ကျုပ်နာမည်လား။ ကျုပ်နာမည်က ဒေါ်ကြီးလုံတဲ့။

ဒီရွာမှာနေတာတော့ နှစ် (၂၀) လောက်ရှိပြီ။ ရွာလယ်ပိုင်းမှာ တူမလေးနဲ့ နေတယ်လေ။ အောင်မယ်လေး…ရွာက ပျော်ဖို့ကောင်းတာတော့ မပြောနဲ့။ မှတ်မိသေးတယ်။

ဒီရွာကို ရောက်ခါစက ကျုပ်က ခပ်ငယ်ငယ်ရယ်။ ဘာမှလည်း ဟုတ်တိပတ်တိမသိ။

ဒီလိုပဲ ရွာလူကြီးတွေ စကားဝိုင်းထဲ ဝင်နားထောင်ရင်း နားထောင်ရင်းနဲ့ စာလေးဘာလေးတွေဖတ်၊ အဲဒီကနေ ကိုယ်ထင်တာလေးတွေ ဝင်ပြောကြည့်၊ လူကြီးတွေကလည်း မှားရင်ပြင်ပေးကြတယ်။

ဒီလိုနဲ့ ပြောရဲဆိုရဲက ရှိလာ၊ နေတာလည်းကြာတော့ ရွာထဲက အတော်များများနဲ့ သိပေါ့။ ဒါတောင် တစ်ချို့ အဝေးရောက်နေတဲ့ ရွာသားတွေ ပြန်လာရင် ကျုပ်က ကြောင်တောင်တောင်ကို ဖြစ်တတ်သေးတာ။ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ပေါ့။

ဒါနဲ့ … ပြောတာ ဘယ်ရောက်သွားပါလိမ့်။ အော်…ရွာက ပျော်စရာကောင်းတာ… ကျုပ်ဆို ဒီရွာရောက်ကတည်းက ပတ်ဝန်းကျင်က ဘယ်ရွာကိုမှ သွားမလည်ဖြစ်တော့ဘူးတော်။ အားတာနဲ့ ရွာရိုးလျှောက်သွားပြီး ဟိုစကားဝိုင်းနားထောင်၊ ဒီစကားဝိုင်းနားထောင်နဲ့။ မြို့ပေါ်ကိုတောင် ကိစ္စရှိမှ သွားဖြစ်တော့တာ။

အဲ.. ကျုပ်တို့ရွာက ပျော်စရာကောင်းတာ ရောက်ဖူးတဲ့သူတိုင်း သိကြပါတယ်တော်။

ဒါပေမယ့် တစ်ခါတစ်ခါ မနာလိုတတ်တဲ့သူတွေက သူပုန်တွေ လွှတ်တတ်သေးတော့်။ ဘယ်ရမလဲ..ကျုပ်တို့ရွာပဲ။ သူကြီးသွားတိုင်တာပေါ့။

သူကြီးကလည်း တတ်နိုင်သလောက်တော့ ကာကွယ်ရှာသား။ နောက်ဆုံးတော့လည်း အဆင်ပြေသွားတာပါပဲ။

ဒီနေ့လား။ ဟုတ်ပါ့..စည်ကားနေမှာပေါ့။

ရွာထဲက ကဗျာချစ်သူတွေရဲ့ ကဗျာပြခန်း ဖွင့်တယ်လေ။

အခုဆိုရင်တော့ ပြခန်း (၉) တောင် ဖြစ်နေပြီ။ သွားလို့ရမလားဆိုတော့ ရပါ့..ရပါ့။ လူတိုင်း လာကြည့်လို့ရတယ်။

ကျုပ်လည်းအခု အဲဒီကို သွားမလို့။ တစ်ခါတည်းသာလိုက်ခဲ့။

ဘယ်သူတွေပါလဲဆိုတော့…. အင်း.. ကျုပ်လည်း ပြခန်းတာဝန်ခံတွေလောက်သာ သိတာ… နေပါဦး..ပထမဆုံးက

ဟို လူကြီးလိုလို ဘာလိုလိုနဲ့ “ဦး” တပ်ပြီး နာမည်ခေါ်ခိုင်းတဲ့ ဦးမာဃ။ ကျုပ်တို့တော့ အဲ့နာမည် ခေါ်မနေပါဘူး။

တဂျားမင်း လို့ ခေါ်လိုက်တာပဲ။ ဟုတ်တယ်မို့လား.. မာဃဆိုတာ သိကြားမင်းနာမည်လေ။

အဲ.. သူတို့ပြခန်းတာဝန်ခံအချင်းချင်းကတော့ တဂျား ဆိုလား ဘာဆိုလားပဲ။

နောက်တစ်ယောက်က ဂျီးတော်ဆွိ…ဂျီးတော်ဆိုလို့ အသက်ကြီးကြီး မထင်နဲ့ဦး။

သူတို့အချင်းချင်း ဂျီးတော်ခေါ်လို့ ကျုပ်တို့လည်း လိုက်ခေါ်တာ။ ခပ်ငယ်ငယ်ရှိသေး။ ကျုပ်ကတော့ သူ့နာမည်ကြားတာနဲ့ စားစရာတွေ ပြေးမြင်တာပဲ။ အောင်မာ…မရယ်နဲ့ .. အတည်ပြောတာ။ သူရွာထဲကို ရောက်လာတော့ ဟင်းစပ်တွေနဲ့တော့။

ဘယ်ဟင်းနဲ့ ဘာနဲ့ကို တွဲစား၊ ဘာနဲ့က ဘယ်လိုလိုက်တယ်နဲ့ သူက တွဲပြတော့မှ..အောင်မယ်လေး…ဟုတ်တယ်တော့… စားကောင်းချက်။

နောက် နေပါဦး။ မန္တလေးက ဆိုင်ကောင်းကောင်းတွေ ညွှန်းတုန်းကများ သူကြီးတောင် သူ့ကို ခေါ်မေးရသေး။ ဒီတော့ ကျုပ်က သူ့နာမည်ကြားတာနဲ့ ဗိုက်ဆာလာတာ မလွန်ပါဘူးတော်။

နောက်တစ်ယောက်က .. ဟိုကောင်လေး……

သူ့ကိုသူ အစက မင်းမော်ကွန်းနဲ့ တူတယ်တဲ့။ နောက်ကျ အောင်ရဲလင်းနဲ့ တူတယ်တဲ့… စဉ်းစားကြည့်ပါဦး။

မင်းမော်ကွန်းနဲ့ အောင်ရဲလင်းက ဘယ်လိုမှ ရုပ်မဆင်တာ သူက တစ်ခါလာ တစ်ယောက်နဲ့ တူတယ်ဆိုတော့..

တူမတူ စဉ်းစားသာကြည့်တော့။

အော်.. နာမည်မပြောရသေးဘူးပဲ။

ဟို အလင်းဆက် လေ။ ဟီးဟီး..သူများတွေကတော့ ခေါ်တယ်။ ဒညင်းဝက်တဲ့။

ရွာအရှေ့ပိုင်းက ကိုရင်ဂီ ပေးထားတဲ့ နာမည်။

တကယ်တော့ အဲဒီနာမည်ကသာ သူနဲ့ အလိုက်ဆုံးပဲ။ ကျုပ်တော့ ဈေးသွားလို့ ဒညင်းဝက်တွေမြင်ရင် သူ့ပြေးမြင်မိနေလို့ ဒညင်းဝက်ကြော် မစားဖြစ်တာတောင် ကြာပြီ။

နောက်တစ်ယောက်က ဘယ်သူမှတ်တုန်း။

ကျုပ်ရဲ့ တူမတော် တော့်။ မွန်မွန်တဲ့။ အဲ့ကလေးမကတော့ ကိုယ့်တူမဖြစ်နေလို့သာပဲ။ ဘယ့်နှယ်တော်… ကျုပ်တို့ တစ်မျိုးလုံး အေးအေးဆေးဆေးပါပဲ။

သူ့ကျမှ ပါလေရာ။ ရွာထဲက ဘကြီးပါလေရာ မဟုတ်ဘူးနော်။ ဟိုစပ်စပ် ဒီစပ်စပ် သိပ်ပါတာ။

အခုလည်း ဘယ်လိုဖြစ်လို့ ပြခန်းတာဝန်ခံဖြစ်ပြန်တာလဲ မသိဘူး။ သူ့ကို တာဝန်ခံခန့်လို့ကတော့ အဲဒီပြခန်း ဘယ်အချက်ဇောက်ထိုးဖြစ်မယ်မသိ။ ခပ်လန့်လန့်ရယ်။

ဒီကြားထဲ ပဲကလည်း များလိုက်သေး။ တော်ပါပြီလေ။ ကိုယ့်တူမအကြောင်း ဒီထက် ထပ်ပြောရင်လည်း မကောင်းတော့ပါဘူး။

နောက်ဆုံးတစ်ယောက်တော့ သူကလေးတဲ့။ မှတ်မှတ်ရရ သူရောက်လာကာစက ရွာထဲ နေတွေသာနေတာ။ သူ့ပြောမိတော့ ဟုတ်တယ် ကြီးလုံတဲ့။ ဒီနေ့လည်း နေသာတဲ့နေ့တစ်နေ့ပဲတဲ့။

အခုတော့ နေမသာတာကြာပေါ့။ ဒီကိစ္စ သူနဲ့တွေ့ရင် ပြောရဦးမယ်။ အလိုတော်… ဒီ (၅) ယောက်ပဲလားဆိုတော့ ကျုပ်လည်း ဘယ်သိမလဲ။

ပြခန်းတာဝန်ခံတွေလောက်သာ သိတာ။ နောက်မှာ ဘယ်သူတွေရှိသေးလဲတော့ ကျုပ်လည်း မပြောတတ်ဘူး။

အိမ်က ကလေးမကလည်း သူ့ကဗျာကိစ္စဆို ကျုပ်ကို ဘာတစ်ခုမှ ပြောတာမဟုတ်။

ဆိုတော့ ပြခန်းတာဝန်ခံတွေနဲ့တွေ့ရင် ကိုယ့်ဘာသာကိုယ် မေးကြည့်ပေတော့။ ဟော..ရှေ့မှာ ပြခန်းကို ရောက်ပြီ။

နေပါဦး ဒီမှာ ဘာပါလိမ့်။

အော်.. ပြခန်း (၈) က ကဗျာစာရင်းပဲ။ ဒါကတော့ ပြခန်းရဲ့ ထုံးစံပေါ့။ ပြခန်းဆိုလို့ ကြည့်ရုံပဲ မထင်နဲ့နော်။

သူတို့က အမှတ်တရလက်ဆောင်လေး ပေးသေးတာ။ ပြခန်းကဗျာတွေထဲက ကိုယ်ကြိုက်မိတဲ့ ကဗျာ (၃) ပုဒ်ကို မဲပေးလို့ရတယ်။

ပြခန်းတစ်ခန်းကို  အများဆုံး (၁၅) ရက်လောက်ကြာအောင် ဖွင့်ထားတယ်။

ပြခန်းပိတ်ကာနီးကျရင် မဲပုံးကိုလည်း ပိတ်ပြီး မဲအများဆုံးရတဲ့ ကဗျာအတွက် လက်ဆောင်လေးပေးတယ်ပေါ့။

အဲဒီမှာ မဲပေးတဲ့သူတွေ စိတ်ရှင်းရှင်းနဲ့ ပေးနိုင်အောင် ဘယ်သူရေးတဲ့ကဗျာဆိုတာ မပြောပြထားဘဲ နောက်ပြခန်းကျမှ ကဗျာနဲ့ ကဗျာရေးသူကို တွဲပေးတာ။ ဒါက ရှေ့ပြခန်းက ကဗျာစာရင်းပေါ့။ နေဦး..ကြည့်ကြည့်ရအောင်။

ဗေဒါလမ်း (၁၉) – ဆရာဇော်ဂျီ
ဗေဒါလမ်းကတော့ ဆရာဇော်ဂျီ ရေးမှန်းသိပါ့။ ဒါပေမယ့် ဒီ (၁၉) ကဗျာလေးကတော့ ကျုပ်က ခုမှ ဖတ်ဖူးတာ။ အတော်လေး ကြိုက်မိသား။

နင့်အတွက်ငါ – Green Rose
Green Rose ဆိုတာ ရွာအကျိုးဆောင်လေးပေါ့တော်။ ရွာမှာ ဟိုတလောက အမှတ်တရစာအုပ်ကလေးတစ်အုပ် ထုတ်တယ်လေ။ သူက အစအဆုံးအကုန်စီစဉ်တာပေါ့။ အားလုံးကို ပြည့်စုံနေတာပဲ။ အောင်မယ်လေး…လိုချင်သပ ဝယ်လို့ရပါ့။ ရွာထိပ်က ဘွားလေးပဒုမ္မာရဲ့ အိမ်ထောင့်မှာ ကြော်ငြာဘုတ်ကြီးချိတ်ထားတယ်။ များများသာဝယ်။

စက်တင်ဘာလ ရောက်ပြီမို့ – ခင်ခ
ဒါကတော့ ရွာစွန်က ဦးခင်ခကြီးပေါ့။ သူက လရာသီဖွဲ့လေးတွေ ရေးတာ။ တစ်လကို တစ်ပုဒ်။ လရာသီရဲ့ သဘောသဘာဝ၊ ပွဲတော်၊ ပွင့်တဲ့ပန်း ..အို အကုန်ရေးထားတာ.. သူမို့ ရေးတတ်တယ်။ ကျုပ်တို့များ သူ့ကဗျာဖတ်မှ သေချာသိတော့တာပဲ။

လမ်းပြသူ – ဒီပါကို
ဟိုတလောလေးတင်က ကညာပျိုနဲ့ ဇရာအိုဆိုပြီး ကြေညာသွားလေတော့ ဒီလမ်းပြသူဆိုတာ သူ့ရဲ့ ကညာပျိုလေးများလားမသိ…တွေ့ရင်တော့ စပ်စုကြည့်ရမယ်…

စစ်သား – မဟာမြန်မာ
သူကတော့ မှတ်မှတ်ရရပါပဲ။ ပြီးခဲ့တဲ့ ပြခန်း (၇) တုန်းက ပြခန်းတာဝန်ခံ ဂျီးတော်ဆွိက သူ့ပြခန်းလေး လူမဝင်မှာစိုးလို့ဆိုပြီး ပလိုမိုးချင်း ဆိုလား ဘာလား လုပ်လေရဲ့။ ကဗျာရေးသူတွေနဲ့ စကားစမြည်ပြောတာလေးတွေကို ပြောပြထားပြီး ဘယ်သူက ဘယ်ကဗျာရေးတယ်ဆိုတာ တွဲခိုင်းတာ။ မှန်တဲ့သူကို ဆုပေးတယ်ပေါ့။ အဲဒီမှာ မဟာမြန်မာဆိုတဲ့ ဒီတစ်ယောက်က အကုန်မှန်အောင် တွဲပေးလိုက်ပါရောလား။ ဆုငွေကိုလည်း ရွာထဲက လူငယ်တွေစုဖွဲထားတဲ့ ဒါဇင်ပလပ်ပညာရေးအထောက်အကူပြု လူမှုကူညီရေးအဖွဲ့ ကို ပြန်လှူလိုက်သတဲ့။ ဟုတ်တာပေါ့။ ဒီလိုအဖွဲ့လေးရှိတာ ဘယ်လောက်ကောင်းသလဲလို့။ လှူချင်ရင် လှူလို့ရတယ်နော်။ ရွာထဲမှာတောင် ဆိုင်းဘုတ်အကြီးကြီး ထောင်ထားသေးတယ်။ ဝင်မေးကြည့်လို့ရတယ်။

နေရာနဲ့ကျော – သဲနုအေး
မွသဲ လို့ ခေါ်နေကြတဲ့ တစ်ယောက်ပေါ့။ အရမ်းသဘောကောင်းတယ်။ သူ့မှာ သားလေးရှိတယ်။ အိမ်က တူမတော်က ယောက္ခမသွားသွားခေါ်နေလို့ ကြိမ်းထားရသေးတယ်။ ဟိုက ကလေးလေးရှိသေးတာ။ သူက တစ်ရွာလုံးကို ပတ်ပြီး ယောက္ခမခေါ်လိုခေါ်၊ ယောင်းမတော်လိုတော်နဲ့ စပ်စလူးကို စိမ်နေလို့ ဆူနေရတာ။ အခုတလောတော့ ငြိမ်နေပါ့။ တစ်ခုခုပဲ။

သစ္စာပုံပြင် – ရွှေဂျူး
နေပါဦး..ဒီတစ်ယောက်က ဘယ်သူပါလိမ့်။ အော်… မိဂျူးမ။ ရွာထဲမှာ ဂျူဂျူးက နှစ်ယောက်ရှိတယ်။ တစ်ယောက် ဂျူဂျူးမ တဲ့။ အခုက ဂျူဂျူး။ ဟိုတလောက သူ့ကိုယ်သူ မွေ့ကေသာ လို့ ပြောင်းသေးတယ်။ အခုတော့ ရွှေဂျူးတဲ့။ တော်သေးတာပေါ့.. နို့မို့ လူမှားတော့မလို့။

အသက် (၄၀) အလွမ်း – ထက်ဝေး
အယ်..ဒီလူကြီးက အသက် (၄၀) လား။ ဒါ ရွာထဲက ဆေးဆရာ၊ ကဗျာဆရာ၊ စာရေးဆရာပေါ့။ သူ့လက်ရာတွေတောင် မတွေ့ရတာ ကြာပါ့။ အခုလို ကဗျာလေးတွေ ပြန်ဖတ်ရတော့လည်း သူ့ရဲ့ ညီမလေးရေ ဆိုတဲ့ စာလေးတွေ သတိရမိသားတော့်။

ဒွိဟ – လုံမလေးမွန်မွန်
အောင်မယ်..ဒီကလေးမ ဘာတွေ ဒွိဟ ဖြစ်နေပါလိမ့်။ အိမ်ကျမှ မေးကြည့်ရမယ်။ ပြောတာ မပြောတာ သူ့အလုပ်။ မေးရမှာက ကျုပ်အလုပ်။ ပြောမယ့်သာပြောတာ မေးရင်လည်း မထုံတတ်တေးနဲ့ ရယ်နေမှာ မြင်ယောင်သေး။

သူမ – အင်ဇာဂီ
ထင်သားပဲ။ ဒီကဗျာရေးတာ ကိုရင်ဒဿဂီရိဆိုတာ။ မျက်နှာများလို့လားဆိုတော့ ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်းမဟုတ်ဘူး။ မဟုတ်ဘူးဆိုတာက သူက ဟိုလိုမျက်နှာများတာ မဟုတ်ဘူးလေ။ ဟုတ်တယ်ဆိုတာက နာမည်တွေ ခဏခဏပြောင်းလွန်းလို့။ အစကဆို ကျုပ်မှာ မျက်စေ့လည်ရော။ ပေါက်ပေါက်ရှာရှာနာမည်ဆို သူပဲ ပေးတတ်တယ်။ အခုတော့လည်း သိသွားပါပြီတော်။

ချစ်သူသို့တမ်းချင်း – တောကကိုရင်
အော်.. ဒါ ကိုရင့် ကဗျာလား။ ကြိချိုးကဗျာလေး အရမ်းကောင်းတယ်။ ကိုရင်တောင် ရွာပြန်မလာတာ ကြာပြီ။ ဟို ကဗျာအဖွဲ့တော့ ဘယ်လို အနုကြမ်းစီးပြီး ကဗျာတောင်းထားလဲ မသိဘူး။

အောင်မယ်..အံ့ဩတာလား။ ဟုတ်ပါ့… သူတို့အဖွဲ့က အနုကြမ်းလည်း စီးတတ်သေး။ ကဗျာတောင်းတာ ပြောပါတယ်။ သူတို့ကိုယ်သူတို့တော့ ဓားပြတိုက်တယ် ပြောတာပဲ။ ကျုပ်ကတော့ အနုကြမ်းစီးတယ်လို့ပဲ မြင်မိတယ်။ ခေါင်းဆောင်ဘယ်သူလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ်သာ မှန်းကြည့်။ မပြောဘူး။ ကျုပ်တူမ တိုးတိုးလေး ပြောပြထားတယ်။

အဲ..အဲ အရေးကြီးတာ ကျန်သေးတယ်။ ဘယ်သူ မဲအများဆုံးပါလိမ့်။ အံမယ်.. ဒီလူတော့ မုန့်ကျွေးရတော့မယ်… ပြီးခဲ့တဲ့အပတ်က ပြခန်းတာဝန်ခံရဲ့ ဆုကိုရတယ်.. ဒီအပတ် ကဗျာပြခန်းရဲ့ မဲအများဆုံးဆုကိုရတယ်…

ဒါကတော့ ကဗျာပြခန်း - ၈ ရဲ့ အပြီးသတ်ရလာဒ် စာရင်းလေးပေါ့။

ဒါကတော့ ကဗျာပြခန်း – ၈ ရဲ့ အပြီးသတ်ရလာဒ် စာရင်းလေးပေါ့။

ကဲကဲ..ကျုပ်လည်း အတော်လေး မောသွားပြီ။ ဒီနေရာက ဝင်သွား။ ကဗျာတွေအကုန်ဖတ်ပြီးရင် ဒီနေရာကိုပဲ ပြန်လာခဲ့။ ဟော ဟိုနားမှာ မဲပုံးတွေ့လား။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ ကဗျာ (၃) ပုဒ်ကို မဲထည့်ခဲ့။ ပြီးရင် ပြောချင်တဲ့ မှတ်ချက်လေးတွေလည်း ရေးထားခဲ့လို့ ရတယ်။ အဲ..မဲပုံးနားက ဘာပါလိမ့်။ ပဟေဠိများနှင့် ပြခန်း (၉) ဆိုပါလား။ လာ..လာ..သွားကြည့်ရအောင်။

ကဗျာပြခန်း (၉) ၏ ကဗျာဆရာများ

၁။
၂။ သူ့ကလောင်နာမည်လေး ပေးဖြစ်ခဲ့ပုံက ယုံကြည်ရာလမ်းကို လျှောက်လှမ်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ပါတဲ့။
၃။ မြန်မာအက္ခရာ နောက်ဆုံးစာလုံးနဲ့စပြီး တတိယစာလုံးနဲ့ပိတ်ထားတဲ့ စာလုံးနှစ်လုံးတည်း နာမည်ပိုင်ရှင်
၄။ ကဗျာပြခန်းတာဝန်ခံတစ်ယောက်နဲ့ နာမည်ခပ်ဆင်ဆင်တူတဲ့သူ
၅။ ရွာပြင်ဇနပုဒ် မီးမှိန်မှိန်လေးမှာနေတဲ့ ရာသီစာ ရောင်းသူတစ်ယောက်
၆။ အဖနိုင်ငံရဲ့ နာမည်နဲ့ လူတစ်ယောက်
၇။ ကဗျာရေးတဲ့ ဓာတ်ပုံဆရာ
၈။ ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ နာမည် (ဧည့်သည်ကဗျာဆရာ)
၉။ သူ့နာမည်ရဲ့ အသံထွက်ကို အင်္ဂလိပ်လိုပြန်လိုက်ရင် It is difficult တဲ့ (ဧည့်သည်ကဗျာဆရာ)
၁၀။ ရွာလူကြီးတစ်ယောက်ရဲ့ ဇကာတင်ပါတဲ့ ပို့စ်ထဲက မင်းသား
၁၁။ ပြခန်း (၆) တုန်းက နာမည်ကြီးသွားတဲ့ မင်းသား
၁၂။ အစက်အပြောက်မဟုတ်ဘဲ ဆက်ပေးချင်ပါတယ်ဆိုတဲ့ မော်ဒန်ကဗျာဆရာတစ်ယောက်  

အဲ…သိသလို မသိသလိုပဲ။ အို… နေပါဦး။ နောက်မှ အေးအေးဆေးဆေး စဉ်းစားတာပေါ့။ ကဲ..ကဲ..ကျုပ်သွားပြီ။ ဟမ်.. ဘာမေးဦးမလို့လဲ။ ကဗျာပို့ချင်လို့.. ။

ပို့လို့ရပါ့။ အသေးစိတ်အချက်အလက်ကို ပြခန်းထဲက တစ်နေရာရာမှာ ကြေညာထားတတ်တယ်။

ကိုယ့်ဘာသာကိုယ်သာ ကြည့်သွားပေတော့။ မဟုတ်ရင်လည်း ပြခန်းတာဝန်ခံကိုမေး။ ဟုတ်ပြီလား။

ကဲ တကယ်သွားတော့မယ် ကိုဧည့်သည်ရေ… အေးအေးသာ ကြည့်ပြီးနေရစ်ခဲ့ပေတော့။ ။

=======================

စကားအတင်းစပ် …. ဒီကဗျာပြခန်းဟာဆိုရင် (၁၆-၀၉-၂၀၁၃) နေ့မှာ ကျရောက်တဲ့ လုံမရဲ့ မွေးနေ့ အမှတ်တရ အဖြစ် တင်လိုက်တဲ့ ပို့စ်လေးပါ။

မကောင်း ကောင်းကောင်း သည်းခံပြီး အားပေးကြပါဦးလို့။

=======================

အောက်မှာ ကိုယ်နှစ်သက်တဲ့ ကဗျာ (၃) ပုဒ်ကို Vote ပေးခဲ့ကြပါဦး။

[polldaddy poll=”7396378″]

=======================

ဒီပြခန်းမှာတော့ (ကဗျာပြခန်း နောက်တစ်ခုမခွဲတော့ဘဲ) ပို့စ်တစ်ခုတည်းမှာတင် ကဗျာတွေ တစ်ခါတည်း ကြည့်လို့ရအောင် ထားထားပါတယ်။

ထုံးစံအတိုင်းပဲ ကဗျာတွေ မဖတ်ခင်မှာ ကဗျာဆောင်းပါးလေးကို ဖတ်ရှု အားပေးသွားကြပါဦးရှင်။

 

ဆွမ်း – ကွမ်း – ကျွမ်း – လွမ်း

“ဆွမ်း – ကွမ်း – ကျွမ်း – လွမ်း ညီရဲ့လား”၊ “ဆွမ်း – ကွမ်း – ကျွမ်း – လွမ်း ကွဲရဲ့လား” ဟူသည့် စကားမျိုးကို ကျွန်တော်တို့ ကြားဖူးကြပါသည်။ ရွတ်ဆိုသော အခါ၌လည်း “ဆွမ်း-ကွန်း-ကျွန်း-လွန်း” ဟု ရွတ်ဆိုကြောင်းကိုလည်း ကျွန်တော်တို့ သတိထားမိကြပါသည်။ ယနေ့ခေတ် လူငယ်များတော့်ဖြင့် မပြောတတ်၊ ကျွန်တော်တို့ ငယ်စဉ်ကတော့ အငြိမ့်များတွင် လူရွှင်တော်များက “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း” ညီအောင် ရေးဖွဲ့ ရွတ်ဆိုတတ်ခြင်းမှာ တစ်ဂုဏ်ဖြစ်ကြောင်း ပြောသည်ကို မကြာခဏ ကြားခဲ့ရဖူးပါသည်။ ကျွန်တော့် စိတ်တွင်တော့ ကာရန်ညီအောင် ရေးဖွဲ့တတ်ခြင်းကို ဆိုလိုသည်ဟုသာလျှင် ခပ်ပေါ့ပေါ့ ထင်မှတ်ခဲ့ဖူးပါသည်။ နောင်တော့မှ ရေးသူက ဘက်လောက်ပဲ အသံလှအောင် ကာရန်ယူထား လိုက်စေဦးတော့၊ ဖတ်သူက ဆွမ်း – ကွမ်း – ကျွမ်း – လွမ်း မှန်ကန်အောင် မဖတ်တတ်လျှင် ကာရန်အလှ ပျောက်သွားတတ်ကြောင်း သတိပေးထားခြင်း ဖြစ်ကြေား သိလာပါသည်။

“ဆွမ်း” ကို “ဆွာမ်း/ဆွန်း”၊ “ကွမ်း” ကို “ကွာမ်း/ကွန်း”၊ “ကျွမ်း” ကို “ကျွာမ်း/ကျွန်း”၊ “လွန်း” ကို “လွာမ်း/လွန်း” စသည်ဖြင့် ရွတ်ဖတ်နိုင်ပါသည်။ မည်သည့် အသံမျိုးထွက်မည်နည်း ဆိုလျှင် သာမန် ပြောဆိုကြရာ၌ ကိုယ်ကြိုက်သလို အသံထွက်နိုင်သည်။ သို့သော် ကာရန်တွင်ပင် လာပြီဆိုလျှင်တော့ ကာရန်ကိုငဲ့ပြီး ရွတ်ကြရတော့မည် ဖြစ်ပါသည်။

ကျွန်တော် ပထမဆုံး သတိပြုလိုက်မိသည်က နန်းတော်ရှေ့ ဆရာတင်၏ “အောင်ပင်လယ်” သီချင်းထဲက စာသားကို သီဆိုကြပုံ ဖြစ်ပါသည်။ စာဖတ်သူလည်း ကြားဖူးပါလိမ့်မည်။ သူ့သီချင်း စာသားက –

“ဘယ်ဆီသို့ ဘယ်ဝယ်သို့ လွမ်းပါရမယ်
ညွှန်းကာပြကွယ် ကြာဖူးအိုင်ရယ်”၊

သီချင်းဆိုသူများက “လွမ်းပါရမယ် ညွှန်းကာပြကွယ်” ဟု ဆိုလိုက်သောအခါ နန်းတော်ရှေ့ ဆရာတင် အလှဆင်ထားခဲ့သော “လွန်း-ညွှန်း” ကာရန်ကလေး ပျောက်သွားပါလေတော့သည်။ ဆရာတင် ကိုယ်တိုင် သင်ကြားပေးနေမည် ဆိုလျှင် ထိုအချက်ကို ချက်ချင်း ပြင်ပေးလိုက်မည် ထင်ပါသည်။ ဆရာတင်တို့လို သီကုံးရေးသားသူများကို မဆိုထားနှင့်၊ ကျွန်တော်တို့လို ကျောင်းဆရာများကပင် ထိုသို့ အရွတ်အဖတ် မှားလျှင် နားက သည်းမခံနိုင်လောက်အောင် ဖြစ်မိတတ်ပါသည်။

=======================

ကဗျာပြခန်းမှာ..  ကဗျာလေးများ..ပါဝင် ပြသ ချင်တယ်ဆိုရင်တော့….

alinsett.art@gmail.com ကို.ကဗျာလေးများ..ပေးပို့နိုင်ပါတယ်..လို ့။

===================================

ကဗျာများ တစ်ခုချင်း ကျယ်ပြန့်စွာ ကြည့်ရှုလိုပါက အောက်ပါ လင့်ခ်များကို နှိပ်၍ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

  1. ရှေးကဗျာ (တော်သလင်းလဖွဲ့)
  2. ဟုတ် ဟုတ်ရဲ့လား အဖွားရယ်
  3. ငါဒီည ခေါင်းကိုက်နေတယ်
  4. Dream of Love
  5. စံပါယ်မျှားခြင်း
  6. Smile
  7. အကောင်းမြင်စိတ်
  8. နုပျိုမှုထဲ ခုန်ချချင်တယ်
  9. လူသားရဲ့ အရှုံး
  10. ကိုယ့်အလှည့်ကျတော့
  11. နှောင်ဖွဲ့ခြင်း
  12. ကြွားချင်း

=======================

=======================

About လုံမလေးမွန်မွန်

has written 169 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010