စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၁) – Copyright © H + M

ဇီဇီSeptember 11, 20133min26813

1) Passport & Visa ပတ်စ်ပို့ နှင့် ဗီဇာ

ပထမဆုံး ပတ်စ်ပို့လုပ်ရပါသည်။ ဒါကို လူတိုင်းသိပြီးသားဖြစ်ပါသည်။

 ပတ်စ်ပို့ရပြီးလျှင် စင်ကာပူ Visa (ဗီဇာ) လျှောက်ရပါသည်။

 ဗီဇာသည် သံရုံးဗီဇာ နှင့် စင်ကာပူ (Immigration Checkpoint Authority)

 ICA, (လူဝင်မှုကြီးကြပ်ရေး) မှပေးသော e-Visa ဟူ၍ (၂) မျိုးရှိပါသည်။

e-Visa သည် အချိန်မကုန်၊ အလုပ်မရှုပ်ပါ။

Multiple Entry (စင်ကာပူသို့ ၃လအတွင်း အကြိမိကြိမ်ဝင်ထွက်နိုင်)သောကြောင့် အကယ်၍ နေထိုင်ခွင့်ရသည့် ၂ လအတွင်း အလုပ်မရ၍ မလေးရှားသို့ စတေးရှောင်လျှင်လည်း ပြန်သုံးလို့ရပါသည်။ (ဗီဇာထပ် မလျှောက်ရတော့ပါ။)

အသေးစိတ်ကို http://www.facebook.com/HplusMPage “Singapore Visa & Stay စင်ကာပူ ပြည်ဝင်ခွင့်နှင့် နေထိုင်ခွင့်သက်တမ်း အကြောင်းသိကောင်းစရာ (၁) နှင့် (၂) တို့တွင် ပြန်ဖတ်ကြည့်ပါ။

(H + M မှလည်း e-Visa လျှောက်ထားနိုင်ပါသည်။)

 

2) Air Ticket လေယာဉ်လက်မှတ်

 ဗီဇာရပြီဆိုလျှင် စင်ကာပူသို့လာရန် လေယာဉ်လက်မှတ်ဝယ်ပါ။

 ရန်ကုန် – စင်ကာပူ လက်ရှိပြေးဆွဲနေသောလေကြောင်းလိုင်းများမှာ –

၁) Myanmar Airways International (M.A.I) Code share with (Jet Star)

၂) Silk Air (MI)

၃) Singapore Airline (SQ)

၄) Golden Myanmar Airline (GMA)

၅) Tiger Airways (အသစ်ပျံသန်းပြေးဆွဲမည်)

ယေဘုယျအားဖြင့် Jet star သည် ဈေးအပေါဆုံးပါ။ သို့သော် ကီလို နည်းနည်းသာရတတ်ပါသည်။ မိမိသည် စင်ကာပူတွင် အလုပ်လာရှာ သည်ဖြစ်၍ တစ်လအနည်းးဆုံး၊ သို့မဟုတ် နှစ်လ နေမည်ဖြစ်၍

 ၁ဝ ကီလိုနှင့် မလောက်နိုင်ပါ။ (ပစ္စည်းနည်းနည်းသာ သယ်လာမည် ဆိုလျှင် ကိစ္စမရှိပါ။)

ကီလိုထပ်ဝယ်လို့ရပါသည်။ ထိုသို့ ထပ်ဝယ်လျှင် အခြား လေကြောင်းလိုင်းများနှင့် ဈေးမကွာတော့ပါ။

 တခါတရံ Silk Air, SQ တို့ Promotion နှင့်ကြုံပါက ဈေးသက်သာ တတ်ပါသည်။

(H + M Page ကိုအမြဲကြည့်ပါက Promotion များသိနိုင်ပါသည်။)

တစ်ခါမှမလာဖူးဘဲ တစ်ယောက်တည်းလာမည်ဆိုလျှင် M.A.I အမ်အေအိုင် ကိုစီးပါ။ လေယာဉ်ဝန်ထမ်းများသည် မြန်မာများဖြစ်၍ အကူအညီရနိုင်သည်။ လေယာဉ်ပေါ်တွင် မြန်မာဘာသာဖြင့်လည်း ကြော်ငြာပေးပါသည်။

 ဈေးလည်း သက်သာသလို၊ ကီလိုလဲ ၂ဝ (တစ်ချို့လက်မှတ် ၃၀)ရပါသည်။ ကီလိုနည်းနည်းပါးပါးပိုလျှင်လည်း ကိစ္စမရှိပါ။

 လေယာဉ်လက်မှတ်ဝယ်လျှင် အလည်လာသူဖြစ်၍ အသွားအပြန် ဝယ်ရမည်ဖြစ်သည်။ ၃ လ အသွားအပြန်လက်မှတ်ဝယ်ပါ။ ၁ လဆိုလျှင် မိမိက ၂လ နေမည်ဖြစ်၍ အကယ်၍ အလုပ်မရလို့ပြန်ရလျှင်

 လည်း လေယာဉ်လက်မှတ် မဆုံးရှုံးပါ။ အပြန်ရက် Return Date ကို open အရှင်ထားထားပါ။ မပြန်ခင် ၂ရက်အလိုမှ bookingလုပ်နိုင်သည်။

 ၁ နှစ်လက်မှတ်သည် ဈေးကြီးသော်လည်း အသုံးဝင်သည်။

 အလုပ်ရခဲ့၍ မပြန်ဖြစ်ပါကလည်း ၁ နှစ်အကြာတွင်တော့ ခွင့်ဖြင့် အလည်ပြန်လို့ရသဖြင့် ဆက်သုံး၍ ရပါသေးသည်။

 လက်မှတ်မသုံးဖြစ်တော့ပါက တချို့ Refund ပြန်လုပ်လို့ရပါသည်။

 သို့သော် ဒေါ်လာ ၃ဝ မှ ၄၅ အတွင်း သာပြန်ရပြီး ၃လလောက် စောင့်ဆိုင်းရပါသည်။

 တချို့လက်မှတ်များ Refund ပြန်မရသလို၊ အပြန်ရက်ကိုလည်း fix date (ရက်အသေ) ဖြင့်ဝယ်ယူရသည်။ ရက်ပြန်ပြောင်းမရပါ။

 စင်ကာပူလေကြောင်းလိုင်းများဖြစ်သော Silk Air (MI) , Singapore Airline (SQ) စီးလျှင် စင်ကာပူ Immigration တွင်မရစ်ပါ ဟူသည်မှာ မဟုတ်ပါ။ ရစ်ခြင်း မရစ်ခြင်းသည် လေကြောင်းလိုင်းနှင့် မည်သို့မှ မပတ်သက်ပါ။

 

3) D-Form ပြည်ပထွက်ခွာခွင့် မလိုတော့

 ယခုအခါ မြန်မာနိုင်ငံဘက်တွင် D-Form ဟုခေါ်သော ပြည်ပထွက်ခွာခွင့် ပြုလုပ်ရန်မလိုတော့ပါ။

 

4) စင်ကာပူလာမည်ဆိုလျှင်

စင်ကာပူကိုလာလျှင်လည်း ကြာသပတေး၊ သောကြာ လာသင့်သည်။ စနေနေ့ထွက် သတင်းစာသည် အလုပ်ကြော်ငြာများပြားသောကြောင့် ရောက်ရောက်ချင်း အလုပ်များစလျှောက်နိုင်သည်။ စင်ကာပူတွင် Visit အလည်သမား အလုပ်လာရှာသူအဖို့ တစ်ရက် တစ်ရက်သည် အလွန် အဖိုးတန်လှသည်။

 လာကြိုမည့်သူလည်းမရှိ၊ မိမိကလည်းတစ်ယောက်တည်း မေးမြန်း သွားရန်အဆင်မပြေပါက စနေ၊ တနင်္ဂနွေလာပါ။

(H + M မှလည်း စနေ၊ တနင်္ဂနွေ လေဆိပ် ကြို/ပို့ ဝန်ဆောင်မှုပေးပါသည်။)

 

5) Singapore Immigration စင်ကာပူ လူဝင်မှုကြီးကြပ်ရေး

 စင်ကာပူ လူဝင်မှုကြီးကြပ်ရေးသို့ Show Money ပြရန် အမေရိကန်ဒေါ်လာ USD 500 အနည်းဆုံး လဲ လာသင့်သည်။ စင်ကာပူတွင် တစ်လနေမည်ဆိုလျှင်ပင် စင်ကာပူဒေါ်လာ ၁ ထောင်ကျော်ကုန်ပါသည်။ နှစ်လဆိုလျှင် ၂ ထောင်ကျော်ပါသည်။ ထို့ကြောင့် အနည်းဆုံး USD 1000 လောက်မဖြစ်မနေ ယူလာရမည်။ USD 2000, 2500 လောက်ဆို ကောင်းကောင်းလောက်ပါသည်။ အလုပ်မရလျှင် မလေးရှားသို့ပင် စတေးရှောင်နိုင်သေးသည်။ ယူလာမည့်ငွေအားလုံး  စင်ကာပူဒေါ်လာ လဲလာလျှင် အကောင်းဆုံးဖြစ်သည်။ လေဆိပ်မှ တက္ကစီ စီးမည်ဆိုလျှင် အခက်မတွေ့တော့ပါ။ လေဆိပ်တွင်လဲနိုင်သော် လည်း ဈေးအရနည်းပါသည်။ အလုပ်လည်းရှုပ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပုဂ္ဂိလိကဘဏ်များတွင်လည်း လဲလှယ်နိုင်သည်။

 စင်ကာပူ လူဝင်မှုကြီးကြပ်ရေးတွင် ပြေပြေလည်လည်နှင့် ကောင်းကောင်း မွန်မွန်ပြောဆိုပါ။ ခုမှ စစဦးဆုံးလာသည်ဆိုလျှင် မရစ်တတ်ပါ။ ခဏခဏလာဖူးလျှင်လည်း အကြောင်းအရင်းတခုခုကို ပြောပြပါ။ စင်ကာပူတွင် မည်မျှကြာကြာနေမည်နည်း ဆိုလျှင် တစ်လဟုသာဖြည့်ရန်နှင့် တစ်လဟုသာပြောပါ။ ဘာလို့ တစ်လတောင်နေမှာလဲ၊ ယခင် ဘယ်တုန်းကလဲ လာထားပြီးပြီဟုမေးလျှင် ဖြေရန် အကြောင်းတစုံတရာစဉ်းစားထားပါ။ ဥပမာ – အမျိုးအဆွေရှိသောကြောင့် ခဏခဏလာတွေ့နေခြင်း စသည်။ မြန်မာပြည်တွင် အလုပ်လုပ်နေသလားဆိုလျှင် လုပ်နေပါသည်၊ ခွင့်ဖြင့် လာပါသည်၊ စင်ကာပူတွင် အလုပ်လုပ်ရန်အစီအစဉ်မရှိပါဟုပြောပါ။

 စင်ကာပူ လူဝင်မှုကြီးကြပ်ရေးသည် ပုံမှန်ဆိုလျှင် တစ်လနေထိုင်ခွင့် တုံးထုပေးပါသည်။ တိတိကျကျဆိုလျှင် ရက် (၃၀) ဖြစ်သည်။ အွန်လိုင်းမှ နောက်ထပ်ရက် (၃၀) ထပ်တိုးနိုင်သည်။ များသောအားဖြင့် ရတတ်ပါသည်။ တချို့လည်းမရပါ။ မရလျှင် ထပ်မလျှောက်ပါနှင့်။

 စင်ကာပူမှ အနည်းဆုံး ၂ပတ် လောက် ထွက်လိုက်ပါ။ တစ်လဆို ပိုကောင်းပါသည်။ ပြီးမှ ပြန်ဝင်ပါ။

 ထို့ကြောင့် အလည်အပတ်ဖြင့် အနည်းဆုံး တစ်လ နှင့် အများဆုံးနှစ်လ နေထိုင်နိုင်သည်။

 အသေးစိတ်ကို   http://www.facebook.com/HplusMPage “လေယာဉ်ပေါ်မှာဝေတဲ့ အဖြူရောင်ကတ်ပြားလေး (သို့မဟုတ်) White Card ခေါ် (Disembarkation / Embarkation) DE Card” အကြောင်း တွင်ပြန်ဖတ်ကြည့်ပါ။

 အကယ်၍ လူဝင်မှုကြီးကြပ်ရေးကောင်တာမှ အတွင်းခန်းသို့ခေါ်သွား လျှင်လည်း လိုက်သွားပါ။ ပတ်စ်ပို့တောင်းမည်၊ လက်ဗွေနှိပ်ချင်လည်း နှိပ်ခိုင်းမည်။

 တစ်ခါတစ်ရံ မေးမြန်းတတ်သည်။ သေချာပြန်ဖြေပါ။ လိုအပ်သော စာရွက်စာတမ်းများပြပါ။ တစ်လတုံးထုပေးပြီး ထွက်ပေါက်တစ်ခုကို တံခါးဖွင့်၍ ထွက်ခိုင်းပါမည်။

(အထူးသဖြင့် In-Principle Approve Letter, IPA Letter ဖြင့်လာသူများ ဖြစ်တတ်သည်။ အလုပ်ရပြီး Pass approved ဖြစ်ပြီးသောသူများ)

အထက်ပါ အခြေအနေများသည် ဖြစ်တတ်သော အခြေအနေအားလုံးကို ပြောပြခြင်းသာဖြစ်သည်။ အလွန်အမင်းစိတ်ပျက် စိုးရိမ်ပူပန်စရာ မလိုပါ။

 ပုံမှန် Immigration ကောင်တာဖြတ်၊ နည်းနည်းပါးပါးမေးမြန်း၊ ထို့နောက် တစ်လတုံးထုပြီး လွှတ်လိုက်သည်သာများသည်။

Baggage Claim အထုပ်အပိုးယူတဲ့အခါ သတိပြုပါ Immigration ဖြတ်ပြီးလျှင် Baggage ရွေး၊ ထိုအခါ နောက်ထပ် X-rays ထပ်ဖြတ်ခိုင်းတတ်သည်။

 အထူးသတိပြုရန်မှာ – ဆေးရွက်ကြီး၊ ချိန်းကြိုး၊ ပီကေ၊ ကစားစရာ လက်ထိပ်၊ သေနတ် တို့ထည့်မလာရန်နှင့် ပါမလာစေရန် သတိပြုပါ။ ကြီးလေးသော အပြစ်ဒဏ်ဖြစ်ပါသည်။

သူများပေးလို့ သယ်လာလျှင်လည်း သေချာဂရုစိုက်ပါ။ တချို့ကီလိုပိုလို့ ဒါလေးပေါင်းချိန်ပေးပါဆိုလျှင် အထဲမှာဘာပါသည်ကို သေချာမေးပါ။ လေယာဉ်ပေါ်မှာလည်း မည်သည့်ပစ္စည်းများ သယ်လာလျှင် မည်သို့ ဖြစ်မည်ကို ကြော်ငြာပါသည်။ ဘိန်းဖြူ နှင့် မူးယစ်ဆေးဝါး ဆိုပါက စင်ကာပူဥပဒေအရ သေဒဏ်ဖြစ်ပါသည်။

 

6) လေဆိပ်မှာ Taxi တက္ကစီဌားလျှင်

လေဆိပ်ကထွက်လာလျှင် လာကြိုသူရှိပါက လိုက်သွားပါ၊ မရှိလျှင် Train to City ဆိုသည့်ဆိုင်းဘုတ်မြှား အတိုင်းလိုက်သွား၍ MRT ရထားစီးပါ။ မစီးတတ်လျှင်လည်း Taxi စီးသွားပါ။

 Taxi ဟူသောဆိုင်းဘုတ်ပြထားပြီး စတီးအကန့်များဖြင့် တန်းစီရန်လုပ် ထားသည်။ ဝင်စီလိုက်ပြီး မိမိအလှည့်ရောက်လျှင် သက်ဆိုင်ရာတာဝန်ရှိသူမှ လက်ညှိုးထိုးပြသည့် ကားပေါ်တက်လိုက်ပါ။ မိမိနေမည့်လိပ်စာကို ရန်ကုန်ကလာကတည်းက ရေးလာခဲ့ပါ။

 တက္ကစီမောင်းသူကို သွားမည့်လိပ်စာပြလိုက်ပါ။ တက္ကစီများသည် မီတာဖြင့် ဖြစ်သည်။ အဲကွန်းဖွင့်မောင်းသည်။ ကားမူးတတ်လျှင် သတိထားပါ။ တံခါးဖွင့်စီးမည်ဟု မောင်းသူကိုပြောပြီး ဌားပါ။

 စစတက်ခြင်း စင်ကာပူ ၃ ဒေါ်လာ ၃.၇ဝ ထိ ကားအမျိုးအစားပေါ် မူတည်၍ ကျသင့်ပါသည်။ လေဆိပ်မှ ဌားသောကြောင့် အပိုကြေး ထပ်ပေးရမည်။ မာစီးဒီးအမည်းကဲ့သို့ ကားအကောင်းစားဆိုလျှင် စတက်တက်ခြင်း ၃.၉ဝ မှ ၅ ဒေါ်လာထိဖြစ်သည်ကိုသတိပြုပါ။

 လေဆိပ်မှစဌားသဖြင့် airport surcharge အပိုပေးရသည်။ ကားခ စုစုပေါင်းကျသင့်ငွေ + အပိုကြေး။ ဖြစ်သည်။ အပိုကြေးမှာ သောကြာ၊ စနေ၊ တနင်္ဂနွေ ညနေ ၅ နာရီမှ ညသန်းခေါင် ၁၂ ထိ

 ၅ ဒေါ်လာ၊ ကျန်ရက်များနှင့် အချိန်များတွင် ၃ ဒေါ်လာ ဖြစ်သည်။

 

7) လေဆိပ်မှ MRT အမြန်ရထား စီးမည်ဆိုလျှင်

MRT ရထားစီးမည်ဆိုလျှင် Train to City ဆိုသည့် ဆိုင်းဘုတ်မြှား အတိုင်းလိုက်သွားပါက Changi Airport MRT Station (CG2) သို့ရောက်မည်။ Passenger Service ကောင်တာတွင် ဘယ်သို့

 သွားမည် (မိမိတည်းမည့်နေရာနှင့် အနီးဆုံး MRT) ကိုလိပ်စာပြ၍ လည်းကောင်း၊ MRT နာမည်သိ၍ ပြောပြ၍လည်းကောင်း မေးမြန်းပြီး ရထားစီးရန် လောလောဆယ် တစ်ခါသုံးကတ်ပြားတစ်ခုဝယ်ပါ။

Standard Ticket ဟုခေါ်သည်။ သွားမည့်အကွာအဝေးပေါ်မူတည် ကျသင့်မည်။ Machine စက်ဖြင့်လဲဝယ်နိုင်သည်။ ပိုက်ဆံထည့် သွားမည့် ဘူတာရွေးရုံသာ။

 ထို့နောက် ပိတ်ထားသော ဆင်နားရွက်တံခါးလေးနားတွင် ကတ်ပြားကို tab ကပ်၍ တံခါးပွင့်သွားပါက အထဲဝင်ပါ။ အဆိုပါ ဘူတာတွင် ရထားသည် ဘယ် (သို့မဟုတ်) ညာဘက်တွင် ရပ်သည်။

 မည်သည့်ဘက်တွင် ရပ်ရပ်တက်လိုက်သွားပါ။ ထို့နောက် ရထားထွက် လျှင် နောက်ဘူတာ နာမည်ကို simei ဟုကြော်ငြာမည်။ ဆက်စီးသွားပါ။ နောက်ဘူတာသည် Tanah Merah ဖြစ်သည်။ ရထားရပ်လျှင်လည်း ထပ်ကြော်ငြာပါမည်။ ထိုဘူတာတွင် Terminate ဂိတ်ဆုံးပြီဖြစ်သည်။

 ထိုမှ ရထားပြောင်းစီးရသည်။ မြို့ထဲဘက်သွားလိုလျှင် To City ဘက်သို့ ပြောင်းစီးပါ။ Tampines, Pasir Ris ဆိုလျှင် To Pasir Ris သို့ ပြောင်းစီး

 ပါ။ ထို့နောက်တွင်တော့ မိမိနေထိုင်မည့်နေရာပေါ်မူတည်၍ ရထားပြောင်း စီးရမည် သို့မဟုတ် ဆင်းရမည့် ဘူတာတွင်ဆင်းပါ။ ထိုဘူတာ Passenger Service ကောင်တာတွင် သွားလိုသည့်လိပ်စာပြ၍ လမ်းလျှောက်နိုင် သလား၊ Bus စီးလို့ရသလား၊ မည်သည့် Bus No ကို မည်သည့်နေရာမှ ဘယ်နှစ်မှတ်တိုင်စီးရမည်ကို မေးမြန်းပါ။ ဘယ်နှစ်မှတ်တိုင်မသိလျှင် Bus ပေါ်တက်မှ မောင်းသူကိုမေးကြည့်ပါ။ မိမိတည်းမည့်နေရာမှသူကို ကြိုမေး ထားလျှင်ပိုကောင်းသည်။

 စင်ကာပူတွင် MRT အမြန်မြို့ပတ်ရထားများသည် လိုင်း (၄) လိုင်းရှိ ပါသည်။

 အရှေ့အနောက် ပြေးဆွဲသော EW (အစိမ်းလိုင်း) (Green Line) , လေဆိပ်မှ စီးလာလျှင် အစိမ်းလိုင်းဖြစ်သည်။

 တောင်မြောက် ပြေးဆွဲသော NS (အနီလိုင်း) (Red Line)

မြောက်ဘက်မှ အရှေ့ဘက် ပြေးဆွဲသော NE (ခရမ်းလိုင်း) (Purple Line)

စက်ဝိုင်းပုံ ပတ်ဆွဲသော CC (အဝါလိုင်း) (Circle Line) တို့ဖြစ်သည်။

 

8) ဖုန်းကတ်

 ဖုန်းကတ်ကို စင်ကာပူရောက်ပြီးမှ ဝယ်ပါ။ အိမ်အနီးအနား 7-Eleven ကဲ့သို့ ဖုန်းဆိုင်မျိုးတွင်လည်း ဝယ်နိုင်သည်။ လေဆိပ်မှာဝယ်လျှင် ဒေါ်လာ ၅ဝ ပေး ရသည်။ ဈေးကြီးပါသည်။ ထိုသို့ဖုန်းကတ်ဝယ်လျှင် ဆင်းကတ်အရင်ဝယ်ပါ။

 ဆင်းကတ်အသေးဆိုလျှင် ပိုက်ဆံအပိုပေးရသည်။ ဆင်းကတ်ဝယ်လျှင် ရသည့် ဖုန်းပြောနိုင်သည့်တန်ဖိုး Main Value သည် အလွန်နည်းသဖြင့် Top Up ငွေထပ်ဖြည့်ရန်လိုသည်။ တစ်ခါတည်း ဖြည့်လိုက်ပါ။

 မိမိသည် အလုပ်လာရှာသဖြင့် ဖုန်းအဝင်/ အထွက် များစွာရှိမည်ဖြစ်သဖြင့် (အင်တာဗျူး ခေါ်မည့်ဖုန်းများ၊ မိမိက ဆက်ရမည့်ဖုန်းများ) Happy/ Hot S$ 128 or 130 ကတ်ကိုဝယ်ပြီးဖြည့်လိုက်ပါ။ ဒေါ်လာ ၂၈ (သို့မဟုတ်)

ဒေါ်လာ ၃ဝ ကျသင့်မည်။

 အင်တာနက်ပါသုံးချင်လျှင် 30 Days 300 MB Data $12 (သို့မဟုတ်) 50 Days 3GB Data $30 ကိုဝယ်ထည့်လိုက်ပါ။

 အသေးစိတ်ကို http://www.facebook.com/HplusMPage 

“Singapore ရောက်ရင် ဘာဖုန်းကတ်ဝယ်ရမလဲ ???

စင်ကာပူ ဖုန်းကတ်များအကြောင်း သိကောင်းစရာ၊ နှင့် Singapore Top-Up Card များအကြောင်း

3G/LTE အင်တာနက်မသုံးဘဲ Wifi နဲ့ဘဲသုံးမည့်သူများအတွက်

Super Card များအကြောင်း တို့တွင် ပြန်ဖတ်ကြည့်ပါ။

 စင်ကာပူတွင် ဖုန်း၊ အင်တာနက်၊ ကေဘယ်တီဗီ ဝန်ဆောင်မှုပေးသော Service Provider ၃ ခုရှိသည်။ SingTel, StarHub, M1 တို့ဖြစ်သည်။ ကြိုက်ရာသုံးပါ။ တစ်ခုနှင့်တစ်ခု သိပ်မကွာပါ။

 ဟန်းဆက်မရှိပါက ပင်နီဆူလာပလာဇာ ၃လွှာရှိ လင်းလက်တွင် KeyPad Phone ဟန်းဆက်အသစ်တစ်လုံး ဒေါ်လာ ၂၅၊ ၃ဝ ဖြင့် ရနိုင်ပါသည်။

 

 စင်ကာပူနှင့်ပတ်သက်လျှင် H + M ရှိပါတယ်။

 စင်ကာပူနိုင်ငံသတင်းများကို H + M Page https://www.facebook.com/HplusMPage ကိုအမြဲဝင်ကြည့်ပြီး မပြတ်လေ့လာပါ။ မေးမြန်းလိုသည်များရှိပါက အခမဲ့မေးမြန်းနိုင်ပါသည်။ အကြံပေး လမ်းညွှန်ပေးပါမည်။

H + M ဝန်ဆောင်မှုလိုချင်ပါကလည်း သက်သာသောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးပါမည်။

(e-Visa လျှောက်ထားခြင်း၊ နေအိမ်ဌားပေးခြင်း၊ လေဆိပ် ကြို/ပို့၊ တည်းခိုမည့်အိမ်အထိပို့ပေး/ကြိုပေးခြင်း၊ ဖုန်းကတ် ဝယ်ပေးခြင်း၊ ပိုက်ဆံဖြည့်ပေးခြင်း၊ MRT ရထား/ Bus ကားစီးသည့် ကတ်ပြားဝယ်ပေးခြင်း၊ ပိုက်ဆံဖြည့်ပေးခြင်း၊ ဗီဇာ နောက်ထပ်တစ်လextension တိုးပေးခြင်း စသည်တို့ဖြစ်သည်။)

hplusmguide@gmail.com (သို့မဟုတ်) +65 8480 6010 သို့ ဆက်သွယ်နိုင်ပါသည်။

 အပိုင်း (၂) ကိုဆက်လက်ဖော်ပြပါမည်။

 

Copyright © H + M

 

~~~~~~~~~~~~~~~~~~~~

 

တဂျီးပြောတဲ့ စာဖတ်သူ ဦးရေကို ယုံစားပြီး နောက်ကွယ်က စာပဲ ဝင်ဖတ်နေသူများ အတွက် ရည်ရွယ်ပါတယ်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အဲဒီ ပေ့(ချ) က သိကောင်းစရာများကို ထပ်ရှယ်သွားပါ့မယ်။  သူတို့ ရေးတာ စေတနာပါတယ်လို့ ယူဆလို့ပါ။

🙂

 

 

13 comments

  • Wow

    September 11, 2013 at 10:31 am

    စင်္ကာပူမှာ မင်ဂါဆောင်ရင်ကောဟင် :kwi:

  • ဗုံဗုံ

    September 11, 2013 at 10:52 am

    စင်ကာပူမှာအလုပ်လာရှာမယ်…. မမဂျီး ဆီမှာ 1 နှစ်လောက်နေပါမည် … ကြိုပြောထားပါသည်.. အစားအသောက်လည်း မမဂျီးအတိုင်းပင်ဖြစ်ပါသည်.. :mrgreen:

  • ဦးကျောက်ခဲ

    September 11, 2013 at 11:12 am

    ဟမ်… ကျောက်စ် ကွန်မန့်ပျောက်သွားတယ်…
    Strait Times သတင်းစာမှာ အလုပ်ကြော်ငြာဖတ်နည်း၊ Online အလုပ်ရှာနည်း…
    နေစားရိတ် စားစရိတ်၊ လစာနဲ့ ဝင်ငွေခွန်၊ အလုပ်လုပ်ခွင့်ပါမစ်တွေအကြောင်းပါ ရေးလေ…
    ပို့မည့်ပို့ ကုတို့ရောက်အောင် ပို့မှပေါ့…. ဟိ
    😀

    • KZ

      September 11, 2013 at 11:17 am

      လာမယ်လေ။
      သေချာဖတ်လေ။
      အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရှယ်မှာလေ။
      😀

  • မဟာရာဇာ အံစာတုံး

    September 11, 2013 at 11:23 am

    စင်ကာပူ ကို ….
    ပြဿဒါး နေ့မှာ …
    ကုန်းကြောင်း လာဂဲ့ဘာ့မယ် ….
    မြစ်တွေ့ရင် လက်ပစ်ကူးဘာ့မယ် …
    အိုက်ကို ရောက်ရင် မမဂျီး နှစ်ယောက်စလုံးကို (ဟိုဂျီးဒေါ်ပါဆို သုံးယောက်) အစွံထုတ်ပစ်ဘာ့မယ် .. ငီးးငီးး
    :mrgreen:

  • Mr. MarGa

    September 11, 2013 at 3:10 pm

    bookmark လုပ်လိုက်ပါဒယ်
    စောင့်ဖတ်ဖို့ ကြံရွယ်ထားပါဒယ်… :mrgreen:

  • အလင်းဆက်

    September 11, 2013 at 5:57 pm

    ဗဟုသုတ ရစေတဲ့ အတွက်
    ဝေမျှပေးတာ
    ကျေးကျေးပါ မမကြီးရေ

  • Ma Ma

    September 13, 2013 at 8:33 am

    ရေးထားတာ စေတနာပါပါတယ်။
    ပြည့်ပြည့်စုံစုံ အသေးစိတ်ရေးပေးထားလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခဏတဖြုတ်သွားလည်ချင်တဲ့သူတွေအတွက်လည်း အကျိုးများပါပေတယ်။
    စင်္ကာပူလေယာဉ်ခတွေ လျှော့ချနေလို့ သွားလည်ချင်တဲ့ သူငယ်ချင်းတွေကို လက်ဆင့်ကမ်းလိုက်အုံးမယ်။ 🙂

  • ခင် ခ

    September 13, 2013 at 3:18 pm

    (၆)ခုစာရင်းတို့ထားပြီ

  • Shwe Ei

    September 13, 2013 at 4:15 pm

    တော်တော်လေးပြည့်စုံအောင်ရေးထားလို့ ဖတ်နေရင်း စိတ်ဝင်စားမှုပိုတိုးလာပါတယ်

    ခနခနဖတ်မှ အသေးစိတ်မှတ်မိမယ်ထင်တယ်

    သင်ခရုဘာ ဆွိ 🙂

  • ရွှေ ကြည်

    September 13, 2013 at 7:16 pm

    ရွှေကြည် တောင်အခုမှပြန်လေ့လာနေရတယ် ကျေးဇူး အစ်မ ကေဇီ

Leave a Reply