ချစ်ချစ်ချစ်- အပိုင်း (၁)- အခန်း-၄

ချစ်ချစ်ချစ်(အပိုင်း-၁) အခန်း-၄

နေမွန်းတည့်အချိန် ဖြစ်လေသည်။ နိုဝင်ဘာလ အတွင်းရောက်နေပြီဖြစ်သဖြင့်
အပူရှိန်မှာသိသိသာသာလျော့ကျနေပေပြီ။ စိုက်ခင်းများရိပ်သိမ်ချိန်ကိုစောင့်မျော်
နေရချိန်ဖြစ်သဖြင့် ဦိးဇော်ရိန်း တို့လိုယာသမားမျာအဖို့အားလပ်ချိန်ရနေသည်။
မိမိစိုက်ပျိုးထားသောယာခင်းမျာကို တောကောင်များလာရောက်စားသောက်ခြင်း
ဖျက်စီးခြင်းရန်ကိုတချက်တချက်စောင့်ပေးရသည်။မဟုတ်ပါကရိပ်သိမ်းကာနီးအ
ချိန်တချက်ပေါ့ပါကစိုက်သမျှ အချည်းနှီးဖြစ်သွားပေမည်။ သို့ပေမဲ့တချိန်လုံးစောင့်
စရာကာမလိုပေ။ တောကောင်များ ကလည်း အသီးအနှံကောင်းစွာကြီးထွားနေချိန်
ရိပ်သိမ်းကာနီး တွင်လာတတ်သည်။
ဦိးဇော်ရိန်း သားဖြစ်သူ နှင့် တူဖြစ်သူ တို့ အလာကိုစောင့်မျော်နေသည်။မိမိယာ
တဲကိုညအိပ်စောင့်ကြပ်ချိန်ရောက်နေပြီ။ မိမိ စိုက်ပျိုးထားသောပြောင်းခင်းကိုယမန်
နေ့များကတောကောင်ဝင်ထားကြောင်းယာနီးချင်းရွာသားတဦးမှအသိပေးထားသည်။
အခါတိုင်းမိမိတယောက်တည်းညအိပ်စောင့်ကြပ်လေ့ရှိသော်လည်း အသက်အရွယ်ရ
လာသည်ကတကြောင်း တောလည်(မုဆိုး) မထွက်ရတာကြာပြီဖြစ်သဖြင့်လည်းကောင်း
တယောက်တည်းထက်စာပါကအဖော်ပါသင့်သည်ဟု အမျိုးသမီးဖြစ်သူကတိုက်တွန်းသဖြင့်
လည်းကောင်း ထိုနှစ်ယောက်အားခေါ်လိုက်ရခြင်းဖြစ်လေသည်။
ထိုနှစ်ယောက်ကလည်း အရွယ်ရောက်ပြီးသူများပီပီ အတော်အတန်မုဆိုးပညာတတ်ကျွမ်း
နေပေပြီ။တကိုယ်တော် လူကြီးများမသိအောင်ခိုးခိုးထွက်လေ့ရှိကြသည်။ဒါပေမဲ့သားကောင်
မရကြသဖြင့်လူကြီးများမသိကြ။ ဝါရင့်မုဆိုးများနှင့်တွဲဖက်မှသားကောင်ရတတ်ကြသည်။
ဦးဇော်ရိမ်း ကားထိုရွာတွင်အလွန်ကျွမ်းကျင်သောမုဆိုးဖြစ်သဖြင့်သူခေါ်လျှင်ငြင်းမည့်သူ
မရှိ။လိုက်ချင်သူပေါများလေသည်။ သူကလည်းမျှတသူတဥိီပီပီ အလည့်ကျအားလုံးကို
ခေါ်သည်။အခြားသူများကတော့ မိမိနှင့်တွဲလို့ကောင်းသူ စကားနားထောင်သူကိုသာရွေး
ခေါ်တတ်သည်။
ဒါပေမဲ့သွေးသားများမို့ဦးဦးဖျားဖျား ပထမအခေါက်အရင်ခေါ်သည်ကိုတရွာလုံးကနားလည်
ပေးကြသည်။
ယခုလည်းသွားဖို့အဆင်သင့်ဖြစ်နေကြပြီင်္။ကျန်ခဲ့မည့်ဇနီးဖြစ်သူကိုအသာနုတ်ဆက်ပြီး
သုံးဦးသားအထုတ်အပိုးများ လိုအပ်သည်များ တောလိုက်ရာတွင်မပါမဖြစ်အမဲလိုက်
သေနတ်ကိုယ်စီသယ်ပိုးလျက်ရွာအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့်စတင်ထွက်ခွါလာခဲ့
ကြလေသည်။ငေးကြည့်နေသော အားကျနေသော ရွယ်တူကာလသားများရှေ့ အရောက်
တွင် သားဖြစ်သူနှင့်တူဖြစ်သူတို့မျက်နှာများမှာ အနည်းငယ် ခပ်တင်းတင်း ဖြစ်နေပေသည်။
သူတို့လည်းငယ်ရွယ်သူများဖြစ်သည့်အလျောက် တောသူတောင်သားများပီပီ ခပ်မြောက်
မြောက်ဖြစ်ခြင်းကိုသာ ကျန်ခဲ့သောကာလသားတသိုက် တချိန်တွင်ပြန်ပြီး ခပ်တင်းတင်း
မျက်နှာဖြင့်လက်စားချေပြပါလိမ့်အုံးမည်ဟု ဦးဇော်ရိမ်း တွေးပြီးပြုံးမိလေသည်။
မိမိစိုက်ခင်းမှာရွာနှင့် ရ မိုင်ခန့်အကွာအဝေးခန့်ဝေးလေသည်။ ရွာနှင့်ယာခင်းအကြား
ခပ်မို့မို့တောင်တလုံးခြားထားသည်။ တောင်ကိုကျော်လျှင်ခပ်ပြန့်ပြန့်လွင်ပြင်ရှိလေသည်။
လွင်ပြင်ကိုကျော်ပါက အရှေ့ဘက်တလွှားတောင်တန်းကြီးများကိုအကြောင်းပြုဖြစ်တည်
စီးဆင်းလာသောချောင်းတခုရှိသည်။မိုးကျချိန်ရေများသော်လည်း ယခုအချိန်ကာလတွင်
အလယ်ခေါင်မှဒူးသာသာ သာလျှင်နက်လေသည်။ ချောင်းရဲ့ဟိုဘက်အပိုင်းသည် မြေအ
လွန်ကောင်းသဖြင့် တရွာလုံးနီးနီး ယာ စိုက်ကြလေသည်။ယာထွက်သီးနှံများကိုတော့
ကြားရှိတောင်ကိုပတ်ဖောက်ထားသောလမ်ကြောင်းဖြင့်မိမိတို့အတိုင်းအတာ အင်အားရှိ
သရွှေ့ နည်းအမျိုးမျိုးသယ်ယူကြရလေသည်။
မိမိယာတဲကို အမြင့်ဆုံးနေရာတွင်ဆောက်ထားသောကြောင့်ပြောင်းခင်းတခင်းလုံး၏အခြေ
အနေကိုအပေါ်စီးမှကြည့်လျှင် အကုန်မြင်ရလေသည်။
” သားရေ မင်းအမဆီကဘာကြားသေးလဲ”

“အမကသူ့ကလေးနေပြန်ကောင်းသွားပြီတဲ့”

“အေးအေး ကောင်းပါစေကွာ မဟုတ်ရင်သူ့ယောက်ကျားက သူ့သားဆိုသဲသဲလှုပ်
လွန်းလို့”

“ဟုတ်တယ်အဖေရေ သူကရဲသာဆိုတယ် အတော် ပျော့တယ်ထင်တာပဲ”

ဦးဇော်ရိန်း သားမတ်ဖြစ်သူ ဒုရဲအုပ်မြသာကို အတော်လေးသဘောကျမိသည့်အချက်
တွင်သည်အချက်လည်းပါသည်။သမီးဖြစ်သူ ဂျားနူးကို အတော်ချစ်ရှာသည်။သားတဦး
ရလာတော့လည်း သားဖြစ်သူကိုငုံထားမတတ်ဖြစ်ရပြန်သည်။ရန်ဖြစ်သည်ဟုမကြားဖူး။
မိသားစုအပေါ်အလွန်ချစ်ခင်တတ်သူတဦးပင်မဟုတ်ပါလား။သည်လိုတွေကြောင့်တာဝန်
များလစ်ဟင်းမည်ကိုမိမိစိုးရိမ်မိလေသည်။ ထို့ကြောင့်သားဖြစ်သူ တောလူကြမ်းအဖို့ပြော
စရာပင်ဖြစ်လေရော့သလား၊

“အဖေစားတော့မလား”

“အေးစားကြတာပေါ့ကွာ”

တူဖြစ်သူမှာစကားနည်းသူပီပီ သူလုပ်စရာရှိတာသူလုပ်နေသည်။သူကသားထက်ကြီးပေမဲ့
တောထဲဝင်ရလျှင်ချက်ရေးပြုပ်ရေးတာဝန်ယူသည်။ တောထဲတောင်ထဲအရသာရှိရှိချက်
ပြုပ်နိုင်စွမ်းရှိသည်။ကောင်းချက်တတ်သလိုပစ်မှတ်ကိုလည်းအတိအကျပစ်ခက်နိုင်စွမ်း
ရှိပြန်သည်။သားကောင်ကိုခြေရာခံရာတွင်မူ ယနေ့ထိသင်ပြနေရဆဲ။
သည်အချက် ကျွမ်းကျင်သူမှာသားတော်မောင်ဖြစ်လေသည်။သားကောင်အနံ့ ခြေရာ
အပြင် ထောင်ချောက်ဆင်ခြင်းအမျိုးမျိုး ဒဏ်ရာရသားကောင်နောက်တစွတ်ထိုးလိုက်ခြင်း
တို့တွင် သူမတူအောင်ဖြစ်လေသည်။လက်ကတော့ သိပ်မတည့်လှ။
“မနက်စောစော တောလိုက်ထွက်မယ်ဟေ့”
စားပြီးသည်နှင့် ဦးဇော်ရိန်း အချက်ပြလိုက်သည်။ တူတော်မောင် မျက်နှာဝင်းသွားသလို
သားတော်မောင်လည်းခပ်ကြွကြွဖြစ်သွားရသည်။

“ယာခင်းကိုစိတ်ချလက်ချထားလို့ရအောင် မင်းက ထောင်ခြောက်ဒီနေ့အပြီးဆင်။
မင်းကမနက်ဖြန်အတွက် အဆင်သင့်ပြင်ကွာ ၂ ရက်ပဲ နော် ”

သားဖြစ်သူနှင့်တူဖြစ်သူကိုတာဝန်ခွဲဝေပေးပြီး လူကြီးပီပီ အားမွေးရန်လိုအပ်သည်
အလျောက် တရေးတမောအိပ်စက်ရန်တဲအတွင်းဝင်လေသည်။
သားဖြစ်သူလည်းထောင်ခြောက်ဆင်ရန်လိုအပ်သည်များကိုယူဆောင်ပြီး ယာထဲဝင်သွားသည်။ တူဖြစ်သူမှာဓါးများသွေးခြင်း သေနပ်များပြန်လည်စစ်ဆေးခြင်များ
စသည်တို့ကိုအသီးသီး ဆောင်ရွက်နေကြလေသည်။
ဆောင်းတွင်းအစ ဖြစ်သဖြင့်နေ့လည်ဖြစ်သော်လည်းအတန်အေးသဖြင့်စောင်ပါးပါး
တထည်ကိုယူခြုံလိုက်ပြီး တရေးဝဝအိပ်စက်လေသည်။

” ဂယားးးးးဂါးးးးးး”

အော်သံနက်နက်ကြောင့် ဦးဇော်ရိန်း အိပ်ပျော်နေရာ မှလန့်နိုးလာလေသည်။ကမန်းကတန်း
ထပြီးတဲအပြင်ဖက်ထွက်ကြည့်သည်။ဦးဇော်ရိန်း အံ့အားသင့်သွားသည်။တဲအပြင်သို့ထွက်
လာသောဦးဇော်ရိန်းကို ဝက်ဝံကြီးတကောင်ကစိုက်ကြည့်နေသည်။အတော်ကိုကြီးသည်။
ဦးဇော်ရိန်း သည်တသက်မမြင်ဘူး။တဖန်ထူးထူးခြားခြား ခေါင်းကဖြူနေသည်။
ခပ်လှမ်းလှမ်းတွင်သားဖြစ်သူကအံ့ဩတကြီး သူ့၏ကျိုးပျက်နေသော မောင်းတံကိုကြည့်
နေသည်။မောင်းကျိုးအောင်လုပ်နိုင်သောဝက်ဝံ ကြီးကိုလည်း ကြောက်လန့်တကြားဟန်
ဖြင့်ကြည့်နေလေသည်။ တူဖြစ်သူက တဲအနီးသစ်ပင်ကိုအကွယ်အကာယူလျက်သေနတ်
ဖြင့်ပစ်ကွင်းကိုအကျအနချိန်ထားလျှက်ရှိနေလေသည်။ ဝက်ဝံ ကြီးမှာသိနေသော်လည်း
ဂရုစိုက်ဟန်မပြချေ။ ဦးဇော်ရိန်း ကိုသာကြည့်လျက် တဖြေးဖြေး တိုးဝင်လာနေသည်။
သူ၏မျက်လုံးကား ဦးဇော်ရိန်း ၏လက်မောင်းကိုတစိုက်မတ်မတ်ကြည့်လျက်။
ဦးဇော်ရိန်း ခေါင်းကိုတချက်ဇက်ကနဲ့အချက်ပြလိုက်သည်နှင့်-

” ဒိုင်းးးးးး”

ကြီးမားသောပေါက်ကွဲသံနှင့်အတူ တူတော်မောင်၏ သေနတ်ကျည်ဆံသည် ဝက်ဝံ ကြီး၏
နှလုံးရှိရာသို့တည့်တည့်ထိမှန်လေသည်။
ဝက်ဝံ ကြီးကားမဖြုံ အနည်းငယ်ယိုင်သွားသည်မှအပ ဦးဇော်ရိန်း ထံတိုးမြဲ တိုးဝင်လာလေသည်။ ဇောချွေးများပင်ပြန်လာသည်။ မဖြစ်တော့။ နောက်လှည့် ပြေးရန်ပြင်သည်။ မရ ။ တကိုယ်လုံးကြောက်လန့်မူ့က လွှမ်းခြုံနေသည်။
ခြေမ လက်မကလေပင်လှုပ်မရတော့။ ဦးဇော်ရိန်း သဘောပေါက်ချေပြီ။
နေ့လည် မအိပ်စဖူးအိပ်ခြင်းကြောင့် ဘီးလူးစီးညခင်းပင်။ထိုသို့မကြာခဏကြုံဖူးသည်။
စိတ်ကိုလျော့ချလိုက်သည်။ထို့နောက် ဖြေးညှင်းစွာ ခြေမကိုစလှုပ်သည်။ မရ ။
စိတ်ကိုပြန်လျော့ ပြန်လုပ်သည်။

” ဂါးးးးယားးးး”

အော်သံထပ်ကြားသလိုလိုကြားရချိန် ခြေမလှုပ်နိုင်ပြီး ငေါက်ကနဲထ ထိုင်မိသည်။ဇောချွေး
များပြန်လျက်။

ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ

“ကဲရှေ့ ကတောင်ကိုကျော်ရင်သတိထားပေတော့”

ဦးဇော်ရိန်း သတိပေးပြီး ရှေ့ကနေဦးဆောင်လျက်တောင်ပေါ်စတက်သည်၊ နံက် အာရုံတက်
တော့မည်။ ရှေ့တောင်အဆင်းတောအစပ်အလွန်တွင် စမ်းချောင်းကလေးတခုရှိသည်။
တောင်ခြေတဝိုက်တွင်ဆီးဖြူ ပင်များရှိသည်။ချေ များ ဆီးဖြူသီး ကိုလာလာစားတတ်သည်။
စားပြီးလျှင်စမ်းချောင်းရှိရာ သို့သွားပြီးစမ်းရေသောက်လေ့ရှိသည်ကို သည်နှစ်ကောင်အား
အထွေအထူးရှင်းပြရန်မလိုတော့။ သည်လိုချောင်းခြင်းသည် အလွယ်လိုက်မှန်းသိသော်
လည်း သည်နေ့တော့ ခဲရာခဲဆစ် ဝါးရုံများဘက်ကျက်စားတတ်သော တောဝက်များထံ
မသွားလို။ မစွန့်စားဝံ့ ။ ယခုပင်တောထဲသွားနေရင်း တကောင်ကောင်ကမိမိကိုလိုက်
ချောင်းနေသလိုခံစားမိသည်။ပြောပြီးစကားမနုတ်လိုသည်ကလည်းပါသည်။ သည်တော့
သည်ကောင်တွေလည်းကျေနပ် တကောင်ကောင်လည်းရ။ ရလျှင်ပြန်ရန်လည်း စိတ်ထဲဆုံး
ဖြတ်မိသည်။
ခြေသံလုံအောင်စလျောက်သည်။ သတ်မှတ်သင့်သော ဆီးဖြူပင်တပင်ကိုရွေးချယ်လိုက်သည်။ထို့နောက်တယောက်တပင်စီရွေးချယ်လျက်
ဆီးဖြူပင်ရှိရာဘက်မျက်နာမူလျှက် လာစားမည့်ချေ ကိုစောင့်ဆိုင်းနေကြလေသည်။
အလင်းရောင်သန်းစအပြုတွင် ချေ တကောင် ကွက် ကြည့် ကွက်ကြည့် နှင့်ရောက်လာသည်။ တယောက်မှအသက်ပင်မရှုတော့။ငြိမ်လျှက် စွတ်ချလက်ချဆီးဖြူ
သီးစားမည့်အချိန်ကိုစောင့်နေကြသည်။ တူတော်မောင်ကားသစ်ပင်ရွေးတော်သည်လား
ကံကောင်းသည်လားမဆိုတတ်။ သူနေရာက ပစ်ကွင်းသာနေသည်။ နံက်ခင်း မြောက်လေ
တချက်သွေးလိုက်သည်။

” ဒိုင်းးး ”

လေကြောင့်မိမိတို့အနံရသွားပြီး ချေ ပြေးလေမည်လောစိုးရိမ်မိချိန် တူတော်မောင်ကလည်း
သည်အချက်ကိုမိမိနည်းတူရိတ်စားမိပြီးအလျှင်စလို ပစ်ချလိုက်လေသည်။
ဘိုင်းကနဲ့လဲကျရာမှ ချေ သည် တချက်ထပြေးလေသည်။ အမြန်ကားမဟုတ် ခုန်ဆွ ခုန်ဆွ။
သားတော်မောင်ရော တူတော်မောင်ပါ သစ်ပင်ပေါ်မှခုန်ဆင်းပြီး ချေနောက်လိုက်သည်။
သိပ်ခက်ခဲတော့မည်မဟုတ်ကြောင်းဦးဇော်ရိန်း သိသည်။ တောတွင်းပြေးသံ ခြုံတိုးသံ
များကြောင့်တခဏတော့ဆူညံသွားသည်။
သစ်ပင်ပေါ်မှဖြည်းဖြည်းဆင်းသည်။ သူတို့နောက်သို့အေးအေးလူလူလိုက်သည်။ချေ လဲကျ
ရာသို့တချက်ကြည့်လိုက်သည်။ သွေးကွက် နှင့်အတူ ချေ ၏ ခြေတဖက်ကိုတွေ့ရသည်။
ဦးဇော်ရိန်း ကုန်းကောက်လိုက်ပြီးပြန်အထတွင် ရှေ့ဘက်တည့်တည့်တွင် တကောင်
ဘေးနှစ်ဘက်တွင် တကောင်စီ။
ဝက်ဝံ သုံးကောင်ဖြစ်လေသည်။ဖြုန်းကနဲ့ တွေ့လိုက်ရသဖြင့် လိပ်ပြာလွင့်မတတ်။ လူကဲ့
သို့မတ်တပ်ရပ်လျက်။
ပြေးဖို့နေနေသာသာ ဒူးပင်ယိုင်ချင်ချင်။ရှေ့မှဝက်ဝံဖြူကြီး မတ်တပ်အနေအထားမှ လေး
ဘက်ထောက်လိုက်သည်။ပါစပ်ဖြဲလျက် ။ ခေါင်းတခုလုံး ဖြူဖွေးလျက်။ ရှေ့တချက်လှမ်း
ပြီး ရှေ့လက်မှ လက်သည်းဖြင့်လှမ်းကုတ်လိုက်သည်။ လက်ဖျံ တလျောက်ပူဆင်းလျက်

ဦးဇော်ရိန်း သတိလစ်သွားလေတော့သတည်း ။ ။

5 comments

  • kai

    September 4, 2013 at 1:34 pm

    ချစ်ချစ်ချစ် ဆိုပြီးဝက်ဝံနဲ့ချည်းတိုးနေတော့တာပဲ…
    စကားအတင်းစပ်…
    ပုံကဝက်ဝံက.. ကယ်လီဖိုးနီးယားဝက်ဝံထင်တာပဲ…
    အညိုမို့ပါ..

    • မင်းခန့်ကျော်

      September 7, 2013 at 6:35 pm

      ရရာပုံတင်ထားတာပါ။

      နဲနဲမြင်သာအောင်ပါ။

      ဇာတ်လမ်းထဲကအကောင်က

      စိတ်ထဲမှာပဲ ရှိတာမို့ :mrgreen:

  • အလင်းဆက်

    September 5, 2013 at 11:25 am

    အက်ဒါ စဉ်းစားနေတာ
    ဝက်ဝံက ညိုတိုတို မို ့

    :kwi:

    ========
    ကိုရီးယား ဇာတ်လမ်းတွဲတွေ စောင့်ကြည့်ရသလို ပဲ။
    ဒါမယ့်
    ဟိုဇာတ်လမ်းတွဲတွေထက် ကြိုက်တယ်ဗျာ

  • kyeemite

    September 5, 2013 at 1:31 pm

    ချစ်ချစ်ချစ်
    ဂရစ် ဂရစ် ဂရစ် (ဝက်ဝံကုတ်သံ)
    လစ်လစ်လစ်
    ညှစ်ညှစ်ညှစ်
    ဗျစ်ဗျစ်ဗျစ်(ကျောက်ချီးပါသံ) 😀

  • ခင် ခ

    September 6, 2013 at 3:07 pm

    Sep 6 / 3:05 pm
    see ( 1 )

Leave a Reply