ကျွန်တော်နှင့်ကံကြမ္မာလက်နှက်များ(ရသစာပေနယ်မှ ကြယ်တစ်ပွင့် အလွမ်းပြေ)

alinsettAugust 20, 20131min2109

ကျွန်တော်နှင့်ကံကြမ္မာလက်နှက်များ (တာရာမင်းဝေ)

“ကံကြမ္မာဆိုတာ ဘာလဲ”ဟု အသေအချာ မသိသေးသော အချိန်ကပင် ကံဆိုးခြင်းတရားကို ကျွန်တော် ခပ်ဖျော့ဖျော့ ခံစားခဲ့ရဖူးလေသည်။ လေးတန်းအရွယ် ကျောင်းမှာ ပျော်ပွဲစားလုပ်ကြစဉ်က ဖြစ်၏။

အခြားကျောင်းသားကျောင်းသူလေးများ အားလုံးမှာ ဆရာမများ ချက်ကျွေးသော ငါးကို ဥကြီးကြီးဖြင့် စားရလေ၏။

တစ်ကျောင်းလုံးမှာ ကျွန်တော်တစ်ယောက်တည်း ဖောက်ပြီး ဥမပါသော ငါးကို စားရလေသည်။

ကျွန်တော်လည်း ကိုယ့်ပန်းကန်ထဲမှ ငါးကို ငုံ့ကြည့်လိုက်၊ သူများပန်းကန်ထဲမှ ငါးကိုကြည့်လိုက်ဖြင့် မကျေမနပ် ဖြစ်နေမိ၏။

သူငယ်ချင်းများက `ကရော်… ကရော်´ဟု ဝိုင်းစကြသောအခါ `ဘာဖြစ်လဲ… ဥမပါတော့ ပိုကောင်းတာပေါ့… ငါ့ ငါးက အပျို…´ ဟု ပြန်ပြောလိုက်၏။

ဆရာမများက ဝါးခနဲ ဝိုင်းရယ်ကြသည်။

ထိုအဖြစ်အပျက်ကလေးသည် သူတစ်ပါးအတွက် ဘာမှမဟုတ်ခဲ့၊ အရေးမပါခဲ့သော်လည်း ကျွန်တော့်အတွက်မူ `လောကမှာ ဒါမျိုးလည်းဖြစ်တတ်တာကိုး…´ဟု

ကံကြမ္မာဆိုသော အရာကို မရေမရာဖြင့် စတင်ခံစားခဲ့ရခြင်း ဖြစ်လေသည်။

ထို့နောက်တွင် ထို`ကံ´ကို သတ်ပုံမှန်အောင် သေးသေးတင်ဖြင့် `ကံ´ရကြောင်း ဆရာသင်ကြားတာကို အမှတ်ထင်ထင်ဖြစ်မိ၏။

သို့သော် နငယ်သတ်သော `ကန်´များဆိုးဝါးလျှင် ပြုပြင်ရလွယ်ပြီး ကကြီးပေါ် အစက်ကလေးတစ်စက် တင်ရုံဖြင့်ရသော ထိုကံများ ဆိုးဝါးလျှင်

မည်သို့မျှ ပြုပြင်၍ မလွယ်ကြောင်းကို ထိုစဉ်က မသိခဲ့။

နောက်ပိုင်းကာလများတွင် `မင်းတို့ ကံကောင်းတဲ့သူ ရမှာပေါ့…´ ဟု ဆရာမက ကြေညာပြီး စီစဉ်ပေးသဖြင့်

စာသင်ခန်းထဲတွင် ဘောလ်ပင်လေးများ မကြခဏ မဲနှိုက်ရသည်ကို ကြုံဖူး၏။

လက်ချောင်းတို့ တုန်ရင်မိသည်အထိ စိတ်လှုပ်ရှားကာ ထိုစက္ကူမဲလိပ်တို့ကို နှိုက်ယူဖူးပါသော်လည်း ကျွန်တော်ရသမျှမဲမှာ `ဗလာ´ဖြစ်လေသည်။

ဆရာမပြောသည့် `ကံကောင်းသောလူ´မှာ ကျွန်တော်တစ်ခါမှ မဖြစ်ခဲ့။

ထိုသို့သော ဖြစ်ရပ်မျိုးကို ကြုံကြိုက်ပေါင်းများလာမှ ကိုယ့်ကိုယ်ကို ကံမကောင်းသောလူမှန်း သိတော့၏။

“မင်းတို့ထဲက ကံဆိုးတဲ့သူတော့ ခံရပြီပေါ့ကွာ…”ဟု ဆရာမ စီစဉ်သော အချို့မဲများကို အံ့ဩစရာကောင်းလောက်အောင် ကျွန်တော်တည့်တည့်ပေါက်လေသည်။

ဥပမာ… စာသင်ခန်းထဲမှာ တံမြက်စည်းလှဲရန်၊ သောက်ရေခပ်ရန် စသည့်မဲတို့ဖြစ်၏။

တစ်ခါဆိုလျှင် ကျောင်းသား(၇၀)ရှိသော စာသင်ခန်း၌ မဲလိပ်(၇၀)ကို ကျွန်တော်က အရင်ဆုံးနှိုက်ရလေသည်။

စိတ်တိုစရာကောင်းလောက်အောင် ကျွန်တော်ပဲ ထိပ်ဆုံးကပေါက်သွား၏။

ကျန်ကျောင်းသား(၆၉)ယောက်က ဝမ်းသာအားရ ဝါးခနဲ ဝိုင်းရယ်ကြလေသည်။

ထိုညနေ ကျောင်းမှအပြန် `ကံမကောင်းရုံမဟုတ်ဘူး ငါက ကံကိုဆိုးတာ…´ဟု လေးလေးလံလံ တွေးလာတော့၏။

ခြောက်တန်းနှစ်မှာလည်း သတိရစရာ ကိစ္စတစ်ရပ် ဖြစ်ဖူးလေသည်။ စာသင်ခန်းတွင် အောင်စာရင်းကတ်ပြားများ ဝေစဉ်ကဖြစ်၏။

အောင်စာရင်းကတ်ပြားကို ကပျာကယာဖွင့်ကြည့်ပြီး ကျွန်တော်မျက်လုံးများ ပြာဝေသွားရသည်။

ကျွန်တော့်အဆင့်က (၃၀)ကျော်နေသည်။

ထိုသို့ဆိုလျှင် ကျွန်တော် အိမ်အပြန်ခက်တော့မည်။

“မဟုတ်ဘူး… မဟုတ်ဘူး…”ဟု ခေါင်းကို ဘယ်ညာခါရမ်းရင်း ဆရာကို သွားစကားပြောရသည်။

ဆရာက တစ်ခန်းလုံးကို ဝေထားပြီးသော အောင်စာရင်းကတ်ပြားများအား ပြန်သိမ်းယူ၏။

အားလုံးကို ပြန်ပြင်ရ၏။ (သူ၏ မတော်တဆ မှားယွင်းမှုဖြစ်သည်)။

အမှန်အတိုင်း ပြင်ပြီးသောအခါ ကျွန်တော်က အဆင့်(၁)ဖြစ်၏။

စိတ်မောလူမောဖြင့် ကျွန်တော် ပင့်သက်ရှိုက်မိသော်လည်း ပြဿနာက ထိုမှ ရပ်မသွားချေ။

ကျောင်းဆင်းသောအခါ “နင်ကတော့ ဖြစ်ရမယ်”ဟု သူငယ်ချင်းများက ဝိုင်းရယ်ရင်း ပြင်ဆင်ရေးခြစ်ထားသော အောင်စာရင်းကတ်ပြားကို တောင်းယူကြည့်ကြ၏။

သို့ဖြင့် လမ်းမှာ ထိုကတ်ပြားကြီး ပျောက်သွားလေသည်။

အိမ်ရှေ့ရောက်မှ ကျွန်တော် ငိုရမလို၊ ထခုန်ရမလို ဖြစ်နေတော့၏။

သို့သော် လမ်းမှာ ကောက်ရ၍ဆိုပြီး ကျောင်းသားတစ်ယောက်က လာပြန်ပေးသဖြင့် ဝမ်းသာအားရ ပြန်ဖြစ်ကာ သက်ပြင်းချမိပြန်၏။

သို့သော် ပြဿနာက ထိုမှလည်း မရပ်ဘဲဖြစ်ပြန်၏။

ကျွန်တော့်အိမ်မှာ မည်သူမှမရှိဘဲ သော့ပိတ်ထား၍ လူကြီးများပြန်မလာခင် ဘေးအိမ်မှာ သွားနေရ၏။

ကျွန်တော့်အောင်စာရင်း ကတ်ပြားကို ထိုအိမ်မှ လူတို့ ယူကြည့်ကြ၊ ဝေဖန်ကြ၏။

နောက်မှ မည်သို့ဖြစ်သည်မသိ။ ဗြိခနဲ အသံကြား၍ ကြည့်လိုက်သောအခါ ထိုကတ်ပြားကို ထိုအိမ်မှ ကလေးငယ်တစ်ယောက် ကစားရင်း ဖြဲပစ်လိုက်သည်။

“ဟာ…”ခနဲ ကျွန်တော် ပြေးသွားသောအခါ နှစ်ခြမ်းဖြစ်နေလေပြီ။

ကျွန်တော်က လုယူရန်ပြင်သောအခါ ထိုကလေးက ကတ်ပြားကို ဝါးစားပစ်လိုက်လေသည်။

ကျွန်တော် အလွန်စိတ်ဆိုးသွားသော်လည်း ဘာမှ မလုပ်ရဲချေ။

ကျွန်တော်ထုလိုက်သဖြင့် သူအော်ငိုလျှင် ကျွန်တော်ပဲ မကောင်းရှိမည်။

အကြီးအကျယ် စိတ်ပျက်ရင်း ကိုယ့်အဆင်မပြေခြင်းကိုသာ အံ့ဩနေမိတော့၏။

(၂)

တစ်စတစ်စနှင့် `ကံကြမ္မာ´ဆိုသောအရာကို အဆိုးမြင်ဘက်မှ ကြည့်မိရင်း ကျွန်တော် ကြောက်လာဖူးသည်။

တန်းတူအခွင့်အရေးရမည်ဆိုလျှင် မည်သူ့ကိုမျှ မမှုချင်သော ကျွန်တော့်အား `ကံကြမ္မာ´ဟူသည့် ဒိုင်လူကြီးက ကြားမှဝင်၍ ထိုးသွားတတ်၏။

ထိုသို့ဖြင့် ပြိုင်မြင်းဆန်ခဲ့သော ကျွန်တော့်ဘဝတွင် ခွာလိပ်ခဲ့ရသည်တို့ကလည်း အခါခါပင် ဖြစ်လေတော့သည်။

သိုးဆောင်းအယူအဆတွင် (၁၃)ဂဏန်းသည် ကံမကောင်းသော ဂဏန်းဖြစ်၏။

အနောက်နိုင်ငံမှ တည်းခိုခန်းအချို့တွင် အခန်း(၁၃)ဆိုလျှင် မည်သူကမှ မတည်းခိုချင်ကြောင်း၊ အခန်း(၁၂)ပြီးသည်နှင့် အခန်း(၁၄)ကို ထားရကြောင်း

ကြားသိနေရတော့ မပီမပြင် ပြုံးဖြစ်သည်။

လွန်ခဲ့သော (၂၆)နှစ်၊ မိုးတွေလေတွေ ဝုန်းဒိုင်းကြဲရွာသွန်းပေါက်ကွဲသော (၁၃)ရက်နေ့တစ်နေ့တွင် ကျွန်တော့်ကို မွေးဖွားခဲ့လေသည်။

အီဂျစ်ပြက္ခဒိန်တွင် ကံမကောင်းခဲ့သော ကျွန်တော့်ကိုယ်ကျွန်တော် မြန်မာပြက္ခဒိန်တွင် ရှာဖွေကြည့်မိသောအခါ ထပ်မံအံ့ဩရပါ၏။

ကျွန်တော်သည် မြန်မာလိုလည်း လဆုန်(၁၃)ရက်ဖွား ဖြစ်လေသည်။

ပြက္ခဒိန်စာအုပ်ကို ပြန်ပိတ်၍ ဒဏ်ရာရနေသော သားကောင်တစ်ကောင်ကို ကြည့်သလို ပြန်ကြည့်မိတော့၏။

ထိုသော ကျွန်တော်သည် အောင်ဘာလေဆုကြီးများ သုံးကြိမ်သုံးခါတိုင်တိုင် နောက်ဆုံးတစ်လုံးတည်း ကပ်လွဲဖူးလေသည်။

သူငယ်ချင်းများက ကျွန်တော့်အစား အူယားကြသည်ဟု သိရသည်။

ကျွန်တော်ကတော့ အနည်းငယ် ပျော်သလိုဖြစ်သည်ကလွဲ၍ ထူးထူးခြားခြား မည်သို့မျှ မခံစားမိချေ။

ဘေးလူများက ဝိုင်းဝန်းတိုက်တွန်း၍ နောက်အပတ်များတွင် ထီကို ယခင်ကလို တစ်စောင်တည်းမဟုတ်တော့ဘဲ ရွက်ရေများများ ထိုးမိလေ၏။

ထိုအခါကျပြန်တော့လည်း နည်းနည်းမှ မနီးစပ်တော့ဘဲ တက်တက်စင်အောင် လွဲလေသည်။

ကျွန်တော့်အတွက်မူ ထီဆုကြီးများသည် များများထိုးလျှင် များများလွဲ၏။

နည်းနည်းထိုးလျှင် နည်းနည်းလွဲ၏။ တစ်စောင်တည်းထိုးလျှင် နောက်ဆုံးတစ်လုံးတည်း ကပ်လွဲ၏။ တစ်စောင်မှမထိုးလျှင် မပေါက်ချေ။

ကျွန်တော် မည်သို့လုပ်ရမည်မသိ။

နောက်ဆုံးကျတော့လည်း ထီကို လုံးဝမထိုးတော့ဘဲ သူများတွေ ထီတိုက်နေတာကို နံဘေးမှ ပြုံးယောင်ယောင်ဖြင့် ကြည့်တတ်လာတော့၏။

ဆယ်တန်းကျောင်းသားဘဝ၏ ခြောက်လပတ်စာမေးပွဲတစ်ခုတွင်မူ `ကျွန်ုပ်သိန်းထီပေါက်ခဲ့သော်…´ ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ်ကို ရေးဖူးလေသည်။

ကျွန်တော် မျက်မှောင်ကြုတ်ပြီး မည်သို့ရေးရမည်ကို စဉ်းစားကြည့်ပါသေး၏။

ပြီးမှ သေသေချာချာ ရေးခဲ့ပါ၏။

စာမေးပွဲကြီး ပြီးဆုံး၍ မြန်မာစာအမှတ်များကို ဆရာက အတန်းထဲတွင် ပြောသောအခါ ကျွန်တော်က အခန်းရှေ့ထွက်၍ အရိုက်ခံရပါတော့သည်။

ကျွန်တော်က `စားပြီးအိပ်… အိပ်ပြီးစား… စားပြီးအိပ်… အိပ်ပြီးစား…´ဟု ခြောက်မျက်နှာ ရေးခဲ့သောကြောင့် ဖြစ်လေသည်။

ကျွန်တော့်ဘဝ ကျွန်တော့်ဘက်မှ ကံကြမ္မာနှင့် ပတ်သက်သော အယူအဆ၊ ဒါတွေကို ကြိမ်လုံးက မသိသလို ဆရာကလည်း မသိခဲ့ချေ။

ထိုသို့ဖြင့် ကျွန်တော်သည် ပတ်ဝန်းကျင်တွင် အံဝင်ခွင်ကျ မဖြစ်ခဲ့။

ကျွန်တော်က လောကအတွက် အေးမြသော ပင်လယ်တစ်စင်းအဖြစ် ကိုယ်ကို ဆန့်ထုတ်ဖြန့်ခင်းပေးချင်၏။

သို့သော် အမှန်တကယ်ဖြစ်ရသည်က ဗလောင်ဆူနေသော ရေတစ်စက်မျှသာ ဖြစ်လေသည်။

မိမိ၏ ကံကြမ္မာနံပါတ်ကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုရင်း မျက်လုံးဘောင်ဘင်ခတ်နေသော လူများစွာကို ကျွန်တော် ကြုံခဲ့ဖူးပါသည်။

သူတို့ကို ကျွန်တော်က သနားသောအခါ သူတို့ကလည်း ကျွန်တော့်ကို ပြန်သနားကြလေသည်။

ထီလက်မှတ် ကံစမ်းမဲ စသည်တို့က ကျွန်တော့်အတွက် ပလူလို ထပျံတတ်သည့် စက္ကူအိပ်မက်များဖြစ်၏။

သူတို့အတွက်တော့ မျှော်လင့်ချက်ကို ဒရွတ်တိုက်ဆွဲသည့် စွပ်ဖားလှည်းအိုကြီးများ ဖြစ်၏။

ကံကြမ္မာနှင့် ပတ်သက်လျှင် ကျွန်တော်နှင့် အခြားလူများ ထိုသို့ ကွဲပြားခဲ့ကြလေသည်။

ကျွန်တော့်တွင် ဖားနှင့်တူသော မိတ်ဆွေတစ်ယောက်ရှိ၏။

စီးပွားရေး၊ ငွေ စသည်တို့နှင့် ပတ်သက်လာလျှင် ထိုင်ရာမှပင် ခုန်ထနိုင်လောက်အောင် သတိရှိသောကြောင့် သူ့ကိုမြင်လျှင် ဖားကို သတိရမိခြင်းဖြစ်သည်။

ပြီးခဲ့သည့် လထဲမှာ ငွေအလုံးအရင်းဖြင့် သူ ထီကစားပါသည်။ တစ်စောင်မှ မပေါက်။ ထို့အတွက် သူ အရက်တစ်ခွက်သောက်၏။

ကျွန်တော်က ပြုံးနေသောအခါ သူက ကျွန်တော့်အပြုံးကို နားလည်စွာ ပြန်ပြုံး၏။

တယ်လီဗေးရှင်းထဲတွင် ပယ်နယ်တီဖြင့် အဆုံးအဖြတ်ပေးသော ဘောလုံးပွဲကို လှမ်းကြည့်ရင်း ကျွန်တော် ဘယ်တော့မှ မေ့မည်မဟုတ်ဘည့် စကားတစ်ခွန်းကို ခပ်တိုးတိုးပြော၏။

“အဲဒီ ဘောလုံးပွဲမှာ … ပယ်နယ်တီ ကန်နေကြသလိုပေါ့ဗျာ… သေသေချာချာ လေ့ကျင့်ထားတဲ့လူတွေက သေသေချာချာ တည်ထားတဲ့ဘောလုံးကို

သေသေချာချာ ချိန်ကန်တာတောင် လွဲသွားတတ်သေးတာပဲ… အခုဟာက ကံကြမ္မာကိုး…”

ထိုသောအခါ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို “ခေါင်းလား… ပန်းလား…” မေးပြီး ဒင်္ဂါးကို လေထဲမြှောက်၏။

“ပန်းပန်ထားသော ခေါင်း…”ကို လိုချင်မိလျှင် ကျွန်တော်က အလွန်ဖြစ်ပါသည်။

သို့သော် ခေါင်းဟုဖြေပါလျက် ပန်းချည်းကျနေလျှင် ပန်းဟုဖြေပါလျက် ခေါင်းချည်းကျနေလျှင် မည်သူ့ကို အပြစ်တင်ရပါတော့မည်နည်း။

ထိုညက သန်းခေါင်လွန်သော် နှင်းတွေလွင့်လွင့်ဝေဝေကျ၏။

အိပ်မရသော ကျွန်တော်သည် ဗေဒင်လက္ခဏာ စာအုပ်တစ်အုပ်ကို ထုတ်ဖတ်မိလေသည်။

ထိုစာအုပ်မှ သိလိုက်ရသည်မှာ ကျွန်တော်၏ ကျောပြင်သည် သုမနနှင့်တူ၏။

ကျွန်တော့်သွေးသည် လက်သည်းဆိုးဆေးနှင့်မတူ။

အသေချာဆုံးအချက်ကို မင်နီတားလိုက်၏။ ကျွန်တော်သည် လူသားဖြစ်၏။

လက်ဝါးမှာ အမှားလက္ခဏာ ပါလာလေသည်။

(၃)

မှောက်ထားသော ဖဲချပ်ကလေးများတွင် မှော်အတတ်ရှိ၏။

သူတို့ကို ဆွဲလှန်ပြီး ဖြန်းခနဲ ပစ်ချလိုက်ခြင်းအားဖြင့် အချို့လူများကို နှလုံးရောဂါ ရစေပါသည်။

လူတိုင်းတွင် မှောက်ဖဲလေးများ ရှိတတ်၏။

ကျွန်တော့်တွင်လည်း ရှိသည်။ သို့သော် မည်သည့်အခါမှ ကျွန်တော့်မှောက်ဖဲကို ကျွန်တော်ဆွဲလှန်လိမ့်မည် မဟုတ်ချေ။

လျှို့ဝှက်သိပ်သည်းစွာ ဣန္ဒြေရနေသော မှောက်ဖဲလေးများတို့ ဘဝကို ကျွန်တော့်ကြောင့် မနိမ့်ကျစေလိုပါ။

ကျွန်တော့်လက်ဖြင့် ဆွဲလှန်လျှင် သူတို့အတွက် ပက်လက်လန်သည်က လွဲ၍ ဘာကိုမှ အစွမ်းပြနိုင်မည်မဟုတ်။

ကျွန်တော်က ကြိုးစားရတာကို ပျော်တတ်သော သဘာဝရှိ၏။

အချို့သော ကံကြမ္မာအချိုးအကွေ့များတွင်တော့ တဖြည်းဖြည်း မပျော်နိုင်ဖြစ်လာခဲ့သည်။

လူကပြေးသော်လည်း ကံကနှေးနေသည်။

လူကသွားသော်လည်း ကံက နားနေသည်။

လူက ရှုံးမှပဲ ကံက ပြုံးတော့၏။

တစ်ခါတစ်ခါတော့လည်း ကျွန်တော်သည် ဘယ်သူ့ကိုဟု တိတိပပမပြောနိုင်ဘဲ နာကြည်းနေခဲ့ဖူး၏။

မသေချာဘဲ ဘာကိုမှ ရဲရဲဝံ့ဝံ့ မလုပ်တော့။

ကံကြမ္မာနှင့် စစ်တုရင်ထိုးမည့်အစား နွားသိုးနှင့်သာ ခေါင်းချင်း ဆောင့်နေချင်တော့၏။

ကျွန်တော့်ဘဝကို အစအဆုံးမြင်နေရသော မိတ်ဆွေကျောင်းဆရာတစ်ဦးက ရင်းနှီးစွာ အကြံပေးဖူး၏။

“ခင်ဗျားက လေယာဉ်ပေါ်က ခုန်ချပြီးမှ လေထီးမပွင့်တဲ့ စစ်သားလိုဖြစ်နေတယ်… တချို့အလုပ်တွေကို ခင်ဗျားမလုပ်နဲ့ မရဘူးဗျ… မကြိုးစားနဲ့ ခင်ဗျားကို `ကံ´မလိုက်နိုင်ဘူး…

ခင်ဗျားက သေအောင်ကြိုးစားရင် သေသွားမယ်… ရမှာမဟုတ်ဘူး…”

ထိုသို့ဖြင့် ကျွန်တော်နှင့် ကံကြမ္မာသည် (ဓမ္မာ၊သောက၊ အင်းဝ၊ ရာဇာ) ဖြစ်ခဲ့လေသည်။

ကံကြမ္မာဆိုးတို့ကသာ မိုးကြိုးလို ထစ်ချုန်းဆူးနစ်တတ်သော သဘောရှိမည်ဆိုလျှင်

ကျွန်တော့်ခန္ဓာ တစ်နံတစ်လျား ခြေဖဝါးမှ ဦးကင်းတိုင်အောင် မိုးကြိုးသွားတို့ အစင်းစင်းဖြာဝေ စိုက်နစ်နေပေလိမ့်မည်။

စောင်းကြိုးကို ကြာပွတ်ရိုးတပ်ပြီး တစ်စုံတစ်ယောက်က ရိုက်လာလျှင် နာကျင်မိမည်လား။

နှစ်တွေ ခေတ်တွေကို တပေပေဖြတ်သန်းကျော်လွှားခဲ့ရ၏။

ရင်နင့်လှိုက်မောဖွယ်ရာ အတွေ့အကြုံများစွာတို့တွင် စုန်ချည်ဆန်ချည် မွေ့ထုံပျော်ပိုက်ခဲ့ရသော်လည်း

ကျွန်တော်သည် မပြည့်စုံသေးသော လူတစ်သိုက်ထဲမှ တစ်ယောက်သာဖြစ်ခဲ့၏။

“စိတ်ရှိလက်ရှိ တရားပေါက်လိုက်ရရင်တော့ တစ်ခါတည်း နိဗ္ဗာန်ရောက်သွားတော့မယ်…” ဟု မကြာခဏ ရေရွတ်ဖူးသော်လည်း

အမှန်စင်စစ် ကျွန်တော်သည် လူ့ဘုံက ဖိနပ်စီးသော ခြေထောက်နှစ်ချောင်းပေါ်တွင် တစ်ဘဝစာ တဲလေးဆောက်၍ နေထိုင်သူသာ ဖြစ်၏။

ယောက်ျားတစ်ယောက်ဟာ “တက္ကသိုလ်ပညာ သင်ဖူးရမယ်… ပင်လယ်ခရီး ထွက်ဖူးရမယ်… ထောင်ကျဖူးရမယ်…” ဟု တစ်ယောက်က ပြော၏။

ထိုစကားကိုသော်လည်းကောင်း၊ ဆင်တိူယိုးမှာ အခြားစကားများကိုသော်လည်းကောင်း ကျွန်တော်ကြားဖူးပေါင်းများပြီဖြစ်သည်။

ထိုစကားအရဆိုလျှင် ပင်လယ်ခရီးထွက်ရန် ကျန်နေသေးကြောင်း သတိပြုမိ၏။

ပြုံးလည်းပြုံးမိ၏။ ထားလိုက်ပါ။

ထိုစကားအတိုင်း အံဝင်ခွင်ကျဖြစ်အောင် လိုက်လံဖြည့်ဆည်းနေမည်မဟုတ်။

ထိုစကားနှင့် မကိုက်ညီမှုအတွက် ကိုယ့်ကိုယ်ကို ယောက်ျားမဟုတ်ဘဲ မိန်းမတစ်ယောက်များ ဖြစ်နေရော့လားဟု နည်းနည်းလေးမှလည်း ထင်လိမ့်မည်မဟုတ်။

ဘုရားစင်ပေါ်မှ သပြေပန်း လုပ်ရကောင်းမလား။

ညောင်ရေအိုး လုပ်ရကောင်းမလား၊ ကိုယ့်ကိုယ်ကို မကွဲပြား၊ ချိုးရုပ်တွေ ရွှံ့နဲ့လုပ်ပြီး ချိုးအုပ်နားမှာတော့ ဝီစီလိုသွားမှုတ်ချင်သည်။

လူ့သမိုင်းတွင် ကြိုး၊ ခေတ်က မိုးပျံပူဖောင်းဆိုလျှင် ကျွန်တော် ဟိုက်ဒြိုဂျင်လုပ်ချင်သည်။

ထိုသို့ဖြင့် ကျွန်တော် အိပ်ပြန်မရောက်တာ (၇)နှစ် တိုင်ခဲ့ပါပြီ။

(၁၃)ဂဏန်းနှင့် တွေ့ဆိုလိုလျှင်တော့ ကျွန်တော့်အမည် `မောင်ကံဆိုး´ကို သတိရမိတုန်းဖြစ်၏။

တည်ငြိမ်ရင့်ကျက်စပြု၍ အရာရာအပေါ်တွင် တုန်လှုပ်ချောက်ချားမှု နည်းပါးလာသော်လည်း ဖြစ်နိုင်မည်ဆိုလျှင် ကံကောင်းချင်ပါသေးသည်။

ထိုသို့တွေးမိသည့်ညက လင်းဝေသော အိပ်မက်တစ်ခုကို ရ၏။

အိပ်မက်ထဲမှာ ရွှေရောင်တောက်ပသော လူတစ်ယောက် ကျွန်တော့်ဆီကိုလာ၏။

ကျွန်တော့်ကို စကားတစ်ခွန်းပြော၏။

“ကံကောင်းတာပဲတို့.. ကံဆိုးလေခြင်းတို့ ပြောနေ.. ညည်းနေတာဟာ ကိုယ်ကျိုးသမားတွေပါကွာ…

ကိုယ်ကျိုးမကြည့်တဲ့လူ…ကိုယ်ကျိုးစွန့်ထားတဲ့လူမှာ ကံကောင်း ကံဆိုးမရှိပါဘူး…

ကံကောင်းကောင်း ကံဆိုးဆိုး သူလုပ်သင့်တာကို လုပ်ပေးသွားတာပါပဲ… ဒါပဲပေါ့… ဒီလိုပဲ ဖြစ်ရမှာပေါ့”

ထို့နောက် သူပြန်သွားလေသည်။

အိပ်မက်သည် ကြောက်မက်ဖွယ်ရာ ငြိမ်သက်သွား၏။

ကျွန်တော့်ရင်ထဲမှ အနှောင်အထုံးတို့ ပုံလျက်သား ပြေကျသွား၏။

အကြွင်းမဲ့ ရှင်းသွားသည်။

ကျွန်တော်… ည… အိပ်မက်… ကံကြမ္မာ… လက်မှတ်… ဘာဆိုဘာမှ မရှိတော့ချေ။

ထိုသို့ဖြင့် သေနေသော ကျွန်တော် ပြန်လည်ရှင်သန်လာခဲ့ရလေသည်။

လေထဲမှာ ငုပ်နေသော လူတစ်ယောက် `ဗွမ်း´ခနဲ ပြန်ပေါ်လာရခြင်းဖြစ်၏။

ဒီအချိန်ကျမှ စာရွက်ပေါ်မှာ ကျွန်တော့်ကို သိန်းဆုပေးဖူးသော မြန်မာစာဆရာနှင့် အမှတ်မထင်ပြန်ဆုံရလေသည်။

“မင်း သိန်းထီပေါက်ရင် ဘာလုပ်ဦးမလဲ…” ဟု သတိတရ မေး၏။

ကျွန်တော် ရယ်၍သာ နေလိုက်သည်။

အပြန်လမ်းတွင် ထီတစ်စောင် ဝင်ထိုးသည်။

အကယ်၍ ကျွန်တော်သာ သိန်းထီ၊ သန်းထီ ပေါက်ခဲ့လျှင်…

(၁) ထိုငွေများကို အကြွေဖြစ်အောင် လဲပါမည်

(၂) ထို့နောက် ကျွန်တော်က ရုပ်စုံကာတွန်းများထဲမှ သူဌေးမင်းလို ခေါင်းပေါင်း၊ ရင်ကျပ်အကျႌလက်ရှည်၊ တောင်ရှည်ပုဆိုးတို့ကို ဝတ်ပါမည်။

(၃) သျှောင်ထုံးနှင့် လူတစ်ယောက်ကို ငွေထုပ်ကြီးထမ်းခိုင်းပါမည်။

(၄) ထို့နောက် ကျွန်တော်က ရှေ့မှ ရင်ကော့လျှောက်ပြီး သူကနောက်မှ ငွေထုပ်ထမ်း၍ လိုက်လာရပါမည်။

(၅) ထိုသို့ဖြင့် အချို့လူ၊ အချို့အိမ်၊ အချို့လမ်းများရှေ့၌ ကျွန်တော်တို့ဖြစ်လျှောက်ပါမည်။

(၆) ထိုဆရာ့အိမ်ရှေ့သို့လည်း ဖြတ်လျှောက်ပါမည်။

ကဲ… မိတ်ဆွေ
ကျွန်တော် ထီတစ်စောင် ထိုးထားပါပြီ။

နံပါတ်က အ-၀၀၀၀၁၃ ဖြစ်ပါသည်။

ဝိုင်းဝန်းတိုက်ပြု ကြည့်ရှုပေးစေလိုပါသည်။

အတိတ်ကိုလည်း သတိထားစေလိုပါသည်။

အတိတ်က “အိပ်မက်ထဲမှာ အိပ်မက်မမက်ကြေး…” ဟူ၍ ဖြစ်ပါသည်။

 

# # #
တာရာမင်းဝေ

 

 

===========================================

ဦးမင်းလူကြီး ကွယ်လွန်ချိန်မှာ…

ရသ စာပေနယ် အတွင်းက တန်ဖိုးကြီးကြယ်ပွင့်တွေ.. ဆုံးရှုံးမှု က. ခပ်စောစော လာတတ်လွန်းလို ့..

နာကျင်  ခံစား မိပါတယ် ။

တစ်ဆက်တည်းမှာပဲ….

အခု ဦးမင်းလူ  ကွယ်လွန်ချိန်မှာ. ခံစားရတဲ့ နှမြောတသ ယူကြုံးမရ ဖြစ်ခဲ့သလို…

ကျွန်တော့် ကျေးဇူးရငိ ဆရာတာရာမင်းဝေ.. ကွယ် လွန်ခဲ့ချိန်တုန်းက လည်း…

ဒီလို..နာကျင် ခံစား.. နှမြော တ သ ခဲ့ရတာလေး.. ပြန် သတိရပြီး…

ဆရာတာရာမင်းဝေကို ပြန်လွမ်းမိပါတယယ် ။

 

ဆရာ့ အလွမ်းပြေ…

ဆရာ ့ စာတွေထဲက.. ကျွန်တော် အနှစ်သက်ဆုံးစာပေလက်ရာတစ်ခု ဖြစ်တဲ့…

ကျွန်တော့် ခံစားချက်နဲ့လည်း..တိုက်ဆိုင်သလိုလို ရှိတဲ့…..

ဒီ စာလေးကို… ကျွန်တော်နဲ ့ အတူ..

အားလုံး ဖတ်ရအောင်.. ပြန် တင်ပေးလိုက်ပါတယ်..။

======================

ကျွန်တော်တို ့ ချစ်တဲ့…

ရသ  နယ်ပယ်ထဲက…ကြယ်ပွင့်တွေ….

အကြွေ မစောစေချင်ဘူး…..ဗျာ…..။

—————————————

 

9 comments

  • Mr. MarGa

    August 20, 2013 at 1:24 pm

    အဲဒီစာပေါ့
    ဖတ်ပြီးကတည်းက ရင်ထဲမှာ စွဲခဲ့တာ
    အဲဒီစာပေါ့
    ကံကြမ္မာအကြောင်းကို အသေအချာ ဆန်းစစ်မိစေခဲ့တာ
    အခုထိတောင် မမေ့သေးတဲ့ စာတစ်ပုဒ်ပါ။
    ဆရာ မင်းလူ ဆိုတာကတော့
    ဝတ္ထု စ ဖတ်ချိန်ကစလို့ တစ်ချိန်လုံး စွဲလမ်းခဲ့ရသူ
    အခုတော့
    သူတို့လဲ စာဝတိံသာကို နေရာပြောင်းသွားကြပြီပေါ့လေ…

    • အလင်းဆက်

      August 20, 2013 at 6:56 pm

      စာဝတိန်သာ …တဲ့လား..သကြားရယ်..
      စကားလုံးလေး လှချက်…။

      ကျွန်တော်လည်း.. ဒီ ဝတ္ထုတိ်ုလေးကို တော်တော်ကြိုက်မိတယ် ။

      • Mr. MarGa

        August 20, 2013 at 7:00 pm

        နာ့စကားမဟုတ်
        ဆရာမင်းလူ စကား
        ဦးသုမောင်လဲ သုံးတယ်ထင်တာပဲ

  • ရွှေမိုးတိမ်

    August 20, 2013 at 2:54 pm

    ကျေးဇူးပါ… နှစ်နှစ်ခြိုက်ခြိုက် ပြန်ဖတ်သွားပါတယ် ….

    • အလင်းဆက်

      August 20, 2013 at 6:54 pm

      ရွှေမိုးတိမ်ရေ..
      ကျွန်တော်တို ့အတူဖတ်ကြပြီး… အတူလွမ်းကြတာပေါ့ဗျာ…။

  • kyeemite

    August 20, 2013 at 3:39 pm

    တာရာမင်းဝေလက်ရာလေးကို ကြိုက်တယ်အလင်းဆက်ရေ…

    • အလင်းဆက်

      August 20, 2013 at 6:47 pm

      ဟုတ်…ဦးကြီး ..ရေ..
      ကျွန်တော်လည်း ..တာရာမင်းဝေ ရဲ ့ စာတွေကို ပြန်ဖတ်မိတိုင်း…
      နှမြောမိတယ်..။

  • မဟာရာဇာ အံစာတုံး

    August 23, 2013 at 11:03 am

    ဆိုင်လား ဆိုင်ဝူးလားဒေါ့ သိဘာဝူးးး
    ကျားဖူးဒါဒေါ့ ..
    ဘာလေးဂို ဆိုလားဘဲ
    ရေသလပ်ပါ များတွားရင်ဒဲ့ …
    တဖြည်းဖြည်း မာကြော လာဒယ် ဆိုဗျဲ …
    အဲ့ဂလိုဘဲ ..
    နုနယ်စဉ်တည်းက လောကဓံ လေတိုက်ပါများဒဲ့အခါ
    တဖြည်းဖြည်း မာမာ လာဒတ်ဒယ် .. ဒဲ့ ….။

    • အလင်းဆက်

      August 23, 2013 at 12:47 pm

      ဒဿန ဆယာဂျီး ရဲ့ ဇဂါးလေးက
      မှတ်သား ထိုက်ပါဘေအိ
      :kwi:

Leave a Reply