“ပင်စင် ´´

 

အစိုးရဘဏ်တစ်ခုထဲကို ခင်ခ ငွေလွဲထုတ်စရာရှိလို့ ၀င်ရောက်ခဲ့ပြီး ငွေထုတ်ဖို့စောင့်နေတုန်း ဘဏ် အဆောက် အဦးပထမထပ်က ဆင်းလာတဲ့အမျိုးသားကြီးတစ်ယောက်နဲ့ အဲဒီလှေကားကိုလှမ်းတက်မည့် အမျိုးသားတစ်ဦး ဆုံတွေ့ကြပြီး စကားပြောနေတာကို ခင်ခ နားထောင်မိတဲ့အခါ

“ကိုအောင်ကြီး ခင်ဗျ ပင်စင်ယူဖို့တင်လိုက်ပြီဆို´´

“ဟုတ်တယ် ကိုစိုး ရေ´´

“ခင်ဗျကလည်းဗျာ မပြောမဆိုနဲ့ တင်လိုက်ရတယ်လို့ ဟိုတစ်လက လက်ဖက်ရည်ဆိုင်ထိုင်တုန်းကတောင် ပင်စင်မတင်သေးနဲ့အုံး ဆက်လုပ်ခွင့်ရရင် ခြောက်လတစ်နှစ်လုပ်အုံးမလားလို့ စဉ်းစားနေတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့အပတ်ကမှ ခင်ဗျပင်စင်ယူဖို့တင်လိုက်ပြီဆိုတာ ကိုတင်အေး ပြောလို့သိတာဗျ၊ ဘယ်လိုဖြစ်တာ လဲဗျာ´´

“ဘယ်လိုမှ မဖြစ်ပါဘူး၊ တစ်ချိန်ချိန်မှာခွဲရမှာဘဲလေ ဒါသင်္ခါရတရားဘဲဉ္စာ လုပ်လာတဲ့ ၀န်ထမ်းလုပ်သက်က အနှစ် ၃၀ ကျော် အသက်ကလည်း ၆၀ ပြည့်ပြီဆိုတော့ တစ်နေ့နေ့ မနက်ရုံးလာ ညနေထိနေ ညနေပြန်သွား နောက်နေ့မနက်ရုံးလာ ညနေထိနေ ဆိုတာကို ငြီးသလိုလိုဖြစ်ပြီမို့  တင်လိုက်တာလေ´´

“အေးပေါ့လေ ကျုပ်တို့လည်း သိပ်မလိုတော့ပါဘူး ပင်စင်ယူရမယ့် အချိန်ရောက်လာမှာဘဲလေ စောယူတာနဲ့ နောက်ကျယူတာဘဲကွာတာပါ၊ ဒါပေမယ့်ဗျာ ပင်စင်မယူသေးတော့ နေ့တိုင်းတွေ့ရ စကားပြောကြ ငြင်းကြခုံကြ မို့ပြောတာပါ၊ ခင်ဗျပင်စင်ယူသွားတော့ စကားပြောဖော်တစ်ယောက် ငြင်းဖော်ငြင်းဖက် တစ်ယောက်လျော့တာ ပေါ့ဗျာ´´

“ဒါပေါ့ဒါပေါ့ဗျာ ကျုပ်လည်း ခင်ဗျတို့အပေါ် သံဃောဇဉ်တော့ရှိပါတယ် အခုက ပျင်းလည်းပျင်းလာပြီး နားလည်း နားချင်လာလို့ပါ၊ ဒါပေမယ့် ၀န်ထမ်းတွေထင်နေကြတာက ရုံးဌာနတစ်ခုက ပင်စင်ယူလိုက်ပြီဆိုရင် အဲဒီဝန်ထမ်း အဲဒီရုံးဌာနနဲ့ သေတဲ့ထိဝေးကွာသွားရပြီဆိုပြီး စိတ်ခံစားကြတယ် တကယ်တော့ အဲလိုမဟုတ် ပါဘူး ပင်စင်ယူလိုက်ရင် အခုလို ရုံးဖွင့်ရက်မနက်တိုင်းနေ့တိုင်းတော့ ဒီရုံးဌာနကို မလာရပေမယ့် ဒီရုံးဌာန ရောက်လို့ဘဲဖြစ်ဖြစ် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ သတိရလို့ဘဲဖြစ်ဖြစ် လာနေတွေ့နေလို့ ရကြတာပါဘဲဗျာ အပြီးအပိုင်ခွဲတာမျိုးမဟုတ်ပါဘူးလေ။ တစ်ခါတလေတော့ ရောက်ဖြစ်လည်ဖြစ်မှာပေါ့´´

“အေးဗျာ ခင်ဗျပြောတာလည်းသဘာဝကျပါတယ်ဗျ ခင်ဗျပြောသလို ကျုပ်တို့ကိုသတိရလို့ဘဲဖြစ်ဖြစ် ဒီနား ကို ရောက်လို့ဘဲဖြစ်ဖြစ် ၀င်ကာလည်ပါအုံးဗျ။´´

“ဟုတ်ပါပြီ နေ့တိုင်းမဟုတ်ပေမယ့် ရံဖန်ရံခါတော့ ရောက်နေအုံးမှာပါဗျ သွားပြီဗျို့´´

ဆိုပြီးနုတ်ဆက်ကာထွက်သွားတဲ့ အမျိုးသားကြီးကို ခင်ခ လိုက်ကြည့်မိရင်း ပင်စင်ယူကြသည်ဆိုရာဝယ် အပြီး အပိုင် ဝေးကွာသွားတာမဟုတ်ဘူး ရံဖန်ရံခါတော့ ရောက်ဖြစ် လည်ဖြစ် နေအုံးမှာပါဆိုတဲ့ စကားလေးနဲ့ပင်စင်ကို တွဲလျှက် မှတ်ထားလိုက်မိတယ်လေ။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..