စိတ်ဝင်စားဖွယ်သတင်းလေးပါ…

wunnaAugust 3, 20101min580

တစ်ခါတစ်ရံ mizzima နှင့် irrawaddy အင်တာနက်စာမျက်နှာမှ သတင်းများကို ကော်ပီကူးပြီး တင်လေ့ရှိပါသည်။

ရည်ရွယ်ချက်မှာ မြန်မာပြည်တွင် ထိုသတင်းစာမျက်နှာများကို ကြည်ခွင့်မရအောင် ISP မှ ပိတ်ထားသော်လည်း Mandalay Gazette ကို တိုက်ရိုက်ဖတ်ရှုနိုင်သဖြင့် မြန်မာပြည်နေသူများ သတင်းထူးများကို လွယ်လွယ်ကူကူဖတ်နိုင်ရန်နှင့်… ထိုသတင်းကို သတိမထားမိသူများလည်း သတိထားမိစေရန်ရည်ရွယ်ပါသည်။

NDF အဖွဲ့ဝင်တချို့ကို အသနားခံစာ တင်ခိုင်း

ဧရာဝတီ Saturday, July 31, 2010

// နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်ကျခံဖူးသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အဖွဲ့ဝင်များ ရွေးကောက်ပွဲဝင်လိုလျှင် အသနားခံစာ တင်ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ခေါ်ယူပြောဆိုကြောင်း သတင်းရရှိသည်။

၁၉၉ဝ ပြည့်နှစ်တွင် စင်ပြိုင်အစိုးရ တည်ထောင်ရန် ကြိုးပမ်းမှုဖြင့် ထောင်ကျခဲ့ဖူးသည့် NDF ခေါင်းဆောင်ဦးခင်မောင်ဆွေ အပါအဝင် ဦးတင်အောင်၊ ဦးသာဆိုင်နှင့် ဦးစိန်လှဦးတို့ကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များက နေပြည်တော်သို့ ခေါ်ယူ၍ “အစိုးရနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း” ဖော်ပြထားသည့် အသနားခံစာကို တင်ပြရမည်ဟု ပြောဆိုကြောင်း သိရသည်။

“ဒါကတော့ ရှင်းပါတယ်။ စာတင်ရင် သူတို့က ခွင့်ပြုမယ်၊ မတင်ရင် ခွင့်မပြုဘူးပေါ့။ ဒါပေမယ့် အခု ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာကို မပြောနိုင်သေးပါဘူး” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၆၃ နှစ်မြောက် အာဇာနည်နေ့က NDF အဖွဲ့အာဇာနည် ခေါင်းဆောင်များကို လွမ်းသူ့ပန်းခွေချ အလေးပြုရန် လာရောက်စဉ်(ဓာတ်ပုံ – ဧရာဝတီ)

NDF ပါတီဝင် ၄ ဦးစလုံးသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော လွှတ်တော် အမတ်များလည်း ဖြစ်ခဲ့ကြသည်။ ယခု အဝေးရောက် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းနှင့် နိုင်ငံတော် သစ္စာဖောက်မှု အမှုတတွဲတည်း ဖြစ်ခဲ့ကြပြီး ဒေါက်တာ စိန်ဝင်းက ပြည်ပသို့ တိမ်းရှောင် လွတ်မြောက်သွားသည်။

အသနားခံစာတွင် နိုင်ငံတော် သစ္စာဖောက်မှုအတွက် သတ်မှတ် ထောင်ဒဏ်များ ကျခံခဲ့ရပြီးဖြစ်ကြောင်းနှင့် ထိုကိစ္စမျိုး နောက်တကြိမ် မပတ်သက်တော့ကြောင်း ထည့်သွင်းဖော်ပြရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြောင်း NDF ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးသာဆိုင်က ပြောသည်။

“မျှော်လင့်မထားပါဘူး။ စိတ်မကောင်း ဖြစ်ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်လို့မရရင်တောင်မှပဲ ပါတီမှာ တာဝန်ဆက်ယူသွားပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နာမည်တွေကို ဖော်ပြပြီးတော့ ပါတီ မှတ်ပုံတင်ခွင့်ကို အစိုးရက ခွင့်ပြုပြီးသားလေ” ဟု ဦးသာဆိုင်က ဆိုသည်။

NDF ခေါင်းဆောင် ၄ ဦးသည် ရှေ့နေများနှင့် တိုင်ပင်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုးကားပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းပြန်ရန် ဆွေးနွေးနေကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် NDF ခေါင်းဆောင်များက မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များမှာ စစ်အစိုးရ ကျောထောက်နောက်ခံရှိသည့် အဖွဲ့များမှ ပုဂ္ဂိုလ်များ ဖြစ်နေခြင်း၊ စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်လျှက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် တရားဝင် ပြောင်းလဲခဲ့ခြင်းများကို ပြောဆိုခဲ့သည်ဟု သိရှိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်းများ တည်ထောင်ခဲ့သော NDF ပါတီသည် ဇူလိုင်လ ၉ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ကျခဲ့သည်။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄ဝ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်း ၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁ဝ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။