မေ – ဒဂုန်တာရာ ( ကောက်နှုတ်)

kaiSeptember 7, 20131min47315

လေနုအေးသည်၊ တနွဲ့နွဲ့ နော့နေဆဲကို . . .။

=

သူသည် ပြတင်းပေါက်မှ အခန်းဆီးကို အသာ လက်ဖြင့် ဖယ်လိုက်လေသည်။
မေသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပပဝင်းနေသော လမင်း ကိုနှုတ်ဆက်၏။
ကောင်းကင် တိမ်တိုက်တွေကြား၌ကား လနတ်သမီးသည် ငွေရောင်ခြည်၊ မြရောင်ခြည်တန်ဆာကို ဝတ်ဆင်ကာ က၍ နေလေသည်။ လနတ်သမီးသည် လက်ချောင်းများကို ကြာဖူး
သဏ္ဌာန်ယှက်ကာ သက်လှယ်လမင်းကို ကန်တော့၏။ လနတ်သမီးမှာ မေပင်ဖြစ်နေလေသည်။
ပြိုးပြိုးပြက်ပြက်နှင့် လနတ်သမီးမှ ဖြာထွက်သော အရောင်များမှာသူ၏ စိတ်တန်ခိုးများဖြစ်လေသည်။
ဤကဲ့သို့သော အလှအပသည် ပဉ္စလက်နည်းဖြင့် သူ့ကိုယ်တွင်းသို့ ဝင်လာမည်ဆိုလျှင်သူကိုယ်တိုင် သည်အလှအပကို ကမ္ဘာကြီးအား ဖြန့်ဝေရာ လက်နက် ဖြစ်နေမည်လောဟု
မေသည် မှုန်မှိုင်းစွာ တွေးထင်လျက် ရှိလေသည်။ သူ့အသံကို လူအများ နားထောင်လိုက်ရ၍သူ့စိတ်တို့သည် တပ်မက်ခြင်း စည်းဝါးချက်အတိုင်း ကျူးသီသောတေးများ

တီးခတ်ရာစောင်းတူရိယာပင် ဖြစ်နေတော့မည်။ အလှအပကို သူကောင်းကောင်းမြင်၍ အလှအပ သူ့တွင်ရှိရမည်။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အလှအပ၏ ဆွဲဆောင်ရာသို့သာ လိုက်ကြသောကြောင့် ဖြစ်လေသည်။
သို့ရာတွင် သူသည် ပန်းချီဆရာလို ချစ်ဖွယ် နှစ်သက်ဖွယ်သော အာရုံတွင် မည်မျှထက်သန်လျက်ရှိသော်လည်း တဒင်္ဂမျှပင် စိတ်သည် ပျက်ပျယ် ရော့ရဲသွားခြင်းမရှိ။ ပုလဲရောင်
နှင့် ငွေရောင် တွဲစပ်ထားသော နောက်ခံကားတွင် သူသည် အကောင်းချည်း၊ အလှချည်း မြင်နေလေသည်။ တကယ်ဆိုလျှင် သူ့ဘဝမှာ မေတ္တာနှင့် အောင်မြင်မှု့တို့ဖြင့် ပြည့်စုံတော့မည်ဟု
တွေး၍ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးလေး ပေါ်လာလေသည်။ လှပကြည်ဝင်းသော လရောင်နှင့်အရိပ်များသာဖြစ်၍ ဘယ်တော့မှ နေ့ခင်း၏ တောက်ပခြင်း မဖြစ်နိုင်ပေ။
=
လဲ့ကြည်လဲ့ကြည်၊
ငွေချည်လှိုင်းသား၊ ငွေကွပ်နားနှင့်
အိလျား ပိုးလွှာ၊ မိုးအပြာလျှင်
ပွေ့ကာပိုက်ထွေး၊ ရင်ဝယ်မှေးသည်
လ ကွေးတိမ်ဝယ်၊ ပြုံးပြုံး တကား။

ဖူးငုံ ဖူးငုံ၊
ဝတ်မှုံတင့်ထူး၊ ပွင့်တော်ဦးရှင့်
ရွှေဖူး တံဆိပ်၊ စိမ်းရွက်ပိတ်၍
ချစ်မိတ် တုံ့လှယ်၊ ကြင်မည်ရွယ်သည်
ရွက်ဝယ်ပန်းပွင့်၊ ဖုံးဖုံး တကား။

တင့်ဟန် တင့်ဟန်၊
ပြာလျှံ တိမ်တိုက်၊ လကိုပိုက်၍
ဖူးကိုက် စိမ်းရွက်၊ ပွင့်ကိုဖက်၍
ချစ်လျက်ကြစေ၊ ကံမွဲ မေ မူ
ကြင်သက်ဝေက၊ မုန်းမုန်း တကား။
=
မောင်နှမ နှစ်ယောက်ကား အဝတ်အစားလဲကာ မြို့ထဲထွက်သွားကြလေသည်။ သူတို့နှစ်ယောက်မှာ သူငယ်ချင်းများလို ရောရောဝင်ဝင် ချစ်ကြသည်။ ဗမာအကိုလို နှမလို ဣနြေ ́ကြီး
တွေနှင့် မဟုတ်ကြ။ တယောက်အရေး တယောက် ဖွင့်ပြောတတ်ကြသည်။
သူတို့သည် စကော့ဈေးရှိ ပိုးတိုက်များတွင် ဝင်ကာ မေ့ဘို့ အဆင်ရွေးကြလေသည်။
ကိုကျော်မြင့်က အပြာရင့်ရောင် များများပါသော အကွက်အသွေးကိုရွေးသည်။
သူ့အကြောင်းပြချက်မှာ မေသည်ဗိုလ်ဆံဆံချောသည်ဟုဖြစ်လေသည်။
=

လယ်ကွင်းဘက်ဆီမှ ငှက်တော်တို့ ပုဇင်းထိုးတို့ အော်မြည်ကြ၏။ ပန်းခြံထဲမှ ရွှေချိုးဖြူများ ကူနေကြ၏။
စာကလေးများလည်း တကျိကျိ မာဂဓသံ ကျူးရင့်နေကြ၏။ ထိုအခိုက် အလယ်ခန်းဆီမှငှက်တကာတို့၏ မာဂဓသံထက် သာယာချိုမြသော ကြိုးကြာမယ်ကလေး၏တေးသံသည်တလွင်လွင် ပေါ်ထွက်လာလေသည်။ ကိုကျော်မြင့်သည် ခေါင်းထောင်၍ နားစွင့်၏။ သီချင်းသံ
မှာ မေ၏အသံ ဖြစ်လေသည်။ စန္ဒယားသံမှာ အဆိုနှင့်အတူ ငြိမ့်ငြောင်းလှလေသည်။

”ချစ်မေတ္တာသာ နှင်းဆီပွင့်ကလေးဖြစ်လျှင်
ပျိုမေခင်သာ သစ်ရွက်ကလေးဖြစ်လျှင်
အစဉ် နွဲ့လိုတွဲနေမှာဘဲရှင်၊
အေးလျှင်အေး ပူလျှင်ပူ
ကွင်းပြင်မှာ ပန်းခြံမှာပင်၊
မေတ္တာပန်း ပွင့်လန်းမှာရှင်”

=
မေစီးသော လန်ချားသည် စပတ်လမ်းဘက်သို့ ချိုးကာ တဖန်မောင်ဂိုမာရီမှ အနောက်ဖက်သို့ ကွေ့လိုက်လေသည်။ ရုပ်ရှင်ပြီးချိန်ဖြစ်သဖြင့် ယာဉ်ရထား၊လူသူတို့ဖြင့် ရှုပ်ရှက်ခတ်၏။ ဓာတ်မီးတွေမှာလည်း ထိန်ထိန်လင်းလျက်ရှိ၏။ ဘူတာရုံနားသို့ရောက်လာ၏။
စတားရုံ၊ အော်လင်ပီယာရုံတွင် လူတွေ ကြိတ်ကြိတ်တိုးလျက် ရှိကြ၏။ နောက်ဆူးလေဘုရားလမ်းနှင့် မောင်ဂိုမာရီ လမ်းထောင့်သို့ ရောက်၏။ မေသည် ကွန်တီနင်တယ်တိုက်ရှေ့တွင်လန်ချားကိုရပ်လေသည်။ တန်တား ဂုံးကြီးပေါ်မှာကား ကျားတံဆိပ် ဘိလပ်ရည်၊ပိုလိုစီးကရက်၊ ဘီယာအရက် ကြော်ငြာသော မီးနီ မီးစိမ်း များသည် မှိတ်တုံ့ လင်းတုံ့ နှင့်အရောင်စုံ လက်နေကြ၏။
မေသည် ပလက်ဖေါင်းပေါ်တွင်ရပ်ကာ လမ်းသွား လမ်းလာများကို ငေးကြည့်လေသည်။ဂလုပ်၊ ပလာဒီယံ၊ အိုဒီအုံး စသော အင်္ဂလိပ်ရုပ်ရှင်ရုံများရှေ့တွင် လူတွေရုတ်ရက်ခတ်နေကြ၏။
=
အပေါ် ထပ်တွင်ကားမေသည် မှန်ရှေ့တွင် ရပ်နေလေသည်။
သူသည် ဘယ်တုံးကမျှ ဒီလောက် မမောပန်းခဲ့။ ဘယ်တုံးကမျှ ဒီလောက် မပျော်ခဲ့။
နွမ်းလျလျှက်ရှိသော အကြောအခြင်များမှာ ကုန်လွန်ခဲ့သောညကို သတိရစေ၏။ ဖန်စပ်နေသောမျက်လုံးများမှာ ခွဲခွာရစ်ခဲ့သော ချစ်သူကို သွားမြင်စေ၏။
အချစ်ဆိုတာ ဒါဘဲ။ နေမင်းကြီးအောက်မှာ နေကြတဲ့ မိန်းမ ယောက်ျားတွေ၏ စိတ်ကိုပြောင်းလဲစေသော အရာဖြစ်သည်။
သို့ရာတွင် ထိုအရာသည် မေ့ကို မပြောင်းလဲစေခဲ့။ သူသည် ထူးကဲသော ကာမရမက်ကိုအဖေါ် တယောက်ထံတွင် မြှုပ်နှံခဲ့လေပြီ။ သို့ရာတွင် မေသည် မပြောင်းလဲ။ သူ့ကိုယ်သူအပ်ခဲ့၏။
သို့ရာတွင် သူ့စိတ်ကို သူသာပိုင်၏။ ညအတွေ့ကြောင့် အရောင်ပိုတောက်လာ၏။
ပေါင်းစပ်၍ မရသော ကာမရမက်သဘောနှင့် ပညာဉာဏ်သဘောကို ယှဉ်တွဲလိုသောရည်ရွယ်ချက် မေ့တွင် ဘယ်တော့မျှမရှိပေ။ သူသည် ကာမရမက် ကြီးနေသောအခါ၍ အခြားလူသတ္တဝါတွေ ကာမရမက် ကြီးကြသလို ကာမရမက်ကြီးမည် ဖြစ်လေသည်။ ပညာနှင့်ကာမရမက်မှာ တခြားစီဖြစ်သည်။ ကာမရမက်တွင် အဆင့်အတန်း ခွဲခြားခြင်းမရှိ။

ငယ်ငယ်နှင့်ကြီးကြီးဟူ၍သာ ခွဲခြားနိုင်သည်။ ပြီးတော့လည်း ပြီးသွားသည့် အရာမျိုး ဖြစ်လေသည်။
ဘသိန်းကို နောက်ဘယ်တော့မှ တွေ့ရလိမ့်မည်မဟုတ်ဟု သူထင်သည်။
=
ရှေ့က မိန်းမတဦးမှာ စိန်ဆွဲကြိုး ဆွဲလာ၏။ ဘယ်လောက် ဂုဏ်ပကာသနများသလဲ။ အလဟဿစိတ် များသလဲ။ လူလုသွားလျှင် ဘယ့်နှယ့်လုပ်မလဲ။
မေသည် သူ့နောက်မှ ပါသွားလေသည်။ စိန်ဆွဲကြိုးဆွဲသော မိန်းမမှာ အဖေါ်ကွဲလာ၍အဖေါ်ကို ရှာနေဟန်တူ၏။
သူ့နောက်မှ ပရိသတ်ကြီး၏ အသံသည် ဩဘာသံဟု မှတ်ထင်ရ၏။ မေသည် အနောက်မှလူအရှိန်ကြောင့် အရှေ့သို့ ရောက်သွား၏။ လျှပ်တပြက်အတွင်း မေ၏လက်သည်

ဆွဲကြိုးကုံးကိဆုတ်မိရက်သားဖြစ်နေ၏။ ”ဟေး” ဟုဆို၍ နောက်တချက် အတိုးလိုက်တွင် မေ့လက်ထဲ၌စိန်ဆွဲကြိုး ပါလာသည်။ သူသည် အော်သံကြားရကာ ယောကျာ်းကြီးတယောက်ကသူ့အင်္ကျီကိုဆွဲလိုက်၏။ သို့ရာတွင် လူတွေက များသဖြင့် တချက်ဆောင့်၍ ရုံးလိုက်ရာ လွတ်ထွက်သွားလေသည်။ ”လုတယ်ဗျို့ လူ လုတယ်ဗျို့” ဟူသော အသံတွေဖြင့် ရုန်းရုန်း ရုန်းရန်း ဖြစ်သွား၏။ မေကား ပရိသတ်အစွန်သို့ ရောက်သွားလေသည်။ မေသည် လူတွေကို တိုးဝှေ့၍ သွားလေသည်။ မေသည် ဗဟန်းဘက်သို့ ရောက်သွားလေသည်။ သူသည် စိတ်မလုံသဖြင့် နောက်သို့လှည့်ကြည့်၏။ မည်သူမျှ သူ့နောက်ကို မလိုက်ကြ။ မေသည် ဓါတ်မီးတိုင်အောက်တွင် ခဏရပ်လေသည်။ လက်ထဲတွင် ဆုပ်ထားသော စိန်ကြိုးကို အင်္ကျီအိတ်ထဲသို့ ထည့်လိုက်လေ သည်။
မေသည် ပြုံး၏။အနည်းဆုံး တထောင်လောက်တော့ တန်မည်။
=
စိတ်ပညာဆရာကြီးများသည် နောင်တရနေသော အပြစ်ကျူးလွန်သူတို့ အခြားစိတ်ဝင်စားစရာကို တွေ့မည်မဟုတ်ပေ။ သူတော်စင်နှင့်အပြစ်ရှိသူကို ခြားနားချက်မှာ အပြစ်ကျူးလွန်သူမှာအနာဂတ်ရှိ၍၊ သူတော်စင်မှာ အတိတ်ရှိလေသည်။ သူတော်စင်များမှာ စင်စစ် အကုသိုလ်နည်းပါးလာ၍ သူစရိုက်သို့ ရောက်လာခြင်း ဖြစ်လေသည်။ ငတ်ပြတ်လာလျှင် ဘုန်းကြီးကျောင်းသွား၍ အေးရိပ်ခို၏။ ထိုသူများကိုသာ တကယ်ချီးမွမ်းသင့်သည်။ လောကတွင် ဒုစရိုက်နှင့်သုစရိုက် ၂ လမ်းရှိသည့်အနက် ဘာမျှသတိမရှိ၊ ရည်ရွယ်ချက်မရှိ ရောက်ရာပေါက်ရာလမ်းတလမ်းကိုရောက်နေခြင်းမှာ ချီးမွမ်းဖွယ် မဟုတ်ပေ။
=
သူအရင်က ဘယ်လိုနေမယ်၊ ဘယ်လိုထိုင်မယ်ဟု စိတ်ကူးနှင့် လေထဲ တိုက်အိမ် ဆောက်ခဲ့သော အိပ်မက်များသည် တမိနစ်အတွင်း ပြိုပျက်၍ သွားလေပြီ။ ကိုကိုမြင့်၊ ကိုကိုမြင့်။ သူ့ကိုသိသလား။ မေသည် ခေါင်းခါလေသည်။ သူ ဒီနေရာမှာ နေဘို့အခွင့် မရှိတော့။ သူကားမသန့်ရှင်း။ သူကား လမ်းမနှင့်သာတော်သည်။ သူကလည်း ဒီအတိုင်း ပြောခဲ့သည်။ သူသည်စိတ်ဆိုးရမှန်းလည်း မသိ။ ဝမ်းနည်းရမှန်းလည်း မသိ။
သူ့ဝမ်းတွင်းရှိ အစိုင်အခဲ အားလုံးတို့သည် အရည်ပျော်ကျကာ မျက်ရည်အဖြစ်သို့ပြောင်းလဲလေသည်။ မျက်ရည်များသည် မီးလျှံတောက်နေသော အသဲနှလုံးကြားမှ ထွက်လာသဖြင့် ချော်ရည်ကဲ့သို့ ပူ၏။ သူ့တကိုယ်လုံး နာကျင်သော ဝေဒနာကို ခံစားနေ၏။ ကိုယ်ကားမဟုတ်။ စိတ်နာကျင်မှုသာ ဖြစ်လေသည်။ မေသည် သူ့အမေ၏ ဓာတ်ပုံမှန်ကွဲ အစအနများကိုသွားမြင်၏။ မေသည် ဒူးထောက်ကာ ဓာတ်ပုံကို ကုန်းကောက်လေသည်။ မေမေ၊ မေမေ။
မျက်ရည်ကြောင့် မှုန်ဝါးဝါးသာမြင်၏။ သည်တခုသာ သူ့အဖို့ သဲကန္တာရမှ စမ်းရေအိုင်တကွက်ဖြစ်၏။ မေသည် မျက်ရည်ကိုသုတ်ကာ ဓာတ်ပုံကို ကြိုးစာ၍ မြင်အောင်ကြည့်၏။
မေမေရယ်၊ မေ့မေ့သမီး လူကောင်းဖြစ်ပါပြီ။
=
စိမ်းအနားကွပ်နှင့် အပြာခံရေခဲချည်စောင်သည် မေ၏ရင်မှ လျှောကျသွားလေပြီ။ မေ၏ပိုးတွန့်လုံချည်ပေါ်တွင် ဘသိန်း၏လက် တင်ထား၏။ မေ၏ပါးနှင့် သူ၏ပါးတို့သည် အပ်ထားကြ၏။ ဒီလို အောက်တန်းစားဘဝတွင် ဒီအရာများသာ မေ့ကို ကြည်နူးစေသည်။ အကုန်လုံးကိုမေ့စေသည်။
ဒီလို လူတကာနှင့် ပလူးရသည့် ဖာသယ်ဘဝသာ သူ့နကိုစရိုက်နှင့် ကိုက်ညီလှသည်။
အကောင်းကိုရှာ၏။ အကောင်းကား မရှိတော့။

ဒဂုန်တာရာ
ပြီးပါပြီ။

==

မှတ်ချက်။  ။ ဒဂုန်တာရာရဲ့”မေ”ကိုဒီနေ့ပြန်ဖတ်ဖြစ်တယ်။ အဲဒါနဲ့ ကြိုက်တာလေးတွေ ကောက်နှုတ်ထားတာပါပဲ..။

15 comments

  • kai

    September 7, 2013 at 3:22 pm

    ဒဂုန်တာရာ၏ မေ

    မေဝတ္ထုကို ဆရာဒဂုန်တာရာ အသက်၂ဝ ဝန်းကျင် ကျောင်းသားအရွယ်၌ စတင်ရေးဖွဲ့ခဲ့ပြီး ၈.၈.၁၉၄၁ တွင် နဂါးနီစာအုပ်တိုက်မှ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေခဲ့သည်။ ဝတ္ထုပုံစံအရေးအသားသည် ထိုခေတ်အချိန်အခါနှင့်ဆိုပါက အလွန်ဆန်းသစ်သော အရေးအသားဖြစ်သည်။ ဝတ္ထုအစတွင် “ လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲကို” ဟုအစချီထားပုံမှာ စာဖတ်သူများအကြားတွင် အလွန်ရေပန်းစားခဲ့သည်။

    ဝတ္ထုထဲမှ မေသည် ဘယ်သူ့အအုပ်အထိန်း ကိုမှမခံလိုသော ကောလိပ်ကျောင်းသူ တစ်ဦးဖြစ်သည်။ မေတွင် အထိန်းအကွပ်မရှိဘဲ သူလုပ်ရာ အကုန်လုပ်နိုင်သည်။
    မေသည် ကျောင်းမှ ထွက်ထွက်ခြင်း လူကုံထံသူဌေးများနှင့် တွေ့ရသည်။ အစသည် မေသည် လူကုံထံတို့သဘောကို နားမလည်။ ထို့ကြောင့် နားလည်အောင် ကြိုးစားသည်။ နောက်ပိုင်း မေသည် လူကုံထံတို့သဘောကို နားလည်သွားပြီး လူကုံထံတို့ဒဏ်ကိုခံရသည်။ သူတို့ထံမှ စွန့်ခွာရန် ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်သည်။

    စာရေးဆရာက မေ့အကြောင်းကိုဝတ္ထုနောက်ဆုံးစာကြောင်းတစ်ကြောင်းနှင့် မြင်အောင်ပြသည်။
    “အကောင်းကိုရှာ၏။ အကောင်းကား မရှိတော့” ဟူသတည်း။

    ဝတ္ထုမှဇာတ်ကောင်ဖြစ်သူ မေကို ထိုအချိန်က နဂါးနီစာအုပ်တိုက်ထုတ် အမှာတွင် –
    “ မေသည် ထိုခေတ် ထိုအခါက လူ့အဖွဲ့အစည်း၊လူ့ပတ်ဝန်းကျင်တစ်ခု၏ ရိုက်ပုတ်မှုဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော သားကောင်တစ်ဦးသာဖြစ်သည်” ဟု သုံးသပ်ခဲ့သည်။

    ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သူကိုဗဟိန်းက

    “မေဝတ္ထုကိုဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်ရသည်နှင့်တူလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့အရသာမှာ အခြား အစာအာဟာရများလို ဒါချည်းဒါချည်း မဟုတ်ဖဲ ထူးထူးကဲကဲ ရှိန်းကနဲ ဖိန်းကနဲ ဖြစ်သွားသောကြောင့်ဖြစ်သည် ”

    ဟု အမှာစာတွင် ရေးသားပေးခဲ့သည်။

    မေဝတ္ထုကို လီယိုတော်စတွိုင်း၏ နာမည်ကျော်ဝတ္ထုဖြစ်သော အင်နာကရနီနားနှင့်လည်း နှိုင်းယှဉ်၍ ဆိုကြသည်။ နောက်ပိုင်းတွင် စာရေး ဆရာမကြည်အေးမှလည်း မေနှင့် သဏ္ဍာန်တူ မီ ဝတ္ထုကို ရေးသားခဲ့သည်။ မေကို အဆိုပါဝတ္ထုများနှင့်လည်း နှိုင်းယှဉ် ဖတ်ရှုနိုင်ပါသည်။

    ကြိုးကြာနီ

    http://kyokyarni.blogspot.com/2013/01/blog-post_28.html

  • Myo Thant

    September 7, 2013 at 3:28 pm

    ( လောကတွင် ဒုစရိုက်နှင့်သုစရိုက် ၂ လမ်းရှိသည့်အနက် ဘာမျှသတိမရှိ၊

    ရည်ရွယ်ချက်မရှိ ရောက်ရာပေါက်ရာလမ်းတလမ်းကို

    ရောက်နေခြင်းမှာ ချီးမွမ်းဖွယ် မဟုတ်ပေ။ )

    အဲဒီစကား ကြိုက်တယ်

  • ခင် ခ

    September 7, 2013 at 4:15 pm

    အခြေအနေ၏တွန်းပို့ခံရခြင်းကြောင့် ရောက်သွားကာ ကျင်လည်ရသောလောက နှင့်
    အခြေအနေအရ ရောက်အောင်သွားကာ ကျင်လည်နေသောလောက နှစ်ခုသည် ရောက်ရှိလာမှု့ အခြေအနေသာကွဲပြားပြီး ရပ်တည်နေကြရသည့်အခြေအနေသည်က အတူူပင်ဖြစ်လေသည်။

  • အလင်းဆက်

    September 7, 2013 at 5:48 pm

    သဂျီးရေ
    အလွမ်းပြေလေး ပြန်ဖတ်ရလို ့ကျေးကျေးနော်

    ========
    ဆရာကြီး စကားလုုံးလေးတွေ ကိုသုံးစွဲဖန်တီးသွားပုံကိုကြည့်ရင်းးးး
    ဖျား ဖျားလာတယ်

    အင်းးးး

    အနုပညာ အကြောင်း
    ဒီနေ ့ တွေးဦးမယ်

  • မြန်မာပြည်က နိုင်ငံကျော် စတီရီယိုတေးရေးဆရာတစ်ယောက်က
    သူ့ရဲ့ ကိုယ်တိုင်ရေးဆို သီချင်းတစ်ပုဒ်ထဲမှာ
    ဗန်းမော်တင်အောင်ရဲ့ မေလို့ မှားရေးတဲ့အတွက် အဝေဖန်ခံရဘူးတယ်။
    အဲဒါဘယ်သူလဲ သိလား

  • kai

    September 8, 2013 at 3:32 pm

    စပတ်လမ်း
    မောင်ဂိုမာရီ
    စတားရုံ၊
    အော်လင်ပီယာရုံ
    ကွန်တီနင်တယ်တိုက်
    ကျားတံဆိပ် ဘိလပ်ရည်၊
    ပိုလိုစီးကရက်
    ဂလုပ်၊
    ပလာဒီယံ၊
    အိုဒီအုံး

    အဲဒါတွေဒီခေတ်လူငယ်တွေသိနိုင်ကြသေးလား.. သိချင်မိတယ်..
    ဆိုတော့..
    မျက်နှာဖုံးပုံဆွဲတဲ့.. (ဦး)ဘရင်လေး ပန်းချီက..ကြည့်ရင်းကြည့်ရင်း”မေ”ရဲ့ပုံစစ်စစ်ပေါ်လာတာမို့.. ချီးကျုးအံ့ဩမိကြောင်း…. :kwi:

  • KZ

    September 9, 2013 at 9:27 am

    ကျနော့ အသိုင်းအဝိုင်းကြားမှာ မေ တို့ မြိုင် တို့ ဆိုတဲ့ ဝတ္ထုတွေဟာ ခိုးဖတ်ခဲ့ရတဲ့ ဝတ္ထုတွေပါ၊။
    ဒါပေမဲ့ ဒီ အသက်မှာ ပြန်ဖတ်ကြည့်တော့ ဇာတ်ကောင် စရိုက်ကို တော်တော်နားလည်နိုင်လာတယ်။
    အဲဒီ ခေတ်အခါမှ အဲ့ဒီ စိတ်အခြေခံနဲ့ အနေအထားအရ ဒီ လိုပဲဖြစ်သွားနိုင်တယ်ဆိုတာ။

    ခါတလေ ဆရာကြီး ဒဂုန်တာရာ တို့ ဆရာမကြီး ကြည်အေး တို့စာတွေ၊ အဖွဲ့တွေကို မနည်းလိုက်မှီအောင်ဖတ်ရတယ်။
    စိတ်အလျင်ကို ပေါ်အောင် ရေးနိုင်တာပါ။
    ဒီဘက်ခေတ်တော့ အဲလို ရေးနိုင်တာ တစ်ယောက်ပဲ မြင်ဘူးတော့တယ်။

    • ဦးကျောက်ခဲ

      September 9, 2013 at 9:44 am

      ဒီဘက်ခေတ်တော့ အဲလို ရေးနိုင်တာ တစ်ယောက်ပဲ မြင်ဘူးတော့တယ်။

      အဟမ်း… ဂျူး လို့တော့ လာမပြောနဲ့…
      စစ်ပွဲတွေဖြစ်သွားမယ်၊ ဘာမှတ်လဲ…
      😀

      • KZ

        September 9, 2013 at 9:46 am

        သိသားနဲ့!!

        :kwi:

        • ဦးကျောက်ခဲ

          September 9, 2013 at 2:05 pm

          ချဉ်ထှာာအေ… ရေးနိုင်ပေမည့် မှီလို့လား…
          တောင်ဇလပ်ပန်းရနံ့နဲ့ ပန်းထုပ်တဲ့ ဖက်လို ရနံ့ချင်းက ကွာပါ့…
          ဆရာကြီးရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်… မှီနိုင်သူ ရှိအံ့မထင်…
          :kwi:

      • kai

        September 9, 2013 at 3:47 pm

        ဂျူးက.. အဲဒီလိုစာလုံးလှလေးတွေတော့.. မရဘူးလို့ထင်တာပဲ..
        တစ္ဆေကိုရှာတင်ပေးလိုက်ကြောင်း… :mrgreen:
        ====
        တစေ ္ဆ

        အိပ်လို့မရ
        ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
        မွေ့ရာတွေလဲ ၊ ကြေမွတွန့်လိပ်
        သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
        ခိုတွယ်စရာ ၊ အတည်မကျ။

        အပြင်ဘက်မှာ
        သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
        စကားပင်အို ၊ ကန်ရေစိုစွတ်
        ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
        စမ်းလျှောက်သွားနေ ၊ မြက်ချုံတွေထဲ
        တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

        ခုတင်ခြေရင်း
        ဖြည်းနင်းရှပ်ရှပ် ၊ မတ်တပ်ထလိုက်
        ခန်းဝကိုလာ ၊ ဝရန်တာမှာ
        သည်မှာတစ်ယောက် ၊ တစ္ဆေခြောက်လှန့်
        ကြောက်ကြောက်နှင့်ကြည့် ၊ မျက်နှာလှည့်စမ်း
        တည့်တည့်လှမ်းမြင် ၊ အော်ငိုချင်မိ
        တဆင်တည်းပဲ သူနှင့်ငါ။

        မြစ်နက်ထဲမှာ
        ငါ ရေနစ်မြှုပ် ၊ ချမ်းပြီးကုပ်နေ
        ကုက္ကိုကိုင်းကြား ၊ ငါနေနားလိုက်
        ဘုရားရှေ့မှောက် ၊ ဒူးထောက်ရောက်ပြန်။

        မောပန်းလျနှင့်
        တစ်ယောက်သောငါ ၊ ငါများစွာမှ
        ထလာလွင့်ပါး ၊ မောင့်အနားကို
        စကားထွေရာ ၊ ငိုသံပါနှင့်
        ဘာမှမကြား ၊ မောင့်အနားမှာ
        ‘ ထသွားစို့ဆို ၊ မေ့ကိုအိပ်မက်
        မမက်ဘူးလား ‘ ၊ တစ္ဆေဖြားယောင်း
        မှုန်မွှားစိတ်ဝယ် ၊ အရိပ်ထင်။ ။

        ကြည်အေး
        (တာရာမဂ္ဂဇင်း ၊ အတွဲ ၃ ၊ အမှတ် ၂ဝ ၊ ၁၉၄၇)

  • ဦးကျောက်ခဲ

    September 9, 2013 at 9:41 am

    ဘဝမှာ ပထမဦးဆုံးဖတ်ဖူးတဲ့ ဝထ္ထု…
    (၇)တန်း နွေကျောင်းပိတ်ရက်မှာ မိဘတွေမသိအောင် ခိုးဖတ်ပြီး ရင်ထဲမှာ ခိုးလို့ခုလု…
    စာလုံးတွေက နု ပေမည့်၊ ဇာတ်လမ်းက ကြမ်းတာမို့ (၉)တန်းရောက်မှ ပြန်ဖတ်နိုင်တယ်…
    အခုတောင် ကောက်နှုတ်ချက်တွေပြန်ဖတ်ရင်း ဖိုးသိုးဖတ်သက်….. ဟီး ဟီး
    😀

  • kyeemite

    September 9, 2013 at 1:34 pm

    ဖတ်လို့ကောင်းပါ၏
    အရေးအသားလည်းနုပါ၏
    အတွေးအခေါ်လည်းပါပါ၏…အော်ဆရာကြီးပေကိုး :kwi:

  • Ma Ma

    September 9, 2013 at 5:41 pm

    တောက်မည့်မီးခဲ တရဲရဲဆိုသလို….ဆရာကြီးရဲ့ ပါရမီက ထူးခြားထက်မြက်တယ်လို့ ပြောချင်တယ်။
    စကားလုံးတွေခေါ်ရာလိုက်ပြီး လူပါ စာထဲပျော်ဝင်သွားတယ်။
    🙂

Leave a Reply