စွဲလမ်းတဲ့သံယောဇဉ်

“စွဲလမ်းတဲ့သံယောဇဉ်”

 

 

မနေ့ညနေခင်းက မိသားတစ်စု လမ်းလျောက်ထွက်ကြတဲ့အခါ အနောက်ကျုံးလမ်းမှာ ခိုလေးတွေကိုအစာကျွေးနေကြတာကိုမြင်တော့ ကျမသားလေးက ခိုစားကျွေးချင်တယ်လို့

ပူဆာပါတယ်။

ဒါနဲ့ဘဲ ခိုစာငါးရာဘိုးဝယ်။

ခွက်ကလေးကိုသားလက်ထဲ ထည့်လိုက်တော့သားလေးက ခိုတွေကိုအစာကျွေးရင်း ပျော်ရွှင်လို့နေပါတယ်။

သားလေးခိုစာကျွေးနေတာကိုကြည့်နေတဲ့နေရာနဲ့မနီးမဝေး

ကျုံးနံဘေးနားက သံတိုင်လေးပေါ်မှာ အညိုနုနုလေးနည်းနည်းစွက်ထားခိုဖြူလေးတစ်ကောင်

နားနေတာတွေတော့ လွန်ခဲ့သော အနှစ်နှစ်ဆယ်လောက်က

ခိုဖြူလေးတစ်ကောင်ကျမတို့အိမ် ခြံစည်းရိုးပေါ်မှာနေ့စဉ်နေ့တိုင်းလာနားနေတာကို ပြန်မြင်ယောင်မိပါတယ်။

အဲဒီခိုဖြူလေးက ကျမတို့ ဘဝနဲ့ဆက်စပ်နေခဲ့တာအမှန်ပါဘဲ။

 

ဇာတ်ကြောင်းလှန်ရရင်ဖြင့် ကျမတို့မွေးရာဇာတိကတော့

မြစ်ကြီးနားရထားသံလမ်းရိုး နံဘေးက ရွာမကမြို့မကျဒေသလေးကဘဲဆိုပါစို့။

ကျမတို့ မေမေရဲ့အမေ ကျမတို့ဖွားဖွားကရှမ်းလူမျိုးပါ။

ဖွားဖွားက အိမ်ထောင်ရေးကံဆိုးပါတယ်။

သားသမီးလေးယောက်အရမှာ အင်မတန်မှစိတ်သဘောထားကောင်းမွန်တဲ့ကျမတို့အဖိုးက

ယာခုတ်ရင်းခြေထောက်ကိုငုတ်စူးရာကနေ ပိုးဝင်ပြီးအနာကြီးဖြစ်လာပါတယ်။

အဲသဟာကိုဆေးမြီးတိုနဲ့ကုရင်း ဟိုအရွက်လေးအုံဒီအရွက်လေးအုံကနေ                ဗြုန်းဆိုဆုံးသွားခဲ့တာပါ။

တောအရပ်တောဒေသဆိုတော့မေးခိုင်ပိုးတွေဘာတွေနားမလည်တာလဲပါတာပေါ့။

အဖိုးဆုံးတော့  သားသမီးလေးယောက်ကျန်ခဲ့ပါတယ်။

ကံဆိုးချင်တော့ ပထမဆုံးသားဦးကလဲ အဖိုးဆုံးပြီးမကြာခင်မှာ ကျောက်တူးမယ်ဆိုသွားလိုက်တာ

ကျောက်တော့ ရမလာဘဲ ငှက်ဖျားရောဂါဘဲပါလာပြီး ကွယ်လွန်သွားပါလေရော။

အဲဒီမှာ အပျိုဖော်ဝင်စမိန်းကလေးတစ်ယောက်

သူ့အောက်ကကျောင်းနေတဲ့အရွယ်ယောကျာ်းလေးနဲ့ သမီးမိန်းခလေးတစ်ယောက်ဘဲကျန်ခဲ့ပါတယ်။

လူမမယ်ကလေးသုံးယောက်နဲ့ ကျန်ခဲ့တဲ့အဖွားခင်ဗျာ သမီးအကြီးကိုကျောင်းထုတ်အိမ်မူ့ကိစ္စလုပ်

အငယ်နှစ်ကောင်ကိုကျောင်းဆက်တက်ဘို့အတွက် မန်းလေး-နဘားအစုန်အဆန်ရထားကြီး

နဲ့ကယ်ရီသယ်တဲ့အခါသယ် ကိုယ်ပိုင်ငွေလေးနဲ့လုပ်တဲ့အခါလုပ်။

အရင်းပြုတ်ရင်ကယ်ရီပြန်သယ်နဲ့ မန်းလေးနဲ့ကျမတို့ရွာ အစုန်အဆန်သွားရင်း

မန်းလေးသားတစ်ယောက်နဲ့ဒုတိယအကြိမ်အိမ်ထောင်ပြုလို်က်ပါတယ်။

နောက်ထပ်ထူထောင်လိုက်တဲ့အိမ်ထောင်ဖက်ကလဲ မန်းလေးသား မုဆိုးဖိုမှာလဲ သားကြိးသမီးကြီးတွေရှိပါတယ်။                                                                                      ပထမ မိန်းမဆုံးသွားတော့ အဖွားနဲ့ဒုတိယအိမ်ထောင်ထူထောင်ကြတာပါ။

အဲဒီလူကလဲ အဖွားတို့လို ကယ်ရီတစ်ပိုင်းကုန်သည်တစ်ပိုင်းပါဘဲ။

သူနဲ့အိမ်ထောင်ကျတော့ အဖွားကို အိမ်မှာဘဲအနေခိုင်းပြီး သူဘဲ အစုန်အဆန်သွားပါတော့တယ်။

အဖွားနောက်အိမ်ထောင်ထူထောင်ပြီးတဲ့အချိန်အရွယ်ရောက်နေတဲ့သမီးအကြီးဆုံးဖြစ်သူ

(ကျမအမေဖြစ်လာမယ့်သူ)ကို အဖွားကရွာထဲကသင့်တော်သူနဲ့နေရာချပေးလိုက်ပါတယ်၊

ပထွေးနဲ့ သမီးပျို မသင့်တော်ဘူူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

သိပ်မကြာခင်မှာဘဲ အဖွားနောက်အိမ်ထောင် ဘိုးတော်က  အဖွားအရင်အိမ်ထောင်နဲ့ပါလာတဲ့ကလေးတွေကို သူရှာမကျွေးနိုင်တော့ဘူးဆိုဖြစ်လာပါတယ်။

ဒါနဲ့ဘဲ အရင်အိမ်ထောင်နဲ့နေခဲ့တဲ့ အိမ်မှာ ကလေးတွေနဲ့ အိမ်ထောင်သည်သမီးကြီးကိုထားခဲ့

ပြီးအဖွား တော့နောက်အိမ်ထောင်နဲ့လိုက်နေရပါတယ်။

ကျမတို့အိမ်နဲ့ အတော်ဝေးဝေးမှာအိမ်ငှားပြီးနေကြတာပါ၊

နောက်ပိုင်းမှာ တစ်မြိုထဲနေပေမယ့် အဖွားနဲ့သူ့သားသမီးတွေဆက်ဆံတာကိုမကြိုက်ဘူးဆိုပြီး

ကန့်သတ်လာပါတယ်။

သူရှိနေချိန်ဆိုရင်ကလေးတွေကို အိမ်အလာမခံပါဘူး၊

နောက်တော့ သူရှိ ရှိ မရှိရှိ ကလေးတွေနဲ့အဖွားလုံးဝမဆက်ဆံရတော့ပါဘူး။

အဖွားမှာတော့ သူခရီးတစ်ခေါက်ပြန်လာရင် သူကြိုက်တတ်တဲ့ဒူးယားဘူးလေးကို

ဘုရားစင်မှာအဆင်သင့်တင်ပေးရ။

သူ့သမီးကြီးမွေးထားတဲ့နွားမကြီးဆီကို နွားနို့တွေယူ မလိုင်တွေပျစ်နှစ်နေအောင်

ကြိုပြီးတိုက်ရနဲ့ ပြုစုယုယလိုက်ရတာ။

သူရောက်ပြီဆိုတာနဲ့သူကြိုက်တတ်တဲ့ အမဲသားလေးဘယ်ရွာမှာပေါ်သတုံးဆို

မေးမြန်းပြီး တခုတ်တရဝယ်ချက်ကျွေးရနဲ့တာဝန်ကျေရှာပါတယ်။

ကျမတို့ အမေတို့ တတွေကလဲ အမေ့မျက်နှာထောက်ပြီး ဘိုးတော်ရောက်တယ်

အသံကြားတာနဲ့ ရာသီစာ အသီးအနှံလေး ပို့ရဟိုဟာလေးပို့ရ ဒီဟာလေးပို့ရ။

တာဝန်ကျေကြပါတယ်။

သူကတော့ မန်းလေးက တစ်လတစ်ခါပြန်ရင် အရင်အိမ်ထောင်နဲ့ရတဲ့ သားသမီးတွေရဲ့

အဝတ်အဟောင်းအစုတ်တွေကို သယ်လာပြီး မယားပါသားသမီးတွေကို ဇွတ်ဝတ်ခိုင်းပါတယ်။

နှိ်မ်ထားတဲ့သဘောပေါ့။

ဒီလောက်ကျမတို့အမေတို့က အလိုက်တသိနေတာတောင်ကျမတို့အမေရဲ့မောင်နှမတွေသူ့အိ်မ်လာရင်လုံးဝမကြိုက်တဲ့အပြင်

ဘာများလာယူကြတာလဲဆိုတဲ့ အတွေးနဲ့ မယုံသင်္ကာကြည့်ရုံတင်မကဘူးထုတ်ဖော်လို့တောင်

ပြောလာပါတယ်။ နောက်တစထက်တစ ပိုပိုဆိုးလာတာက

သားသမီးတွေနဲ့ခေါ်တာပြောတာတွေ့ရင် အဖွားကိုရိုက်မောင်းပုတ်မောင်းလုပ်လာတာပါ။

အဲတော့ အဖွားခမျာ ကိုမွေးထားတဲ့သားသမီးတွေတောင် လူမြင်အောင်မခေါ်ဝံ့တဲ့ဘဝကို

ရောက်လာပါတယ်။                                                                                                    ဒါပေမယ့် အဖွားရဲ့သားသမီးတွေကတော့ အမေယောကျာ်းဘဲဆိုမေတ္တာမပျက်ဆက်ဆံကြပါတယ်။

သူရောကိုယ်ပါ သားကြီးသမီးကြီးရှိပါလျက်နဲ့ နောက်အိမ်ထောင်ပြုမိတဲ့အတွက်ကတော့ ဘာကောင်းကျိုးမှာမရှိခဲ့တာအမှန်ပါဘဲ။

ကြာတော့ အဖွားမှာ သားသမီးတွေနဲ့တစထက်တစ ဝေးကွာလာပါတယ်။

အရင်အိမ်ထောင်နဲ့ရတဲ့သားသမီးတွေကို မခေါ်မပြောရ ပိတ်ပင်ထားတာခံရပေမယ့်

သားသမီးတွေကလည်း အမေဆိုတော့ ခေါ်ပြော မပျက်ပါဘဲ။

အဲဘိုးတော်ပြန်ရောက်လာချိန်တော့အနားမကပ်ရဲဘူးပေါ့။

 

အဲဒီလူနဲ့ အဖွား က သားတစ်ယောက်ထဲဘဲ ထွန်းကားပါတယ်။

သူနဲ့အဖွား ပထမ သားဦးလေးရတဲ့အချိန်မှာ အဖွားရဲ့ သမီးကြီး ကျမအမေ ကလဲ သမီးဦးလေးမွေးတယ်ဆိုတော့ ဦးလေးနဲ့ တူမ တစ်လဘဲကွာပါတယ်။

အဲဒီလူ ဆိုးချက်ကတော့ လက်လန်ပါတယ် စိတ်မှ မှန်ရဲ့လားလို့တောင်တစ်ခါတစ်ခါတွေးမိပါသတဲ့။

သူနဲ့ အဖွားရတဲ့သားလေးကို  ၁ဝ နှစ်သားအရောက်မှာရှင်ပြုပေးပါတယ်။

အဲဒီလိုအလှူလုပ်တဲ့အချိန်မှာ တစ်နယ်လုံးမှာရှိနေတဲ့ ရပ်ဝေးရပ်နီးက အသိမိတ်ဆွေတွေကို ဖိတ်ပေမယ့်အဖွားအရင်အိမ်ထောင်နဲ့ရတဲ့ သားသမီးတွေဆီကိုတော့                    ဖိတ်စာမပေးတဲ့အပြင်လာစရာမလိုဘူးလို့လဲလူကြုံနဲ့ ပြောခိုင်းပါသတဲ့။

အဲလိုဖြစ်တော့ အမေတူ အဖေကွဲမောင်လေးရှင်ပြုကို မလာရတော့ ဝမ်းနည်းကြတာပေါ့။

ကျမတို့မြန်မာတွေဆိုတာ အမေ့ဘက်က အမျိုးဆိုရင် ပိုးပြီး သွေးနီးတယ်ထင်ကြတာကိုး။

 

ဒီရှင်ပြုပွဲလဲပြီးရော အဲဒီသားလေးကို လဲ မန်းလေးခေါ်သွားပါတယ်။

ဟိုမှာကျောင်းထားမယ်ရွာမှာဆိုရင် မဖြစ်ထွန်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့။

မန်းလေးဘူတာကြီးနားက သူ့ညီမအိမ်မှာနေတယ်ပြောပါတယ်။                                                     အစကတော့ တစ်လတစ်ခါ ကျောင်းပိတ်ရက်ဆိုရင် ရွာပြန်လာခဲ့ကြပေမယ့် နောက်တော့ပြန်မလာတော့ပါဘူး။

အဖွား ကိုလဲ မန်းလေးကို လာခွင့်မပြုပါဘူး။

ဘိုးတော်ကလဲ အစက ကျမတို့ရွာနဲ့မန်းလေးကို ကူးချည်သန်းချည်နေပေမယ့်

နောက်ပိုင်း မလာတော့ပါဘူး။

တစ်ခါတစ်ခါမှသာ လူကြုံနဲ့ မသေရုံတမယ်စားရဘို့ ငွေပါးပေးပါတယ်။

အတိအကျမသိပေမယ့် ဘိုးတော်က မန်းလေး ဘူတာကြီးက ခေါင်းရွက်ဈေးသည်

ကိုထပ်ပြီးယူထားသလိုလို သတင်းတော့ သဲ့သဲ့လေးထွက်လာပါတယ်။

အဖွား က တော့ သူ့သားလေးကိုမျှော်နေပေမယ့်သားလေးကတော့ပေါ်မလာပါဘူး။

အရင်အိမ်ထောင်နဲ့ရတဲ့သားကလဲသေအရင်အိမ်ထောင်နဲ့  ရှိတဲ့သားနဲ့လဲပေးမတွေ့ ဘိုးတော်နဲ့ ရတဲ့သားနဲ့လဲအဝေးပို့ပြီး ရှင်ခွဲထပ်အခွဲခံရတော့ သားစိတ်သမီးစိတ်နဲ့ဘဲ အိပ်ယာထဲလဲပါတော့တယ်။

ကျမတို့အမေက သူ့အိမ်လာနေပါလို့ခေါ်လဲ ဘိုးတော်နဲ့သူသားလေးပြန်လာမှာဆိုတဲ့မျှော်လင့်ချက်နဲ့

ဘူတာနဲ့ နီးတဲ့အိမ်မှာဘဲနေပါတယ်၊

ရထားဥဩသံက ဝင်တာထွက်တာကြားနေရတဲ့အိမ်လေးမို့လဲနေချင်တာပါ ပါလိမ့်မယ်။

 

အိပ်ယာထဲဘုံးဘုံးလဲချိန်မှာ တစ်ရွာထဲနေတဲ့ကျမတို့  သားသမီးတွေကဘဲ လာပြီး ပြုစုရတော့တာပေါ့၊

ခက်တာက ရောဂါကလဲ ဘာမှရေရေရာရာရှာမရ။

ရွာနီးချုပ်စပ်မှာရှိတဲ့ အင်္ဂလိပ်ဆရာဝန်ရော မြန်မာသမားတော်ရော ဓါတ်ကု နတ်ကု ဘုရားကု စုံနေအောင်ကုပေမယ်တရှောင်ရှောင်နဲ့ဘာမှထူးမလား။

နောက်တော့ လူနာစိတ်ထဲမှာဘာရှိနေလဲသိအောင်မေးတော့လို့ဆိုတာနဲ့ ဝိုင်းမေးတော့

သူ့သားအထွေးဆုံးလေးကိုတွေ့ချင်တယ်လို့ဆိုလာပါတယ်။

သားသမီးတွေကလူကြုံလွှတ်ပြီးအခေါ်ခိုင်းပေမယ့် တော်တော်နဲ့ရောက်မလာ.။

အဲဒီခေတ်က အခုခေတ်လိုဆက်သွယ်ရေးကလဲမလွယ်။

အခေါ်လွှတ်လိုက်သူသာပြန်လာတယ် သူမျှော်တဲ့သားကလဲမလာ သူ့အိမ်သားကလဲမလာ။

မနေသာတဲ့အဆုံးအရင်အိမ်ထောင်ကပါတဲ့မန်းလေးမှာနေတဲ့ သားကြီးကိုအကူအညီတောင်းပြီးအခေါ်ခိုင်းရပါတော့တယ်၊

အဲဒီအခါမှာတောင် သူ့အဖေက ဘာတွေပြောထားတယ်မသိဘူး မလိုက်ချင်ဘူးလို့ငြင်းပါသတဲ့။

အဲဒီမယ်သူ့အကို က စိတ်တွေဆိုးပြီး ထိုးမယ်ကြိတ်မယ်လုပ်မှလိုက်လာပါသတဲ့။

အဲဒီလူက သိပ်မကြာခင်လာလိမ့်မယ်သူသေချာပြောထားပြီးသားဆိုတဲ့စကားကိုကြားတဲ့နေ့ကစပြီး

အိပ်ယာထဲလဲနေတဲ့အဖွားက ရထားသံကြားတိုင်းမျက်လုံးလေးဖွင့်ကြည့် ။

ရထားပြန်ထွက်သွားလို့အတော်ကြာမှ မျှော်သူပါမလာဘူးဆိုတာသိရင်မျက်လုံးလေးပြန်မှိတ်လို့အိပ်။

မျက်လုံးအစုံမှာမျက်ရည်စတွေ တွဲံလွဲခိုနေတာမြင်ရသူတိုင်းကစိတ်မကောင်းကြ။

လူကလဲ အစာမဝင်တော့ တရက်ထက်တရက် ချိနဲ့လို့လာပါတယ်။

သူမဆုံးခင်မနက်ခင်းကတော့ လေသံလေးနဲ့ ဒီနေ့လာကြမှာလားလို့မေးပါတယ်။

လာမှာလို့ပြောတော့ ခေါင်းလေးငြိမ့်ပြီး ပြုံးနေတဲ့မျက်နှာပေးလေးနဲ့ မှိန်းနေပါတယ်။

သိပ်မကြာခင်ရထားဆို်က်ခါနီးဥဩသံကြားတော့ ခေါင်းထောင်ထလာပြီးလှဲနေရာက

နေသူ့ကိုထူပေးဘို့ လက်ဟန်ခြေဟန်နဲ့ပြတော့ ဝိုင်းထူ ခေါင်းအုံးတွေခံ စောင်တွေခံနဲ့

မတ်မတ်ကလေးနေနိုင်အောင်လုပ်ပေးရပါတယ်။

နောက်တော့ အစာစားမယ်လို့ အမူအယာပြတော့ ဆန်ပြုတ်ကိုဇွန်းသေးသေးလေးနဲ့

တိုက်ပေးတော့ ခါတိုင်းလုံးဝမစားတဲ့လူက ဆယ်ဇွန်းလောက်စားတော့အားလုံးမှာဝမ်းသာ။

နောက်သူ့ဆံပင်ကိုဖီးခိုင်းပြီးသပ်ရပ်အောင်လုပ်ခိုင်းပါတယ်။

နောက်ဘုရားစင်ဘက်ကို ခေါင်းလေးလှည့်ပြီး ဘုရားကိုအာရုံပြုနေတာမြင်ရတော့

အားလုံးမှာ မျက်ရည်စို့လို့တောင်လာပါတယ်။

တအောင့်နေလို့ ရထားထွက်မယ့်ဥဩဆွဲသံကြားတော့                        “မလာကြသေးပါလားဘယ်မှာလဲ”ဆိုတဲ့ ပုံစံနဲ့

ခေါင်းလေးဆတ်ပြီးမေးတဲ့အခါ မပါဘူးလို့ဘဲခေါင်းရမ်းပြလိုက်ရပါတယ်.။

အဲဒီအချိန် ငြုးိကျသွားတဲ့အဖွားရဲ့မျက်နှာကို ဘယ်လိုပုံဖော်ပြရမှန်းမသိနိုင်အောင်ပါဘဲ။

ခဏနေတော့သူကိုပြန်လှဲပေးခို်င်းတာနဲ့ပြန်လှဲပေးလိုက်တော့ နံရံဘက်ကို မျက်နှာမူပြီးဘေး

တစောင်းလေးအိပ်နေပါတယ်။

အတော်လေးကြာတော့ရှိုက်သံတစ်ချက်ကြားလိုက်ရပြီး ငြိမ်နေတယ်လို့ကြည့်လိုက်တော့အ

အသက်မရှိတော့ပါဘူး။

မျက်လုံးဒေါင့်မှာတော့မျက်ရည်စတွေနဲ့။

မြင်ရသူအပေါင်းရော သားသမီးတွေရော ငိုလိုက်ကြတာ အုံးအုံးထ။

နောက်ရက်မနက် ရထားဆိုက်ချိန် သူမျှော်တဲ့သားလေးရယ် သူအိမ်သားရယ်

ရောက်လာတော့ အဖွားကကုတင်ပေါ်အိပ်ရက်အနေအထားနဲ့ဆံပင်ဖားလျားချပြီး

သူချစ်တဲ့သားလေးကိုကြိုနေပါတယ်။

အဖွားဆုံးတဲ့အခါ ရွာထဲကလူတွေရောဆွေမျိုးသားချင်းတွေကပါနာရေးကိုဝိုင်းကူ

ပြီးအလှူငွေထဲ့ကြပေမယ် ဘိုးတော်ကတော့ တပြားတချပ်မှမထုတ်ဘဲ                              မသိချင်ယောင်ချင်ဆောင်လို့နေပါတယ်။

အဖွားရဲ့အသုဘကတော့ ပြောစမှတ်ဖြစ်အောင် အလွန်စည်ကားလှပါတယ်။

နောက်မှသိရတာတော့ မိုက်လှတဲ့သားနဲ့ဆိုးဝါးလွန်းတဲ့ ယောကျာ်းကိုကြည့်ချင်လို့

ရွာနီးချုပ်စပ်ကလူတွေတောင်လာကြည့်ကြလို့စည်ကားတာပါတဲ့။

နောက်အဖွားရက်လည်ပြီးတဲ့နေ့မှာတော့ ဘိုးတော်က သူသားအငယ်ကိုခေါ်ပြီး မန်းလေးကိုပြန်သွားပါတော့တယ်။

အဲဒီအချိန်ကစပြီး အဖွားရဲ့နောက်အိမ်ထောင်နဲ့ ကျမတို့ နဲ့လုံးဝအဆက်ပြတ်သွားတော့တာပါဘဲ။

ဘိုးတော်လဲ သိပ်မကြာခင်မှာ အရက်တွေအသောက်လွန်ပြီး မိုးရွာထဲအိပ်တာကနေဆုံးသွားတယ်

လို့သတင်းကြားရပါတယ်။

ဒါကတော့ ကျမ မသိမမှီလိုက်တဲ့ကာလက အကြောင်းတွေကို ကျမမေမေက အိပ်ယာဝင်ပုံပြင်လို့

ပြောခဲ့လို့သိနေတရတာပါ။

ကျမမေမေက အဖွားရဲ့ပထမသမီးကြီးပါဘဲ။

ကျမကတော့မေမေ့ရဲ့သမီးအထွေးဆုံးလေးပေါ့။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

အဖွားဆုံးပြီးသိပ်မကြာခင်မှာ ကျမတို့ ရွာဦးဘုန်းကြီးကျောင်းမှာခိုလေးတွေရောက်လာပါတယ်။

အရင်ကမရှိပါဘူး။

ခိုလေးတွေထဲမှာ အဖြူရောင်ခိုလေးတစ်ကောင်က ထူးထူးခြားခြား။

ကျမတို့ဝင်းထရံမှာလာပြီးအကြားကြီးနားပါတယ်.။

ကျမအမေကထမင်းလုံးလေးတွေကို ခိုစာကျွေးဘို့လုပ်ထားတဲ့ စင်လေးပေါ်မှာတင်ပေးပြီး

မှ ထမင်းစေ့လေးတွေကိုလာစားတာနေ့စဉ်နေ့တိုင်းပါဘဲတဲ။

တစ်နှစ်ကျမတို့အမေတို့က ကောက်ညှင်းတွေအောင်ပါသတဲ့။

အဲဒါနဲ့ ကျမတို့အမအကြီးဆုံးရယ် ကျမရယ်ကို နားသ ကျမအထက်က အကိုကိုရှင်ပြုဆိုပြီး

အလှူကြီးပေးပါတော့တယ်။

ကျမတို့အမေကလဲ မန်းလေးမှာနေတဲ့သူ့မောင်ဝမ်းကွဲတွေကိုပါလှမ်းဖိတ်ပါသတဲ့။

အလှူလုပ်တဲ့ရက်ကတော့ အားလုံးတပြုံးပြုံးပေါ့။

ကွဲကွာနေတဲ့မောင်နှမတစ်တွေပြန်ဆုံကြရတာကိုး ။

အလှူရက်မှာ မောင်ရင်လောင်းတွေကနေကိုရင်ဘဝသွတ်သွင်းပြီးချိန်အလှူတရားနာနေချိန်မှာ

အိမ်မှာနေ့စဉ်လာနေတဲ့ခိုဖြူလေးက အလှူမဏ္ဍပ်အတွင်းထဲမှာဝင်နားပါသတဲ့။

ကျန်တဲ့ခိုတွေကလဲ အလှူမဏ္ဍပ်နားမှာ အုပ်လိုက်ကြိးဝဲနေတော့ ဆရာတော်ကတောင်

“ထူးဆန်းလှသကွယ်”လို့ မိန့်ပါသတဲ့။

ဒါနဲ့ဘဲ အလှူရေစက်ချပြီးလို့အမျှဝေချိန်ကျမအမေက

အဖွားနာမယ်ကို တတဲ့ပြီး  အမေရေအမျှအမျှ အမျှ

သုံးကြိမ်လဲရွတ်အပြီး အလှူပရိသတ်ကလဲ သာဓု သာဓု သာဓု လို့ ရွတ်လို့အဆုံးမှတော့              မဏ္ဍပ်ထဲမှာ နားနေတဲ့ ခိုဖြူလေးက အမေ့ပုခုံးပေါ်မှာလာနားပြီး

အမေ့ပါးလေးကို နုတ်သီးလေးနဲ့ထိုးထိုးပြိးနမ်းပါတယ်။

အဲဒီအခါမြင်ရသူအပေါင်းမှာ ထူးဆန်းအံ့ဩလို့နေပါတယ်။

ခိုဖြူလေးက အမေ့ပုခုံးပေါ်မှာဟိုဘက်ပြောင်းလိုက်ဒိဘက်ပြောင်းလိုက်

ပါးကိုနုတ်သီးလေးနဲ့နမ်းလိုက်လုပ်နေတာအကြိမ်ကြိမ်ပါဘဲတဲ့၊

ဆယ်မိနောက်အကြာမှာ ခိုလေးလဲပျံထွက်အသွားမှာ အပြင်မှစောင့်နေတဲ့ခိုတွေကလဲ

ဝေါကနဲအုပ်လိုက်ကြီးပျံထွက်သွားလိုက်တာ ဖုံတွေတောင်ထောင်းထောင်းထကျန်ပါသတဲ့။

ခိုဖြူလေးလဲထွက်သွားရော ကျမအမေက “အမေရေ အမေရဲ့ ” လို့အော်ရင်းငိုရင်းနဲ့ သတိလစ်သွားလိုက်တာဝိုင်းပြီးခြေမချိုးကြ နှာနှပ်ကြမှပြန်သတိရလာပါသတဲ့။

“အဲဒါ ကျမအမေ အခုမှကျွတ်ရှာတာပါ ကျမတို့ သံယောဇဉ်နေရှာတာပါ။

ကျမကိုနေ့တိုင်းညတိုင်းအိပ်မက်ပေးမနက်ဆိုအိမ်လာကျမအစာကျွေးမှပြန်တာပါ။

မယုံမှာစိုးလို့မပြောရဲတာပါ” ဆိုပြီးပြောရင်းငိုပါသတဲ့။

ထူးဆန်းတာက အဲဒီနေ့ကစပြီးရွာဘုန်းကြီးကျောင်းမှာခိုတစ်ကောင်မှ မရှိတော့တာပါဘဲ။–

 

တစ်ခါတစ်ခါလောကကြီးမှာဆန်းကျယ်တဲ့ဖြစ်ရပ်တွေက မယုံနိုင်စရာပါ။

ကျမတို့ကတော့ကိုယ်တွေ့မို့ယုံကြည်ပါတယ်။

အဲဒီအချိန်ကစလို့ ခိုဖြူလေးတွေမြင်ရင် ကျမစိတ်ထဲမှာ သံယောဇဉ်ကြိးလွန်းရှာတဲ့

သွားလေသူအဖွားရဲ့ သံယောဇဉ်ကြီးမားပုံတွေကိုအောက်မေ့တသရင်းနဲ့ ဝမ်းနည်းမိပါတယ်။

တစ်ခါတစ်ခါမှာ စွဲလမ်းတဲ့သံယောဇဉ်ကြုးိဆိုတာ နှောင်ဖွဲ့မိရင် ရုန်းထွက်ဘို့

ခက်တယ်ဆိုတာကိုတော့ တဖြည်းဖြည်းနဲ့သဘောပေါက်လာသလိုပါဘဲ။

ဒါပေမယ့် သံယောဇဉ်ဆိုတာကတော့ ဖြတ်ဘို့အခက်သားလားနော်။

 

 

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

15-9-2013

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

15 comments

  • kotun winlatt

    September 15, 2013 at 11:15 pm

    လေးပေါက်ရေ…. ရေးးးတတ်လိုက်တာဗျာ… ဖတ်ရင်းးးးဖတ်ရင်းးးး ဆိုနင့် ကြေကွဲစွာ ခံစားရပါတယ်…
    နောက်ထပ်လည်းးးး ဒီလိုမျိုးလေးတွေ ရေးးးပါဦးးးခင်ဗျာ….

    • ခင် ခ

      September 17, 2013 at 4:45 pm

      ဒီတစ်ခုမှတ်သွားသည်။

  • sorrow weaver

    September 16, 2013 at 1:58 pm

    ဦးပေါက်ရေ …ကြေကွဲဗျာ..

  • kyeemite

    September 16, 2013 at 2:00 pm

    တကဲ့အပြင်လောကမှာ ဖြစ်ပျက်နေတာတွေက
    တစ်ခါတစ်ခါ စိတ်ကူးယဉ် ဝတ္ထုတွေထက်တောင်အံ့ဩဖို့ကောင်းပါ၏

  • Wow

    September 16, 2013 at 3:37 pm

    ဆုံးသွားထဲက မကြာမကြာ အိမ်မက်တွေမက်တဲ့ အဖေ့ကို သတိရသွားတယ် :bye:

  • ဗုံဗုံ

    September 16, 2013 at 3:50 pm

    အီး.. နှလုံးသားက နုပါတယ်ဆိုမှ… :byae:

    • sorrow weaver

      September 16, 2013 at 4:42 pm

      အာလူးဗျို့ …ကွကိုယ်ကျ နှလုံးသားနုတယ်တဲ့….လူညားကျ ဓါးနဲ့ထိုးတယ်…လူဆိုး….

  • အလင်းဆက်

    September 16, 2013 at 5:27 pm

    ရင်ထဲမှာ နင့်ခနဲ နင့်ခနဲ ခံစားလိုက်ရတယ်ဗျာ

    သံယောဇဉ် ကိစ္စ ဆိုတာလည်း အဲဒီလို ရင်နင့်စရာတွေ ပါ လာတတ်တာကိုးးး

    လေးပေါက်ရေ . . . .
    ဖတ်ရတာ ကွက်ကွက်ကွင်းကွင်း မြင်လာတဲ့အထိ ရေးပြထားတာလေးကိုလည်း
    အားကျမိပါရဲ့

    ချစ်ခင်လေးစားလျက်

  • အရိပ်စစ်

    September 16, 2013 at 8:28 pm

    စာရေးကောင်းတာရော
    သံယောဇဉ် အဖွဲ့လေး တွေ ကြောင့် ပါ
    မျက်ရည်တောင် ကျချင်ချင် ဖြစ်သွားတယ် ( အရမ်းကောင်း…)

  • ဒီပိုစ်လေးက တကယ်အဖြစ်အပျက်လို့ပြောပါတယ်။
    ကျနော်ကို ကျနော်တို့ရွာသားကြီးတစ်ယောက်ရဲ့ အမက ပြောပြတာကို
    ကျနော်က ခံစားပြီးရေးဖွဲ့ပြထားတာပါ။
    အတော်လေးကို ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးဖြစ်ပါတယ်

  • ဆုမြတ်မိုး

    September 18, 2013 at 9:24 am

    ရင်ထဲမှာဆို့နေတာပဲ အရမ်းရေးတတ်ပါတယ်… ကိုပေါက်ရယ်။ ကျမတို့အဘွားလည်းအိမ်ထောင်နှစ်ဆက်ပဲ ။ ပထမယောက်ျားနဲ့အဆင်မပြေလို့ နောက်အိမ်ထောင်ထပ်ပြုတာ ။ ပထမယောက်ျားက ဆွေမျိူးတော်တော့အသက်ကြီးလို့နေမကောင်းတဲ့အခါ..ဒုတိယအိမ်ထောင်နဲ့အဘွားအိမ်မှာ နှစ်ရှည်လများလာနေပြီး ဆေးကုတာ ။
    အဘွားပဲပို်င်တာလား ဒုတိယအိမ်ထောင် ကျမတို့အဘိုးပဲ သဘောကောင်းတာလားမသိပါဘူး ။
    ဒီရက်ပိုင်းအတွင်းလူက အလုပ်တွေပိပြီးစာမရေးဖြစ်တာ ကိုပေါက်ရဲ့စာလေးကိုဖတ်ပြီး စာဆက်ရေးဖို့အိုင်ဒီယာရသွားပါတယ်..။ ကျေးဇူးပါကိုပေါက်ရယ်..ဆက်ရေးပါဦးနော်..

    ခင်မင်လျက်
    ဆုမြတ်

    • ဟုတ်ပါ မဆုမြတ်ရေ ဇာတ်လမ်းလေးက လွမ်းစရာပါခင်ဗျာ။
      ကျနော် ရသ မရေးတာ အတော်ကြာပြီ ဝေဖန်လေကန်ရေးတွေများနေတာနဲ့ အခုဘာမှာမရေးဘဲရပ်ထားတာ.
      ချောင်းသာကို အခြေခံတဲ့
      “သောင်မဲ့ကမ်း တောင်မဲ့ ပင်လယ်”ကတော့ရေးပြိးသွားပါပြိ။
      အေဖိုးနဲ့ စာမျက်နှာ 40 ကျော်ပါတယ်။
      ဘယ်လိုတင်ရရင်ကောင်းမလဲ စဉ်းစားနေတာပါ။

  • ဦးကြောင်ကြီး

    September 18, 2013 at 9:44 am

    ခိုဖြူလေးအကြောင်း သဂျီး အသိစေနဲ့.. သူသိသွားရင် လေးခွစာ မိမယ်…။
    ဆုမြတ်ကို လုဖက်မယ်.. စာစာ..

Leave a Reply