အစိမ်းသေ

hmeeAugust 24, 20131min32028

အစိမ်းသေ

စာအုပ်တအုပ်မှာ ကျွန်မဖတ်ဖူးတယ်။ တိုင်းပြည်ရဲ့ သယံဇာတဆိုတာဟာ ကျွန်းသစ်၊ ကျောက်သံပတ္တမြားတွေ စတဲ့ မြေပေါ်မြေအောက်ကဟာတွေ မဟုတ်ဘူးတဲ့။  ထူးချွန်ထက်မြက်တဲ့ လူငယ်လူရွယ်လေးတွေကမှ  တိုင်းပြည်ရဲ့ အနာဂါတ်၊ တိုင်းပြည်ရဲ့ သယံဇာတလေးတွေပါတဲ့။  သူတို့လေးတွေကမှ နောင်အနာဂါတ်မှာ တိုင်းပြည်ဂုဏ်ဆောင်မဲ့ တိုးတက်စေမဲ့ အဖိုးတန် အရင်းအမြစ်ပါတဲ့။ ထူးချွန်ထက်မြက်တဲ့ သားကောင်းများလေ တိုင်းပြည်အတွက် စိတ်ချရလေလို့ဆိုပါတယ်။  ဒီလိုဆို ထူးချွန်ထက်မြက်တဲ့ သားကောင်းတွေများမှ  ကျွန်မတို့တိုင်းပြည် နောင်ရေး စိတ်အေးရပေမပေါ့။

ရွာကို ပြန်ရောက်ပြီး တတိယမြောက်နေ့။ ကျွန်မတို့အိမ်က ရွာလမ်းမကြီး အနောက်ဘက်ခြမ်း။ အိမ်က လမ်းကို ခေါင်းထားပြီး တောင်ဘက်ကို မျက်နှာလှည့်ထားတယ်။ တောင်ဘက်ကို မျက်နှာလှည့်ထားတဲ့ အိမ်တွေ ထုံးစံအတိုင်း လေ၊မိုး၊နေ အထိဆုံး။ တောင်ဘက်မှာလည်း အပင်ကြီး မရှိလို့ ဒဏ်ခံရတာပိုဆိုးစေတယ်။  ဒါကြောင့် အိမ်မျက်နှာစာမှာ မနေနိုင်ပါဘူး။ အိမ်နဲ့ယှဉ်လျှက် လမ်းကိုပဲ မျက်နှာမူထားတဲ့ မီးဖိုဆောင်ရှေ့မှာ ကွပ်ပျစ်တခု ထားကာ အဲ့သည်မှာ နေရတာများတယ်။  အညာနွေ ပူပြီဆို ကျောကော့အောင်ခံရတာမို့ အိမ်တွေလည်း ဘယ်လွတ်လိမ့်မလဲ။ ပါတာပေါ့။ တနေ့လုံး အိမ်ပေါ်ကို မတက်နိုင်အောင် အပူပြင်းလှတယ်။ ဒါ့ကြောင့် ကွပ်ပျစ်မှာ အနေများတာ။ အိမ်ခေါင်းရင်းနဲ့ မီးဖိုခေါင်းရင်း လမ်းနဲ့ ကပ်လျှက်မှာ သရက်ပင်တွေ လေးငါးပင် စုပြီး ရှိနေတာက ကွပ်ပျစ်ကို နေပျောက်တောင်မထိုးဘူး။  နောက် အိမ်ကြီးရဲ့ အရိပ်။ နှစ်ခုပေါင်းတော့ နွေနေပူကို အန်တုကာ အေးမြပြီး သာတောင့်သာယာမို့ ကွပ်ပျစ်နဲ့ တန်းလျှား တစုံဟာ ဧည့်သည်ဧည့်ခံရာ  ဧည့်ခန်း အလိုလိုကိုဖြစ်ရော။ လမ်းက ဖြတ်သွား ဖြတ်လာတွေကိုလည်း မြင်ရ။ တကယ်ကို ရှု့ခင်းရှု့ကွက်ကောင်းတဲ့နေရာလို့ကို ဆိုနိုင်တာ။ ကျွန်မလည်း များသောအားဖြင့် ကွပ်ပျစ်ပေါ်မှာ အနေများတယ်။  မီးဖိုထဲမှာ အမေ့ကို ကူစရာရှိတာ ကူပြီးရင်  အဲ့ပေါ်မှာပဲ ထွက်ထိုင်နေတတ်တယ်။ လမ်းက ဖြတ်သွားတဲ့သူတွေထဲက သိသူဆို ကိုယ်က နှုတ်ဆက်ရင်ဆက်။ တခါတရံ သူတို့က မြင်လို့ နှုတ်ဆက်ရင် ပြန်ပြော။  တခုထူးခြားတာက ရွာထဲမှာ ကျွန်မ မသိတဲ့သူတွေ အတော်များလာတာပဲ။ အမေ့ကို ပြောပြတော့ အမေက သမီး ဘယ်သိမလဲ။ ရွာနဲ့က အလှမ်းဝေးသွားတာကိုးတဲ့။ သမီးသိတဲ့ သူတွေထဲက တော်တော်များများဟာ မရှိတော့ဘူး။  နောက်ထပ် လူတွေ အစားထိုးဝင်လာလို့ သိပ်မသိသာတာ အမှန်ဆိ်ု အမေတို့ အရွယ်၊ သမီးတို့အရွယ်တွေ တော်တော်များများ ကုန်ပြီတဲ့။ ဟုတ်တာပေါ့ သေတဲ့သူတွေက သေကုန်ပြီ။ နောက်ထပ်မွေးလာသူတွေ၊ တခါ ကလေးတွေက အရွယ်ရောက်လာပြီး လျှော့သွားသူတွေနေရာမှာ အစားထိုး ဝင်လာတော့ လျှော့လို့လျှော့မှန်း မသိတာ။ အော်….မသိမသာကော သိသိသာသာကော အစားထိုးလာတာပါလား။ တွေးချင်ရာတွေးနေတုန်း  လမ်းမက ခေါ်သံကြားရတယ်။ “ငါ့တူမကြီး  ဘယ်တုန်းက ပြန်ရောက်နေတာတုန်း” တဲ့။ ကြည့်လိုက်တော့ ကျွန်မတို့ ဦးကြီးရယ်။ အမေ့ အစ်ကိုဝမ်းကွဲ။  ခေါင်းမှာ တဘက်တထည်ပေါင်းလို့၊ တနေရာရာက ပြန်လာရင်း ကျွန်မကို လှမ်းမြင်တာမို့  ဝင်လာတာထင်ရဲ့။ ငယ်ငယ်က ကျွန်မကို အချစ်ဆုံး အချီပိုးဆုံး ဦးကြီးရယ်ပါ။ လင်မယား နှစ်ယောက်လုံး စကားအပြောကောင်း။ ပုံတိုပတ်စ သိပ်ပြောတတ်တာမို့ အထူးအဆန်းကြားရတာ ကြိုက်တဲ့ ကျွန်မ ဦးကြီးအိမ်မှာ အနေများတယ်။ အခုတော့ အသက်ကလေး ရလာတော့ ဟိုဟိုဒီဒီ သွားရမှာ ပျင်းတာရယ်၊ နေပူတာက လူကို ပိုပျင်းစေတာမို့ ရွာရောက်တာ နှစ်ရက်ကျော်ပေမဲ့ ဦးကြီး အိမ်ဘက် မရောက်ဖြစ်ဘူး။  “ညည်း…ဘယ်နှစ်ရက်ရှိပတုန်း ရောက်တာ”  “ ၃ရက်လောက်ရှိပြီ” ကျွန်မ အဖြေကို ကြားတော့ မကျေမနပ်တဲ့ မျက်နှာနဲ့ “ စိမ်းလိုက်တာ အိမ်ဘက်တောင်မလာဘူး” လို့ ဆိုပါတယ်။ ဦးကြီး အသံကြားလို့ အမေလည်း မီးဖိုထဲက ထွက်လာပြီး စကားဝင်ပြောပါတယ်။ “နေ့လည်ဘက် လွှတ်လိုက်မယ်လေ။ အစ်ကို ဘယ်ကပြန်လာတာတုန်း” အမေ ဝင်လာတာမို့ ကျွန်မဘက် အာရုံပြတ်သွားပြီး မောင်နှမ နှစ်ယောက်  မတွေ့ရတာ ကြာနေတဲ့အတိုင်း အတိုင်အဖောက်ညီညီ စကားလက်ဆုံကျလို့။ ခဏနေတော့ နှုတ်ဆက်ပြီး ပြန်ဖို့ ပြင်ပါတယ်။ ကျွန်မကိုလည်း အိမ်ဘက်လာခဲ့ဦး လက်ဘက်ရည်ဝိုင်း ပြင်ထားမယ်ဆိုကာ ပြန်သွားပါတယ်။

နေ့လည်ကျတော့ ရေမိုးချိုး ထမင်းစားပြီးတော့  ကွပ်ပျစ်ပေါ်မှာဖျာခင်း၊ ခေါင်းအုံးကလေးချကာ အိမ်အပေါ်ထပ် အဖေ့ စာအုပ်ဗီဒိုထဲက ယူချလာတဲ့  စာအုပ်တအုပ်နဲ့ နှပ်မလို့ ပြင်ပါတယ်။ နေကလည်း အညာနွေနေပီပီ အလျှံညီးညီးကို တောက်လို့။ အိမ်အောက်ဖက် တန်းလျှားနှစ်လုံးရဲ့ လက်တန်းမှာ ခေါင်းအုံးတင် အဲ့ပေါ်မှာ ခေါင်းတင်ကာ လဲလျှောင်းရင်း  နွေနေပူပူကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တတ်နိုင်သလောက် သက်သာအောင် နေနေတဲ့ အဖေနဲ့ အမေ။  နောက်မှ အမေလည်း သတိရဟန်တူပါတယ်။ ကျွန်မဘက်လှည့်ပြီး ဦးကြီး စောင့်နေလိမ့်မယ်။ သူ့အိမ်ဘက် ခဏ သွားလိုက်ဦးလို့ သတိပေးပါတယ်။ နေပူလွန်းလို့ အပြင်ထွက်ရမှာကြောက်လို့ မေ့ချင်ဟန်ဆောင်နေတဲ့ ကျွန်မ။ ပေကပ်ကာ နေမရတော့တာမို့  ဦးကြီးအိမ်ဘက် ထွက်ခဲ့ရပါတယ်။ အဲ့သည်လိုနဲ့ပဲ အစိမ်းသေကို တွေ့ဖို့ ဖြစ်လာပါတယ်။

ဦးကြီးအိမ်က စစ်တောင်းမြစ် ကမ်းနဖူးမှာ။ ဟိုး…..အရင်တုန်းက ဦးကြီး အိမ်ရှေ့မှာ လမ်းနှစ်လမ်းနဲ့ အိမ်တွေရှိပေမဲ့  မြစ်ရေတိုက်စားကာ ကမ်းပြိုပါများလို့ လမ်းတွေ အိမ်တွေ မြစ်ထဲပါကာ  အိမ်က မြစ်ကမ်းနဖူးကို မရောက်ချင်လည်း ရောက်ရတော့တာ။  အရင်ကတည်းက လမ်းဖက်ကို မျက်နှာပြု ဆောက်ထားတာမို့  အခုတော့ အိမ်မျက်နှာစာဟာ စစ်တောင်းမြစ်ကြီးကို မျက်နှာမူပေါ့။ လမ်းတဝက်က မြစ်ထဲပါသွားလို့  ဖြတ်သွားဖြတ်လာတွေ အဆင်ပြေအောင် ခြံစည်းရိုး မခတ်ထားလို့ အပြင်ကိုဟင်းလင်းရယ်။ ရှေ့ဖက် မြစ်တဖက်ကမ်းက ခပ်လှမ်းလှမ်းက စိမ်းစိမ်းညို့ညို့ အရှေ့ရှမ်းရိုးမအလှကို ရှု့ချင်သေးတာမို့ အိမ်ဘက်ကျောပေးထားတဲ့ တန်းလျှားမှာ ဝင်ထိုင်လိုက်တယ်။  ဦးကြီးရော ဒေါ်ကြီးပါ ကျွန်မအလည်လာလို့ ဝမ်းပန်းတသာဖြစ်နေတာများ ဖုံးမရအောင် မျက်နှာတွေများ ပြုံးလို့။ တွေ့ရခဲတဲ့ တူမမို့ ထင်ပါရဲ့။ ရေနွေးအိုးချ၊ မုန့်တွေကလည်း အိမ်ရှိမုန့်  အကုန်ချသလား ထင်ရတယ်။ ထန်းလျှက်။ ပေါက်ပေါက်ဆုပ်၊ မြေပဲယို။ ဒါတောင် အားမရသေးဘူးထင်တယ်။ အိမ်ဘေးက မာကလာပင်က အသီးတွေပါ ခူးပြီး ချပေးသေးတာ။ စကားတွေပြောလိုက်။ မေးလိုက်။ တခါမုန့်တွေ ယူပြီး လက်ထဲ အတင်းထည့်ပေး။ အချိန်က ကုန်မှန်းမသိ ကုန်လာပါတယ်။  ညစာချက်ချိန် ရောက်လာတာမို့  ဒေါ်ကြီးက တလက်စတည်း အိမ်မှာပဲ စားသွားဆိုကာ ညစာဝင်ချက်ပါတယ်။ မီးဖိုထဲဝင်ချည် အပြင်ထွက်ချည်နဲ့ သူမို့ မမောနိုင်တယ်။ ဒိုင်ခံမေး ဒိုင်ခံပြောနေတာက ဦးကြီးရယ်။ ကျွန်မက ဦးကြီးမေးတာဖြေလိုက် ပြန်ပြောလိုက် လုပ်နေပေမဲ့  အာရုံက မျက်စောင်းထိုးအိမ်မှာ ရောက်နေမိတာ။ တကယ်ကို ကျွန်မစိတ်ကို စွဲဆောင်နေတာမို့ တခါတခါ ဦးကြီးမေးတာကို မကြားတချက် ကြားတချက်ပေါ့။ အိမ်လေးက မြေစိုက်ခပ်နိမ့်နိမ့်။ ကြမ်းခင်း အမြင့်က လူကြီး ရင်စို့လောက်။ သက်ကယ်မိုး ထရံကာ အိမ်လေး။ ခေါင်းရင်းဘက်ခြမ်းကို ထရံကာထားပြီး ခြေရင်းဘက်က တဆင့်နိမ့်ကာ အနောက်ဘက်ကိုတော့ ထရံကာထားပြီး မျက်နှာစာက ဟင်းလင်းပါ။ ခြေရင်းဘက် ကျပြင်ကနေ အောက်ဆင်းဖို့ လှေကားက ဝါးပိုးဝါး နှစ်လုံးမှာ ဝါးခြမ်းလေးတွေ တပ်ထားတဲ့ လှေကား။ စုစုပေါင်း လှေကားထစ်က သုံးထစ်။ အိမ်ထဲကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာမို့ အိမ်ထောင်ပရိဘောဂ ဘာမှမရှိတာ အသေအချာ။ အိမ်ထဲမှာ ဘာမှသာမရှိတာ ကလေးတွေက အများသား။ ကျွန်မမျက်စိရှေ့ မြင်တာကို ရေကြည့်တာ ၆ယောက်လောက်ကို ရှိတယ် ထင်ရဲ့။ ကျပြင်မှာ ဂါဝန်လေးဝတ်ကာ ခြေလေးချထိုင်နေတဲ့ ၃နှစ်အရွယ်တယောက်က လွဲရင် အားလုံး ကျားချည့်ပဲ။ ယောက်ကျားလေးတွေလို့ ဘာလို့ တပ်အပ် သိသလဲဆို တယောက်မှ ဘောင်းဘီ မပါဘူး။ တချို့ဆို အပေါ်အင်္ကျ ီတောင်မပါ မိမွေးတိုင်း ဖမွေးတိုင်း ဝတ်စုံနဲ့ရယ်။ နေဒဏ် လေဒဏ်ကြောင့်ထင်ရဲ့ အသားတွေများ မဲပြီးပြောင်နေတာ။ ဆံပင်ဆိုတာကရော နီရဲနေတာများ ပြောင်ဖူးမွေး သာသာရယ်။ လှေကားနဲ့ မနီးမဝေးက မီးကျင်းထဲမှာ  အမေဖြစ်ဟန်တူသူက ညစာချက်နေတဲ့ပုံ။ သူကတော့ ခပ်နွမ်းနွမ်း ရှံသားအင်္ကျီနဲ့ ပါတိတ်လုံချည်လေး ဝတ်လို့။ ထမီက အရင်ကတော့ အနီရောင် ဖြစ်ခဲ့ပုံပဲ။ သူ့လက်ထက်မှ ဘဝပြောင်းသွားရရှာတဲ့ပုံ။ တချက်တချက် သူတို့ဆီက အသံတွေက ကျွန်မတို့နဲ့ သိပ်မဝေးတာမို့ ပီပီပြင်ပြင် ကြားနေရတယ်။ အမေရှိနေတဲ့ မီးကျင်းဘေး မြေကြီးပေါ်မှာ ဆော့နေရင်း ရန်ဖြစ် နောက် ..ငို။  အမေကလှည့်ပြီးဆဲ။ အို……ကျွန်မတသက် ဆဲနည်း ၁၀၁ပါးဆိုတာ ဖတ်ပဲဖတ်ဖူးတာ အခုကမှ လက်တွေ့။ “ ဟဲ့….အစိမ်းသေ…….အစိမ်းသေတွေ၊ ကာလနာများလည်း မတိုက်ဘူးတော်”  တော်တော်များများ ဆဲတာထဲကမှ ခုနင်က အစိမ်းသေ ဆိုတဲ့ အသံက ခဏခဏကိုပါတာ။  တအောင့်နေတော့ ၁ဝနှစ်လောက်အရွယ် ကောင်လေးတယောက် လက်ထဲမှာလည်း ငါးတွဲလေးဆွဲလို့  ဝင်လာတယ်။ သူလည်း သိပ်ထွားကြိုင်းလှတယ်တော့ မဟုတ်လှဘူး။ အသားမဲမဲ ခပ်ပိန်လှီလှီပဲ။ သူကတော့ ဝတ်စားပုံက တခြားကလေးတွေနဲ့ ဆန့်ကျင်ဘက်။ ဘောင်းဘီပဲပါပြီး အင်္ကျ ီမပါဘူး။ မီးဖိုကျင်းထဲက အမေကို ငါးတွဲလေး လှမ်းပေးတော့ အမေက လှည့်ပြီး “ အစိမ်းသေလေး…ဘယ်သွားသေနေတာတုန်း ကလေးလေး ဘာလေး ကြည့်ဖော်မရဘူး ” တဲ့ နှုတ်ဆက်ပုံက သင်းလှတာ။ ကျွန်မ စိတ်ဝင်စားနေတာကို ဦးကြီးက သိပုံပဲ။ နောက် မြို့ကြီးသူဖြစ်နေတဲ့ တူမကို အားနာတယ် ထင်ပါရဲ့  ခုနက အမျိုးသမီးကို လှမ်းအော်ပါတယ်။ “ ဟေ့…အမာခင်” ဦးကြီး အသံကြောင့် မီးကျင်းထဲကနေ ထရပ်ပြီး လှည့်ထူးတာက “တော့” တဲ့။ ဦးကြီးက ဆက်ပြီးပြောပါတယ်။ “ ငါမသိလို့ မေးပါဦးမယ်။ နင့်သားတွေ နာမည်က အစိမ်းသေတဲ့လား” ဦးကြီး တယောက် အမြင်ကတ်ကတ်နဲ့ ရွဲ့မေးမှန်း သိလို့ထင်ရဲ့ ဘာမှ ပြန်မပြောတော့ပဲ ပြုံးပြီး ပြန်လှည့်သွားပါတယ်။  “ အစိမ်းသေ…အစိမ်းသေလေးတွေ ဆိုတဲ့ အသံတော့ ထပ်မကြားရတော့ဘူး။

ဦးကြီးက ကျွန်မဘက် လှည့်ပြီး ဆင်းရဲတာကို တူမကြီးရဲ့ ဆင်းရဲတာကိုး လို့ သူ့ဘာသာပဲ ရေရွတ်သလို ဆိုပါတယ်။ ဆင်းရဲတော့ ပညာမတတ် ပညာမရှိတော့ စဉ်းစားဆင်ခြင်ဉာဏ်ကမရှိ   ဆင်ခြင်ဉာဏ်မရှိတော့ ပိုဆင်းရဲ နာလန်ကို မထူတော့ဘူး။ မုန့်လုံး စက္ကူကပ်၊ ဂျာအေး သူ့ အမေရိုက်ကို ဖြစ်ရော။ အိမ်ထဲက ထွက်လာရင်း ဒေါ်ကြီးက ဝင်ပြောပါတယ်။ ဒါနဲ့ ကျွန်မလည်း ကျွန်မသိချင်တာ ဒေါ်ကြီးဆီ ထပ်ပြီး စပ်စုရတယ်။ တယောက်မှ ကျောင်းမနေဘူးလား ဒေါ်ကြီးရဲ့။ “ အိုး…ဘယ့်နှယ့်လုပ် နေနိုင်မတုန်း မနက်စာ ညစာ မှန်အောင်တောင် မနည်း။ ”  “သူ့ အဖေကရော” ကျွန်မက ဆက်ပြီးမေးတော့ “ လင်မယား နှစ်ယောက် ကုန်းရုန်းတာတောင် ပါးစပ် ကိုးပေါက် လောက်ငလား မေးဦးတော်”  တဲ့။ ကြားရတာများ ကလေးတွေ နောင်ရေး ရင်လေး စရာ။ “ဟော့…ဟို အကြီးကောင်လေးက ငါးရှာ ဖားရှာ၊ သူကော အောက်က အငယ်လေးတွေကရော နိုင်တဲ့ အလုပ် လုပ်ရတာတော်။ ကောက်သင်းကောက်တန်ကောက်ပြီး ဝမ်းစာအတွက် လုပ်ရတာ။ အရွယ်နဲ့မှ မလိုက်။   ကျပြင်မှာ ထိုင်နေတဲ့ ကောင်မလေး မြင်လား။ သူက အိမ့်အောက်မှာ ဆော့နေတဲ့ အငယ်လေးကို မိဘတွေ မရှိတုန်း ထိန်းရတာ။  ကလေးကို ကလေးက ထိန်းရတယ် ဆိုပါတော့။ မွေးလိုက်တာလည်း တပြွတ်ပြွတ်။ ငါ့အထင် တနှစ်တယောက်နှုန်းလောက် ထင်တာပဲ လူနဲ့ဗိုက် ပြတ်တယ်ကို မရှိဘူး။ ဆင်းရဲပါတယ်ဆိုမှ ကလေးကများ။ ကလေးကများတော့ ပိုဆင်းရဲ။  ဟော့…….အိမ့်အောက်က ငုတ်တုတ်အရွယ်လေး တွေ့လား။ ကျွန်မက ခေါင်းငြိမ့်ပြတော့ ဆက်ပြောပါတယ်။  အေး… သူ့မွေးတုန်းက ဝမ်းဆွဲခ ဈေးကြီးလို့ မတတ်နိုင်လို့  မိန်းမကမွေး ယောက်ကျားက ကလေးကောက်တယ်တဲ့။ ချက်ကြိုးလည်း ယောက်ကျားက နှီးနဲ့ ဖြတ်သတဲ့။ အကုသိုလ်များ ကြီးသလား မဆိုနိုင်ဘူး တယောက်မှ အဖိတ်အစင်မရှိဘူး။ တနှစ်လုံး အဝတ်အစား အပြည့်အစုံ တွေ့ရတဲ့ရက် ငါ့ မြင်တောင် မမြင်ဘူးဖူး။ ဒါတောင် ကျန်းမာချက်များ ကျောပူ ခေါင်းပူတောင် ထပုံမရကြဘူး။ ဒေါ်ကြီးတယောက် ဘယ်ကတည်းက အမြင်မတော်ဖြစ်ပြီး ပြောချင်နေသလဲ မသိဘူး။ အခုမှ နားထောင်မဲ့သူရှိလို့ ရင်ထဲကဟာတွေ အကုန်အန်ကျလာပုံပဲ။ ပြောရတာ မောသွားတယ် ထင်ပါရဲ့ ရေနွေး ငှဲ့ သောက်နေတယ်။ ကျောင်းမနေဘူး ဆိုတာကို ကျွန်မမှာ ဘဝင်မကျနိုင်ဘူး။ စာလေးတောင် မဖတ်တတ်ရင် ဘယ်လောက် လူဖြစ်ရကျိုး မနပ်သလဲ။ ကလေးလေးတွေ နိုင်ငံအနာဂါတ်ရဲ့ အုတ်တချပ် မဟုတ်ရင်တောင် သဲတပွင့်လောက်တော့ ဖြစ်စေချင်သေးတယ်။ “ဒါနဲ့ ဒေါ်ကြီးရဲ့ စာသင်ကျောင်းက ပိုက်ဆံ မတတ်နိုင်လို့ မတက်တာက ထားပါ။ ဘုန်းကြီးကျောင်းမှာ ဦးဇင်းက သင်တယ်ဆို။ ပိုက်ဆံ မတတ်နိုင်တဲ့ သူတွေကို သင်ပေးတယ် ကြားပါတယ်။ သေစာ ရှင်စာလေးတော့ ဖတ်တတ်သင့်ပါတယ်။ စာမတတ်တော့ လူဖြစ်ရှုံးတာပေါ့။”  “ အမလေးတော်…….ညည်းကလည်း ပြောရတာ လက်ပေါက်ကပ်လိုက်တာ”။ အမေးအမြန်းထူပြီး စောဒက တက်လွန်းတဲ့ ကျွန်မကို စိတ်မရှည်တော့ဘူး ထင်ပါရဲ့ ။ သောက်လက်စ ရေနွေးခွက်ကို စားပွဲပေါ်ကို ဂွပ်ခနဲ မြည်အောင် ဆောင့်ချပြီး ကျွန်မ မျက်နှာဘက် တည့်တည့် လှည့်ထိုင်လိုက်ပါတယ်။ “ ဒီမှာ… ဦးဇင်းကတော် စာသင်ရုံတင်မကဘူး။ ထမင်းပါကျွေးသေးတာ။ ဒါကို မထားတာ။ တရားချလို့ မရဘူး။ အသိခေါက်ခက် အဝင်နက်တွေ။ ငါတို့တောင် စာမတတ်ပဲ မနက်ည ထမင်းနှစ်နပ် ရှာစားလို့ရတယ်။ စာတတ်တော့ ဘာလုပ်ရမှာတုန်း ဆိုတဲ့ လူမျိုးတွေ။ ဒီလို မိဘဆီမှာ လူလာဖြစ်တာ သူတို့ ကံပဲ။  ကလေးတယောက် ကျောင်းသွားရင် တယောက်လုပ်အားခ နာတယ်ထင်တဲ့ ဟာတွေ။ ဒါနဲ့ပဲ… ကိုယ်လည်း အနေသာကြီး  တရားချမနေတော့ဘူး။ ဒေါ်ကြီး စကားဆုံးတော့ ကျွန်မလည်း ဘာမှ ထပ်မေးစရာ စကားလုံးကို မရှိတော့ဘူး။

ညစာစားပြီးလို့ အိမ်ပြန်ခါနီးမှာတော့  “အစိမ်းသေ……အစိမ်းသေလေးတွေ ” ဆိုတဲ့ အသံ ထပ်ကြားရသေးတယ်။ အိမ်အပြန် လမ်းတလျှောက် ကျွန်မမှာ တွေးစရာတွေ တပုံတပင်ရယ်။ သိတဲ့အတိုင်း စာရေးသူဆိုတာ အတွေးတွေရဲ့ကျွန်ကိုး။ ဖတ်ဖူးတာ တခုက ခေါင်းထဲ ဝင်လာပြန်ပါတယ်။ ကျွန်မတို့ တိုင်းပြည်ဟာ တိုးတက်မှုမှာ သိပ်ကို နောက်ကျနေပြီမို့ သူများတွေ တလှမ်းဆို ကျွန်မတို့က ဆယ်လှမ်းလောက်လှမ်းမှ မှီနိုင်လောက်တယ်တဲ့။ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေနဲ့ ကြီးစွာတဲ့ ဝီရိယထားကာ အားသွန်ခွန်စိုက် လုပ်ရမဲ့သဘောလို့ ကျွန်မက ထင်ပါတယ်။ ဒါဆို  ထက်မြက်တဲ့ ကလေးတွေ၊ လူငယ်လေးတွေ ခပ်များများ မွေးထုတ်ပေးဖို့ လိုကိုလိုမှာပေါ့။ ဒီလိုကလေးတွေနဲ့ ဆယ်လှမ်းလှမ်းမှ မှီမဲ့ အခြေအနေမှာ ခုနကလို အစိမ်းသေလေးတွေ များနေမယ် ဆိုရင်…..။ တိုင်းပြည်ရဲ့ သယံဇာတလေးတွေ၊ နိုင်ငံရတနာလေးတွေ၊ လူကြီးတွေ နေရာကို သိသိသာသာရော မသိမသာရော အစားထိုး ဝင်လာမဲ့ လူငယ်လေးတွေမှာ  ထက်မြက်တဲ့လူငယ်လေးတွေကို များများမွေးထုတ်ပေးဖို့ လိုနေတဲ့အချိန်မှာ  အစိမ်းသေလေးတွေပဲ များလာရင် ဘယ့်နှယ့်လုပ်ရပါ့……..။ ဆယ်လှမ်းကော လှမ်းနိုင်ပါဦးမလား………။ လှမ်းရင်ကော မှီနိုင်ပါဦးမလား……။

28 comments

  • မင်းခန့်ကျော်

    August 24, 2013 at 4:39 pm

    ကောင်းလိုက်တာဗျာ။

    မေးထဲဝင်လာပေမဲ့ခုမှဖတ်အားလို့ဖတ်လိုက်ရတယ်။

    ဒါကိုဖတ်တော့ ဆုံးသွားပြီးဖြစ်တဲ့ အဖေရယ် သက်ရှိကျန်တဲ့

    အမေရယ်ကို ပိုပြီးးးးးးးးးး

    ကျတော်တို့လည်းမိသားစု ကိုးယောက်ပေမဲ့ တယောက်မှ

    အလေအလွင့်မရှိ တိုင်ပြည်ရဲ့ အစိမ်းသေ လူတန်းစားထဲမပါ

    အောင်ဖြူဖြူစင်စင်နဲ့ ပျိုးထောင်ပေးခဲ့လို့

    ကျုပ်ရဲ့မျိုးဆက်တွေကိုလည်းးးးးးးးးးးးး

    အတော်ကိုထိမိလှပါတယ်။

    အစိမ်းသေတဲ့။

    • hmee

      August 27, 2013 at 6:10 pm

      ကိုမင်းခန့်ကျော်ရှင့် ကျွန်မလည်း အဲ့ဒါပြောချင်တာ။ မိဘသာ အဓိက ထင်တာပဲ။ ပညာမတတ်တဲ့ တောင်သူမိဘ နှစ်ပါးက သားသမီး ၈ယောက်ကို ဘွဲ့ရအောင် သင်ပေးပြီး မိဘထက် တဆင့်မြင့်အောင် လုပ်ပေးခဲ့တာ ကျွန်မတို့ မောင်နှမတွေဘဝပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အမြဲ ကျေးဇူးတင်နေတယ်။

  • garfield

    August 24, 2013 at 6:10 pm

    မသိတာက စ ခက်သလား။

    မရှိတာက စ ခက်သလားပဲ။

    🙁

    • hmee

      August 27, 2013 at 6:12 pm

      မုန့်လုံးစက္ကူကပ်ပါဆို။

  • အလင်းဆက်

    August 24, 2013 at 6:47 pm

    အန်တီ မှီ

    အန်တီ ့အဖေ ရဲ ့စာအုပ်ဗီဒိုထဲက
    ယူထုတ်လာတဲ့စာအုပ် က ဘာစာအုပ်လဲ ဟင်

    =========

    • hmee

      August 27, 2013 at 6:22 pm

      မိရိုးဖလာ ဗုဒ္ဓဘာသာတဲ့ ဖတ်ကြည့်ပါလား။ 😀

  • ဝင့်ပြုံးမြင့်

    August 24, 2013 at 11:48 pm

    မပြုံးတို့ဘက်မှာ အစိမ်းသေတွေ အများကြီးပဲ။ အရေအတွက်က ကြောက်ခမန်းလိလိ။ အဲဒီကိစ္စကြီးကို ဘယ်လိုဖြေရှင်းကြမလဲ မသိဘူး။ ဟို BG ဆိုတာကလည်း ကောက်ရိုးမီးအဆင့်လောက်လုပ်တာ။ သူတို့လေးတွေ စာတတ်ဖို့ ဘုန်းတော်ကြီးကျောင်းတွေကိုပဲ အများဆုံးအားကိုးကြရတယ်။ ဒီကိစ္စ ပြောစရာတွေ အများကြီးရှိနေတယ်။ သူကြီးပြောသလို မီဒီယာက အော်ပေးဖို့လိုမယ်နော်။ ဒါပေမယ့်လည်းလေ … လူမှုရေး ပရဟိတကို အနုစားနိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်ချင်ရင်တောင် နိုင်ငံရေး မပြောင်းဘဲနဲ့တော့ လုပ်သမျှ တွေ ဘာမှ အရာထင်မယ် မထင်ပါဘူး။

  • kai

    August 25, 2013 at 3:47 am

    ပိုပိုဆိုးလာဖို့ပဲရှိပါတယ်…။အမှောင်ထဲ နှစ်ပြန်တိုးဝင်နေတာကိုး..
    အလင်းဖက်ထွက်ဖို့ခက်လွန်းမပေါ့…
    ဆိုတော့…
    အဖြေက.. အောက်က စကားမှာရှာလို့ရတယ်… တွေးမိတယ်..။

    “ ဒီမှာ… ဦးဇင်းကတော် စာသင်ရုံတင်မကဘူး။ ထမင်းပါကျွေးသေးတာ။ ဒါကို မထားတာ။ တရားချလို့ မရဘူး။ အသိခေါက်ခက် အဝင်နက်တွေ။ ငါတို့တောင် စာမတတ်ပဲ မနက်ည ထမင်းနှစ်နပ် ရှာစားလို့ရတယ်။ စာတတ်တော့ ဘာလုပ်ရမှာတုန်း ဆိုတဲ့ လူမျိုးတွေ။ ဒီလို မိဘဆီမှာ လူလာဖြစ်တာ သူတို့ ကံပဲ။ ကလေးတယောက် ကျောင်းသွားရင် တယောက်လုပ်အားခ နာတယ်ထင်တဲ့ ဟာတွေ။ “

    ဘာဖြစ်လို့.. ကလေးသူငယ်စာသင်ကြားရေးပရိုမဟုတ်.. ငွေကြေးကိုင်တွယ်ပရိုမဖြစ်နိုင်တဲ့.. ဦးဇင်းလက်ထဲ.. ငွေတွေ.. စီမံခန့်ခွဲ လုပ်ပိုင်ခွင့်တွေရောက်နေတာလည်း…

    ဆိုတော့…
    ♫ ♪♫ဘယ်သူမဆို♫ ♪ကိုယ်တန်ရာပဲရမယ်..♫♫ ♪♫. လို့ပဲ…။ :mrgreen:

  • kai

    August 25, 2013 at 5:47 am

    အရှင်Ravika ရေးသားထားသော ဖေ့စ်ဘုတ်စာကို ဗဟုသုတအတွက်ပြန်လည်ကူးတင်ခြင်းဖြစ်ပါတယ်။
    အောက်ဆုံးအပိုဒ်ကို အရင့်ရောင်လုပ်ပေးထားပါတယ်။
    သတိထားမိကြစေလိုလို့ပါ။..

    =======================
    Ven Ravika

    ချီးခြောက်ကို ပြန်နှူးခြင်းမဟုတ်၊ ဗဟုသုတအလို့ငှာ တင်ခြင်းဖြစ်တယ်။ ယောနိသော မနသိကာနဲ့ ဖတ်ကြဖို့ ဖြစ်တယ်။

    ကုန်းဘောင်ဆက်က သတ်ဖြတ်ပွဲကို ကျင်းပနေတုန်းမှာ ဝေါဆရာတော်က “ဝလူမျိုး၊ ကရင်လူမျိုး၊ ချင်းလူမျိုးတို့၏ ပိုင်ဆိုင်မှုကို မထိပါးကြကုန်လင့်၊ ဦးအောင်ဇေယျသည် သူ့ကံတရားအတိုင်း ဂတိလားမည်ဖြစ်၍ မွန်တို့အနေဖြင့် ကလဲ့စားချေစရာမလိုဘဲ မိမိကံတရားကိုသာ ကောင်းအောင် ဂရုစိုက်ကြပါကုန်လော့”လို့ ဆော်အော်ခဲ့ပါတယ်။

    ထိုင်းနိုင်ငံမှာ မဟာနိကာယဂိုဏ်းနဲ့ ဓမ္မယုတ္တိကနိကာယဂိုဏ်းဆိုပြီး သံဃာ့ဂိုဏ်း(၂)ခုသာ ရှိပါတယ်။ ကုန်းဘောင်ဆက်ကြောင့် ထိုင်းနိုင်ငံကို စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိလာကြတဲ့ မွန်ဘုန်းကြီးများက ထိုင်းနိုင်ငံမှာ ဓမ္မယုတိ္တနိကာယဂိုဏ်း တည်ထောင်ပြီး ဝိနည်းလေးစားလွန်းလို့ ထိုင်းတော်ဝင်မိသားစုများ ဆည်းကပ်ကိုးကွယ်ခြင်း ခံခဲ့ရပါတယ်။ ဒီဂိုဏ်းဟာ ထိုင်းဂိုဏ်းမဟုတ်၊ မွန်ဂိုဏ်းသာ ဖြစ်ကြောင်း ထိုင်းရဟန်းတော်တစ်ပါး ပြောဖူးတာကို နားနဲ့ဆတ်ဆတ် ကြာခဲ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ထိုင်းသံဃာအများစုရှိနေတဲ့ဂိုဏ်းပါ။ မြန်မာနိုင်ငံရှိ နဝမမြောက် နောက်ဆုံးမဟာရင်ဂိုဏ်းဆိုတာ ဒီဓမ္မယုတ္တိကနိကာယဂိုဏ်းမှ သံဃာတစ်ပါးက အင်္ဂလိပ်ခေတ်မှာ မော်လမြိုင်ဘက် ပြန်ကြွလာပြီး ပြန်လည်ထူထောင်ခဲ့တဲ့ ဂိုဏ်းပါ။ ဝိနည်းအင်မတန်လေးစားပြီး သာသနာရေးတစ်ခုထဲကိုပဲ အာရုံစိုက်ပါတယ်။ ဒီဂိုဏ်းမှာ မြန်မာနိုင်ငံမှာ Pure Mon ဂိုဏ်းတစ်ခု ဖြစ်ပါတယ်။

    သီရိလကာင်္မှာ သျှာမနိကာယဂိုဏ်း (ရှမ်းဂိုဏ်း-ထိုင်းဂိုဏ်း)၊ ရာမညနိကာယဂိုဏ်း (မွန်ဂိုဏ်း)၊ အမရပူရဂိုဏ်း (မြန်မာဂိုဏ်း)ဆိုပြီး သံဃာ့ဂိုဏ်း(၃)ဂိုဏ်း ရှိကြောင်း တွေ့ရမှာပါ။ နောက်ပိုင်းမှာ ရွှေကျင်ဂိုဏ်းက ထိုးဖောက်ပြီး ဝင်ရောက်ခဲ့တာမျိုး ရှိပေမဲ့ ဒီ(၃)ဂိုဏ်းပဲ အဓိကပါ။ ဒီသံဃာ့ဂိုဏ်း(၃)ဂိုဏ်းထဲမှာ ရာမညနိကာယဂိုဏ်းဆိုတာ ဖိနပ်မစီးပါ၊ ပိုက်ဆံအလှူမခံပါ။ ဝနဝါသီ တောအရပ်မှီတွေပါ။ ဝိနည်းအင်မတန်လေးစားပြီး တရားဓမ္မကိုပဲ နှလုံးသွင်းပါတယ်။

    ဗဂိုးပျက်ပြီးနောက်ပိုင်း ဘုန်းတော်ကြီးဦးသီလဆိုတာ မွန်လူမျိုးတစ်ဦးသာ ဖြစ်ခဲ့ပါတယ်။ တပည့်တော်တို့ဟာ ဘုန်းတော်ကြီးဦးသီလအဆက်ဖြစ်တယ်။ ဝနဝါသီရဟန်းများသာ ဖြစ်ခဲ့ကြပါတယ်။ နောက်ပိုင်း သာသနာသန့်ရှင်းရေးလုပ်တဲ့အခါ မန္တလေး
    က ရွှေကျင်ဂိုဏ်းနဲ့ နေမှုထိုင်မှုတူလို့ ရွှေဂိုဏ်းထဲ ဝင်သွားခဲ့ခြင်းသာ ဖြစ်ပါတယ်။

    ဒါကြောင့် ကုန်းဘောင်ခေတ်မှာ နိုင်ငံရေးနဲ့ပတ်သက်သူများဟာ အတင်ဂိုဏ်းများသာ ဖြစ်ပြီး အာရုံဂိုဏ်းဝင်များ ပတ်သက်မှုမရှိနိုင်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ အတင်ဂိုဏ်းများက အရုံဂိုဏ်းများကို ပြဿနာရှာကြောင်း မငြင်းနိုင်ပါ။ ရှင်းအောင် ပြောရရင် ဂါမဝါသီရဟန်းများဟာ ဝနဝါသီရဟန်းများကို ဖိအားပေးခဲ့ကြောင်း သိနိုင်ပါတယ်။ ဓမ္မစေတီမင်းကြီးရဲ့ သာသနာတော်သန့်ရှင်းရေးကြောင့် ရာမညတိုင်းမှာ အရုံဂိုဏ်းသာ အင်အားကောင်းကြောင်းကို ခန့်မှန်းနိုင်သလို ကုန်းဘောင်ဆက်ကြောင့် အောက်ပြည်အောက်ရွာမှာ အတင်ဂိုဏ်းအင်အားကောင်းလာမှာကိုလည်း စဉ်းစားမိကြမှာပါ။ ဘာကြောင့်ဆိုလို့ရှိရင် ဧရာဝတီနဲ့ ဗဂိုးဝန်ကျင်းမှာ ရွှေဘိုနဲ့ အမရပူရနေပြည်တော်က သာသနာပြုဌာနပေါင်း(၆၀)ကျော်ကို ဖွင့်လှစ်ပြီး အတင်ဂိုဏ်းမြန်မာရဟန်းတော်များကို ေအောက်ပြည် စေလွှတ်ခဲ့ပါတယ်။ မွန်တွေက ဗုဒ္ဓဘာသာဖြစ်ပြီးသားပါ။ မွန်နယ်တွေမှာ သာသနာပြုစရာမလိုပါ။ မွန်တွေရဲ့ ဖော်ပြချက်အရ အာဏာပိုင်တွေက မွန်စကား၊ မွန်စာကို ပိတ်ပင်ပြီး ဗမာစကားမပြောတတ်တဲ့ကလေးများကို နို့တိုက်ခွင့်မပြုဘဲ နေပူလှန်ကြောင်း ပါရှိပါတယ်။ ဖြစ်နိုင်သည်မှာ ဒီရဟန်းတွေဟာ မြန်မာစာကို သင်ပေးဖို့အတွက်၊ အာဏာပိုင်တွေကို ကူညီပေးကြဖို့ပဲ ရောက်လာကြတာနေမှာပါ။

    ဒီသမိုင်းမျိုးကို မြန်မာပြဌာန်းစာတွေထဲမှာ ဘယ်လိုရှိနိုင်မလဲ။ ဒီတော့ ဘယ်ရဟန်းက နိုင်ငံရေးနဲ့ ပတ်သက်မှု ပိုရှိနိုင်သလဲ ခန့်မှန်းကြည့်ပါ။ မွန်ရဟန်းတွေ ပတ်သက်မှုမရှိနိုင်ဘူးလို့ ငြင်းဆိုနေတာတော့ မဟုတ်ရပါ။

    • ဦးကြောင်ကြီး

      August 26, 2013 at 8:57 am

      သာသနာနဲ့ နိုင်ငံရေး မရောရဆိုပေမဲ့ သမိုင်းဂျောင်းမှာ ကင်းမရခဲ့ဘူး.. အနောက်တိုင်းသားတွေ ကိုလိုနီ နယ်ချဲ့တော့ အမ်သုံးလုံး အသုံးပြုခဲ့ကြတယ်.. သာသနပြု mission, စစ်ရေး military, ငွေကြေး money (ထင်တယ်)၊ အစ္စလာမ်ဆိုလည်း ဓါးကောက်တဖက် ကိုရမ်ကျမ်းတဖက် ကုလားအုပ်စီး တိုက်ခဲ့တာ၊ ဗုဒ္ဓဘာသာဆိုလည်း အုပ်ချုပ်သူဘုရင်နဲ့ပေါင်းမှ သာသနာထွန်းကားတယ်။ အခြားဘာသာများလည်း ထိုနည်း၎င်းရှိပါမယ်…။ ဒါနဲ့ပဲ ဘုန်းကြီး နိုင်ငံရေး လုပ်သင့်လားဆိုတော့ အဲလိုလည်း မဟုတ်ပါ…. ဘာသာရေးနဲ့ နိုင်ငံရေး လားရာမတူတာ သတိပြုပီး ဘီလူးစည်း လူ့စည်းရှိဖို့ အရေးကြီးတယ်…. တခုနဲ့တခု ကင်းဖို့၊ ကင်းတာ မရှိခဲ့သလို ပေါင်းစည်းမိရင်လည်း သူပြိုင်ငါပြိုင်ကြဲနေတဲ့ခေတ်သစ် ကမာ္ဘဂျီးမှာ နောက်ကောက်ကျမည် ဖြစ်ပါဂျောင်း….

      • pooch

        August 28, 2013 at 2:30 pm

        ရှေးက နယ်ချဲ့တာ G သုံးလုံး ကြောင့် Gold, God, Glory ။ ဒါကြောင့်မို့ သူတို့တွေထွက်သွားတိုင်း ကျန်ခဲ့တဲ့ အကောင်းအဆိုးတွေ ပရောဂတွေက အရောင်အနုအရင့်ကို လိုက်ပြီး တသက်စာ တခါတခါ ကာလရှည် သက်ရောက်ပြီး ကျန်နေတတ်တာမျိုး ။

        ခုနောက်ပိုင်း မြင်ရကြားရတွေ့ရတာတွေကြောင့် သာသနာကို ပြန်ပြီး သန့်စေချင်မိတယ်။
        ခုတုံးလုပ်ကြတဲ့အထဲ သာသနာကို ခုတုံးလုပ်တာ ကြောက်စရာအကောင်းဆုံးပဲ ။

        မမှီရေ ကျမတော့ ချင်းတောင်ကို ရောက်ခဲ့လေရဲ့။ အစိမ်းသေလေးတွေအပြင် ဘဝပါသေနေတဲ့ အကြောင်း ဖက်ဒရယ်ဆိုတဲ့ အကြောင်း တွေးမိတယ်ဆိုရုံ အသက်ရှုကျပ်လာလို့ တခါတခါ အများကြီး မစဉ်းစား မတွေးမိအောင်ပဲနေတော့တယ်။

        ူlong time no see ma mhee… i’m happy to see you again.

    • hmee

      August 27, 2013 at 6:19 pm

      သဂျီးက တကယ်ပြောတာလား၊ နှိုက်ထုတ်တာလား။ သဂျီးရှင့် ကျွန်မတို့ ငယ်ငယ်က ရွာမှာ စာသင်ကျောင်းမရှိဘူး။ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေပဲ သင်ပေးတာ။ ၃တန်းရောက်မှ အမက ကျောင်းလေး စဖွင့်တယ်။ ဒါကြောင့်ဘုန်းကြီးသာ ပရိုမဟုတ်လို့ စာမသင်ဘူးဆို မှီဆိုတဲ့ နာမည်နဲ့ ကျွန်မ စာရေးခွင့်ရှိပါ့မလား။ စာ အလကား သင်ပေးရင်း ရွာထဲက ဆွမ်းခံလို့ ရတာကို ပြန်ေ)ကျွေးတာပါ။ ငွေကြေးစီမံဖို့ ဘယ်ကမှ ထောက်ပံ့တာ မကြားဖူးဘူး။

      • kai

        August 28, 2013 at 7:14 am

        အမှောင်ထဲ နှစ်ပြန်တိုးဝင်နေတယ်လို့… တကယ်ပြောနေတာပါ..။

        ရှေးဥရောပမှာလည်း.. ရှေးကစာသင်ကျောင်းဘယ်ရှိခဲ့မလည်း..
        ဘုန်းတော်ကြီးတွေ စာသင်ပေးခဲ့ရတာတွေအများကြီးပါ…။
        ရှေးရှေးကဆို.. သာဆိုးသေး…။ စာသင်ဖို့အရေး.. မိုင်ရာချီအထုတ်ထမ်းခရီးဆက်..။ ပညာရှင်ထင်ရတဲ့သူတွေနောက်လိုက်.. တပည့်ခံပြီး.. ပညာရှာပမာနို့ပုန်းစား(သူဖုန်းစား) လုပ်ရတာကိုး…။
        ဒီလိုနဲ့.. လူတွေယဉ်ကျေးမှုမြင့်လာတာနဲ့အမျှ… ဘာတွေပယ်..ဘာတွေယူ.. သိလာကြသပေါ့…။

        ဒါပေမယ့်…
        ဒါဟာ.. မှန်ကန်တဲ့လုပ်ရပ်မဟုတ်.. တိုင်းပြည်အနာဂတ်အတွက်မကောင်းဆိုတာသိပြီး.. ပညာရေးစာသင်ကျောင်းတွေ ထူထောင်ကြရင်း… အခုလိုကမ္ဘာကျော်တက္ကသိုလ်ကောလိပ်တွေပေါ်လာတာပေါ့..
        “သစ်မရှိခင်ဝါးပေါင်းကွပ်”တယ်ဆိုတာမျိုးမှာ… ဝါးဟာ.. သစ်လောက်တော့မကောင်းဘူး.. သိထားရမှာပါနော…။

        ဆိုတော့…
        မြန်မာပြည်မတော့.. လူတွေကလည်း.. ကွန်ဆာဗေးတစ်ထဲ..ညာဖက်စွန်းစွန်းတွေများလာ.. အစိုးရကလည်း.. ချောလဲရောထိုင်ပြီး… ဘကပညာသင်ကျောင်းနဲ့.. ကလေးတွေလွှတ်ထား… ပညာရေးဘက်ဂျက်ကို.. ပြည့်မှီအောင်မချ…
        သံသရာ”လှည့်ပြီး”.. “လည်”နေစေလေရဲ့..
        ဒီအကျိုးဆက်တွေကို… အခုကနေ.. နောင် ၁ဝနှစ်ထဲမှာ အကြီးအကျယ်ခံစားကြရလိ်မ့်မယ်..။
        အခြေခံအဆင့်မှာတင်.. ဘကကျောင်းထွက်တွေဟာ.. ဒီလိုခေတ်မှာ.. တခြားနိုင်ငံက စနစ်တကျသင်ကြားလေ့ကျင့်ထားတဲ့ကလေးတွေကို.. ဘယ်လိုမှ(ဘယ်လိုမှ) ယှဉ်နိုင်မယ် မဟုတ်ဖူး..
        မြန်မာပြည်ဟာ.. နောက်ကတွက် ၁ကနေ ၁ဝထဲပြန်ရောက်လာလိမ့်မယ်…။

        အနိစ္စ…။

  • မင်းခန့်ကျော်

    August 25, 2013 at 2:02 pm

    ကျတော့်အထင်တော့ပညာသင်ကြားရခြင်းရဲ့

    အသီးအပွင့်ကို စားသုံးရခြင်းမျိုးမြန်မာပြည်မှာ

    အားကျလောက်စရာမတွေ့ရဘူးကိုး။

    အထူးသဖြင့် တော နယ် ဘက်မှာပိုဆိုးပေါ့။

    ပညာတတ် အလုပ်လက်မဲ့ကလည်းပေါသကိုး။

    ဒီတော့ဘဝမှာအခြေခံကျတဲ့ စားရေး နေရေး

    ကိုအဓိကဇောင်းပေး ခြင်းပိုအားသန်ကြတာကလား။

    ဒါက နှစ်ပေါင်းများစွာတည်အောင် တည်ဆောက်ထားတဲ့

    အစိုးရအဆက်ဆက်ရဲ့ နိုင်ငံရေးအသုံးချမူ့ပဲ။

    မြို့ပေါ်မှာတောင် လေးတန်းအောင်ရင်ဝပ်ရှော့ပို့ စားပွဲထိုးလုပ်

    စသည်ဖြင့် ငွေရှာတဲ့ပညာကို မိဘတွေက လမ်းညွှန်နေတုန်ကိုး။

    ဘယ်မလဲပညာရေး အသီးအပွင့် ။

    ဘေးနဲနဲချော်သွားရင် ဆော်ရီးပါဗျာ။

  • uncle gyi

    August 25, 2013 at 11:11 pm

    အခုလိုကလေးမျိုးတွေများလာတာအစိုးရမှာလည်းတာဝန်ရှိပါတယ်
    ဒါနိုင်ငံအရေးဖြစ်တဲ့အတွက်
    စီမံကိန်းများစံနစ်တကျရေးဆွဲပြီး
    နိုင်ငံကိုတည်ဆောက်ဖို့ပျက်ကွက်ခဲ့တဲ့
    အကျိုးဆက်တွေလို့ပြောချင်ပါတယ်

  • မင်းခန့်ကျော်

    August 26, 2013 at 9:08 am

    ဦးကြောင်ပြောသလိုပဲ

    ဘာသာရေးနဲ့နိုင်ငံရေး က အချိန်တခုခုမှာ

    ရောတတ်ကြောင်း ။

    ရောသင့်တဲ့အချိန်ရောနေသည်ကို

    အမြင်မစောင်းဖို့လိုကြောင်းတော့

    လိုပါတယ်။

  • မင်းခန့်ကျော်

    August 26, 2013 at 10:03 am

    ဆောင်းပါးရှင်ကဘယ်ပျောက်နေသလဲတော့မသိ။

    ကျနော်တို့ကတော့ ပြောကောင်းနေတယ်။ပိုစ့်ရဲ့ မူလ

    ကနေနဲနဲထပ် ခွဲခွင့်ပြုပါဦးဗျိုုူးးးးးးး

    နောက်ထပ်ထပ်ပြောချင်တာက မျိူ းစောင့်ဥပဒေကိစ္စပါ။

    ဒါကဗုဒ္ဓဘာသာအတွက် ဘုန်းကြီးတွေက လုပ်တာပေါ့နော်။

    ကိုးကွယ်သက်ဝင်သူများအတွက်သက်ဆိုင်ရာဘာသာရေး

    ဦးဆောင်သူများက တောင်းဆိုဒါပေါ့ဗျာ။

    ဒီဘာသာရေးကန့်သတ်ချက်ကို ကျန်ဘာသာရေးအဖွဲ့များက

    ကန့်ကွက်ရန်အကြောင်းမရှိ။(ယခုထိမကြားမိ)

    ဆိုတော့ ဒီဘာသာရေးနဲ့သက်ဆိုင်တဲ့ ဥပဒေကို လွတ်တော်က

    အတည်ပြုမပြုကိုတော့ ကျန်ဘာသာရေးအဖွဲ့တွေကစောင့်

    ကြည့်နေပြီ ။

    ဘာသာဝင်များ ဆိုသော်လည်း ပြည်သူများ လူများဖြစ်နေ

    ပါတယ်။

    ဒီတော့ဒီဥပဒေကိုသတ်မှတ်အတည်ပြုလိုက်ရင် ဒီမိုကရေစီ

    စစ်စစ်ကိုစတင်မယ်လို့ဆုံးဖြတ်ရာရောက်မယ်။

    မျိုးစောင့်ဥပဒေ ပေါ်လာရင်ဗုဒ္ဓဘာသာအတွက်ဖြစ်မယ်။

    မြန်မာမှာဒီဘာသာတခုတည်းရှိတာမဟုတ်။ ဒီဘာသာ

    ကိုခွင့်ပြုရင် ဟိုဘာသာက တောင်းဆိုတာလဲခွင့်ပြု

    ပေးရတော့မယ်။ ဒီမိုစနစ်အရတန်းတူပေးရတော့မယ်။

    ဒီတော့ စီးပွားရေးမှာအပြိုင်လွတ်လပ်ခွင့်ရှိသလို

    ဘာသာရေးမှာလဲ အပြိုင်ဖြစ်လာမယ်။

    စောင့်ကြည့်ဖို့ပဲလိုမယ်။

    • hmee

      August 27, 2013 at 6:29 pm

      ဟို အရင်တုန်းက ကွန်မန့်တခုတက်ရင် တခု ပြန်ဆွေးနွေးတတ်ပါတယ်။ အခုတော့ အချိန်မရတာရယ် အချိန်ရတော့ ကိုးနတ်ရှင်က စိတ်ကောက်နေတာရယ်ကြောင့် ချက်ချင်း ပြန်မဆွေးနွေးနိုင်ဘူး။ တယောက်ချင်းဆီကို ပြန်မဆွေးနွေးနိုင်လို့ အားနာလို့ မဆုံးဘူး။ ဒါကြောင့် ကျွန်မစာကို အားပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာက ပြောပါရစေ။ ပြန်မပြောနိုင်ခဲ့ရင်လည်း နားလည်ပေးပါရန် ကြိုတင်တောင်းပန်ပါတယ်။

  • ကို ငြိမ်းမောင်

    August 26, 2013 at 10:08 am

    အသိခေါက်ခက် အဝင်နက်တယ်လို့ဘဲပြောရမလား
    အသိပညာဖွံဖြိုးမှု့နောက်ကျနေတဲ့ တိုင်းပြည်ကို ဘယ်လိုများပြုပြင်ရပါလိမ့်………

  • black chaw

    August 26, 2013 at 12:33 pm

    မမြင်ရတာ အတော်ကြာနေပြီ ဖြစ်တဲ့…
    မမှီ ရဲ့ လက်ရာကို
    အားပေးသွားတယ်ဆိုတဲ့ အကြောင်း
    သံချောင်းခေါက် ခဲ့ ပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • kyeemite

    August 27, 2013 at 9:10 am

    အစိမ်းသေတွေက တောတင်မက မြို့မှာလည်းအားကြီးပါဗျာ… 🙁

  • Ma Ei

    August 27, 2013 at 11:41 am

    မအားလပ်တဲ့ ကြားက ရေးတဲ့စာလေးတွေ့ရလို့ ဝမ်းသာမိပါတယ်…
    ထူးထူးဆန်းဆန်း အတွေးအရေးလေးပါဘဲ …
    ကိုယ့်သားသမီး ကလေးတွေကိုများ..အစိမ်းသေ တဲ့နော်
    ငွေကြေးတင်မက၊ ပညာလဲတစ်ဖုံ မပြည့်စုံ ဆင်းရဲခြင်းတို့ကြောင့်
    ချစ်ခြင်းမေတ္တာတွေလဲ လျော့နဲ ဆင်းရဲကုန်ကြတယ်နဲ့ တူရဲ့….
    🙁

  • ဦးကျောက်ခဲ

    August 27, 2013 at 12:32 pm

    ကျောက်စ် အမြင်ကတော့ စိမ်းလန်းရမည့် ဘဝအညွန့်အဖူးလေတွေ သေသွားပြီမို့…
    အဲသည့် ကလေးတွေကို “အစိမ်းသေ” လို့ ခေါ်ထိုက်ပါတယ်လေ…..။
    🙁

    • hmee

      August 27, 2013 at 6:31 pm

      မှန်လိုက်တာ ဦ းကျောက်ရေ။

  • အရီးခင်

    August 28, 2013 at 2:10 am

    အစိမ်းသေ လို့ ခေါ်တာ မကြားဖူးဘူး မှီ ရေ။
    သေချင်းဆိုးလေး တွေ လို့ ခေါ်တာဘဲ ကြားဖူးတာ။
    ကိုကျောက် ပြောတာ သဘောကျပြီး ပြုံးမိတယ်။ ဒါပေမဲ့ မဲ့ပြုံး ပါ။
    မှီ စာရေးကောင်းတော့ ပိုပြီး ရင်နင့် ရတယ်။

  • Ma Ma

    August 28, 2013 at 7:45 am

    သဂျီးမြို့တည်ပြီးကတည်းက မျက်စေ့လည်နေလို့ (အဝိုင်းလေး လည်ပြီး ဝင်ရခက်လွန်းတာမို့) ဒီစာကို ခုမှပဲ ဖတ်ဖြစ်တော့တယ်။

    ရီစရာပြောရအုံးမယ်။
    ခေါင်းစဉ်က အစိမ်းသေဆိုတော့ စာဖတ်နေရင်း မှီ့မျက်စေ့ထဲမြင်နေတဲ့ မျက်စောင်းထိုးအိမ်ကမိသားစုကို အစိမ်းသေပြီး မကျွတ်မလွတ်ပဲ အရိပ်အယောင်ပြနေတာလို့ ထင်နေတာ။ 😀

    မသိတာနဲ့ မရှိတာ မုန့်လုံးစက္ကူကပ်နေတာထက် ……..
    မိဘက သားသမီးလုပ်စာကို မျှော်ကိုးနေတာမို့ ထမင်းကျွေးပြီး စာသင်ပေးတာကိုတောင် မထားပေးနိုင်ဘူးဆိုတဲ့ မိဘတွေရဲ့ သားသမီးအပေါ်မှာထားတဲ့ စေတနာ နည်းပါးလွန်းတာကိုလည်း စိတ်ပျက်မိပါရဲ့။ 🙁

  • Shwe Ei

    August 28, 2013 at 3:59 pm

    သေစာရှင်စာ ဖတ်တတ်ဖို့အရေးတောင် ကိုယ့်အားကိုကိုးနေရတဲ့ ခေတ်/ဘဝ မှာ
    နိုင်ငံတာကာနဲ့ ရင်ဘောင်မတန်းနိုင်လေခြင်းလို့ တွေးပီးစိတ်ပျက်မနေတော့ပါဘူး။ (သဂျီးကိုပြောခြင်းဖစ်သည်)

    လောလောဆယ် နိုင်သလောက်ကူမယ်..ခေတ်/စနစ်ပြောင်းသွား(ခဲ့)ရင် အနဲဆုံးအခြေခံ အဆင့်တတ်ထားတဲ့ခလေး အလယ်တန်း အထက်တန်းသွားဖို့ မခက်တော့ဝူး လို့ ပြေရာပြေကြောင်း လှည့်တွေးမိပါတယ်။

    အစိမ်းသေလေးတေရဲ့ မိဘမျိုးကတော့ မုန့်လုံးစက္ကူကပ် ဘွထဲက မထွက်နိုင်ကျသေးတဲ့ လူတန်းစားတရပ်လုံးကို ကိုယ်စားပြုနေသလို ခံစားရလို့…သမ္မတ ကြီးပြော ပြောနေတဲ့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး စနစ်အရ မဖြစ်စလောက်ငွေလေးတွေ အတိုးနဲနဲနဲ့ ထုတ်ချေးနေခြင်းဟာ ပညာမဲ့သူတွေအတွက် ဘလိုမှ အကျိုးသက်ရောက်မှုမရှိဝူးလို့ မြင်မိပါဂျောင်းး

  • nozomi

    August 29, 2013 at 9:49 am

    ခေါင်းစဉ်လေး ကတင် စာဖတ်ချင်အောင် ဆွဲဆောင်နေတယ်

    အဲဒီအကြောင်းတွေကတော့ ပြောချင်တာတွေ များပြီး ဘာမှ ပြောမထွက်တော့တဲ့ အခြေအနေကို ဖြစ်နေပြီ

    ရွာထဲ လဲ .
    မ မှီ ရေးဟန်က ဆရာမ ခင်ခင်ထူးနဲ့ တူတယ်
    ဦးကျောက် နဲ့ ကိုဂီ ရဲ့ တချို့ ရေးဟန်လေးတွေက ဆရာ မင်းလူ ကလောင်ခွဲ တစ်ခုဖတ်နေရသလို
    ရဲတိုက် ဆို ကျွန်တော်တို့ ရွာသား ဖားသက်ပြင်းခြေရာနင်းနိုင်တယ်
    အောင်ရဲလင်း ဆိုတာလဲ အလင်းဆက်တောင် မမှီဘူး လို့ ကြားဘူးရဲ့
    စိုင်းထီးဆိုင် မသေခင်က သူ့ သူငယ်ချင်းတွေက ခင်ဗျားက မန်းဂဇတ်က အယ်ချုပ်ကြီး နဲ့ သိပ်တူတာပဲလို့ အပြောခံရဘူးတယ်
    သေချာ စာရင်းလုပ်ကြည့်ရင် ရွာသူားတွေနဲ့ တူတဲ့ နိုင်ငံကျော်တွေမှ အများကြီး ရယ်

    မ မှီ အချိန်ရရင် မှန်မှန် လေး ရေးပါ ခင်ဗျ အားပေးနေပါတယ်

Leave a Reply