မင်္ဂလာပါ ခင်ဗျ…
ကျနော်များ မန်းဂဇက်မှာ လူခြေတိတ်နေတာမို့ နည်းမျိုးစုံနဲ့ ပရိုမိုးရှင်းလုပ်ပါ့မယ်…

 
တတ်သိပညာရှင် ဆရာ၊ဆရာမများက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေ ရေးကြ ဆွေးနွေးကြတာမို့၊ ဉာဏ်မမီတဲ့ ဦးကျောက်ခဲက ယနေ့ကြွလာတဲ့ စာဖတ်သူ ပရိတ်သတ်ကို ဧည့်ခံချင်တာကတော့ ယိုးဒယားစတိုင် ဝက်ပေါင်သားစတူး “Khao Kha Moo” ဖြစ်ပါတယ်ခင်ဗျ ။ အဲ… ဝက်သားမစားရင်တော့ ဆောဒီးလို့ တောင်းပန်ပါရစေ။ ဒီဝက်ပေါင်သားနဲ့ ထမင်းပွဲကို ထိုင်းနိုင်ငံ တလွှားက… ( တိန်… တောင်ပိုင်း ပတ္တနီ၊ ယာလ၊ နရသီဝပ် မပါ ) လမ်းဘေးဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူ စားသုံးနိုင်တာမို့ လွယ်ကူစားမြိန် ဈေးသက်သာတဲ့ ဟင်းလျာတစ်မျိုးပေါ့ ခင်ဗျာ။ အဲသည့်အထဲမှာမှ ချင်းမိုင်ညဈေးထဲက မြန်မာဆိုင်ဆိုရင် နာမည်ကြီးခင်ဗျ။ ဝက်ပေါင်သားတင်မဟုတ် ဝက်အူပွပါရတယ်ဆိုတော့ စေတနာကောင်းပြီး ရက်ရောတဲ့ အစ်မကြီးဆိုင်မှာ ညနေဆိုရင် လူကြိတ်ကြိတ်တိုးပေါ့ဗျာ။ ကိုလက်စထရောများတယ်၊ အဆီပိတ်တယ် ဆိုပေမည့် အရသာက အတော်ကောင်းတာမို့ ဝက်သားကြိုက်တဲ့ ဦးကျောက်ခဲရဲ့ ဝက်သားစတူးကို မြည်းကြပါဦး…။

 
ပါဝင် ပစ္စည်းများ…
ဝက်ပေါင်သား (၁ ကီလိုဂရမ်ခန့်)
သကြား ထမင်းစားဇွန်း ၁ဇွန်း
စားသုံးဆီ ၀.၃ လီတာခန့် (ပဲဆီဆိုရင် ပိုကောင်းပါတယ်)
ရေဆေး သန့်စင်ထားတဲ့ နံနံပင် အမြစ် ၆ခု
ကြက်သွန်ဖြူ အမွှာကြီး ၅ခု
Peppercorn ၁၅ခု (မြန်မာလို ဘယ်လိုခေါ်တယ် မသိ)
သစ်ကြံပိုးခေါက် ၁လက်မခန့် ၂ခု
နာနတ်ပွင့် ၂ခု
ပဲငံပြာရည် အပျစ် အချိုဇွန်း ၁ဇွန်း
ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၃ဇွန်း
ပဲငံပြာရည် အချို ထမင်းစားဇွန်း ၁ဇွန်း
ဆား အချိုဇွန်း ၁ဇွန်း
တရုတ်မဆလာ အချိုဇွန်း ၁ဇွန်း
ကြံသကာ ၁လက်မ ပတ်လည် ၁တုံး (ချေထားပါ) (ထန်းလျက် ကောင်းကောင်းဆိုရင်လည်း ဖြစ်ပါသည်)
အခွံခွာထားတဲ့ ကြက်ဥပြုတ် စားချင်သလောက်ထည့်

 
ချက်ပုံချက်နည်း နိသရည်း
ဝက်ပေါင်သားကို အမွေးအမျှင် ပြောင်အောင် သန့်ရှင်းရေးလုပ်၊ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ရေခြောက်သွားရင် သကြား ထမင်းစားဇွန်း ၁ဇွန်း၊ ဆား အနည်းငယ် နဲ့ ဝက်ပေါင်ကို နှံ့နေအောင်နယ်၊ ပလတ်စတစ်အိပ်နဲ့ ပတ်ပြီး ရေခဲသတ္တာအောက်အဆင့်မှာ ၂နာရီခန့် နှပ်ထားပါ။ ပြီးရင် ဒယ်အိုးတစ်လုံးကို အပူတိုက်ပြီး သကြား အချိုဇွန်း ၁ဇွန်းခန့်ကိုဖြူးလိုက်ပါ။ သကြားတွေ အရည်ပျော်ပြီး နီညိုရောင်သန်းလာရင် နှပ်ထားတဲ့ ဝက်ပေါင်ကို ထည့်လှိမ့်ပါ။ အိုးမကပ်ပါစေနဲ့။ ဝက်ပေါင်နီညိုရောင် သန်းလာရင် ဆယ်လိုက်ပါ။ နောက်ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ဆီကျက်ရင် ဝက်ပေါင်ကို ဟိုဘက်သည်ဘက်လှည့်ပြီး ကြော်လိုက်ပါ။ အခေါက်တွေ နီရဲပြီးတင်းလာရင် ဆယ်ပြီး ဆီစစ်ထားပါ။

 

 

ဆီစစ်နေတဲ့အချိန် ကြက်သွန်ဖြူ၊ နံနံပင်အမြစ်၊ Peppercorn များကို ကြေညက်အောင် ရောထောင်းထားပါ။ ဝက်ပေါင်ကြော်ကို ဆီစုပ်စက္ကူနဲ့ ဆီပြောင်အောင်သုတ်၊ ထမင်းပေါင်းအိုးထဲမှာ အသားတုံးမြုပ်အောင် ရေထည့်ပြီးပြုတ်ပါ။ ရေဆူလျှင် ကြက်ဥပြုတ်၊ ထောင်းထားသော အဆာပလာ၊ အထက်တွင် ဖော်ပြထားသော ဟင်းခပ်အမွှေးအကြိုင်၊ ပဲငံပြာရည်၊ ကြံသကာတို့ကိုထည့်ပြီး ၂နာရီခန့် ပေါင်းပါလျှင် ( တကယ်က ပြုတ်တာ… ဟီ ဟိ ) အရသာရှိသော ဝက်သားစတူး ရပါပြီခင်ဗျာ။ အဲ… အဖုံးဖွင့်ပြီး ရေခမ်းခါနီးတိုင်း ဟင်းအိုးချတဲ့အထိ ဝက်သားတုံးမြုပ်အောင် ရေထပ်ဖြည့်ဖို့ ၊ အရည် အရသာမြည်းဖို့ မမေ့ပါနဲ့ခင်ဗျ။ အသားနူးရင် ရွရွလေး အသားကို ညှပ်နဲ့ဖဲ့၊ ထမင်းပေါ်ကိုတင် အရည်ရွှဲရွှဲလေးဆမ်း၊ အိုးကြက်ဥလေးကို ထက်ခြမ်းခြမ်းပြီး ဆော့စ် သို့မဟုတ် ချဉ်ဖတ်တစ်မျိုးမျိုး၊ ဒါမှမဟုတ် ကိုက်လန်ရွက်ကို ဟင်းရေပူပူထဲ ၂မိနစ်လောက်ထည့်ပြုတ်ပြီး ၁လက်မစီလောက် လှီးထားတာနဲ့ ဆွဲကြည့်ပါ။ လျှာကပါးစပ် လူဖြစ်ကျိုးနပ်ရပါစေမယ်လို့…။

 

ပြင်ဆင်ပြီးလို့ ချက်တော့မယ်

ပြင်ဆင်ပြီးလို့ ချက်တော့မယ်

အရောင်လှအောင် သကြားလှော်နဲ့လှိမ့်အပြီး

အရောင်လှအောင် သကြားလှော်နဲ့လှိမ့်အပြီး

ဆီပူထိုးပြီးပြီ
ဆီပူထိုးပြီးပြီ

ပေါင်းတယ်လို့ဆိုဆို ပြုတ်တယ်လို့ပြောပြော

ပေါင်းတယ်လို့ဆိုဆို ပြုတ်တယ်လို့ပြောပြော

ဓာတ်ပုံမရိုက်တတ်လို့မလှပေမည့် အရသာရှိတယ်
ဓာတ်ပုံမရိုက်တတ်လို့မလှပေမည့် အရသာရှိတယ်

 

 

Szechuan peppercorns

Szechuan peppercorns

 

ဦးကျောက်ခဲ

About ဦးကျောက်ခဲ

ဦး ကျောက်ခဲ has written 55 post in this Website..