ဖတ်ကြည့်ပါ (၁)

nyanayAugust 3, 20101min570

ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေဝါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဝမ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (ဩဘာသံများ)

ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က ‘ကျမ တော်တော်ညံ့ခဲ့ပါတယ်’ ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့ဩချင် အံ့ဩမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျမဟာ ဘဝမှာ တခါမှ မတော်ခဲ့ဘူးသေးပါဘူး။ (အော်ဟစ်သံများ)

ဒီတော့ ကျမ ပြန်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ညံ့နေတာပဲတွေ့တော့ ကျမရဲ့ ပရိသတ်ရှေ့မှာ ကျမညံ့တဲ့အကြောင်းကိုပဲ ဝန်ခံတာဟာ ရိုးသားမှု အရှိဆုံး ဖြစ်လိမ့်မယ်လို့ ကျမ တွေးပါတယ်။ အဲ့ဒါကြောင့် အခုလို စင်မြင့်ပေါ် တက်လာပြီး တော့ ကျမညံ့တဲ့အကြောင်းတွေ ပြောရတာ ကျမ အများကြီး ဝမ်းလဲနည်းမိပါတယ်။ (လက်ခုပ်သံများ) ဒါပေမယ့် မတတ်နိုင်ပါဘူး၊ ကျမ ညံ့တဲ့အကြောင်းကတော့ ပြောရမှာပဲ။
ကျမကတော့ ညံ့တဲ့အကြောင်းတခုပဲ ပြောစရာ ရှိလို့ပါ။ ဒီတော့ အဲဒီလို စိတ်ပျက်နေတဲ့သူ၊ ဒေါသထွက် နေတဲ့ သူတွေအတွက် ကျမ အကြံကောင်းလေးတခုတော့ ပေးနိုင်ပါတယ်။ တော်တာတွေကို မြင်ချင် ကြားချင်ရင်တော့ စာပေဟောပြောပွဲကို လာစရာမလိုပါဘူး။ တော်တာတွေကို မြင်ချင်ကြားချင် ဂုဏ်ယူချင်တယ် ဆိုရင် မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ကြပါ။ (အော်ဟစ် လက်ခုပ်သံများ) အခုအချိန်က စပြီးတော့ ‘ဂျူး’ ရဲ့ ညံ့ဖျင်းမှုတွေကို ဝန်ခံပါတော့မယ်ရှင်။

ကျမဟာ အများသိကြတဲ့အတိုင်း ဆရာဝန် စာရေးဆရာ ဖြစ်ပါတယ်။ (အော်ဟစ်သံများ) ကြွားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဆရာဝန်အလုပ်လဲ တပြိုင်နက်လုပ်တယ်။ စာရေးတဲ့အလုပ် လဲ တပြိုင်နက်လုပ်တယ် ဆိုတော့ ဘယ်အလုပ်မှာများ ကျမ ညံ့ပါသလဲလို့ မေးခဲ့ရင် ကျမ ဖြေချင်လို့ပါ။ ကျမဟာ အလုပ်နှစ်မျိုးစလုံးမှာ ညံ့ဖျင်းပါတယ်။ အဲ့ဒီတော့ ကျမ ညံ့ခဲ့တဲ့အကြောင်းတွေကို ပြောပြပါမယ်။ ကျမဟာ ငယ်ငယ်ကလေးကတည်းက ညံ့ပါတယ်။ ကျမ ငယ်ငယ်တုန်းက မြန်မာနိုင်ငံအကြောင်း ပထဝီဝင်ဘာသာမှာ သင်ရသော်လဲ မြန်မာနိုင်ငံရဲ့ စီးပွါးရေးအမြင် ဘာမှ မရှိခဲ့ပါဘူး။ (လက်ခုပ်သံများ) ကျမ တတိယတန်းအရွယ် လောက်မှာ မြန်မာ့ ပထဝီဝင်ဘာာသာကို သင်ရပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲ့ သံယံဇာတတွေအကြောင်း စာသင်ရပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ အလွန်ပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆန်စပါးတွေ ထွက်တယ်။ ကျွန်းသစ်တွေ ထွက်တယ်။ ရေနံတွေလဲ ထွက်ပါတယ်။ ရေနံထွက်တာလဲ ကျမ မျက်မြင်ကိုယ်တွေ့ ပါပဲ။ ကျမက ရေနံချောင်းသူ ဖြစ်ပါတယ်။

ရေနံချောင်းသူဆိုတော့ ကျမတို့ ရေနံမြေကနေ ဖြတ်သွားတဲ့အခါမှာ ရေနံတူးစင်ကြီးနဲ့ ရေနံတူးနေတာ တွေ၊ တူးပြီးသား ရေနံတွင်းတွေကနေ ပိုက်လုံးတွေနဲ့ မောင်းတံတွေနဲ့ စုပ်ယူပြီးတော့ ရေနံလှောင်ကန်ထဲ ထည့်နေတာတွေ ကျမ မျက်မြင်ကိုယ်တွေပါပဲ။ အဲ့ဒီ ရေနံလှောင်ကန်တွေထဲက များပြားလှတဲ့ ရေနံတွေ ဘယ်ရောက်သွားလဲဆိုတာတော့ ကျမက မမြင်ရဘူးပေါ့။ (လက်ခုပ်သံများ) ကျမ မြင်ရတာက ရေနံလှောင်ကန်ပဲ မြင်ရတာကိုး။ အဲ့ဒီတော့ အဲ့ဒါ ရေနံနဲ့ ပါတ်သက်တဲ့ အပိုင်းပါ။ နောက်ထပ် သံယံဇာတတွေ အများကြီး ထွက်တယ်လို့ သိရပါတယ်။ ဥပမာ တွင်းထွက်ပစ္စည်းတွေ၊ ကျောက်မီးသွေးလဲ ထွက်ပါတယ်။ ပတ္တမြား၊ နီလာ၊ ရွှေ၊ ရွှေကြောကြီးတွေလဲ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ ဒီတော့ ဒီ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေ အပြင် ကျောက်မီးသွေး၊ ခဲမဖြူတို့၊ အဖြိုက်နက်တို့ မြန်မာနိုင်ငံမှာ မထွက်တဲ့ တွင်းထွက်ဆိုတာ မရှိသလောက် အများကြီး ထွက်ခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာ့ပိုင်နက် ပင်လယ်ရေပြင်ဆိုတာ အများကြီး ရှိပါတယ်။ ပင်လယ်ပြင်ကထွက်တဲ့ ငါးပုစွန်တွေဟာ မြန်မာပြည်သူလူထု စားသုံးလို့တောင် မကုန်တဲ့အတွက် စည်သွတ်ဗူး တွေနဲ့ ဒါမှမဟုတ် ရေခဲရိုက်ပြီးတော့ နိုင်ငံခြားကိုတောင် တင်ပို့ရောင်းချလို့ ရပါတယ်တဲ့။ ဒီတော့ တတိယတန်း ကျောင်းသူ ကျမဟာ ကျမနိုင်ငံကို ကျမ တော်တော် ဂုဏ်ယူခဲ့ပါတယ်။ (လက်ခုပ်သံများ) သယံဇာတတွေ သိပ်များတာပဲပေါ့။ ဒါပေမယ့် တနေ့ကျတော့ ကျမက ကျောင်းစာအပြင် တခြားပြင်ပမဂ္ဂဇင်းတခုကို သွားဖတ်မိပါတယ်။ သွားဖတ်တော့ အဲဒီအချိန်မှာ ကျမ စာတော့ ဟုတ်တိပတ်တိ မဖတ်ဖူးသေးပါဘူး။ ဒါပေမယ့် ဆောင်းပါးတို့ ပုံပြင်တို့ဆိုရင် တကြောင်းစ နှစ်ကြောင်းစ ဖတ်တတ်နေပါပြီ။ အဲ့ဒီမှာ ကံဆိုးစွာနဲ့ စာကြောင်းလေးတကြောင်း သွားတွေ့ပါတယ်။ အဲ့ဒီ စာကြောင်းလေးကို ကျမ အခုထိ မမေ့နိုင်သေးပါဘူး။’မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တတိယမြောက် လိုက်ပါသည်တဲ့’။ (အော်ဟစ်သံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့ ကျမက ပထဝီ သင်ခါစ တတိယတန်းကျောင်းသူ အမြင်နဲ့ဆိုတော့ ကျမ ဒီလိုပဲ မြင်တာပေါ့။ တကယ်တမ်းတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ သယံဇာတ ထွက်ရုံနဲ့တင် မလုံလောက်ပါဘူး။ (လက်ခုပ်သံများ) ဒါ ကျမရဲ့ အပြောမဟုတ် ပါဘူး။ ကမ္ဘာ့စီးပွါးရေး ပညာရှင်တွေပြောတဲ့ အပြောပါ။ သူတို့က ဘယ်လိုပြောသလဲဆိုတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ အချက်ကြီး (၄)ချက် လိုပါတယ်တဲ့။ သယံဇာတ၊ သဘာဝသယံဇာတ (Natural Resource) လို့ခေါ်တဲ့ သဘာဝသယံဇာတတွေ ပေါများဖို့တဲ့။ နံပါတ် (၂)ကတော့ အစဉ်အဆက်က ကြီးပွါးခဲ့တဲ့၊ အစဉ်အဆက်က ရှိခဲ့တဲ့ အရင်းအနှီး၊ နံပါတ် (၃) က Technology လို့ခေါ်တဲ့ နည်းပညာအသစ်အဆန်းတွေ၊ နံပါတ် (၄) ကတော့ အဲ့ဒီနည်းပညာကို ကျွမ်းကျင်သူတွေ၊ အဲဒီ လေးမျိုးလုံး ရှိတဲ့ နိုင်ငံဟာ (သို့မဟုတ်) လေးမျိုးမှာ သုံးမျိုးလောက် ရှိတဲ့နိုင်ငံဟာ အဲ့ဒီ နိုင်ငံဟာ ချမ်းသာပါတယ်တဲ့။

အဲ့ဒီတော့ ကျမတို့ မြန်မာနိုင်ငံက (၁) သယံဇာတတွေတော့ ပေါများကြွယ်ဝပါတယ်။ နောက် နံပါတ် (၂) (၃) (၄) ရှိ မရှိတော့ ကျမ မသိပါဘူး။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမ ညံ့တဲ့အကြောင်းက အဲ့ဒီက စ ပါတယ်။ နောက်ထပ် ကျမ ညံ့တဲ့အကြောင်းကို ပြောရရင်တော့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျမ ညံ့တာပါ။ နိုင်ငံရေးအမြင် ဘာမှ မရှိခဲ့တဲ့ ကျောင်းသူတယောက်အကြောင်း ကျမ ပြန်ပြောပါမယ်။ စတုတ္ထတန်း (ဒါမှမဟုတ်) ပဉ္စမတန်း အရွယ် လောက် ကလေးဘဝမှာ ကျမတို့ နိုင်ငံမှာ အရေးအခင်းတခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းမှာ မြို့ကြီးတွေ၊ ရန်ကုန်၊ မန္တလေးတွေကနေ ပြီးတော့ စတင် ဖြစ်ပွါးခဲ့ပြီးတော့ ကျမတို့ဆီကို တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းကတော့ တရုတ်-ဗမာ အရေးအခင်းပါ။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီးလို့ (ရီသံများ) ကျမတို့ ကြားရပါတယ်။

ကျမတို့ ရေနံချောင်းမှာ တရုတ်လူမျိုးတွေ အများကြီး ရှိပါတယ်။ ကျမတို့ ရေနံချောင်းက တရုတ်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေတော့ မချကြပါဘူး။ ကျမတို့ အချင်းချင်းတော့ ခင်ခင်မင်မင်ပါပဲ။ ကျမတို့ ကျောင်းမှာ အတန်းထဲမှာ ကျမတို့နဲ့ စာပြိုင်ဖက် တရုတ်မလေး ၃ – ၄ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျမတို့လဲ စာမေးဖော် မေးဖက် ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ တရုတ်-ဗမာ အရေးအခင်း ဖြစ်နေပြီလို့ သိရပါတယ်။ ဒီတော့ ကျမတို့လဲ လက်ခံလိုက်ရုံပဲပေါ့။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီ၊ ဒီလောက်ပဲ သဘောထားလိုက်ပါတယ်။ တရက်တော့ ကျမတို့ ကျောင်းတက်နေတဲ့အချိန်မှာ ဆရာမက ကျမတို့ကို ပြောပါတယ်။ တို့တတွေ မနက်ဖန် ရောက်လို့ရှိရင် ဒီမြို့ရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတွေ အားလုံးတန်းစီ လမ်းတလျှောက် ချီတက်ရမယ်တဲ့ (လက်ခုပ်သံများ) အဲဒီတော့ ကျမက ကျောင်းစာသင်တဲ့အချိန်မှာ အပြင်ထွက် ရမယ်ဆိုတော့ သိပ်ပျော်သွားပါတယ်။ (ရီသံများ) အဲ့ဒါနဲ့ပဲ ကျမတို့ တက်တက်ကြွကြွနဲ့ပဲ လိုက်ဖို့ စီစဉ်ပါတယ်။ ဆရာမက ပြောတယ်။ နင်တို့အားလုံး စည်းကမ်းရှိရှိ သေသေဝပ်ဝပ် ချီတက်ရမယ်နော်တဲ့။ နှစ်ယောက်တတွဲ တွဲလို့ရတယ်။ နင်တို့ ကြိုက်တဲ့လူနဲ့ နင်တို့ တွဲကြပါတဲ့။ အဲ့ဒါနဲ့ ကျမကလဲ ကျမရဲ့ လက်တွဲဖော်အဖြစ် တရုတ်မလေးကို ရွေးလိုက်ပါတယ်။ ကျမနဲ့ ကျမသူငယ်ချင်း တရုတ်မလေးဟာ တရုတ်ဗမာအရေးအခင်း မှန်ကန်ကြောင်း ထောက်ခံဖို့ မြို့ထဲမှာ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။ (ရီသံများ လက်ခုပ်သံများ) အဲ့ဒီတော့ ကျမတို့က ၂ ယောက်တတွဲ လမ်းလျှောက် လမ်းတွေပေါ်မှာ ချီတက်ကြတယ်။ ရိုးရိုးတန်းတန်း ချီတက်ကြတာ မဟုတ်ဘူး။ ရှေ့က တယောက်က စာရွက်တွေနဲ့ တိုင်ပေးတယ်။ ကျမတို့က နောက်ကနေပြီး လိုက်အော်ရတယ်။ လိုက်အော်တော့လဲ တို့အရေး၊ တို့အရေး ပေါ့။ ရှေ့က ဘာအောသလဲတော့ ကျမတို့ ကောင်းကောင်း မကြားရဘူး။ (ရီသံများ) အဲ့ဒီလိုနဲ့ ရှေ့ကတယောက်က တိုင်ပေးလိုက်၊ ဘာမှမသိပဲ နောက်က တို့အရေး အော်လိုက်၊ အော်ရင်းနဲ့ပဲ လမ်းတကာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျမတို့ ကျောင်းသားတွေကို လမ်းလျှောက်ရတာ၊ အော်ရတာ မောရင် ရေသောက်ရအောင်၊ အအေးသောက်ရအောင် ဆိုပြီးတော့ အိမ်တွေကနေပြီး အိမ်ရှေ့မှာ စာပွဲလေးတွေ ခင်းပြီးတော့ ကျမတို့ကို အစားအစာတွေ ကျွေးမွေးပါတယ်။ ကျမတို့လဲ အလကားရတာမှန်သမျှ အကုန်စားပါတယ်။ (ရီသံများ) အကျင့်က ပါနေတာကိုး (ရီသံများ)
ဗမာက ကျွေးကျွေး၊ တရုတ်က ကျွေးကျွေး အကုန်စားပါတယ်။ (ရီသံများ) ဒီလိုနဲ့ပဲ နည်းနည်း နေမြင့်လာတဲ့အခါမှာ ကျမတို့ ကျောင်းကို ပြန်ရပါတယ်။ ကျောင်းရှေ့မှာ အင်မတန် ကျယ်ဝန်းတဲ့ မြေတလင်းပြင်ကြီး ရှိပါတယ်။ အဲ့ဒီမှာ အားလုံးစုရုံးပြီးတော့ အတန်းလိုက် အတန်းလိုက် ကိုယ့်လူစုနဲ့ကိုယ် စုရုံးကြပါတယ်။

အဲဒီမှာ ကျမတို့ ဆရာမက ဘာပြောလဲဆိုတော့၊ အော်… ကျမ မေ့နေလို့၊ ကျမတို့ လမ်းလျှောက်တဲ့ အခါမှာ ဒီအတိုင်း လက်လွတ်လျှောက်ရတာ မဟုတ်ဘူး။ ‘ခေါင်း’ ကြီးတွေကို ကြိုးနဲ့ ဆွဲပြီးတော့ ဒီ ခေါင်းကြီးတွေကတော့ ကျမတို့ ကျောင်းသားလေးတွေ ဆွဲနိုင်အောင်ပါ။ စက္ကူတွေနဲ့လဲ ခေါင်းပုံစံ ဖြစ်အောင် ရေးထားပါတယ်။ အဲ့ဒီထဲမှာလဲ ကျမတို့ မျက်စိရှေ့မှာ စက္ကူစုတ်တွေ ထည့်ထားတာ မြင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီ စက္ကူစုတ်တွေကို ကျမတို့က စက္ကူစုတ်တွေလို့ မမှတ်ရဘူးတဲ့။ အဲဒီအထဲမှာ အလောင်းတွေ ပါတယ်လို့ မှတ်ရမယ်တဲ့။ အဲ့ဒီမှာမှ ကျမ ပထမဦးဆုံး နံမည်တခုကို ကြားဖူးပါတယ်။ အဲ့ဒီနာမည်ကတော့ မော်စီတုန်းတဲ့။ မော်စီတုန်းဆိုတဲ့နာမည်ကို အဲဒီအချိန်မှာမှ ပထမဦးဆုံး ကြားဖူးတာပါ။ မော်စီတုန်း ကျဆုံးပါစေ ပေါ့။ အဲ့ဒီလို ဆိုတယ်လို့ ကျမ ထင်ပါတယ်။ ဒီလိုနဲ့ ကျောင်းရှေ့ကို ပြန်ရောက်တော့ ကျမတို့ ဆရာမက အဲဒီ ခေါင်းကြီးကို မီးရှို့ရမယ်လို့ ပြောတယ်။ ဒီတော့ ကျမက သူများအော်ရင်သာ နောက်ကနေ တို့အရေး လိုက်အော်ရဲတာ။ ကျမကတော့ မီးရှို့ဖိုတော့ ကြောက်ပါတယ်။ ကြောက်တော့ ကျမက နောက်ဆုတ်တယ်။ အဲ့ဒီအချိန်မှာ ဆရာမက ကျမကို ရှေ့ထွက်ခိုင်းတယ်။ ကျမက အတန်းရဲ့ မော်နီတာ ဖြစ်ပါတယ်။ (ရီသံများ)

“တင်တင်ဝင်း နင်ရှေ့ထွက် နင်မီးရှို့ ရမယ်” လို့ ပြောတယ်။ အဲ့ဒီတော့ ကျမက မရှို့ရဲဘူးဆိုပြီး နောက်ကို ကပ်တယ်။ အဲဒီတော့ ကျမတို့ နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို မကြည့်ရက်တဲ့ နည်းနည်းအသက်ကြီးတဲ့ ကျောင်းသူတယောက်က ကျမတို့နှစ်ယောက် ကိုယ်စား ဖြေရှင်းပေးလိုက်ပါတယ်။ သူပဲ ဆက်ပြီးတော့ မီးရှို့တယ်။ (ရီသံများ) ကျမဟာ ဒီလို နိုင်ငံရေးမရှိအောင် ညံ့တယ်ဆိုတာ ကျမ ဝန်ခံပါတယ်။ ဒါ ကျမရဲ့ စီးပွါးရေး ညံ့ဖျင်မှု၊ နိုင်ငံရေး ညံ့ဖျင်းမှုပါ။ ဒါပေမယ့် အဲဒီလိုသာ ညံ့တယ်။ ကျမက ဘာဖြစ်ချင်သလဲဆိုတော့ ကျမဘဝမှာ အဖြစ်ချင်ဆုံး ဆန္ဒတခုက စာရေးဆရာ ဘဝတခုပါပဲ။ စတုတ္ထတန်းအရွယ် ကတည်းက ကျမဟာ စာရေးဆရာတယောက် ဖြစ်ချင်ခဲ့ပါတယ်။ စာရေးဆရာဖြစ်ဖို့ ကျမကို တွန်းအားပေးတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲဒါကတော့ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေပါပဲ။ ကျမဟာ ကျောင်းစာက လွဲပြီးတော့ အပြင်ဘက်စာပေတွေကို မဂ္ဂဇင်းတွေကို အများ ဖတ်ခဲ့ ပါတယ်။ ကျောင်းစာထက် ပိုပြီးတော့ ဖတ်ခဲ့ပါတယ်။ အဲ့ဒီတော့ ကျမ မှတ်မိသလောက်ပေါ့၊ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ အများကြီးပါပဲ။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ စာရေးဆရာကြီး ဓူဝံ၊ ဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ သူတို့ စာအုပ်တွေကို ကျမ ဖတ်ပါတယ်။ အဲ့ဒီမှာ ကျမဘဝမှာ ပထမဦးဆုံး ဖတ်ဖူးတဲ့ စာအုပ်တအုပ်ကို အခုထိ မှတ်မိပါတယ်။ ဒါဟာ ကျမအတွက် ပထမဦးဆုံး ဝတ္ထုပါ။ အဲ့ဒါကတော့ စာရေးဆရာကြီးဓူဝံရဲ့ ‘မာလာ’ လို့ အမည်ရတဲ့ ဝတ္ထု ဖြစ်ပါတယ်။ ‘မာလာ’ ဟာ လက်သုံးလုံးလောက် ထူတဲ့ စာအုပ်ကြီးတအုပ်ပါ။ သူ့ အဲ့ဒီစာအုပ်ကို ကျမရဲ့ ကျမကိုယ်ပိုင်အမြင်နဲ့ ဖတ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျမက ကာတွန်းတွေပဲ ဖတ်ပါတယ်။ ကာတွန်းတောင်မှ ထူရင် မဖတ်ပါဘူး။ ခပ်ပါးပါးပဲ ဖတ်ပါတယ်။ တရက်ကျတော့ ကျမ စတုတ္ထတန်း စာမေးပွဲအပြီး ကျောင်းအားတဲ့ အချိန်မှာ ကျမ မေမေက စာအုပ်တအုပ် ယူလာပေးပါတယ်။