ကျွေးရမည်။ ဒါမှမဟုတ် အုန်းနို့ခေါက်ဆွဲ သို့တည်းမဟုတ် ရေခဲမုန့်နှင့်ကိတ်မုန့်ကျွေးမည်။

မင်္ဂလာဦးညမှာ သူငယ်ချင်းတွေကို အရက်တိုက်မည်။ မိမိလည်း ဝအောင်သောက်ပြီး အပြတ်ကဲပစ်မည်။

ပါးကလေးနမ်းတာတောင် ရှက်စရာကြီးဆိုပြီး အဖြစ်သည်းနေတဲ့ ကောင်မလေးတော့ အဲဒီည လှလှကြီးတွေ့ကြသေးတာပေါ့။ စသည်ဖြင့် စိတ်ကူးယဉ်လို့အကောင်းဆုံးကာလ။
အလုပ်အကိုင် အဆင်မပြေသူ။ စီးပွားရေးအခြေအနေ မကောင်းသူတွေကတော့ ဒီအချိန်မှာ ဒုက္ခလှလှကြီးကြုံရပြီ။ ဟိုအရင်ကတော့ အချိန်တွေရသေးတာပဲဆိုပြီး သီတင်းကျွတ်ရင် လက်ထပ်ပါ့မယ် ဘာညာနှင့် ကတိတွေ စွပ်စက်ပေးခဲ့မိသည်။

တကယ်သီတင်းကျွတ်လာသော်လည်း မယူနိုင်သေး။ တောင်လိုလို၊ မြောက်လိုလိုလုပ်ရင်း ကိုယ့်ရည်းစားကို မျက်နှာပူပူနှင့် ရင်ဆိုင်ရသည်။ မိန်းကလေးအိမ်ကို သိပ်အဝင်အထွက် မလုပ်ရဲတော့ဘဲ ယောက္ခမလောင်းကို လှည့်ပတ်ရှောင်နေရ၏။
မိန်းကလေးဘက်ကကျတော့လည်း ချစ်သူယောက်ျားလေးနှင့် တွေ့သည့်အခါတိုင်း အရင်လိုချွဲဖို့၊ ကဲဖို့ကို သိပ်စိတ်မဝင်စားတော့။ လက်ထပ်ဖို့ကိစ္စကို ဘယ်တော့ စကားစလာမလဲဆိုတာကိုသာ မျှော်တလင့်လင့်ဖြစ်နေရသည်။
ယောက်ျားလေးဘက်က မသိချင်ယောင်ဆောင်ပြီး တောင်လိုလို မြောက်လိုလို လုပ်နေသောအခါ မချင့်မရဲဖြစ်ရ၏။ နှုတ်နည်းသူ၊ အားနာတတ်သူမိန်းကလေးမျိုးဆိုလျှင် ကြိတ်မှိတ်မျိုသိပ်ပြီး တိတ်တခိုးမျှော်လင့်ရသည်။
နည်းနည်းပြောရဲဆိုရဲရှိသော မိန်းကလေးကျတော့ အရိပ်အမြွက်လောက်ဖွင့်ပြောပြီး သတိပေးမည်။
“သီတင်းကျွတ်တော့မယ်နော်”
“ဟိုနေ့ကတောင် သူငယ်ချင်းတွေက မေးသေးတယ်။ မစားရသေးဘူးလားတဲ့”
ဒီထက်ပိုပြီးပွင့်လင်းသူဆိုလျှင်
“ပစ္စည်းလေး ဘာလေးတွေ လိုတာစုထားရင်ကောင်းမယ်ထင်တယ်။ တော်ကြာ ဈေးတက်ကုန်မယ်”
“အမေက ခဏခဏမေးတယ်သိလား။ တို့လည်း လှည့်ပတ်ဖြေရတာကြာတော့ ရှက်တောင်ရှက်လာပြီ”
စသည်ဖြင့် အလိမ္မာဖက်၍ အကျပ်ကိုင်လိမ့်မည်။ ခပ်ပြောင်ပြောင်ပြောတတ်သူ၊ စိတ်မရှည်နိုင်တော့သူတွေကတော့
“ဒါပဲနော်။ အဖေတို့ အမေတို့က သိပ်ကြာကြာစောင့်နိုင်မှာမဟုတ်ဘူး။ သူတို့သိက္ခာကျတယ်လို့ ပြောနေကြပြီ။ အစ်ကိုတွေ၊ အစ်မတွေကလည်း မနှစ်က သီတင်းကျွတ်မှာ အဆင်မပြေကတည်းက ဒေါသဖြစ်နေကြတာ။ မနည်းထိန်းထားရတာ။ နောက်တော့သာ အဆိုးမဆိုနဲ့”
“ဘယ်လိုလဲ၊ ရှင်ပြောခဲ့တဲ့ သီတင်းကျွတ်လက်ထပ်မယ်ဆိုတဲ့စကားက အင်္ဂါဂြိုဟ်ပေါ်က သီတင်းကျွတ်ကို ပြောတာလား။ ဒီအတိုင်းဆို ကျွန်မဘက်က ပေးထားတဲ့ကတိကို ပြန်စဉ်းစားရတော့မယ်”
ဟူ၍ ပေါ်တင်ခြိမ်းခြောက်ကြတော့သည်။
ငနဲသားများမှာ ခေါင်းလေးတကုတ်ကုတ်၊ သွားလေးဖြဲလိုက်၊ မသဲမကွဲရေရွတ်ညည်းညူလိုက်၊ “ဒါကတော့ ဒီလိုရှိပါတယ်” ဆိုပြီး စိတ်ကူးတည့်ရာ လျှောက်အကြောင်းပြရသည်။
ဒီစာရင်းထဲမှာ မောင်ဝလည်းပါသည်။ သို့ရာတွင် သူများတွေနှင့်မတူတာတော့ရှိ၏။ မောင်ဝက လေကြွားတတ်သူမဟုတ်။ အစကတည်းက သူ့အခြေအနေကို ပွင့်ပွင့်လင်းလင်းပြောထားခြင်းဖြစ်၏။
မူလက ဝါမဝင်ခင် လက်ထပ်နိုင်အောင် ကြိုးစားမည်ဟု ဆိုခဲ့သည်။ မနက်ပိုင်း ကုန်စိမ်းရောင်းရုံနှင့် အားမရဘဲ ရေပါ ထမ်းရောင်းသည်။ နောက်တော့ ရေစည်လှည်းတွန်းသည်။ ဝင်ငွေက ပိုလာသလို စားသောက်စရိတ်ကလည်း တက်လာသဖြင့် ငွေ သိပ်မစုနိုင်။

ဒီတော့ သီတင်းကျွတ်လက်ထပ်နိုင်ဖို့ ကြိုးစားရပြန်သည်။ ဒါလည်း အဆင်မပြေ။ မိုးတွင်းကျတော့ ရေက သိပ်မရောင်းရ။ ရပ်ကွက်ထဲမှအိမ်တွေက မိုးရေ ခံသုံးကြသည်။

ဒီတော့ သိပ်တွက်ခြေမကိုက်လှဘဲ သူမှန်းထားသည့်အတိုင်းဖြစ်မလာ။ မောင်ဝသည် သူများလို ပတ်ချွဲနှပ်ချွဲလည်း မပြောတတ်။ လှည့်ပတ်ဆင်ခြေပေးတာမျိုးလည်း မလုပ်တတ်။ မလာရဲလို့ ရှောင်ဖယ်လုပ်နေတာမျိုးလည်းမရှိ။
“ငါလည်း ကြိုးစားပြီးငွေစုတာပဲဟာ။ ဘယ်လိုက ဘယ်လိုကုန်သွားမှန်းမသိပါဘူး”
ဟု ရိုးရိုးရှင်းရှင်းပင် အကြောင်းပြသည်။
ရွှေကြည်သည် မောင်ဝစကားကို ယုံကြည်သည်။ မောင်ဝ မဟုတ်တာ၊ မမှန်တာကို ပြောလေ့လုပ်လေ့မရှိ။ တစ်ခါတလေ သူငယ်ချင်းအုပ်စုနှင့် ထန်းရည်လေးဘာလေး သောက်တာလောက်တော့ ရှိသည်။ သုံးဖြုန်းလောင်းကစားမျိုး မလုပ်တတ်။ ပြီးတော့ တကယ်ပင် မောင်ဝ အပင်ပန်းခံပြီး ကြိုးစားငွေရှာနေတာ မျက်မြင်ပင်ဖြစ်၏။ ဒီကြားထဲက အဆင်မပြေတာ မောင်ဝအပြစ်မဟုတ်။ ဒါဆို ဘယ်သူ့အပြစ်လဲဆိုတာကိုလည်း ရွှေကြည် မဆန်းစစ်တတ်။
မောင်ဝကို သူ တကယ်ချစ်သည်။ မောင်ဝက သူ့ကို သိပ်ချစ်ကြောင်းကိုလည်း သူသိ၏။ ထို့ကြောင့် မောင်ဝကို သူ အပြစ်မပြော။ လောဆော်ခြင်းလည်းမပြု။
“ကျွန်မ စောင့်နိုင်ပါတယ် ကိုမောင်ဝရယ်”
ဟူ၍သာ ဟိုအရင်ကအတိုင်း ပြောလိုက်လေသည်။
မောင်ဝမှာ လူပျင်းလူညံ့တစ်ယောက်မဟုတ်။ သမ္မာအာဇီဝအလုပ်ဆိုလျှင် ဘယ်လောက်ပင်ပန်း ပင်ပန်း လုပ်ရဲသည်။ လုပ်လည်း လုပ်ခဲ့သည်။ မဟုတ်တာ၊ မမှန်တာ ဘယ်တော့မှမလုပ်သဖြင့် ဘယ်သူ့ကိုမှလည်း မကြောက်။ သူမှန်တယ်ထင်ရာ ပြောရဲ ဆိုရဲ လုပ်ရဲသူဖြစ်၏။
ဒါကိုလည်း သူက ဂုဏ်ယူတတ်သည်။ ထန်းရည်ကလေး နည်းနည်းထွေလာသည့်အခါ…
“လောကကြီးမှာ မောင်ဝကြောက်ရမယ့်သူ မမွေးသေးဘူးကွ”
ဟု ကြုံးဝါးတတ်သည်။
ခုတော့ဖြင့် မောင်ဝကြောက်ရမယ့်သူ ပေါ်လာပြီ။ မြင်မြင်ထင်ထင် ဆိုလျှင်တော့ မောင်ဝ၏လက်သီးစာ မိသွားနိုင်သည်။ ခုဟာက အကောင်အထည်မြင်ရတာလည်းမဟုတ်။ နာနာဘာဝလိုဟာမျိုးဆိုလျှင်လည်း တော်သေးသည်။ ကိုရင်ဝတ်တုန်းက ဆရာတော်သင်ပေးထားသည့် ဂါထာရွတ်ဆိုပြီး မောင်းထုတ်နိုင်သည်။ ဒါမှမဟုတ် ညဘက်ကင်းလှည့်တာဝန်ကျတုန်းကလို လုပ်လို့ရသေးသည်။ သရဲခြောက်သည်ဆိုသော ကုက္ကိုလ်ပင်ကြီးအောက်ရောက်လျှင် သေးနှင့်ကော့ပန်း၊ ဆဲဆိုပြီး အပင်ပေါ်သို့ လေးခွနှင့်ထုတာမျိုးဖြစ်၏။
ဒီဟာက နာနာဘာဝလည်းမဟုတ်။ ပြူးပြဲခြောက်လှန့်နေတာလည်းမဟုတ်။ သို့တိုင်အောင် မကြောက်ဘဲ မနေနိုင်။ မောင်ဝလို ဆတ်ဆတ်ကြဲကောင်မျိုးကတောင် ကြောက်ရတယ်ဆိုတော့ နှယ်နှယ်ရရထဲက မဟုတ်နိုင်။ မှန်၏။ ထိုသူကား “ကုန်ဈေးနှုန်း”ဆိုသော ပုဂိ္ဂုလ်ပင်ဖြစ်လေ၏။

* * *

ဆရာသစ္စာနီရေးသည့် အက်ဆေးတစ်ပုဒ်ထဲကလိုပင် သီတင်းကျွတ်ဆိုသည်မှာ လူပျိုကြီးတွေနှင့် ဘာမျှမဆိုင်။ သူတို့အဖို့ ဝါပဲဝင်ဝင်၊ သီတင်းပဲကျွတ်ကျွတ်၊ တန်ဆောင်ပဲမုန်းမုန်း၊ ဘာမှထူးခြားတာမဟုတ်။ သို့ရာတွင် သူတို့ကိုယ်တိုင်ကတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲဖြစ်နေကြ၏။
သီတင်းကျွတ်ဆိုတာက သူတို့၏ဆုံးရှုံးမှုကို တစ်နှစ်တစ်ခါ သတိပေးသည့်ပွဲဟု ထင်နေသည်။ သူတို့၏ညံ့ဖျင်းမှုကို ရှုတ်ချသည့်ပွဲဟု မြင်နေသည်။ သူများတွေ မင်္ဂလာဆောင်ဖို့စီစဉ်ကြ၊ ကြိုးစားကြတာတွေကြည့်ပြီး တရားပဲကျသလိုလို၊ အားပဲကျသလိုလို မနာလိုတိုရှည်ပဲဖြစ်သလိုလိုနှင့် နေမထိထိုင်မသာရှိနေကြလေသည်။
လမ်းမှာတွေ့လို့ ရိုးရိုးတန်းတန်းနှုတ်ဆက်တာကိုပင် သူတို့ကို ထေ့တာ၊ ငေါ့တာလား၊ လှောင်တာပြောင်တာလားဟု သံသယမျက်လုံးဖြင့် ပြန်ကြည့်တတ်သည်။
အချို့အပျိုကြီးတွေက အိမ်ထဲက အိမ်ပြင် သိပ်မထွက်ဘဲနေသည်။ လူပျိုကြီးတွေကလည်း အပျိုကြီးတွေကို မျက်နှာချင်း မဆိုင်ဘဲ ရှောင်နေကြသည်။ သူတို့တွေ အပျိုကြီးဖြစ်ရခြင်းမှာ မိမိတို့အပြစ်မကင်းသလိုလို ဘာလိုလိုနှင့် မဆီမဆိုင် မျက်နှာပူနေကြသောကြောင့်ဖြစ်၏။
အပျိုကြီးတွေကတော့ လူပျိုကြီးတွေအပေါ် အလိုလိုနေရင်းကြည့်မရဘဲ မျက်မုန်းကျိုးနေကြသည်။ ဘာကြောင့် ခုလို ဖြစ်ရတာလဲ ဆိုတာလဲ အကြောင်းရှာမရ။ ကိုယ်ကကျိတ်ပြီး ကြိုက်နေမိလို့လည်းမဟုတ်။ ဒါတွေ စိတ်မဝင်စားလို့ ဃရာဝါသော ဗဟုကိစ္စောတွေကြောက်လို့ လူပျိုကြီး၊ အပျိုကြီးလုပ်နေတာပဲဟာ။
“ဘာပဲဖြစ်ဖြစ် လူပျိုကြီး၊ အပျိုကြီးများမှာ အများသူငါထက် ဘာမှ အောက်တန်းနောက်တန်း မကျပါဘဲလျက် ကိုယ်လက် အင်္ဂါ မစုံလင်သူတစ်ယောက်လို လူတောမတိုးရဲသောအဖြစ်သို့ ရောက်နေရသည်။
ပူစပ်ပူလောင်နိုင်သော သီတင်းကျွတ်နေရောင်အောက်တွင် နေမထိ ထိုင်မသာဖြစ်နေကြရရှာလေ၏။

* * *

သီတင်းကျွတ်ခါနီးပြီဆိုလျှင် ဦးကုလားနှင့် ဒေါ်ခင်တီတို့ အကန်တော့ခံရန် ပြင်ဆင်ကြရသည်။ သူတို့ခေါက်ဆွဲစက်မှ အလုပ်သမားမိသားစုများက လာကန်တော့ကြသောကြောင့်ပင်ဖြစ်၏။
ကန်တော့ရာတွင် တချို့တလေ ကလေးတွေပါလာသည်။ ကလေးချည်း လေးငါးခြောက်ယောက် ပါလာတတ်သူတွေလည်း ရှိသည်။ ဒီလိုအခါမျိုးမှာ ကလေးတွေကို မုန့်ဖိုးပေးရသည်။ လူစေ့တက်စေ့ ပေးနိုင်အောင် နှစ်ဆယ်တန်အသစ်ကလေးတွေ အုပ်လိုက်ရှာလဲထားရ၏။ ဒါဟာ မြန်မာ့လုပ်ငန်းရှင်တို့၏ မိမိအလုပ်သမားများကို ဘောနပ်စ်ပေးနည်းတစ်မျိုးလည်းဖြစ်၏။
ဒီနှစ်အဖို့ သူတို့ကို ပထမဆုံးလာကန်တော့သူမှာ အလုပ်သမားထဲကမဟုတ်။ သူတို့၏သား ဓာတ်ခဲကိုယ်တိုင်ပင်ဖြစ်၏။ သူက အဖေနှင့်အမေကို စိပ်ပုတီးတစ်ကုံးစီနှင့် ကန်တော့သည်။ ဦးကုလားနှင့်ဒေါ်ခင်တီတို့မှာ ဓာတ်ခဲ၏ လိမ္မာသိတတ်မှုကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရ၏။ ငယ်ငယ်တုန်းကဆိုးသလောက် တဖြည်းဖြည်း လိမ္မာလာပြီဟု ယူဆကြသည်။
ဦးကုလားက မျက်ရိပ်ပြသောအခါ ဒေါ်ခင်တီက ချွေးခံအကျင်္ ီအိတ်ထဲမှ ငွေနှစ်ရာတန်တစ်ရွက် ထုတ်ပြီး ဓာတ်ခဲကိုပေးသည်။
ဓာတ်ခဲက..
“ဟာ နည်းတာပေါ့ အမေရ။ ကျွန်တော့်အရင်းတောင် တစ်ရာ့ငါးဆယ်ရှိတယ်။ စိပ်ပုတီးကိုလည်း သေသေချာချာကြည့်ပါဦး။ သစ်ကနက်သားနဲ့လုပ်ထားတာ”
ဟု ပြောသည်။ ဒေါ်ခင်တီက တစ်ရာထပ်ဖြည့်ပေးသည်။
“လေးရာတော့ ပေးသင့်ပါတယ်ဗျာ။ အဖေနှစ်ရာ၊ အမေနှစ်ရာပေါ့”
ဦးကုလားက မျက်လုံးတစ်ချက်ပြူးပြီး တစ်စုံတစ်ခုပြောမည်အပြု ဒေါ်ခင်တီက နှစ်ရာတန်တစ်ရွက်ကို ဓာတ်ခဲလက်ထဲသို့ ပေးနှင့်ပြီးဖြစ်နေသည်။
“ခုလို မင်္ဂလာရှိတဲ့အချိန်မှာ ဆူတာ ပူတာမလုပ်ပါနဲ့ရှင်။ ကလေးက မိဘကို ကန်တော့ဖို့ သိတတ်တာပဲ ဝမ်းသာစရာမဟုတ်လား”
ဟု ဓာတ်ခဲထွက်သွားပြီးနောက် ပြောသည်။
ခေါက်ဆွဲစက်အလုပ်သမားမိသားစုများက လာကန်တော့ကြသည်။ ဦးကုလားနှင့် ဒေါ်ခင်တီတို့က မုန့်ဖိုးပြန်ပေးကြသည်။
ဓာတ်ခဲ့သည် သူရရှိသောငွေများဖြင့် မီးရှူးမီးပန်းမျိုးစုံဝယ်ပြီး ပစ်ဖောက်လေသည်။ နိုင်ငံခြားမှဝင်လာသည့် မီးရှူးမီးပန်းမျိုးစုံများမှာ အမျိုးအစားလည်းကောင်းသည်။ တစ်ဆင့်ကွဲ၊ နှစ်ဆင့်ကွဲ ရောင်စုံများဖြစ်၍ အလွန်ကြည့်လို့လှသည်။ ဈေးကလည်း ကြီးသည်။ နှစ်ဆယ် အစိတ်မှ ရှစ်ဆယ် တစ်ရာကျော်အထိရှိ၏။
ဒီတော့ ရပ်ကွက်ထဲက ကလေးအများစုမှာ မဝယ်နိုင်။ ပြည်တွင်းဖြစ်မီးပန်းများကိုသာ အာသာပြေ ဆော့ကစားရ၏။ ပြည်တွင်းဖြစ်များကလည်း မီးရှိူ့လိုက်လျှင် မီးခိုးတွေသာ အူထွက်ပြီး မီးပန်းနှင့်မတူဘဲ ဝါယာကြိုးရှော့ဖြစ်တာနှင့်သာ တူနေလေ၏။ ထို့ကြောင့် သူတို့မှာ ဓာတ်ခဲ၏မီးရှူးမီးပန်းကိုသာကြည့်ပြီး သွားရည်ယိုရသည်။
ဓာတ်ခဲက…
“မင်းတို့လည်း မင်းတို့အဖေ၊ အမေတွေ ဝယ်ခိုင်းပါလားကွ”
“ဘယ်ဝယ်နိုင်မလဲကွာ။ ဈေးက သိပ်ကြီးတာ”
“ငါ့လိုလုပ်ပါလားကွ။ မင်းတို့မိဘတွေကို ကန်တော့ပြီး မုန့်ဖိုးတောင်းပေါ့”
“မုန့်ဖိုးတောင်းဖို့ နေနေသာသာ သူတို့တောင် အဘိုးနဲ့အဘွားကို ကန်တော့ဖို့ ပိုက်ဆံမရှိလို့ ညည်းနေတာ ကြားခဲ့သေးတယ်”
“ဒါဆို ဒီလိုလုပ်။ ငါတို့အဖေက လာကန်တော့သမျှလူတွေကို မုန့်ဖိုးပေးနေတာ။ မင်းတို့လည်း ပိုက်ဆံစုပြီး ဖယောင်းတိုင်တို့၊ အမွှေးတိုင်တို့ဝယ်ပြီး ငါတို့ဖေနဲ့မေကို လာကန်တော့ပါလား။ တစ်ယောက်ကို မုန့်ဖိုးနှစ်ဆယ်လောက်ရမှာ သေချာတယ်။ တစ်ယောက် ငါးကျပ်လောက်စုရင် ရတယ်ကွ”
“ဖြစ်ပါ့မလားကွ”
“သိပ်ဖြစ်တာပေါ့။ ငါတို့အမေကဆိုရင် သိပ်အကန်တော့ခံချင်တာကွ”
“ခက်တာက ငါတို့မှာ ငါးကျပ်တောင်ရှိတာမဟုတ်ဘူး”
ဓာတ်ခဲ ခဏစဉ်းစားပြီး..
“ငါအကြံရပြီကွ။ မင်းတို့ကို ငါ တစ်ယောက်ငါးကျပ်စီချေးမယ်။ မင်းတို့မုန့်ဖိုးနှစ်ဆယ်ရရင် ငါ့ကို တစ်ဆယ်ပြန်ပေးရမယ်။ ဘယ့်နှယ့်လဲ”
အားလုံးသဘောတူကြသည်။ ဓာတ်ခဲချေးသည့်ငွေဖြင့် ပစ္စည်းဝယ်ပြီး ဦးကုလားနှင့်ဒေါ်ခင်တီကို သွားကန်တော့ကြသည်။ ဦးကုလားက ဓာတ်ခဲ၏အကြံအစည်ကို မသိဘဲ အခုခေတ်ကလေးတွေ တယ်တတ်သိ လိမ္မာကြတာပဲဟု သဘောကျပြီး မုန့်ဖိုးနှစ်ဆယ်စီ ပေးလိုက်သည်။ ဓာတ်ခဲက ငါးကျပ်ရင်းပြီး တစ်ဆယ်ပြန်ရသည်။
ဦးကုလားက လာကန်တော့သမျှကလေးတွေကို မုန့်ဖိုးနှစ်ဆယ်စီပေးနေတယ်ဆိုပြီး သတင်းက ပျံ့နှံ့သွားသည်။ ထိုအခါ တခြားကလေးတွေကလည်း လူစုပြီး သွားကန်တော့ကြသည်။ တချို့မိဘတွေ ကိုယ်တိုင်က သူတို့ကလေးတွေကို ဦးကုလားတို့အား သွားကန်တော့ရန် တိုက်တွန်းစေလွှတ်ကြလေသည်။
ဦးကုလားနှင့် ဒေါ်ခင်တီတို့မှာ ကိုယ့်ကိုလာကန်တော့သူကို မကန်တော့ပါနဲ့လို့ ပြောလို့လည်းမဖြစ်။ လျှော့ပေးပြန်လည်း မကောင်း။ ကိုယ်က ရပ်ကွက်ထဲမှာ လူကုံထံလိုဖြစ်နေသဖြင့် သိက္ခာမကျရအောင် လာကန်တော့သမျှ နှစ်ဆယ်စီပေးနေရသည်။ နှစ်ဆယ်တန်တစ်အုပ်နှင့်မလောက်သဖြင့် နောက်တစ်အုပ် ထပ်လဲရသေးသည်။
မသီးကတော့ သူတို့မှာ ကလေးမရှိတာ ဒီတစ်ပွဲနာသွားသည်ဟု ပေသီးတွက် တွက်သည်။ ထုံးစံအတိုင်း “ကျုပ် ကလေးမရတာ ရှင့်ကြောင့်”ဟု ကိုကြီးငွေကို မဆီမဆိုင် အပြစ်တင်လိုက်သေးသည်။

သူတို့ရပ်ကွက်ထဲက လူများကတော့ သီတင်းကျွတ်ကို မသိချင်ယောင်ဆောင်နေကြ၏။ ငွေရေးကြေးရေး အခြေအနေကြောင့် မင်္ဂလာဆောင်လည်း တစ်ခုမျှမရှိ။ မြန်မာပီပီ
အလှူအတန်းကလေး ဘာလေး လုပ်ချင်ကြသော်လည်း အခက်အခဲကလေးတွေကြောင့် မတတ်သာဘဲ ဆိုင်းငံ့ထားရ၏။

ဘုန်းကြီးကျောင်းဆရာတော်ကလည်း အလိုက်သိစွာပင် ကထိန်ကျမှ စည်စည်ကားကားလေးဖြစ်အောင်လုပ်ကြဟု မိန့်တော်မူရှာသည်။ ခေါက်ဆွဲစက်နှင့် ဗီဒီယိုရုံပိုင်ရှင်ဦးကုလားက

“ကထိန်ကိုတော့ တပည့်တော် ကမကထလုပ်ပြီး မဖြစ်ဖြစ်အောင် စီစဉ်ပါ့မယ်”

ဟု ကတိပေးသည်။

သူတို့ရပ်ကွက်က ခပ်ကုပ်ကုပ်လုပ်နေသော်လည်း တစ်ဖက်ရပ်ကွက်ကတော့ စီးပွားရေးအခြေအနေမဆိုးလှဟု ဆိုရမည်။ မင်္ဂလာဆောင်တစ်ခုတိတိ ဖြစ်မြောက်သွား၏။ ကြီးကြီးကျယ်ကျယ်တော့မဟုတ်။ မင်္ဂလာဆွမ်းကပ်ပြီး လူတွေကို ရေခဲမုန့်နှင့် ကိတ်မုန့် တစ်ခုစီကျွေးနိုင်သည်။

ကိုစာကလေးကလည်း လုပ်ငန်းတစ်ခု အဆင်ပြေလို့ဆိုပြီး ဗီဒီယိုစက်ငှား၍ သူ့အိမ်ရှေ့မှာ မိုးအလင်းပြသည်။ တချို့လူတွေက..

“ကိုစာကလေးလုပ်ငန်းအဆင်ပြေတာမဟုတ်ဘူး။ နှစ်ဆယ်ကွက်ပေါက်တာ”

ဟု အတည်မပြုနိုင်သောသတင်းရပ်ကွက်ကို ကိုးကား၍ ပြောကြ၏။

ဘာပဲဖြစ်ဖြစ် ကိုကြီးငွေအနေဖြင့် မခံချိမခံသာဖြစ်ရတာတော့ အမှန်ပါပဲ။ သူ့ရပ်ကွက်က ခြောက်ခြောက်ကပ်ကပ် တိတ်တိတ် ဆိတ်ဆိတ်ဖြစ်နေပြီး တစ်ဖက်ရပ်ကွက်က ပွဲကလေး လမ်းကလေးလုပ်လိုက်နိုင်သည်။ အထူးသဖြင့် သူ၏ပြိုင်ဘက်ကြီး ကိုစာကလေးက ဗီဒီယိုအလှူရှင်ဖြစ်ပြီး တစ်ကွက်သာသွားတာကို မကျေမနပ်ပို၍ဖြစ်ရ၏။
ထို့ကြောင့် တစ်ခုခုတော့ လုပ်ပြဖို့ အပူတပြင်းစီစဉ်လေတော့သည်။ သီတင်းမကျွတ်ခင်တုန်းကလည်း တစ်ခါ ကြိုးစားခဲ့ဖူးသေးသည်။ သူက ဘယ်သူ့ကိစ္စမဆို သူ ဦးဆောင်မှဖြစ်မည်ဟု သူ့ဘာသာခံယူထားသူဖြစ်သည်။

ရပ်ကွက်အတွင်းမှာ သီတင်းကျွတ်အတွက် အလှူငွေလိုက်ကောက်မည်။ ပြီးတော့ ရပ်ကွက်အလယ်လမ်းတစ်လျှောက်မှာ ဝါးလုံးတိုင်တွေစိုက်ပြီး မီးပုံးတွေထွန်းမည်။ ဖြစ်နိုင်လျှင် ကိုလှိုင်တို့၏ အရပ်တီးဝိုင်းဖြင့် စတိတ်ရှိူးလေးတစ်ခုလုပ်မည်။ ဗီဒီယိုပြနိုင်လျှင် ပြမည်။ စတိတ်ရှိူးလုပ်ဖြစ်လျှင် “မမမန်းကေသီ”သီချင်းကို သူကိုယ်တိုင်ဆိုမည်ဟု စိတ်ကူးထား၏။

အလှူငွေကောက်ဖို့ကိစ္စမှာ သူတစ်ယောက်တည်းနှင့်လုပ်လို့မရ။ ရပ်ကွက်အာဏာပိုင်တွေ အကူအညီလိုသည်။ ထို့ကြောင့် ရပ်ကွက်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးရုံးကိုသွားပြီး တင်ပြသည်။ အတွင်းရေးမှူးကိုပိန်က

“ကိုကြီးငွေစိတ်ကူးက ကောင်းပါတယ်။ ဒါပေမယ့် ဒီလထဲမှာ ဟိုကိစ္စတွေအတွက် အလှူငွေကောက်တာ တော်တော်များနေပြီဗျ။ ထပ်ကောက်ရမှာ မျက်နှာပူစရာကြီး”

“ဒီကိစ္စလည်း ရပ်ကွက်ရဲ့သာရေးနာရေးလှုပ်ရှားမှုတစ်ခုပဲလေ။ တစ်ဖက်ရပ်ကွက်က လုပ်ဖို့စီစဉ်နေပြီ။ ကျွန်တော်တို့မလုပ်နိုင်ရင် အင်ပရက်ရှင်ဒေါင်းတာပေါ့”

“အင်း၊ ဟုတ်တော့ ဟုတ်တာပေါ့။ ကိုကြီးငွေကြိုးစားကြည့်လေ။ ကျွန်တော်တို့ တတ်နိုင်သလောက်ပံ့ပိုးပါ့မယ်”

ကိုပိန်က မယုတ်မလွန်ပြောလိုက်ခြင်းသာဖြစ်၏။ ဒါကို ကိုကြီးငွေက ပါမစ်တော့ရပြီဆိုပြီး အပီအပြင်လိုက်၍ အလှူခံလေတော့သည်။

ဦးကုလားက..

“ဒီရက် အလုပ်ကလေးပါးလို့ကွာ။ နို့မို့ဆို များများထည့်ပါတယ်”

ဟု စကားလှအောင်ပြောပြီး ငွေငါးဆယ် ထည့်လိုက်၏။

ဒီနေရာမှာ ကိုကြီးငွေစိတ်ကူးက မဆိုးလှ။ အလှူငွေကောက်ခံရာတွင် ထည့်ဝင်သူတို့၏ထုံးစံမှာ ရှေ့က ပထမဆုံးလူ၏ ထည့်ဝင်ငွေအနည်းအများလိုက်၍ ထည့်တတ်ကြ၏။ ထို့ကြောင့် ငွေများများထည့်မည့် ဦးကုလားအိမ်ကို အရင်ဝင်ခြင်းဖြစ်၏။

ဒုတိယဝင်ရမည့်အိမ်အဖြစ် ညဏ်စိန်တို့အိမ်ကို ရွေးထားသည်။ ညဏ်စိန်က အလွန်အားနာတတ်သူဖြစ်၍ ဦးကုလားထည့်သလောက် လိုက်ထည့်လိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့ရာတွင် ညဏ်စိန်က အိမ်မှာမရှိ။ သူ့မိန်းမ မလုံးနှင့်သာတွေ့သဖြင့် တစ်ဆယ်သာထည့်လိုက်၏။

ကျော်ကွန့်နှင့် လှထုံတို့ကလည်း တစ်ဆယ်ထည့်လိုက်သည်။ ဒေါ်မှိန်ကတော့ အင်တင်တင် လုပ်နေသည်။

“ခါတိုင်း အလှူငွေကောက်ရင် ဆယ်အိမ်မှူးပဲ အမြဲလာကောက်တတ်တာပဲ။ ခု သူက ဘာလို့ လိုက်မလာသလဲ”

ဟု ကိုကြီးငွေကို မယုံသလိုလိုပြောသည်။ ကိုကြီးငွေက

“ဆယ်အိမ်မှူးမအားလို့ပါ။ ကျွန်တော်က မဟုတ်တာပြောပါ့မလား။ ကိုယ့်ဂုဏ်သိက္ခာကို ဘယ်အထိခိုက်ခံပါ့မလဲ”

စသည်ဖြင့် ရှင်းပြမှ ငါးကျပ်ထည့်လိုက်၏။

ဖိုးနီဆီဝင်ပြီး အလှူခံတော့

“ဟာ သိပ်ကောင်းတဲ့အစီအစဉ်ပေါ့။ ကိုကြီးငွေတို့က ဒီလိုနေရာမျိုးမှာ သိပ်အားကိုးရတာပဲ”

ဟု ရွှန်းရွှန်းဝေအောင်ပြောသည်။ ကိုကြီးငွေက ပြုံးပြုံးကြီးနားထောင်နေပြီးနောက်

“ဒါဆို မင်း ဘယ်လောက်ထည့်မလဲ”

“အဲ ထည့်တော့ထည့်ချင်တယ်။ အနည်းဆုံး သုံးဆယ်လောက်ထည့်ချင်တာ။ ဒါပေမယ့် ပိုက်ဆံမရှိသေးဘူး။ ဒီလိုလုပ်ပါလား။ ကိုကြီးငွေ ခဏစိုက်ထားလိုက်လေ။ လကုန်တော့ ပြန်ပေးမယ်”

ဟု အလိမ္မာနှင့်ရှောင်တိမ်းလိုက်၏။ ကိုကြီးငွေအနေဖြင့် စိုက်ထည့်ထားဖို့ဆိုတာ မဖြစ်နိုင်။ ပြီးတော့ ဖိုးနီဆိုတဲ့ကောင်က ယုံရတာမဟုတ်။ နောက်တော့မှ ရူးသလို ကြောင်သလိုလုပ်ပြီး အမေ့ခံလိုက်ရင်ခံမည်။ ထို့ကြောင့် “နိုင်သလောက်ထည့်ပါကွာ။ နည်းတည် များတယ်မပြောပါဘူး”

ဆိုပြီး အပျော့ဆွဲမှ ငါးကျပ်တန်တစ်ရွက်ထွက်လာ၏။

မောင်ဝဆီကကောက်ဖု့ိတော့ ခပ်လန့်လန့်ပဲ။ တကယ်ပြောကြည့်တော့လည်း မောင်ဝမှာ ရွှေကြည်ကို လက်မထပ်နိုင်သေးလို့ စိတ်ညစ်နေရတဲ့ကြားထဲ အလှူငွေ လာကောက်နေသဖြင့်

“ခင်ဗျား တော်တော် အလိုက်ကန်းဆိုးမသိတဲ့လူကြီးပဲ။ ပိုက်ဆံရှာရတာ လွယ်တယ်များ မှတ်နေသလား။ သူများ ပင်ပင်ပန်းပန်းရှာထားရတဲ့ ပိုက်ဆံကို ခင်ဗျားက အောက်မေးလေးလှုပ်ပြီး လာအလှူခံလို့ရမလား”

ဟု ဟောက်လွှတ်သည်။ ကိုကြီးငွေမှာ မောင်ဝအကြောင်းကိုသိသဖြင့်…

“အေးပါကွာ၊ အေးပါကွာ။ ငါသိပါတယ်။ မင်းကတော့ အလှူငွေမထည့်ပါနဲ့။ လုပ်တဲ့ကိုင်တဲ့အခါကျရင်သာ လုပ်အားအလှူ ထည့်ပေါ့”

ဟု အချိုသတ်ပြီး လစ်ပြေးရသည်။

ဦးရှင်ကြီးတင်သည့် ဦးဖိုးဗြော့က..

“ကြီးငွေရာ ငါ့မှာ မီးကင်းဖိုးတောင် တစ်လစာ အကြွေးကျန်နေလို့ ဆယ်အိမ်မှူးက တကျီကျီလာလုပ်နေတာ”

ဟု စကားစခင်းသည်။ ကိုကြီးငွေက..

“သီတင်းကျွတ်ပြီလေဗျာ။ ဒီအချိန် ဝါထွက်ဆွမ်းတင်ကြတဲ့အချိန်ပဲ။ ဦးလေးဗြော့ ငွေရွှင်တဲ့အချိန်မှန်း သိပါတယ်ဗျာ”

ဟု ဖမ်းရှိူးကြည့်လိုက်သေးသည်။

“မထင်နဲ့ဟေ့ကောင်။ သိပ်တင်နိုင်ကြမှာမဟုတ်ဘူး။ ဟိုနေ့ကတောင် အပျိုကြီးဒေါ်ပိုက ဆွမ်းမတင်နိုင်သေးတဲ့အတွက် ဗွေမယူဖို့ တောင်းပန်ပေးပါလို့ လာပြောသွားသေးတယ်”

ထို့ကြောင့် ငါးကျပ်လောက်ပဲရရဆိုပြီး မနည်းချော့မော့တောင်းခဲ့ရ၏။

နောက်တစ်အိမ်က မပွေးတို့အိမ်ဖြစ်၏။ မပွေးကို သူ့ကြာဆံသုပ်ဆိုင်မှာ အဆင်သင့်တွေ့သည်။

“ကဲ..မပွေး၊ သီတင်းကျွတ်မီးထွန်းဖို့ အလှူငွေလာကောက်တာဗျ”

ဟု ကိုကြီးငွေ စကားစလိုက်ရာ..

“ဟာ ထည့်ရမှာပေါ့။ ရပ်ရေးရွာရေးပဲ”

မပွေးက ရှောရှောရှူရှူလက်ခံလိုက်သဖြင့် ကိုကြီးငွေ စိတ်သက်သာရာရသွားသည်။ မပွေးက ပေနေသောလက်ကို ဇလုံထဲ နှစ်ဆေးသည်။ လက်ကို သွေ့ရုံလောက် ထဘီနှင့်ပွတ်သုတ်လိုက်ပြီး ပိုက်ဆံသေတ္တာလေးကို ဖွင့်သည်။ ထို့နောက် ကျပ်တန်နွမ်းနွမ်း ကလေးသုံးရွက်။ လက်ညှိုးနှင့်လက်မကြားမှာညှပ်ပြီး ယူလိုက်၏။

“ကဲ ရော့၊ ကိုကြီးငွေ”

ကိုကြီးငွေ မျက်နှာရှုံ့မဲ့သွား၏။

“ဟာဗျာ လုပ်ငန်းရှင်တစ်ယောက်လုံးလုပ်နေပြီး သုံးကျပ်တည်း ဆိုတာကတော့ နည်းလွန်းပါတယ်”

ဟု မြှောက်လုံးကလေးနှင့် ပင့်ကြည့်သည်။ ပိုဆိုးသွား၏။

“အမယ်လေး အရပ်ကတို့ရေ၊ မပွေးတို့ ကံဇာတာတက်နေပုံကို လာကြည့်ကြပါဦး။ ကြာဇံသုပ်ရောင်းတဲ့လူကိုများ လုပ်ငန်းရှင်တဲ့ တော်ရေ”

မပွေးက ဟဲဗီးမက်တယ်သံဖြင့် ဆောင့်အော်လိုက်သဖြင့် ကိုကြီးငွေ လန့်သွားပြီး..

“အဲ… အဲ… ရပါတယ်ဗျာ။ သဒ္ဓါသလောက်ပါပဲ”

ဟု ပြောပြီး စိုထိုင်းထိုင်းကျပ်တန်သုံးရွက်ကိုယူ၍ အလျင်အမြန် လှည့်ထွက်ခဲ့ရ၏။

ကောက်ခံရရှိငွေကို ပေါင်းကြည့်သောအခါ နှစ်ရာတောင်မပြည့်ချင်။ ဒီလောက်နှင့် ဘာမှအလုပ်မဖြစ်။ စတိတ်ရှိူးလည်း လုပ်လို့မရ။ မီးလည်းထွန်းလို့မရ။

အလှူငွေထည့်ထားသူတွေကတော့ ကိုကြီးငွေ ဘာလုပ်မှာလဲဟု မေးကြသည်။ ကိုကြီးငွေက တစ်ခုခုတော့ လုပ်မှာပေါ့ဟု မယုတ်မလွန်ပြောသည်။ ဒီကြားထဲမှာ အလှူငွေတွေ ကိုကြီးငွေပဲ သုံးလိုက်သလိုလို သတင်းထွက်လာပြန်သည်။ သတင်းစဖြန့်သူက ပဲပြုတ်သည် ဒေါ်မှိန်ဖြစ်၏။ အလှူငွေထည့်တာက ငွေငါးကျပ်တည်း။ ပြောတာကတော့ တစ်ရပ်ကွက်လုံး နှံ့သွားသည်။

ကိုကြီးငွေ အကြံအိုက်နေ၏။ တစ်ခုခုတော့ လုပ်မှဖြစ်မည်။ ြုကာလျှင် ပြဿနာတက်မည်။ ရပ်ကွက်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူးကိုပိန်ကလည်း

“ကိုကြီးငွေ ဘာအခက်အခဲရှိလို့လဲ”ဟု သွယ်ဝိုက်ပြီး သတိပေးသည်။ သူ့မိန်းမ မသီးကတောင် မယုံသင်္ကာဖြစ်လာ၏။

“ရှင်ဟာလေ ဘယ်လောက်ပြောပြော မမှတ်ဘူး။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ဟိုစပ်စပ်၊ ဒီစပ်စပ်။ ခုတော့ ပြောဆိုကုန်ကြပြီ။ ကျုပ်ကိုမှန်မှန်ပြောစမ်း။ အဲဒီငွေတွေ ရှိရောရှိသေးရဲ့လား”

“ဟာ ဘာလို့မရှိရမှာလဲ။ မင်းကပါ ငါ့ကို စွပ်စွဲချင်နေပြီလား”

“အကြောင်းသိချင်းဆိုတော့ ထင်သင့် ထင်ရတာပဲ”

“ဒီမှာ မသီးရ။ ငါဟာ မင်းပိုက်ဆံကိုသာ သုံးချင်သုံးပစ်မယ်။ အများပိုင်တဲ့ပိုက်ဆံကိုတော့ ဘယ်တော့မှ အလွဲသုံးစား မလုပ်ဘူး။ ကြီးငွေမှာ သိက္ခာရှိတယ်၊ သမာဓိရှိတယ်၊ ဂုဏ်ဒြပ်ရှိတယ်။ ပြီးတော့…”

“တော်ပါတော့၊ ပိုက်ဆံတွေရှိသေးတယ်ဆို ပြီးတာပဲ။ လုပ်စရာရှိရင်လည်း မြန်မြန်လုပ်။ ကြာရင် ကျုပ်ကိုပါ မသင်္ကာဖြစ်လာလိမ့်မယ်”

ကိုကြီးငွေမှာ လူတတ်ကြီးလုပ်ချင်တာသာရှိသည်။ မဟုတ်တာတော့ မလုပ်တတ်မှန်း ရပ်ကွက်က သိကြသည်။ လုပ်ချင်း လုပ်လျှင် မသီးကသာ လုပ်လိမ့်မည်ဆိုတာ သိကြ၏။ ထို့ကြောင့် မသီးကလည်း သူအပြောမခံရစေရန် ကိုကြီးငွေကို ဝမ်နင်ပေးရခြင်း ဖြစ်၏။

ကိုကြီးငွေမှာ ဘာလုပ်ရမှန်းမသိသဖြင့် ညဘက်တောင် အိပ်မပျော်ဘဲဖြစ်နေသည်။ အိမ်အပြင်ထွက်ပြီး ပက်လက်ကုလားထိုင်လေးနှင့် ထိုင်တွေးနေသည်။ စိတ်ရှုပ်ရှုပ်နှင့် ကောင်းကင်ကို မော့ကြည့်ရင်း အဝေးမှာ လက်လက်လက်လက်ဖြစ်နေသော အရာတစ်ခုကိုမြင်သည်။ တဖြည်းဖြည်း မြင့်တက်လာ၏။ မီးပုံပျံတစ်လုံးပါလား။

ကိုကြီးငွေ ဝမ်းသာအားရ ထရပ်သည်။ တရွေ့ရွေ့တက်နေသော မီးပုံးပျံကိုကြည့်ရင်း ပြုံးပြုံးကြီးဖြစ်နေ၏။ ဟုတ်ပြီ။ မီးပုံးပျံလုပ်ပြီး လွှတ်မည်။ မီးပုံးပျံဆိုသော်လည်း သူများတကာလို မည်ကာမတ္တမဖြစ်စေရ။ အဆင့်မြင့်မြင့်ဖြစ်ရမည်။ ဟိုက်တက္ကနိုလိုဂျီ သဘောပါအောင် တွက်ချက်ပြီးလုပ်ရမည်။

လုပ်ငန်းမပြီးခင်အတွင်းမှာ တတ်နိုင်သမျှ လူသိနည်းအောင်လုပ်မည်။ ရပ်ကွက်ထဲကလူများမှာ ခေတ်သစ်နည်းပညာတွေ အကြောင်း နားလည်ကြတာမဟုတ်။ တော်ကြာ တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာတွေ လျှောက်ပြောနေလျှင် အလုပ်မှာ အနှောင့်အယှက်ဖြစ်နိုင်သည်။ လျှို့ဝှက်နိုင်မှ တန်ခါကျမည်။

ပြီးတော့ သူ့ကိုကူဖို့လူတစ်ယောက်လိုသည်။ ဖိုးနီကို သတိရ၏။ ဒီကောင်က နည်းနည်းပါးပါး ဗဟုသုတရှိသည်။ သို့ရာတွင် သူက ဗီဒီယိုရုံမှာလုပ်နေသဖြင့် ညဘက်အားမှာမဟုတ်။ ပြီးတော့ တစ်ခါတစ်ခါ ကိုယ့်ကိုပြန်ပြီး ဆရာလုပ်ချင်တာမျိုးရှိသည်။ ကျော်ကွန့်တို့၊ မောင်ဝတို့နှင့်လည်း တွဲနေသဖြင့် ဟိုကောင်တွေကို ပြန်ပြောချင်ပြောနေမည်။

ပွကြီးဆိုလျှင် ဘယ်လိုနေမလဲ။ ဖြစ်နိုင်သည်။ ပွကြီး၏ထန်းရည်တဲက ရပ်ကွက်အပြင်ဘက် ချောင်ကျသောနေရာမှာရှိသည်။ လူသိမခံဘဲ အလုပ်လုပ်လို့ကောင်းသည့်နေရာဖြစ်၏။ ပြီးတော့ ပွကြီးက မြှောက်ပေးပြီးခိုင်းလျှင် လုပ်တတ်သူ။

“ဒီကိစ္စ မင်းနဲ့ငါ နှစ်ယောက်တည်းကျိတ်လုပ်မှဖြစ်မှာကွ။ နည်းပညာကို လျှို့ဝှက်ထားရမယ်။ လူသိခံလို့မဖြစ်ဘူး။ ဒီကိစ္စအောင်မြင်ရင် တခြားလူတွေကပါ အလုပ်လာအပ်လိမ့်မယ်။ သိပ်ကို တွင်ကျယ်လာတဲ့အခါ အိပ်စပို့တောင် လုပ်လို့ရတယ်”

ဟု ပြောရာ ပွကြီးက လက်ခံသဘောတူလိုက်၏။

ဤသို့ဖြင့် သူတို့နှစ်ယောက်သည် ပွကြီး၏ထန်းရည်တဲနောက်က အဖီကလေးထဲမှာ ညဘက် လူရှင်းချိန် အလုပ်လုပ်ကြသည်။ နေ့လယ်ဘက်ကျတော့ လုပ်လက်စကို ဖုံးဖိပြီး ဝှက်ထားကြသည်။

ကိုကြီးငွေ ညဘက်ပျောက်ပျောက်နေသဖြင့် မသီးက မသင်္ကာဖြစ်သေးသည်။ ကိုကြီးငွေက ဖိုးနီ နည်းနည်း နေမကောင်းသဖြင့် ဗီဒီယိုရုံမှာ သွားကူနေခြင်းဖြစ်သည်ဟု ပြောထားသည်။

သုံးညလောက် ကြိုးကြိုးစားစားလုပ်ပြီးနောက် သူတို့၏မီးပုံးပျံမှာ အောင်မြင်စွာ လက်စသတ်နိုင်ခဲ့သည်။

ထိုအခါ ကိုကြီးငွေက နောက်တစ်နေ့ည ခုနစ်နာရီတိတိတွင် သူ့မီးပုံးပျံကြီးကို လွှတ်တင်မည်ဖြစ်ကြောင်း ကြေညာလိုက်လေ၏။

ရပ်ကွက်ထဲမှလူများမှာ တော်တော်လေးစိတ်ဝင်စားနေကြသည်။ အထူးသဖြင့် ကလေးတွေက ပို၍စိတ်ဝင်စားသည်။ သူတို့ရပ်ကွက်အနေဖြင့် တစ်ခါမှ မီးပုံးပျံလွှတ်တင်ဖူးခြင်းမရှိသေး။ ကိုကြီးငွေက လျှို့ဝှက်စွာလုပ်ခဲ့ပြီးမှ ရုတ်တရက် ဖွင့်ပြောလိုက်သောကြောင့် ပိုပြီးစိတ်ဝင်စားနေကြသည်။

“ဒါ ငါ့ရဲ့ တက်ကနစ်တစ်ခုပဲကွ”

ဟု သူက ပွကြီးကို ပြောသည်။

ညနေခြောက်နာရီလောက်ကတည်းက မီးပုံးပျံလွှတ်တင်ရန်ရွေးချယ်ထားသည့်နေရာဖြစ်သော ပွကြီး၏ ထန်းရည်တဲအနီးက ကွက်လပ်မှာ လူတွေ စုရုံးစုရုံးဖြစ်နေကြ၏။

ကိုကြီးငွေက သူ့မီးပုံးပျံကို ထုတ်မပြသေး။ ဖိုးနီနှင့် ကျော်ကွန့်တို့က ပွကြီးထန်းရည်တဲထဲ မယောင်မလည် ဝင်ကြည့်မည် လုပ်သေးသည်။ ပွကြီးက အပေါက်ဝမှာပိတ်ထားသော ဝါးကပ်ရှေ့မှ ကာဆီးထားပြီး

“အချိန်တန်တော့ တွေ့ရမှာပေါ့ကွာ”

ဟု ပြောသဖြင့် သူတို့ မချင့်မရဖြစ်ကြရသည်။

ခြောက်နာရီခွဲတိတိကျမှ ကိုကြီးငွေက..

“ခုချိန်ကစပြီး မီးပုံးပျံလွှတ်တင်ပွဲ စတင်တော့မှာဖြစ်တဲ့အတွက် အသင့်နေရာယူကြရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား”

ဟု အသံနေအသံထားနှင့် အော်လိုက်၏။

`    ပရိသတ်ကြီး လှုပ်လှုပ်ရွရွဖြစ်သွား၏။ နေရာယူကြပါဆိုသော်လည်း ဘယ်လိုယူရမှန်းမသိ။ ဘာကြောင့် ယူရမှာလဲမသိ။ ခုနေရာကလည်း မြင်ရသားပဲဟု အချို့က ပြောသည်။ တချို့ကျတော့ ညာဘက်လူက ဘယ်ဘက်ရွှေ့၊ ဘယ်ဘက်လူက ညာဘက်ရွှေ့ အလုပ်များကုန်ကြ၏။

ခဏကြာသောအခါ ကိုကြီးငွေက ထန်းရည်တဲအဝမှာ ကာရံထားသောဝါးကပ်ကို ဘေးဖယ်ပြီး အထဲကမီးပုံကြီးကို ပွကြီး၏ အကူအညီဖြင့် သယ်ထုတ်လာသည်။

လူအများမှာ “ဟာခနဲ၊ ဟာခနဲ”ရင်သပ်ရှုမောဖြစ်နေကြရ၏။ ကိုကြီးငွေကလည်း ဒါမျိုးဖြစ်စေချင်တာပါပဲ။ သူ၏မီးပုံးပျံမှာ သူများတွေလုပ်သလို လုံးလုံးဝိုင်းဝိုင်းမဟုတ်ဘဲ ထိပ်ကအချွန်နှင့် ရှည်မျောမျောဖြစ်၏။

သူက မီးပုံးပျံကို အသင့်ပြုလုပ်ထားသည့်စင်ပေါ်သို့ တင်ထားလိုက်ပြီးနောက် ပရိသတ်ဘက်လှည့်၍ တစ်ချက်ဝေ့ကြည့်သည်။ တိုးတိုးတိုးတိုး ရေရွတ်ဝေဖန်သံများကြားရ၏။ မျက်လုံးတွေကတော့ စိတ်ဝင်စားနေကြောင်း သိလာသည်။ ကိုကြီးငွေက စကားစရန် “အဟမ်း”ဟု ချောင်းဟန့်လိုက်သောအခါ အားလုံးတိတ်ဆိတ်ငြိမ်သက်သွား၏၊ ကိုကြီးငွေက အသံကိုမြှင့်၍

“ဒီ မီးပုံပျံကြီးနဲ့ပတ်သက်ပြီး နည်းနည်းရှင်းပြပါရစေ။ အဓိကကတော့ ပုံသဏ္ဍာန်နဲ့ပတ်သက်လို့ပါပဲ။ သမားရိုးကျနည်းနဲ့ မီးပုံးပျံလုပ်ကြရာမှာ လုံးဝိုင်းတဲ့သဏ္ဌာန်နဲ့လုပ်ကြပါတယ်။ ဒါဟာ သိပ္ပံအမြင်နဲ့ကြည့်ရင် သိပ်သဘာဝမကျလှပါဘူး။ မီးပုံးပျံဟာ အထက်ကိုတက်တဲ့အခါ အက်မော့ဖီးယားဆိုတဲ့ လေထုရဲ့ဖိအားကို

ဆန့်ကျင်ပြီး တက်ရတာဖြစ်ပါတယ်”

ကျော်ကွန့်က…

“မာဖီးယားဆိုတာ ဘာလဲကွ”

ဟု ဖိုးနီက မေးသည်။ ဖိုးနီက

“မဂ္ဂဇင်းစာအုပ်ထဲမှာ ဖတ်ဖူးတာတော့ မာဖီးယားဆိုတာ လူဆိုးဂိုဏ်းပဲကွ”

ကိုကြီးငွေက “တုံးလိုက်တာကွာ”ဆိုသောအကြည့်ဖြင့် လှမ်းကြည့်သည်။ စကားအရှိန်ပျက်မည်စိုး၍ မရှင်းတော့ဘဲ ဆက်ပြောဖို့ပြင်သည်။

“အဲဒီလို၊ အဲ.. အဲ ဘယ်ရောက်သွားပါလိမ့်”

“ပွကြီးတို့တဲနား ရောက်နေတယ်လေ”

ဟု မောင်ဝက စကားထောက်လိုက်၏။ ကိုကြီးငွေ ပို၍ အူကြောင်ကြောင်ဖြစ်သွား၏။ ခဏစဉ်းစားပြီးမှ

“အဲဒီလိုပေါ့၊ လုံးဝန်းတဲ့သဏ္ဌာန်တစ်ခုဟာ မျက်နှာပြင်ကျယ်တယ်။ လေထုရဲ့ဖိအားကို ပိုပြီးခံရတယ်။ ဒါဟာ သဘာဝမကျဘူး။ သာဓကပြမယ်ဆိုရင် အမေရိကန်တို့၊ ရုရားတို့လွှတ်တဲ့ ဒုံးပျံတွေဟာ ဘာကြောင့် ထိပ်က ချွန်ထားရသလဲ”

“တိမ်တွေနဲ့တိုက်တဲ့အခါ ဖောက်ထွက်လို့ရအောင် လုပ်ထားတာဖြစ်မှာပေါ့”

လှထုံက ဝင်ပြောသည်။ ကိုကြီးငွေကပြုံး၍…

“လှထုံပြောတာလည်း မဆိုးပါဘူး။ တကယ်တော့ ခုနပြောတဲ့လေထုဖိအားကို ခွဲထွက်လို့ရအောင် အချွန်သဏ္ဌာန်လုပ်ထားတာပါ။ ကျွန်တော်ကလည်း ဒီသဘောကိုယူပြီး မီးပုံးပျံကို ထိပ်ကချွန်ပြီး ဒုံးပျံလုပ်ထားရတာပါ။ ဒါကြောင့် ဒါဟာ မီးပုံးပျံမဟုတ်ဘူး။ မီးဒုံးပျံသာဖြစ်ပါတယ်”

ဓာတ်ခဲတို့အုပ်စုမှာ ကိုကြီးငွေ လေရှည်နေတာကိုလည်း သည်းမခံနိုင်တော့သဖြင့် “လွှတ်ပါတော့ဗျို့၊ ကြာတယ်ဟေ့၊ ဘာတွေလျှောက်ပြောနေတာလဲ”ဟု အော်ကြသည်။ ကိုကြီးငွေက..

“ဒီလိုရှိတယ်လေ။ နည်းပညာဆိုတာဟာ…”

“ကဲ..ကြီးငွေ၊ ငါတို့လည်း ဘာမှနားမလည်ဘူး။ လွှတ်မှာဖြင့် မြန်မြန်လွှတ်တော့”

ဟု ဒေါ်မှိန်က ဝင်ပြောသဖြင့် “ဟုတ်တယ်၊ ဟုတ်တယ်”ဆိုသောအသံတွေ ထွက်လာ၏။ ထိုအခါကျမှ ကိုကြီးငွေက “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ”ဆိုပြီး အသင့်လုပ်ထားသောမီးတုတ်ကို မီးရှို့လိုက်သည်။ ပြီးတော့ ရေနံခွက်ထဲစိမ်ထားသော မီးစာကို တို့လိုက်၏။

မီးထတောက်ပြီးနောက် မှိုင်းခိုးများတက်လာသည်။ ပရိသတ်လည်း ငြိမ်ကျသွားပြီး မီးဒုံးပျံကြီးကို စူးစိုက်ကြည့်နေကြသည်။ အတော်ကြာသည်အထိ ဘာမှမထူးခြားသောအခါ မပွေးက…

“ကိုကြီးငွေဟာ ဟုတ်မှဟုတ်ရဲ့လား”

ဟု ပြောသည်။

“စောင့်ကြည့်ပါဦးလေ”

ကိုကြီးငွေက ပြန်ပြောသည်။ ပွကြီးကတော့

“မတက်ရင် သောက်ရှက်ပဲ”

ဟု စိတ်ထဲက ကြိတ်၍စိုးရိမ်နေသည်။ ခဏအကြာတွင် မီးဒုံးပျံကြီး လှုပ်ရှားလာသည်။

“ဟော”

“လှုပ်လာပြီ”

“တက်တော့မယ် ထင်တယ်”

မီးပုံးပျံကြီးမှာ ဘယ်ညာယိမ်းထိုးလာသည်။ အနည်းငယ်မြှောက်တက်ပြီး ဆိုင်းထားသည့်ကြိုး တင်းခနဲဖြစ်သွား၏။ ကိုကြီးငွေ ဗီဒီယိုကားထဲမှာ ကြည့်ခဲ့ဖူးသည့်အတိုင်း အမှတ်စဉ်ရေတွက်နေသည်။ ပွကြီးက ဓားမတစ်ချောင်းကိုင်ပြီး ဆိုင်းကြိုးကို ခုတ်ဖြတ်ရန် အသင့်ပြင်ထားသည်။

“တင်း၊ နိုင်း၊ အိတ်၊ ဆဲဗင်း၊ ဖိုက်၊ ဖိုး၊ သရီး၊ တူး၊ ဝမ်း ဂိုး”

ဟု အချက်ပေးလိုက်သောအခါ ပွကြီးက ဆိုင်းကြိုးကို ခုတ်ဖြတ်လိုက်၏။ မီးဒုံးပျံကြီးမှာ အပေါ်သို့ တစ်လံလောက် မြှောက်တက်သွား၏။

“ဟေး”
ကလေးတွေက အော်ဟစ်လက်ခုပ်တီးကြ၏။ ကိုကြီးငွေသည် သူ၏အောင်မြင်မှုအတွက် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ပွကြီးဘက်လှည့်၍ လက်ဝါးချင်းရိုက်လိုက်သည်။
ထိုစဉ်မှာပင် “ဟင်၊ ဟာ”ဆိုသော အသံတွေထွက်လာသဖြင့် လှည့်ကြည့်လိုက်ရာ မီးဒုံးပျံကြီးသည် တစ်လံလောက် တက်နေရာမှ အပေါ်သို့ဆက်မတက်တော့ဘဲ လေထဲမှာ တွဲလောင်းကြီးရွေ့လျားသွားသည်။ ဦးတည်ရာက ပွကြီး၏ထန်းရည်တဲဆီသို့
“ဟာ… လုပ်ကြပါဦး၊ လုပ်ကြပါဦး”
ဆိုပြီး ပွကြီးက မီးဒုံးပျံကြီးနောက်ကို လိုက်သည်။ သို့ရာတွင် မမီတော့။ မီးဒုံးပျံကြီးသည် သူ၏ထန်းရည်တဲကို တည့်တည့်ကြီး ဝင်တိုးပြီး အမိုးပေါ်မှာ တစောင်းလဲကျလျက်တင်နေသည်။
ပွကြီး၏တဲကို မီးစွဲပြီ။
အားလုံး ဝရုန်းသုန်းကားဖြစ်ကုန်သည်။ တချို့က ထွက်ပြေးကြသည်။ တစ်ယောက်နှင့်တစ်ယောက် တိုက်မိပြီး လဲပြိုကုန်ကြသည်။ မောင်ဝတို့အုပ်စုကတော့ ပွကြီး၏တဲဆီ ပြေးသွားပြီး မီးကို ဝိုင်းငြိမ်းသတ်ကြသည်။ မီးဆက်မကူးစေရန် တဲတစ်ခုလုံးကို ဆွဲဖျက်ပစ်လိုက်ကြရ၏။
နောက်ဆုံးတော့ ကိုကြီးငွေမှာ ဦးကုလားတို့ ဖုံးဖုံးဖိဖိလုပ်ပေးသောကြောင့်သာ မီးပေါ့ဆမှုဖြင့် တရားစွဲမခံရခြင်းဖြစ်သည်။ ပွကြီးကတော့ လူပေါင်းမှားသဖြင့် တဲတစ်လုံး အဆုံးရှုံးခံလိုက်ရသည်။
ထိုသတင်းကိုကြားပြီး ကျိတ်၍ဝမ်းသာနေသူကတော့ ကိုစာကလေးဖြစ်၏။ ဒီတစ်ပွဲမှာ ကိုကြီးငွေ ကောင်းကောင်း ခံလိုက်ရပြီ။ ကိုစာကလေးမှာ ဒီလောက်နှင့်မကျေနပ်နိုင်။ ကိုကြီးငွေကို နာလန်မထူအောင် သိပ်ပစ်လိုက်ချင်သည်။ ထို့ကြောင့် စာချိုးတစ်ခုရေးပြီး ကလေးတွေကို အလွတ်ကျက်စေသည်။ ငွေ ငါးကျပ်စီမုန့်ဖိုးပေး၍ ညဘက်မှောင်ရိပ်ခိုပြီး ကိုကြီးငွေအိမ်ရှေ့မှာ သွားအော်ဆိုခိုင်းသည်။
ကိုကြီးငွေမှာ ရပ်ကွက်ထဲကလူများက “ဒုံးပျံကြီးငွေ၊ ဒုံးပျံကြီးငွေ”ဟု ခေါ်ကြသဖြင့် ရှက်ပြီး အိမ်ထဲက အိမ်ပြင် သိပ်မထွက်ဘဲနေသည်။ ဒါလည်း သက်သာရာမရ။ မသီးက သူပါ သိက္ခာကျတယ်ဆိုပြီး နေ့ရှိသရွေ့ မြည်တွန်ကြိမ်းမောင်းနေသည်။ ဒီကြားထဲ ည လူခြေတိတ်ချိန်ကျမှ အိမ်ပြင်မှောင်ရိပ်ထဲက ကလေးများက သံချပ်လိုလို ဘာလိုလို လာအော်ဆိုကြသေးသည်။

“ကိုကြီးငွေလွှတ်တဲ့ မီးဒုံး
တက်လှ၊ လက်မတစ်ဆုံး
ကိုကြီးငွေလွှတ်တဲ့ မီးဒုံး
တက်လှ၊ လက်မတစ်ဆုံး”

——————————————-

မင်းလူ
ရယ်မောခြင်းလက်ရွေးစင် စာအုပ်မှ

9 comments

  • ဦးကျောက်ခဲ

    August 15, 2013 at 2:35 pm

    အကြိမ်ကြိမ်ဖတ် အကြိမ်ကြိမ်မရိုးရတဲ့ ဆရာ့စာတွေ…
    ဒီတသက်တော့ ဝေးပြီပေါ့… ဖတ်ပြီး မရယ်နိုင်တော့ဘူး အရီး…
    🙁

  • kyeemite

    August 15, 2013 at 3:16 pm

    အမှတ်တရထဲမှာ…ဆရာ့ရဲ့ ဗိုလ်ချုပ်ကိုနားလည်တဲ့ အမှတ်တရလေး
    မဖတ်ဖူးသူတွေဖတ်ရအောင်ဝင်မျှပါရစေ ကိုခင်လတ်ကြီးရေ…..
    ——————————————-

    ပဲပြုပ်နှင့်နံပြား ဝတ္ထု
    မင်းလူ
    ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်းအေးဆေးစွာ နေထိုင်သွားရန် ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန် ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာ လည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင်စာပေများကို အချိန်လု၍ ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးသည်သာ အရေးအကြီးဆုံးဖြစ်သောကြောင့် လက်တွေ့ချက်ချင်း တိုက်ရိုက် အကျိုးရှိစေသော ဆောင်းပါးတွေသာ အရေးများသည်။ ရသစာပေကို အလေးမပေးနိုင်ခဲ့။ ထို့ကြောင့် ဝတ္ထုတွေလည်း မရေးဖြစ်ခဲ့။ သို့ရာတွင် အတိုဆုံး ဝတ္ထုလေးတစ်ပုဒ်ကို သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ပဲ အမှတ်တမဲ့ ရေးသားခဲ့ဖူးသည်ဟု ကျွန်တော်ဆိုချင်သည်။

    ကြည် ….

    ပဲပြုပ်နှင့်နံပြားရရင် စားချင်တယ်။

    အောင်

    အထက်ပါ ပေးစာလေးကို ဝတ္ထုတိုတစ်ပုဒ်အဖြစ် သုံးသပ်ခံစားကြည့်ပါမည်။ ရှေးရိုးစဉ်လာ စာပေသဘောတရား အရဆိုလျှင် ဝတ္ထုတိုတစ်ပုဒ်တွင် ဇာတ်ဆောင်ပါရမည်။ ပါသည်။ (အောင်နှင့်ကြည်) ဇာတ်လမ်းပါရမည်။ ပါတာပေါ့။ သိပ်ချစ်ကြသော ဇနီးမောင်နှံ နှစ်ယောက်ရှိသည်။ ခင်ပွန်းဖြစ်သူမှာ များပြားလှသော နိုင်ငံ့တာဝန်တွေ ထမ်းဆောင်နေရ သဖြင့် အားလပ်ချိန်မရှိ။ အနားယူချိန်မရှိ။ အိမ်ကိုတောင် မပြန်နိုင်။ ဇနီးဖြစ်သူကိုတောင် အေးအေးဆေးဆေး စကားပြောခွင့် မရဘဲ စာတိုလေးနှင့်သာ ဆက်သွယ်နေရသည်။ ဇာတ်ဆောင်စရိုက်ပီပြင်ရမည်။ ထိုစဉ်က “အောင်´´သည် အစိုးရအဖွဲ့ဝင် ထိပ်တန်းရာထူးကြီးကို ရရှိထားသူ ဖြစ်၏။ သူသာစားချင်လျှင် အကောင်းဆုံး ဟိုတယ်ကြီးများမှ စားသောက် ဖွယ်ရာ များကို မှာယူသုံးဆောင်ခွင့်ရှိသည်။ သို့ရာတွင် သူက ပဲပြုပ်နှင့်နံပြားကိုသာ တောင့်တသည်။ ရိုးသားခြင်း၊ ခြိုးခြံချွေတာခြင်း သဘောကို တွေ့နိုင်သည်။ အမှန်အားဖြင့် ပဲပြုပ်နှင့် နံပြား လောက်ကတော့ အပါးတော်မြဲကို စီစဉ်ခိုင်းလို့ရတာပဲ။ ဘာကြောင့် အိမ်ကို လှမ်းမှာ ရသလဲ။ ထိုအချက်ကိုကြည့်လျှင် သူသည် မိသားစုအပေါ် သံယောဇဉ်ကြီးသူ၊ သစ္စာရှိသူ ဖြစ်ကြောင်း သိသာသည်။ အိမ်က ဇနီးဖြစ်သူကိုယ်တိုင် ပြင်ဆင်ပေးသော လက်ရာကို ခုံမင်တက်သူဖြစ်သည်။ မိန်းမကိုချွဲချင်တာလည်း ပါကောင်းပါနိုင်သည်။ သို့တိုင်အောင် သူသည် ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတက်ရှာ။ တခြား သူတွေသာဆိုလျှင်…..

    ကြည် …

    နေကောင်းရဲ့လား။ ကိုယ်လဲအလုပ်တွေများလွန်းလို့ အိမ်ကိုတောင် မပြန်နိုင်ဘူး။ ဒါပေမယ့် စိတ်ကတော့ ကြည့် ဆီကိုပဲ အစဉ်သဖြင့် ရောက်နေတယ်ဆိုတာ ယုံပါနော်။ ကြည့်ရဲ့ လက်ရာလေးတွေကိုလဲ တမ်းတနေမိတယ်။ ပဲပြုပ်နဲ့ နံပြား ရရင်လည်း ပို့ပေးပါအုံး။ ဘယ်လိုစားစရာမျိုးဖြစ်ဖြစ် ကြည့်ရဲ့ လက်ကလေးနဲ့ ကိုယ်တိုင်ပြင်ဆင်ပေးမှ ပိုအရသာရှိတယ်လို့ ထင်မိတယ်ကွယ်။

    ပိုတောင်လွမ်းတဲ့
    ကိုအောင်ဆန်း
    စသည်ဖြင့် ချွဲချွဲပျစ်ပျစ်ရေးပေလိမ့်မည်။ သူ့ကျတော့ ဒီလိုမဟုတ်။ စာကတစ်ကြောင်းထဲ။ ပြီးတော့ တုံးတိတိကြီး။ ဒါကို ကြည့်ခြင်းအားဖြင့် သူသည် ဘုဆတ်ဆတ်သမား၊ ပြတ်သားသူ၊ စကားအပိုမဆိုတက်သူ၊ အပြောထက် အလုပ်ကို ဦးစားပေးသူ၊ မိသားစုအရေးထက် လူအများကောင်းစားရေးကို ပို၍စိတ်ဓာတ် ထက်သန်သူ စသော စရိုက်သဘာဝများ ရှိကြောင်း ထင်ရှားစွာမြင်နိုင်သည်။ ဝတ္ထုတိုတစ်ပုဒ်တွင် ရသပါရမည်ဟုဆိုသည်။ ကြည့်ရအောင်။ တစ်ဦး အပေါ်တစ်ဦး နားလည်စာနာတက်သော၊ သံယောဇဉ်ကြီးကြသော၊ အပြန်အလှန် ပါရမီဖြည့်ပေး ကြသော ဇနီးမောင်နှံ၏ ချစ်ခြင်းမေတ္တာကို ကြည့်၍ သိင်္ဂါရရသကို ခံစားနိုင်သည်။ သူတို့နှစ်ဦးမှာ တခြားဇနီးမောင်နှံတွေလို အချိန်ပြည့် ပူးပူးကပ်ကပ်နေခွင့် မရရှာကြ။ များပြားလှသော တိုင်းပြည် တာဝန်တွေကြားမှာ လွမ်းရေးခက်နေကြပုံက ဂရုဏာရသ မြောက်သည်။ “ဟင်…ဒီလို ထိပ်တန်း ပုဂ္ဂိုလ်ကြီးက ပဲပြုပ်နဲ့ နံပြားမှ စားချင်သတဲ့၊ အံ့ရော´´ ဆိုပြီး အဗ္ဘုတရသအဖြစ် မြင်နိုင် သလို “ဖြစ်မှ ဖြစ်ရလေ´´ ဟု ပြုံးချင်စရာဖြစ်သောကြောင့် ဟာသရသလည်း ရောစွတ် နေပြန်သည်။ ထိုဇနီးမောင်နှံတို့၏ ဖြူစင်သန့်ရှင်းသော ဘဝကိုကြည့်ပြီး စိတ်တည်ငြိမ် အေးချမ်းမှုကို ရရှိစေသည်။ ထိုအရာသည် သန္တရသပင်ဖြစ်၏။ ထို့အပြင် ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းစသော ဦးတည်ချက်များကလည်း ဝတ္ထုတိုကောင်း တစ်ပုဒ်အဖြစ် ပီပြင်စေသည်။ နည်းနည်းချဲ့ကားပြောလျှင် ဤဝတ္ထုတိုလေးတွင် လူတန်းစားအမြင်လည်း ပါသည်။ ဘဝ သရုပ်မှန်ဝတ္ထုဟု ယူဆနိုင်သည်။ ဤဝတ္ထုတွင် ဇာတ်သိမ်းခန်း ပါဝင်ခြင်း မရှိ။ သို့ရာတွင် ခေတ်သစ် စာပေအယူအဆအရ ဇာတ်လမ်းသည် အရေးမကြီး။ ဇာတ်ကွက်ကသာ ပဓါနကျသည်။ ဓမ္မဓိဌာန် စာပေအဖွဲ့အနွဲ့တွင် အဖြစ်အပျက်တစ်ခုကို ကွက်၍ မီးမောင်း ထိုးပြသည်။ အရင်အတိုင်းဖော်ပြသည်။ စာဖတ်သူက နှစ်သက်သလို တွေးယူလိမ့်မည်။ ခုနောက်ပိုင်း မော်ဒန်၊ ပို့စ်မော်ဒန် ဝတ္ထုများတွင် ဇာတ်လမ်းတောင်ရှိချင်မှရှိသည်။ ဇာတ်သိမ်းခန်းလည်းပါချင်မှ ပါသည်။ ထို့ကြောင့် ဤဝတ္ထုကို ခေတ်ပေါ်ဝတ္ထု တစ်ပုဒ်ဟု၍လည်း ဆိုကောင်းဆိုနိုင်လိမ့်မည်ထင်သည်။
    ကျွန်တော်သည် “ပဲပြုပ်နှင့် နံပြား´´ ကိုကမ္ဘာပေါ်မှာ အတိုဆုံး၊ အရိုးသားဆုံး၊ အနုပညာ အပြည့်ဝဆုံး၊ ရသ အမြောက်ဆုံး ဝတ္ထုတိုလေး တစ်ပုဒ်အဖြစ် စိတ်ကူးယဉ် ခံစားကြည့်မိခြင်း ဖြစ်ပါသည်။
    မင်းလူ

    ဆရာမင်းလူရဲ့ ကျနော်အရမ်းကြိုက်တဲ့ ဝတ္ထုလေးပါပဲ။ ဒီဝတ္ထုလေးကို စပြီးဖတ်လိုက်ရချိန်မှာပဲ ဆရာမင်းလူမို့လို့သာ ဒီလိုရေးနိုင်တာပဲ ဆိုတဲ့ ခံစားချက်မျိုးကို ရလိုက်ပါတယ်

  • lele kyi

    August 15, 2013 at 4:26 pm

    အရီး ရှယ်တာရော ။ ဦးကြီးမိုက်ရှယ်တာရော ဖတ်ပြီးနှမျော စိတ်မကောင်းဖြစ်မိတယ်။ မှတ်မှတ်ရရ ပို့စ် မတင်တာအတော်ကြာနေတဲ့ အရီးရဲ့ ပို့စ်တွေ က ဆြာမင်းလူ အမှတ်တယတွေ။

  • ချစ်လင်းအိမ်

    August 15, 2013 at 4:34 pm

    မေ့လို့မရမဲ့လူတစ်ယောက်တော့ ထာဝယခရီးရှည်ကြီးကိုထွက်သွားပြန်ပြီ……
    လွမ်းရမဲ့လူတယောက်တိုးလာပြန်ပြီပေါ့လေ………..။

  • အလင်းဆက်

    August 15, 2013 at 5:48 pm

    ဆရာမင်းလူ ဟာ

    သဘာဝကျကျ ဟာသ လေးတွေ အရေးတော်တယ်

    အခုတော့

    အလွမ်း တော်တဲ့ ကျွန်တော်

    အချိန်တော်တော်ကြာကြာ
    လွမ်းးရဦးမယ်

    🙁

  • Mr. MarGa

    August 15, 2013 at 10:28 pm

    သဘာဝကျကျ ဟာသရသ တို့၏ ဖန်ဆင်းရှင်
    ဍ နှင့် ဋ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး….
    ယခုတော့
    စာဝတိံသာတွင် ငြိမ်းချမ်းစွာ ခိုလှုံသွားလေပြီ…
    တကယ်ပြောမယ်ဆိုရင်တော့ သူ့ဂုဏ်ပုဒ်တွေ အများကြီး ကျန်ပါသေးတယ်ဗျာ…..

  • koyinmaung

    August 16, 2013 at 9:57 am

    မနက်ကVOA သတင်းမှာ
    ကြားလိုက်ရပါတယ်..
    ဦးသာဓု ရဲ့စာပေမျိုးဆက်တွေ
    တယောက်ပြီးတယောက်
    ကြွေလွင့်ကုန်ပါရောလား
    နှမျေားတသမိပါတယ်………

  • ဦးကြောင်ကြီး

    August 17, 2013 at 10:05 am

    အဲသာကြောင့် စစ်အင်ဂျင်နီယာ ရာထောင်ချီ ရုရှားမှာ ဒုံးပျံဆောက်နည်း သင်နေတာပေါ့… ပညာသင် တသောင်းတိတိပြည့်ရင် ဒုံးပျံကြီးငွေထက်သာတဲ့ ဒုံးပျံဂျီးရွှေ ဖြစ်ပြီ… လက်ခုပ်တထောင်တော့ အသာလေးပဲ………..

  • nozomi

    August 17, 2013 at 9:02 pm

    အပြင်က ဆရာမင်းလူ မရှိတော့ပေမဲ့
    ကျွန်တော့်ရင်ထဲက ဆရာမင်းလူကတော့ အချိန်တော်တော်ကြာကြာထိရှိနေဦးမှာပါ

Leave a Reply