book about kim.. it is just share ..

darkooskyAugust 3, 20101min1032

လက်ရှိမြန်မာစာနယ်ဇင်းလောကတွင်းမှ စစ်အုပ်စုနှင့် ဝါးစေသတင်းဆရာတချို ့အကြောင်း ဖြောင့်ဖြောင့်ရှင်းရှင်းသုံးသပ်ပြထားသော ပညာရှင်သတင်းသမားတဦး၏ လက်ရာ (ကောင်းကင်)

ကမ္ဘာ့ဖလား ပြီးသွားပြီ ဆိုပေမင့် ကိုယ်တို့တိုင်းပြည်ထဲမတော့ ကိုယ့်ဂိုးကိုယ်ရှုးတဲ့ ဖြစ်ရပ်တွေ ခဏခဏတွေ့နေရတုံးပါလား။ ဟိုတလောက နေဝင်းမောင်တို့ အုပ်စုရဲ ့ ဒီမိုကရေစီ ပညာပေးဆောင်းပါးကြီးကို ကြပ်ပြေးမောင်တွေက သဘောတွေ့ပုံမရလို့ The Voice လည်း နှစ်ပတ်လောက် လျှာခင်အဖြတ်ခံလိုက်ရရှာတယ်။ နေဝင်းမောင်ဆီက အသံထွက်မလာပေမဲ့ (သလိပ်ကပ်နေပုံရတယ်) ကျော်မင်းဆွေကတော့ လျှာလိပ်သံလေးနဲ့ ဖေ့ဘွတ်မှာ ညည်းရှာတယ်။ ဂျာနယ်ကို လျှာခင်တိခံရတဲ့ ကိစ္စမှာ သဘောရိုးနဲ့ ဝင်လုပ်နေသူတွေကို စာနာစိတ်ထားနိုင်ပေမယ့် အငှားဗိုက်နဲ့ ဓားထိုးခံရမဲ့ အန္တရာယ်ကို မကြောက်လို့ မိုက်တိမိုက်ကန်း ဝင်လုပ်တာဆိုရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်လို့ပဲ သဘောထားရမှာဘဲ။

နေဝင်းမောင်တို့ အပြီး ခုတခါ အလှည့်ကျသူကတော့ ဟိန်းလတ်ပါ။ သူ့ကျတော့ ကိုယ့်ဂိုးကိုယ်ရှုးတယ် မပြောဘဲ လည်လွန်းတဲ့ဘီး ဟိုဟာသင့်တယ်လို့ ဆိုရမလား။ ဒါပေမယ့် ကိုယ့်ဆရာက နေဝင်းမောင်ထက် ပိုသတ္တိကောင်းတယ်။ အဲ နေဝင်းမောင်လောက် မလည်ဘူးလို့ဘဲ ပြောမလား။ ဘာလို့ဆို ဟိုတယောက်က သူ့ဂျာနယ် နှစ်ပတ် အသံတိတ်ခံရတာကို ဘာမှထုတ်မပြောဘူး။ ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင်တာပဲလားတော့မသိဘူး။ ပေါ်ပြူလာဆရာသမားကတော့ ဧရာဝတီမှာ သွားရင်ဖွင့်တယ်။ ဖြစ်ကြောင်းကုန်စင်ကို ပြောသလား၊ ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်ထား သလားဆိုတာကတော့ ကာယံကံရှင်တွေပဲ သိမှာဘဲ။ ဘာပဲဖြစ်ဖြစ် သူပြောတဲ့ထဲမှာ  စိတ်ဝင်စားစရာကောင်းတာတွေ၊ သံသယ ဖြစ်စရာကောင်းတာတွေ ပါတယ်။

ပထမ တချက်အနေနဲ့ မြောက်ကိုရီးယားသံရုံးက စိစစ်ရေးရဲ ့ ့ခွင့်ပြုချက် မယူဘဲ သိမ်းသလားဆိုတာ သူကိုယ်တိုင်တောင် မသိဘူးလို့ ပြောတယ်။ ဒါဖြစ်ကောဖြစ်နိုင်ရဲ ့လား။ မြောက်ကိုရီးယားသံရုံးက လက်ကျန်စာအုပ်တွေကို အပ်ခိုင်းတဲ့အခါမှာ ဟိန်းလတ်က အသာတကြည် အပ်လိုက်ရောလား။ သူ့စာအုပ်ကို အပြတ်ဝယ်ထားတဲ့ ဆိုင်တွေကတောင် အသိမ်းမခံရင် သူကဘာ့ကြောင့် အသိမ်းခံလဲ။ ဒီစာအုပ်ကို စာပေစိစစ်ရေးက ခွင့်ပြုပေးပြီးသားမို့ မအပ်နိုင်ဘူးလို့တောင် ပြန်မပြောလိုက်ဘူးလား။ ဒါနည်းလမ်း မကျဘူး။ ဟိန်းလတ်က စိစစ်ရေးနဲ့ပါ စစ်မျက်နှာနောက်တခု မဖွင့်ချင်လို့ပြောတာပဲလား ဆိုတာတွေးစရာ ဖြစ်နေတယ်။ တခုတော့ရှိတယ်။ ဝင်္ကပါတောထဲက ခုထိမထွက်နိုင်သေးတဲ့ စိစစ်ရေးအုပ်စုကို အိတ်ထဲထည့်ထားလို့ ရတယ်လို့ မောက်မောက်မာမာ သဘောထားပုံရတဲ့ မြောက်ကိုရီးယားသံရုံးက ဟိန်းလတ်က စာအုပ်မအပ်ရင် စိစစ်ရေးနဲ့ တိုင်မှာမို့ ဇာတ်လမ်း မရှည်ချင်တာနဲ့ အသာတကြည်လက်နက်ချလိုက်တာလဲ ဖြစ်နိုင်တယ်။ ဘာလို့ဆို ‘ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်.. ကျနော်လည်း စကားနဲရန်စဲ ပြန်ပေးလိုက်တယ်။’ လို့ ဟိန်းလတ်ကိုယ်တိုင် ဝန်ခံထားတာကိုး။

သူပြောတဲ့ထဲမှာ နောက်တခုက ‘မြန်မာအစိုးရဘက် ပြန်ကြားရေးရော၊ စိစစ်ရေးရော ဘာမှ မပြောပါဘူး၊ အမှန်အတိုင်းပြောရရင် အဲ့သည့် ကိုရီးယားတွေကိုပဲ ကြောက်တာ’။ Excuse me!! ကိုယ့်တိုင်းပြည်ထဲမှာနေပြီး မြောက်ကိုရီးယားကို ကြောက်တယ် ဟုတ်လား။ နောက်ပြောသေးတယ်။ ‘သူတို့က မထင်ရင် မထင်သလို လုပ်တတ်လို့’ တဲ့။ ဘာလုပ်တတ်တာလဲဆိုတာ သိခွင့်ရရင် သိချင်ပါရဲ ့ဆရာရယ်။ ခုမြောက်သံရုံး လုပ်ပုံကိုင်ပုံ ကြည့်ရင်မြောက်ကိုရီးယားဟာ ကျုပ်တို့တိုင်းပြည်မှာ လူပါး ဝချင်တိုင်းဝလို့ ရတယ်လို့ အထင်ရောက်နေပုံရတာကို ညွှန်ပြနေတယ်။ ဒီလို အထင်ရောက်စေခြင်းရဲ့ နောက်ခံ အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ။ ကောင်းတာတွေတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒါတွေကို လောလောဆယ်မှာတော့ တိတိကျကျ သိနိုင်ဦးမှာ မဟုတ်ဖူး။

နေဝင်းမောင်တို့ ဟိန်းလတ်တို့အနေနဲ့ သတိမူသင့်တာက စစ်အုပ်စုက ကိုယ့်ကို ရေးချင်တာ ရေးခွင့်ပြုထားဆိုတာ သူတို့အကျိုးစီးပွားနဲ့ယှဉ်လာရင် သက်ညှာမယ်ဆိုတဲ့ အဓိပ္ပါယ်မထွက်ဖူးဆိုတာပဲ။ ကိုယ့်ဆရာတွေလည်း သိချင်သိမှာပါ။ အချဉ်တွေမှ မဟုတ်ဘဲ။ ဘယ်ကွေ့ဘယ်တက်နဲ့ လှော်ရမလဲဆိုတာ သဘောပေါက်မှာပါ။ ဒါပေမယ့် လူရှေ ့မှာဗြောင်ကြီး ပုဆိုးချွတ်ခံရတာကတော့ မကောင်းဘူး။ စစ်အုပ်စုနဲ့ အလုပ်လုပ်တယ်ဆိုတာ ကိုယ့်ဂုဏ်သိက္ခာကို ဒင်းတို့ဆီမှာ အတိုးကြီးကြီးနဲ့ အပေါင်ထား လုပ်ရတာမျိုးကလား။ ဒင်းတို့က သူတို့အုပ်စု ကွက်ကွက်လေးရဲ ့အကျိုးစီးပွားလောက်ကိုပဲ စိတ်ဝင်စားဒါ၊ အကာအကွယ်ပေးတာကလား။

နောက်ပြီးတော့ မြောက်ကိုရီးယားက ဘာ့ကြောင့်သိမ်းသလဲဆိုတာလည်း မသိရဘူး။ ဟိန်းလတ်စာအုပ်ရယ် သူကိုးကားတဲ့ နယူးရောက်ထုတ်လို့ဆိုတဲ့ စာအုပ်တွေရယ် အားလုံးကို နှိုင်းယှဉ်ဖတ်ကြည့်နိုင်ရင်တော့ ဟိန်းလတ်က ဒီစာအုပ်တွေထဲက မြောက်ကိုရီးယားတွေ မငြိုငြင်လောက်မဲ့ ဒါမှမဟုတ် မနောခွေ့မဲ့ အကြောင်းအရာတွေ ကိုပဲ အတော်များများ ယူပြီးရေးထားသလား၊ ဒါမှမဟုတ် ကင်ဂျူံအီနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဘာတွေချန်ရေးထားသလဲဆိုတာ သိနိုင်မှာဘဲ။ နောက်ပြောသေးတယ်။ ‘ဒီစာအုပ်မှာတော့ မကောင်းတာ မပါဘူး။ … တကယ်ရေးမယ် ဆိုရင်တော့ မကောင်းတာ အများကြီးပဲ’ တဲ့။ သေဟဲ့ နန္ဒိယရဲ ့လို့သာ အော်ညည်းမိတော့တယ်။ ဒါဖြင့်ရင် ခုစာအုပ်က တကယ်ရေးထားတာ မဟုတ်ဖူးပေါ့။ seriously ပြောတာပါ။ ဒါကိုကြည့်ရင် ဟိန်းလတ်စာအုပ်မှာ အကောင်းတွေကို အသားပေး ရေးထားတယ်ဆိုတာ ဝန်ခံထားတာပေါ့။ လူငယ်တွေကို ‘အသိပညာ ကြွယ်အောင်၊ နိုင်ငံတကာ သုံးသပ်ချက်တွေရအောင်၊ ဗဟုသုတရအောင်’ ရည်ရွယ်ရေးတယ်ဆိုရင် အကောင်းတွေချည်းရေးရုံနဲ့ ရမလား ဆရာရယ်။

ဒီနေရာမှာ ကျွန်တော့်ကိုယ်တွေ့ အဖြစ်အပျက်လေးတခုနဲ့ တိုက်ဆိုင်လွန်းလို့ ပြောလိုက်ဦးမယ်။ ငယ်ငယ်က စတိတ်ရှိုးတခုသွားကြည့်တယ်။ စိန်ပေါကျောင်းထဲက heavy metal show ဆိုတော့ သိပ်မကြာဘူး၊ ဝရုန်းသုန်းကားဖြစ်ရော၊ ဒါနဲ့ ရဲတွေရောက်လာတယ်။ အဲဒိမှာ ဝရုန်းသုန်းကားလုပ်တဲ့ထဲမှာ မပါတဲ့ လူငယ်တယောက်က ရဲကိုသွားပြီး သူတို့လာတာကို ကြိုဆိုတဲ့အနေနဲ့ လက်ဆွဲနှုတ်ဆက်တယ်။ စောစောက အုံးအုံးကြွက်ကြွက်လုပ်ပြီး ခုံတွေရိုက်ချိုးတဲ့လူတွေကို ဆော်မဲ့သူရောက်လာပြီဆိုပြီး ပန်းခြင်းသွားဆက်ချင်ပုံရတယ်။ ဘာပြောကောင်းမလဲ ရဲကကမ်းပေးတဲ့ သူ့လက်ကို ယူပြီး နပန်ကျင်းထဲ့လိုက်တယ်။ ခုလည်း အဲ့သလိုပုံမျိုးဖြစ်နေပြီ။ ကင်ဂျူံအီးအကြောင်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရေးကြည့်ပါလား၊ ဘယ်ရမလဲ။ ခုရွှေလမ်းငွေလမ်းဖောက်ချိန်မှာ ကိုယ်က ဟီးဟီးဟီးဟီးနဲ့ ပါးလျက်နားလျက်သွားလုပ်ကြည့်တယ်။ မြောက်ကိုရီးယားဆိုတဲ့ ကောင်က ဦးနှောက်မှ မရှိတာ။ စစ်အုပ်စုလိုပဲ မြင်မြင်ကရာ ရန်သူထင်နေတာ ကိုယ့်အကောင်းပြောလို့ ပြောမှန်းလည်း သိချင်မှသိတာ။

ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ဒါနဲ့ တခုတော့ ရှိတယ်။ ကိုးကားတဲ့ ‘စာအုပ် နှစ်အုပ်မှာပါတဲ့ အချက်အလက်တွေ မှန်မမှန်တော့ မသိဘူး၊ … စာရေးတဲ့သူဆိုတာ ဘယ်အမှားအမှန် သိမလဲ။ ဇယားထဲပါတာတွေ ရေးရတာပဲ။’ တဲ့။ အဲဒါလည်း သဘာဝ မကျဘူးထင်တယ်။ ဧရာဝတီက မှတ်ချက်ရေးသူ တယောက် ပြောခဲ့သလိုပဲ ဟိန်းလတ်ပြုစုသည်လို့ ဆိုထားရင် မျက်တောင် အဖွင့်အပိတ်ထဲက အပြောကို မရေးသင့်ဘူး။ ဘာသာပြန်လို့ ရေးရင်ရေးပေါ့လေ။ စိတ်တော့မရှိပါနဲ့။ အရင်ကလည်း သူများရေးထားတာကို ကိုယ့် own tune လုပ်ပြီးထည့်ထည့်နေတဲ့ ဇာတ်လမ်းတွေက ဆရာ့ဆီက ထွက်ထွက်လာဖူးတယ်မလား။

ဝတုတ်

2 comments

  • etone

    August 3, 2010 at 9:11 am

    လိုက်သိမ်းတယ်ဆိုပြီးသတင်းလွှင့်တာလည်းဖြစ်နိုင်တာပဲလေ ။ စာအုပ်ရောင်းအားတတ်အောင်နေမှာပေါ့ ။ ရိုရိုးလေးတွေးကြည့်တာပါ ။ သံရုံးကဆိုရင်တောင် ထုတ်ဝေခွင့်ပေးထားတဲ့စာအုပ်ကိုလိုက်သိမ်းလို့မရပါဘူး ။ ဒါကို ပြသနာမဖြစ်ချင်လို့ပေးလိုက်တယ်ဆိုတဲ့စာရေးဆရာကလည်း လုပ်ကြံဇာတ်လား ၊ ကြောက်ဒူးတုန်ပြီးပေးလိုက်တာလားဆိုတာ စဉ်းစားစရာရှိပါတယ် ။

Leave a Reply