တွေးမိ တွေးရာ ရေးမိ ရေးရာ (၃)….

kotun winlattSeptember 14, 20131min1266

IMG_1112စံတော်ချိန် သတင်းစာပါ သတင်း…

 

_DSC0870စံတော်ချိန်ပါ သတင်းအား တုံပြန်ထားသည့် နံရံကပ်စာ…

သတင်းတစ်ပုဒ်၏ နောက်ကွယ်…..

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ချီတက်နေသည့် မြန်မာနိုင်ငံတော်ကြီးတွင် မီဒီယာသမားတို့၏ အခန်းကဏ္ဍအား မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းထားခဲ့သည်မို့ မီဒီယာသမားတို့၏ တာဝန်မှာ မသေးလှဟု ဆိုရပေလိမ့်မည်။ မီဒီယာသမားဟု ဆိုရာဝယ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည် စသည်တို့မှ သတင်းထောက်များဟု အများအားဖြင့် သတ်မှတ်သိရှိထားကြပေသည်။ ၎င်းသတင်းထောက်များတွင်လည်း တိုက်ပိုင် သတင်းထောက် အလွတ်တန်း သတင်းထောက်၊ ကော်လံစား သတင်းထောက် အစရှိသဖြင့် ထပ်မံခွဲထွက်သွားပြန်သည်။ ထိုသတင်းထောက်တို့၏ ဖော်ထုတ်ရေးသားမှုများကြောင့် ပြည်သူများ သတင်းမှန်များကို သိရှိကြရသည်။ ဒေသတွင်း နိုင်ငံတွင်း နေ့စဉ်ဖြစ်ပျက်နေမှုများအား ပြည်သူတို့ထံ တင်ပြနေကြသူများပင်…..ဤသို့ဆိုလျှင် သူတို့တွေ၏ ကျေးဇူးတွေ ကျွန်တော်တို့ ပြည်သူတွေဆီမှာ ရှိနေကြသည်ဆိုရမည်ပင်… သို့တည်းမဟုတ် ကျွန်တော်တို့ပြည်သူများ၏ ဖတ်ရှု့အားပေးမှုများကြောင့် သူတို့တွေ ရေးသားမှုကို ဆက်လက်လုပ်ကိုင်နိုင်ကြသည်ဟု ဆိုလျှင်လည်း မှားယွင်းလိမ့်မည် မဟုတ်ပါ… ဒီတော့ သတင်းထောက်နှင့် ပြည်သူဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့…။ သတင်းသမားနှင့် ပြည်သူတို့ တစ်သွေးတည်း တစ်သားတည်းဖြစ်နေလျှင် မတရားမှုများ၊ မှောင်ခိုမှုများ၊ မူးယစ်ဆေးမှုများ စသည့်..စသည့် … အဖြစ်အပျက်များ ကင်းဝေးကာ အေးချမ်းသာယာသည့် ဒီမိုကရေစီနိုင်ငံကြီးကား ပေါ်ပေါက်လာမည်မှာ ဧကန်မလွဲပင်….။ သို့သော်…. သတင်းသမားနှင့် ပြည်သူကြားဝယ် တစ်သွေးတည်း တစ်သားတည်း မဖြစ်ပဲ တစ်ဦးအပေါ်တစ်ဦး မယုံကြည်မှုများ မသင်္ကာမှုများ ရှိနေသဖြင့် မလိုလားအပ်သော ဖြစ်ရပ်များ ဖြစ်ပွားနေရသည်ကို မြင်တွေ့ရသည်မှာ စိတ်မချမ်းသာစရာကောင်းလှပေသည်။ ယခု ဖြစ်စဉ်မှာ သတင်းသမားနှင့် ပြည်သူအကြား အထင်လွဲမှားမှု တစ်ခု၏ ပြယုဂ်ဖြစ်ကြောင်း သိရှိကြစေရန် ရည်ရွယ်၍လည်းကောင်း သတင်းအချက်အလက်ကို သေသေချာချာ သိရှိနားလည်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန်လည်းကောင်း ဤစာအား ရေးသားရခြင်း ဖြစ်ကြောင်း ရှေးဦးစွာ သိစေအပ်သလို မည်သူတစ်ဦးတစ်ယောက်အပေါ်တွင်မှ ထိခိုက်လိုစေသော စိတ်ထား မြူတစ်မှုန်စာမျှ မရှိကြောင်း ဦးစွာပဏာမ ရေးသားတင်ပြအပ်ပါသည်။ ဤစာကို ပြည်သူတစ်ယောက်အနေဖြင့်လည်းကောင်း သတင်းသမားတစ်ဦး၏ အမြင်ဖြင့်လည်းကောင်း နှစ်ဖက်စလုံးမှ စဉ်းစားတွေးခေါ်ရေးသားပါသည်။ ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတွင် တင်ပြဆွေးနွေးမှုကို လက်ခံပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ မှားနေသည်ဟု အချက်အလက်ခိုင်လုံလျှင် အမှားကို လက်ခံပြုပြင်ဝံ့ခြင်း၊ မိမိစိတ်ခံစားမှုကို ရှေးတန်းမတင်ပဲ သုံးသပ်ဝေဖန် ဆုံးဖြတ်နိုင်မှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိခံစားနိုင်မည်ဟုလည်း ယုံကြည်မိပါသည်။ ဤကား စကားနိဒါန်း ဖြစ်၏။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက လ္ဘက်ရည်ဆိုင်တွင် အလွတ်တန်းသတင်းထောက်နှစ်ဦး လဘက်ရည်သောက်နေစဉ် သစ်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးသမားတစ်ဦးမှ သတင်းသမားအား သူ၏ သစ်များကို သက်ဆိုင်ရာသို့ ဖမ်းဆီးရန် သတင်းပေးသည်ဟု စွပ်စွဲကာ လူများရှေ့တွင် ပြောဆိုကြောင်း၊ ထို့ပြင်  စီးပွားရေးသမားသည် အရိုးအသွား ၁၂ လက်မခန့်ရှိသော ဓားမြောင်တစ်ချောင်းကိုလည်း ခါးတွင်ချပ်ထားကြောင်း၊ တစ်ယောက်တစ်ခွန်း စကားများနေကြရင်း အခြေအနေဆိုးဝါးလာမည်ကို စိုးရိမ်သဖြင့် ကျန်သတင်းသမားတစ်ဦးက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသော်လည်း တစ်ဦးတစ်ယောက်မျှ ရောက်ရှိလာခြင်း မရှိကြောင်း၊ ဆိုင်တွင်းရှိ တခြားသူများက ဝိုင်းဝန်းဖျန်ဖြေကြသဖြင့် အခြေအနေသည် စကားများရုံအဆင့်တွင်သာ ပြီးဆုံးသွားခဲ့ကြောင်း၊ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သတင်းသမားက သတင်းအဖြစ်ရေးသားပြီး နေ့စဉ်သတင်းစာသို့ ပေးပို့လိုက်လေရာ စက်တင်ဘာ ရ ရက်နေ့ စံတော်ချိန် နေ့စဉ်သတင်းစာတွင် “တရားမဝင် စီးပွားရေးသမားက မီဒီယာကို ခြိမ်းခြောက်” ဟူသည့် ခေါင်းစဉ်ဖြင့် ပါရှိလာလေတော့သည်။ ထိုသတင်းသည် မကျယ်ဝန်းသည့် မော်လူးကျေးရွာအတွင်း ပျံ့နှံ့သွားကာ ဟိုးလေးတကြော်ကြော် ဖြစ်သွားတော့၏။ ဖြစ်စဉ်က ထိုမျှ အဆုံးမသတ်သေးချေ…။ သတင်းကိုရေးသားသူက တစ်ယောက် သတင်းစာတွင်ပါလာသည့် သတင်းသမားအမည်က တစ်ယောက်ဖြစ်လေသောအခါ အမည်ဖော်ပြခံရသည့် သတင်းထောက်က သူရေးသားခြင်းမဟုတ်ကြောင်း အများသိရှိစေရန် သတင်းစာမူကို မိတ္တူကူးကာ ဖြန့်ဝေပြန်တော့သည်။ သတင်းစာတွင် ပါလာကတည်းက ပေါက်နေသည့် သတင်းမို့ ယခုကဲ့သို့ ဖြစ်ကုန်ပြန်လေသောအခါ ပိုပြီး ဟော့ ပိုပြီး ပေါက်သွားတော့သည်။ နောက် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မော်လူးကျေးရွာ၏ လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာ၌ စံတော်ချိန်သတင်းစာပါ သတင်းသည် သတင်းသမားတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်ထံ ငွေတောင်းခံရာမှ စတင်ပေါ်ပေါက်လာခဲ့ခြင်းသာဖြစ်ကြောင်း ရေးသားထားသည့် စာရွက်ကို အမည်ဖော်ပြထားခြင်းမရှိပဲ တိတ်တဆိတ် လာရောက် ကပ်ထားပြန်သောအခါ ပြည်သူအများကြားဝယ် သို့လော…သို့လော..ဟူသည့် အတွေးများဖြင့် မည်သူက မှန်၍ မည်သူကမှားသည်ကို ဝေခွဲမရ ဖြစ်ကုန်ကြတော့၏။

ကဲ.. ပြဿနာရင်းမြစ်ကို တစ်စခြင်းဆွဲထုတ်ကာ ဝေဖန်သုံးသပ် တင်ပြပါတော့မည်။ စီးပွားရေးသမားက စွပ်စွဲပြောဆိုသည့် သတင်းသမားသည် ဒေသတွင်း တရားမဝင်လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဆိုသည်မှာ အားလုံးသိနေကြပေသည်။ သို့သော် တရားမဝင်လုပ်ငန်းရှင်များကလည်း မတောင်းလျှင်လည်း ပေးကြရမည်သာလျှင်.. ဆိုလိုသည်မှာ သူတို့က ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်ကို လုပ်ကိုင်နေကြသည် မဟုတ်လား..။ ဥပမာ တရားမဝင် ကျွန်းသစ်များကို သစ်စက်ထောင်ခွဲစိတ်ခြင်း၊ ကျွန်းတံခါးချပ်လုပ်ငန်း၊ ကျွဲနွားမှောင်ခိုကူးသန်းရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း အစရှိသည့် လုပ်ငန်းရှင်များက သတင်းသမား သတင်းတစ်ပုဒ်ရေးလိုက်လျှင် သူတို့တွေ မည်သို့ဖြစ်ကုန်မည်ကို သိရှိကြသည် မဟုတ်လား…။ ဒီတော့ သတင်းသမားသည် ပေးလျှင်ယူ၏ … မပေးလျှင် ရေးမည်..ဆိုသကဲ့သို့ ဖြစ်ကာ … ပြည်သူများ၏ အားထားရာ မဟုတ်တော့ပဲ အမြင်ကတ်စရာ မျက်စိနောက်စရာ ဖြစ်လာရတော့သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု ဆိုငြားအံ့… လူတို့သည် လောဘ၏ သားကောင်များဖြစ်သလို.. စနစ်၏ သားကောင်များလည်း ဖြစ်၏။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးချိန်မို့ တရားမဝင်လုပ်ငန်းအများစုကို ပါးရည်နပ်ရည်ရှိသည့် လူတွေက လုပ်ကိုင်ကြသကဲ့သို့ အခြေခံလူတန်းစားတို့က ထိုလုပ်ငန်းရှင်တို့ လက်အောက်တွင် အလုပ်လုပ်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရသည့် အဖြစ် မဟုတ်လား။ ထိုကဲ့သို့ တရားမဝင်လုပ်ငန်းများက ကြီးစိုးလာချိန်ကြာလာသည်နှင့် အမျှ အမှားမှ အမှန်အဖြစ်သို့ ရောက်လာသည်ဟု ဆိုရမလိုပင်… တရားမဝင်လုပ်ငန်းဟု ဆိုသော်လည်း ခိုးကြောင်ခိုးဝှက် မဟုတ် ပေါ်ပေါ်ထင်ထင်ပင် လုပ်ကိုင်နေကြတော့သည်။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ရောက်ရှိလာခဲ့ရာ စီးပွားရေးတင်မကပဲ ပြည်သူတို့၏ စာရိတ္တမဏ္ဍိုင်များမှာလည်း ပြားပြားဝပ်သွားခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်များ အများစုရှိရာ မြန်မာပြည်တွင် ယုံကြည်စရာ မကောင်းလောက်အောင် မတရားမှုများ၊ တရားမဝင်လုပ်ငန်းများ ပေါများလာလေတော့သည်။ သက်ဆိုင်ရာဋ္ဌာနများမှလည်း အရေးယူဆောင်ရွက်ခြင်းမရှိ အရေးယူဆောင်ရွက်ပြန်လျှင်လည်း တရားရုံးတွင် ငွေများတရားနိုင်မို့ အောက်ခြေဝန်ထမ်းတို့မှာ ငပေါကြီးသာလျှင်ဖြစ်ကျန်ရစ်ခဲ့သမို့ တရားမဝင်လုပ်ငန်းရှင်တို့၏ ပေးစာကမ်းစာ မသထာရေစာ ဘယ်လိုဖြစ်ဖြစ် သူတို့စားဝတ်နေရေး အဆင်ပြေရေးကိုသာ ဦးတည်ကြကုန်တော့သည်။ ဒါကလည်း အပြစ်ဆိုဖွယ်ရာမရှိ မြန်မာပြည်ကို အုပ်ချုပ်ခဲ့သည် စစ်တပ်ကပင် လစာမလုံလောက်၍ ဦးပိုင် ကုမ္ပဏီထောင်ကာ စီးပွားရေးလုပ်ရသည်ဟု တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖတ်လိုက်ရသေးပေသည်။ဒီတော့ သက်ဆိုင်ရာဋ္ဌာနများနှင့် တရားမဝင် စီးပွားရေးသမားတို့မှာ လင်နှင့်မယားလိုပင် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်… ထိုစီးကြောင်းအတွင်းသို့ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသမားတို့ကလည်း စီးမျှောပါသွားလေသောအခါ အများပြည်သူတို့၏ အားထားရာ မဟုတ်တော့ပဲ အမြင်စောင်းစရာ ကဲ့ရဲ့စရာများဖြစ်လာလေတော့သည်။ တကယ်တမ်း အခက်အခဲများကို ခံစားရသူများမှာ မှန်မှန်ကန်ကန် ရိုးရိုးသားလုပ်ကိုင်စားသောက်ကြသည့် အခြေခံလူတန်းစားများပင် သက်ဆိုင်ရာဋ္ဌာနများ၏ လျှစ်လျူရှုထားမှုတွေကြောင့် တရားမဝင်စီးပွားရေးသမားတို့၏ ထင်သလို စော်ကားမှုများကို ခံစားရပါတော့သည်။ ကျွန်တော်တို့မော်လူးဒေသတွင် တရားမဝင်လုပ်ငန်းများစွာရှိသည့် အနက် ကျွန်းတံခါးချပ်လုပ်ငန်းရှင်များ၏ နှိပ်စက်မှုကို အနီးအနားရှိ လူများမှာ နေ့စဉ်ကြုံတွေ့ခံစားနေရပေသည်။ ဥပမာတစ်ခုပြရလျှင် အိမ်တစ်အိမ်မှ သေလုမြောပါးနာမကျန်းဖြစ်နေရှာသည့် လူမမာတစ်ဦးမှာ ထိုအိမ်မှ တဂျီဂျီ တဝီဝီမြည်နေသည့် သစ်ခွဲလွှဝိုင်းသံ၊ စက်ရွေဘော်အသံများကို နားမခံသာရှာသဖြင့် ခေတ္တနားပေးရန် သို့မဟုတ် နေရာပြောင်းရွေ့ပြီး အလုပ်လုပ်ပေးရန် ပြောကြားသောအခါ လုပ်ငန်းရှင်ဖြစ်သူက တိုင်ချင်ရာသို့တိုင်ပါ.. ရဲစခန်းကိုရော သစ်တောကိုရော ငွေပေးထားကြောင်း ပြန်လည်ပြောဆိုပါတော့သည်။ ဒီလို သတင်းတွေကို အဘယ်ကြောင့် သတင်းသမားမရေးကြသနည်းဆိုသော် ငွေကြေးယူထား၍ဟု ကောက်ချက်ချရမည်သာ …. သို့သော် သတင်းသမားတစ်ဦးက ရင်ဖွင့်ပြောပြသည်မှာ ဒေသခံလူများသည် ဤလိုလုပ်ငန်းများရှိနေ၍ အလုပ်အကိုင် အခွင့်အလမ်းပေါများနေကြောင်း သတင်းအဖြစ်ရေးသားလိုက်ပါက တစ်ပါးသူ၏ စီးပွားရေးကို ထိခိုက်စေကြောင်း ဤသို့ဖြစ်နေသည်မှာ မော်လူးတစ်နယ်တည်း မဟုတ်ကြောင်း ပြန်လည် ရှင်းလင်းပြောဆိုလာလေသောအခါ မည်သူ့ကို အပြစ်တင်ကြမည်နည်း။ မည်သည့်အရာကို ယိုးမယ်ဖွဲ့စွပ်စွဲကြရမည်နည်း။ စနစ်၏ သားကောင်ဖြစ်သော အခြေခံလူတန်းစားတို့၏ ကိုယ်ကျင့်တရား ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံစောင့်စည်းအပ်သော တရားတို့မှာ အဝေးသို့လွှင့်စင်ကုန်တော့သည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဤကဲ့သို့ ဖြစ်ရပ်များ မြို့၊ ရွာမည်မျှခန့်တွင် ဖြစ်ပျက်နေကြသည် မသိ…. အဓိက တရားခံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းတို့က အဓိက လက်သည် တရားခံပင်… ဤသို့ ဤပုံသာ ဆက်ပြီး သွားနေလေလျှင် အစိုးရသစ်ကြွေးကြော်နေသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အဘယ်မှာလျှင် ရောက်နိုင်ပါအံ့နည်း…. ပြောင်းလဲမှုများကို အောက်ခြေအဆင့်အထိ ရောက်အောင် ဆောင်ရွက်သင့်သကဲ့သို့ ပြည်သူများအတွက် အဆင်ပြေမည့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးသင့်ဟု ထင်မြင်ယူဆမိပါသည်။ အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး ဝင်ငွေများအဆင်ပြေလာမှသာ သိသင့်သိထိုက်သည့် အခြားအရာများကို လေ့လာနိုင်ပြီး အသိပညာတိုးတက်လာနိုင်မည်။ ခေတ်အဆက်ဆက် ရှေးရိုးစွဲ အယူအဆများဖြင့် မောင်နှင်နေကြသည့် ဦးနှောက်များ အသိပညာဖြင့် မောင်းနှင်သည့် အဆင့်သို့ တိုးမြင့်ရောက်ရှိလာမှသာ ယခုကဲ့သို့သော အဖြစ်အပျက်များကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူများဘက်မှလည်း ဒီမိုကရေစီဟူသည့် အခွင့်အရေးကို မိမိအခွင့်အရေးသာမက သူတစ်ပါးအခွင့်အရေးတွေကိုပါ နားလည်သိရှိလာနိုင်မည်ဟု ယုံကြည်မိပါသည်။

ယခု အဖြစ်အပျက်ကို အနှစ်ချုပ်ဝေဖန်ရလျှင် သတင်းသမားတို့သည် မှန်မှန်ကန်ကန်ဖြင့် သတင်းသမားတစ်ဦး၏ ကျင့်ဝတ်ကို စောင့်ထိန်းအပ်သကဲ့သို့ မိမိတစ်ဦးကြောင့် အခြားသတင်းသမားများပါ အမဲစက်စွန်းထင်းစေမည့် ဖြစ်ရပ်မျိုးများကို ရှောင်ရှားသင့်ပေသည်။ မရေးသားသင့်ဟု ယူဆသော သတင်းကို မရေးပဲနေလျှင် နေနိုင်ပါသည် သို့သော် သတင်းကိုဖြစ်စေမည့် သူတို့က ပေးအပ်၍ဖြစ်စေ ကိုယ်တိုင်ကတောင်းခံ၍ဖြစ်စေ ငွေကြေးတစ်စုံတစ်ရာကိုလည်း လက်မခံသင့်သလို ယူလည်း မယူသင့်ပေ… သို့မှသာ အများပြည်သူတို့က ယုံကြည်ကိုးစားသည့် သတင်းသမားဖြစ်လာမည်။ ထို့ပြင် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဟု ကြွေးကြော်ထားသည့် မီဒီယာ အခန်းကဏ္ဍမှာ ပိုမိုလင်းလက်တောက်ပလာမည်ဖြစ်ပေသည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ….

TunWinLatt

6 comments

  • အလင်းဆက်

    September 14, 2013 at 4:29 pm

    သတင်းသမားကောင်းတစ်ယောက်ဖြစ်ဖို ့
    ကျင့်ဝတ်ကောင်းတွေကို လိုက်နာ ကျင့်သုံးနိုင်ပါမှ
    သတင်းစစ်စစ် ဆိုတာ ပေါ်လာနိုင်မှာပေါ့နော်

  • kotun winlatt

    September 14, 2013 at 4:39 pm

    ဟုတ်ပါ့..ဟုတ်ပါ့.. ကိုအလင်းဆက်ရေ…
    ကျင့်ဝတ်ဆိုတာက သတင်းသမားမှ မဟုတ်ဘူးလေ လူတိုင်းလူတိုင်း လိုက်နာသင့်ပါတယ်… ကျနော်တို့ ဘုရားရှင်ဟောကြားထားတဲ့ ငါးပါးသီလဟာ ကျနော်တို့ လူ့ကျင့်ဝတ်ပဲလေ… အဲ့ဒီကျင့်ဝတ်ကို လိုက်နာကြမယ်ဆိုရင် ဘာမှ ပြောစရာ မလိုတော့ဘူးပေါ့…အခုတော့…

    • ခင် ခ

      September 16, 2013 at 3:54 pm

      အဲ ပိုစ့်ရှင်လည်းမညာ နီပါလား

  • KZ

    September 16, 2013 at 9:02 am

    ခုမှ သတင်းအမှောင်ချခံထားရတဲ့ ဘဝတွေက စလွတ်လပ်တာဆိုတော့လည်း ဒီ အဆင့်ကတော့ သတိကြီးကြီးကျော်ဖြတ်ရမဲ့ အဆင့်ဖြစ်သွားပြီ။

    သတင်း ရေးတဲ့သူကလည်း ကိုယ့်ခံစားချက်ကို ရှေ့တန်းမတင်တဲ့သူက ရှားးးးး။
    ဖတ်တဲ့သူ ရှယ်တဲ့သူတွေကလည်း ဘယ်သတင်းက အမှန်လား အမှားလား ခွဲနိုင်တဲ့ ဉာဏ်ရည်မျိုးမရှိ

    အဲ။
    အဲလို ဆိုရင် မလွယ်တဲ့ အခြေအနေတွေလို့ ပြောတာ။
    😀

  • kyeemite

    September 16, 2013 at 11:54 am

    “သတင်းသမားတို့သည် မှန်မှန်ကန်ကန်ဖြင့် သတင်းသမားတစ်ဦး၏ ကျင့်ဝတ်ကို စောင့်ထိန်းအပ်သကဲ့သို့ မိမိတစ်ဦးကြောင့် အခြားသတင်းသမားများပါ အမဲစက်စွန်းထင်းစေမည့် ဖြစ်ရပ်မျိုးများကို ရှောင်ရှားသင့်ပေသည်။”
    မှန်လိုက်တာ ကိုထွန်းဝင်းလတ်ရေ….
    ခင်ဗျားလည်းဒီပို့စ်လာတင်လို့ ဒေသခံမီဒီယာ တွေက ချိန်းခြောက်လာအုံးမယ်နော.. 😀

  • kotun winlatt

    September 18, 2013 at 10:45 pm

    လာရောက်ဖတ်ရှု့ကြသူ အားလုံးကို ကျေးဇူးပါ….
    ဒီအက်ဆေးလေးကို ယခု အပတ်ထုတ်ဝေသည့် ပဲ့တင်သံ ဂျာနယ်တွင် ဖော်ပြခြင်းခံရပါတယ်…
    http://www.echoingvoicenews.com/?p=2763
    အဲ့လင့်ခ်လေးမှာ သွားဖတ်လို့ရကြောင်းပါ ခင်ဗျာ…
    ပျော်ရွှင် ချမ်းမြေ့ကြပါစေ….။

Leave a Reply