အရင်းရှင်ပါလီမန် ဒီမိုကရေစီကို ဝန်ချတောင်းပန်တဲ့ သခင်စိုးနဲ့သူ့လူများ

kaiAugust 28, 20131min26325

အရင်းရှင်ပါလီမန် ဒီမိုကရေစီကို ဝန်ချတောင်းပန်တဲ့ သခင်စိုးနဲ့သူ့လူများ

ရဲမြင့်ကျော် | သောကြာနေ့၊ ဩဂုတ်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၅၃ မိနစ်

(၁)

လွန်ခဲ့တဲ့ငါးလ တစ်ညနေခင်း။ ၃၉ လမ်း အထက်ငါးလွှာက မောက္ခပညာရေးရုံးခန်းမှာ ကျွန်တော်ရှိနေစဉ် အရပ်ရှည်ရှည်၊ အသက် ၇ဝ ကျော် အဖိုးကြီးတစ်ဦး ကျွန်တော့်နာမည်မေးပြီး တံခါးခေါက် လာပါတယ်။
နောက်သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ ဦးအောင်မော်ပါတဲ့။ ကျွန်တော် အံ့ဩဝမ်းသာသွားပါတယ်။ ဦးအောင်မော် ဆိုတာ မိုးဝေမဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့သူပါ။ “ဓား” ဝတ္ထုရေးတဲ့ နာမည်ကြီးစာရေးဆရာကြီး မင်းဆွေရဲ့သားပါ။ ဆရာဦးအောင်မော်က ကျွန်တော့်ကို တွေ့ချင်နေတယ်လု့ိ ကြားရတာ ကြာပါပြီ။ ကျွန်တော် မဲဆောက်နဲ့ချင်းမိုင်ကို မသွားခင်လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက် ကတည်းကပါ။ အခုပြန် ရောက်တော့လည်း ဆရာကပဲ ကျွန်တော့်ကို တကူးတကလိုက်ရှာပြီး တိုက်အထပ်မြင့်ပေါ် တက်မေးပြီး လာရှာတာပါ။

အောင်မော်ဆိုတဲ့နာမည်ကို ဗန်းမော်တင်အောင်ရဲ့“ဂျက်လန်ဒန်သူ့ဘဝနဲ့သူ့စာပေ” စာအုပ် အမှာစာရေး တဲ့သူ လို့ပဲ အရင်က ကျွန်တော်သိထားခဲ့တာ။ နောက်တော့ဆရာ ဦးအောင်မော်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့် အဖေရဲ့သူငယ်ချင်းဖြစ်နေတယ်။ ကျွန်တော့်အဖေက အချစ်ဝတ္ထုတွေရေးတဲ့ စာရေးဆရာ မြင့်ကျော်ပါ။ သူငယ်ချင်းရဲ့ သားဖြစ်တဲ့ ကျွန်တော့်ကိုတွေ့ချင်လွန်းလို့ လာရှာတာပါ။

ဆရာဦးအောင်မော်က ကျွန်တော့်အဖေရဲ့ မိတ်ဆွေတွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေနဲ့ လိုက် မိတ်ဆက်ပေးပါတယ်။ သံလွင်ငြိမ်းချမ်းစာပေက ဦးမြင့်နိုင်၊ မိုးကောင်းကင်ထုတ်ဝေရေးက ဦးစိုးအောင်၊ ရှုမဝ ဦးတင့်ဇော်၊ ရှေ့နေကြီးဦးစိန်မောက်၊ တွံတေးက ကိုဘစိုးတင့် စသည်တို့ပါ။ ဆရာဇော်ဇော်အောင် ကလည်း သူ့သူငယ်ချင်းသား ကျွန်တော့်ကို တွေ့ချင်တယ်ဆိုလို့ တစ်ရက်အတူစုသွားကြတယ်။ ဆရာဇော် ကျန်းမာရေး ကျသွားတာ စိတ်မကောင်းစရာ။ ဆရာဇော်ကိုယ်တိုုင် ကျွန်တော်တို့ကို တုတ်ကောက် ကိုင်ပြီး ထွက်စောင့်နေတာ အားနာစရာ။ နောက်ကျပြီးမှ ရင်းနှီးခွင့်ရတာ ကျွန်တော့်အတွက် နောင်တရ စရာပါ။

ဦးအောင်မော်တို့တစ်တွေ ကျွန်တော့်အဖေကို ခင်မင်သံယောဇဉ်ရှိတဲ့ အဓိကအကြောင်းက စာရေးဆရာ ဆိုတာ ထက် နိုင်ငံရေးသံယောဇဉ်ဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော့်အဖေ နာမည်ရင်းက စိုးသိန်းဖြစ်ပြီး၊ လူငယ်တပ်ဦးအတွင်းရေးမှူး ရဲဘော်စိုးသိန်းလို့ ပြောကြပါတယ်။ ဦးအောင်မော်နဲ့ ထောင်ကျဖက်ပါ။ တလောက အဖေ့ရဲ့ “ကိုကိုးကျွန်းမှ ဇာတ်လမ်းများ” စာအုပ်လေး ပြန်ထွက်လို့ သူ့မိတ်ဆွေတွေကို ကျွန်တော် လက်ဆောင်
ပေးလိုက်နိုင်ပါတယ်။ တိုတိုပြောရင် အဖေနဲ့ သူ့မိတ်ဆွေတွေဟာ သခင်စိုးရဲ့ တပည့်တွေ၊ အလံနီတွေ၊ သူတို့ဆရာကြီးကို လေးစားကြသူတွေပါ။

(၂)

ဦးအောင်မော်နဲ့ အမြဲ တွဲသွားတွဲလာနေတဲ့ သံလွင်ငြိမ်းချမ်းစာပေက ဦးမြင့်နိုင်နဲ့ပါ ကျွန်တော် ရင်းနှီးလာပါတယ်။ ဦးမြင့်နိုင်က ကျွန်တော်ဘာသာပြန်ချင်ရင်ပြန်ဖို့ စာအုပ်တွေပေးပါတယ်။ တစ်နေ့ ဦးမြင့်နိုင် ကျွန်တော့်ကိုပေးတဲ့ စာအုပ်ကတော့တကယ် အံ့ဩစရာ။ သခင်စိုးကြီး အင်္ဂလိပ်လိုရေးထားတဲ့ လက်နှိပ်စက် စာမူ “The Resolution of Present Day Global Economic Crisis”  ဆိုတဲ့စာအုပ်ပါ။ လက်နှိပ်စက်မူ အဆင့်ပဲရှိပြီး စာအုပ်အဖြစ် မဖြန့်ရ
သေးပါ။ သခင်စိုး နောက်ဆုံးပြုစုတဲ့ မူရင်းကျမ်းသုံးတွဲရဲ့ အနှစ်ချုပ်စာ တမ်းဖြစ်ပြီး၊ legal ဆိုဒ်နဲ့ စာမျက်နှာ ၂၀၀
ကျော်ပါတယ်။ ကျွန်တော့်ကို ရိုရိုသေသေ သိမ်းဆည်းဖို့၊ ဘာ သာပြန်ချင်ရင်ပြန်ဖို့ ဦးမြင့်နိုင်က မှာပါတယ်။

မဖြစ်မနေငါဘာသာပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော် စာအုပ်ကိုရင်ဝယ်ပိုက်ပြီး ပြန်ခဲ့ပါတယ်။ ဖတ်ကြည့်တဲ့ အခါ သုံးမျက်နှာထက် ပိုတိုးမပေါက်ဖြစ်နေလို့ ပြန်ချထားတယ်။ အားတဲ့အခါ ပြန်ဖတ်ကြည့်တယ်၊ အင်း အေးအေး
ဆေးဆေး အချိန်ပေးဖတ်မှ ဖြစ်မယ်လို့ တွေးတယ်။ တစ်လလောက်ကြာတော့ ကျွန်တော်မမီလိုက်တဲ့ သခင်စိုး ဆိုသူကြီးကို လန့်လာတယ်။ ဒီလူကြီးရေးတဲ့ အင်္ဂလိပ်စာ ခက်လှချည် လား။ ဝါကျတွေကလည်း ကုလားတွေရေးတဲ့ အင်္ဂလိပ်စာလိုပဲ ရှည်လျားလိုက်တာ။ ဒါတောင် အနှစ်ချုပ် ကျမ်းပဲ ရှိသေးတယ်။ တကယ့်ကျမ်းရင် သုံးတွဲ မဟုတ်သေးဘူး။

သူ့စာအုပ်ကိုင်ထားရင်း ဒေါက်တာမောင်မောင်ရေးတာကို သွားသတိရတယ်။ ဒေါက်တာမောင်မောင်က သူရဲ့ The 1988 Uprising in Burma စာအုပ်မှာ ကွန်မြူနစ်တွေကို သရော်တော်တော် ရေးတာလေး တွေပါ,ပါ တယ်။ ဒါပေမဲ့ သခင်စိုးကိုတော့ မြန်မာပြည်မှာ ကားလ်မက်စ်ရဲ့ Capital ကို အသေချာ အနှံ့အစပ်ဖတ်ဖူးတာဆိုလို့ သူ တစ်ယောက်ပဲရှိတယ်လို့ လေးလေးစားစား ရေးထားတာ အမှတ်ရပါတယ်။

ဒါနဲ့ ဦးအောင်မော်၊ ဦးမြင့်နိုင်တို့ကို ခွင့်မတောင်းဘဲ ကျွန်တော့်ရဲ့ မိတ်ဆွေဆရာ ဦးကျော်လှိုင် (ကျော်သက်ဟန်) ကို ပြကြည့်တယ်။ ဦးကျော်လှိုင်က အင်္ဂလိပ်စာဆရာ၊ စာရေးဆရာနဲ့ လက်ဝဲလိုလားတဲ့ နိုင်ငံရေးသမားပါ။ ဆရာက အေး- တို့နှစ်ယောက်ပေါင်းပြီး ဘာသာပြန်ရအောင်ကွာ။ ဒီစာအုပ် မြန်မာပြည်မှာ ရှိသင့်ပြီ။ ငါအရင် ဖတ်မယ်ဆိုပြီး ပြောပါတယ်။ နောက်နှစ်ပတ်လောက်ကြာတော့ ဦးကျော်လှိုင်က လွယ်လွယ်မဟုတ်ဘူး၊ ဒီစာအုပ်ကို လုပ်ဖို့အတွက်ချည်း တို့တွေအချိန် လေးငါးလလောက်ပေးရမယ်လို့ ပြောပါ တယ်။ ဟုတ်ပါတယ်။ ကျွန်တော်လည်း သဘောတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ သီးသန့် အချိန်လေး လလောက်ပေးဖို့ မလွယ်လှတာမို့ သက်ပြင်းချ ကြပါတယ်။

ကျွန်တော်က ဆရာဦးကျော်လှိုင်ကို သခင်စိုးကျမ်းက PhD ဒေါက်တာဘွဲ့စာတမ်းပဲလို့ ပြောမိတယ်။ ဆရာက “ဟာမကဘူး။ အ များကြီးပိုတယ်။ အများကြီးပိုတယ်” လို့ ရေ ရွတ်ပါတယ်။ နောက်သူက ဒီ ကျမ်းက တို့လက်ဝဲတွေရဲ့ လက်ရှိအကျပ်အတည်းအတွက် ထွက်ပေါက်အဖြစ် လမ်းပြနိုင်ကောင်းတယ် လို့ ပြောပါတယ်။
ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ခုန်ပြန်ကျော်လွှား ဖတ်ကြည့်တာတော့ သခင်စိုးက မက်စ်၊ အိန်ဂျယ်ရဲ့ အကိုးအကားတွေနဲ့ မြန်မာ့နိုင်ငံရေးနဲ့ ကွန်မြူနစ်ဆိုရှယ်လစ်နိုင်ငံ တွေရဲ့အမှားတွေ ကို သုံးသပ်ထားပြီး၊ ဖြစ်သင့် တဲ့လမ်းကြောင်းကို ချပြထားပါတယ်။

(၃)

ပြီးခဲ့တဲ့သုံးပတ်လောက်က ဦးမြင့်နိုင်က ကျွန်တော့်ဆီဖုန်းဆက်ပြီး သူထုတ်တဲ့စာအုပ်တစ်အုပ် လက်ဆောင်
ပေးချင်လို့ဆိုပြီး ချိန်းပါတယ်။ ဦးအောင်မော်နဲ့ သူထိုင်တတ်တဲ့ ၃ရ လမ်းအောက် ရွှေဝယ်ထွန်း လက်ဖက်ရည်ဆိုင် ကို ကျွန်တော် သွားပါတယ်။ ဆရာမုတ်သုံ လက်ရာနဲ့ စာအုပ်အနီလေး ပေးပါတယ်။ “မောင်ဝင်းမောင်သန်း” ဆိုသူရေးတဲ့ “ကျောင်းသား အရေးတော်ပုံ ၁၉၅၃-၅၄” စာအုပ်ကို ပြန်ထုတ်တာပါ။ အမှာစာအသစ်က ၇၁ မျက်နှာရှည်ပြီး၊ အသေချာဖတ်ဖို့ ဦးအောင်မော်က မှာပါတယ်။

ဦးဝင်းမောင်သန်းဆိုသူကလည်း သခင်စိုးရဲ့တပည့်ရင်း၊ အသက် ၈ဝ ရှိပြီး ပြင်ဦးလွင်မြို့ မှာနေတယ်လို့ ရှင်းပြ ပါတယ်။ ဦးကိုယုတို့ ကျွန်တော့်အဖေတို့ရဲ့ မိတ်ဆွေလို့သိရတယ်။ နောက်ဦးမြင့်နိုင်က ကျွန်တော်ဆီက သခင်စိုးရဲ့ အနှစ်ချုပ်ကျမ်းကိုလည်း ဦးဝင်းမောင်သန်းဘာသာပြန်ပြီးပြီ မလုပ်နဲ့တော့လို့ ပြောပါတယ်။ အဲတော့မှ ကျွန်တော်လည်း ဆင်ခေါင်းခွေးမချီနိုင်တဲ့အလုံးကြီး ကျသွားပါတယ်။ ဦးဝင်းမောင်သန်းဆိုသူဟာ မခေတဲ့ လူ
ဖြစ်မယ်လို့ စိတ်ထဲတွေးနေမိပါတယ်။

အိမ်ရောက်တဲ့အခါမှာ ချက်ချင်းပဲသူ့ရဲ့ကျောင်းသားအရေးတော်ပုံ ၁၉၅၃-၅၄ စာအုပ်ကိုဖတ်လိုက်တယ်။ အမှာစာ ၇၁ မျက်နှာမှာတင် ဦးဝင်းမောင်သန်းကို လေးစားသွားတယ်။ သခင်စိုးမသေခင် ဘာတွေလုပ်သွားတယ်။ သူရေးခဲ့ တဲ့ကျမ်းက ဘာကိုဆိုလိုတယ်။ သခင်စိုးနဲ့ ဦးဝင်းမောင်သန်း ဆရာတပည့် နှစ်ဦး ဘယ်လိုတွဲလုပ်ခဲ့တယ် ဆိုတာတွေ ပြန်ရေးထားပါတယ်။ ဦးဝင်မောင်သန်းအမှာ စာသစ်ရဲ့ခေါင်းစဉ်က လည်း ထူးဆန်းတယ်။ “အရင်းရှင် ပါလီမန် ဒီမိုကရေစီကို ဝန်ချတောင်းပန်လိုက်တဲ့ အမှာသစ်” တဲ့။ ။


သခင်စိုးကို ဦးနေဝင်းအစိုးရက တရားဝင်လွှတ်ကြောင်း ကြေညာခြင်းမရှိဘဲ အင်းစိန်ထောင်ကနေ လွှတ် လိုက်ပါတယ်။ နောက်သခင်စိုးရဲ့ရှေ့နေဦးကိုယုကတစ်ဆင့် ဦးဝင်းမောင်သန်းကို ခေါ်ခိုင်းတယ်။ ဒါနဲ့ သခင်စိုးနဲ့ သူ့တပည့် ဦးဝင်းမောင်သန်းတို့ ပထမဆုံးအကြိမ် လူချင်းစတွေ့ကြတယ်။ အရင်ကတော့ ယူဂျီ သဘောနဲ့ စာအဆက်သွယ်တွေ ရှိကြတယ်။ တွေ့တဲ့နေရာက ရေကြည်အိုင်ဗဟိုထောက်လှမ်းရေး တပ်ဝင်းထဲမှာ။ အဲဒီအချိန် သခင်စိုးမှာ နေစရာအိမ်မရှိသေးလို့ ရေကြည်အိုင်မှာပဲ ခဏနေရာချထားပေးတာလို့ ဦးဝင်းမောင်သန်းက ဆိုပါတယ်။

တွေ့တဲ့အခါ သခင်စိုးက “ခင်ဗျား မပြန်နဲ့တော့၊ ကျွန်တော့်တို့ အလုပ်စလုပ်ကြရအောင်” လို့ ကမ်းလှမ်းတယ်။ သခင်စိုး ကိုးကားရေးသားဖို့ကို သက်ဆိုင်ရာက စာအုပ် ၇၀ဝ လောက် ရှာပေးထားပါတယ်။ သခင်စိုးက အင်းစိန်ထောင်မှာ ဆယ်နှစ်နေခဲ့ရပြီး၊ ဆယ်နှစ်လုံးလုံး အင်္ဂလိပ်ဘာသာတွေနဲ့ စာရေးခဲ့တယ်။ နိုင်ငံရပ်ခြားမှာ ပါ ပြန့်စေဖို့အတွက် အင်္ဂလိပ်လိုရေးတာပါ။ သူရေးတဲ့စာတွေ အားလုံးရဲ့ အနှစ်သာရက အကြောင်းရာ နှစ်မျိုးထဲပါ။

ပထမအကြောင်းက အရင်းရှင်စနစ်ကို မဖြတ်ကျော်ဘဲ ထူထောင်ကြတဲ့ ဆိုရှယ်လစ်စနစ်ဟာ “ပဒေသရာဇ် ဆိုရှယ်လစ်စနစ်” သာဖြစ်တယ်ဆိုတဲ့ အချက်ပါ။ မြန်မာ့ဆိုရှယ်လစ်၊ အာရပ်ဆိုရှယ်လစ်၊ အာရှ အာဖရိက ဆိုရှယ်လစ်၊
တောင်အမေရိက ဆိုရှယ်လစ်၊ အားလုံးသော ဆိုရှယ်လစ်တွေဟာ ပဒေသရာဇ် ဆိုရှယ်လစ်ပါပဲတဲ့။ အဲဒီ ပဒေသရာဇ် ဆိုရှယ်လစ်ကို လက်တွေ့အနီးဆုံး ထူထောင်ပြနေသူကတော့ဗိုလ် နေဝင်းလို့ သခင်စိုးက ပြောပါတယ်။ ဗိုလ်နေဝင်းဟာ ပဒေသရာဇ်ဆိုရှယ်လစ် ဒိသာပါမောက္ခကြီးလို့ သခင်စိုးက နောက်ပြောပါတယ်။

မက်စ်နဲ့အိန်ဂျယ်တို့က “အစွမ်းကုန် ဖွံ့ဖြိုးပြီးတဲ့အရင်းစနစ်ကို ဖြတ်သန်းတည်ဆောက်မှသာ လုပ်သူကို လုပ်နိုင်သလောက် ပြန် ဖြန့်ဝေပေးနိုင်မယ့် ဆိုရှယ်လစ်စနစ် ဖြစ်လာနိုင်တယ်။ လုပ်သူကို လုပ်နိုင်သလောက်
ပြန်မပေးနိုင်တဲ့ဆိုရှယ်လစ်စနစ်ဟာ အားလုံးပြိုလဲလိမ့်မယ်”လို့ သခင်စိုးက ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း ဦးနေဝင်းခေတ်ဥပဒေတွင်းဝင်လာတဲ့ သခင်စိုးဟာ နိုင်ငံရေးသဘောတရားရေးအရ ပဒေ သရာဇ် ဆိုရှယ်လစ်စနစ်ကို တသမတ်တည်းဆန့်ကျင်ဝေဖန်ပြီး၊ အရင်းရှင်စနစ်ကို ဖြတ်သန်းကြရမယ်ဆို ပြီး ဇောက်ချ ရေးသားလာခဲ့တယ်။ အရင်းရှင်စနစ်မဟုတ်တဲ့ လမ်းကြောင်းကနေ ဆိုရှယ်လစ်စနစ်ကို သွားရင်၊ တစ်သွေးတစ်သံတစ်မိန့် ပဒေသရာဇ် ဆိုရှယ်လစ်စနစ်ဆိုးသာ အဖတ်တင်ကျန်မယ်လို့ သခင်စိုးက သုံးသပ်ပါတယ်။

ဒုတိယအကြောင်းက ကမ္ဘာ့ဒုတိယစီးပွားရေး အကျပ်အတည်းကြီး အကြောင်းပါ။ ၁၉၄ရ ရေနံသပိတ်ကြောင့် ရေနံ
ဈေးတွေ ခုန်တက်၊ ငွေကြေးဖောင်းပွ၊ အလုပ်လက်မဲ့နှုန်း မြင့်တက်၊ လုပ်ငန်းတွေရပ်တန့် စတဲ့အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာပါ။ ဒါကြောင့် စာအုပ်နာမည်ကိုက “ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဖြေဖြတ်ရေးစံကျမ်း” လို့ မြန်မာပြန်နိုင်ပါတယ်။

ပဒေသရာဇ် ဆိုရှယ်လစ်စနစ်ကနေ မလွှဲမသွေ အရင်းရှင်ပါလီမန်ကို ဖြတ်ကြရမှာက ရာဇဝင်လမ်း ကြောင်းမှန်
ဖြစ်တယ်ဆိုတဲ့သခင်စိုးရဲ့ မိတ္ထူစာမူတွေကို တပည့်ဦးဝင်းမောင်သန်းက တည်မြဲ ဖဆပလ ဥက္ကဋ္ဌကြီး ဦးဗဆွေနဲ့ ဒုတိယခေါင်းဆောင် ဦးကျော်ငြိမ်းတို့ ကို သွားပေးပါတယ်။ အဲဒီမှာ ဦးဗဆွေက “မင်းတို့ဆရာကြီး သခင်စိုး နိုင်ငံရေး လုပ်ဖို့ သန်လျင်ကနေ ငါတို့သွားခေါ်ခဲ့ကြတာပါကွာ” လို့ လေးစားမှုနဲ့ ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း ကလည်း မင်းမနိုင်တိုက်ခန်းမှာရှိနေတဲ့ သခင်စိုးဆီ မကြာ ခဏဝင်ထွက်နေပါတယ်။ ဦးကျော်ငြိမ်းက “အလံနီတွေဟာ စွန့်စရာရှိသိပ်စွန့်၊ လမ်းကြောင်းသစ်ထွင် စရာရှိ အန္တရာယ်ကြားကထွင်။ ပြီးတော့သူတို့က မကောက်ကျစ်တတ်ဘူး။ အလံနီတွေနဲ့တွဲလုပ်စရာရှိရင် ကျူပ်လုပ်နိုင်တယ်” လို့ ဦးဝင်မောင်းသန်းတို့ကို ပြောလိုက်ပါတယ်။

ဦးနုဆီကိုတော့ သခင်စိုးကိုယ်တိုင် သူ့အယူဆနဲ့ စာအုပ်ကို သွားရှင်းလင်းပြပါတယ်။ သခင်စိုး စာအုပ် ထုတ်ဝေခွင့် မရတာကို စိတ်မကောင်းဖြစ်ကြောင်း ဦးနုကသခင်စိုးကို ပြန်ပြောပါတယ်။

ဦးသိန်းဖေမြင့် အိမ်ကိုလည်း သခင်စိုးနဲ့ ဦးဝင်းမောင်းသန်းတို့ သွားကြပြီး၊ ဦးသိန်းဖေမြင့်ဇနီး ဒေါ်ခင် ကြည်ကြည်က
ဖျော်ရည်နဲ့ ဧည့်ခံပါတယ်။ သခင်စိုးက “ကျွန်တော် ထောင်ထဲ ၁ဝ နှစ်လုံးလုံး ကိုသိန်းဖေ ဘာလုပ်၊ ဘယ်သွား၊ ဘာရေးနေဆိုတာတွေ အမီလိုက် လေ့လာနေခဲ့တယ်။ ထောင်ကလွတ်ရင် သူနဲ့ တွဲပြီး အလုပ်တွေအများကြီး လုပ်နိုင်မှာပါ။ သူဆုံးပြီကြားရတော့ ကျွန်တော့်ညာဘက်လက် ပြုတ်ထွက် သွားသလိုခံစားခဲ့ရတယ်” လို့ ပြောရင်း သူရေးတဲ့ စာအုပ်ကိစ္စရှင်းပြတယ်။

“ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုသန်းထွန်းတို့က ယေဘုယျမှန်ခဲ့ကြပြီး၊ ကျွန်တော်က ယေဘုယျ မှားခဲ့ ပါတယ်။ ကျွန်တော့်အမှားရဲ့ဒဏ် သူတို့အခံခဲ့ကြရဆုံးပါ။ ဒီသုံးယောက်ကို ကျွန်တော် တောင်းပန်ချင် တယ်။ သူတို့ မရှိကြတော့လို့ ဇနီးတွေကို တောင်းပန်ဖို့ပါ။ ဒါကြောင့် အခုကိုယ်တိုင်လာပြီး ဒေါ်ခင်ကြည် ကြည်ကို ကျွန်တော်တောင်းပန်တာပါ”လို့ သခင်စိုးက ဝမ်းပန်းတနည်းပြောရင်း မျက်လုံးတွေ မျက်ရည်စ စို့နေတယ်။

ဒေါ်ခင်ကြည်ကြည်က အိန္ဒြေဆည်ပြီး ဖြည်းဖြည်းချင်း “ဆရာကြီး၊ ကျွန်မဖြင့်ကြားရတာ မယုံနိုင်စရာပါ။ အခုသူသာ ရှိရင် ဘယ်လောက် ဝမ်းသာလိုက်မလဲ။ အချောင်သမားဆိုပြီး ဝိုင်းတိုက်လိုက်ကြတာ ကို သိန်းဖေ တစ်သက်လုံး ခံသွားခဲ့ရပါတယ်။ မသေခင် ဆောင်းပါးရေးခွင့်တွေ ပိတ်ခံရ၊ ကျွန်မတို့ အနှိမ်ခံ ခဲ့ကြရလို့ သူစိတ်ဆင်းရဲ
သေသွားရတာပါ” လို့ ပြန်ပြောပါတယ်။

သခင်စိုးပြောတဲ့စကားတွေကို တပည့်ဦးဝင်မောင်သန်းက အပြန်လမ်းမှာ စဉ်းစားပါတယ်။ ပုဂ္ဂိုလ်ကျော် သုံးဦးက
ယေဘုယျမှန်ခဲ့ပြီး သူကယေဘုယျမှားခဲ့တယ်ဆိုတာ သခင်စိုးဘယ်အကြောင်းရာကို ရည်ညွှန်း တာလဲ။ ယေဘုယျ မှန်တယ်၊ ယေဘုယျ မှားတယ်ဆိုတာ ဘယ်အကြောင်းရာကို ခြွင်းချက်ထားတာလဲ။ ဦးဝင်းမောင်သန်းက စဉ်းစားပြီး သုံးသပ်ထားပါတယ်။

အတိအကျဆိုရရင် သခင်စိုးဟာ “တိုင်းပြည်လွတ်လပ်ရေးရယူရေး၊ အရင်းရှင်ပါလီမန်စနစ် ထူထောင်ရေး” ဆိုတဲ့ အရေးတော်ကြီး နှစ်ဆင့်အပေါ် အမြင်ပြောင်းသွားတာပါ။ ဒုတိယကမ္ဘာစစ်ကြိုနဲ့စစ်ပြီး ပြည်တွင်းစစ်ကြီးတိုက်နေချိန် ထိ သခင်စိုးဟာ လီနင်၊ စတာလင်၊ မော်စီတုံးတို့ ဖွင့်ဆိုကျင့်သုံးခဲ့တဲ့ မက်စ်ဝါဒ ကိုယူခဲ့တာပါ။ ရာဇဝင်လမ်းကြောင်း မှားရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အသည်းအသန်ခံစား လာရချိန်မှာ တော့မက်စ်နဲ့အိန်ဂျယ်တို့ရဲ့ မူရင်းမက်စ်ဝါဒကို လက်ခံ လာတော့တယ်။ မူရင်းမက်စ်ဝါဒမှာက ရာဇဝင် လှုပ်ရှားပုံ အစဉ်သုံးရပ်ရယ်၊ အရင်းရှင်စနစ်ရဲ့ အပြုသဘောရယ်တို့ကို အလေးအနက် တင်ပြထားတယ် လို့ဆိုပါတယ်။

အဲဒီ အမြင်ပြောင်းလဲမှုကြောင့် သခင်စိုးကဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းနဲ့ သိန်းဖေမြင့်တို့ အပေါ် သဘောထားပါ ပြောင်းသွားပါတယ်။ ဦးသိန်းဖေမြင့်နဲ့ သခင်သန်းထွန်းတို့ အင်္ဂလိပ်နဲ့ စေ့စပ်၊ လွတ်လပ်ရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ရယူရေးလုပ်ငန်းစဉ်ကို ကျင့်သုံးတာကို “သပိတ်စုံသူပုန်ထ” လမ်းစဉ်ထူပြီး သခင်စိုးက
ပြည်တွင်းစစ်မီးကို စတင်မွှေးခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲကို ရခိုင်ပြည်နယ်မှာ ပြည်မထက်စော တိုက်ခဲ့တယ်။ ဒီနောက်မှ ဗကပက ပြည်တွင်းစစ်တိုက်ရေး လမ်းစဉ်နောက် လိုက်ခဲ့တယ်။

နောက်တော့ သခင်စိုးကသူ့အမှားတွေ သိလာတယ်။ မြန်မာနဲ့ ကမ္ဘာ့တခြား ခေတ်နောက်ကျတဲ့ နိုင်ငံတွေမှာပါ
မြေရှင်ပဒေသရာဇ်ခေတ်ဟောင်းကြီး ပြန်ဝင်နေတဲ့ ဖြစ်ရပ်ဆိုးကြီးက ထုထောင်းသင်ပေးလိုက် လို့သခင်စိုးမှာ အမြင်သစ် သဘောထားသစ်တွေ ဝင်လာတယ်။ ဒါနဲ့ သူက “လက်နက်ကိုင်တော်လှန်ရေး ဟာ အောင်မြင်
နိုင်ကြပါတယ်။ ဒီအောင်ပွဲထက် ရာဇဝင်လမ်းကြောင်းမှန်ပေါ် လျှောက်နိုင်ရေးက ပိုလို့ အရေးကြီးပါတယ်” လို့ဆိုပါတယ်။

(၄)

သခင်စိုးက ယေဘုယျမှားတယ်လို့ဆိုတော့ ခြွင်းချက်အဖြစ် မှန်ခဲ့တာလည်း ရှိပါတယ်။ ပထမခြွင်းချက်က သခင်စိုးက ဂျပန်မရောက်ခင်ကတည်းက “အင်းစိန်စစ်တမ်း”၊ “မြင်းခြံ စစ်တမ်း” တို့နဲ့ သဘောထား ဖြန့်ချိ ပြီး နိုင်ငံရေး
ခေါင်းဆောင် အဖြစ် ဖက်ဆစ်တော်လှန်ရေးကို ဆန့်ကျင်ခဲ့တယ်။ ဒုတိယ ခြွင်းချက်ကတော့ တစ်ပါတီ၊ တစ်စစ်တပ်၊ တစ်ဦးတည်းသော ပုဂ်္ဂိုလ်တို့ရဲ့ အာဏာသိမ်းပွဲတွေကို သူက တစ်သမတ်တည်း ဆန့်ကျင်လာခဲ့တယ်။ တတိယ ခြွင်းချက်ကတော့ မြန်မာ့ဆိုရှယ်လစ်၊ အာရပ်ဆိုရှယ်လစ်၊ တရုတ်ဆိုဗီယက် ဆိုရှယ်လစ်အားလုံးဟာ ပဒေသရာဇ် ဆိုရှယ်လစ်တွေချည်းပဲလို့ ယူဆလာပြီး သဘောတရားနဲ့ ဆန့်ကျင်လာခြင်းပါ။

နောက် သူက မက်စ်ဝါဒအမြင်ရဆိုရင် အာဏာသိမ်းတဲ့ နိုင်ငံရေးပြဿနာကို အပေါ်ယံနိုင်ငံရေးမှာ အဖြေရှာလို့ မရဘူး။ အခြေခံစီးပွားရေးမှာရှာမှ အဖြေမှန်ရနိုင်မယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်ခေတ်နောက်ကျ တိမ်ကောလာ တဲ့ မြေယာပဒေသရာဇ် လူ့ဆက်ဆံရေးဟောင်းဟာ တစ်ခေါင်းဆောင်၊ တစ်အုပ်စု၊ တစ်ပါတီ၊ တစ်စစ်တပ် အာဏာ သိမ်းအသွင်နဲ့ ခေတ်နောက်ကျ မြေယာစိုက်ပျိုးရေး လူ့အဖွဲ့အစည်းတွေမှာ ပြန်ပေါ်ပေါက်လာမှာ ဓမ္မတာပဲလို့ ပြော ပါတယ်။

အရှေ့တိုင်းရာဇဝင်ဟာ နှစ်ငါးထောင်လောက် ရပ်တန့်နေခဲ့တယ်။ ကုန်ထုတ်နည်းနာနဲ့ ကုန်လုပ်စွမ်းအားမှာ ဆန်းသစ်တီထွင်တာတွေ မရှိခဲ့ဘူး။ အရှေ့တိုင်း လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဖွဲ့စည်းပုံမှာ အာဏာရှင်တွေရဲ့
နိုင်ငံတော်မြေယာ ပစ္စည်းသာရှိခဲ့ပြီး၊ ပုဂ္ဂလိက လွတ်လပ်ခွင့် မရှိခဲ့ဘူး။ အရှေ့တိုင်းမှာ သွေးထွက်သံယို ပဋိပက္ခတွေ သာရှိခဲ့ပြီး ရာဇဝင်တက်လှမ်းစေမယ့် တော်လှန်ရေးတွေ မဖြစ်ပေါ်ခဲ့ဘူး။ ဒီတော့အရှေ့ တိုင်းလိုအပ်ချက်ဟာ ပုဂ္ဂလိက မြေယာပစ္စည်းပိုင်ဆိုင်ခွင့်သာ ဖြစ်တယ်လို့ သခင်စိုးက ကြည့်မြင်ပါတယ်။

နောက် သခင်စိုးနဲ့ အလံနီတွေ ပြောကြတဲ့ ဥပမာတစ်ခု ရှိတယ်။ ဥရောပနှိပ်ကွပ်တဲ့ အန္တရာယ်ကနေ လွတ်မြောက်
အောင် ကားလ်မတ်စ်က မိတ်ဆွေရင်း အိန်ဂျယ်ရှိရာ ဗြိတိန်ကို ထွက်ပြေးခဲ့ပါတယ်။ မတ်စ်က ဗြိတိသျှပါလီမန် စာကြည့်တိုက်မှာ ဆယ်နှစ်လေ့လာပြီး အရင်းကျမ်း ပြုစုခဲ့တယ်။ ဗြိတိန်က နေထိုုင် ခွင့်ပေးရုံမက မတ်စ်ဝါဒကိုပါ တိုးချဲ့ဆောင်ရွက်ခွင့် ပေးထားတယ်။ ဒါကြောင့် “ဗြိတိသျှဓနရှင်စနစ်သာ မရှိရင် မက်စ်ဝါဒကိုတောင် အမွေခံရမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

သခင်စိုးက ကွန်မြူနစ်ကြေညာစာတမ်း၊ အရင်းကျမ်းအတွဲ (၃) မြေငှားခ သဘောတရား အခန်း၊ ပြင်သစ် ပြည်တွင်း စစ်၊ တတိယ နပိုလီယံ အာဏာသိမ်းပွဲစတဲ့ စာအုပ်စာတမ်းတွေကို ကိုးကားပြီး တောတွင်းမှာလည်း စာတမ်းနှစ်စောင်
ရေးခဲ့ပါတယ်။ နောက် မြန်မာနဲ့ ကမ္ဘာမှာ အာဏာသိမ်းပွဲတွေ ဘာကြောင့် ဖြစ်ပေါ်ရသလဲဆိုတာကို အဲဒီဆောင်းပါး
နှစ်စောင်နဲ့ ရှင်းပြခဲ့တယ်။ သူ့ဘဝ၊ သူ့အရှက်၊ သူ့ဂုဏ်သိက္ခာ တို့ကို စွန့်လွှတ်ပြီး ဥပဒေဘောင်တွင်း ဝင်လာခဲ့တာ အဲဒီအမြင်သစ်တွေကို တင်ပြဖို့လို့ ပြောပါတယ်။

အလံနီကွန်မြူနစ်ပါတီဟာ ရေရှည် ပြည်တွင်းစစ်ကို တိုက်ခဲ့တယ်။ ဒါဟာ ဖဆပလ အစိုးရရဲ့ အရင်းရှင် ပါလီမန်စနစ် ကို ဆန့်ကျင်တိုက်ခဲ့တာ။ ခါးသီးနာကြည်းစရာတွေ ဖြစ်ခဲ့တယ်။

မဆလလမ်းစဉ်ပါတီအစိုးရရဲ့ ပဒေသရာဇ်ထုံးစဉ်လာကို အလံနီက ပဒေသရာဇ် ထုံးစဉ်လာနဲ့ပဲ ပြန်တိုက်ခဲ့တယ်။ မအောင်မြင်ဘဲ အလံနီကွန်မြူနစ်ပါတီ စစ်ရှုံးပါတီဘဝ ရောက်ခဲ့ရတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကို ကြည့်ရင်လည်း ၆၄ လမ်းစဉ်ကို ချမှတ်ခဲ့တယ်။ စစ်နို်ုင်ရေး အာဏာသိမ်းရေးလမ်းစဉ်
တွေပါ။ အာဏာနီ ထူထောင်ဖို့ နေဝင်းဒေါက်တိုင်တွေ ဖြုတ်ပစ်ရမယ်ဆိုပြီး ရပ်ရွာ လူကြီးတော် တော်များများကို
သေဒဏ်ပေး ရှင်းခဲ့တယ်။ ပါတီတွင်း မော်စီတုံး အတွေးအခေါ် တရုတ်မဟာယဉ်ကျေးမှု ပုံစံတူ ဘဝဟစ်တိုင် လှုပ်ရှားမှုနဲ့ အထူးပါတီဝင်သိမ်းပွဲတွေ စတင်ခဲ့တယ်။ ဒါတွေရဲ့ အထွတ်အထိပ် အဖြစ် ဖြုတ်ထုတ်သတ်ပွဲတွေ လုပ်ခဲ့တယ်။ မဆလလမ်းစဉ်ပါတီရဲ့ ပဒေသရာဇ် ထုံးတမ်းစဉ်လာကို ဗကပ ကပိုပြီး ကြမ်းတမ်း ခက်တရော်တဲ့ ပဒေသရာဇ်ထုံးစဉ်လာနဲ့ ပြန်တိုက်ခဲ့တယ်။ အကျိုးဆက်ကတော့ ရှုံးနိမ့်မှုပါပဲ။

ဒါကြောင့် သခင်စိုးက မြေရှင်ပဒေသရာဇ် ခေတ်ဟောင်းထုံးစဉ်လာကို အရင်းရှင်ထုံးစဉ် လာသစ်နဲ့သာ တိုက်လို့ ရတယ်လို့ အမြင်သစ်နဲ့တင်ပြဖို့ ကြိုးစားလာခဲ့တယ်။ အာဏာရ လမ်းစဉ်ပါတီရဲ့ ပဒေသရာဇ် ထုံးတမ်းစဉ်လာ
ဟောင်းကို အရင်းရှင်ပါလီမန် ဒီမိုကရေစီ ထုံးစဉ်လာသစ်နဲ့သာ တိုက်ခိုက်နိုင်တယ်လို့ ယူဆတယ်။ အလံနီဟာ စစ်ရှုံးပေမယ့် သဘောတရားရေး လမ်းမှန်ရောက်ဖို့ ဒီကျမ်းတွေရေးခဲ့တာ ဖြစ် တယ်လို့ ဦးဝင်းမောင်သန်းက သူ့အမှာစာမှာ ပြန်လည် တင်ပြထားပါတယ်။

(၅)

ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်ဦးလွင်ကဆင်းလာတဲ့ ဆရာဦးဝင်းမောင်သန်းကို သမိုင်းလမ်းဆုံဘက်မှာ ဦးအောင်မော်၊ ဦးမြင့်နိုင်၊ ရှုမဝ ဦးတင့်ဇော်တို့အုပ်စုနဲ့ လိုက်ပြီး သွားတွေ့ပါတယ်။ အသက် ၈ဝ ဆိုပေမယ့် ပိန်ပိန်ပါးပါးနဲ့ ကျန်းမာရေး အလွန်ကောင်းပါတယ်။ အနေအထိုင် အတော်ဂရုစိုက်ပုံပါ။ သူဘာသာ ပြန်ထားတဲ့ သခင်စိုးရဲ့ ကျမ်းအနှစ်ချုပ် လက်ရေးမူတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ လုပ်ဖို့ မလွယ်တဲ့ဟာ ပါ။ စာအုပ်အမြန်ထုတ်သင့်ကြောင်း၊ အင်္ဂလိပ်လိုပါ တွဲသင့်ကြောင်း ဝိုင်းဝန်းပြောမိပါတယ်။ နောက် ကျမ်း ရင်း သုံးတွဲကိုလည်း အင်္ဂလိပ်လို ထုတ်သင့်
ကြောင်း တိုက်တွန်းမိပါတယ်။ နောက် ဦးဝင်းမောင်သန်းက သခင်စိုးလုပ်ကိုင်ခဲ့ပုံတွေနဲ့ အယူအဆ ပြောင်းလဲခဲ့ပုံတွေ ကျွန်တော်တို့ကို အချိန်အတော်ကြာ ရှင်းပြပါတယ်။

ကျွန်တော်ကတော့ အလံနီလည်းမဟုတ်၊ ကွန်မြူနစ်လည်း မဟုတ်ပါ။ အဖေရဲ့ မိတ်ဆွေ နိုင်ငံရေးသမား၊ စာပေသမား
တွေကို လေးစားကြည်ညိုမိခြင်းသာပါ။ အရင်းရှင်ပါလီမန်စနစ်ကို တိုက်ခဲ့တာ မှားခဲ့ကြောင်း ဝန်ချရေးသားတဲ့ သခင်စိုးနဲ့ သူ့လူတွေကို ခေတ်ဆိုးစနစ်ဆိုးထဲ ဖြတ်နေရတဲ့ လူငယ် စာဖတ်သူ တစ် ယောက်အနေနဲ့ ကျွန်တော် သင်ခန်းစာအများကြီး ယူနေမိတာပါ။

နောက် သခင်စိုးရဲ့ အရင်းရှင်ပါလီမန် ထူထောင်လျှောက်လှမ်းပြီးမှ ဆိုရှယ်လစ်စနစ် သွားလို့ရမယ်ဆိုတဲ့ အယူအဆ က လက်ရှိ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ခ်လစ်တို့ ဆော်ဩချက်တွေနဲ့ တူနေ သလားလို့လည်း
တွေးနေမိတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အနောက်အရင်းရှင်စနစ် အကျပ်အတည်း ကြုံရပြီး နောက် ဆိုရှယ်လစ် ဆန်ဆန်တွေ ပြန်ပြောလာပါတယ်။ ဒါကြောင့် သခင်စိုးရဲ့ “ကမ္ဘာ့ စီးပွားရေး အကျပ် အတည်း ဖြေဖြတ်ရေး စံကျမ်း” မှာပြောတဲ့ ဆိုရှယ်လစ်သွားဖို့ အရင်းရှင်လမ်း အရင်လျှောက်ဆိုတာက စတစ်ခ်လစ်တို့ရဲ့ လက်ရှိအရင်းရှင်စနစ် လမ်းကြောင်းပြောင်းရေးနဲ့ တူနေသလားလို့။ အရင်းရှင် စနစ် ထူထောင်ပြီးတဲ့ အနောက်နိုင်ငံတွေ အခု ဆိုရှယ်လစ် လမ်းသစ်ကို ပြောလာတာမို့ သခင်စိုးကြီးကို တအံ့ တဩ ဖြစ်ရပါတယ်။

 

မှတ်ချက်။   ။ http://www.mizzimaburmese.com/edop/songpa/13494-2013-08-23-09-29-42.html မှတိုက်ရိုက်ကူးယူပါသည်။ ပို၍ပြန့်ပွားသိစေလို၍ဖြစ်ပါကြောင်း…။

25 comments

  • အရီးခင်

    August 28, 2013 at 2:26 pm

    သခင်သန်းထွန်း၏နောက်ဆုံးနေ့များ စာအုပ် ကို ငယ်ငယ်တုန်းက ဖတ်ခဲ့ပြီး ကွန်မြူနစ်စနစ် ကို လိုက်တဲ့ လူတွေ ဆို အရိုင်းတွေ လို့ စိတ်ထဲ မြင်ခဲ့ဘူးတယ်။
    အမှန်က စနစ် ဆိုတာ မရင့်ကျက် သေးတဲ့အချိန်မှာ လူတွေ ရဲ့ အသုံးချခံ ဖြစ်နေတာ အခုမှ ရိပ်မိတာ။

    • kai

      August 28, 2013 at 3:31 pm

      စနစ်ကြောင့်မဟုတ်.. :mrgreen:

  • ဦးကျောက်ခဲ

    August 28, 2013 at 2:49 pm

    ကောင်းလိုက်တဲ့စာ… စာအုပ်ထွက်ရင်ဝယ်ဖတ်ဦးမှ…
    ကွန်မြူနစ်ဝါဒကို အတော်လေး သဘောကျဖူးတယ်…
    နောက်ပိုင်းတော့ အိန်ဂျယ်လစ်ဇင်လို့ အမြင်ပြောင်းသွားလို့…

  • Inz@ghi

    August 28, 2013 at 2:52 pm

    ဒဲ့ပြောပါဗျ…ဟိုလူဂျီးဒွေ လည်း ဝန်ချတောင်းပန် ကျေအေး ခဝါချသင့်ဘာဘီလို့…။

    • မင်းခန့်ကျော်

      August 28, 2013 at 4:04 pm

      တောင်းပန်ရင်ကောကျေအေးကြနိုင်မလားပဲ။

      • kai

        August 28, 2013 at 4:13 pm

        မကျေအေးတော့ဘာလုပ်ကြမှာလည်းဟင်..
        စစ်တပ်အင်အား ၃သိန်းကျော်ပင်လယ်ထဲမောင်းချမှာလား…
        လူ၁သန်းကို.. ကွက်မျက်မှာလား..

        ခေတ်..စနစ်ထဲ.. ညှပ်ပါနေရတဲ့.. တမြေထဲနေ..တရေထဲသောက်.. ဧရာဝတီရဲ့သားတော်သမီးတော်.. လူသားများသာပါပဲ..။

        ဆိုတော့…
        တောင်းပန်တာကို.. မကျေအေးရင်.. သမိုင်းမှာ.. မကျေအေးသူအပြစ်ဖြစ်မယ်ဖြစ်ကြောင်း…
        တောင်းပန်သင့်တာကို.. မတောင်းပန်ရင်.. သမိုင်းမှာ မတောင်းပန်သူအမဲစက်ကျန်မယ်ဖြစ်ကြောင်း..

        အဲလို.. :kwi:

        • Zaw Thant

          August 29, 2013 at 10:36 am

          .. ဒီသဘောကိုကျွန်တော်လည်း ပြောဘူးတယ်.. ကိုယ့်အမအရင်းကတောင် လက်မခံဘူး.. 😀

        • garfield

          August 29, 2013 at 11:25 am

          ကဇော်သန့် ဒူ့ကို ပြောတာလည်းဟင်??? 😀

          စိတ်ရင်းအမှန်တွေ သိနေမှတော့ တောင်းပဲ တောင်းပန်ပါစေဦးလေ။
          လုပ်ခဲ့တာတွေက တောင်းပန်ရုံနဲ့ ကျေတယ်ဆိုလည်း တစ်မျိုးပေါ့။
          ကိုယ့် လူတွေ အကြောင်းကိုယ်သိလို့ အကွက်နင်းပြီး တောင်းပန်တာမျိုးကျတော့ ဘယ်နဲ့လုပ်ကြပါ့မတုန်းးးး။
          မတောင်းပန်ခင်ကိုက တို့လူလေးများက ကော်ဖီဆိုင်သွားအားပေးချင်ရတာနဲ့ မွင်းငါးရောင်းမှာလေး သနားရတာနဲ့ဆိုတော့ တောင်းပန်ဖို့ကို လိုမယ်မထင်ပါဘူးးး 😀

          မဟုတ်တဲ့ အညှိုးတွေကျ ကြီးပြီး နောက်ပြန်လှည့်ဖို့ကျ မမှတ်မရှိတဲ့ စိတ်တွေနဲ့ဆိုတော့ ဘာမှ ပြောတော့ပါဘူးနော့။

          နောက်ဆုံး ဘာမှလည်း တောင်းပန်မနေပါနဲ့တော့။
          ကိုယ် မစွမ်းဆောင်နိုင်တဲ့ နေရာလေးတွေ အသာတကြည်ဖယ်ပေးရင်၊
          တိုင်းပြည်မငြိမ်သက်မဲ့ အဓိကရုန်းတွေ လုပ်နေတာလေးတွေ ရပ်ပေးရင်ကို ကျေးဇူးတင်ရမဲ့ ဘဝတွေမို့ပါ။
          စားထားယူထားတာတွေကလည်း ဆွေမျိုး ရ စက် ဖူလုံပြီ ဆိုတော့လည်းလေ။ နော့။ 😀

        • Zaw Thant

          August 29, 2013 at 1:00 pm

          .. လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ တဖက်မှာလည်း တောင်းပန်ချင်တဲ့လူ၊ မတောင်းပန်ချင်တဲ့လူ၊ ဟန်ဆောင် တောင်းပန်မယ့်လူ၊ ဟန်ဆောင်တောင် မတောင်းပန်ချင်တဲ့လူ ဆိုတာမျိုးတွေ ရှိပြီး ကိုယ်ဖက်မှာလည်း တောင်းပန်ရင်စိတ်ပြေမယ့်လူ၊ တောင်းပန်မှ ပိုကဲပြမယ့်လူ၊ တောင်းပန်ပန် မပန်ပန် စိတ်ပြေမယ့်လူ စတာတွေ အမျိုးမျိုးနဲ့ ဆိုတော့ ဖြစ်နိုင်ခြေအမျိုးမျိုးရှိတာပေါ့လေ..

          .. ဒါပေမယ့် အဲ့ဒါတွေထက် လူမှန် စနစ်မှန် လမ်းကြောင်းမှန် တစ်ခုပေါ်ကို ရောက်ဖို့ အာရုံစိုက်တာ ပိုသင့်တော်မလားလို့ပါလေ..

        • Mahar Myanmar

          August 29, 2013 at 2:47 pm

          သမိုင်း က တော့
          မှတ်တမ်း တွေ ကို ရင်နာနာ နဲ့
          ပြုစု နေမှာ ပါ ဘဲ..
          နောင် ရာစု နှစ် နှစ်ခု စာ လောက် ဆို
          ဘယ်သူ က ဆိုး ဘယ်သူ က ကောင်း
          ပေါ်ထွက် လာကောင်း ပါ ရဲ့ ခင်ဗျာ..

    • garfield

      August 29, 2013 at 9:04 am

      တောင်းပန်ဖို့ နေနေသာသာ။
      အပြစ်တွေ သူတို့ အချင်းချင်း ဘောလီဘောပုတ်နေကြတာနဲ့ ခေါင်းရှောင်နေတာနဲ့။

      ကြည့်နေ။
      နာ တို့ ကိုက အာရုံပြောင်းခံရလွယ်တာနဲ့ ၂၀၁၅ မတိုင်ခင် လူတွေ တရားခံကို မေ့သွားကြလိမ့်မယ်။

      အလုပ်လုပ်တဲ့သူကို လက်ညှိုးထိုး အပြစ်ပြောလိမ့်မယ်။ 🙁

  • မင်းခန့်ကျော်

    August 28, 2013 at 4:56 pm

    good ပါပဲ သူကြီးရေ

  • San Hla Gyi

    August 28, 2013 at 8:40 pm

    အင်း အခုတော့လည်း ဒီလိုပဲ ပြောရတော့မှာပေါ့လေ။ အခု ပြောပုံအတိုင်းဆို ကွန်မြူနစ်စနစ်ကြီးက အရမ်း ကောင်းပါလျက်နဲ့ တကမ္ဘာလုံးက လိုက်နာကျင့်သုံးတဲ့ လူတွေက မကောင်းလို့ သမိုင်းမကောင်းလို့ ကျဆုံးသွားရတယ်လို့ နားလည်ရမလို ဖြစ်နေတယ်။ ပြီးတော့ ကျဆုံးသွားတာကလည်း တနေရာတည်း တနိုင်ငံတည်းမှာလည်း မဟုတ်ဘူး။ တော်တော်ကို ကံခေရှာတဲ့ ကွန်မြူနစ်စနစ် ကောင်းကြီးပဲနော်။ စနစ်ကြောင့်မဟုတ် လူကြောင့် ဆိုရင်တော့ တကမ္ဘာလုံးက ကွန်မြူနစ်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ လူတွေ အကုန်လုံး သောက်သုံးမကျတဲ့လူတွေ ဆိုတာ သေချာတယ်။ ဆယ်ခါပြန် သေသင့်တဲ့ လူတွေပဲ။ သူတို့ရဲ့ ဖောက်ပြန်မှုကို အရမ်းကောင်းလွန်းတဲ့ ကွန်မြူနစ်စနစ်ကြီးက ခါးစည်း ခံသွားရရှာတယ်။
    တကယ်တော့ သခင်စိုးရော သခင်သန်းထွန်းရောကို လေ့လာကြည့်ရင် တကယ်တော်တဲ့ လူတွေဆိုတာ ငြင်းစရာ မရှိပါဘူး။ စူးစူးစိုက်စိုက် လေ့လာမှု ဇွဲကောင်းမှုတို့လည်း စံနမူနာ ယူရမယ့် လူတွေပါပဲ။
    ဒါပေမယ့် ကွန်မြူနစ် အယူဝါဒဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာ မရှိဘူး။ တော်တော်ရင်းနှီးတဲ့ ပြည်ကြီးသား သူငယ်ချင်းက ပြောဖူးတယ်။ တကမ္ဘာလုံးမှာ ကွန်မြူနစ်စနစ်နဲ့ ချမ်းသာ တိုးတတ်လာတာ တရုတ်တနိုင်ငံတည်း ရှိသေးတယ်တဲ့။ ကိုယ်ကလည်း အလိုက်တသိနဲ့ ပြန်မေးလိုက်ပါတယ်။ ဟုတ်ရဲ့လား မင်းတို့နိုင်ငံက တကယ်ရော ကွန်မြူနစ် စီးပွားရေးစနစ်ကို ကျင့်သုံးတာလားဆိုတော့ စပ်ဖြဲဖြဲနဲ့ ဘာမှ ပြန်မပြောတော့ဘူး။ တကယ်က သူ့ခမျာ မအောင်မြင်ဘူးဆိုရင် သိက္ခာကျမှာစိုးလို့ နာမည်လေးကို မလွတ်တမ်း တပ်ထားရှာတာ။ တကယ်က နာမည်သက်သက်။
    ကိုယ့်ယုံကြည်ချက် အရတော့ အရင်းရှင်စနစ်ကို သွားပြီးသားလူဟာ ဘယ်တော့မှ ဆိုရှယ်လစ် ကွန်မြူနစ်စနစ်ကို ပြန်မလာတော့ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ အဲဒါက ဘာနဲ့တူလည်းဆိုတော့ အသားစား ကျားကြီးဟာ တဖြည်းဖြည်းနဲ့ အသီးအရွက်စားပြီး ဥပုသ်စောင့်လာလိမ့်မယ်။ နောက်ပိုင်းမှာ အလွန်သိမ်မွေ့တဲ့ ကျားကြီးဘဝကို ပြောင်းသွားလိမ့်မယ်လို့ ပြောနေသလိုပဲ။ နားထောင်လို့တော့ ကောင်းပါရဲ့။ ပုံလာလာ ပြောတိုင်းယုံပေါ့။

  • koyinmaung

    August 28, 2013 at 10:25 pm

    ( တောင်းပန်တာကို.. မကျေအေးရင်.. သမိုင်းမှာ.. မကျေအေးသူအပြစ်ဖြစ်မယ်ဖြစ်ကြောင်း…
    တောင်းပန်သင့်တာကို.. မတောင်းပန်ရင်.. သမိုင်းမှာ မတောင်းပန်သူအမဲစက်ကျန်မယ်ဖြစ်ကြောင်း..)
    ……တယ်ကောင်းတဲ့အယူအဆဘဲသဂျီးရေ……

  • kai

    August 29, 2013 at 12:49 am

    ဆရာတင်မိုးကဗျာ အမှတ်တရ ဖေါ်ပြလိုက်ကြောင်း…
    မည်သူ့ကိုမှ မရည်ရွယ်ပါ.။ တိုက်ဆိုင်သွားလျှင် ကိုယ့်ကိုယ်ကိုယ်ပြောခြင်းဖြစ်သည်.. :mrgreen:

    ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ
    (၁)
    ဒီလူကြီးတွေ…ဒီလူကြီးတွေ….
    သွားရေတွေ တများများ
    လူသားစား ကျားပါးစပ်နဲ့
    အရပ်မှာ “ဗျိုး” ဟစ်ပြီး
    “ကွန်မြူနစ်ဆန့်ကျင်ရေး” တဲ့
    အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့
    လုပ်စားပေါင်းများခဲ့ပြီ။

    (၂)
    ကွန်မြူနစ်တွေ ဆိုတာ
    ဘုရားမရှိ တရားမသိ
    အမှားအတိနဲ့
    အလကားငတိတွေ ထင်အောင်
    တွင်တွင်ကြီး ဝါဒဖြန့်
    ကွန်မြူနစ်တစ္ဆေနဲ့ လှန့်
    ရွာအနှံ့ ရပ်အနှံ့ မောင်းထု
    ပြည်သူကိုတော့ ထောင်းထုပြီး
    မကောင်းမှုမှာ သရဖူဆောင်း
    သူရဲကောင်းကြီး ဟန်ပန်လုပ်
    အာဏာကို အချောင်အုပ်ကြတယ်၊

    ပုပ်လိုက်တဲ့ သမိုင်း
    ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။

    (၃)
    ကွန်မြူနစ်ကို လက်ညှိုးထိုး
    ကိုယ်ကျိုးကို အရနှိုက်
    ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။

    လဲဗီးတဲ့….ပြူစောထီးတဲ့…
    လက်နက်မဲ့ ပြည်သူတွေကို
    ကူညီမလို အကြောင်းပြပြီး
    ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ
    မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။

    ကွန်မြူနစ် ရန်စွယ်ဟာ
    ဓမ္မ န္တရာယ် အစစ်ပါပဲလို့
    ကလိမ်ကညစ် နည်းထုံးတွေနဲ့
    ဖီးလုံးတွေလွှင့်ထုတ်
    စာအုပ် စာတမ်း ရေဒီယို
    ထိုထိုသော သတင်းစာတွေနဲ့
    အတင်းညာကာ ဝါဒဖြန့်
    ရွာလန့်အောင် လုပ်ကြတယ်။
    ရိုးသားတဲ့ ဗုဒ္ဓဘာသာ
    တို့မြန်မာလူထုရဲ့ စိတ်ထဲ
    ကွန်မြူနစ် သူရဲပုံပြင်တွေနဲ့
    ယုံထင်ကြောင်ထင် ဖြစ်အောင်
    သံကြောင်တွေ ဟစ်ကြတယ်
    တကယ်ညစ်တာက သူတို့….သူတို့။

    မသိဘူးလို့များမထင်နဲ့
    ပြည်သူတွေက “မြင်”ပါတယ်။
    ပြည်သူတွေက “လျင်”တယ်။

    (၄)
    မှန်တဲ့စကားတခွန်း
    တစွန်းတစ မဟလိုက်လေနဲ့
    ကွန်မြူနစ် တံဆိပ်ကပ်
    အရပ်နဲ့ လှည့်တိုက်မယ်။

    အခွင့်အရေး ဆိုစကား
    တပြားဘိုးမျှ မတောင်းလိုက်လေနဲ့
    ကွန်မြူနစ်တွေ သွေးထိုး
    သူပုန်မျိုး အဖျက်သမားတွေလို့
    မတရားစွပ်စွဲပြီး
    နည်းမျိုးစုံ ဖြိုခွဲပစ်မယ်။
    အမှန်ကို ချစ်တာနဲ့
    ကွန်မြူနစ် ဖြစ်ရရောလား။
    လူကြီးမင်းများ ခင်ဗျား….
    စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး။

    (၅)
    ကျောင်းသားတွေ မခံနိုင်လို့
    သံပြိုင်ဟစ် အုံကြွတော့လဲ
    သူပုန်ထမဲ့ ဗကပ တဲ့
    ဗကပ လှုံ့ ဆော်လို့
    ကြွေးကြော်သံ အနန္တနဲ့
    အလျှံထမတတ်
    ဆန္ဒပြကြတာတဲ့။
    ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး
    ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို
    မစိစစ် မဖွေရှာ
    အာဏာပြ ပါဝါပြပြီး
    အဓမ္မနှိမ်နင်း
    အပြစ်ကင်းတဲ့ ကလေးငယ်တွေကို
    ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ်။

    ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ
    အတန်တန် သွေးစွန်းခဲ့ရတယ်။

    လွတ်လပ်ရေး ရပြီးကထဲက
    တကသ ဗကသ
    ကျောင်းသားသမဂ္ဂတွေကို
    ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့
    ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့
    ပစ်ခတ် သတ်ဖြတ်ခဲ့တာ
    မှတ်တိုင်ကြီးတတိုင်
    ဇူလိုင် ရ ရက် သက်သေပါ။
    တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့
    ဟာသ ရသတောင်မြောက်ကုန်ပြီ
    ဗကပတစ္ဆေ ခြောက်တုန်းပါကလား။

    (၆)
    အမှန်တကယ်အဖြစ်က
    ပြည်တွင်းစစ်နဲ့ စားသာနေတာ
    အာဏာလက်ရှိ လူတစုပါ။
    ပြည်တွင်းစစ်ကို လက်ညှိုးညွှန်
    ကွန်မြူနစ်ကို အပြစ်ပုံချ
    ရသမျှအခွင့်အရေး အိပ်ထဲပိုက်
    နှိုက်ချင်တိုင်း နှိုက်
    ပိုက်ချင်တိုင်း ပိုက်
    မိုက်ချင်တိုင်း မိုက်
    ရိုက်ချင်တိုင်းရိုက်
    ရွှေစိတ်တော်အကြိုက်ပ၊
    မြို့ ရွာတွေ မီးတိုက်လိုတိုက်
    ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး
    အမျိုးသမီးတွေ ယူလိုယူ
    ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ
    အိမ်တွေရ တံဆိပ်တွေရ
    ဧရာမ သူရဲကောင်းလို့
    အကြောင်းပြလို့လဲကောင်းသေး
    ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့
    ဝိုင်းအုပ် ဝိုင်းတုတ်လိုက်ကြတာ
    အလုပ်ကိုဖြစ်လို့၊
    တကယ့် မျိုးချစ်ပုဂ္ဂိုလ်တွေ ပါလားနော်။

    (၇)
    ဒီလူတွေနဲ့ ငြိမ်းချမ်းရေး
    ဘယ့်နှယ်လုပ် ဆွေးနွေးကြမလဲ
    ငြိမ်းချမ်းရေး အသံကြားရင်
    နားဝမှာ ခါးနေတဲ့လူတွေ
    စစ်ရှိမှ ကြီးပွါး
    စစ်နဲ့ဘဲ လုပ်စားနေကြတာ
    စစ်အား မကောင်းရင်
    ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး။
    စစ်အလုပ် ကင်းဝေးမဲ့
    ငြိမ်းချမ်းရေး ကိစ္စကိုများ
    တရားသဘောနဲ့
    အလကား ဟောမနေနဲ့
    မောရုံသာ အဖတ်တင်မယ်
    “ဝတ္ထုနိပါတ် ပိဋကတ်”ကို
    လျှာပြတ်အောင် ဟောသော်လဲ
    ဟောရင်းသာ ပျံတော်မူရမယ်
    “ဆန်ဖြူဖြူတခွက်မျှ ထွက်နိုင်ပုံမရ” ဆိုတဲ့၊
    ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား။

    (၈)
    ဒီလိုနဲ့ပဲ
    တို့လူထုမှာတော့
    ပူမှုတွေဖုံး
    အပူလုံးတွေကြွ ယူကျုံးမရ
    ပြည်တွင်းစစ်ဒုက္ခနဲ့
    ပြေးရ လွှားရ ပုန်းရ အောင်းရ
    ဘဝတွေ ပျက်ခဲ့ပြီ။
    လက်နက်တွေ တလကြမ်းနဲ့မို့
    အမျိုးသားပန်းမှ ပွင့်နိုင်ပါအုံးမလား။
    တနိုင်ငံလုံး ပြာပုံပေါက်
    တည်ဆောက်လို့မှ ရနိုင်ပါအုံးမလား။
    စစ်မီးတွေ တလောင်တည်းလောင်
    ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ
    ပြောင်ခဲ့ပြီလေ။

    (၉)
    ဒီလို ဒီလိုနဲ့
    ဒီမိုကရေစီ ပြုတ်ကျ
    စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့
    မဆလတွေ မင်းမူခဲ့
    တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့
    တဖွဖွ စွပ်စွဲရင်း
    ဖွတ်မွဲစာရင်း တို့တတွေ ရောက်ကုန်ပြီ၊
    မှိုလိုပေါက်လာတဲ့ မဆလဗဟိုကော်မတီ
    ဘာကောင်စီ ညာကောင်စီ
    အလံနီ အလံဖြူ လက်နက်ချနဲ့
    မဆလ စစ်ဗိုလ်ကြီးတွေဟာ
    တသီးတသန့် အခန့်စားစံရာ
    ပါရမီ ငွေကြာရံ
    ရန်ကင်း ကမ္ဗောဇ ဗိုလ်ချုပ်ရွာတွေမှာ
    တိုက်တာကြီးတွေ ဟိန်းထ
    ပစ္စည်းတွေက သိန်းမက
    ဘိန်းချသလား အောက်မေ့လောက်အောင်
    ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ်။

    ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့
    စားဦး စားဖျားတွေ ဝေစားခဲ့ကြတယ်။

    မဆလက မွေးဖွားတဲ့ လူတန်းစားတရပ်
    မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်

    အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်
    အရက်တငုံ ကျိုက်ပြီး လွှတ်တော်ဝင်
    မဆလလမ်းစဉ် အောင်ရမယ်လို့
    မယုံကြည်ပဲ ကြွေးကြော်ပြီး
    အရေးပေါ် ဆိုရှယ်လစ်တွေက
    စခန်းသစ် ဖွင့်ခဲ့ကြတယ်။
    မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ။

    (၁၀)
    ခုအခါ လူထုကနာပြီမို့
    တပါတီစနစ် ဖြုတ်ချ၊ ဒီမိုကရေစီ အများဆန္ဒနဲ့
    အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့
    ဆူပူရေးသမား ဗကပများ တဲ့။
    လုပ်စားနေတဲ့ လူကြီးများက
    ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး
    လူထုလုပ်ရပ် သေးသိမ်အောင်
    ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ။

    ပြည်ထောင်စု ပြိုကွဲပြီး
    ဖရိုဖရဲ မဖြစ်အောင်တဲ့။
    မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့
    စကားကို တရားလုပ်
    လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း
    အပ်သွားကြောင်းထပ်ပြီး
    အဓမ္မပါးစပ်နဲ့
    ကျားကျား မီးယပ်လုပ်ကြပြန်ပြီ။
    ကျောင်းသားနဲ့ ပြည်သူ
    ဆူပူအောင်လုပ်တာ ဗကပ လို့တမျိုး
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း
    ကွန်မြူနစ်တွေ စီးနင်းလေဟန်
    သတင်းတွေ ချဲ့ ကား
    အတင်းလိမ်လည် လှည့်စားလို့တမျိုး
    မဟားဒယား ကြံစည်ပြီး
    ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ။

    (၁၁)
    ခုတော့
    သမိုင်းကသိ လူကမိပြီ
    လူကြီးမင်းတို့ လက်ရာ
    ညာလို့ မရတော့ဘူး
    နိုးကြားတဲ့ ပြည်သူတွေမို့
    အထူ အပိန်းတွေ မထင်ကြနဲ့တော့
    ပါးစပ်ဟ လိုက်တိုင်း
    အူမကို အတိုင်းသားပါပဲ။
    လူကြီးမင်းတို့ ဖော်နည်းကားတွေ
    ခေတ်မစားတော့ဘူး
    ခေတ်နောက်ကျ သွားပါပြီ။
    “ပြည်သူတွေဟာ ဗကပ မဟုတ်”
    ဗကပ နဲ့လှန့်တိုင်း
    လန့်လိမ့်မည်မဟုတ်။
    နိုင်ငံရေး အခြေအနေ
    ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါးကို
    ပိုင်းခြားလို့ သိနေပြီ။
    ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့
    တသက်လုံး လုပ်စားဖို့ကြံရင်
    ပန်လန်လက်
    ပက်လက်လန် မည်သာမှတ်ပေရော့။
    ပါးစပ်က ဘုရား ဘုရား
    လက်က ကားယားကားယားနဲ့
    စားဖား လူကြီးမင်းများ ခင်ဗျား…………။ ။

    တင်မိုး

  • မင်းခန့်ကျော်

    August 29, 2013 at 9:29 am

    နေပြည်တော်ကိုချီတက်၍တောင်းပန်ပွဲကျင်းပခိုင်ရင်

    ဘယ်သူလိုက်မလဲဟေ့ :mrgreen:

    u San Hla Gyi ပြောတာ သဘောကျ မိတယ်။

    စနစ်ကိုက စိတ်ကူးယဉ်ဆန်လွန်းတာကိုး။

    လက်တွေ့ လူတွေရဲ့ သဘောကိုမဆောင်ပဲ စနစ်ကိုဆောင်တာကိုး။

    လူတွေကတော်လွန်းပြီး တော်လွန်းတော့ လူ့ဘောင်အဖွဲ့အစည်း

    ကနေတောင်ကျော်သွားရတာကိုး။

    တရုတ်ကျတော့ သူကြီးနဲ့ ဇော်သန့် ပြောသလို

    အလယ်ဘက် အချိန်မှီရွှေ့နိုင်ခဲ့လို့

    ဒီနေ့ထိ ပြောစရာကျန်ခဲ့တယ်ထင်ပါတယ်။

    ဆိုဗီယက်ကိုနမူနာယူနိုင်ခဲ့ပုံရတယ်ထင်ပါတယ်။

    • San Hla Gyi

      August 29, 2013 at 8:48 pm

      ကိုမင်းခန့်ကျော်ရေ
      ခင်ဗျားက ကျနော်ပြောတာ သဘောကျတယ် ဆိုလို့တော့ ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေမယ့် ခင်ဗျားအောက်မှာ ဆက်ရေးထားတာကတော့ ကျနော့် ဆိုလိုရင်း မဟုတ်လို့ တော်ကြာ နားလည်မှု လွဲမှာစိုးလို့ ထပ်ရေးပါရစေ။ ဘာလို့လည်း ဆိုတော့ ခင်ဗျားက ကွန်မြူနစ်စနစ်ဟာ စိတ်ကူးယာဉ် ဆန်တယ်လို့ ရေးလိုက်လို့ပါ။
      တကယ်တော့ ကွန်မြူနစ်စနစ်တို့ သဘောတရားတို့ဟာ လုံးဝ စိတ်ကူးယာဉ် မဆန်ဘူးဗျ။ စိတ်ကူးယာဉ် မဆန်ဆုံးလူတွေဟာ ကျနော့်စိတ်ထင် အဲဒီလူတွေပဲ။ စိတ်ကူးယာဉ်တယ် ဆိုတာက ဘာမှ မလုပ်ပဲ အစီအစဉ် မရှိပဲ တွေးပြီး လေထဲ တိုက်အိမ်ဆောက်တာမျိုး။ နောက်ပြီး အဲဒီခေတ်က အတိုးတတ်ဆုံး လူငယ်တိုင်းရဲ့ အကြိုက်ဆုံးဝါဒ တခုဖြစ်ခဲ့တယ်ဗျ။ သခင်စိုးတို့ သခင်သန်းထွန်းတို့ဟာ မဖြစ်နိုင်တာတွေကို စိတ်ကူးပြီး နေတတ်တဲ့ လူတွေ မဟုတ်ဘူး။ သူတို့ ဘာလို့ ဒီဝါဒကို အသည်းစွဲ ဖြစ်ခဲ့တာလည်း သိလား။ သိပ်ပြီး လက်တွေ့ဆန်နေခဲ့လို့ပဲ။
      တခုတော့ရှိတယ်။ ကျနော့် အမြင်ပေါ့လေ။ ကွန်မြူနစ် သဘောတရားဟာ စိတ်ကူးယာဉ် မဆန်ပေမဲ့ သိပ်လက်တွေ့ဆန်ပြီး ယုံကြည်ချက် သိပ်မြင့်မားလွန်းတယ်ဗျ။ သူတို့ သဘောတရားက အလုပ်လုပ်ရင် စီမံကိန်းတွေ ဘာတွေနဲ့ target ထားပြီး သေသေချာချာ လုပ်တယ်။ ဟောဒီမှာ ပန်းတိုင် ဟောဒီမှာ နည်းလမ်း လုပ်ပေတော့ ဖြစ်ကိုဖြစ်ရမယ် ဆိုပါတော့။ အဲဒီမှာတင် အတိုးတတ်ဆုံး လူငယ်တွေရဲ့ အကြိုက်ဆုံးဝါဒ ဖြစ်သွားတော့တာပဲ။ လူတန်းစားကိုလည်း ဆင်းရဲချမ်းသာ မကွဲပြားပဲ တညီတည်းဖြစ်ပြီး အားလုံး လောကနိဗ္ဗာန် ရောက်စေရမယ်ပေါ့။ ဘာလည်း မယုံဘူးလား ဟောဒီမှာ နည်းလမ်း စီမံကိန်း ဘာလို့မဖြစ်ရမှာလည်း တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆိုတဲ့လူတွေဗျ။
      တကယ်တော့ လောကမှာ လူတွေကို ဆင်းရဲချမ်းသာ မရှိပဲ အားလုံး တပြေးညီ လောကနိဗ္ဗာန် ရောက်ရမယ်ဆိုတာ ဖြစ်မှ မဖြစ်နိုင်ပဲဗျာ။ ဗုဒ္ဓဝါဒ အရလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ချမ်းသာတဲ့ အရေအတွက် များအောင် ဆင်းရဲသူနည်းအောင် ဆိုရင်တော့ အတိုင်းအတာ တခုအထိ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် သူတို့ကိုတော့ သွားပြောလို့ မရဘူးဗျ။ ကွန်မြူနစ်တယောက်ကို အတိတ်ကံတို့ ရှေးဘဝတို့ သွားပြောရင် ခွက်ထိုးခွက်လန် ရယ်ပြီး ကျုပ်မက်တဲ့ အကောင်းဆုံး အိပ်မက်ကလေးလိုပဲလို့တောင် ပြန်ပြောလိုက်လိမ့်မယ်။ တကယ်တော့ ကွန်မြူနစ်တွေဟာလည်း ပစ္စုပ္ပန်ဝါဒီတွေပဲ။
      ကွန်မြူနစ် သဘောတရားဟာ စိတ်ကူးယာဉ်ရမှာ ကြောက်လို့ သူတို့က နာမ်ပိုင်း ဆိုတာကိုတောင် လုံးဝ မစဉ်းစားဘူး။ အတိတ်ကံတို့ ရှေးဘဝတို့ နောက်ဘဝတို့ မိဘကျေးဇူးတို့ ဆိုတာ အလကား လူတွေက စိတ်ကူးယာဉ်ပြီး ကိုယ်သိတာထက် ပိုပြောတာတွေလို့ ခံယူခဲ့တာပဲ။ သူတို့ဘက်က ကြည့်တော့လည်း ဟုတ်သလိုလိုဗျ။ သဘောတရားလည်း ရှိပြီး နည်းလမ်းတွေ စီမံကိန်းတွေလည်း ရှိတယ် တကယ်လုပ်ချင်စိတ်လည်းရှိတယ် မရှိလည်း လူတွေကို အတင်းလုပ်ချင်စိတ် ရှိအောင် လုပ်ရမယ်ဆိုတော့ ဘာလို့ မဖြစ်ရမှာလဲပေါ့။
      အခု ဒီနေ့ သူတို့ သဘောတရားကြီး တကယ် ဖြစ်သွားတာတော့ အားလုံး မြင်တော်မူတဲ့ အတိုင်းပါပဲပေါ့ဗျာ။ အဲဒါ ကျနော့် အမြင်တော့ သူတို့ ကျဆုံးရတဲ့ ပထမအကြောင်းပဲ။
      နောက်ပြီး သူတို့က နာမ်ပိုင်းကို လက်လွှတ်တဲ့ လူတွေဆိုတော့ သူတို့ရဲ့ သဘောတရားကို ဒေါသစိတ် အပေါ်မှာ အခြေခံထားတယ်လေ။ ဆင်းရဲတဲ့ လူတွေကို ချမ်းသာအောင်လုပ်ဖို့ ချမ်းသာသူတွေကို မုန်းတီးအောင် စိတ်ကို အခြေခံထားလိုက်တယ်။ ပစ္စည်းမဲ့ဒေါသ ဆိုပြီးတောင် လုပ်လိုက်သေးတယ်။ အဲဒီတော့ ဒေါသအပေါ်မှာ အခြေခံထားမှတော့ ကျဆုံးရတော့တာပေါ့။ ဘာလို့လည်းဆိုတော့ ဒါတဦးချင်း ကိစ္စမဟုတ်ဘူး။ လူ့ဘောင်တခုလုံး သာယာဖို့စနစ်ကို ဒေါသအပေါ်မှာ အခြေခံထားမှတော့ မအောင်မြင်နိုင်တော့ဘူး။ နောက်ပိုင်း သူတို့ရဲ့ ကမ္ဘာအနှံ့က ရက်စက်မှုတွေဟာ ဒီဒေါသကို အခြေခံလို့ ပေါ်လာခဲ့တာချည်းပဲ။ ဒါသူတို့ ကျဆုံးတဲ့ နောက်တကြောင်းပဲ။ ဒါကတော့ ကျနော်က ဘာထရန်ရပ်ဆယ် သုံးသပ်တာကို ပြန်ရေးတာ။ ပထမအကြောင်းကတော့ ကျနော့် အမြင်သက်သက်ပဲ။
      နောက်ပြီး ကွန်မြူနစ်စနစ်ပဲဆိုဆို သဘောတရားလို့ပဲ ပြောပြော အဲဒီအရာကြီးဟာ ကမ္ဘာ့ဘာသာတရား အားလုံးကို ချေမှုန်းပြီး သူကိုယ်တိုင် အကိုးကွယ်ခံရအောင် လုပ်ခဲ့တာဗျ။ အဲဒီမှာလည်း သွားတော့တာပဲ။ အခုပြောတာ ကွန်မြူနစ်စစ်စစ် တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိထဲက အတိုင်းပဲနော်။ ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်တော့ ဗိုလ်ကျော်ဇောက ကွန်မြူနစ် မဖြစ်သေးဘူး။ ဗိုလ်ရန်အောင်ကတော့ တကယ့် ကွန်မြူနစ် ဖြစ်နေပြီ။ အဲဒါ ညဘက် ဗိုလ်ကျော်ဇောက ဗုဒ္ဓကို မှန်းပြီး ကန်တော့တဲ့ အခါဆို ဦးချပြီး ခေါင်းမော့လိုက်တာနဲ့ ရှေ့မှာ ဗိုလ်ရန်အောင်က ဘုရားနေရာမှာ မိန့်မိန့်ကြီးနဲ့ ပြုံးပြုံးကြီး ထိုင်နေဆိုပဲ။မလုပ်ကောင်းဘူးလို့ ပြောလည်း ဗိုလ်ရန်အောင်က တဟားဟား ရယ်တယ်ဆိုပဲ။ နောက်တော့ သူ့ကို သခင်ဗဟိန်းဆီမှာ ကွန်မြူနစ်သင်တန်း အတင်းတတ်ခိုင်းဆိုပဲ။
      ဗိုလ်ရန်အောင်ရဲ့ ဆုံးဖြတ်ချက်က ငါ့ဘဝမှာ သေသည်အထိ ကွန်မြူနစ်ပါတီနဲ့ သဘောတရားကို ဖက်တွယ်ပြီး အသေခံပါတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဗျ။ နောက်ဆုံးတော့လည်း သူ့ခမျာ သူ့ရည်ရွယ်ချက် ပြည့်ဝသွားရှာပါတယ်။ တောထဲမှာပဲ သားက ပြန်သတ်လိုက်တယ်လေ။ ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ပေါ့။
      တရုတ်ကတော့ ကံကောင်းစွာနဲ့ တိန့်ရှောင်ဖိန် တော်လွန်းလို့ပေပဲ။ မော်စီတုန်းသေပြီး သူ့မိန်းမနဲ့ လေးဦးဂိုဏ်း အာဏာရလာရင် ဆင်းရဲ စုတ်ပြတ်နေမှာပဲ။
      ကြုံလို့ တခုပြောလိုက်မယ်။ ဒါကလည်း နဂိုကတည်းက ကျနော် စဉ်းစားမိတာတော့ ကြာပါပြီ။ အခုမှ ကြုံလာလို့ပါ။ မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်သွားလျှင်တော့ တိုက်ဆိုင်မှုလို့သာ သဘောထားလိုက်ပါပေါ့ဗျာ။
      ဒီရွာထဲမှာ ဟိုတုန်းက အတော်ခေတ်စားတဲ့ ပစ်စုတ်ပန် မိုးပြားဂိုဏ်းရဲ့ အယူအဆတွေဟာ တချို့ဟာတွေ ကွန်မြူနစ်ဝါဒနဲ့ တော်တော်တူတယ်ဗျ။ ဒါပေမယ့် သူတို့ကတော့ မြတ်စွာဘုရားကို ရှင်ကြီးဂေါတမလို့တော့ ဗြောင်မခေါ်ရဲသေးဘူး။ ဘာလို့လည်းဆိုတော့ သူတို့က နိုင်ငံရေး အယူဝါဒ မဟုတ်ဘူး ဘာသာရေး အရေခြုံဆိုတော့ ဗုဒ္ဓရဲ့ နာမည်ကို သုံးဖို့လိုတာကိုး။ ဒါပေမယ့် သူတို့ ခေါ်တော့ ခေါ်ချင်တယ်။ မရဲသေးတာပဲ။ အဲဒီ သူတို့ရဲ့ ဝါဒဆိုရင် ကွန်မြူနစ် အတွေးအခေါ်တချို့ရယ် သာသနာတော်နှစ် တထောင်ကျော်လောက်မှာ ပေါ်ခဲ့ဖူးတဲ့ ထေရဝါဒကနေ လမ်းခွဲသွားတဲ့ ဂိုဏ်းတချို့ရဲ့ အတွေးအခေါ်တွေကို စရေနည်ပြီး ခေတ်စကားနဲ့ ပြန်ရေးထားတာတွေပဲ။ အဲဒါကို သူတို့ဆရာ ဦးညာနက မိုးပြာဝါဒဆိုပြီး ထွင်လိုက်တာ။ ဘာမှတော့ သိပ်ထူးဆန်းတာ မပါပါဘူး။ အဲဒီဝါဒက တိတ္ထိဆရာကြီး ခြောက်ယောက်ထဲက အဇိတကေသကဗ္ဗလ ဆရာကြီးရဲ့ ဝါဒနဲ့လည်း တူတယ်။

      • kai

        August 30, 2013 at 6:12 am

        *နယ်ချဲ့စနစ်ဟာ ဒီနေ့ခေတ်မှာ လွန်ခဲ့တဲ့နှစ်၁၀ဝကျော်တုန်းက အရင်းရှင် စနစ်လို ပြင် သစ် တော်လှန်ရေးကြီးပြီးတဲ့အခါမှာ ဖြစ်ပေါ်ခဲ့တဲ့ အရင်းရှင် စနစ် စတင် အ ခြေ ခံပြီး ကားလ်မာ့က်ရေးထားတဲ့စာအရဆိုရင်တော့ ဖူးပွင့်စအရင်းရှင် စနစ်ကြောင့် စစ်တွေဖြစ်ခဲ့ရတယ်။ နယ်ချဲ့ဝါဒလို့ခေါ်တဲ့ တခြား နိုင် ငံတွေကိုသွားပြီး သိမ်းပိုက်ခဲ့တဲ့ အရင်းရှင် စနစ်မျိုးတွေ ရှိခဲ့ပါတယ်။ ဒီနေ့တော့ အဲဒီလို ဂန္တဝင် နယ်ချဲ့စနစ် မရှိတော့ဘူးလို့ ကျနော်ပြောချင် ပါတယ်။ အဲဒီတုန်းက တော့ နယ်ချဲ့စနစ်ကြောင့် ကွန်မြူနစ် လှုပ် ရှား မှုဆိုတာ ပေါ်ခဲ့ပါတယ်။ အဲဒီလို ပေါ်ခဲ့ပြီးနောက် ၁၉၉၁မှာ ဆိုဗီယက်ပြည်ထောင် စု စနစ်ကြီး ပြိုလဲကျသွားပြီး မရှိတော့ဘူးလို့ တချို့သော သမိုင်းသုတေသီတို့က ဆိုခဲ့ကြပါတယ်။ အဲဒါကို ဘယ်လိုပြောကြသလဲဆိုတော့ သမိုင်းခေတ်ကုန်ဆုံးပြီ သမိုင်းဆုံးသွားပြီလို့ ရေးကြတယ်။ ကျနော် က တော့ အဲဒီလို မယူဆပါဘူး။ နောက်မျိုးဆက်တွေရှိပါတယ်။ နောက်မျိုးဆက်တွေက ဆက်လုပ်ကြတဲ့အခါမှာ အရင် တုန်းကလို တစ်ပါတီအာဏာရှင် စနစ်မျိုးနဲ့ မဟုတ်ဘဲနဲ့ ဒီ မို က ရေ စီ စနစ်၊ ဒါတော့ ဒီနေ့စကားဖြစ်မှာပေါ့။ ဗမာလို ပြောရရင်တော့ ပြည်သူ့ဘုံဝါဒစနစ် ပေါ့ဗျာ။ အဲဒီ ကွန်မြူနစ်စနစ်ကိုလည်း ကျဆုံးတယ်လို့ ကျနော်မယူဆဘူး။ နောက်ခေတ် နောက်ခေတ်မျိုးဆက်တွေက ဆက်လက်ဆောင်ရွက်ဆဲပဲလို့ ကျနော်ယူဆပါတယ်။ အဲဒီနည်း က တော့ လက်နက်ကိုင် တဲ့နည်း ဟုတ်ချင် မှဟုတ်မယ်။ ငြိမ်းချမ်းတဲ့နည်း။ ကျနော်တို့ ကျောင်းသားဘဝက ၁၃၀ဝပြည့် အ ရေး တော် ပုံ အ တွေ့အကြုံအရဆိုရင် ငြိမ်းချမ်းတဲ့နည်း အကြမ်းမဖက်တဲ့နည်းနဲ့ပဲ အရင်းရှင် အစိုးရလို့ခေါ်တဲ့ နယ်ချဲ့အစိုးရကို ဆန့်ကျင် ခဲ့လို့ အောင်မြင် တာလို့ပဲ ကျနော်ယူဆပါတယ်။ အခုမျိုးဆက်တွေ က တော့ ကျနော့်အထင်ပေါ့ဗျာ၊ သ ဘော တူ သူလည်း ရှိကောင်းရှိနိုင် မယ်။ မတူသူလည်း ရှိချင် ရှိနိုင် မယ်။ အဲဒါက ဒီ မို က ရေ စီ ကွန် မြူ နစ် စနစ်လို့ ကျနော်ပြောချင် ပါတယ် ။
        *** ၂၆ ဇန်နဝါရီ ၂၀၀ရ ည နေ ၄း၃ဝ (စိမ်းလန်းစိုပြေ) တော်ဘုရားလေး စာပေဆုပေးပွဲတွင် ပြောကြားသော ဆရာဒဂုန်တာရာရဲ့ အဖွင့် အမှာ စကား……

  • Wow

    August 29, 2013 at 9:53 am

    ငယ်ငယ်ကတည်းက အဖိုးက စွယ်စုံကျမ်းကစပြီး စာအုပ်တွေစုတော့ မှတ်မိသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ်တို့ သခင်သန်းထွန်း၏နောက်ဆုံးနေ့များတို့ (အထူကြီးနှစ်အုတ်တွဲ) ဖတ်ပြီး တောတွင်းက ဘဝဟစ်တိုင်တွေ၊ သားအရင်းက အဖေကို ဝါးရင်းဒုတ်နဲ့ရိုက်သတ်တာတွေ ဖတ်ပြီး တော်တော် အံ့ဩခဲ့ဘူးတယ်။

    ဒီနေ့ ဒီအချိန်ပြန်စဉ်းစားလိုက်တော့ အဲဒီတုံးကလူတွေက တဇောက်ကန်းလုပ်ရင်သာလုပ်မယ် စိတ်ဓာတ်တွေ တော့ဒီနေ့ လောက်မပျက်စီးခဲ့ကြဘူးလားလို့…

    အယူအဆမတူလို့သာ ရန်သူဖြစ်ခဲ့ကြပေမဲ့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ခဲ့တဲ့ လူငယ်တွေ ….

    အင်္ဂလိပ်အစိုးရက နဝတအစိုးရလောက် လူတွေစိတ်ဓာတ်ကို ရေရှည်စီမံကိန်းနဲ့ မဖျက်စီးခဲ့လို့ဖြစ်မယ်

  • Zaw Thant

    August 29, 2013 at 10:27 am

    .. ကောင်းတယ် သူကြီးရေ.. ဒါမျိုးလေးတွေ တွေ့ရင် နောက်လဲ ရှဲ ပေးပါဦး.. အရင်းရှင် စနစ်ဖွံဖြိုးပြီးမှ တည်ထောင်ရမယ့် ဆိုရှယ်လစ်စနစ်ဆိုတော့ Scandinavia နိုင်ငံတွေ ဖြစ်တဲ့ နော်ဝေ၊ ဆွီဒင် နိုင်ငံ တွေကို ပြေးမြင်မိတယ်ဗျ.. နိုင်ငံရေးသီအိုရီ အရ သဘောတရားခြင်းတူ မတူ မသိပေမယ့် အဲ့ဒီ နိုင်ငံတွေလည်း ဒီသဘောမျိုးနဲ့ သွားခဲ့ကြတာလားလို့ တွေးမိတယ်..

  • ဦးဦးပါလေရာ

    August 29, 2013 at 3:32 pm

    အင်မတန်မှ မအားနိုင်တဲ့အချိန်မျိုးမှပဲ
    ဒီပိုစ့်မျိုး တင်လိုက်သကိုး….

    ကျေနပ်လောက်အောင် မဆွေးနွေးနိုင်တော့ပေမယ့်
    စိတ်ထဲရှိတာလေးနဲနဲတော့ ဝင်ပြောသွားဦးမယ်….။

    ကွန်မြူနစ်စံနစ် ဆိုတာ …… ၊
    အဲ .. အဲသမှာ စ မှား တော့တာပဲ…
    ကွန်မြူနစ်စံနစ်ရယ်လို့ တကယ်တော့ ပြောဖို့ခက်ပါတယ်။
    ကွန်မြူနစ် သဘောတရား အတွေးအခေါ် ဆိုတာပဲ ရှိပါတယ်။
    စံနစ် ဆိုတာကတော့ လက်ဆော့တဲ့သူရဲ့ လက်ဆ အပေါ်မှာပဲ မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်တာပေါ့…
    တကယ်လဲ ကမ္ဘာပေါ်မှာ ကွန်မြူနစ်နိုင်ငံ ၆ဝ လောက်မှာ စံနစ် ၆ဝလောက် အမျိုးမျိုးဖြစ်သွားခဲ့တာ တွေ့နိုင်ပါတယ်။

    အဲ .. အဲသည် ကွန်မြူနစ်သဘောတရားက ဘယ်သူက တီထွင်တာလဲဆိုတော့
    ကားလ် မာက်စ် လား အိန်ဂျဲလ် လား၊ ဆိုတော့ ….
    အဲ … သူတို့က စံနစ်တကျ စ ဖေါ်ထုတ်တာပေါ့ …
    တကယ်တော့ ကွန်မြူနစ်သဘောတရားကို တီထွင်တာက လူ့သမိုင်း က ပါ..။
    လူ့သမိုင်းကြောင်းအတိုင်း ဖြစ်စရာရှိတာဖြစ်လာတဲ့ လူ့သမိုင်းရဲ့ကွင်းဆက် တစ်ခုပါ။

    ဖြစ်စရာရှိတာ ဖြစ်လာတတ်တဲ့ သဘာဝနိယာမအတိုင်းပဲ အရင်းရှင်စံနစ် အောင်မြင်ပြည့်စုံပြီးတဲ့အခါ
    (ဘယ်လို နာမည်တပ်တပ် မတပ်တပ် ) ဆိုရှယ်လစ်သဘောတရားတွေအတိုင်း ကျင့်သုံးလာကြတာပါပဲ..။
    အဲသလိုပြောတာလဲ မှား ပြန်တယ်..။
    ပြန်ပြောကြည့်ဦးမယ်…
    အရင်းရှင်စံနစ် အောင်မြင်ပြည့်စုံပြီးတဲ့အခါ ဆက်လက် တိုးတက်ကျင့်သုံးကြတဲ့ နည်းလမ်းနဲ့ သဘောတရားတွေဟာ
    ဆိုရှယ်လစ် သဘောတရားတွေလို အဆင့်ဆင့် ဖြစ်လာတော့တာပါပဲ…။
    လက်ရှိအောင်မြင်နေတဲ့ အရင်းရှင်နိုင်ငံကြီးတွေကို ကြည့်ရင် သိနိုင်ပါတယ်။

    ဆိုတော့
    ကမ္ဘာမှာ ကွန်မြူနစ်စံနစ် ဘာလို့ကျဆုံးသွားလဲဆိုတော့ …
    (ပညာရှိတွေ ပညာရှင်တွေရဲ့ အပြောကို မခိုးချပဲ ကျုပ်ကိုယ်ပိုင် လူပြိန်းအတွေးအခေါ်နဲ့ပြောရရင်)
    အရမ်း စော သွားလို့…
    ဟုတ်တယ်….
    နှစ် တစ်ရာမက စော သွားလို့….
    အဲသည် စောလွန်း သွားတာကပဲ ကမ္ဘာကြီးကို ခဏလောက် (နှစ်တစ်ရာလောက်) နောက်ပြန်ဆွဲချပစ်တာ….။

    အဲ…
    ကျုပ်တို့နိုင်ငံလဲ ပဒေသရာဇ်စံနစ်က ဖေါက်ထွက်ဖို့ အခုမှ အားယူစ ရှိပါသေးတယ်။
    အခုမှ ပဒေသရာဇ်စံနစ် အတွင်းမှာပဲ ရှိနေပါသေးတယ်။
    (ပုံကတော့ ဖျက်ထားတာပေါ့လေ။ ဖေါ့လုံးခေါင်းပေါင်းကြီးပေါင်းပြီး မင်းကြီးများ….လို့တော့ မပြောတော့ဘူးပေါ့…)
    နောင်နှစ်ပေါင်းတော်တော်အကြာမှာ အရင်းရှင်စံနစ်ကို ကျင့်သုံးနိုင်ကောင်းပါတယ်…။
    အဲသလိုဆိုရင် နောက်ရာစုနှစ် နှစ်ခုလောက်အတွင်းမှာတော့ ဆိုရှယ်လစ်စံနစ်ကို စရောက်မလားပဲ….

    ကားလ်မာက်စ်က ၁၉ ရာစုမှာ အရှင်းရှင်စံနစ် ဂိတ်ကုန်ပြီ လို့ ဆိုတယ်…
    အရှေ့တိုင်းက ဘုန်းကြီးကျောင်းသားဟောင်းတစ်ယောက်ကတော့ ၂၁ရာစုအလယ်လောက်မှ ကုန်မယ်လို့ ထင်နေတယ်…
    သူတို့နှစ်ယောက်ကို မျက်နှာချင်းဆိုင်ထိုင်ခိုင်း – ရေနွေးတစ်အိုးချပေးပြီး စိတ်ရှိလက်ရှိငြင်းခိုင်းလိုက်ရတော့ …………

    • kai

      August 29, 2013 at 4:25 pm

      ယူအက်စ်သမ္မတအခုလုပ်နေတာတွေကို.. ဆိုရှယ်လစ်လို့… ပြောသူတွေရှိပါတယ်..။
      ဘာပဲပြောပြော.. လက်ဝဲယိမ်းတာကတော့.. အသေအချာပါပဲ..။ အာလုံးလိုလိုကလည်း.. လက်ခံကြတယ်..

      ဆိုတော့…
      ယူအက်စ်အစိုးရက.. ဒေါ်လာဘီလီယန်သောင်းချီရိုက်ထုတ်လည်း.. အလယ်တန်းနဲ့အောက်တန်းလူတန်းစားတွေဆီမရောက်ပဲ.. ပျောက်ပျောက်သွားနေတယ်…
      ဘယ်သူတွေလက်ထဲရောက်သလည်း.. ဆိုတော့…
      မိုးပေါ်မှလူကြီးမင်းများဆီပါ…။
      အရှင်းရှင်လို့.. ဆိုချင်ဆို…
      ကျုပ်အမြင်အရတော့.. သူတို့ဘယ်တော့မှ မပျောက်.. :kwi:

  • ဦးဦးပါလေရာ

    August 29, 2013 at 3:46 pm

    ကျုပ်ကတော့ လက်ရှိမှာ ကွန်မြူနစ် ဆိုရှယ်လစ် ဝါဒတွေကို ဆန့်ကျင်သူတစ်ယောက်ပါ။

    ဒါပေမယ့် တစ်ခုတော့ ပြောမယ်နော်-

    မြန်မာပြည်ရဲ့ ကွန်မြူနစ်တွေကို ဟိုးအစကစပြီး အကုန်လျှောက်ကြည့်လိုက် -………

    သခင်စိုး၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်၊ ဦးရာရှစ်၊ ဗိုလ်ချုပ်အောင်ဆန်း …. က စ လို့ …..

    တကယ့်ကိုမှ လူတော်တကာ့ ပညာတတ်လူတော်တွေချည်းပဲ ….

    သူတို့တွေ ကွန်မြူနစ်ဝါဒ မှိုင်းမိ ကြတာ ဆိုရင်လည်း …

    အဲသည်မှိုင်းက တော်တော်စွမ်းတဲ့မှိုင်းပဲ ဖြစ်ရမယ်။

  • ဦးကြောင်ကြီး

    August 30, 2013 at 8:51 am

    သခင်စိုးကတော့ သူ့သမိုင်း သူရေးသွားခဲ့ပြီ… ဗကပလက်ရှိ လက်ဟောင်းများ၊ မဆလများကရော သတ္တိရှိရှိ ဝန်မခံချင်ဂျဗူးလား.. နဝတ၊နအဖ စစ်ဗိုလ်ချုပ်သစ်၊ဟောင်းများ၊ ထောက်လှမ်းရေးကြီးငယ်များမှာလဲ အလားတူ ထုတ်ဖော်ပြောဖို့ တာဝန်ရှိဒယ်.. အလားအခုချိန်အထိတော့ ဒဂေါင်မှ ထွက်မလာသေး… သဂျီး ခင်ဗျားအယင်ထွက်ဗျာ…. တခုခုကိုတော့ ဝန်ချတောင်းပံ… ဥပမာ မိန်းမယူခဲ့မိတာ….

  • Foreign Resident

    August 30, 2013 at 9:45 am

    Zaw Thant says:
    ” အရင်းရှင် စနစ်ဖွံဖြိုးပြီးမှ တည်ထောင်ရမယ့် ဆိုရှယ်လစ်စနစ်ဆိုတော့
    Scandinavia နိုင်ငံတွေ ဖြစ်တဲ့ နော်ဝေ၊ ဆွီဒင် နိုင်ငံ တွေကို ပြေးမြင်မိတယ်ဗျ..
    နိုင်ငံရေးသီအိုရီ အရ သဘောတရားခြင်းတူ မတူ မသိပေမယ့် ”

    ကို Zaw Thant ရေ ။
    ကျနော်ကလည်း Scandinavia နိုင်ငံတွေ နှင့် ၊
    မနီးရိုးစွဲ ခပ်ဆင်ဆင် ဩဇီ မှာ နေတာဆိုတော့ ၊
    ဝင် ပြောပါရစေ ခင်ဗျ ။

    အဲဒီ နော်ဝေ၊ ဆွီဒင် ၊ ဩဇီ နိုင်ငံ တွေက ၊
    ဆိုရှယ်လစ် စံနစ် / သဘောတရား ဘက်ကို ရောက်သွားတာ မဟုတ်ဘူး ဗျ ။
    သူတို့ အားလုံး က ဒီမိုကရေစီ စံနစ် / သဘောတရား စစ်စစ်ကြီးကိုပဲ ယူတာဗျ ။
    ( ပိုတော် / ပိုလုပ် ရင် ပို ခံစားခွင့် ရှိတဲ့ သူဋ္ဌေးကြီးတွေ ဖြစ်ခွင့်ရှိတဲ့ Idea ပေါ့ )

    သူတို့က အရင်းရှင် နိုင်ငံထဲမှာမှ အရမ်း ချမ်းသာသွားတဲ့ နိုင်ငံတွေ ဖြစ်နေတော့ ၊
    ပိုလာတဲ့ ပိုက်ဆံ / ဘတ်ဂျက် တွေကို ( လူကြိုက် များ မဲ ပိုရအောင် ) ၊
    ကျန်းမာရေး ၊ ပညာရေး ၊ လူမှု ဖူလုံရေးမှာ ပိုသုံးပေးကြတာခင်ဗျ ။

    အရင်းရှင် / ဒီမိုကရေစီ နိုင်ငံ စစ်စစ်ကြီးတွေဗျ ။
    ဆိုရှယ်လစ် စံနစ် / သဘောတရား ကို လက်မခံကြတာ တွေ့ရတယ် ။

    ဆိုရှယ်လစ် စံနစ် ရဲ့ သဘောတရားတွေ နှင့် ၊
    နော်ဝေ၊ ဆွီဒင် ၊ ဩဇီ နိုင်ငံ တွေမှာသုံးနေတဲ့ ၊
    ချမ်းသာသွားတဲ့ အရင်းရှင် နိုင်ငံတွေ မှာ ၊
    ပိုလို့ ပြန်မျှပေးနေတဲ့ လူမှု ဖူလုံရေး စံနစ် နှင့် က ၊
    Ideology မှာ မတူဘူး ခင်မျ ။

Leave a Reply