တောင်ကုန်းပေါ်ကအိမ် (သို့) မာယာ (၂)

ရက်တော်တော်များများ ကုန်လွန်တဲ့အထိ ကျွန်တော် ဘယ်သူ့ကိုမှ အတွေ့မခံခဲ့ဘူး။

စကားလည်းမပြော၊ မစားမသောက် ၊ မအိပ်ဘဲ နေနေတဲ့ သူ့ကိုကြည့်ပြီး မေမေ စိုးရိမ်ပူပန်နေတယ်။

မကြာခဏ မြစ်ကမ်းနံဘေးမှာပဲ တစ်ယောက်ထဲ သွားထိုင်နေတယ်..

တစ်ချိန်လုံး ကျွန်တော် စဉ်းစားနေတာက မာရီယာ့အကြောင်းပဲ ..

တစ်နေ့ . သတင်းစာက ခေါင်းကြီးသတင်းတစ်ပုဒ်ကို ကျွန်တော်ဖတ်မိတယ် ..

“သူဋ္ဌေးကြီး နှင့် သူ၏ လှပသော သတို့သမီး” တဲ့

အဲဒီခေါင်းစဉ်အောက်မှာတော့ မာရီယာနဲ့သူမရဲ့ ခင်ပွန်းဓါတ်ပုံ

သူမက ဂါဝန်ရှည် အဖြူရောင်ကို စိန်လည်ဆွဲနဲ့ တွဲဖက်ဝတ်ဆင်ထားတယ်

သူမရဲ့ ခင်ပွန်းကတော့ အသက်ကြီးကြီး ခပ်ဝဝ လူကြီးပါ

ကျွန်တော် သတင်းစာရဲ့ နောက်စာမျက်နှာကို ဒေါသတစ်ကြီးနဲ့ လှန်လိုက်တယ်

သတင်းစာရဲ့နောက်ဆုံးစာမျက်နှာက ကြေငြာတစ်ခုကို ကျွန်တော်သွားတွေ့တယ် ..

ကျွန်တော်စိတ်ဝင်တစား သေသေချာချာ ဖတ်လိုက်တယ် ..

“ဇာတ်လမ်းတစ်ပုဒ်ရေးပြီး ဆု ဆွတ်ခူးကြစို့”

“တက်သစ်စ လူငယ်စာရေးဆရာများအတွက် အခွင့်အရေးပေးတဲ့အနေနဲ့

ကိုယ်နှစ်သက်ရာ စာမူတစ်ခုကို ရေးသားပေးယှဉ်ပြိုင်ပြီး ငွေသားဆုများ ဆွတ်ခူးနိုင်ရန်အတွက်

ယခုပြိုင်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ စာလုံးရေ 1500ထပ်မကျော်လွန်သော ဘယ်လိုစာမူမျိုးမဆို ရေးသားနိုင်ပြီး

ယခုသတင်းစာမှ လိပ်စာအတိုင်း လကုန်နောက်ဆုံးထားပြီးပေးပို့ရမှာဖြစ်ပါတယ်”

“ပထမဆု – ဒေါ်လာ 500”

“နှစ်သိမ့်ဆု (၁၀) ဆု – ဒေါ်လာ 50

ဒါ ကျွန်တော့်အတွက် အခွင့်အရေးပဲ … ကျွန်တော်နဲ့ မာရီယာရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ကျွန်တော်ရေးမယ်..

ကျွန်တော့်ရဲ့ ဇာတ်လမ်းသာ အနိုင်ရခဲ့ရင် အဲဒီဇာတ်လမ်းကို သူမဖတ်မိပြီး သူမ နောင်တရလိမ့်မယ် ..

ခုဆို ကျွန်တော် အရမ်းအလုပ်ရှုပ်တယ် .. နေ့တိုင်း မနက်စောစောထပြီး ဇာတ်လမ်းရေးတယ် ..

ခုဆို အစားမှန်မှန်စား ၊ စကားပြန်ပြောပြီး ပြုံးရယ်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး မေမေ စိတ်နည်းနည်းအေးသွားတယ် ..

ကျွန်တော်ရေးထားတဲ့ ဇာတ်လမ်းလေးကို ဖတ်ပြီး ကျွန်တော် ကျေနပ်နေတယ်။ ဒါ ဇာတ်လမ်းကောင်းတစ်ခုပဲ

ဒါပေမယ့် ..တစ်ခါတစ်ရံကျတော့ ဒီဇာတ်လမ်းကို ဆက်ရေးသားဖို့ ကျွန်တော့်အတွက်သိပ်ခက်ခဲတယ် ..

ဝမ်းနည်းလာတဲ့အခါကျရင် ရေးလက်စကို ရပ်ပစ်လိုက်ချင်စိတ်ပေါ်လာပေမယ့် ကျွန်တော် မရပ်ခဲ့ဘူး။

နောက်ဆုံး ကျွန်တော့်ဇာတ်လမ်းလေး ရေးလို့ ပြီးသွားတယ် …

မေမေ့ကို ဖတ်ပြတော့ မေမေ အရမ်းကို ကျေနပ်နေတယ်..

“ကောင်းတယ် ..အရမ်းကောင်းတယ် ..ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ” လို့ မေမေချီးကျူးတယ် ..

ကျွန်တော့်ရဲ့ဇာတ်လမ်းလေးကို သတင်းစာတိုက်ကို ကျွန်တော် ပို့လိုက်တယ်။

ရက် နှစ်ပါတ်အကြာမှာပေါ့ .. သတင်းစာတိုက်က စာတစ်စောင်ကို ကျွန်တော် လက်ခံရတယ်..

ကျွန်တော်စိတ်လှုပ်ရှားလွန်းလို့ မဖွင့်ဖောက်ရဲဘူး .. မေမေ့ကို ကျွန်တော် ပေးလိုက်တယ် ..

“မေမေ.. ကျွန်တော့်အစားဖောက်ဖတ်ပေးပါ”

မေမေ ဖွင့်ဖောက်ပြီးတော့ ကျွန်တော့်ကိုပြောတယ် ..

“သား ..မင်းကိုယ်တိုင် ဖတ်ကြည့်ပါဦး”

မေမေ ဝမ်းသာလွန်းပြီး မျက်ရည်ဝဲနေတယ် ..

ကျွန်တော် မဝံ့မရဲနဲ့ စာကိုဖွင့်ဖတ်လိုက်တော့ …..

 

“လူကြီးမင်း”

 

လူကြီးမင်းရဲ့ စာမူဟာ ကျွန်တော်တို့ရဲ့ စာမူပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးပါတယ် ဆိုတဲ့အကြောင်းကို

ဝမ်းမြောက်စွာနဲ့ အသိပေးအပ်ပါတယ်။

ကျေးဇူးပြုပြီး ကြာသပတေးနေ့ မနက်ဆယ်နာရီမှာ ကျွန်တော်တို့ရုံးကို ဆုလက်ခံယူဖို့အတွက် ဆက်သွယ်ပါ။”

 

ကျွန်တော် ဝမ်းသာလွန်းလို့ စာရွက်ကို ကိုင်ပြီး ခုန်ပေါက်  က မိတယ် ..

“မေမေ ..ကျွန်တော် ဆုရတယ် ..ပြိုင်ပွဲမှာ ကျွန်တော် ပထမဆုရတယ် ..

ကျွန်တော် စာရေးဆရာဖြစ်တော့မယ် .. ခုလောလောဆယ် ကျွန်တော်တို့ ဆုငွေရတော့မယ်

အဲဒီပိုက်ဆံနဲ့ မေမေ့အတွက် အဝတ်အစားအသစ်နဲ့ အိမ်အတွက် ပရိဘောဂ ဝယ်မယ်”

ရုတ်တရက် ကျွန်တော် ငေးငိုင်သွားတယ် …

“မေမေ .. သတင်းစာထဲက ကျွန်တော်ရေးတဲ့ ဇာတ်လမ်းကို မာရီယာ ဖတ်မိပါ့မလားဟင်”

မေမေ့အပြုံးတွေ ပျောက်ကွယ်သွားတယ် ..

“သား ခုထိ သူ့ကို ချစ်တုန်းပဲလား” လို့ မေမေမေးတယ် ..

“ဟုတ် ..ချစ်တယ် .. သား သူ့ကို အမြဲတမ်းချစ်မှာပဲ” လို့ ကျွန်တော်ဖြေလိုက်တယ် …

ကြာသပတေးနေ့မှာတော့ ကျွန်တော် သတင်းစာတိုက်ကို သွားခဲ့တယ်။

မန်နေဂျာက အရမ်းသဘောကောင်းတယ် ..

“မင်းရဲ့ ဇာတ်လမ်းက အရမ်းကောင်းတာပဲ .. တော်တော်ကောင်းတယ် ..

ဒါက ဆုငွေ ဒေါ်လာ 500ပါ”

သူ ကျွန်တော့်ကို ဆုငွေပါတဲ့ စာအိတ်တစ်အိတ်ပေးတယ်။ ကျွန်တော် မယုံနိုင်အောင်ဖြစ်နေတယ်။

ကျွန်တော် ထွက်ခွာခါနီးမှာပဲ ..မန်နေဂျာက မေးတယ် ..

“ခဏနေပါဦး .. ငါမင်းကို စကားနည်းနည်းပြောချင်တယ် .. ခု မင်း ဘာ အလုပ် လုပ်နေသလဲ”

“ကျွန်တော့်မှာ အလုပ်မရှိသေးပါဘူး၊ ကျွန်တော်က စာရေးဆရာဖြစ်ချင်တာပါ”

“ကောင်းတယ် .. ငါတို့အလုပ်မှာ မင်းလို ငယ်ရွယ်ထက်မြက်တဲ့ လူငယ်တွေလိုတယ် .

ငါတို့ သတင်းစာတိုက်မှာ လာလုပ်ပါ”

ကျွန်တော် အရမ်းအံ့အားသင့်သွားတယ်..

“ကျွန်တော့်ကို ခင်ဗျားတို့သတင်းစာတိုက်မှာ အလုပ်ခန့်မယ် ?

ဟုတ်ကဲ့ ..ဟုတ်ကဲ့ .. ကျွန်တော်တကယ်ကို စိတ်ဝင်စားပါတယ်”

 

ကျွန်တော့်ရဲ့ လက်ရှိ သတင်းစာတိုက်က အလုပ်ကို ကျွန်တော်အရမ်းသဘောကျတယ်။

ကျွန်တော် အလုပ်ထဲမှာ စိတ်တွေနှစ်ထားပေမယ့် မာရီယာကိုတော့ တစ်နေ့မှ မေ့မရနိုင်ခဲ့ဘူး။

တစ်နေ့တော့ သတင်းထောက်တစ်ယောက် ရုံးကိုရောက်လာပြီး ..

“ဟေး …ဒီမှာ ငါတို့သတင်းစာအတွက် ဇာတ်လမ်းတစ်ပုဒ်..

မင်းတို့ မှတ်မိကြသေးလား .. သူဋ္ဌေးကြီးနှင့် သူ့ရဲ့ ချောမောတဲ့ သတို့သမီးလေး မာရီယာအကြောင်းကို..

ငါတို့ သတင်းစာမှာတောင် ဓါတ်ပုံနဲ့တကွ ပါသေးတယ်လေ …

လွန်ခဲ့တဲ့ တစ်ပါတ်က သူမက သူ့ယောကျင်္ားဆီကနေ ထွက်ပြေးသွားတယ်”

ရုံးထဲက လူတိုင်း စကားသံတွေရပ်တန့်ကုန်တယ်.. ဒါ သတင်းပဲ …

ကျွန်တော် တုတ်တုတ်မလှုပ် .. ထိုင်နေမိတယ် .. ကျွန်တော့်နှလုံးသားတွေ အေးခဲသွားသလိုပဲ..

“မာရီယာ သူ့အမျိုးသားဆီကနေ ထွက်သွားတယ် …? ဘာကြောင့်လဲ .. သူမ လက်ထပ်ထားတာမှ လအနည်းငယ်ပဲရှိသေးတယ်”

သတင်းထောက်ကတော့ စကားတွေ ဆက်ပြောနေဆဲပဲ..

“ကောင်မလေးအမေလဲ ပြီးခဲ့တဲ့အပါတ်က ဆုံးသွားတယ်။ ကောင်မလေး သတင်းကြားပြီး ရှော့ခ်ရပြီး ဆုံးသွားတာ”

“ဟို ရုပ်ဆိုးဆိုး မိန်းမကြီးလား” ..ကျွန်တော် တွေးလိုက်တယ်။

“သူ့အမေက အရမ်းချမ်းသာတယ် မဟုတ်လား” ..တစ်ယောက်က မေးလိုက်တယ်။

“အေး ..ဟုတ်တယ်..အရမ်းချမ်းသာတယ်” လို့ သတင်းထောက်က ပြန်ပြောတယ်။

“မာရီယာက ရှိသမျှ ပိုက်ဆံတွေအကုန်ရမှာ… နောက် ..သူ့အမျိုးသားကလည်း သူ့ကို ပိုက်ဆံတွေ၊ စိန်ရွှေရတနာတွေနဲ့ ကားတစ်စီးလည်း ပေးထားသေးတယ်။ မာရီယာက အရမ်းချမ်းသာတဲ့ သူဋ္ဌေးမလေးဖြစ်သွားပြီလေ”

“ချမ်းသာတဲ့ မိန်းမတော့ မကြိုက်ပါဘူးကွာ” လို့ တခြား သတင်းထောက်တစ်ယောက်ကပြောတယ်။

“မာရီယာက ချမ်းသာတယ် .. စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့မိန်းကလေး” လို့ ကျွန်တော် ပြောလိုက်မိတယ်။

“မင်း သူ့ကို သိလို့လား” လို့ ကျွန်တော်ကို တခြားသတင်းထောက်တစ်ယောက်က မေးတယ်။

“အင်း .. ငါ သူ့ကို သိပါတယ်”

“ကောင်းတယ် .. ငါတို့ထဲက တစ်ယောက်ယောက် သူ့အမေရဲ့ အသုဘ ကိုသွားရမယ် ..ငါတို့ အဲဒီအကြောင်းကို

သတင်းစာမှာ ရေးရမှာ .. မင်းပဲ သွားလိုက်ပါ ပေါလ်”

ဒီလိုနဲ့ နောက်တစ်ရက်မှာ ကျွန်တော် ဈာပနကို သွားခဲ့တယ်။ ဘုရားကျောင်းကိုရောက်အောင် တော်တော်ဝေးဝေးသွားရတယ်။

ဒါပေမယ့် ကျွန်တော် လမ်းလျောက်ပြီးပဲသွားခဲ့တယ်။ လမ်းလျောက်ရင်းနဲ့ စဉ်းစားချင်လို့လေ ..

“မာရီယာ … ကျွန်တော့်ကို ချစ်ခဲ့တယ် .. ဒါပေမယ့် အခြားလူတစ်ယောက်ကို သူ လက်ထပ်ခဲ့တယ်.. ဘာလို့လဲဆိုတော့

သူမ သူမအမေကိုကြောက်လို့ ..မလွန်ဆန်နိုင်လို့ .. ခုသူ့အမေ သေပြီ …

ကျွန်တော် ဝမ်းသာသလို ဝမ်းနည်းသလို ခံစားနေရတယ်။

ဘုရားကျောင်းကိုရောက်တော့ .. ဈာပနာကိုလာတဲ့သူတွေအများကြီးပဲ။

ဘုရားကျောင်းအပြင်မှာလည်း ကားကြီးကားကောင်းတွေအများကြီး။

ခေါင်းတလားသယ်ဆောင်လာတဲ့ ကားရဲ့ခေါင်မိုးမှာရော ခေါင်းတလားပေါ်မှာရော ပန်းတွေအများကြီးနဲ့..

ကျွန်တော် လူအုပ်စုတွေရဲ့ အနောက်ခပ်ဝေးဝေးမှာ ရပ်ပြီး စာရွက်နဲ့ဘောပင်ကိုထုတ်ပြီး ကားတွေနဲ့ လူတွေအကြောင်းကို ရေးလိုက်တယ်။

အဲချိန်မှာပဲ ကျွန်တော် မာရီယာကို တွေ့လိုက်တယ်။ သူမက အနက်ရောင် ဂါဝန်ရှည်ကိုဝတ်ထားတယ်။

သူမဟာ ဝမ်းနည်းပုံပေါက်နေတာတောင်မှ အရမ်းလှနေတယ်။ သူမတစ်ယောက်ထဲ မတ်တပ်ရပ်နေတယ်။

ဘယ်သူမှ သူမကို စကားမပြောဘူး . သူမ အနားမှာ ရပ် မနေဘူး။

ကျွန်တော် အနောက်နားက လူတစ်ယောက်က ပြောတယ်..

“အဲဒါလေ..သမီးဖြစ်သူပေါ့ .. သမီးမိုက်ပဲ .. သူ့အမျိုးသားဆီက ထွက်ပြေးတဲ့ သတင်းကြောင့် သူ့အမေသေရတာ..

ကြည့်လေ ..ဘယ်သူမှ သူ့ကို ဂရုမစိုက်ဘူး .. စကားမပြောချင်ကြဘူး”

ကျွန်တော်ဘာမှ ပြန်မပြောဖြစ်ဘူး ..

“သနားစရာကောင်းလိုက်တဲ့ မာရီယာ ရယ် ..”

အားလုံး ဘုရားကျောင်းထဲ ဝင်သွားကြတယ်. ဈာပနာ အခမ်းအနားစတင်ပြီ။

အသုဘကနေပြီး ကျွန်တော် အိမ်ကို တန်းပြန်လာခဲ့တယ်။

“သတင်းထူးရှိတယ်ဟေ့ .. သားမှတ်မိလား .. မေမေ့သူငယ်ချင်းရဲ့ သမီး .. အယ်လာ ကို …

သူက မေမေတို့နဲ့ အတူလာနေမှာ .. ခုဆိုရင် သူက ၁ရနှစ် နောက်..အရမ်းလည်း လှ လာတယ် .

သား သဘောကျမှာ သေချာတယ်” လို့ မေမေက ပြောတယ် ..

“ဟုတ်ကဲ့ .. မှတ်မိပါတယ်” လို့ကျွန်တော်ပြောလိုက်ပေမယ့် .. ပျော်ရွှင်ပုံမရှိတဲ့ကျွန်တော့်ကိုကြည့်ပြီး

မေမေစိတ်ပျက်သွားတယ်။

“မာရီယာ့အကြောင်းကို တွေးတုန်းပဲ ခုထိမမေ့နိုင်သေးဘူး ..အယ်လာက မာရီယာကို မေ့ဖို့အတွက်ကူညီနိုင်မှာပါ”

ဒါပေမယ့် ကျွန်တော် အယ်လာကို မတွေ့ချင်ပါဘူး။

ကျွန်တော် တွေ့ချင်တာ မာရီယာ .. ကျွန်တော်သူနဲ့ စကားပြောစရာတွေရှိတယ်။

မာရီယာရှိချင်ရှိမယ်ဆိုတဲ့အထင်နဲ့ ကျွန်တော် မာရီယာကို တွေ့ဖို့ တောင်ကုန်းပေါ်က အိမ်ကို သွားခဲ့တယ်။

ဒါပေမယ့် အိမ်က ဟာလာဟင်းလင်းနဲ့ ခန်းဆီးလိုက်ကာမရှိတော့တဲ့ ပြတင်းပေါက်တွေနဲ့။

ဂိတ်ပေါက်ဝမှာ နို့တစ်စာကပ်ထားတယ် ..

“ရောင်းရန်” တဲ့

ကျွန်တော် ဂိတ်ပေါက်ကနေ ကျော်ကြည့်လိုက်တယ်။ ဥယျာဉ်ထဲမှာ ဘယ်သူမှမရှိဘူး။ အကုန်တိတ်ဆိတ်နေတာပဲ။

“ငါ အတွင်းထဲ ဝင်သွားကြည့်မယ် ၊ မာရီယာရဲ့ လိပ်စာကို တွေ့ချင်တွေ့မှာ ဒါဆို သူ့ဆီကို စာရေးလို့ရမှာပဲ”

ကျွန်တော် တံခါးကိုတွန်းဖွင့်ပြီး အိမ်ဝင်းထဲကို ဝင်လာခဲ့တယ်။ အားလုံးက ငြိမ်သက် တိတ်ဆိတ်လို့။

အိမ်ရှေ့တံခါးကို တွန်းဖွင့်ကြည့်တော့ တံခါးက ပိတ်ထားတယ်။ အိမ်ပါတ်လည်ကို လိုက်ကြည့်လိုက်တော့ ပြတင်းပေါက်တစ်ခုပွင့်နေတယ်။

ကျွန်တော် အမြန်ပဲ ..ပြတင်းပေါက်ကိုကျော်တက်ပြီး အိမ်ထဲကိုဝင်လိုက်တယ်။

ကျွန်တော် စိတ်လှုပ်ရှားပြီး အသက်ရှူနှုန်းတွေ မြန်နေတယ်။

ကျွန်တော် မာရီယာနေခဲ့ဖူးတဲ့ အိမ်ထဲမှာ .. ကျွန်တော် သူမ အမေကို အမှတ်ရလိုက်တယ်..

နောက် အဲဒီ ဆိုးဝါးလှတဲ့ ညနေခင်း …

ဒါပေမယ့် ခုတော့ အခြေအနေက အရမ်းကိုကွာခြားနေပြီ .

ပရိဘောကတွေ ၊ ခမ်းနားလှတဲ့ ကော်ဇောနဲ့ ပန်းချီကားတွေ .. ဘာဆို ဘာမှ မရှိတော့ဘူး..

အားလုံး ဟာလာဟင်းလင်း ..

ကျွန်တော် အနည်းငယ် ကြောက်စိတ်ဝင်လာမိတယ် …

“တစ်ယောက်ယောက်များ အိမ်ထဲမှာ ရှိနေမလား”

ဒါပေမယ့် ကျွန်တော် ဘာသံမှ မကြားရဘူး ..

တိတ်တိတ်လေးပဲ အခန်းတစ်ခန်းက တံခါးကို ဖွင့်ပြီး ကြည့်လိုက်တယ်..

တစ်ယောက်မှ ရှိမနေဘူး .. တစ်ခန်းပြီးတစ်ခန်း လိုက်ကြည့်တယ် .. အခန်းတွေက အကျယ်ကြီး ဒါပေမယ့် ..

အားလုံးက ဟာလာဟင်းလင်း ..ဘာမှ မရှိတော့ဘူး ..

နောက်ဆုံး ကျွန်တော် ..အကြီးဆုံးအခန်းကြီးကို ရောက်လာတယ် .. ကျွန်တော်ရပ်လိုက်တယ် ..

ဒီအခန်းကို ကျွန်တော်သိတယ် .. မာရီယာရဲ့ အမေနဲ့ တွေ့ခဲ့ဖူးတာ ဒီအခန်းပေါ့ ..

အားလုံးကိုကျွန်တော် ပြန် သတိရတယ် .. မိန်းမကြီး ..သူမရဲ့ ခက်ထန်တဲ့မျက်နှာ ..

လက်စွပ်တွေဝတ်ထားတဲ့ အရိုးပြိုင်းပြိုင်းနဲ့လက်ချောင်းတွေ …

ခုတော့ သူမ သေပြီ ..

ရုတ်တရက် ..ကျွန်တော် အသံတစ်ချို့ ကြားလိုက်တယ် .. အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ် ..

တံခါးက ပွင့်လာပြီး တယောက်ယောက် တံခါးနားမှာ ရပ်နေတာ ..အမျိုးသမီးတစ်ယောက် …….

“မာရီယာ ..”

“ပေါလ် ..” “မင်း ဒီမှာ ဘာလုပ်နေတာလဲ”

“ငါ မင်းကို လိုက်ရှာနေတာပါ မာရီယာ”

“ငါ့ကိုရှာနေတယ် .. ဟုတ်လား..” လို့မေးပြီး မာရီယာ ကျွန်တော့်ကိုပြုံးပြီးကြည့်တယ် ..

“မာရီယာ .. မင်းဘာလို့ အဲဒီလူကို လက်ထပ်ခဲ့တာလဲ”

“အမေက အိုပြီ .. ငါဒီမှာနေရတာ မပျော်ဘူး .. ပါတီတွေလည်းမသွားရဘူး၊ အပြင်လည်းထွက်မလည်ရဘူး”

“ငါ ပိုက်ဆံလိုချင်တယ် ..နောက် ..သူငယ်ချင်းတွေနဲ့ ပျော်ပါးချင်တယ်”

“ဪ .. ငါနားလည်ပြီ”

“တကယ်တော့ မင်းက မင်းအမေကို ကြောက်လို့ အဲဒီလူကိုလက်ထပ်ခဲ့တာမဟုတ်ဘူး”

“မင်းက အိုမင်းတဲ့ မင်းအမေကို စိတ်ကုန်ပြီး ဘဝသစ်တစ်ခုကို လိုချင်ခဲ့တာ ..”

“ဒါဆို မင်းဘာလို့ မင်းအမျိုးသားကို စွန့်ပစ်ခဲ့တာလဲ”

“ငါ့ ယောကျင်္ားလား ..”

“အဲဒီ လူဝ အဘိုးကြီးက အသုံးမကျဘူး”

“ငါ့ကို ပိုက်ဆံတွေ၊ စိန်ရွှေရတနာတွေ၊ ကားတွေ၊ အားလုံးတော့ပေးပါတယ်”

“ငါ့အပေါင်းအသင်းတွေကို သူသဘောမကျဘူး ..သူက လူကြီးတွေနဲ့ပဲ ပေါင်းတတ်တယ်”

“ငါက ထက်မြက်ပြီး ငယ်ရွယ်တဲ့ မင်းလို ကောင်လေးတွေကို သဘောကျတာ”

“ငါဆိုလိုတာ နားလည်တယ်မဟုတ်လား ပေါလ်”

“အေး .. ငါ နားလည်ပြီ ..”

“ကောင်းတယ် .. ငါက မင်းအတွက် စိတ်မကောင်းဖြစ်နေတာ ..”

“ငါမင်းကို သဘောကျတယ်.. နောက် မင်းရဲ့ ရယ်စရာ ကဗျာတွေကိုလည်း ကြိုက်တယ်”

“ငါ့ရဲ့ ရယ်စရာ ကဗျာတွေ …ဟုတ်လား ..”

“မင်းငါ့ကို ချစ်တယ် မဟုတ်လား … ငါ့ကို ချစ်သေးရဲ့လား…”

“မင်းဟာ လက်ထပ်ပြီးသား မိန်းကလေးပါ .. မင်းမှာ ကာမပိုင်ရှိနေတယ်”

“ငါမှ သူ့ကိုမချစ်ဘဲ .. ငါက လွတ်လွတ်လပ်လပ်နေချင်တယ်”

“ပါတီတွေတက်မယ် .. ပျော်ရွှင်အောင်နေကြမယ်..”

“ငါဆီကိုလာပါ ..ခုဆို ငါ့မှာ ပိုက်ဆံတွေရှိတယ် .. ငါတို့အတူတူပျော်ပါးကြမယ်”

“ဟင့်အင်း ……. ငါမလာဘူး ..ခုတော့ အားလုံးဟာ ပြီးဆုံးသွားပြီ” လို့ ကျွန်တော်ပြောလိုက်တယ်။

မာရီယာ ဒေါသထွက်နေတယ် ..သူမရဲ့မျက်လုံးဟာ ကျဉ်းမြောင်းပြီး အေးစက်လာတယ်…

ပါးစပ်ကလဲ တင်းတင်းစေ့ထားတယ် ..လက်မှာလဲ .. ကြီးမားလှတဲ့ လက်စွပ်ကြီးတွေနဲ့ ..

သူမ အမေလို တစ်ပုံစံထဲ ပေါက်နေတယ် …

“စိတ်မကောင်းပါဘူး .မာရီယာ ..”

“ငါ မင်းကို မချစ်တော့ဘူး .. ငါမင်းကို အရမ်းချစ်ခဲ့ပါတယ် .. ဒါပေမယ့် ခုတော့ အားလုံးဟာ ပြောင်းလဲသွားပါပြီ”

“နှုတ်ဆက်ခဲ့ပါတယ် ..မာရီယာ”

“မင်းငါ့ကို ထားခဲ့လို့မရဘူး ..ငါမင်းကို လို ချင်တယ်”

“မင်း အမျိုးသားဆီကိုသာ ပြန်သွားပါ”

ကျွန်တော် သူမကို ခပ်ကြာကြာနောက်ဆုံးအနေနဲ့ ကြည့်ပြီး အိမ်ထဲကနေ ထွက်လာခဲ့တယ်။

ကျွန်တော် ခုတော့ လွတ်လပ်သွားပြီ..

တကယ်တော့ ငါက အရူးပဲ ..မာရီယာ ငါ့ကိုဘယ်တုန်းကမှ မချစ်ခဲ့ဘူး ..

သူမက လှပပေမယ့် သူမအမေလိုပဲ အလိုရမ္မက်ကြီးတယ် ..

တကယ်တော့ ငါကလည်း မာရီယာရဲ့ အလှအပကိုတပ်မက်ခဲ့တာပဲ ..ချစ်ခဲ့တာမှ မဟုတ်တာ

လှပပြီး သာယာလှတဲ့ ညနေခင်း ..တစ်ခု

ကျွန်တော် အရမ်းပျော်ရွှင်နေတယ် …

မေမေက ကျွန်တော့်ကို အိမ်မှာ တံခါးဖွင့်ပြီး ကြိုနေတယ် ..

မေမေဟာ ချောမောတဲ့ အမျိးသမီးလေးနဲ့ စကားပြောနေတယ် ..

“သားရေ ..ဒီမှာလေ ..ဒါ အယ်လာပေါ့ …”

“ဟိုင်း ..အယ်လာ ..” လို့ ကျွန်တော် ပြုံးပြီး သူမကိုနှုတ်ဆက်လိုက်တယ်..

 

  ပြီးပါပြီ။

Elizabeth Laird ၏ The House On The Hill ကို မြန်မာမှုပြု ရေးဖွဲ့ပါသည်။ း)

12 comments

  • sorrow weaver

    September 13, 2013 at 4:14 pm

    ဟေး…အရေးအသားလေး ..ကြိုက်တယ်ဟေ့…ကြိုက်တယ်ဟ …

  • kyeemite

    September 13, 2013 at 4:21 pm

    ကောင်းတယ်ဗျာ..လူ့ဘဝတွေရဲ့
    ခံယူချက်မတူတာလေးတွေ သတိထားလိုက်မိတယ်..

  • alinsett

    September 13, 2013 at 4:34 pm

    ကောင်လေး ရဲ့ လုပ်ရပ် မှန်တာပေါ့

    အဲ မာရီယာဘက်က ကြည့်ရင်တော့
    ဒီကောင်လေးက ငကြောက်ကလေးပေါ့

    🙂

  • koyinmaung

    September 13, 2013 at 8:21 pm

    နှစ်ပို့စ် ပေါင်းဖတ်လိုက်တယ်ဗျို့
    ကောင်းမှကောင်းပါဘဲလား…
    ဒီလိုဘာသာပြန်လေးတွေဖတ်ချင်နေတာ..
    အားပေးနေပါတယ်……….

  • Ma Ma

    September 14, 2013 at 10:18 am

    ကောင်းမွန်မှန်ကန်တဲ့အတွေးအခေါ်ကို ပေးနိုင်လို့ အကျိုးပြုစာပေအမျိုးအစားလို့ ပြောရမယ်။
    အားပေးပါတယ် မနှင်းဖြူရေ။
    မှန်မှန် (အဆက်မပြတ် ) ရေးပါနော်။ 🙂

  • lele kyi

    September 15, 2013 at 6:41 am

    မာမား။ သူကအပျင်းကြီးတယ်။ ဟိ။ ပြီးရင် ဗန်ပိုင်းယား တွေတန်းစီလာလိမ့်မယ်။

    • KZ

      September 15, 2013 at 8:55 am

      ဗန်ပိုင်းရား ချောချောလေးတွေ ပဲ လာနော်။
      :chit:

  • Wow

    September 16, 2013 at 2:17 pm

    တစ်ခါတစ်လေတော့လဲ…. ဖြစ်တတ်ပါတယ်.. ဒါမိုး… စိတ်ကူးနဲ့လက်တွေ့ :kwi:

Leave a Reply