အိမ်ခြံမြေရောင်းဝယ်ရာတွင် ကျပ်သန်း ၅၀၀၀ နှင့်အထက်ဆိုပါ က အခွန် ၁၂ ရာခိုင်နှုန်း၊ ကျပ်သန်း ၅၀၀၀ အောက်ဆိုပါက အခွန် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ရန် လျော့ချပေးထားမှုအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း နေပြည် တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စုံစမ်းသိရှိရပါသည်။

”ဟုတ်ပါတယ်။ အိမ်ခြံမြေရောင်းဝယ်ခွန် လျော့ချပေးထားတဲ့ နှုန်းနဲ့ပေးဆောင်ရမယ့် သက်တမ်းကို ထပ်တိုးမှာပါ။ တစ်နှစ်သက်တမ်း ထပ်တိုးသွားဖို့ ရှိပါတယ်”ဟု နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသော အဆိုပါ လျော့ချထားသည့် အခွန်နှုန်းဖြင့် ပေးဆောင်ရန် သတ်မှတ်ထားမှုမှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ယခုကဲ့သို့ တစ်နှစ် ထပ်မံတိုးမြှင့်လိုက်သည့်အတွက် ၂၀၁၁ ခုနှစ် သြဂုတ်လအထိ အကျုံးဝင်မည်ဖြစ်ကြောင်း အကျိုးဆောင်များက ဆိုသည်။

”၀င်ငွေရလမ်း မပြနိုင်ရင် ကျပ် သန်း ၅၀၀၀ အထက်ဆိုရင် ၁၂ ရာခိုင်နှုန်း၊ ကျပ်သန်း ၅၀၀၀ အောက်ဆိုရင် ၁၅ ရာခိုင်နှုန်းနဲ့ ပေးဆောင်ရတယ်။ အဲဒီအထဲမှာ အခွန်တံဆိပ်ခေါင်းတန်ဖိုး ၇ ရာခိုင်နှုန်းပါ ပါဝင်တဲ့အတွက် ၁၅ ရာခိုင်နှုန်း ကျသင့် တဲ့သူဆိုရင် တကယ်ပေးဆောင်ရတာက တံဆိပ်ခေါင်းတန်ဖိုး ၇ ရာခိုင်နှုန်းနုတ်ပြီး ၈ ရာခိုင်နှုန်းပဲ ပေးဆောင်ရတာပါ။ ကျွန်တော်တို့ နေပြည်တော်က ပြည်တွင်းအခွန်များ ဦးစီးဌာနကို ဆက်သွယ်ပြီးပါပြီ။ အဲဒီလျော့ချပေးထားတဲ့ သက်တမ်းကို တစ်နှစ်ထပ်တိုးပေးတယ်တဲ့။ တကယ်ဆို အခု သြဂုတ်လ ၁၂ ရက်နေ့ဆိုရင် သက်တမ်းက ပြည့်ပြီလေ။ အခု တစ်နှစ် ထပ်တိုးပေးမယ်ဆိုတော့ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ အဲဒီနှုန်းနဲ့ပဲ ပေးဆောင်လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်”ဟု အိမ်ခြံမြေအကျိုး ဆောင် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။

ယခုအခါတွင် ရန်ကုန်အိမ်ခြံမြေဈေးမှာလည်း အချက်အခြာကျ နေရာများဆိုပါက များစွာမြင့်တက်လျက်ရှိနေပြီး ၂၀၀၅ ခုနှစ်ကဖြင့် နှိုင်းယှဉ်ပါက ၆ ဆနီးပါးပင် မြင့်တက်လာသည့် နေရာများရှိလာကြောင်း သိရသည်။

Source : First-11

About paleswe

pearl swe has written 2 post in this Website..