ဘဝတစ်ခုအစပြု… When I was born…

အဖေနုစဉ်က ပုံဟောင်းလေးပါ..
အဖေနုစဉ်က ပုံဟောင်းလေးပါ..(အဲတုန်းက ဓါတ်ပုံဆိုင်တွေ မခေဘူးနော်..)

 

 

 

ဘဝတစ်ခုအစပြု… When I was born…

ကျုပ်ကို မွေးတော့ တိုင်းပြည်ကခပ်ယဲ့ယဲ့

မုန်တိုင်းကထန်ထန်

သေနတ်သံတွေညံနေတဲ့အချိန်ပေါ့

အော်..မွေးကတည်းက

စစ်နဲ့ရင်းနီးခဲ့ရပေသကိုး

 

ကျုပ်အထက်ကိုကြည့် တွက်စစ် လိုက်တော့..

အစ်မ အစ်ကိုတွေ တွေ့ လိုက်ရဲ့

ဘုရား..ဘုရား..ဘုရား..

ကျုပ်ကနံပါတ်လေး..ဆိုပါလား

တရုတ်အလိုအရ `လေး´ ဆိုတဲ့ `ဖိုး´

သေမျိုးချည်းတဲ့..မသေတောင် ဘဝမှာ

မအောင်မြင်နိုင်ဘူးဆိုပဲ..

မဟာဘုတ် ကိုတွက်ကြည့်ပါလား

`ပုတိဖွား´ အခုသိသွားပလား

 

 

 

ဟုတ်လည်းဟုတ်နိုင်ရဲ့

ကျုပ်ခမြာ မွေးကတည်းက

ထိန်းလို့မရ သွားရည်တွေကျ

သိပ်ဝတဲ့ကျုပ် လည်ပင်းနဲ့ရင်ဘတ်စွန်း

သွားရည်စား အသားနီလန်

ဒုက္ခတွေ ငယ်ငယ်နဲ့ ခံနေရလေရဲ့…

ဘယ်လိုမှမဖြစ်စေရ …ကျုပ်အဖေဒီလိုတွေး…

နားလည်တဲ့ တရုတ်အဖိုးအို ကိုမေးတော့

တရုတ်တွေ ယုံကြတဲ့ `ဖုန်းရွှေ´ကို    (FENG SHUI)

အဆုံးမွှေကာကြည့်လိုက်တော့

ကြက်မလေးနဲ့ပေးစား

ကျုပ်အခန်းမှာ နှစ်ရက်တောင်

ကုတင်ဘောင်မှာချည်နှောင် ထားရမတဲ့…

အမေ့နို့တောင် မစို့ရ

နွာနို့ကို ဗူးနဲ့ ထား

ကြက်မနဲ့ကျုပ်လင်မယားတဲ့

အော်..ငယ်ငယ်ကထဲက ကြက်နဲ့ညား

ချက်စားလို့လဲမရ…

နှစ်ရက်ပေါင်းပြီး ကွာရှင်း

တောအတွင်း သွားလွှတ်ရမတဲ့

ခက်သားကလားဗျာတို့

ဒါတင်အားမရ တရုတ် အဖိုးကအစွမ်းပြ

လက္ခဏ တစ်ချက်ပြပါဆိုပြီး

ပဉ္စပွတ် နင်လွတ်တော့လို့

ရှေ့ရေး အစစအေးစေဖို့

ငယ်နာမည်ကိုဖျောက်လို့

နာမည်သစ်လေးပေးခဲ့လေရဲ့

 

မှတ်မှတ်ရရ ကျုပ်နှစ်နှစ် သားမှာ

ရေဒီယိုက စစ်သီချင်းတွေလွှင့်

အပြစ်ကင်းလား မကင်းလားကျုပ်မသိ

ကျုပ်အဖေမျက်နှာကြည့်တော့

ခပ်တင်းတင်းတွေ့မိတယ်

ခပ်နွဲ့နွဲ့ကျူပ်

အဖေ့ကိုမော့ကြည့်တော့

အဖေ့လက်မောင်းမှာ ဗန္တုလ ခမေါက်မြင်ရဲ့

အဲဒီခမေါက်အောက် သုံးရစ်ရောက်လို့ပေါ့

 

 

စစ်သားရဲ့ မျိုးဆက်ကလေး

ကျုပ်သတိရသေးသပေါ့

တစ်ထောင်ကိုးရာ ခြောက်ဆယ့်ခြောက်

ကျုပ်.. တစ်တန်းအရောက်မှာ

အဖေပေးတဲ့ မုန့်ဖိုးအကြွေစေ့

ကျုပ်မသုံးခင် သေချာစေ့စေ့ကြည့်တော့

ပိုက်ဆံပေါ်က မှုံတေတေပုဂ္ဂိုလ်

ဘယ်သူမှန်းမသိသေးပါပဲ

ကျုပ်ချစ်သွားသလိုပါပဲ

 

 

တစ်ခုသောနှစ်ရဲ့ ဂျူလိုင်လ

မှတ်မှတ်ရရ  တစ်ဆယ့်ကိုး

အဲ့ဒီနေ့က မိုးတွေကလဲသဲကြီးမဲကြီးရွာလို့

ကျုပ်တို့မိသားစု  ထမင်းဝိုင်း

မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့

ဟင်းတစ်ဖတ် ကျုပ်နှိုက်မယ်အလုပ်မှာ

ဖွင့်ထားတဲ့ နေရှင်နယ်ရေဒီယိုလေးက

ဝမ်းနဲပက်လက်သံနဲ့

တော်လဲသံလို ဥဩဆွဲ

ကျုပ်ဇက်ပိုးမှာ ဖျမ်းကနဲ

အဖေကပြောတယ် …

နှစ်မိ်နစ် ငြိမ်တဲ့…

ဘာကြောင့်မှန်းကျုပ်မသိခဲ့ပေမဲ့

ကျုပ်ငြိမ်ပြီးနေခဲ့ပါရဲ့

 

ဘဝအစကတည်းက

စစ်အာဏာနဲ့ ရင်းနှီးခဲ့ရတဲ့ကျုပ်

ဗိုလ်လုပ်နေသူတွေကိုအားကျ

တစ်နေ့ ကျုပ်ဖြစ်ရမဟလို့

စိတ်ထဲမှာရည်မှန်း

ကျုပ်ဘဝလမ်း ကြမ်းကြမ်း

ဖြတ်သန်းခဲ့ရသပေါ့

 

တဖြည်းဖြည်းနဲ့စာတွေဖတ်

စာတွေလည်းတတ်လာပါရော

အပြတ်သာ မပြောနိုင်တာ

လောကကြီးကို ကျုပ်မြင်တာ

အဖေနဲ့ဆန့်ကျင်လာပါလေရော…

 

တစ်နေ့….ဟုတ်ပါတယ်…အဲဒီနေ့ပေါ့

အဖေမျှော်စောင့်ခဲ့တဲ့နေ့

သူ့သားကျုပ်ကို ဗိုလ်လုပ်တဲ့လေ

ဗိုလ်ရွေး သွားရမဲ့ နေ့

ကိုယ်တွေးထားမိတဲ့အတိုင်း

ငါမကြိုက်တာတော့ ငါမလုပ်နိုင်

အဖေ့ကိုလည်းမလွန်ဆန်နိုင်

ကျုပ်ခေါင်းတွေ အတင်းကိုက်ပစ်လိုက်ပါရော

 

အော်…ဘာမှသာမဟုတ်

ဟိုတရုတ်အဖိုး ယတရာ ကြောင့်ထင့်

ပုတိဖွားခဲ့တဲ့ ကျုပ် လူ့ပြည်တလွှားလျှောက်သွားနေခဲ့တာ

ရွှေရတုတောင် ကျော်ခဲ့ပါပေါ့

ကျုပ်အဖေတောင် ကျုပ်ကိုစိတ်ချ

ထားခဲ့သွားတာ ခြောက်လကြာပေါ့….

အဖေဖြစ်စေချင်ခဲ့တဲ့ ကျုပ်ဗိုလ်မလုပ်ခဲ့ပေမဲ့

ဘုရားမကြိုက်တဲ့အလုပ်တွေ တစ်ခုမှမလုပ်ခဲ့တာ

အဖေသိသွားရှာလို့ ကျုပ်သေပျော်နေပျော်ပါပြီ။

 

အဖေ့ပုံနဲ့တစ်ရက်ထဲရိုက်ခဲ့တာလို့ အမေပြန်ပြောပြတယ်
အဖေ့ပုံနဲ့တစ်ရက်ထဲရိုက်ခဲ့တာလို့ အမေပြန်ပြောပြတယ်

 

 

 

 

အဖေခွဲခွါသွားတာ ၆လပြည့် အလှူလုပ်ဖို့ အမေ့အိမ်သွားတုန်း

အဖေ့ဓါတ်ပုံတွေ့တော့……………….

ငယ်ငယ်ကအကြောင်းပြန်တွေးမိတာလေးရယ် အမေပြန်ပြောပြတာလေးတွေရယ် ပေါင်းပြီး

အဖေ့အမှတ်တရ ချရေးမိတာပါ…

ရွာသူားအားလုံးကိုလေးစားခင်မင်လျှက်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၆၊ ၇၊ ၂၀၁၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

33 comments

  • ဦးကျောက်ခဲ

    August 22, 2013 at 11:13 am

    ဟုတ်ပါ့ဗျာ… အကိုမိုက် ကောင်းကင်ပြိုခဲ့တာ ဘာလိုလိုနဲ့ ၆လပြည့်ပြီကိုး…
    နှလုံးသည်းပွတ်ကလာတဲ့ ကဗျာမို့လားမသိ… ရင်ထဲကို တန်းထိသွားတာပဲ…
    အကိုမိုက်အဖေ မြင့်မြတ်ရာဘုံဘဝက ပြုံးနေရှာမှာပါ…

    • kyeemite

      August 22, 2013 at 11:19 am

      ပထမအကြီမ် တွေ့ဆုံပွဲနဲ့ဆုပေးပွဲလုပ်တဲ့လ ကလေ..
      အဖေဆုံးပီးမှ…ဆုပေးပွဲအတွက်ဆက်လုပ်ခဲ့ရတာမှတ်မှတ်ရရပေါ့ ကိုကျောက်ရေ..

  • Wow

    August 22, 2013 at 11:25 am

    လေးမိုက် အဖေက လန်းဒယ်ဗျ… 🙂
    လေးမိုက်အဖေက လေးမိုက်ကို ဂုဏ်ယူမှာပါ…
    အနော်လဲ အနော့်အဖေကို လွမ်းးးးးးး 🙁

  • ကိုရင်စည်သူ

    August 22, 2013 at 11:39 am

    လေးမိုက်စ်… အဖေရဲ့ ပုံကိုကြည့်ရင်း စစ်သားကောင်း ဥပဓိရုပ်နဲ့ ခန့်ခန့်ကြီးနော်…
    အောက်က လေးမိုက်စ် ကလေးတုံးက ပုံက ဝဝ ချစ်ချာလေးးး မွှစ်.. မွှစ်… 😳
    ဖခင်ကောင်းရထားတဲ့ သားသမီးတွေ ဘဝဟာ ဓူဝံကြယ် ပိုင်ဆိုင်ထားသလိုပါပဲ…
    လမ်းပျောက်တိုင်း ဓူဝံကြယ်ကြီးကြည့်ရင်း ရွက်လွှင့်လို့ပေါ့… 🙂

  • အလင်းဆက်

    August 22, 2013 at 12:58 pm

    ဦးကြီးရဲ့ ဘဝ တစ်စွန်းတစ်စ ပြောပြတာလေးကို
    နားထောင် သွားပါတယ် ဦးကြီးရေ

  • မဟာရာဇာ အံစာတုံး

    August 22, 2013 at 1:58 pm

    အလို …
    ဒီလူဂျီး ငယ်ငယ်တည်းက ဟိုဟာနဲ့ အိမ်ဒေါင် ကျခဲ့ဒါဗျဲ ..
    ဒါညိုးကျ ဂရင်းနစ် လာမတင်ဂျဘူး …
    (အတော်ပိန်းဒဲ့ လူဒွေ)
    စကားမစပ် …
    ကျုပ်လည်း ငယ်ငယ်ကလေ .. ဟဲဟဲ .. ပေါဒေါ့ဝူး …

    • kyeemite

      August 22, 2013 at 4:06 pm

      အဲ့ဒါပေါ့ကွ အံဂျီးရ…ငယ်ငယ်လေးနဲ့လူပျိုရည်ပျက်ရတာ…
      လူပျိုပေါက်မှလုပ်တဲ့ ယတရာဆို အဲကြက်မ မလွယ်ဘူးကွ…
      ချက်စားပစ်မှာပြောတာပါ.. 🙂

  • kai

    August 22, 2013 at 2:01 pm

    ၆၂အာဏာသိမ်းနေ့.. ဦးအောင်ဆန်းတို့တွေလုပ်ကြံခံရတဲ့ နှစ်ပါတ်လည်နေ့တွေရေးသွားတာဖတ်မိတော့…
    မြန်မာပြည်ကံဇာတာအချိန်ဗေဒင်နက္ခတ်တွက်လို့ရတဲ့.. အဖမြန်မာပြည် မွေးနေ့အကြောင်းသတိရမိတယ်..
    ဖြစ်ပုံက…
    မြန်မာ့ဗေဒင်.. နက္ခတ်မကိုက်.. လွဲနေတာကြီးနဲ့တွက်ချက်ပြီး.. လွတ်လပ်ရေးနေ့ယူဖို့အချိန်နေ့ရက်သတ်မှတ်တာတဲ့…။

    မွေးရာနေ့မလှတဲ့ အဖမြန်ပြည်ခမျာ.. အခုမြင်တဲ့အတိုင်းတဲ့..
    ဆက်ဖြစ်ဦးမှာတဲ့လေ… :kwi:

    • kyeemite

      August 22, 2013 at 4:02 pm

      ကွန်မန့်လေးဝင်ပေးတာကျေးကျေးပါသဂျီးရယ်…
      ဒါနဲ့ ထူးထူးဆန်းဆန်း…သဂျီးက ဗေဒင်.. နက္ခတ်တွေယုံလို့လားဗျ..
      ကျုပ်တော့မထင်ပေါင် :kwi:

      • kai

        August 22, 2013 at 4:14 pm

        နက္ခတ်တွက်တယ်ဆိုတာက… နေကိုလည်ပါတ်နေတဲ့ဂြိုလ်တွေ.. နေစင်္ကြာဝဌာအပြင်က ကြယ်တွေဂြိုလ်တွေရဲ့.. ဆွဲအားသက်ရောက်မှု.. အလင်းရောင်သက်ရောက်မှုတွေကနေ… ကမ္ဘာမြေနဲ့ကမ္ဘာ့မြေပေါ်မှီတင်းနေထိုင်ကြတဲ့..သတ္တဝါတွေအပေါ်.. ဘာဖြစ်သလည်း.. တွက်ကြချက်ကြမှတ်တမ်းတင်ကြနဲ့… လုပ်ထားတာပါ…။

        လဆွဲအားနဲ့တောင်.. ပင်လယ်ဒီရေတက်အောင်ရေတွေကြွတက်လာသေးတာပဲ..
        လူ့ကိုယ်ထဲကသွေးတွေ.. ဘာညာကွိကွတွေအပေါ်လည်းသက်ရောက်မယ် သိသာပါတယ်..။
        တိုတိုခြုံပြောပြတာပါ..

        ဆိုတော့…
        ယုံကြောင်း..
        မှတ်ချက်။ ။ နတ်ပြည်နဲ့ငရဲပြည်ရဲ့… ပွဲစားများစကားတော့ မယုံ… :kwi:

  • ရွှေမိုးတိမ်

    August 22, 2013 at 2:49 pm

    ကဗျာလေး ဖတ်သွားပါတယ် ဦးကြီးမိုက်
    ကလေးလေးရယ် ၊ ကြက်မရယ် ၊ နို့ဗူး ရယ် ၊ ဖိုးဖိုးရယ် ၊ ဖေဖေ စစ်သားကြီးရယ် မျက်စိထဲ မြင်ယောင်လာမိတယ် ….

  • ခင် ခ

    August 22, 2013 at 3:14 pm

    ကျုပ်ငယ်စဉ် အတွေးနယ်ဝင်
    ယူနီဖောင်းဝတ် အလုပ်လုပ်လျှင်
    သဘောအတော်ကျ အဖေမေးသဗျ
    စစ်ဗိုလ်ကြီးလုပ်မလားတဲ့
    မဆိုင်းမတွ ဖြေပေးလိုက်တယ်
    သေမှာကြောက်လို့ မလုပ်ဖူးလို့။
    ကျောင်းပြီးအလုပ်ရှာ ထိုအချိန်မှာ
    အစိုးရအလုပ် လစာနည်းသမို့
    ကုမ္ပဏီလုပ်မယ် ရွှေးချယ်ခဲ့တယ်
    ရွှေးတဲ့အထဲ အပါအဝင်ဘဲ
    ယူနီဖောင်းဝတ်ရန် လိုသတည်း။

    • kyeemite

      August 22, 2013 at 3:57 pm

      ကိုခင်ခရေ..တပ်ထဲကြီးလာတော့
      ကိုယ့်အဖေအမြဲတလေးတစား
      အလေးပြုနေရတဲ့ ဗိုလ်ဖြစ်ချင်ခဲ့တာအမှန်ပါ…
      နောက်အရွယ်ရောက်လာတော့သာ…. 🙁

  • koyinmaung

    August 22, 2013 at 6:37 pm

    facebook မှာတွေ့လို့ရွာထဲပြန်လှည့်လာတာဗျို့…
    ကိုကြီးမိုက်ရဲ့ ငယ်ဘဝလေးတွေ ဖတ်ရတော့…
    ကိုယ့်ရဲ့ငယ်ဘဝပြန်သတိရလို့…
    မရှိတော့တဲ့ မိခင်ဘခင်တို့ကို ပြန်သတိရလွမ်းဆွတ်မိပါရဲ့ဗျာ……

  • Mr. MarGa

    August 22, 2013 at 7:57 pm

    ဦးမိုက်ရေ
    ကောင်းကင်ပြိုတာ ခြောက်လ ပြည့်ပြီပေါ့
    အခုလို ငယ်ဘဝတွေ ဖတ်ရပြန်တော့
    ငယ်ဘဝကို ပြန်သတိရမိပြန်ပါတယ်ဗျာ…
    အင်း…တကယ်တော့
    တို့ ဦးမိုက်က
    ငယ်ကတည်းက လူပျိုရည်ပျက်ခဲ့ရှာသကိုး 😛

  • Min Zarni

    August 23, 2013 at 11:42 am

    သားတယောက် ဖြစ်နေဆဲ ဖြစ်သလို တချိန်တည်းမှ ာအဖေတယောက်လည်း ဖြစ်နေသူမို့ ..ရင်ဘတ်နဲ့ ဖတ်သွားတယ် ဦးလေးရေ..
    ပြောရရင် ကျော်တို့ က အဖေနဲ့သား တယောက်တခုစီပဲ ရှိတာကိုး ..အဲ့လေ.. အဖေတခုသားတခု ကိုး…။

    သူယုံချင်တော့ သိပ္ပံပညာနဲ့ ဆွဲစိတဲ့အပေါ်က လူယီးကိုတော့ ချဉ်သဗျာ..။

    ခင်တဲ့..။

  • kyeemite

    August 23, 2013 at 11:48 am

    ဖတ်ရှုအားပေးပြီးကွန်မန့်လေးတွေချီးမြှင့်ကြသူ
    ရွှေမိုးတိမ်
    koyinmaung
    Mr. MarGa
    Min Zarni တို့အားကျေးဇူးတင်ပါတယ်နော… 🙂

  • Ma Ei

    August 23, 2013 at 12:37 pm

    ကိုမိုက် အဖေ ဓာတ်ပုံက တင့်ကားတွေဘာတွေနဲ့ဆိုတော့
    ဟိုတုံးက စစ်ကားကြော်ငြာ လို့တောင်ထင်ရတယ်…
    ပြောချင်တာ မင်းသားနဲ့ တူတယ်လို့ပါ…ကြုံလို့ပြောရရင်…
    ကျမ အဖေက ဟိုတုံးကရုပ်ရှင်မင်းသား ကျော်ဆွေ နဲ့တူတယ်…
    :kwi:

  • Mahar Myanmar

    August 23, 2013 at 3:33 pm

    အော် ကြီး မိုက် ဆို တာ ကြီး မှ မိုက် တာ မဟုတ်ဘူး
    ငယ်ငယ် ကတည်း က မိုက် ခဲ့ တာ ပဲ..
    မိဘ စကား နား မထောင် ဘာ ဖြစ် ဆို လား ပဲ…
    သိတ္ထဒ္ဓ မင်းသား က မိဘ စကား နားမထောင် ဘဲ..
    တော ထွက် သွား တယ် ..
    ဦး ကြီးမိုက် က ဘယ် ထွက်သွား သတုန်း ဗျ…

    ခင်တဲ့

    မဟာမြန်မာ

  • အရီးခင်

    August 23, 2013 at 8:56 pm

    ကကြီးမိုက် အဖေ ပုံကို ကြည့်ပြီး နှောင်းတမြေ့မြေ့ ရုပ်ရှင်ထဲက သုမောင် ရဲ့ ပုံကို သွားသတိရတယ်။

    အဖေ ဆိုတာ အစားထိုးမရပါဘူး။
    ကကြီးမိုက် အဖေ လိုမျိုးကတော့ အတိုင်းထက်အလွန် တန်ဖိုးဖြတ်မရအောင် ကျေးဇူးကြီးမှာပါ။
    ကကြီးမိုက်လဲ အဲဒီနေရာ မှာရောက်နေတာမို့ ဂုဏ်ယူဖွယ်ပါဘဲ။

    ကကြီးမိုက် ကြီးက ငယ်ငယ်တုန်း ချစ်ဖို့ ကောင်းသကိုး။
    မဒမ်မိုက် ကို အဲ့ပုံ ပြပြီး ပိုးခဲ့သလား။ 😉

  • kyeemite

    August 24, 2013 at 9:02 am

    မအိ၊ မဟာမြန်မာ နဲ့ ကိုခင်လတ်ကြီး ခင်ဗျား
    ကျနော့ပို့စ် အခုမှပြည့်စုံသွားတယ်ဗျာ…
    အဖေ့ပုံကိုရော ကျုပ်ပုံကိုပါ ချောတယ်ပြောကြလို့ ..ခွိခွိ 🙂
    အမှန်ပဲဗျ…ကျုပ်အဖေကလူချော
    ကျုပ်ကဖအေတူသား…ဟားဟားဟား 😀
    ဖတ်ရှုအားပေးပြီကွန်မန့်လေးရေးပေးတာကျေးဇူးပါ

    အဓိကကတော့ သားသမီးကောင်းဖို့အတွက်ဆို
    မိဘတွေဟာ တရုတ်ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် နတ်ဝင်သည်ဖြစ်ဖြစ်
    လျှောက်မေးပြီး လိုက်လုပ်ပေးကြတာပဲ…မိဘမေတ္တာဆိုတာအဲဒါပဲ
    ကျုပ်ကိုယ်တိုင်လည်း သားသမီးတွေအတွက်ဆို ပထမဦးစားပေးပဲ ထားနေတာပါ…

  • ဖတ်လိုက် မန်းမယ်ဆို မမန်းဖြစ်လိုက်နဲ ့နောက်ရောက်သွားတယ်။
    တကယ်တော့ အဖေဆိုတာ သားသမီးရဲ့ စံပြပုဂ္ဂိူလ်ပါဘဲ။
    ဒါပေမယ့် ပြောင်းလဲလာတဲ့ အနေအထားအရ အဖေတွေကိုယ်တိုင်က သားသမီးအတွက် စံပြမဟုတ်တော့တဲ့
    အမူအကျင့်တွေ ရှိလာနေပါတယ်။
    ဒါကို အဖေဖြစ်လာမယ်သူ့တွေ အဖေဖြစ်နေဆဲသူတွေက သတိထားသင့်ပါတယ်။

  • ဝင့်ပြုံးမြင့်

    August 24, 2013 at 11:38 pm

    ဦးကြီးမိုက် ရေးထားတာ အပြတ်မိုက်တယ်။ ရှယ်ပဲ။

  • surmi

    August 26, 2013 at 7:47 am

    ဦးမိုက်​​ရေ
    မန်​့မရလို့ ​နောက်​ကျ​နေသဗျာ 🙂
    ဓတ်​ပုံ​သေချာကြည်​့​တော့ ဦးမိုက်​က ငယ်​ရုပ်​မ​ပြောင်​းဘူးဗျ
    ထင်​တာ​ပြောရရင်​ ငယ်​ငယ်​က အ​တော်​ဂျစ်​မယ်​ထင်​တယ်​ …..
    ဘာပဲ​ပြော​ပြော စည်​းကမ်​း​ကောင်​းတဲ့အုပ်​ချုပ်​မှု​အောက်​မှာ​နေခဲ့ရ​တော့ ကိုယ်​့အလှည်​့မှာလည်​း က​လေး​တွေက်​ို ညွှန်​ကြားနိုင်​တာ​ပေါ့​နော ….

  • ဦးကြောင်ကြီး

    August 26, 2013 at 8:22 am

    တရုတ်ကလေး
    အဟုတ်မွေး
    Globeသူဌေး
    ငါးမုန့်ကျွေး
    ပါးစုံ့တထွေး
    ဂဠုန့်သွေး
    သထုံ့အရေး
    ဝသုန့်တေး..။
    ယောက္ခမဂျီး ဦးကြီးမိုက် ဖခမည်းတော် ပျံလွန်တော်မူကြောင်း သိရလို့ သမီးဒေါ်ဂလေးနှင့်ထပ်တူ ဝမ်းနည်းမိပါအိ။
    ကြုံဒိုးလေးပေါရရင် “တရုတ်လေး” အဓိပ္ပါယ် ဘာလဲသိလား… တိုက်ရိုက်မပြောဘူး ကိုယ့်ဟာကို စဉ်းစားကြည့်.. hint ပေးလိုက်မည်…။ တရုတ်လေးဆိုရင် ဇိမ်မယ်တွေက အပိုကြေးတောင်းသတဲ့ ည..ည အိပ်ရေးပျက်လွန်းလို့ဒဲ့….. အဲဒါ အဲဒါ…………………….. …………………….. ……………… ……………… ……………. ……………. …………….. ……………….. …………….. …………………… ဦးကြီမိုက် အဟုတ်ဖူး… 🙄 လွံဒါရှိ ဝမ်ဒါမီယာ

  • garfield

    August 26, 2013 at 8:42 am

    ကို ကျော်ဟိန်းကြီး က ငယ်တုန်း က ဝတုတ်လေး ဟ။။
    ချစ်ရှာလေးးးးးး

    ကဗျာလေးက ရင်နဲ့ ရေးတဲ့ အမှတ်တရမို့ အတော် လေး ထိ ပါရဲ့။

    စကားမစပ် အနော့ အဖေက ဗုဒ္ဒဟူးသားး ပုတိဖွားးး ၄ ရက်မွေးဗျ။
    ကဗျာ ဖတ်ရင်း အဖေ့ကို လွမ်းသွားလို့။။
    ဖုန်းဆက်လိုက်ရသေးတယ်။ 🙂

  • Crystalline

    August 26, 2013 at 11:07 am

    ဦးကြီးမိုက်ငယ်ငယ်က သားလေးလည်းဖြစ်..ချစ်ရှာလေးလဲဖြစ်တော့ တော်တော့်ကိုအချစ်ခံရမယ် ထင်တယ် 🙂

  • black chaw

    August 26, 2013 at 12:29 pm

    ကွန်းမန့် ဝင်ပေးတာ နည်းနည်း နောက်ကျနေခဲ့ပြီဗျာ…။
    ကဗျာလေး အပေါ် အမြင်ကိုပြောရရင်တော့…
    အပေါ်က ဆရာမ ဝင့်ပြုံးမြင့် ကွန်းမန့်လေး ခဏ ငှားပြီး…
    ဦးကြီးမိုက် ရေးထားတာ အပြတ်မိုက်တယ်။ ရှယ်ပဲ။
    လို့ ပြောပါရစေ…။
    မရှင်းတာလေး မေးပါရစေဗျာ…။
    ကိုမိုက် ကလေးဘဝဓါတ်ပုံမှာ ဘောင်းဘီဝတ်ထားသေးလားဗျ…။
    မှိုတွေတက်နေလို့ မှုန်ဝါးဝါးဖြစ်နေလို့ပါဗျာ…။
    😀

  • Ma Ma

    August 26, 2013 at 1:47 pm

    (အဖေဖြစ်စေချင်ခဲ့တဲ့ ကျုပ်ဗိုလ်မလုပ်ခဲ့ပေမဲ့
    ဘုရားမကြိုက်တဲ့အလုပ်တွေ တစ်ခုမှမလုပ်ခဲ့တာ
    အဖေသိသွားရှာလို့ ကျုပ်သေပျော်နေပျော်ပါပြီ။)

    ဘရာသာမိုက်အတွက် ဘရာသာမိုက်ရဲ့ အဖေ ကျေနပ်မှာပါ။

    ပြောရရင်- လူတလုံး သူတလုံး ဘဝကိုဖြတ်သန်းနိုင်တဲ့ ပညာတတ်သားတစ်ယောက်အတွက် ဂုဏ်တောင်ယူနေအုံးမှာပါ။ 🙂

  • kyeemite

    August 27, 2013 at 8:43 am

    ကွန်မန့်ပေးနောက်ကျပေမဲ့ သေချာဖတ်ရှုပီး
    မှတ်မှတ်ရရ ရေးပေး၊ အားပေးကြသူ
    အားလုံးကိုကျေးဇူးပါနော…
    ——————-
    ရဲဘော်ဘလက်က တွေးလည်းတွေးမိပါ့…
    “ကိုမိုက် ကလေးဘဝဓါတ်ပုံမှာ ဘောင်းဘီဝတ်ထားသေးလားဗျ…။
    မှိုတွေတက်နေလို့ မှုန်ဝါးဝါးဖြစ်နေလို့ပါဗျာ…။”
    မဝတ်ထားဘူးဗျ..အဲနေရာကွက်ပြီးဓါတ်ပုံ ပျက်နေတာ တော်သေးတာပေါ့
    နို့မို့ဆို ကျောက်ချာဂျီး…
    😀

  • Yae Myae Tha Ninn

    October 17, 2014 at 2:53 pm

    ကောင်းလိုက်တာ ဗျာ.. ရင်ထဲ ထိသွားတယ်… စိတ်လဲ မကောင်းပါဘူးဗျာ… 🙂

  • kyeemite

    October 17, 2014 at 3:00 pm

    .ပြန်ဖတ်ပြီးခံစားပေးလို့ကျေးကျေးပါနော 🙂

  • Yae Myae Tha Ninn

    October 17, 2014 at 3:08 pm

    ဟုတ်… ဒါပေမဲ့ နီချက်က ရက်စက်ဗျာ.. ကျွန်တော့် နီတာက ထားပါ… ဦးကြိးမိုက်ကို ရက်ရက်စက်စက်ဗျာ.. 🙁

Leave a Reply