ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း ၈)

maungmoenyoAugust 4, 20101min780

(၁၉၈၈)လူထုအုံကြွမှုမျိုးအနာဂါတ်တွင်ဖြစ်နိုင်ခြေရှိမရှိ

ယင်းကဲ့သို့အုံကြွမှုကားမထင်မှတ်သောအခြေအနေအချိန်ခါတွင် ကြိမ်းသေပေါ်ပေါက်ဦးမည်ဆိုသည်ကားအမှန်ပင်။ သို့သော် –

(၁) ဗိုလ်နေဝင်းအစိုးရလက်ထက်တွင်အုပ်ချုပ်မှုယန္တရားမှာရန်ကုန်တွင်အခြေစိုက်သည်။ ယခုဗဟိုအစိုးရ ယန္တရားကြီးတခုလုံးမှာစစ်ဗျူဟာအရအသာစီးရသောဒေသဖြစ်သည့် နေပြည်တော်ပျဉ်းမနားတောင်ကြားတွင် အခြေယူထားသည်။ ယင်းဒေသကားပြည်သူ့ရေးရာစီမံခန့်ခွဲရေးအနေနှင့်ကားမည်သည့်နည်းနှင့်မျှမဟာ ဗျူဟာမကျသောဒေသဖြစ်သော်လည်းစစ်ရေးအရခုခံကာကွယ်မှု၊ ဗဟိုအုပ်ချုပ်မှုကောင်းစွာ ဆောင်ရွက်နိုင်သောအချက်အခြာဒေသဖြစ်သည်။ စစ်အစိုးရနှင့်၎င်းတို့အသိုင်းအဝိုင်းကို ကောင်းစွာလုံခြုံမှု ပေးနိုင်သောအရပ်ဒေသဖြစ်သည်။ လက်နက်ကိုင်တပ်များအားလုံးကိုသာမက၊အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး ကိုအပေါ်စီးရသောဒေသတခုတည်းအောက်မှာအခြေစိုက်ထားသည်။

(၂) နိုင်ငံစီမံအုပ်ချုပ်မှုသာမက၊စီးပွားရေးအဆောက်အအုံနှင့်လူထုတရပ်လုံး၏နေ့တဓူဝစားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေးအရပ်ရပ်တို့ကိုအကြွင်းမဲ့ထိမ်းသိမ်းချုပ်ကိုင်ထားသည်။ လူထုကိုအကြောက်တရား ဖြင့်အုပ်ချုပ်ထားသည်။

(၃) သမိုင်းအဆက်ဆက်တိုင်းတွင်အုံကြွမှုတိုင်း၏အရင်းအမြစ်ဖြစ်သောတက္ကသိုလ်နှင့်စာသင်ကျောင်းအား လုံးကိုနိုင်ငံအနှံ့သို့ဖြန့်ကျက်ထားသည့်နည်းဖြင့်ကျောင်းသားစုစည်းမှုကိုအပြတ်ရှင်းလင်းလိုက်သည်။

(၄) မူလကတိုင်း/တပ်မစစ်ဌာနချုပ်များကိုပြည်နယ်တိုင်းအဆင့်တွင်သာထားရှိခဲ့သော်လည်း။ ယခုအခါစစ်တိုင်း မှူးများကိုအာဏာအပြည့်အဝတိုးမြှင့်ပေးလိုက်သည့်အပြင်၊ စစ်တိုင်းငယ်/တပ်မငယ်များဖြစ်သော ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်/စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်များကိုခရိုင်အဆင့်မြို့ကြီးတိုင်းတွင်အသစ်ဖွင့်လှစ်ခဲ့သည်။ မူလကာကွယ်ရေးဝန်ကြီးဌာန၊စစ်ဦးစီး၊စစ်ရေးစစ်ထောက်ဌာနကြီးများလက်အောက်ခံညွှန်ကြားရေးမှူးအဆင့်ရှိ သောရာထူးများကိုအရာရှိချုပ်အဆင့်မြှင့်၍စစ်ဘက်ဆိုင်ရာလက်နက်၊ အထောက်အပံ့တို့ကိုအကန့်အသတ်မဲ့ချဲ့ထွင်ခဲ့သည်။ ဤနည်းတို့ဖြင့်အုံကြွမှုကိုဖိနှိပ်နို်င်သောမဟာဗျူဟာများချမှတ်အကောင်အထည်ဖေါ်ခဲ့သည်။

(၅) စစ်တပ်အတွင်းအချင်းချင်းအားပြိုင်မှုများရှိနေသော်လည်း၊ တွင်မဟာဗျူဟာ ကျသည့်တူညီသောရည်မှန်းချက်သာရှိသည်။ မိမိတို့၏အာဏာစည်းစိမ်ကိုအချင်းချင်းအားပြိုင်မှုနှင့်လဲလှယ် မည့်အရိပ်အရောင်မရှိပါ။

ပြီးခဲ့သော (၁၉၈၈)အရေးတော်ပုံကား(၁၃၀၀)တောင်သူလယ်သမားရေးတော်ပုံထက်အဆများစွာကြီး သည့်အပြင်လူထုလူတန်းစားအားလုံးပါဝင်သောအုံကြွမှုဖြစ်သည်၊ အလံပြဘုရားလမ်းစစ်ရုံးချုပ်ပတ်လည် တခုလုံးလူထုသန်းနှင့်ချီ၍ဝိုင်းရံခြင်းခံရချိန်တွင်စစ်ဗိုလ်ချုပ်များဖိန့်ဖိန့်တုန်ခဲ့ရသည်မှာအမှန်ပင်။ တနိုင်ငံလုံးအုပ်ချုပ်ရေးအာဏာဆိတ်သူဉ်း သွားသော်လည်း၊ စစ်တပ်အချင်းချင်းကားအဆက်အသွယ်မပြတ်ခဲ့ သည့်အပြင်၊အခြေအနေကိုတပ်များအတွင်း မှမပြတ်လေ့လာဆက်သွယ်ညှိနှိုင်းမှုးများရှိခဲ့သည်ကိုမမေ့သင့်ပါ။ တနိုင်ငံလုံးကဒီမိုကရေစီကိုဖေါ်ဆောင်မည့် အစိုးရသစ်ထွက်ပေါ်တော့မည်ဟုမျှော်လင်ချက်ကြီးစွာရှိနေချိန် ၁၉၈၈၊စက်တင်ဘာ (၁၈)ရက်နေ့တွင်တနိုင်ငံလုံးစစ်ဘိနပ်အောက်သို့မယုံနိုင်လောက်အောင်ရောက် သွားခဲ့သည်။ ခံပြင်းဘွယ်ကောင်းပေစွ။