စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၂) – Copyright © H + M

ဇီဇီSeptember 18, 20133min34817

 
စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၂)
If you come to Singapore for job hunting (2)

နေထိုင်စရာ အိမ်အရင်ရှာ

 စင်ကာပူမှာ အလုပ်လာရှာတဲ့အခါ အဓိကလိုအပ်သည်မှာ နေထိုင် စရာ အိမ်ဖြစ်ပါသည်။

ဆွေမျိုး၊ အသီမိတ်ဆွေ ရှိလျှင် ကိစ္စမရှိပါ။ မရှိလျှင် နေစရာအိမ် စီစဉ်ထားရန်လိုအပ်ပါသည်။ စင်ကာပူတွင် ဆွေမျိုး၊ အသိမိတ်ဆွေ ရှိလျှင် ယင်းတို့အိမ်တွင်နေထိုင်ရန် အရင်မေးမြန်းပါ၊ အဆင်မပြေပါက မိမိ အတွက် အခန်းဌားထားပေးဖို့ အကူအညီတောင်းပါ။
H + M တွင်လည်း short term အခန်းကြော်ငြာများတင်ပေးပါမည်။
H + M Page ကိုအမြဲကြည့်ပါက သိနိုင်ပါသည်။
(H + M ဝန်ဆောင်မှုလိုချင်ပါကလည်း သက်သာသောဈေးနှုန်းဖြင့် short term အခန်းဌားပေးခြင်းကို ဝန်ဆောင်မှုပေးပါမည်။) (စင်ကာပူမလာခင် မြန်မာနိုင်ငံမှ လှမ်းဌားထားနိုင်ရန်)

 

အိမ်ခန်းဆိုသည် HDB

စင်ကာပူတွင် များသောအားဖြင့် အဌားတင်ကြသော အိမ်များမှာ HDB ဟုခေါ်သော (အိုးအိမ်မှ အိမ်ရာများ ဆိုကြပါစို့) တိုက်ခန်းများဖြစ်ပြီး အမြင့်ဆုံးသည် ၂၄ လွှာအထိရှိတတ်ကြသည်။ (တစ်နေရာနှင့် တစ်နေရာ အလွှာမတူပါ။)
အခန်းများမှာ – Common Room, Master Room, Single Room ဟူ၍ဖြစ်ပါသည်။

Common Room မှာ ရိုးရိုးအခန်းဖြစ်ပြီး ရေချိုးခန်း/အိမ်သာ တွဲမပါပါ။ အခြားသူများနှင့် အပြင်တွင် share သုံးရမည်။ မိမိသည် Visit လာသူ ဖြစ်၍ အလုပ်အချိန်မှီသွားစရာမလိုသေးသဖြင့် ထိုကိစ္စကို ထည့်သွင်း စဉ်းစားရန် မလိုသေးပါ။

Master Room သည် ရေချိုးခန်း/ အိမ်သာ တွဲပါပြီး Common Room ထက် အနည်းငယ်ပိုကျယ်တတ်ကြသည်။

Single Room ဆိုသည်မှာ အိမ်ရှေ့ခန်းတွင်ဖြစ်ဖြစ်၊ တခြား စတိုခန်း လို အခန်းမျိုးဖြစ်ဖြစ်ကို လူတစ်ယောက်စာ အခန်းကန့်၍ ဌားခြင်းဖြစ်သည်။

 တချို့တိုက်ခန်းများသည် အပြင်တွင် ရေချိုးခန်း အိမ်သာ ၂ခန်းပါဝင် တတ်ပြီး Master ခန်းမရှိပါ။

 တိုက်ခန်းများမှာ အိပ်ခန်း ၂ခန်းပါသော တိုက်ခန်း (2+1 ဟုခေါ် သည်။ 2 မှာ အိပ်ခန်းကိုဆိုလိုပြီး 1 မှာ ဧည့်ခန်းဖြစ်ပါသည်)၊
 အိပ်ခန်း ၃ ခန်းပါသော တိုက်ခန်း (3+1)၊ အိပ်ခန်း ၄ ခန်း၊ တချို့ ၅ ခန်းထိပါသော (5 + 1) တိုက်ခန်းများထိရှိကြသည်။

 

 အခန်းခ (Room Rental Fees)

အခန်းခများမှာလည်း အမျိုးမျိုးရှိပါသည်။ အဌားတင်ထားသော လူအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြင်းမှု ရှိပါသည်။

Master ခန်းကို ၂ ယောက်တည်းနေရမည်ဆိုလျှင် တစ်ယောက်ကို S$ 400 မှ S$ 550
၃ ယောက်နေရမည်ဆိုလျှင် တစ်ယောက်ကို S$ 300 မှ S$ 400

 Common room ကို ၂ ယောက်တည်းဆိုလျှင် တစ်ယောက်ကို S$ 350 မှ S$ 500၊
 ၃ ယောက်ဆိုလျှင် တစ်ယောက်ကို S$ 300 မှ S$ 350

 Single room ကို တစ်ယောက်စာ S$ 300 မှ S$ 350၊

 တချို့ Master (or) Common Room ကို ၄ ယောက်ထိထားတတ်ပါသည်။
 ထိုသို့ဆိုလျှင် တစ်ယောက်ကို S$ 200 မှ S$ 250ဖြစ်သည်။ Common Room (သို့) Master Room မည်သည့်အခန်း ဖြစ်ဖြစ်၊ လူ ၂ ယောက်စာသာဖြစ်သောကြောင့် ၄ ယောက်ထားသည်
 ဆိုလျှင် နှစ်ထပ်ကုတင်ဖြင့်သာ အိပ်ရမည်ဖြစ်သည်။ ၃ ယောက်ထားလျှင်လည်းနှစ်ထပ်ကုတင်ဖြစ်တတ်သည်။ တချို့ အခန်းများသည် အတော်ကျယ်ဝန်းသဖြင့် ၃ ယောက်စာ လောက် သောကြောင့် တစ်ယောက် တစ်ကုတင်စီဖြစ်သည်။ နှစ်ထပ်ကုတင် မဟုတ်ပါ။

 

 အိမ်ဌားလျှင် မေးစရာ

 စင်ကာပူတွင် အိမ်ဌားလျှင် အဓိကမေးရမည်မှာ – မိမိနေရမည့်အခန်း တွင် လူဘယ်နှစ်ယောက်နေရမည်နည်း၊

  • တစ်အိမ်လုံး လူဘယ်နှစ်ယောက် ရှိသနည်း၊
  • တစ်ယောက် တစ်ကုတင်လား၊ (တချို့ နှစ်ထပ်ကုတင်နှင့် မအိပ်ချင်ပါ။ ထို့ကြောင့် သေချာစွာမေးရန် လိုအပ်သည်။)
  • နှစ်ယောက် အိပ်ကုတင်လား၊ တချို့အိမ်များသည် အောက်တွင် မွေ့ယာဖြင့်အိပ်ရပါသည်။
  • ကုတင်မပေးပါ။ ထို့သို့ဆိုလျှင်လည်း သေချာမေးပါ၊ မွေ့ယာ အထူ၊ အပါး။
     စင်ကာပူရှိ အိမ်များသည် များသောအားဖြင့် ကြွေပြားများသာ ခင်းထားကြရာ အောက်ကြမ်းပြင်သည် အေးပါသည်။

 စင်ကာပူတွင် အခန်းခသည် အားလုံးအပြီးအစီး နှင့် အခန်းခ + ဟူ၍ ရှိတတ်သည်။
+ မှာ PUB ဟုခေါ်သော အလွယ်ပြောရလျှင် ရေဖိုး၊ လျှပ်စစ်မီးဖိုး ဖြစ်သည်။
 အများစုသည် အင်တာနက်၊ Gas ခများပါ ထပ်ပေါင်းတတ်ကြသည်။

  •  ထို့ကြောင့် အခန်းခသည် အပြီးအစီးလား၊ PUB ပါပြီးသားလား၊ ထပ် share ရမည်လား၊ အင်တာနက်ခ၊ Gas ခ ထပ်ပေးရမည်လား စသည်ဖြင့် သေချာမေးမြန်းပါ။

 

PUB ခေါ် ရေနှင့်မီတာခ

PUB ဖိုးမှာ တစ်ဦးလျှင် ပျမ်းမျှ S$ 25 မှ S$ 70 ဝန်းကျင်ရှိသည်။
 အဲကွန်း အချိန်မကန့်သတ်ထားသောအိမ်များတွင် မီတာခပိုကျသင့်သည်။ အများစုသည် အဲကွန်းကို နေ့စဉ် ည ၁ဝ နာရီမှ မနက် ၆ နာရီထိ သတ်မှတ်ထားသည်။
 တချို့လည်း ည ၉ နာရီမှ မနက် ရ နာရီထိဖြစ်သည်။ တချို့မှာ အချိန်ကန့်သတ်မထားပါ။ တချို့အိမ်သည် အဲကွန်းမရှိပါ။

 

 အင်တာနက်ခ

 အင်တာနက်ခသည် တစ်ယောက်လျှင် S$ 4 မှ S$ 16 ဝန်းကျင်ရှိသည်။ အိမ်တွင် တပ်ဆင်ထားသည် အင်တာနက် မြန်လျှင်မြန်သလောက် ကျသင့်သည်။
Fiber Optic ဆိုလျှင် အလွန်မြန်ပြီး ဈေးလည်းကြီးသည်။ Mio Tv (မီရို တီဗီ) ဟုခေါ်သော Pay Channel (အခပေးရုပ်သံလိုင်းများ၊ ဘောလုံးပွဲ၊ ရုပ်ရှင်စသည်) ယူထားပါကလည်း ဈေးကြီးလေ့ရှိသည်။

 

 အခန်းဌားမည်ဆိုပါက

 စင်ကာပူကို အလုပ်လာရှာလျှင် Short Term သာဌားပါ။ Short Term ဆိုသည်မှာ ရက်ပိုင်းမှသည် ၁ လ၊ ၂ လ ဌားခြင်းကိုခေါ်သည်။ အခန်းကို တစ်လ အရင်ဆုံးဌားပါ။
 အဘယ်ကြောင့်ဆိုသော် မိမိရှေ့ဘာဆက်ဖြစ်မည်ကို မသိသေးပါ။
 အကယ်၍ အလုပ်ရခဲ့လျှင်လည်း အလုပ်နှင့် အိမ်မနီးပါက ပြန်ပြောင်း ရမည်ဖြစ်သည်။ (အလုပ် နှင့် အိမ်နီးခြင်းသည် သွားလာစရိတ် သက်သာသလို၊ အချိန်ကုန်လဲသက်သာသည်)

၂ လဌားထားပြီး အကယ်၍ visa extension တိုးမရပါက အခက်တွေ့မည်။ ယခုအချိန်တွင် extension ရမည်/ မရမည် သိပ်မသေချာပါ။ တစ်လအရင်ဌားထားပြီး နောက်လဆက်ဌားမည် မဌားမည်ကို
 ရောက်ပြီး တပတ်အတွင်းအကြောင်းပြန်ပေးပါမည်ဟု အိမ်ရှင်ကို ညှိနှိုင်းကြည့်ပါ။ မရလျှင်တော့ ၂ လသာ ဌားရလိမ့်မည်။

 တပတ်အတွင်း အကြောင်းပြန်ပေးမည်ကို အဆင်ပြေလျှင် မိမိအနေ ဖြင့် ရောက်ပြီး တပတ်အကြာတွင် အွန်လိုင်းမှ visa extension တိုးပါ။
visa extension သည် ရက်မနာပါ။ အစောကတည်းက ကြိုတိုးထားလျှင်လည်း တစ်လပြည့်သည့်ရက်မှ နောက်ထပ် ရက် (၃၀) ထပ်တိုး ပေးခြင်းဖြစ်ပါသည်။
(H + M ဝန်ဆောင်မှုလိုချင်ပါကလည်း သက်သာသောဈေးနှုန်းဖြင့် visa extension ဝန်ဆောင်မှုပေးပါမည်။)
အသေးစိတ်ကို http://www.facebook.com/HplusMPageSingapore Visa & Stay စင်ကာပူ ပြည်ဝင်ခွင့်နှင့် နေထိုင်ခွင့် သက်တမ်းအကြောင်းသိကောင်းစရာ (၁) နှင့် (၂) တို့တွင် ပြန်ဖတ်ကြည့်ပါ။

အကယ်၍ extension တိုးမရပါက မိမိလဲ ဘာဆက်လုပ်ရမည်ကို စဉ်းစားနိုင်သလို၊ အိမ်ရှင်လဲ လူသစ်ရှာရန် အချိန်ရမည်ဖြစ်သည်။ စင်ကာပူတွင် အခန်းဌားသည့်အခါ ထုံးစံမှာ Deposit ဟုခေါ်သော စပေါ်ပေးရခြင်းဖြစ်သည်။ စပေါ်ငွေသည် အခန်းခ တစ်လစာဖြစ်ပြီး မိမိပြောင်းသည့်အခါတွင် ပြန်ပေးသလို၊ တချို့လည်း နောက်ဆုံးလအခန်းဌားခအဖြစ် ယူလိုက်ပါသည်။ (ထိုသို့ဆိုလျှင် နောက်ဆုံးလခ ပေးစရာမလိုတော့ပါ။) တချို့လည်း လဝက်စာသာ Deposit ယူထားပြီး၊ တချို့လည်း no Deposit (Deposit မလိုပါ။)

မိမိအိမ်ပြောင်းမည်ဆိုလျှင် တစ်လကြိုပြောရသည်မှာ ထုံးစံ ဖြစ်သည်။ ထို့ကြောင့် အလုပ်လာရှာသူအဖို့ တစ်လနေမည်ဟု အရင်ပြောထားပြီး extension တိုးလို့ရပါက နောက်တစ်လ ဆက် နေမည်။ တစ်ပတ်အတွင်း နောက်တစ်လ ဆက်နေမည်၊ မနေမည်ကို ပြောပေးပါမည်၊ visa extension ပေါ်မူတည်သောကြောင့်ဖြစ်သည် ကို အိမ်ရှင်အား သေချာစွာရှင်းပြညှိုနှိုင်းပါ။

(Visa သက်တမ်းတိုးမရပါက ထပ်တိုးလို့မရတော့ပါ။ သက်တမ်း တိုး စဉ်ကတည်းက မရခဲ့လျှင် ထပ်မတိုးတော့ပါဟု ဝန်ခံချက်ပြုလုပ် ရပါသည်။
 တိုးမရလျှင်တော့ မြန်မာနိုင်ငံသာပြန်ပြီးမှ ပြန်လာရန် အကြံပြုလိုပါသည်။ ယခုအချိန်တွင် မလေးရှားဗီဇာများလည်း ခက်ခဲနေပြီး၊ မလေးရှားတွင်လည်း မငြိမ်မသက်မှုများနှင့် လုံခြုံမှုမရှိသောကြောင့်၊
 စင်ကာပူပြန်အဝင်လည်း မသေချာသောကြောင့် မလေးရှားသို့ စတေးရှောင်ရန် မစဉ်းစားသင့်ပါ။)

စင်ကာပူတွင် များသောအားဖြင့် အိမ်ရှင်များသည် အမှန်စစ်စစ် အိမ်ပိုင် ရှင်များမဟုတ်ကြဘဲ အိမ်ကိုဦးစီးဦးဆောင် ဌားထားသော အိမ်သူကြီး များသာဖြစ်သည်။ တချို့လည်း အိမ်အပိုင် ဖြစ်ပါသည်။ မြန်မာလူမျိုး များသာဖြစ်ကြသောကြောင့် အချင်းချင်းညှိနှိုင်းလျှင် အဆင်ပြေနိုင်ပါသည်။

 တခြား မည်သည့်စည်းကမ်းချက်၊ ကန့်သတ်ချက်များရှိသည်ကို လည်း သေချာ မေးမြန်းပါ။ မိမိအိမ်ဌားသည့်အခါ မေးမြန်းရန် အခြား အချက်များမှာ –

  • မိမိနေမည့်အိမ်သည် ဘယ် MRT(အမ်အာတီ ဘူတာ) နဲ့နီးလဲ၊
  • MRT မှ လမ်းလျှောက်လို့ရလား၊
  • မရလျှင် ဘယ်ဘတ်စ်ကားစီးရမလဲ၊
  • ဘယ်က စီးရမလဲ၊ ဘယ်နှစ်မှတ်တိုင်လဲ။
  • နှင့် အိမ်လိစ်စာအပြည့်အစုံ၊
    (သို့မှသာ မိမိစင်ကာပူလာလျှင် လေဆိပ်မှ အိမ်သို့သွားတတ်ပါမည်)

အိမ်အနီးအနားတွင် Food Court, NTUC, 7-Eleven ရှိမရှိမေးပါ။
Food Court ဆိုသည်မှာ စားသောက်ဆိုင်များစုပေါင်းဖွင့်လှစ်ထားသော နေရာဖြစ်သည်။

NTUC ဆိုသည်မှာ Citymart လို Super သို့မဟုတ် Minimarket ဖြစ်သည်။ 7- Eleven ဆိုသည်မှာ ABC လို store ဆိုင်များဖြစ်သည်။
 ထိုဆိုင်များ အိမ်အနီးပတ်ဝန်းကျင်တွင်ရှိလျှင် လိုချင်တာ အချိန် မရွေး ဝယ်နိုင်/ စားနိုင်သောကြောင့်ဖြစ်သည်။

 

 

 မရှိမဖြစ် အင်တာနက်

 အင်တာနက်ရလားလည်း မေးပါ။
(အိမ်မှာဆို အိမ်က Wifi နဲ့ အင်တာနက်သုံးပါ) Network Name နှင့် Wifi Password ကိုလည်း မေးမြန်းထားပါ။

 အိမ်မှာ ချက်စားလို့ရလား လည်းမေးပါ။ (ကိုယ့်ဟာကိုယ်ချက်စားလျှင် သက်သာပါသည်။)
ဝယ်စားလျှင် ထမင်းတစ်နပ် (အသား ၁မျိုး၊ အသီးအရွက် ၂ မျိုး) S$ 2.30 မှ S$ 3.50 ဝန်းကျင်ကုန်ကျမည်။ ထမင်းအရနည်းသည်။
 များများစားတတ်သူဆိုလျှင် more rice ဟုထပ်ထည့်ခိုင်းနိုင်သည်။ ထမင်းထပ်ထည့်ခိုင်းလျှင် ပြား ၅ဝ ဝန်းကျင်ထပ်ပေးရတတ်သည်။
 ထမင်းကြော်၊ ခေါက်ဆွဲ/ ကြာဇံကြော်ဆိုလျှင် S$ 5 အနည်းဆုံးဖြစ်သည်။

 တချို့အိမ်ရှင်များသည် ချက်ကျွေးတတ်ပြီး တစ်လ S$ 250 မှ S$ 350 ထိယူတတ်သည်။ တန်ပါသည်။ ထိုသို့ဆိုလျှင်လည်း မိမိဘာသာ စားမည် မစားမည်ဆုံးဖြတ်ပါ။

 အဲကွန်းပါလားဆိုသည်ကိုလဲ မေးသင့်ပြီး၊ အချိန်ကန့်သတ်ထား သလား၊ ဘယ်အချိန်မှ ဘယ်အချိန်ဖွင့်ရသလဲ၊ ပန်ကာရော ပေး သလား မေးပါ။
(စင်ကာပူသည် ပူအိုက်ပါသည်။ မိမိသည် အလုပ်လာရှာသည်ဖြစ်၍အိမ်တွင် အနေများမည်ဖြစ်ရာ နေ့လည်ဘက် ပန်ကာရှိမှ အဆင်ပြေ ပါမည်)

နောက်ဆုံးအနေဖြင့် မိမိဘယ်နေ့လာမည်၊ ဘယ်အချိန်လေယာဉ် ဆိုက်မည်၊ အိမ်ရှင်အားပြောပြ၍ မိမိအိမ်ရောက်မည့်အချိန်တွင် အိမ်ရှင် အိမ်တွင် ရှိ/ မရှိ၊ အိမ်ရှင်မရှိလည်း မည်သူရှိမည်နည်း
 အဓိကမှာ မိမိအား အိမ်တံခါးသော့ဖွင့်ပေးရန် ကြိုတင်အကြောင်း ကြား မေးမြန်းထားပါ။

(စင်ကာပူသို့ ကြားရက် (တနင်္လာ မှ သောကြာ) ရုံးချိန် (မနက် ၈ နာရီမှ ညနေ ရ နာရီထိ) လာမည်ဆိုလျှင် ပိုသတိပြုပါ။)

 

 

Resume, Cover အလုပ်လျှောက်ပါ

 အလုပ်လျှောက်ရန်အတွက် CV ဖောင်ဟုခေါ်သော ကိုယ်ရေးရာဇဝင် ဖောင် (စင်ကာပူတွင် Resume ဟုခေါ်ပါသည်။) နှင့် Cover Letter ဟုခေါ်သော အကျဉ်းချုံးမိတ်ဆက်စာ တို့လိုအပ်သည်။

Resume သည် မိမိအကြောင်း အကျယ်ချဲ့၍ ရေးသားပါ။ မိမိနာမည်၊ ဆက်သွယ်ရန် ဖုန်း၊ အီးမေးလ်တို့ကို စာမျက်နှာထိပ်ဆုံးတွင် စာလုံး အကြီးအမည်း BOLD ဖြင့် ထင်ထင်ရှားရှားရေးပါ။ ဓာတ်ပုံတွဲပါ။ မိမိ ရရှိသည့် အမြင့်ဆုံး ဘွဲ့၊ ဒီပလိုမာ၊ လက်မှတ် တစ်ခုခုကို ရေးပါ။

 ထို့နောက် မွေးနေ့၊ လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်သည့်ဘာသာ၊ အိမ်ထောင်ရှိ/မရှိ စသည်တို့ရေးပါ။ မိမိလက်ရှိ စင်ကာပူတွင် မည်သည့် ပတ်စ်ဖြင့်နေသည်ကို မဖြစ်မနေထည့်သွင်းပါ။
(Visa Status : Social Visit Pass ဟူ၍ရေးပါ)

ထို့နောက်တွင် မိမိ ပညာရေးအကြောင်း၊ လက်မှတ်များအကြောင်း၊ အလုပ်အတွေ့အကြုံများ Work Experience ဘယ်ခုနှစ်မှ ဘယ်ခုနှစ် ထိ ဘယ်ကုမ္ပဏီ ဘာရာထူး ဘာတွေထုပ်ခဲ့ရသည်ကို သေချာရေးပါ။ မိမိကုမ္ပဏီများ၏ အမည် နှင့် နိုင်ငံသာလိုပါသည်။ လိပ်စာအသေး စိတ်မလိုပါ။ (အကြံပြုလိုသည်မှာ မိမိကုမ္ပဏီသည် စင်ကာပူမဟုတ် သော မည်သည့်နိုင်ငံနှင့် ဖက်စပ်ဖွင့်ထားသည်၊ နိုင်ငံခြားသားများ လည်းရှိသည် အမြဲထိတွေ့ဆက်ဆံပြောဆိုနေရကြောင်း၊ အင်တာဗျုး သည့်အခါ ထည့်သွင်းပြောကြားပါ။ မဟုတ်လည်း ထိုသို့ပြောပါ။)

 (အလုပ်အတွေ့အကြုံ မရှိဘဲ ကျောင်းပြီးပြီးချင်းဆိုလျှင်လဲ အလုပ် အတွေ့အကြုံတစ်ခုခုရေးထည့်ပါ။ Part-time သဘောမျိုး သို့မဟုတ် Freelance အလွတ်သဘောမျိုးဖြစ်ဖြစ် လုပ်ခဲ့သည်ဟုရေးသားရန် ဆိုလိုခြင်းဖြစ်ပြီး အတုအယောင်လုပ်ခိုင်းခြင်း မဟုတ်ပါ၊ အသိ မိတ်ဆွေ သို့မဟုတ် သင်တန်း၊ ကုမ္ပဏီတစ်ခုခုနှင့် ညှိနှိုင်း၍ recommendation letter ယူလာခဲ့ရန်ပြောခြင်းဖြစ်သည်။ ကုမ္ပဏီ LetterHead (တံဆိပ်), Seal (တံဆိပ်တုံး) နှင့် တာဝန်ရှိသူ တစ်ဦးဦး ၏ လက်မှတ်တို့ပါရှိသော မိမိအတွက် အလုပ်ထောက်ခံစာ ဖြစ်ပါ သည်။

 ထို့နောက် မိမိကျွမ်းကျင်မှုများကို နှစ်များဖြင့်ဖော်ပြပါ။
 ဥပမာ – Food & Beverage 3 years
 Microsoft Word 4 years

မိမိ ကျွမ်းကျင်သောနယ်ပယ် (Field) များကို နှစ်များဖြင့် ရေးပြခြင်း ဖြစ်ပါသည်။
 အိုင်တီနှင့်ပတ်သက်သော ကျွမ်းကျင်မှုများလည်း Microsoft Office, စသည် ထည့်ရေးပါ။

 ထို့နောက် ဘာသာစကားကျွမ်းကျင်မှု (Language Skills) ကိုရေး သောအခါ အင်္ဂလိပ်စာသင့်တင့်ရုံ ကောင်းမွန်ကြောင်း အနည်းဆုံး ထည့်ရေးပါ။
English (4 skills) – Good ဟုမဖြစ်မနေထည့်ပါ။ အခြားဘာသာ စကားများ တတ်လျှင်လဲ ထည့်သွင်းပါ။ (တရုတ်၊ မလေး စသည်)
 (အင်္ဂလိပ်စာ အသင့်တင့်ပြောတတ်ရန်၊ နားလည်ရန် လေ့ကျင့်လာပါ။ အစတွင်စင်ကာပူအင်္ဂလိပ် Singlish သည် နားထောင်ရခက်ခဲတတ် သော်လည်း နောက်ပိုင်း တဖြည်းဖြည်း နားယဉ်သွားပါလိမ့်မည်။)

မိမိ အသင်းဝင်ထားသော အသင်း၊ အဖွဲ့အစည်းများထည့်ရေးပါ။
(အလုပ်နှင့်ပတ်သက်လျှင် ပိုကောင်းသည်။ နိုင်ငံရေး/ ဘာသာရေး အဖွဲ့အစည်းများကို မဆိုလိုပါ။)

ထို့နောက်တွင်တော့ အရေးကြီးဆုံးမှာ အလုပ်ဘယ်တော့စလုပ်နိုင်သည်ကို ချက်ခြင်းစနိုင်သည်  Available : Immediate ဟုဖြည့်ပါ။

 လက်ရှိ လစာကို Current Salary : S$  စင်ကာပူဒေါ်လာဖြင့် ဖော်ပြပါ။ (ဥပမာ – လက်ရှိမြန်မာကျပ် တစ်သိန်းရပါက S$ 150 ဝန်းကျင် အဆင်ပြေသလိုထည့်ပါ။ အနည်းဆုံး S$ 100, 150 ထည့်သင့်ပါသည်။)

မျှော်မှန်း လစာကို Expected Salary : S$ ဟု စင်ကာပူဒေါ်လာဖြင့် ဖော်ပြပါ။ (မိမိ experience, ကျွမ်းကျင်မှု ပေါ်မူတည်၍ S$ 1200 မှ S$ 2200 လောက်ထိသာထည့်ပါ။

 လက်ရှိအလုပ်က ထွက်ရခြင်းအကြောင်းရင်းကို Reason for leaving : ပြည်ပအတွေ့အကြုံလိုချင်လို့ စသည် ကြည့်ကောင်းအောင် တစ်ခုခု ဖြည့်ပါ။

 ဖြစ်နိုင်လျှင် Referees ၁ ယောက် (သို့မဟုတ်) ၂ ယောက်လောက် ထည့်ရေးပါ။ Referees ဆိုသည်မှာ မိမိကို ထောက်ခံပေးသည့် သူ ၂ ယောက်ဖြစ်သည်။
 လက်ရှိ အလုပ်မှ မန်နေဂျာ သို့မဟုတ် ကျောင်း/ သင်တန်း များမှ ဆရာများ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ (သို့မဟုတ်) ကျောင်း/သင်တန်း အမည်၊ ဆက်သွယ်ရန် အီးမေးလ်တို့ရေးရန်ဖြစ်သည်။

referees မပါလဲရပါသည်။ ပါလျှင်ပိုကောင်းပါသည်။ Referees ထည့်ရေးသားလျှင် ထိုသူများကိုလည်း ကြိုပြောထားပါ။ မိမိအကြောင်းကို အီးမေးလ်မှ မေးလာလျှင် သေချာ recommend ပေးပေးပါရန်။ (တစ်ခါတစ်ရံမှသာ မေးတတ်ပါသည်)

မိမိ ဘွဲ့၊ လက်မှတ် စသည့်စာရွက်စာတမ်းများ အင်္ဂလိပ်ဘာသာဖြင့်မဟုတ်ပါက နိုတြီ (ဘာသာပြန်) လုပ်လာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တုံးမထုလာလဲရပါသည်။

 

Cover Letter

မိမိသည် မည်သူဖြစ်သည်၊ ဘာဘွဲ့၊ လက်မှတ်ရထားသည်၊ ဘာလုပ်တတ်သည်၊ လက်ရှိဘာလုပ်နေသည်၊ ယခုလျှောက်ထား သည့်အလုပ်ကို အလွန်စိတ်ဝင်စားသည်၊ မိမိနှင့် ယခုအလုပ် ဘယ်လို ကိုက်ညီပါသည်၊(အကျဉ်းချုပ်ရေးပါ။) ထို့ကြောင့် Resume နှင့်အတူပူးတွဲလျှောက်ထားလိုက်ပါသည်။
 လေးစားစွာဖြင့်၊ ဘယ်သူ၊ ဖုန်းနံပါတ်၊ အီးမေးလ် တို့ရေးသားပါ။

 အရေးအကြီးဆုံးမှာ Microsoft Word (.doc) ဖြင့် Save လုပ်ရန် ဖြစ်ပြီး အလုပ်လျှောက်လျှင် Microsoft Word Format (.doc) ဖြင့်သာ လက်ခံသည်။ (အကြံပြုလိုသည်မှာ Save as Word 97 – 2003 ဆိုလျှင် ပိုကောင်းသည်)

အဓိကသိရန်မှာ CoverLetter/ Resume သည်အလွန်အရေးကြီး ပါသည်။ လျှောက်ထားသူများ အားလုံးထဲမှ ဇကာတင် (Shortlisted ဟုခေါ်သည်) ရွေးချယ်ကာ အင်တာဗျုးခေါ်သောကြောင့် Resume
ကောင်းမှ အင်တာဗျူးရမည်ကို သတိပြုပါ။

 စင်ကာပူတွင် အလုပ်လျှောက်ခြင်းသည် အွန်လိုင်းမှသာလျှောက်ရ ပါသည်။ တစ်နေ့ကို အလုပ်ပေါင်း အခု ၃၀၊ ၄ဝ လျှောက်ထားမှ အင်တာဗျူး တစ်ခု၊ နှစ်ခုသာ ရတတ်ပါသည်။ တချို့လည်း တစ်ခုမှ
 မရပါ။ လျှောက်တိုင်း အင်တာဗျူးမခေါ်သည်ကို သိထားရန် လိုပါ သည်။

 

 မရှိမဖြစ်ယူလာရမည့် လက်ပ်တော့ပ် Laptop

စင်ကာပူလာလျှင် မပါမဖြစ်ယူလာရမည်မှာ Laptop လက်တော့ပ်ဖြစ်ပါသည်။ အလုပ်လျှောက်ရန်နှင့် အင်တာဗျူးခေါ်ခြင်းများသည်ရှိရန်ဖြစ်သည်။
(တချို့ အင်တာဗျူးများသည် အီးမေးလ်သို့သာပို့တတ်ပြီး ဖုန်းမခေါ်ကြပါ။)

လက်တော့ပ်မရှိပါက Library များတွင်လည်းကောင်း၊ မြန်မာများစု ဝေးရာ ပင်နီဆူလာပလာဇာရှိ (CityHall MRT အနီး) တွင် လည်းကောင်း၊ Aljunied MRT အနီး Geylang ရှိ အင်တာနက်နှင့် ဂိမ်းဆိုင်များတွင် လည်းကောင်း တစ်နာရီ S$ 3 မှ S$ 4 အထိပေးကာ အသုံးပြုနိုင်သည်။

 သိလိုသည်များရှိပါက၊ ဝန်ဆောင်မှုများလိုအပ်ပါက hplusmguide@gmail.com (သို့မဟုတ်) +65 8480 6010 သို့  ဆက်သွယ်နိုင်ပါသည်။

 အပိုင်း (၃) ကိုဆက်လက်ဖော်ပြပါမည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

စကားအတင်းစပ်။ ကျနော် အင်တာဗျူးတို့ စီဗီရေးနည်းတို့၊ ကာဗာလက်တာရေးနည်းတို့ကို တင်ဖူးပါတယ်။ အသေးစိတ်ကိုတော့ ဒီ လင့်(ခ) တွေမှာ သွားဖတ်ပါ။

အင်တာဗျူးသွားကြမယ် (၁)                                                                        

https://myanmargazette.net/168825

 

အင်တာဗျူးသွားကြမယ် (၂) – အင်တာဗျူးသွား အဝတ်အစား                                 

https://myanmargazette.net/171251

 

အင်တာဗျူးသွားကြမယ် (၃) – အင်တာဗျူးတွင် ဆောင်ရန်/ရှောင်ရန် အပြုအမူများ        

https://myanmargazette.net/171263

 

အင်တာဗျူးသွားကြမယ် (၄) – အလုပ်လျှောက်လွှာနဲ့ ကိုယ်ရေးရာဇဝင် ပြင်ဆင်ခြင်း      

https://myanmargazette.net/171299

17 comments

  • MAUNG

    September 18, 2013 at 9:22 am

    အတော် ကိုစေ့စေ့ စပ်စပ် ပြည့်ပြည့် စုံစုံ ရေးထား တာမို့ အားလုံးကိုယ်စား ကျေးဇူးပါ ဗျာ။

    မနေနိုင် လို့ တစ်ခုတော့ဝင်ပြောပါ ရစေ။
    စင်ကာပူ မှာ အလုပ်သွားရှာ တော့ မယ်ဆိုရင်………………..
    မြန်မာ ဆို မလျှောက်ပါနဲ့ လို့ ကြော်ငြာ တဲ့ အလုပ်ရှင်မျိုး လဲ အနည်းငယ် ရှိတတ်ကြောင်း အောင့်သက်သက် နဲ့ခံနိုင်အောင် ပြင်ဆင်သွားပါ ။
    (တာဝန် ရှိသူများ ဘာကြောင့် အဲလို ကြော်ငြာ မျိုး ပေးထည့် လဲစဉ်းစားလို့ မရပါ)

    မိုက်ရိုင်းချက်က ၉ လောက်ရှိတယ် 🙁

    • KZ

      September 18, 2013 at 9:25 am

      သူတို့ စိတ်ဓာတ်
      အဲလို အလုပ်ရှင်ရဲ့ သဘောထား ကို
      စောစောစီးစီး အလုပ်အတူမလုပ်ခင်
      အရင်သိလိုက်ရတာ ပိုကောင်းတယ်မှတ်ပါလေ။ 🙂

      • MAUNG

        September 18, 2013 at 9:46 am

        ဟုတ် ကေ
        အဲလို ဘဲမှတ်ပါတယ်။ အဲလို ကြော်ငြာ ပေး ထည့်တာကို သာ ခံစား မရတာ 🙂

  • kyeemite

    September 18, 2013 at 11:40 am

    အင်း..စင်ကာပူ မှာ အလုပ်သွားရှာမဲ့
    လူငယ်တွေအတွက် အဖိုးတန်တဲ့ ပို့စ်ကောင်းတစ်ပုဒ်ပါပဲ
    ကေဇီကဗျာလွတ် ရေးခဲ့တဲ့ ဆောင်းပါးတွေနဲ့တွဲလိုက်ရင်တော့ ပါဖက်ပေါ့…သင့်ခရုပါ ဗျာ 🙂

  • surmi

    September 18, 2013 at 12:02 pm

    အဟမ်​းးးး
    ကျုပ်​သားကိုပို့လိုက်​မယ်​
    အလုပ်​ရှာ​ပေးပါ
    အလုပ်​မရခင်​ ​ကျောင်​းထား​ပေးပြီး ​စောင်​့​ရှောက်​ထား​ပေးဘာာ၊ 🙂

    • ဗုံဗုံ

      September 18, 2013 at 1:14 pm

      ဦးဆာ……ရက်စက်မက်စက် ပြောရက်လိုက်ထှာ…..ဘယ့်နှယ် စင်ကွာပူပို့မလို့ကြံနေတာတုန်း..
      ကွကိုယ် ဝိညာဉ်မလေးဆီ သွားချင်တာနဲ့ ညက်မှန်လေးကို မမဂျီးလက်ထဲအပ်ရသလား….
      ရင်နာလိုက်ထှာနော်…… :mrgreen:

  • အလင်းဆက်

    September 18, 2013 at 3:53 pm

    ပြည့်ပြည့်စုံစုံနဲ ့..ဗဟုသုတတွေက်ို တင်ပြပေးနေလို ့..
    ကျေးဇူးပါ.. မမခိုင်ဇာ…။

  • Ma Ma

    September 19, 2013 at 8:20 am

    visa extension သည် ရက်မနာပါ ဆိုတာကို ခုမှပဲ သိတော့တယ်။
    အဲဒါကို မသိလို့ visa ရက်ပြည့်ခါနီးမှ extension လုပ်တော့ အတော်ဒုက္ခရောက်တယ်။

    • KZ

      September 19, 2013 at 8:26 am

      ဟိ။
      ကျနော်လည်း ဒီ စာဖတ်မှ သိတာ ချစ်မ။
      😀

      • photwenty

        September 23, 2013 at 7:49 pm

        အခု rule ချိန်းသွားတယ်လို.ပြောတယ်ဗျ ရောက်ပြီး လဝက်မတိုင်ခင် extension တိုးမှ pass ဖြစ်တယ် မဟုတ်ရင် reject ပဲ အဲ.ဒီလိုဖြစ်ရင် ICA ကို PR တစ်ယောက်နဲ. လူကိုယ်တိုင်သွားလျောက်ရပါတယ် ဒါပေမယ်.တစ်ခုသတိထားရမှာက ကိုယ်ထပ်လိုချင်တဲ.ရက်ကိုပြောရပါတယ် ကျန်နေသေးတဲ. ရက်ကိုထည်.ပေါင်းပြီး တိုးမှ ကိုယ်လိုချင်သလောက်ထပ်ရမှာပါ မဟုတ်ရင်တော. တစ်လဆိုရင် ကိုယ်ကျန်နေသေးတဲ.ရက်နဲ.ပေါင်းပြီး ကိုယ်သွားတိုးတဲ.ရက်ကနေ နောက်တစ်လဖြစ်သွားမှာပါ

        • KZ

          September 23, 2013 at 7:56 pm

          ဟုတ်လားးး အွန်းးး ရှာပေးမယ်။
          နက်ဖြန်ရှယ်ပေးမယ်လေ။
          ကျေးဇူးပါ။
          အမတုန်းကတော့ ရှင်းအောင် အိုင်စီအေကို ဖုန်း နဲ့ ဆက်မေးပြီးမှ သူတို့ လိုတာပြောတာကို လိုက်လုပ်ခဲ့တာ။ 🙂

        • KZ

          September 23, 2013 at 7:58 pm

          Singapore Visa & Stay စင်ကာပူ ပြည်ဝင်ခွင့်နှင့် နေထိုင်ခွင့်သက်တမ်း
          အကြောင်းသိကောင်းစရာ (၂)

          (၂) အွန်လိုင်းမှလျှောက်ထားမည်ဆိုလျှင် အလွန်လွယ်ကူသည်။
          စင်ကာပူနိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်း ကုမ္ပဏီ (သို့မဟုတ်)
          အမြဲတမ်းနေထိုင်ခွင့်ရသူ PR က လျှောက်ထားပေးနိုင်သည်။

          အမည်၊ ပညာအရည်အချင်း၊ အိမ်ထောင်ရှိ/မရှိ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ ကိုးကွယ်သည့်ဘာသာ၊ ရန်ကုန်တွင်နေထိုင်သည့်
          လိပ်စာ၊ စင်ကာပူတွင်နေမည့်လိပ်စာ …(ဟိုတယ်တစ်ခုခုလိပ်စာ)၊ စင်ကာပူတွင်နေထိုင်မည့်ရက် (ရရက်ဟုသာရေးပါ)။ Passport ပတ်စ်ပို့ရှေ့ဆုံးဓာတ်ပုံပါသည့်မျက်နှာကို scan တစ်ရွက်နှင့် ဓာတ်ပုံတစ်ပုံသာလိုအပ်သည်။

          ၂ရက်မှ ရရက်အတွင်း e-Visa ရရှိသည်။

          Immigration Checkpoint & Authority (လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဋ္ဌာန) ICA ဟုအတိုကောက်ခေါ်သည်။ ICA ဝဘ်ဆိုက်မှတဆင့် အွန်လိုင်းမှ လျှောက်ထားပြီး နောက်တစ်ရက်တွင် Approve or Reject သိရသည်။ ICA ဝဘ်ဆိုက်တွင်ပင် ဝင်ရောက်ကြည့်ရူနိုင်သည်။ ပုံမှန် အမြဲ Approve ဖြစ်ပါသည်။ Approve ဖြစ်ပါက ယင်းကို Print ထုတ်ပြီး စင်ကာပူနိုင်ငံ သို့လာရောက်ရုံသာဖြစ်သည်။ လူကိုယ်တိုင်သွားထုတ်ယူရန်မလို၊ ပတ်စ်ပို့ တွင်ကပ်ရုံမလို၊ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးကို ယင်းစာရွက် ပြပြီး ပြည်ဝင်နိုင်သည်။ Reject ဖြစ်ပါကလည်း ထပ်မံလျှောက်ထားနိုင်သည်။
          (Visa fees ဗီဇာကြေး Not refund ဆုံးရှုံးမည်ဖြစ်သည်။)

          e-ဗီဇာသက်တမ်းသည် ထုတ်ပေးသည့်နေ့မှစ၍ ရက် ၉ဝ (၃လ)အတွင်း သက်တမ်းရှိပါသည်။ (Stay စင်ကာပူနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း မဟုတ်ပါ။) စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်သာဖြစ်ပါသည်။ e-ဗီဇာသည်
          Multiple Entry ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသို့ စတင်ထုတ်ပေးသည့်နေ့မှ
          ရက် ၉ဝအတွင်း အကြိမ်ကြိမ် ဝင်ထွက်နိုင်သည်။ ဥပမာ- ရန်ကုန် – စင်ကာပူ၊ စင်ကာပူ – မလေးရှား၊ မလေးရှား – စင်ကာပူ၊ စင်ကာပူ – ရန်ကုန် လည်ပတ်မည့်သူများ အဆင်ပြေပါသည်။ ထိုသို့ လည်ပတ်မည် ဆိုပါက စင်ကာပူသို့ ၂ကြိမ်ဝင်ရောက်ရန် လိုအပ်မည်ဖြစ်ရာ Multiple Entry ဖြစ်မှအဆင်ပြေပါမည်။

          Singapore နိုင်ငံသို့ ဝင်ဝင်လာခြင်း ပုံမှန်အားဖြင့် နေထိုင်ခွင့် ရက် ၃ဝ သက်တမ်း ရပါသည်။ နောက်ထပ်တစ်လ သက်တမ်းထပ်တိုးနိုင်သည်။ (တချို့မရတတ်ပါ) ထို့ကြောင့် အလည်အပတ်လာသူများ စင်ကာပူတွင် အများဆုံး ရက် ၆ဝ (၂လ) နေထိုင်နိုင်သည်။ ထို့သို့လာရောက်ပြီး အလုပ်ရှာကြခြင်းဖြစ်သည်။

          ဝင်ဝင်ခြင်း ရက် ၃ဝ နေထိုင်ခွင့် တုံးထုပေးပါသည်။ (တချို့ ၂ပတ်သာ ရပါသည်) နောက်ထပ် ရက် ၃ဝ သက်တမ်းထပ်တိုးလိုပါက အွန်လိုင်းမှ
          တိုးရပါသည်။ Immigration Checkpoint & Authority (လူဝင်မှုကြီးကြပ်
          ရေးဝန်ကြီးဋ္ဌာန) ICA ဟုအတိုကောက်ခေါ်သည်။ ICA ဝဘ်ဆိုက်မှတဆင့် မိမိဘာသာ သက်တမ်းတိုးနိုင်သည်။ အွန်လိုင်းမှ သက်တမ်းတိုးပြီး နောက် တစ်ရက်တွင် Approve or Reject သိရသည်။ ICA ဝဘ်ဆိုက်တွင်ပင် ဝင်
          ရောက်ကြည့်ရူနိုင်သည်။ Approve ဖြစ်ပါက နောက်ထပ် ရက် ၃ဝထပ်ရပြီး
          သက်တမ်းတိုးပေးကြောင်း ICA မှစာတစ်စောင်ကို Print ထုတ်ရသည်။
          ယင်းစာရွက်ကို စင်ကာပူမှပြန်အထွက်တွင် ပြသရန်လိုအပ်သည်။ Reject
          ဖြစ်ပါက နောက်တစ်ကြိမ်ထပ် သက်တမ်းတိုး၍ မရနိုင်ပါ။

          ထိုသို့ သက်တမ်းတိုးခြင်းသည် ရက်မနာပါ။ မိမိရောက်ရှိပြီး လေးငါးရက်
          နေပြီးနောက် တိုးနိုင်သည်။ သက်တမ်းတိုးပေးခြင်းသည် မိမိ ရက်၃၀
          နေထိုင်ခွင့်ပြည့်သည့်ရက်မှစ၍ နောက်ထပ် ရက်၃ဝထပ်တိုးပေးခြင်းဖြစ်
          ရာ ပြည့်ကာနီးမှ တိုးစရာမလိုဘဲ ကြိုတင်တိုးထားနိုင်ခြင်းဖြစ်သည်။

          စင်ကာပူနိုင်ငံသား (သို့) PR ပီအာ၊ ဆွေမျိုးသားချင်းရှိပါက ယင်းတို့က ICA လူဝင်မှုကြီးကြပ်ရေးရုံးတွင် မိမိနှင့်အတူ သွားရောက်ထောက်ခံ ပေးပါက နောက်ထပ် ရက် ၃ဝ နေထိုင်ခွင့် ထပ်ရသည်။ ထိုသို့သောသူ များသည် စုစုပေါင်း ရက် ၉ဝ (၃လ)နေထိုင်နိုင်သည်။

          စင်ကာပူနိုင်ငံသို့လာရောက်လျှင် အခြားနိုင်ငံများနည်းတူ Passport, Visa, Show Money (USD 500) တစ်ခါတစ်ရံပြခိုင်းတတ်သည်၊ လေယာဉ်လက်မှတ် အသွားအပြန် (SilkAir, Singapore Airline တို့ဆိုလျှင် မရစ်ဆိုသည်မှာ လုံးဝမဟုတ်ပါ၊ မည်သည့်လေကြောင်း စီးစီး ရစ်ခြင်းမရစ်ခြင်းသည် လေယာဉ်လက်မှတ်နှင့် မသက်ဆိုင်ပါ) တို့လိုအပ် ပါသည်။

          လေယာဉ်ပေါ်တွင်ဖြည့်ရသော White Card ခေါ် DE (Disembarkation / Embarkation) Card ကို သေချာစွာသိမ်းထားရန် လိုအပ်သည်။ ယင်းကတ်သည် စင်ကာပူအဝင်တွင် စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အရာရှိမှ တုံးထုပေးမည်ဖြစ်သလို အထွက်တွင်လည်း ပြန်ပေးခဲ့ရန် လိုသည်။ ဗီဇာသက်တမ်း တိုးသည့်အခါတွင်လည်း ယင်းကတ်နံပါတ် ဖြည့်ရန်လိုအပ်သည်။

          e-Visa လျှောက်ချင်သူများကို ဆောင်ရွက်ပေးပါသည်။ အသေးစိတ်ကို hplusmguide@gmail.com သို့ email ပို့၍လည်းကောင်း၊
          HP: +65 8480 6010 သို့လည်းကောင်း စုံစမ်းနိုင်ပါသည်။
          visa extension တိုးလိုသူများကိုလည်း ဆောင်ရွက်ပေးပါသည်။

  • photwenty

    September 23, 2013 at 7:52 pm

    တစ်ခုလောက် သိတဲ.သူများရှိရင်ပြောပြပေးကြပါလား

    စလုံးမှာ အလုပ်တစ်ခု spass တင်ထားပြီးလို. pending ဖြစ်နေတဲ.အချိန် နောက်တစ်ခုကို ထပ်ပြီး တင်လို.ရသေးလားဆိုတာလေး သိချင်လို.ပါဗျာ အခုအဲ.ဒီလိုကြုံနေလို.ပါ pending နောက်မှာလဲ two month ဆိုတာလေးထပ်ပေါင်းပြီးပါလာတာကကော reject ဖြစ်နိုင်လားဆိုတာလဲ သိချင်ပါတယ်ဗျာ

    • KZ

      September 23, 2013 at 8:04 pm

      ရမယ်ထင်ပါတယ်။
      အရင်တစ်ပတ်ကပဲ အမတို့ ရုံးက လူ ၂ ယောက်ခန့်တာ S-Pass ကို ၂ ရက်ပဲ။ Approved ဖြစ်ပါတယ်။ ခုတလော မြန်နေပါတယ်။
      ပန်းဒင်းက ဘယ်လောက်ကြာနေပြီလဲ။
      ၂ လ ဆိုတာ ဘာတုန်းးးး
      သူတို့ စဉ်းစားမယ်ပြောတာလားးးးး
      တစ်ခါတစ်ခါ ကိုယ့် ပြစ်ချက်ကြောင့်မဟုတ်ပဲ ကမ်ပနီ ဘက်က ချို့ယွင်းချက် ဆိုတာဖြစ်တတ်ပါတယ်။
      ၂ လ စောင့်မဲ့အစား နောက် နာမည်ပျက်မရှိတဲ့ ကမ်ပနီ က အလုပ်နဲ့ ထပ်ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။

      • photwenty

        September 23, 2013 at 9:35 pm

        မသိဘူးဗျ အခုနောက်ပိုင်း တင်တဲ.သူတော်တော်များများ အဲ.ဒီစာသားလေး ပါလာတာတွေ.ရတယ်။ စာသားကူးတင်ပေးချင်ပေမယ် အခု website ပိတ်ထားလို. တင်လို.မရသေးလို.ပါ။ pending input by vetting agencies. Expected outcome is 2 month from application start date. အဲ.ဒီစာသားမျိုးပါ အတိအကျတော.မဟုတ်သေးဘူး နောက်နေ.မှ ကူးပြီးတင်ပေးပါ.မယ်။ pending က တစ်ပါတ်ရှိပြီ လျောက်ထားတဲ. ကုပ္မဏီက ပိုပြီးကောင်းတဲ. တစ်ခုဖြစ်နေလို.ပါ

        • photwenty

          September 24, 2013 at 7:40 am

          Pending inputs from vetting agencies. Expected outcome is 2 months from the Date of Application.
          ဒီစာသားလေးနဲ.တက်လာတာပါ

        • KZ

          September 24, 2013 at 8:14 am

          ဟယ်။
          ပန်းဒင်းကိုပဲ ၂ လလောက်ကြာမယ်လို့ မျှော်လင့်ထားးး ဟုတ်သလားးးးး

          အဲလာဆို ရုံးက HR နဲ့ ပြန်စစ်ရင် စစ်။
          မစစ်ရင် MOM ကို တိုက်ရိုက် ဖုန်းခေါ်ပြီး မေးကြည့်လိုက်။
          ရုံးက တင်တာဆို HR နဲ့ စစ်ခိုင်းလိုက်လေ။

          လွန်တယ်အေ။

Leave a Reply