နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများအား Linear Spectrum သဏ္ဍာန်ဖြင့် ခွဲခြားလေ့လာခြင်း – ခင်မမမျိုး

kaiSeptember 12, 20131min1579

( စက်တင်ဘာ ၅ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်နဲ့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်များမှာ အပိုင်း (၁)၊ (၂) ခွဲပြီး ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါတယ်)

 

 

အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို (၁၈) ရာစုနှောင်းပိုင်းမှာ ပြင်သစ်ပညာရှင် Antonie Destutt de Tracy က Eléments d’Idéologie ဆိုတဲ့ ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ De Tracy က အိုင်ဒီရော်လော်ဂျီဆိုတာကို အတွေးအခေါ်များ၏ သိပ္ပံ (science of ideas) အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဇီဝဗေဒ (ဘိုင်အိုလော်ဂျီ) ကဲ့သို့သော သိပ္ပံပညာရပ်တခုအဖြစ် အိုင်ဒီရော်လော်ဂျီ ဆိုတဲ့ သိပ္ပံပညာရပ် ပေါ်ထွက်လာစေရန်ဖြစ်ပါတယ်။ သို့ပေမယ့် (၁၉) ရာစု ကာလရောက်တော့ နိုင်ငံရေးဆိုင်ရာ စကားလုံးတရပ်အဖြစ် အသွင်ကူးပြောင်းသွားခဲ့ပါတယ်။

 

အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို လစ်ဘရယ်ဝါဒီများကလဲ အသုံးပြုထားကြပါတယ်။ Karl Popper, J. Talmon နဲ့Hannah Arendt ဆိုသူတို့က အိုင်ဒီရော်လော်ဂျီဆိုတာကို နာခံမှုနဲ့ လိုက်နာ ဆောင်ရွက်မှုတွေပြုလုပ်ရန် ဖန်တီးထားတဲ့ လူမှုထိန်းချုပ်ရေး ကိရိယာတခုအနေနဲ့ ရှုမြင်သုံးသပ် ကြပါတယ်။ Michael Oakeshott စတဲ့ ကွန်ဆာဗေးတစ်ဝါဒီများကတော့ အိုင်ဒီရော်လော်ဂျီတွေဟာ စိတ်ကူးယဉ်အတွေးအခေါ်စနစ်တွေဖြစ်ပြီး၊ နိုင်ငံရေးလက်တွေ့(political reality) နဲ့ ကင်းကွာကြောင်း ယူဆထားကြပြီး၊ ကွန်ဆာဗေးတစ်ဝါဒကို အိုင်ဒီရော်လော်ဂျီအဖြစ် မရှုမြင်ပဲ disposition အနေနဲ့ ရှုမြင်ဖို့ လိုအပ်ကြောင်း ဆိုထားကြပါတယ်။

 

လူမှုသိပ္ပံပညာရပ်ကတော့ အိုင်ဒီရော်လော်ဂျီဆိုတာကို နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်တဲ့ coherent set of ideas အနေနဲ့ ရှုမြင်ထားပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုဆိုရာမှာ လက်ရှိတည်ရှိနေတဲ့ စနစ်ကို ထိန်းသိမ်းမှု၊ ပြင်ဆင်မှု၊ ဖယ်ရှားမှုဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်ပါတယ်။ ခေတ်သစ် လူမှုသိပ္ပံပညာအရ အိုင်ဒီရော်လော်ဂျီကို နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်နိုင်သည့် အတွေးအခေါ်များ စုစည်းထားသော လှုပ်ရှားမှုဦးတည်သော ယုံကြည်မှုစနစ် (action-oriented belief system) အဖြစ် အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။   နိုင်ငံရေးပညာရှင် Seliger ဆိုသူက အိုင်ဒီရော်လော်ဂျီအားလုံးမှာ existing order ကို ကမ္ဘာ့ရှုထောင့်ကနေ ရှုမြင်သုံးသပ်မှု၊ အနာဂတ်ကမ္ဘာမှာ အသုံးပြုသင့်တဲ့ နိုင်ငံရေးသဏ္ဍာန်၊ ကောင်းမွန်သော လူ့အဖွဲ့အစည်း တည်ဆောက်မှုဆိုင်ရာအမြင်များနဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုကို မည်သို့မည်ပုံ လုပ်ဆောင်သင့်ကြောင်း အကြံပြုချက်တွေ ပါဝင်ကြောင်း ဆိုထားပါတယ်။

 

နိုင်ငံရေးပညာရှင် Matthew Festenstein နဲ့ Michael Kenny ဆိုသူတို့က နိုင်ငံရေး အိုင်ဒီရော် လော်ဂျီဆိုတာ ဒီမိုကရေစီ၊ နိုင်ငံတော်၊ သဘာဝ၊ ယဉ်ကျေးမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု စတဲ့ နိုင်ငံရေးသဘောတရား (political concept) တွေကို ရှူထောင့်တခုချင်းစီကနေ  ဖွင့်ဆိုထားတဲ့ framework ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ အမျိုးအစားများကို ပညာရှင်များက ခွဲခြားဖော်ပြကြရာမှာ သဏ္ဍာန်အမျိုးမျိုးကို အသုံးပြုထားကြပါတယ်။ Linear Spectrum သဏ္ဍာန်က နိုင်ငံရေး အိုင်ဒီရော်လော်ဂျီတွေကို လက်ဝဲ၊ လက်ယာခွဲခြားပြီး ဖော်ပြထားပြီး၊ ဆိုရှယ်လစ်ဝါဒ (Socialism)၊ လစ်ဘရယ်ဝါဒ (Liberalism)၊ ကွန်ဆာဗေးတစ်ဝါဒ (Conservatism) နဲ့ ဖက်ဆစ်ဝါဒ (Fascism) စတာတွေ ပါဝင်ပါတယ်။

 

(၁) ဆိုရှယ်လစ်ဝါဒ

 

ဆိုရှယ်လစ်ဝါဒရဲ့ အတွေးအခေါ် အစအနတွေကို ဆယ့်ခြောက်ရာစုခေတ်နဲ့ ဆယ့်ခုနစ်ရာစု ခေတ်တွေမှာ ပေါ်ထွက်ခဲ့တဲ့ နိုင်ငံရေး တွေးခေါ်ပညာရှင် Thomas More, Levellers နဲ့ Diggers တို့ရဲ့  စာတွေထဲမှာ တွေ့ရှိရပေမယ့်၊ ဆိုရှယ်လစ်ဝါဒဟာ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတရပ်အဖြစ် ဆယ့်ကိုးရာစု ကာလအထိ ပေါ်ထွက်လာခဲ့ခြင်း မရှိပါဘူး။ ဆိုရှယ်လစ်ဝါဒဟာ စက်မှုတော်လှန်ရေးနဲ့ အရင်းရှင် စနစ်ကို တုန့်ပြန်တဲ့ အိုင်ဒီရော်လော်ဂျီအနေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ကနဦးအစမှာ စက်ရုံတွေနဲ့ ထုတ်လုပ်မှုတွေရဲ့ ခြိမ်းချောက်မှုကြောင့် ထိခိုက်မှုတစုံတရာရှိလာတဲ့ အနုပညာရှင်များနဲ့ လက်မှုပညာရှင်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး စတာလာခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ အလုပ်သမားလူတန်းစားတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်နွယ်လာပါတယ်။

 

ဆယ့်ကိုးရာစုခေတ်ဆိုရှယ်လစ်အိုင်ဒီရော်လော်ဂျီမှာ တော်လှန်ရေးသွင်ပြင်လက္ခဏာတွေ ရောစပ်ပါဝင် နေပါတယ်။ အဓိက ရည်မှန်းချက်ကတော့ ဈေးကွက်ဖလှယ်မှုပေါ်မှာ အခြေခံတဲ့ အရင်းရှင်စီးပွားရေး စနစ်ကို ဖျက်သိမ်းပြီး၊ ဘုံပိုင်ဆိုင်မှုသဘောတရားအပေါ်မှာ အခြေခံတဲ့ ဆိုရှယ်လစ်လူ့အဖွဲ့အစည်း တည်ဆောက်မှုနဲ့ အစားထိုးရေး ဖြစ်ပါတယ်။ ဒီအတွေးအခေါ် အယူအဆများကို အဓိက လွှမ်းမိုးနိုင်ခဲ့တဲ့ နိုင်ငံရေး တွေးခေါ်ပညာရှင်ကတော့ ကားလ်မာ့က်စ် ဆိုသူဖြစ်ပြီး၊ သူဟာ နှစ်ဆယ်ရာစုခေတ် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချခဲ့သူ ဖြစ်ပါတယ်။

 

ဆယ့်ကိုးရာစုနှောင်းပိုင်းကာလမှာတော့ ပြန်လည်ပြင်ဆင်ရေး ဆိုရှယ်လစ်အိုင်ဒီရော်လော်ဂျီ (Reformist Socialism) တွေ ထပ်မံပေါ်ထွက်လာပါတယ်။ ဒီအိုင်ဒီရော်လော်ဂျီအရ အလုပ်သမားလူတန်းစားတွေရဲ့ လုပ်ခလစာ၊ အလုပ်ခွင်အခြေအနေတိုးတက်ရေးများကို ဆောင်ရွက်ခြင်းနဲ့ အရင်းရှင်လူ့အဖွဲ့အစည်း အတွင်းသို့ အလုပ်သမားလူတန်းစားများကို ပေါင်းစည်းရေး သဘောတရားများ ပေါ်ထွက်လာပါတယ်။ အလုပ်သမားသမဂ္ဂများနဲ့ ဆိုရှယ်လစ်နိုင်ငံရေးပါတီများလဲ ပေါ်ထွက်လာပါတယ်။ ပြန်လည်ပြင်ဆင်ရေး ဆိုရှယ်လစ်အိုင်ဒီရော်လော်ဂျီက ပါလီမန်နိုင်ငံရေးကို အသုံးပြုပြီး၊ ဆိုရှယ်လစ်စနစ်သို့ ငြိမ်းချမ်းစွာ ဆင့်ကဲတိုးတက် ပြောင်းလဲခြင်းကို ထောက်ခံအားပေးပါတယ်။ ဒီအိုင်ဒီရော်လော်ဂျီက နိုင်ငံရေး တွေးခေါ် ပညာရှင် Robert Owen (၁၇၇၁-၁၈၅၈)၊ Charles Fourier (၁၇၇၂-၁၈၃၇) နဲ့ William Morris (၁၈၅၄-၁၈၉၆) တို့ရဲ့ အတွေးအခေါ်များနဲ့ ဆက်နွယ်နေတဲ့ ethical socialism ဆိုင်ရာ သဘောတရား များနဲ့ Eduard Bernstein ဖော်ထုတ်ခဲ့တဲ့ revisionist Marxism သဘောတရားများကနေ မြစ်ဖျားခံ စီးဆင်းလာတာဖြစ်ပါတယ်။

 

(၂၀) ရာစုကာလရောက်တော့ ဆိုရှယ်လစ်လှုပ်ရှားမှုမှာ အုပ်စုနှစ်ခု ကွဲပြားလာပါတယ်။ တော်လှန်သော ဆိုရှယ်လစ်ဝါဒ (revolutionary socialism) ယုံကြည်လက်ခံသူများဖြစ်တတဲ့ လီနင်နဲ့ ဘော်ရှီဗစ်တွေက ကွန်မြူနစ်တွေလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ပြီး၊ ပြန်လည်ပြင်ဆင်ရေး သမားများကတော့ reformist socialists တွေလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ခဲ့ကြပါတယ်။ ပြန်လည်ပြင်ဆင်ရေးသမားတွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသော နိုင်ငံရေးကို သက်ဝင်ယုံကြည်ကြပြီး၊ အဲဒီကနေတဆင့် ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတခု ထပ်မံပေါ်ထွက်လာပါတယ်။

 

ဆိုရှယ်လစ်ဝါဒဟာ လူတန်းစားနိုင်ငံရေး (class politics) နဲ့ ဆက်နွယ်နေပါတယ်။ လူ့အဖွဲ့အစည်းကို ရှုမြင်ရာမှာ ဆိုရှယ်လစ်တွေက distribution of wealth ကို အခြေခံပြီး သုံးသပ်ပါတယ်။ အစဉ် အလာအရ ဆိုရှယ်လစ်ဝါဒဟာ ဖိနှိပ်ခံရတဲ့ အလုပ်သမားလူတန်းစားတွေ၊ ကျောမွဲအခြေခံ လူတန်းစားတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုပါတယ်။ အလုပ်သမားလူတန်းစားကို လူမှုရေး ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ agents of social change အဖြစ် သတ်မှတ်ထားပါတယ်။ ဆိုရှယ်လစ်ဝါဒရဲ့ အဓိကတန်ဖိုးက လူမှုတန်းတူညီမျှမှုဖြစ်ပါတယ်။ ဆိုရှယ်လစ်ဝါဒက ပြိုင်ဆိုင်ခြင်း ထက် ပူးပေါင်းဆောင်ရွက်ခြင်းကို ဦးစားပေးပါတယ်။ တကိုယ်ကောင်းစိတ်ထက် အများအကျိုး ဆောင်ရွက်စိတ်ကို ပိုမို ဦးစားပေးပါတယ်။

 

(၂) လစ်ဘရယ်ဝါဒ

 

လစ်ဘရယ်ဝါဒဟာ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတခုအဖြစ် ဆယ့်ကိုးရာစုအစောပိုင်း ကာလရောက်မှ ပေါ်ထွက်လာခဲ့တာဖြစ်ပေမယ့် လစ်ဘရယ်သီအိုရီနဲ့ အခြေခံသဘောတရားတွေကတော့ ဥရောပ လူ့အဖွဲ့အစည်းမှာ ဆယ့်ခြောက်ရာစုကာလကတည်းက ပေါ်ထွက်နေခဲ့ပြီးသား ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ လစ်ဘရယ်ဝါဒဟာ absolutism ကို တိုက်ခိုက်ရေးဆိုင်ရာ နိုင်ငံရေးအယူအဆ တခုအနေနဲ့ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ ဆယ့်ကိုးရာစုအစောပိုင်းကာလမှာေတာ့ အစိုးရဝင်ရောက် စွက်ဖက်ခြင်း လုံးဝကင်းမဲ့သော အရင်းရှင်စနစ်ရဲ့ အကျိုးကျေးဇူးများကို ဖော်ပြတဲ့ လစ်ဘရယ် ဘောဂဗေဒ ပညာရပ် ပေါ်ထွက်လာပါတယ်။

 

ဒီအတွေးအခေါ်တွေဟာ ဆယ့်ကိုးရာစု လစ်ဘရယ်ဝါဒရဲ့ ဗဟိုချက်မ ဖြစ်လာပါတယ်။ ဆယ့်ကိုးရာစုနှောင်းပိုင်းမှာေတာ့ စီးပွားရေးရာ ဝင်ရောက်စွက်ဖက်မှု (economic intervention) နဲ့ လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲမှု (social welfare reform) ကို ထောက်ခံအားပေးတဲ့ ဆိုရှယ်လစ်ဘရယ် ဝါဒ ထပ်မံပေါ်ထွက်လာခဲ့ပြီး၊ ၂ဝရာစု လစ်ဘရယ်ဝါဒရဲ့ အခြေခံ သွင်ပြင်လက္ခဏာ ဖြစ်လာခဲ့ပါတယ်။ လစ်ဘရယ်ဝါဒရဲ့ အခြေခံစည်းမျဉ်းက တဦးချင်းဝါဒဖြစ်ပါတယ်။ လူသားတဦးချင်းဟာ လူအုပ်စု တွေထက် ပိုမိုအရေးကြီးပြီး၊ လူသားတွေဆီမှာ ကွဲပြားခြားနားတဲ့ သွင်ပြင်လက္ခတွေနဲ့ စွမ်းရည်တွေ ရှိပါတယ်။ ဒါကြောင့် လစ်ဘရယ်ဝါဒရဲ့ အဆုံးစွန်ရည်မှန်းချက်က လူတဦးချင်းစီရဲ့ စွမ်းရည်တွေကို အကောင်းဆုံးဖော်ထုတ်နိုင်ခွင့်ရှိသော လူအများပါဝင်တဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ရေး ဖြစ်ပါတယ်။

 

လူတဦးချင်းလွတ်လပ်ခွင့်ဟာ လစ်ဘရယ်ဝါဒရဲ့ အခြေခံတန်ဖိုးဖြစ်ပြီး၊ ဒီတန်ဖိုးဟာ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေထက် ပိုပြီးတန်ဖိုးရှိတယ်လို့ လစ်ဘရယ်ဝါဒီများက ယူဆကြပါတယ်။ သို့ပေမယ့် လွတ်လပ်ခွင့်ဟာ တရားဥပဒေဘောင်အတွင်းက လွတ်လပ်ခွင့်ဖြစ်ပြီး၊ လူတဦးရဲ့ လွတ်လပ်ခွင့်ဟာ အခြားလူတဦးရဲ့ လွတ်လပ်ခွင့်ကို အနှောင့်အယှက် မဖြစ်စေရန် စောင့်ထိန်းဖို့ လိုအပ်ကြောင်း လစ်ဘရယ်ဝါဒီတွေးခေါ်ပညာရှင်များက သတိပေးပြောဆိုထားကြပါတယ်။ လူအများရဲ့ လွတ်လပ်ခွင့်ကို အနှောင့်အယှက်မဖြစ်စေသော လူတဦးချင်းစီရဲ့ အမြင့်မားဆုံးလွတ်လပ်ခွင့်ဟာ လစ်ဘရယ်ဝါဒရဲ့ တန်ဖိုးလို့ ဆိုကြပါတယ်။

 

လစ်ဘရယ်ဝါဒတွေးခေါ်ပညာရှင်တွေက အစိုးရဆိုတာကို လူ့အဖွဲ့အစည်းအတွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရှိဖို့အတွက် အရေးအကြီးဆုံး အစုအဖွဲ့လို့ ရှုမြင်ထားပါတယ်။ ဒါပေမယ့် အစိုးရတွေဟာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းချောက်တဲ့ အာဏာရှင်အစိုးရတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်းကိုလဲ တွက်ဆထားကြပါတယ်။ ဒါကြောင့် ကန့်သတ်အစိုးရ (limited government) ဆိုတဲ့ သဘောတရားကို ယုံကြည်ကြပါတယ်။ ဒီသဘောတရားအပေါ်မှာ အခြေခံပြီး အစိုးရရဲ့ အာဏာပိုင်းခြားသတ်မှတ်မှု (separation of powers)၊ ထိန်းကျောင်းမှုနှင့် ချိန်ခွင်လျှာ (Checks and Balances)၊ နိုင်ငံတော်နဲ့ ပြည်သူအကြားက ဆက်နွယ်မှုများအား ဖော်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (constitution) ရေးဆွဲအတည်ပြု ပြဌာန်းရေး စတဲ့ သဘောတရားတွေ ထပ်မံ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

 

(၃) ကွန်ဆာဗေးတစ်ဝါဒ

 

ဆယ့်ရှစ်ရာစုနှောင်းပိုင်းနဲ့ ဆယ့်ကိုးရာစုအစောပိုင်းကာလတွေမှာ ကွန်ဆာဗေးတစ်အတွေးအခေါ်နဲ့ နိုင်ငံရေးအယူအဆတွေ စတင်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်တော်လှန်ရေးက စတင် ဖော်ကျူးလိုက်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို တုန့်ပြန်ချက်အနေနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဥရောပတိုက်မှာ ပေါ်ထွက်လာခဲ့တဲ့ ကွန်ဆာဗေးတစ်ဝါဒမှာ နိုင်ငံရေးတွေးခေါ်ပညာရှင် Joseph de Maistre (၁၇၅၃-၁၈၂၁)  သဏ္ဍာန်ဖော်ခဲ့တဲ့ သွင်ပြင်လက္ခဏာတွေ အများအပြား ပါဝင်လာပါတယ်။ ဒီသဏ္ဍာန်မှာ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး၊ အစဉ်အလာဓလေ့ထုံးစံတွေကို တရားသေဆုပ်ကိုင်ထားမှုတွေ ပါဝင်ပါတယ်။

 

သို့ပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှာ ပေါ်ထွက်လာတဲ့ ကွန်ဆာဗေးတစ် ဝါဒကတော့ နိုင်ငံရေးတွေးခေါ်ပညာရှင် Edmund Burke (၁၇၂၉- ၉၇) ရဲ့ ထိန်းသိမ်းရေးအတွက် ပြောင်းလဲရေး ဆိုတဲ့ သဘောတရားကို အခြေခံထားခဲ့တာကြောင့် အောင်မြင်တဲ့ ကွန်ဆာဗေးတစ် ဝါဒတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ (၁၉၅၀) နှောင်းပိုင်းကာလတွေမှာတော့ ဗြိတိန်နိုင်ငံက ကွန်ဆာဗေးတစ်ပါတီဟာ စစ်ပွဲပြီးကာလ ပြန်လည်တည်ဆောက်ရေးနဲ့ လူမှုပြုပြင်ပြောင်းလဲရေးတွေကို စတင်လက်ခံလာခဲ့ပြီး၊ ဆိုရှယ်ဒီမိုကရေတစ်ဝါဒထဲက သဘောတရားအချို့ကိုလဲ လက်ခံလာကြပါတယ်။ (၁၉၇၀) ကာလတွေရောက်တော့ ဒီအတွေးအခေါ်တွေကို အသစ်ထပ်မံပေါ်ထွက်လာတဲ့ လက်ယာသစ် (New Right) ဝါဒက ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။

 

ကွန်ဆာဗေးတစ်ဝါဒရဲ့ အခြေခံစည်းမျဉ်းကတော့ အစဉ်အလာ၊ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်း စောင့်ရှောက်ရေး ဖြစ်ပါတယ်။ အစဉ်အလာတွေဟာ ခေတ်သမိုင်းအဆက်ဆက်မှာ ဖြတ်သန်းပေါ်ထွက် လာခဲ့တဲ့ ဉာဏ်ပညာတွေကို ပေါင်းစုထားတာဖြစ်ပြီး၊ နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်ထားပြီး ဖြစ်တာကြောင့် နောင်မျိုးဆက်တွေရဲ့ အကျိုးစီးပွားတွေအတွက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်း ကွန်ဆာဗေးတစ်ဝါဒီတွေက ယူဆကြပါတယ်။ ကွန်ဆာဗေးတစ်တွေက သူတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ လက်တွေ့ကျသော အခြေအနေ၊ လက်တွေ့ကျသော မျှော်မှန်းချက်များနဲ့ အညီပေးထွက်လာတာ ဖြစ်တဲ့အတွက် ကွန်ဆာဗေးတစ်ဝါဒကို နိုင်ငံရေးအိုင်ဒီရော်လော်ဂျီအြဖစ် မသတ်မှတ်ပဲ ဘဝချဉ်းကပ်မှုတခုအနေနဲ့ ရှုမြင်ဖို့ ငြင်းဆိုချက်တွေ ပြုလုပ်ကြပါတယ်။

 

ကွန်ဆာဗေးတစ်ဝါဒအရ လူသားတွေဟာ မှီခိုတတ်တဲ့ သဘောသဘာဝရှိတဲ့အတွက် တည်ငြိမ် အေးချမ်းသော လူ့အဖွဲ့အစည်းရှိဖို့ လိုအပ်ပါတယ်။ လူသားတွေကို တကိုယ်ကောင်းစိတ်တွေ၊ လောဘတွေနဲ့ အာဏာရူးသွပ်စိတ်တွေက လွှမ်းမိုးထားတဲ့အတွက် လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ပျက်ယွင်းနေသူများလဲ ဖြစ်ပါတယ်။ ဒါကြောင့် ရာဇဝတ်မှုများ၊ တည်ငြိမ်အေးချမ်းရေး ပျက်စီးမှုများ ပေါ်ထွက်လာရခြင်း ဖြစ်တဲ့အတွက် အင်အားကြီးမားသော နိုင်ငံတော်၊ တင်းကြပ်တဲ့ ဥပဒေ၊ ပြင်းထန်သော ပြစ်ဒဏ်ပေးမှုများနဲ့ ငြိမ်ဝပ်ပိပြားရေးကို တည်ဆောက်ဖို့လိုတယ်လို့ ကွန်ဆာဗေးတစ် ဝါဒီ များက ယုံကြည်ကြပါတယ်။

 

ဒါတင်မကပဲ အချို့လူတွေဟာ ကိုယ်ပိုင်အကျိုးစီးပွားကို ရယူခံစားဖို့အတွက် ဗဟုသုတ၊ အတွေ့ အကြုံနဲ့ ပညာရေးတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဦးဆောင်မှု၊ လမ်းညွန်မှုနဲ့ ပံ့ပိုးမှုတွေကို မိဘက သားသမီးတွေကို ပေးအပ်သလိုပုံစံမျိုးနဲ့ လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်းနဲ့ အထက်မှ အာဏာကျင့်သုံးမှု ရှိရမှာဖြစ်ကြောင်း ကွန်ဆာဗေးတစ်များက ယုံကြည်လက်ခံကြပါတယ်။ ဒါကြောင့် authority ဟာ ကွန်ဆာဗေးတစ်ဝါဒရဲ့ အဓိက တန်ဖိုးဖြစ်ပြီး၊ လွတ်လပ်မှုဟာလဲ တာဝန်ဝတ္တရားနဲ့ ပူးတွဲတည်ရှိကြောင်း အဆိုပြုထားကြပါတယ်။

 

ဒီလို နိုင်ငံတော်မှ ပြည်သူအား မိဘမှ သားသမီးကို စောင့်ရှောက်ခြင်းကဲ့သို့ အုပ်ချုပ်သောသဏ္ဍာန်၊ တာဝန်ဝတ္တရား၊ hierarchy စတဲ့ သဘောတရားများအပေါ် အခြေခံထားတဲ့ ကွန်ဆာဗေးတစ်ဝါဒကို paternalistic conservatism လို့ သတ်မှတ်ခေါ်တွင်ကြပါတယ်။

 

ဥရောပကွန်ဆာဗေးတစ်များက နောက်ထပ်ဖော်ထုတ်ထားတဲ့ အခြေခံသဘောတရားတရပ်ကတော့ ခရစ်ယန်ဒီမိုကရေစီ သဘောတရားဖြစ်ပါတယ်။ ဒီသဘောတရားကို ဂျာမန် ခရစ်ယန် ဒီမိုကရက်များရဲ့ လူမှုဈေးကွက် ဒဿနိကဗေဒ (social market philosophy) မှာ တွေ့မြင်နိုင်ပါတယ်။ ဒီဒဿနိကဗေဒရဲ့ အခြေခံတန်ဖိုးကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနဲ့ ပြိုင်ဆိုင်များပြုလုပ်ရာမှာ ဈေးကွက်မဟာဗျူဟာ များကို အသုံးပြုရာက ရရှိလာတဲ့ အမြတ်အစွန်းများကို လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက် ပြန်လည်အသုံးပြုမှုဖြစ်ပါတယ်။ ခရစ်ယန်ဒီမိုကရေစီ သဘောတရားက ဘုရားရှိခိုးကျောင်းများ၊ သမဂ္ဂများနဲ့ စီးပွားရေးလုပ်ငန်းများ အကြားမှာ လူမှုရေးပေါင်းစည်းမှု (social partnership) ကို အရေးကြီးတန်ဖိုး တခုအနေနဲ့ သတ်မှတ်ထားပါတယ်။ အချို့တွေးခေါ်ပညာရှင် များကတော့ ဒါကို compassionate conservatism လို့ ဖွင့်ဆိုဖော်ပြကြပါတယ်။

 

(၄) ဖက်ဆစ်ဝါဒ

 

ဖက်ဆစ်ဝါဒရဲ့ အတွေးအခေါ် အစအနတွေကို ဆယ့်ကိုးရာစုနှောင်းပိုင်းမှာ လေ့လာတွေ့ရှိနိုင်ပေမယ့်၊ ဖက်ဆစ်ဝါဒပေါ်ထွက်လာအောင် အစပျိုးပေးလိုက်တာကတော့ ၂ဝရာစုအစောပိုင်းကာလ၊ ပထမ ကမ္ဘာစစ် ဖြစ်ကြောင်း နိုင်ငံရေးပညာရှင်များက ဖော်ပြထားကြပါတယ်။ ဒါကြောင့် ဖက်ဆစ်ဝါဒကို ၂ဝရာစု ကမ္ဘာစစ်က မွေးဖွားပေးလိုက်တဲ့ ကလေးငယ်အဖြစ်လဲ တင်စားခေါ်ဆိုကြပါတယ်။ ဖက်ဆစ်ဝါဒရဲ့ manifestation တွေကို အီတလီဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီနဲ့ ဂျာမဏီ နာဇီဖက်ဆစ်ခေါင်းဆောင် ဟစ်တလာတို့ရဲ့ အုပ်ချုပ်မှုစနစ်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ဆိုဗီယက် ယူနီယံကြီး ပြိုကျသွားပြီးနောက်ပိုင်းမှာလဲ နီယိုဖက်ဆစ်ဝါဒနဲ့ နီယိုနာဇီဝါဒတွေ ပြန်လည်ခေါင်းထောင် လာမှုတွေ ရှိခဲ့ပါတယ်။

 

ဖက်ဆစ်ဝါဒဟာ ပြင်သစ်တော်လှန်ရေးနှောင်းပိုင်းကာလမှာ အနောက်ကမ္ဘာရဲ့ နိုင်ငံရေးကို လွှမ်းမိုး လာတဲ့ နိုင်ငံရေးအတွေးအခေါ်များကို ဆန့်ကျင်တဲ့အနေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အီတလီ ဖက်ဆစ်ဝါဒီများက ”  ၁၇၈၉ ဟာ သေဆုံးသွားပြီ “ ဆိုတဲ့ ကြွေးကြော်သံကို ကြွေးကြော်ခဲ့ကြပါတယ်။ ပြင်သစ်တော်လှန်ရေးနှောင်းပိုင်းကာလ နိုင်ငံရေးတန်ဖိုးတွေဖြစ်တဲ့ တိုးတက်မှု၊ လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှု စတဲ့ သဘောတရားတွေကို ဖက်ဆစ်ဝါဒီတွေက ခေါင်းဆောင်၊ အာဏာ၊ ဟီးရိုးဝါဒ၊ စစ်ပွဲ၊ အာဏာ စတာတွေနဲ့ အစားထိုးခဲ့ပါတယ်။ ဖက်ဆစ်ဝါဒကို အရင်းရှင်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ကွန်ဆာဗေးတစ် ဝါဒနဲ့ လစ်ဘရယ်ဝါဒ စတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများ အားလုံးကို ဆန့်ကျင်သော ဝါဒတခုအဖြစ် ပုံဖော်ထားကြပါတယ်။

 

ဖက်ဆစ်ဝါဒရဲ့ အဓိကယုံကြည်ချက်ကတော့ ညီညွတ်ခြင်းအင်အား (strength through unity) ဖြစ်ပါတယ်။ ဖက်ဆစ်နို်င်ငံတော်ရဲ့ သားကောင်းဆိုတာကို တာဝန်၊ သစ္စာရှိမှုနဲ့ ကိုယ်ကျိုးစွန့်မှု ဆိုတာ တွေနဲ့ ပုံဖော်ထားပြီး၊ နိုင်ငံတော်ရဲ့ သားကောင်းဟာ သူ့နိုင်ငံနဲ့ လူမျိုးအတွက် အထက်က ပေးအပ် လာတဲ့ တာဝန်ကို ပြန်လှန်မေးခွန်းထုတ်ခြင်း၊ စဉ်းစားသုံးသပ်ခြင်းမရှိပဲ အသက်ပေး ထမ်းဆောင်ခြင်း ဆိုတာက ဖက်ဆစ်ဝါဒရဲ့ ideal ဖြစ်ပါတယ်။

 

ဖက်ဆစ်ဝါဒီတွေရဲ့ အတွေးအခေါ်တွေ အားလုံးကတော့ တထပ်တည်း မတူညီပါဘူး။ အီတလီ ဖက်ဆစ်ဝါဒက အစွန်းရောက် နိုင်ငံတော်ဝါဒ ဖြစ်ပါတယ်။ နိုင်ငံသားတွေဟာ နိုင်ငံတော် အပေါ်မှာ ပြန်လှန်မေးခွန်းမထုတ်တဲ့ အလုံးစုံလေးစားမှုနဲ့ သစ္စာရှိမှု ရှိရပါတယ်။ ဖက်ဆစ်တွေးခေါ် ပညာရှင် Gentile (၁၈၇၅-၁၉၄၄) က “အစစအရာရာဟာ နိုင်ငံတော်ပဲ ဖြစ်ရမယ်။ နိုင်ငံတော်ကို မဆန့်ကျင်ရဘူး။ နိုင်ငံတော်ရဲ့ ပြင်ပမှာ မဟုတ်ရဘူး” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

 

ဂျာမန်ဖက်ဆစ်ဝါဒ ကကျတော့ လူမျိုးရေး ခွဲခြားမှုအပေါ်မှာ အခြေတည်တဲ့ ဂျာမန်အမျိုးသားရေး ဆိုရှယ်လစ်ဝါဒ အပေါ်မှာ အခြေခံထားပါတယ်။ ဂျာမန်ဖက်ဆစ်ဝါဒဟာ သီအိုရီနှစ်ခုအပေါ်မှာ အခြေခံ ထားပါတယ်။ ပထမသီအိုရီကတော့ ဂျာမန်အမျိုးသားတွေဟာ သခင်လူမျိုြးဖစ်ပြီး၊ ကမ္ဘာကို စိုးမိုးအုပ်ချုပ် ရမယ်လို့ ယုံကြည်တဲ့ Aryanism သီအိုရီဖြစ်ပြီး၊ ဒုတိယသီအိုရီကတော့ ဂျူးတွေဟာ ဂျာမန်လူမျိုးတွေကို ဖျက်ဆီးဖို့ ပေါ်ထွက်လာတဲ့ မကောင်းဆိုးဝါးတွေဖြစ်တယ်ဆိုတဲ့  anti-Semitism သီအိုရီ အမျိုးအစား တမျိုး ဖြစ်ပါတယ်။

 

နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ အမျိုးအစားများကို အထက်မှာဖော်ပြထားတဲ့  linear spectrum၊ သဏ္ဍာန်နဲ့ ခွဲခြားဆန်းစစ်လေ့လာခြင်းများသာမကပဲ ဆိုရှယ်ဒီမိုကရေစီ၊ လက်ယာသစ်၊ လက်ဝဲသစ်နဲ့ မင်းမဲ့ဝါဒ  စတာတွေ ပါဝင်တဲ့ alternative spectrum၊ အမျိုးသားကွန်မြူနစ်ဝါဒ၊ နိုင်ငံတကာကွန်မြူနစ်ဝါဒ၊ အမျိုးသားဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတကာ ဆိုရှယ်လစ် ဝါဒ၊ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ၊ ဆိုရှယ်ရီပတ်ပလီကန် ဝါဒ၊ အရင်းရှင်ဒီမိုကရက်တစ်ဝါဒ၊ အရင်းရှင် ရီပတ်ပလီကန်ဝါဒ၊ တိုးတက်သောနီရိုလီဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ် နီရိုလစ်ဘရယ်ဝါဒ၊ နီရိုလစ်ဘရယ် ဝါဒ၊ အမျိုးသားရေးဝါဒ စတာတွေ ပါဝင်တဲ့ Moral Matrix သဏ္ဍာန် စသည်များဖြင့်လဲ လေ့လာသုံးသပ်မှုများ ပြုလုပ်နိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

 

ခင်မမမျိုး

9 comments

  • အဘ ဖားသက်ပြင်း

    September 13, 2013 at 7:25 am

    ကျော်ကတော့ ဝါဒတခုပဲ သိဒယ် သဂျီးရဲ့ …
    .
    .
    .
    .
    .
    ..
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    မုသာဝါဒတဲ့….

    ဒချိ ဒချိ

  • မင်းခန့်ကျော်

    September 13, 2013 at 9:49 am

    နိုင်ငံရေးမှာအမြဲ update ဖြစ်နေမှ ။

    update မလုပ်နိုင်ရင် အစစ သူများနောက်ကျန်ခဲ့မယ်။

    ဒီဝါဒတွေလည်း တဖြည်းဖြည်းupdate လုပ်ရင်း ပေါ်ပေါက်လာ

    ရတာပါ။ ခုupdate ဖြစ်နေတာက ဒီမိုကရေစီပေါ့။

    ဒါလဲ မနက်ဖြန် ဒိတ်အောက်မလား သထက်ခါဒိတ်အောက်

    မလားပဲ။တရက်ရက်တော့ဒိတ်အောက်သွားမှာပါ။

    ဘယ်သူကပိုကောင်းသလဲ။ ဘယ်ဟာက လူတွေပိုလိုချင်သလဲ

    ပေါ့။ ခုတလောဒီမိုကရေစီ ဆိုတာတောင်လူတွေ သိပ်မပြော

    ကြတော့သလိုပဲ။ ဒီမိုကရေစီတောင်မြန်မာမှာ ဒိတ်ပဲအောက်

    သွားသလား? မထားတတ်လို့ ပုပ်သိုးသွားသလား? မသုံး

    တတ်လို့ အလဟသပဲဖြစ်သွားသလား?

    ခုတော့ဘာမှန်မသိတာတွေပဲများနေတယ် သူကြီးရေ။

  • Zaw Thant

    September 13, 2013 at 10:18 am

    .. ကျွန်တော်တို့ဆီမှာရှိနေတဲ့ – ၃ ယောက်ရှိရင် ၂ ပိုင်းကွဲတဲ့ ဝါဒ၊ ကိုယ်အကြိုက်လိုက်မပြောရင် ဟိုဖက်နဲ့ ပေးစားချင်တဲ့ဝါဒ၊ ပြဿနာဖြေရှင်းဖို့ထက် အပြစ်ဖို့ဖို့သာ အရသာတွေ့တဲ့ဝါဒ၊ ကြုံရင်ကြုံသလို ဆွမ်းကြီးလောင်းချင်ကြတဲ့ဝါဒ၊ စတာတွေကိုလည်း နာမည်တပ်ပေးနိုင်ရင်ကောင်းမယ်..

    • KZ

      September 13, 2013 at 11:54 am

      သရီးပီးပဲဘီကမ်းတူးပါတီ အစ်ဇင်
      ငါနဲ့မတူ ငါ့ရန်သူ အစ်ဇင်
      မဖြေရှင်းပြစ်တင် အစ်ဇင် နဲ့
      ကြုံလောင်းအစ်ဇင်

      :mrgreen:

      • Zaw Thant

        September 13, 2013 at 1:26 pm

        ပါဖက် ပဲ.. 😀

  • alinsett

    September 13, 2013 at 12:45 pm

    ကိုယ်က တော့ ကိုယ့် ဝါဒ အသစ်တစ်ခု တည်ဆောက်ပြီး အဲဒီ ကိုယ်ပိုင် ဝါဒ သစ်ကို ဖြန် ့ချင်တာပဲ သိတယ် ။

    အခုလောလောဆယ်တော့
    ရှိရှိ သမျှ ဝါဒတွေကို
    လိုက် ကြည့်နေရုံပဲ တတ်နိုင်သေးဒယ်

    🙂

    ဒီ ပိုစ့်ကြီးကို
    နောကက်တစ်ခေါက်မက ထပ် ဖတ်ဦးမယ်ဗျို ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 13, 2013 at 6:23 pm

    ဆိုတော့ကာ အရေးကြီးတာက ကိုယ်တွေက
    ဘာ ism တွေလည်းဆိုတာ သိဘို့လိုလာဘီ
    ကျုပ်ဂဒေါ့
    လှေကားဖိနပ်ချွတ်မှာ ဖိနပ်တစ်ဖက်မှောက်နေရင် မကြိုက်ဘူး
    ခရီးသွားတဲ့အခါ ချောချောရှူရှူရှိအောင် ယုံးပတီသီးချက်စားတယ်
    ကြံပင်ကိုဆောင်တယ်
    လက်ဝါးယားရင် ဖင်နှိုက်တယ် ( ဟုတ်ပါဘူးဘွာ ) လာတ်ကောင်းတယ် မှတ်တယ်
    ကွမ်းစားရင် ကွမ်းရွက်ထိပ်ကို နည်းနည်းဆိတ်ပြီး ပြစ်လိုက်တယ်
    ဘီအီးကစ်ရင် လက်ကလေးနဲ့ စွတ်ပြီး နည်းနည်းခါလိုက်တယ်
    ဝါဝင်ဝါထွက် ဦးသျှင်ကြီးတင်တယ်
    မနှဲလေးမြှောက်တယ် ကိုဂျီးကျော်ပသတယ်
    သုံးဆယ့်ခုနစ်မင်းကတယ်
    မိန်းမကလေးမရရင် ရသေ့ဆီလွှတ်ပေးလိုက်တယ်
    ကားဝယ်ရင်ညောင်ပင်ပြတယ်
    သျှင်ဥပဂ္ဂုတ္တ နဲ့မိုးကိုးတယ်
    ဘိုးတော်ချဲနံပါတ်ပေးလို့ထိုးတာ 20 ဘိုးပေါက်ဘူးတယ်
    ဘုရားတည်တယ် ကျောင်းဆောက်တယ်
    သက်သတ်လွတ်စားတယ်
    ဘုရားရွှေချတယ်
    ဥပဿကာလှည့်တယ်
    လမ်းပိတ်ပြီးပရိတ်ရွတ်တယ်
    ကဲပြော
    ကျုပ်က ဖက်ဆစ်လား ဆိုရှယ်လစ်လား လစ်ဘရယ်လား ကွန်ဆာဗေတစ်လား ??????

    • kai

      September 14, 2013 at 12:13 am

      မကောင်းတာဖြစ်ရင်..” ခြောက်မြှောက်ကြီး”ကို စော်ကားလို့ဖြစ်တယ်ထင်ပြီး…
      .. ကောင်းတာဖြစ်ရင်လည်း..” ခြောက်မြှောက်ကြီး” ကိုပသလို့ဖြစ်တယ်လို့ထင်ကြတယ်.. :mrgreen:

      “ခြောက်-မြှောက်ကြီး “= ငရဲနဲ့ခြောက် ဘုံနဲ့မြှောက်သူ

  • kai

    September 24, 2013 at 2:36 pm

    နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများအား Alternative Spectrum သဏ္ဍာန်ဖြင့် ခွဲခြားလေ့လာခြင်း

    Alternative Spectrum မှာ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ၊ လက်ယာသစ် (New Right)၊ လက်ဝဲသစ် (New Left) နဲ့ မင်းမဲ့ဝါဒ (Anarchism) စတာတွေ ပါဝင်ပါတယ်။

    (၁) ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ (Social Democracy)

    ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ classical liberalism နဲ့ revolutionary socialism သဘောတရားတွေကို ချိန်ခွင်ညှိထားတဲ့ သဘောတရားဖြစ်ပါတယ်။ ပထမသဘောတရားက ဈေးကွက်ကို ဦးစားပေးပြီး၊ ဒုတိယ သဘောတရားက ဘုံပိုင်ဆိုင်မှုကို ဦးစားပေးတာ ဖြစ်ပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒကို ဈေးကွက်နဲ့ နိုင်ငံတော်အကြားက ချိန်ခွင်လျှာ၊ တဦးချင်းစီနဲ့ အများအကြားက ချိန်ခွင်လျှာအဖြစ်လဲ သတ်မှတ် ပြောဆိုကြပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ အရင်းရှင်စနစ်ကို ကြွယ်ဝချမ်းသာမှုတွေ ဖော်ထုတ် ပေးနိုင်တဲ့ တခုတည်းသော ယန္တရားအဖြစ် သတ်မှတ်လက်ခံထားသလို၊ အခြားတဘက်မှာလဲ ဒီလိုချမ်းသာကြွယ်ဝမှုတွေကို ပြန်လည်မျှဝေသုံးစွဲသင့်ကြောင်း လက်ခံထားပါတယ်။

    (၂၀) ရာစုအစောပိုင်းကာလတွေမှာတုန်းက ဒီဝါဒကို ပြန်လည်ပြင်ဆင်သော ဆိုရှယ်လစ်ဝါဒ (reformist socialism) အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ (၁၉၅၉) ခုနှစ်မှာ ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီက မာ့က်စ်ဝါဒကို တရားဝင်စွန့်လွှတ်ကြောင်း ကြေငြာခဲ့ပြီး၊ “ဖြစ်နိုင်မှုရှိလျှင် ပြိုင်ဆိုင်ခြင်း၊ လိုအပ်ချက်ရှိလျှင် ကြိုတင်စီမံခြင်း” ဆိုတဲ့ သဘောတရားကို ကျင့်သုံးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ၊ အလုပ်သမားပါတီကလဲ ပါတီရဲ့ ဆိုရှယ်လစ်ဝါဒ ယုံကြည်ချက်ကို တန်းတူညီမျှခြင်းဆိုတဲ့ သဘောတရား အပေါ်မှာပဲ ကန့်သတ်ချက် သတ်မှတ်ထားရှိခဲ့ပါတယ်။

    ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ ဝါဒမျိုးစုံ ရောစပ်ယှက်နွယ်နေတဲ့ ဝါဒတရပ်ဖြစ်ပါတယ်။ ဆိုရှယ် ဒီမိုကရက်တစ်ဝါဒမှာ ဆိုရှယ်လစ်ဝါဒရဲ့ လူသားချင်းစာနာနားလည်မှု (compassion) နဲ့ ဘုံလူသားဝါဒ (common humanity) ဆိုင်ရာ သဘောတရားတွေ၊ လစ်ဘရယ်ဝါဒရဲ့ လွတ်လပ်ခွင့် (freedom) နဲ့ တူညီသော အခွင့်အလမ်းများ (equal opportunities) ဆိုင်ရာ သဘောတရားတွေ၊ ကွန်ဆာဗေးတစ် ဝါဒရဲ့ မိဘသဖွယ် တာဝန်ယူမှုနဲ့ စောင့်ရှောက်မှု (paternal duty and care) ဆိုင်ရာ သဘော တရားတွေအားလုံး ရောစပ်ပါဝင်နေပါတယ်။

    (၂) လက်ယာသစ် (New Right)

    လက်ယာသစ်ဝါဒဟာ ကွန်ဆာဗေးတစ်ဝါဒကနေ သွေဖည်ခွဲထွက်လာတဲ့ ဝါဒသစ်တရပ်ဖြစ်ပါတယ်။ လက်ယာသစ်ဝါဒ အစပျိုးပေါ်ထွက်လာတဲ့ ကာလကတော့ လူမှုရေးရာ ပြိုကွဲမှုနဲ့ လုပ်ပိုင်ခွင့်အာဏာ လျော့ကျလာမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ ဖြစ်လာတဲ့ (၁၉၇၀) ကာလတွေမှာ ဖြစ်ပါတယ်။ လက်ယာသစ်သဘောတရားတွေက ဗြိတိန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ နိုင်ငံရေးအပေါ် ကြီးမားစွာ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ (၁၉၈၀) ကာလတွေမှာ ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ် မားဂရက်သက်ချာ ကို ကိုယ်စားပြုတဲ့ Thatcherism ဝါဒနဲ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတရီဂင်ကို ကိုယ်စားပြုတဲ့ Reaganism ဝါဒတို့ ပေါ်ထွက်လာပါတယ်။

    ဒီဝါဒနှစ်ခုဟာ နိုင်ငံတော်မှ ဈေးကွက်သို့ ဦးတည်သော အစိုးရအဖွဲ့အစည်းများကို ဦးဆောင်ပြောင်းလဲ နိုင်ခဲ့အတွက် ကမ္ဘာနဲ့အဝှမ်း သက်ရောက်လွှမ်းမိုးမှု ရှိလာခဲ့ပါတယ်။ သို့ပေမယ့် လက်ယာသစ်ဝါဒဟာ ကွဲပြားခြားနားတဲ့ အတွေးအခေါ်နှစ်ရပ်ဖြစ်တဲ့ လစ်ဘရယ်ဝါဒနဲ့ ကွန်ဆာဗေးတစ်ဝါဒ နှစ်ခုကို ပေါင်းစည်း ပေးခြင်းကိုတော့ မလုပ်ဆောင်နိုင်ပါဘူး။ ဒီဝါဒနှစ်ရပ်အကြားမှာ ကွဲပြားခြားနားမှုတွေ၊ တင်းမာမှုတွေ ရှိတာကြောင့် ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေလဲ ပေါ်ထွက်လာပါတယ်။ နိုင်ငံရေး တွေးခေါ်ပညာရှင် Andrew Gamble က ” လွတ်လပ်သောစီးပွားရေးအဆောက်အအုံနဲ့ အင်အားကြီး သော နိုင်ငံတော် (the free economy and the strong state) “ အဖြစ် ရပ်တည်မှုဟာ အကောင်းဆုံး ပေါင်းစပ်နိုင်သော နည်းလမ်းအဖြစ် အကြံပြုထားပါတယ်။

    (၃) လက်ဝဲသစ် (New Left)

    လက်ဝဲသစ်အတွေးအခေါ်တွေရဲ့ မျိုးစေ့က ဆိုဗီယက်ပြည်ထောင်စုမှာ de-Stalinization လုပ်တဲ့ ကာလမှာ အစပြုလာခဲ့တာ ဖြစ်ပါတယ်။ (၁၉၅၆) ခုနှစ်၊ ဖေဖော်ဝါရီလမှာ Nikita Khrushchev ရဲ့ မိန့်ခွန်းမှာ “On the Cult of Personality and Its Consequences” ဆိုတဲ့ စကားလုံးပါဝင်ခဲ့တာက အမေရိကန်ပြည်ထောင်စုကွန်မြူနစ်ပါတီ၊ ဗြိတိန်နိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ဂျပန်ကွန်မြူနစ်ပါတီတို့ကို အတွေးအခေါ် ရှုပ်ထွေးမှုတွေ ဖြစ်သွားစေခဲ့ပါတယ်။ ငယ်ရွယ်တဲ့ မာ့က်စ်ဝါဒီပညာရှင်တွေက သူတို့ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ဗဟိုဦးစီးဝါဒကို ဆန့်ကျင်လာကြပါတယ်။ ဒီလိုဆန့်ကျင်လာကြတဲ့ ကွန်မြူနစ်များ ပေါင်းစည်းမိရာက လက်ဝဲသစ်ဝါဒ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ကနဦးအစမှာ ဗြိတိန်နိုင်ငံက ကွန်မြူနစ်ပညာရှင်များနဲ့ တက္ကသိုလ်အခြေပြု လေ့လာရေးအုပ်စုဝင်များနဲ့ အမေရိကန် ပြည်ထောင်စုက တက္ကသိုလ်ကောလိပ်အခြေပြု လေ့လာရေးအုပ်စုများ ပေါင်းစည်းပါဝင်လာကြပါတယ်။

    ပြင်သစ်မှာတော့ “nouvelle gauche” ဆိုတဲ့ သဘောတရားတရပ်က (၁၉၅၀) ကာလတွေမှာ ကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ဒီလိုပေါ်ထွက်နေမှုက France Observateur ရဲ့ အယ်ဒီတာ Claude Bourdet နဲ့ ဆက်နွယ်နေပါတယ်။ Claude Bourdet ဆိုသူက စတာလင်ဝါဒနဲ့ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒတို့အကြားနဲ့ စစ်အေးတိုက်ပွဲဘက်နှစ်ဘက်အကြားမှာ ရှိနိုင်တဲ့ တတိယ သဘောတရားတရပ်ကို ရှာဖွေဖော်ထုတ် နေသူဖြစ်ပါတယ်။ ဒါက ပြင်သစ်ရဲ့ လက်ဝဲသစ်ဝါဒဖြစ်ပြီး၊ ဗြိတိန်က ဒီစကားလုံးကို ဆက်လက်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

    (၁၉၆၀) ခုနှစ်မှာ လူမှုဗေဒပညာရှင် C. Wright Mills (1916–62) ရေးသားခဲ့တဲ့ အိတ်ဖွင့်ပေးစာကို အကြောင်းပြုပြီး လက်ဝဲသစ်ဝါဒက ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ Mills က လက်ဝဲအစဉ်အလာ တရပ်ဖြစ်တဲ့ အလုပ်သမားလူတန်းစားကိုယ်စားပြုလှုပ်ရှားမှု (labor metaphysic) နဲ့ သက်ဆိုင်ခြင်း မရှိတဲ့ new leftist ideology အကြောင်းကို အိတ်ဖွင့်ပေးစာမှာ ရေးသားထားခဲ့ပါတယ်။ သူ့စာအရ ပစ္စည်းမဲ့လူတန်းစားတွေဟာ တော်လှန်ရေးအင်အားစုတွေ မဖြစ်နိုင်တော့ကြောင်းနဲ့ တော်လှန်ရေး ပြောင်းလဲမှုကို လုပ်ဆောင်နိုင်မယ့် လူသစ်တွေဟာ ကမ္ဘာတဝှမ်းက ပညာတတ်လူငယ်တွေဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

    ဗြိတိန်နိုင်ငံမှာ (၁၉၆၀) ခုနှစ်မှာ New Left Review ဆိုတဲ့ ဂျာနယ်တစောင် စတင်ပေါ်ထွက် လာခဲ့ပါတယ်။ ဒီကာလတွေမှာတုန်းက လက်ဝဲသစ်ဝါဒီအများစုဟာ Campaign for Nuclear Disarmament မှာ ပါဝင်ခဲ့ကြပါတယ်။ (၁၉၆၁) နှောင်းပိုင်းကလာရောက်တော့ ဒီလှုပ်ရှားမှု အားပျော့လာတဲ့အတွက် ဂျာနယ်ထုတ်ဝေရေးဘုတ်အဖွဲ့ဝင်များအကြားမှာ မရေရာမှုနဲ့ ကွဲပြားမှုတွေ ပေါ်ထွက်လာပြီး ဂျာနယ် ထုတ်ဝေရေးကို မျိုးဆက်သစ်လူငယ်များရဲ့ လက်ထဲကို လွှဲပြောင်းပေးခဲ့ရပါတယ်။

    (၁၉၆၀-၇၀) ကာလတွေမှာတော့ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာ လက်ဝဲသစ်ဝါဒ လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ လက်ဝဲသစ် ဝါဒီတွေက အလုပ်သမားလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားမှုထက် ကျောင်းသားလှုပ်ရှားမှုကို ပိုမိုဇောင်းပေးကြပါတယ်။ မာ့က်စ်ဝါဒရဲ့ ပစ္စည်းမဲ့ လူတန်းစားများအပါအဝင် လူထုလူတန်းစားပေါင်းစုံရဲ့ တက်ကြွလှုပ်ရှားမှု သဘောတရားများကို ဆန့်ကျင်ပြီး၊ ကျောင်းသား လှုပ်ရှားမှုကိုသာ လှုပ်ရှားမှု ပါဝါအဖြစ် သတ်မှတ်ကြပါတယ်။

    အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံ တို့မှာ ပေါ်ထွက်ခဲ့တဲ့ လက်ဝဲသစ်ဝါဒ လှုပ်ရှားမှုတွေဟာ ဟစ်ပီလှုပ်ရှားမှုတွေ၊ တက္ကသိုလ်ကျောင်း အလိုက် ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ (၁၉၆၈) ခုနှစ်မှာ ကမ္ဘာနဲ့အဝှမ်း ကျောင်းသား လှုပ်ရှားမှုတွေ အရှိန်မြင့်လာပြီး၊ ကျောင်းသားဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ထွက်လာခဲ့ပါတယ်။

    (၄) မင်းမဲ့ဝါဒ (Anarchism)

    မင်းမဲ့ဝါဒဟာ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတွေ အကြားမှာ မူမှန်မဟုတ်တဲ့ အိုင်ဒီရော်လော်ဂျီတခု ဖြစ်ပါတယ်။ ဘယ်လို မင်းမဲ့ပါတီကမှ ကမ္ဘာပေါ်မှာ အာဏာမရခဲ့ဖူးပါဘူး။ ဒါပေမယ့် မင်းမဲ့ဝါဒီများရဲ့ လှုပ်ရှားမှုများကတော့ အားကောင်းလှပါတယ်။ အထူးသဖြင့် စပိန်၊ ပြင်သစ်၊ ရရုရှားနဲ့ မက်ဆီကိုနိုင်ငံ တို့မှာ မင်းမဲ့ဝါဒီများရဲ့ လှုပ်ရှားမှုများ အားကောင်းခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက နိုင်ငံရေးအာဏာတွေ၊ အထူးသဖြင့် နိုင်ငံတော်အာဏာဟာ evil အာဏာဖြစ်ပြီး၊ လိုအပ်တဲ့ အာဏာမဟုတ်ကြောင်း ယုံကြည် ထားကြပါတယ်။

    နိုင်ငံတော်အာဏာနဲ့ အစိုးရအုပ်ချုပ်မှုကင်းမဲ့သော လူ့အဖွဲ့အစည်းအတွင်းမှာ လွတ်လပ်တဲ့ လူတွေဟာ သူတို့ရဲ့ အရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်မှု၊ သဘောတူညီချက်တွေနဲ့ စီမံခန့်ခွဲသွားကြမယ် ဆိုတဲ့ မင်းမဲ့ဝါဒအတွေးအခေါ်တွေဟာ liberal individualism နဲ့ socialist communitarianism အတွေးအခေါ်များကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

    liberal individualism အတွေးအခေါ်မှာ တဦးချင်းဝါဒနဲ့ လွတ်လပ်ခွင့်ကို အမြင့်မားဆုံး လိုအပ်သော ဆန္ဒတွေ ပါဝင်ပါတယ်။ ဒါပေမယ့် လစ်ဘရယ်တွေက နိုင်ငံတော်နဲ့ အစိုးရတည်ရှိမှုကို ငြင်းဆန်ခြင်း မရှိပဲ၊ individual anarchists တွေကတော့ နိုင်ငံတော်နဲ့ အစိုးရတည်ရှိမှုဆိုတာကို ငြင်းဆန်ကြပါတယ်။ မင်းမဲ့ဝါဒီတဦးဖြစ်တဲ့ William Godwin (၁၇၅၆- ၁၈၃၆) ဆိုသူက လွတ်လပ်ပြီး၊ အမြော်အမြင်ရှိတဲ့ လူသားတွေဟာ သူတို့ရဲ့ အရေးကိစ္စတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သူများဖြစ်ပြီး၊ အစိုးရဆိုတာ မလိုလားအပ်တဲ့ ဝင်ရောက်စွက်ဖက် စီမံခန့်ခွဲနေတဲ့ အရာဖြစ်ကြောင်း အဆိုပြုထားခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက လစ်ဘရယ်ဝါဒရဲ့ လွတ်လပ်သော ဈေးကွက်သဘောတရားများကိုလဲ လက်ခံကြ ပါတယ်။ သို့ပေမယ့် လူသားတွေဟာ ဈေးကွက်ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့အတွက် နိုင်ငံတော်နဲ့ အစိုးရရဲ့ အခန်းကဏ္ဍမလိုအပ်ကြောင်း ယူဆကြပါတယ်။ ဒီအယူအဆတွေကနေ anarchocapitalism ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    မင်းမဲ့ဝါဒကို နောက်ထပ်လွှမ်းမိုးစေတဲ့ အတွေးအခေါ်တွေကတော့ socialist communitarianism ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ထဲက လူ့အဖွဲ့အစည်း၊ ပူးပေါင်းဆောင်ရွက်မှု၊ တန်းတူညီမျှမှု စတဲ့ သဘောတရားတွေကို မင်းမဲ့ဝါဒီတွေက လက်ခံကြပါတယ်။ လူမှုသွေးစည်းညီညွတ်ရေး (social solidarity) ရရှိရေးအတွက် လူသားတွေရဲ့ စွမ်းရည်တွေ လိုအပ်ချက်ကို အာရုံစိုက်တဲ့ Collective anarchism ဆိုတဲ့ အိုင်ဒီရော်လော်ဂျီတရပ်ပေါ်ထွက်လာပါတယ်။

    ဒီအိုင်ဒီရော်လော်ဂျီကို ဖော်ထုတ်ခဲ့တဲ့ ပြင်သစ်မင်းမဲ့ဝါဒီ Pierre-Joseph Proudhon ဆိုသူက လွတ်လပ်သော လယ်သမားများ၊ အနုပညာရှင်များ၊ လက်မှုပညာရှင်များ ပါဝင်တဲ့ လူ့အဖွဲ့အစည်း ငယ်လေးတွေဟာ အရင်းရှင်စနစ်ရဲ့ အမြတ်ထုတ်မှုတွေ၊ မတရားမှုတွေ မပါဝင်သော တရားမျှတပြီး တန်းတူညီမျှတဲ့ စနစ်တွေကို အသုံးပြုပြီး သူတို့ဘဝကို သူတို့ စီမံခန့်ခွဲနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ မင်းမဲ့ဝါဒနဲ့ ပတ်သက်ပြီး ထင်ရှားကျော်ကြားတဲ့ အခြားတွေးခေါ်ပညာရှင်များကတော့ Noam Chomsky နဲ့ Murray Bookchin ဆိုသူတို့ပဲ ဖြစ်ပါတယ်။

    နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ အမျိုးအစားများကို အထက်မှာဖော်ပြထားတဲ့ alternative spectrum၊ သဏ္ဍာန်နဲ့ ခွဲခြားဆန်းစစ်လေ့လာခြင်းများသာမကပဲ အမျိုးသားကွန်မြူနစ်ဝါဒ၊ နိုင်ငံတကာကွန်မြူနစ်ဝါဒ၊ အမျိုးသားဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတကာ ဆိုရှယ်လစ် ဝါဒ၊ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ၊ ဆိုရှယ်ရီပတ်ပလီကန် ဝါဒ၊ အရင်းရှင်ဒီမိုကရက်တစ်ဝါဒ၊ အရင်းရှင် ရီပတ်ပလီကန်ဝါဒ၊ တိုးတက်သောနီရိုလီဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ် နီရိုလစ်ဘရယ်ဝါဒ၊ နီရိုလစ်ဘရယ် ဝါဒ၊ အမျိုးသားရေးဝါဒ စတာတွေ ပါဝင်တဲ့ Moral Matrix သဏ္ဍာန် စသည်များဖြင့်လဲ လေ့လာသုံးသပ်မှုများ ပြုလုပ်နိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

    ခင်မမမျိုး

    ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ထုတ် ပဲ့တင်သံမှာ ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါတယ်။

Leave a Reply